အပိုင်း (၂၈၇)
အစ်ကို ၂ က အသားစား သားရဲကြီး တစ်ကောင်ပဲ
ကုချုံရှန်း၏ လူတွေက ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်၏ ခန်းမတစ်ခုလုံးမှာ ပြည့်နှက်နေသည်။
နန်းပေါင်ရီက အောက်ထပ်သို့ ရောက်လာပြီး တစ်ဖက်လူမှာ သူမကို တွေ့ချင်သည်ဟု အကြောင်းပြန် လာတာကြောင့် သူမသည် ပါးလျသော ခေါင်းဆောင်းပဝါကို ဆောင်းပြီး အနောက်တံခါးကို ဖြတ်၍ အစေခံ၏ ဦးဆောင်မှုနှင့် အထူး ကောင်းမွန်လှသည့် အထက်တန်းစား ထိုင်ခုံဆီသို့ လိုက်သွားလိုက်သည်။
ခရမ်းရောင်ရင့်ရင့် ကန့်လန်ကာကို ချထားသည်။ လူရိပ်တစ်ခုက စားပွဲပုလေး နောက်မှာ ထိုင်နေပြီး သောက်စရာ တချို့ကို လှည့်ပတ် ကစားနေသည်။
အခန်းတွင်းလေထုက အေးမြသင်းပျံ့နေပြီး နန်းပေါင်ရီ အရင်ဘဝမှာ ရင်းနှီးခဲ့သလိုပင်။ ထိုနောက်မှာတော့ မိန်းမဆိုး တစ်ယောက်က ယပ်တောင်ကို ခပ်ပေးနေသည်။
ဧည့်တွေ့ခန်း၏ အလင်းရောင်က ရုတ်တရက် မှိန်ဖျော့သွားပြီး လူ့စိတ်ကို ပင်ပန်းနွယ်နယ် စေသည်။
နန်းပေါင်ရီက ရှေ့တိုး၍ အရိုအသေ ပြုလိုက်သည်။
“ဘုရင်ခံကု”
ကုချုံရှန်းက မျက်တောင်ဖျားကိုပင် ပင့်မကြည့်ပဲ တည်ငြိမ်စွာဖြင့် သေရည်နံ့ကို ရှူရှိုက်လိုက် သည်။
“ဒီကိုလာခဲ့”
နန်းပေါင်ရီက သူ့ထံသို့ တုန်လှုပ်ခြင်းမရှိ လျှောက်သွား လိုက်သည်။
စားပွဲပုလေးကို ဖြတ်လျှောက်၍ သူမက ဒူးထောက်လိုက်ပြီး သူ့အတွက် သေရည် ငှဲ့ပေးလိုက်သည်။ သေရည်မျိုးစုံကို စပ်ထားသော သေရည်က အလွန် ပြင်းရှလှသည်။ ကုချုံရှန်းက ဒီသေရည် သောက်ရတာကို ကြိုက်တယ်ဆိုတာ သူမ သိသည်။
မိန်းကလေး၏ လက်လေးများက ဖြူဖွေးပြီး နူးညံ့အိစက်နေသည်။ လက်ချောင်း ထိပ်ဖျားတွေက စိုလက်ပြီး လှပနေသည်။ သူမက ကောင်းကင်ပြာကိုတောင် ကျော်လွန်၍ လှနေသည်ပင်။
နန်းပေါင်ရီက သေရည်စပ်ပြီး သူ့ထံသို့ လက်နှစ်ဖက်နှင့် ရိုသေစွာ ကမ်းပေးရင်း “ဘုရင်ခံ ကုချုံရှန်း သုံးဆောင်ပါ”
ကုချုံရှန်းက မဖြေပါချေ။ ရွှေသံချပ်ကာ လက်အစွပ် ဝတ်ထားသော သွယ်လျသည့် လက်ချောင်းများက သူမ၏ မေးဖျားကို ဖမ်းချုပ်ထားသည်။
သူက သူမကို ကြည့်နေရင်း “ငါထင်တာတော့ သံချပ်ထဲက မကောင်းတဲ့ မိန်းကလေးက လှလှပပလေးနဲ့ ပြဿနာတွေကို ပေးတတ်တဲ့ ပုံစံမျိုးလို့၊ ဒီနေ့တော့ သူက မရင့်ကျက်သေးတဲ့ မိန်းမငယ်လေး တစ်ယောက်လို့ မြင်တာပဲ၊ မိန်းကလေး၊ ငါ့ကိုတွေ့ချင်တာ ဘာကိစ္စလဲ”
နန်းပေါင်ရီက သေရည်ခွက်ကို ချလိုက်သည်။
သူမ၏ နောက်ကျောဘက်က တောင့်မတ်သွားပြီး အသံက ပြတ်သားနေသည်။
“ကျူးချင်ဆွေက ဘုရင်ခံရွယ်နဲ့ အခေါက်ခေါက်အခါခါ တွေ့ဖို့ ကြိုးစားပေမယ့် ကျရှုံးခဲ့တယ် ဆိုတာကို ကျွန်မ ကြားထားတယ်”
“အမှန်ပဲ”
“ဒီမိန်းကလေး အတွေးမှာတော့ ဘုရင်ခံကုက ဘုရင်ခံရွယ် အတွက် အလွန် စွဲမက်ဖို့ ကောင်းတဲ့ လက်ဆောင် တစ်ခုကို မပေးလို့ လို့ထင်တယ်၊ အဲဒါကြောင့် သူက ဘုရင်ခံကုကို တွေ့ဖို့ငြင်းတာပေါ့”
“အဲဒီတော့”
“ဒီမိန်းကလေးက အရည်အချင်း မရှိပါဘူး၊ ကျွန်မကို ဘုရင်ခံကုက လက်ဆောင် အနေနဲ့ ဘုရင်ခံရွယ်ဆီ ပေးစေချင်တာပါ”
ကုချုံရှန်းက သူမကို စိုက်ကြည့်နေသည်။
မိန်းကလေး၏ မျက်လုံးများက ဆန်းသစ်စ လခြမ်းလို ချိုမြိန်စွာ ကွေးညှွတ်နေသည်။
သူက ခပ်ပေါ့ပေါ့ဖြင့် “ဘုရင်ခံရွယ်နဲ့ ရှောင်းယီက အကြီးမားဆုံး ရန်သူတွေပဲ၊ မင်းက ရှောင်းယီ၏ လက်ရုံးဖြစ်တယ်၊ မင်းကို ဘုရင်ခံရွယ်ဆီ ငါက ပို့ပေးလိုက်ရင် ရှောင်းယီက သူ့ရဲ့ ထိုးနှက်ခြင်းကို ခံရတော့မှာ၊ မင်း ခံနိုင်ရည် ရှိရဲ့လား”
“ကျွန်မ ခံနိုင်ရည် မရှိပါဘူး၊ အဲဒါကြောင့် ကျွန်မက အထူးအနေနဲ့ ဘုရင်ခံကုနဲ့ လာတွေ့တာပေါ့၊ လူတွေက သိကြတယ်၊ ကျွန်မ နန်းပေါင်ရီက ရှုနိုင်ငံရဲ့ နတ်ဆိုးမ ဆိုတာကို၊ ဘုရင်ခံကသာ ကျွန်မကို ရသွားရင် သူက ကျွန်မကို ဗုဒ္ဓဘုရားကျောင်းဆီကို လွှဲပေးလိမ့်မယ်၊ ဒါပေမယ့် ကျွန်မရဲ့ အစ်ကို ၂ က ကျွန်မ သေမှာကို သေချာပေါက် ကြည့်နေမှာ မဟုတ်ဘူး၊ လာကယ်လိမ့်မယ်၊ တကယ်လို့ သူက ကျွန်မကို လာကယ်ရင် ဘုရားကျောင်းနဲ့ ဘုရင်ခံရွယ်က အထင်အမြင် လွဲမှားမှုတွေ ဖြစ်သွားလိမ့်မယ်၊ ဘုရင်ခံကုက အဲဒီ သဘောထားကွဲလွဲမှုကို ကြည့်ချင်မယ်လို့ ထင်ပါတယ်”
“ဘာကြောင့်လဲ”
“ဘာကြောင့်လဲဆိုတော့ အစ်ကို ၂ က ဘုရင်ခံနေရာကို ချက်ချင်း ရသွားမှာ အသေအချာပဲ၊ ရှုနိုင်ငံကို ဘုရင်ခံကု ရောက်လာရတဲ့ ရည်ရွယ်ချက်အတိုင်း သူက ချန်းဝမ်အတွက် အထောက်အပံ့ ဖြစ်ပေးနိုင်တယ်၊ ရှုံးနေသည့် ဘုရင်ခံရွယ်ကို စောင့်နေမဲ့အစား ဘာလို့ အစ်ကို ၂ ကို သွားမရှာတာလဲ ဘုရားကျောင်းမှာ အငြင်းပွားကြရင် ဘုရင်ခံကု အနေနဲ့ အစ်ကို ၂ ရဲ့ တကယ့် အင်အားကို မြင်ရလိမ့်မယ်”
“ဘုရင်ခံရွယ်မှာ စစ်သည်အင်အား လေးသိန်းရှိတယ်၊ ရှောင်းယီမှာက တစ်သိန်းနှစ်သောင်းပဲ ရှိတယ်”
“အချိန်ရောက်လာရင် တစ်ကုဋေနဲ့ နှစ်သောင်း ဖြစ်သွားမှာပါ”
ကုချုံရှန်းက သူမကို စူးစိုက်ကြည့် နေသည်။
သူက ရှောင်းယီဘက်မှာ ရပ်ဖို့ သူမက မျှော်လင့်နေသည်။ ရုံးတော်၏ လက်ကို အသုံးချပြီး ဘုရင်ခံရွယ်နှင့် ဘုရင်ခံချန်းကို ထိန်းချုပ်ချင်သည်။
မိန်းကလေးက အရမ်း ဆွဲဆောင်အား ပြင်းတာပဲ…..
သူက အပြာရောင် သေရည်ခွက်ကို လှည့်ပြီး တည်ကြည်စွာနဲ့ မှတ်ချက်ပြုသည်။
“လောကကြီးမှာ ဘာမှ မလုပ်နိုင်သေးတဲ့ နွားငယ်လေးက သူ့ကိုယ်သူတော့ ကျားတစ်ကောင်လို လုပ်နိုင်တယ်လို့ ထင်နေတယ်၊ ဒါပေမယ့်…. အပိုင်းပိုင်း ဖြတ်ထားတဲ့ အသားကို ဗိုက်ထဲ ရောက်အောင် စားလိုက်တဲ့ အခါမှာတော့ သူက မြက်ပဲ စားသင့်တယ် ဆိုတာကို သိသွားလိမ့်မယ်၊ ဟုတ်တယ်၊ အဆုံးမှာတော့ သူက အသားစား တိရစ္ဆာန်တစ်ကောင်မှ မဟုတ်တာ”
နန်းပေါင်ရီက ပြုံးရင်း “ဘုရင်ခံကု၊ ကျွန်မက အရွက်စား သတ္တဝါ ဖြစ်ပေမယ့် ကျွန်မရဲ့ အစ်ကို ၂ ကတော့ အသားစား သားရဲကြီး တစ်ကောင်ပဲ”
သူမ၏ မျက်လုံးများက တောက်ပနေပြီး ရှောင်းယီကို ယုံကြည်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ဒါက ညီမတစ်ယောက်က အစ်ကိုတစ်ယောက်ကို ချစ်တဲ့ အချစ်ထက် သာလွန် နေသလိုပင်။
ကုချုံရှန်းက သေရည်ခွက်ကို လှည့်ကစားနေရင်း စိတ်ဝင်တစားဖြင့် “ဒီဘုရင်ခံက မင်းနဲ့ လောင်းကြေး ထပ်မယ်”
“ဘယ်လို အလောင်းအစား မျိုးလဲ”
“ရှောင်းယီသာ ဘုရားကျောင်းက ပြိုင်ပွဲမှာ နိုင်သွားခဲ့ရင် ငါက ရုံးတော်ကို ကိုယ်စားပြုပြီး သူရှုနိုင်ငံရဲ့ စစ်ရေးအာဏာကို ယူတဲ့နေရာမှာ ထောက်ပံ့ပေးမယ်၊ ငါက ဘုရင်ခံချန်းကိုတောင် အပြစ်ပေး ပေးဦးမယ်”
နန်းပေါင်ရီက ခေါင်းကိုညိတ်ပြီး “ကျွန်မ ရှင်နဲ့လောင်းမယ်”
“မမေးရသေးဘူး၊ သူသာ ရှုံးခဲ့ရင် ဘာပြန်ပေးမှာလဲ”
“သူမရှုံးဘူး”
ကုချုံရှန်းက သေရည်ခွက်၏ အဖုံးကို ဖျစ်ညှစ်ပြီး အနည်းငယ် တင်းတင်းကြပ်ကြပ် ကိုင်ထားလိုက်သည်။ သူက နန်းပေါင်ရီကို ထပ်ကြည့် လိုက်သည်။
အချိန်အတန်ကြာမှ သူက ပြုံးရင်း “တကယ်လို့ သူရှုံးခဲ့ရင် မင်းကငါ့ကို ပြုစုခစားရမယ်”
နန်းပေါင်ရီက တုံ့ဆိုင်းခြင်း မရှိ “သဘောတူပါတယ်”
ကုချုံရှန်းက ကိုယ်တိုင် သေရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
နန်းပေါင်ရီက သူကမ်းပေးသော သေရည်ခွက်ကို ယူလိုက်ပြီး တွန့်ဆုတ် မနေဘဲ သောက်လိုက်တော့သည်။
ကုချုံရှန်းက အပြင်ဘက်က ထိုင်ခုံသို့ လျှောက်သွားပြီး “လာကြစမ်း၊ ရထားလုံး တစ်လုံးပြင်ပြီး ဘုရင်ခံရွယ်ကို သွားပြောလိုက်၊ ငါဘုရင်ခံက နတ်ဆိုးမကို ဖမ်းမိထားလို့ ကျီနန် ဘုရားကျောင်းကို ပို့ပေးနေတယ်လို့ သွားပြောလိုက်”
နန်းပေါင်ရီက ကန့်လန့်ကာ၏ အရိပ်အောက်မှာ ထိုင်နေသည်။
ကုချုံရှန်း၊ သူက ရက်စက်ပေမယ့် တခြားသူတွေထက် ပိုပြီး ယုံကြည်ရသည်။
သူနှင့် အလောင်းအစား လုပ်ပြီးပြီဆိုရင် သူနောက်ဆုတ် သွားမှာကို သူမ မစိုးရိမ်ပေ။
သူမက ဘုရားကျောင်း တိုက်ပွဲမှာ ချန်းမိသားစု၏ ဂုဏ်သတင်း ပျက်စီးသွားပြီး ရုံးတော်မှာ ရှုံးနိမ့်စေ ချင်သည်။
သူမက ကောလာဟလများကို ရှင်းလင်း၍ ဆုလာဘ်တွေပါ ရရှိနိုင်မဲ့ ဆောင်ရွက်ချက် တစ်ခုကို လုပ်ချင်ပြီး ရုံးတော်က ထုတ်ပြန်သော တိုင်းပြည၏ အဖိုးတန်ဆိုသည့် ဘွဲ့ကိုပါ ရရှိချင်သည်။
သူမက အစ်ကို ၂ ကို ရုံးတော်က လေးစားစေချင်ပြီး အနည်းဆုံးတော့ ဒီဖြစ်ရပ်ပြီးရင် သူ့ကို ဘုရင်ခံနှင့် အဆင့်တူ နေရာကို ရစေချင်သည်။
သူမက ခွက်ကို လက်ဖျားလေးနှင့် တောက်ရင်း ထရပ်လိုက်ပြီး ကုချုံရှန်းနောက် လိုက်သွားတော့သည်။
တစ်ဖက်မှာတော့ ယန်လျိုက နန်းပေါင်ရီ ယောင်ဆောင်ပြီး ရထားလုံးနှင့် ချင်းချောင်ခြံသို့ ပြန်သွားခဲ့သည်။ သူမ၏ ပုံစံအမှန် ပေါ်သွားမှာ စိုးတာကြောင့် ယွီဝေ့နှင့် ချန်ရှင်းကို မစောင့်ဘဲ ထပ်ခါထပ်ခါ မြန်မြန် လျှောက်မိနေသည်။
နန်းသူဌေးမလေးက သူမ မရောက်လာခင် အချိန်ဆွဲထားဖို့ သူမကို ပြောထားပေမယ့် အမတ်မင်းက အရမ်း အစွမ်းထက်လှသည်။ အလိမ်ပေါ် သွားမှာကို တကယ် မကြောက်ဖူးလား။
နေဝင်ရီတရောမှာတော့ မြင်းခွာသံက အိပ်ခန်း အပြင်ဘက်မှ ထွက်ပေါ်လာသည်။ မကြာခင်မှာပဲ ရှောင်းယီက ဝင်လာတော့သည်။
သူက အစားအသောက် သေတ္တာကို သယ်လာပြီး “ငါမင်းအတွက် ညစာ ဝယ်လာတယ်၊ စပ်စပ်လေး ချက်ထားတဲ့ ခရုကင်နဲ့ ငှက်သိုက် သကြားခဲလေ”
ယန်လျိုက မြင်းခွာသံကို ကြားကတည်းက အစိမ်းရောင် ဝါးကန့်လန့်ကာလေး ကာထားသော အိပ်ရာပေါ်မှာ ပုန်းနေလေပြီ။
သူမက ပါးစပ်ကို လက်ကိုင်ပဝါဖြင့် အုပ်ထားပြီး လည်ချောင်းသံနဲ့ “အစ်ကို ၂၊ ဒီနေ့ ညီမလေးက လေအေးတိုက်ခံရပြီး အအေးမိ သွားတယ်၊ အဲဒါကြောင့် အစ်ကိုနဲ့ တွေ့ဖို့ အဆင်မသင့်ဘူး…. အစားအသောက်တွေကို စားပွဲပေါ်သာ တင်ထားခဲ့ပါ”
အအေးမိတယ် ..
ဘယ်သူက ..
ရှောင်းယီ အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိသည်။ သူက အိပ်ရာဆီသို့ လျှောက်သွားသည်။ ကန့်လန့်ကာနားကို ရောက်ခါနီးမှာပဲ ယန်လိုက ရုတ်တရက်ကြီး အော်ဟစ်လိုက်သည်။
“မလှုပ်နဲ့”
အော်ပြီးနောက် သူမက လည်ချောင်းသံကို အမြန် ပြန်ပြောင်းလိုက်ပြီး “အိုး၊ ညီမလေး ဆိုလိုတာက ညီမလေးက အစ်ကို့ကို ကူးမှာ စိုးလို့ပါ၊ အစ်ကို မြန်မြန်ပြန်တော့ ညီမလေး သက်သာအောင် လုပ်နေတာကို မတားနဲ့”
ရှောင်းယီ၏ မျက်နှာက အလွန်ကို ကြည့်မကောင်းတော့ပေ။ ယန်လျို မတားရသေးခင်မှာ သူက ကန့်လန့်ကာကို တန်းပြီး မတင်လိုက်တော့သည်။
အိပ်ရာပေါ်က မိန်းကလေး၏ မျက်နှာက ကြောက်လန့်လွန်းလို့ ဖြူဖျော့နေသည်။
ရှောင်းယီက တိတ်ဆိတ်နေပြီး သူမ၏ နဖူးပြင်ကို စမ်း၍ “အအေးမိနေတာလား”
“မဟုတ်ဘူး”
ယန်လျိုက သူ့လက်ကို ချောက်ချားစွာ ရှောင်လိုက်သည်။
“ညစာထွက်စား၊ အအေးမမိရင်”
ရှောင်းယီက စားပွဲပုလေးဆီသို့ လျှောက်သွား လိုက်သည်။ မဖြစ်နိုင်လောက်သည့် သူ၏ ကြီးကျယ်ခန့်ညားသော အသံက ယန်လျို၏ နှလုံးကို တုန်ယင်စေသည်။
နန်းသူဌေးမလေးက ဒီလိုလူမျိုးနှင့် နေ့တိုင်း ဘယ်လိုလုပ်ပြီး အတူရှိနေနိုင်လဲ ဆိုတာကို သူမ တကယ် မသိတော့။ အကြည့်ကတောင် အလွန် ကြောက်စရာ ကောင်းလှသည်။ အချိန်မရွေး အရိုက်ခံရနိုင်တယ် ဆိုသော ခံစားချက်မျိုးကို အမြဲရနေသည်လေ။
ယန်လျိုက စားပွဲပုလေးရှေ့မှာ ဖြည်းညင်းစွာ ထိုင်လိုက်သည်။ သူမက စားပွဲပေါ်က စားစရာ နှစ်မျိုးကို စိုက်ကြည့်နေပြီး ခရုအစပ်ကင်ကို တွန့်ဆုတ်မနေဘဲ ယူလိုက်သည်။
ရှောင်းယီက သူမကို ခံစားချက်မရှိသော မျက်နှာထားဖြင့် ကြည့်နေသည်။
ဒီမိန်းကလေးက စားစရာများကို စုပ်ပြီး စားနေသည်။ သူမက ဒီလို အစားကောင်းမျိုးကို တစ်ခါမှ စားဖူးပုံ မပေါ်ချေ။
သူမက နှာခေါင်းကို လက်ကိုင် ပဝါငယ်လေးနဲ့ သုတ်လိုက်သောအခါ သူက တိုးသဲ့သဲ့ဖြင့် “မင်းဘယ်သူလဲ”
***