အပိုင်း (၂၈၆)
ကလေးတွေနဲ့ မသင့်တော်ဘူး
စေ့စေ့စပ်စပ် တွေးကြည့်တော့လည်း မှန်နေတာပဲ….
သို့သော် နန်းပေါင်ရီ တစ်ခုခု ဖြစ်မှာကို ကြောက်တာကြောင့် သူက အဆုံးမှာ ဝေ့ကျန်းနန် ကိုယ်တိုင် ရထားလုံးကို မောင်းပို့စေပြီး ယွီဝေ့နှင့် ချန်ရှင်းကို အဖော်အဖြစ် ထည့်ပေးလိုက်ကာ သူက လျှို့ဝှက် ကိုယ်ရံတော် တစ်ယောက်လို သတိကြီးကြီးဖြင့် ရထားလုံးနောက်က လျင်မြန်စွာ နွေဦးကျောက်စိမ်း စံအိမ်သို့ အတူ လိုက်သွားတော့သည်။
နွေနေက ပူပြင်းလှသည်။
ရေလည်း ခန်းနေတာကြောင့် ဈေးဆိုင် တော်တော်များများက ပိတ်ထားပြီး စည်ကားသော လမ်းမရှည် တစ်လျှောက်က ကန္တာရသဖွယ်။
ရထားလုံးသည် ဖူရုံလမ်းကို ဖြတ်သွားသောအခါ ဆူညံသော အသံတစ်ခုကို ကြားလိုက်ရသည်။
ဝါးကန့်လန့်ကာ၏ အဟကြားလေးကို ဖြတ်ပြီး နန်းပေါင်ရီ တွေ့လိုက်တာက မရေမတွက်နိုင်တဲ့ လူအုပ်ကြီးက နန်းအိမ်တော်၏ ပိုးထည်ဆိုင်ကို ဝန်းရံထားပြီး ပုပ်အဲ့နေသည့် အသီးအရွက်များဖြင့် ဥအပုပ်တွေကို ပိတ်ထားသည့် ဂိတ်တံခါးဆီသို့ ပစ်ပေါက် နေကြသည်။ နန်းအိမ်တော်သို့ မကျေနပ်ချက် များအား ထုတ်ဖော်ပြီး သူမကို ထုတ်ပေး ခိုင်းနေကြသည်။
သူမ တိတ်ဆိတ် သွားသည်။
“ငါ အိမ်က ဖွင့်ထားတဲ့ တခြားဆိုင်တွေကို သွားကြည့်ချင်တယ်၊ သူတို့က ဖျက်လိုဖျက်ဆီးနဲ့ ဝိုင်းအုံပြီး စော်ကား နေကြတယ်၊ ဟုတ်တယ်မလား ငါတို့အိမ်လည်း အတူတူပဲ ဖြစ်နေမှာကို စိုးရိမ်မိတယ်”
သူမက တိုးသဲ့သဲ့ဖြင့် “မကောင်းတာက ငါ့ပါ၊ ငါ့ကြောင့် အဘွားနဲ့ တခြားသူတွေကို ထိခိုက်ကုန်ပြီ”
ယွီဝေ့က သူမ၏ ပါးလျသော ပခုံးလေးများကို ကြင်နာစွာ ပွေ့ထားလိုက်သည်။
သူမက နွေးထွေးစွာဖြင့် “အိမ်တော်ဆိုတာ မိသားစုဝင်တွေက တစ်ယောက်နဲ့တစ်ယောက် ခြွင်းချက်မရှိ သည်းခံပြီး နေကြမှ အိမ်တော်တစ်ခု ဖြစ်မှာပေါ့၊ သခင်မကြီးနဲ့ တခြား အိမ်သားတွေက မိန်းကလေး ပေါင်ရီကို ချစ်ကြတယ်၊ သူတို့က မမလေးအတွက် ဒီကိစ္စတွေကို သည်းခံနိုင်ကြပါတယ်၊ သူတို့ကို ဝမ်းနည်းအောင် လုပ်နိုင်တာက လူအုပ်ကြီး မဟုတ်ဘူး၊ ဒါပေမယ့် မမလေးရဲ့ နစ်နာမှုတွေနဲ့ မျက်ရည်တွေ ကသာ သူတို့ကို ဝမ်းနည်းစေမှာပါ”
သူမက နူးနူးညံ့ညံ့ဖြင့် ပြောနေသည်က အစ်မကြီး တစ်ယောက်လို ကြင်နာလှသည်။
နန်းပေါင်ရီက သက်သာရာ ရသွားပြီး အပြုံးလှလှလေး တစ်ပွင့် ပေါ်လာသည်။
ရထားလုံးက ဖြည်းဖြည်းချင်း လူအုပ်ကြီးကို ဖြတ်သွားသည်။ နန်းပေါင်ရီ၏ လက်တွေက ဒူးခေါင်းကို တင်းတင်း ဖျစ်ညှစ်ထားသည်။
အဘွား ခဏလေးပဲ စောင့်ပါ…
သမီးကို နှစ်လလောက်ပဲ ထပ်ပြီး အချိန်ပေး၊ သမီးက ကောလာဟလတွေကို ရှင်းထုတ်ပစ်ရုံ မကဘဲနဲ့ ချန်းမိသားစုကိုပါ နှိပ်စက် ညှဉ်းပန်းပြီး လုံးဝ အဆုံးသတ် ပေးမယ်….
ရထားလုံးက နွေဦးကျောက်စိမ်း စံအိမ်၏ အနောက်တံခါးမှာ ရပ်တန့်သွားသည်။
နန်းပေါင်ရီက ပါးလျပ်သော မျက်နှာ ကာပဝါလေးကို ဆောင်းထားပြီး စံအိမ်အတွင်းသို့ လှေခါးထစ်တွေမှ တစ်ဆင့် ဝင်ရောက် သွားသည်။
ပုတီးစေ့ ကန့်လန့်ကာ၏ အထဲမှာတော့ ရေခဲများ ထည့်ထားသည့် ကြေးနီအိုးလေးက အေးစက်စက် အငွေ့များကို ထုတ်လွှတ်နေပြီး ပန်းနံ့နှင့် သစ်သီးနံ့များက အခန်းကို လန်းဆန်း နေစေသည်။
နန်းပေါင်ရီက ပုတီးစေ့ ကန့်လန့်ကာကို မလိုက်သည်။ မိန်းကလေး တစ်ယောက်၏ ကလူ၏သို့ မြူ၏သို့ တခစ်ခစ်ရယ်သံ လွင်လွင်က ကန့်လန့်ကာ အပြင်ဘက်သို့ ပြန့်လွင့်လာသည်။
“စုတ်တံ၊ မင်၊ စာရွက်နဲ့ မင်သွေးကျောက်တွေ အားလုံးက ပြင်ဆင်ပြီးနေပြီ၊ သခင်လေး စာရေး တော့လေ”
သခင်လေး
နန်းပေါင်ရီ အနည်းငယ် တောင့်တင်း သွားရသည်။
ရှန်းရိချောင်လည်း ဒီမှာ ရှိနေတာလား ..
သူဘာလုပ်နေတာလဲ ..
သူမက ကန့်လန့်ကာ နားသို့ လျှောက်ရင်း “သူဌေးမဟန်…”
အသံက ရုတ်ခြည်း ရပ်တန့်သွားသည်။
အတိုချုပ် ပြောရရင် အဖြူရောင် ဝတ်စုံကို ဝတ်ထားသော ရှန်းရိချောင်က အန္တရာယ်ရှိသည့် အနေအထားဖြင့် ထိုင်နေပြီး မင်တွေကို လျှာဖြင့် လျက်နေသည်။
ဟန်ယန့်လျန်၏ အနီရောင်ဝတ်စုံက ကြမ်းပြင်ပေါ်သို့ ပြန့်ကျနေသည်။ သူ၏ပခုံးကို မှီတွယ်ထားပြီး လက်တစ်ဖက်မှာတော့ ဆေးတံ တစ်ချောင်းကို ကိုင်ထားသည်။ သူ့ပါးပြင်ကို သူမ၏ လက်ချောင်းများဖြင့် အနီရောင် တောက်တောက် ပန်းတစ်ပွင့်ပုံကို ရေးဆွဲနေသည်။
သူမက ခေါင်းကို ပင့်မော့လိုက်ပြီး နှုတ်ခမ်းရဲရဲက အနည်းငယ် ဟလျက် သူ့ထံသို့ မီးခိုးငွေ့တွေ မှုတ်ထုတ်လိုက်သည်။
အလွန်အမင်း ဟိုလိုလို ဒီလိုလိုဟန်ပင်။
သူမက ခေါင်းကို အနည်းငယ် ငုံ့ကိုင်းလိုက်ပြီး နန်းပေါင်ရီ၏ နားရွက်ဖျားလေးသို့ လေသံလေးဖြင့် “မမလေး၊ ကလေးတွေ မကြည့်သင့်ဘူး”
နန်းပေါင်ရီက တိတ်တိတ်လေး ရှက်သွေး ဖြာသွားရသည်။
ဟန်ယန့်လျန်က မရင်းနှီးဟန် မျက်လုံးများဖြင့် ရန်စလာသည်။
“နန်းမမလေး ရောက်လာတာ တကယ်ကို အချိန်ကောင်း မဟုတ်ဘူး”
နန်းပေါင်ရီက ရှက်ကိုးရှက်ကန်းနဲ့ သက်ပြင်း ချလိုက်ပြီး “ကျွန်မက ရှင့်ကို မေးစရာရှိလို့ လာတာ”
သူမက စိတ်ပါလက်ပါဖြင့် ဝင်သွားပြီး စားပွဲပုလေးနားက ထိုင်ခုံတစ်ခုံပေါ် ထိုင်လိုက်သည်။
သူမက ခေါင်းဆောင်းကို ချွတ်လိုက်ပြီး “ဒီနေ့ ရှန်းသခင်လေးက ဘာလို့ ရောက်နေတာလဲ ဘာတွေ ရေးနေတာလဲ”
ရှန်းရိချောင်က အမူအရာ တစ်စမှ ဖော်ပြခြင်း မရှိ။ သူ မနေ့က ဟန်ယန့်လျန်ဆီက နွေဦးကျောက်စိမ်း စံအိမ်မှာ လာပြီး ကစားပါဆိုသည့် စာတစ်စောင် ရခဲ့သည်။ သူ့စိတ်ထဲကတော့ ငြင်းပယ်နေခဲ့သည်။
ဒီလို ယုတ္တိမတန်သည့် နေရာမျိုးမှာ ဘယ်လိုပုံစံမျိုး ကစားရမှာလဲ။
သို့သော် ဟန်ယန့်လျန်က အားနွဲ့သော မိန်းမတစ်ယောက်လို့ သူအမြဲ ခံစားရသည်။ သူ့ အကူအညီကို လိုလို့လည်း ဖြစ်နိုင်သည်ပဲ။ ထို့ကြောင့် သူက နွေဦးကျောက်စိမ်း စံအိမ်သို့ လာပြီး မိန်းကလေး၏ စိတ်ကို ဖြေသိမ့်ပေးတာ ဖြစ်သည်။
အဖြစ်ကတော့ ဟန်ယန့်လျန်က သူ့ကိုလာဖို့ ခေါ်တာဟာ တကယ်ကို ကမ္ပည်းထိုးဖို့ စာသား ရေးခိုင်းခြင်းသာ။
သူ့မျက်လုံးများက အေးစက်နေပြီး “အိမ်တော်ထဲမှာ ပျင်းဖို့ကောင်းတယ်၊ အခွင့်အရေး ရလို့ အပြင်မှာ ဈေးဝယ်ထွက်ပြီး စိတ်အပန်းဖြေမလို့၊ အရမ်း တွေးနေဖို့ မလိုဘူး”
“သခင်လေးက ဈေးဝယ်ထွက်တယ်၊ သခင်လေးရဲ့ အဝတ်အစားတွေက အကောင်းစားတွေလေ….”
နန်းပေါင်ရီက တတွတ်တွတ် ပြောသည်။
“ဒီပိုးထည်ဝတ်စုံက အသစ်ကြီး၊ ပထမဆုံး အကြိမ် ဝတ်တာ ဖြစ်မှာတောင် စိုးရတယ်၊ အာ၊ အတွင်းဝတ်စုံ ကလည်း အသစ်ပဲ၊ ဆံပင်တွေကလည်း မနက်ကမှ ခေါင်းလျှော်လာတဲ့ပုံ၊ သေသေချာချာ ပုံသွင်းလာတဲ့ ပုံစံပဲ၊ အကောင်းစား နဂါးပုံ ကျောက်စိမ်းဖြူ ဆံထိုးကိုလည်း ထိုးထားသေးတယ်၊ ရှန်းသခင်လေးက တကယ်ကို သီးသန့် ပြင်ဆင်လာတာပဲ”
ရှန်းရိချောင် “….”
ဒါတွေကို ထုတ်မပြောရင် အ အ လို့ထင်မှာ စိုးလို့လား။
သိပ်မကြာခင်က သူမကို အဆင့်ခုနစ်အဖြစ် သူတိုးပေးခဲ့တယ်၊ အခုတော့ သူမ၏ စကားကြောင့် အဆင့်ကိုးအထိ လျှော့ချ ပစ်လိုက်ပြီ။
နန်းပေါင်ရီက ဟန်ယန့်လျန်ဘက်သို့ လှည့်၍ “သူဌေးမဟန်၊ စကားပြောဖို့ တစ်လှမ်းလောက် တိုးလာလို့ ရမလား”
“တစ်လှမ်းတိုးမယ်”
ဟန်ယန့်လျန်က မျက်ခုံးပင့်ပြီး ရှန်းရိချောင်ကို မျက်စိစောင်း၍ ကြည့်လိုက်သည်။ သူမက ဘာမှ မဝတ်ထားတဲ့ ကျောက်စိမ်းလို အဆင်းသဏ္ဌာန် ခြေထောက်လေးနှင့် ရှန်းရိချောင်၏ ခြေထောက်များကို ဖွဖွ ထိလိုက်သည်။
ရှန်းရိချောင်က တောင့်ခဲ သွားတော့သည်။
ဟန်ယန့်လျန်၏ ခြေထောက်က ရှန်းရိချောင်ရဲ့ ခြေထောက်တွေ နောက်သို့ လိုက်နေပေမယ့် ရုတ်ခြည်း လျင်မြန်စွာ ရပ်တန့်သွားသည်။
သူမက မီးခိုးတစ်ခုကို မှုတ်ထုတ်လိုက်ပြီး သူ့နားရွက်ဖျားလေးကို ဖွဖွလေး ကိုက်လိုက်ပြီး “သခင်လေး၊ ဒီမှာ လိမ်လိမ်မာမာနဲ့ ကျွန်တော်မျိုးမ ပြန်လာပြီး သခင်လေးနဲ့ ကစားမှာကို စောင့်နေနော်”
ပြောပြီးနောက် သူမက လှလှပပလေး ဝတ်စုံ ကော်လာစကို ဆွဲလိုက်ပြီး အခန်းပြင်သို့ ရာဂစိတ် ပြည့်လျှမ်းနေသော ခံစားချက်များနှင့် သူ့ကို တွန်းထုတ် လိုက်သည်။
ရှန်းရိချောင်က ရှက်ရွံ့စွာ နီရဲနေပြီး လက်တွေကို တင်းတင်း ဖျစ်ညှစ်လိုက်သည်။
နှာခေါင်း သွေးတွေက စာရွက်ပေါ်သို့ တစက်စက် ကျလာသည်။ သူက နှာခေါင်း ထိပ်ဖျားကို လက်ကိုင်ပဝါဖြင့် အုပ်ထားလိုက်ပြီး ပထမဆုံး အကြိမ်အဖြစ် အရှက်မရှိသော ပုံစံပေါ်လာကာ တိတ်တိတ်လေး ဆဲရေး လိုက်သည်။
အတွင်းခန်းထဲမှာတော့….
ဟန်ယန့်လျန်က ဖြည်းဖြည်းချင်း ဆေးတံ သောက်နေပြီး “ငါ့ကို ဘာလုပ် စေချင်တာလဲ၊ ငါအလုပ်များ နေတယ်”
“ရှမိသားစုကို မှတ်မိသေးလား၊ ရှချင်ချင်ကိုရော”
“မှတ်မိတယ်”
“ရှချင်ချင်က ရှမင်ဟွေးရဲ့ ဝမ်းကွဲညီမပဲ၊ သူက မတော်တဆ အမှားလုပ်မိပြီး သူ့အဖေကို သတ်မိလို့ ထောင်ထဲ ရောက်သွားတာ၊ နောက်တော့ ထောင်ထဲမှာ ဘာကြောင့်မှန်း မသိ သေသွားတယ်၊ တကယ်တမ်းဆို ကျွန်မက သူ့ကို သတ်တာ မဟုတ်ပဲနဲ့ ရှမင်ဟွေးက မိသားစုရဲ့ အာဏာကို သုံးပြီး သံချပ်ကို ရှုနိုင်ငံတစ်ခွင် ဖြန့်ခိုင်းရလောက်တဲ့ထိ ဒီလောက်ကြီး မုန်းနေစရာ အကြောင်းမရှိဘူး”
“မင်းဆိုလိုတာက တစ်ယောက်ယောက်က ရှမင်ဟွေးရဲ့ လက်ကိုငှားပြီး မင်းကို ထိခိုက်အောင် လုပ်တယ်ပေါ့”
“ဟုတ်တယ်”
နန်းပေါင်ရီက ပွင့်လင်းစွာနဲ့ “ကျွန်မအတွက် ရှချင်ချင်ရဲ့ သေဆုံးရခြင်း အကြောင်းအရင်းကို ရှာပေးစေ ချင်တယ်”
“နားလည်ပြီ”
“ထပ်ပြီးတော့….”
နန်းပေါင်ရီက ပြတင်းကိုမှီ၍ အောက်မှာ စောင့်နေသည့် ဝေ့ကျန်းနန်နှင့် ရှီးခူတို့ကို ငုံ့ကြည့် လိုက်သည်။
သူမက ဝါးကန့်လန့်ကာကို ဖွဖွလေး ပြန်ချလိုက်ပြီး အသံကိုတိုး၍ “ကျွန်မ ကုချုံရှန်းကို တွေ့ချင်တယ်”
ဟန်ယဲ့လျန်က မျက်ခုံး ပင့်သွားသည်။ သူမက သတိပေး လာသည်။
“ကုချုံရှန်းက လူကောင်း တစ်ယောက် မဟုတ်ဘူးနော်”
နန်းပေါင်ရီက နှုတ်ခမ်းကို တင်းတင်းစေ့၍ မီးငှက်မျက်ဝန်းတွေက နက်မှောင်လာသည်။
သေချာတာပေါ့၊ ကုချုံရှန်းက လူကောင်း မဟုတ်ဘူး ဆိုတာကို သိတာပေါ့၊ အရင်ဘဝက ထဲထဲဝင်ဝင်ကို သင်ယူခဲ့ရပြီးပြီပဲ။
“ကျွန်မ သူ့ကို တွေ့ချင်တယ်”
သူမက တိကျပြတ်သား လှသည်။
“နန်းသူဌေးမလေးက သူ့ကိုတွေ့ဖို့ စိတ်အား ထက်သန် နေမှတော့ ဒီလို လုပ်ရုံအပြင် မရှိတော့ဘူး”
ဟန်ယန့်လျန်က အပြုံးရေးရေးဖြင့် “ယန်လျို”
အမွှေးတိုင် နှစ်တိုင်စာ အချိန်ပြီးနောက်…..
နူးညံ့သော မိုးမခပင်လို ဝတ်စုံနှင့် မိန်းကလေးက အခန်းအပြင်သို့ ထွက်လာသည်။
သူမက နွေးထွေးစွာဖြင့် “ချင်းချောင်ဟူတုံခြံကိုပြန်မယ်”
ယွီဝေ့နှင့် ချန်ရှင်းတို့က နောက်က လိုက်သွားတော့သည်။
အတွင်းခန်းထဲမှာတော့……
နန်းပေါင်ရီက ထိုင်ဖုံလေးပေါ်မှာ ထိုင်နေပြီး မီးငှက်လို မျက်ဝန်းများက မေးခွန်းတွေ ပြည့်နှက် နေဟန်ဖြင့် “သူဌေးမဟန်၊ ရှင့်ရဲ့ လက်ထောက်တွေက တကယ်ကို အရည်အချင်း ရှိတာပဲ၊ ယန်လျိုရဲ့ ရှက်ရွံ့တုန်လှုပ်ခြင်း မရှိတဲ့ပုံစံကို ကြည့်ပြီး ပြဇာတ်ရုံက အခိုင်းအစေ တစ်ယောက်လို့ ဘယ်လိုမှ မထင်ရဘူး၊ ဒါက တကယ်ကို နှမြောစရာပဲ”
ဟန်ယန့်လျန်က မီးခိုးတွေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။
“ယန်လျိုကို မင်းဟန်ဆောင်ပြီး ချင်းချောင်ဟူတုံကို ပြန်ခိုင်းလိုက်၊ အဲဒါဆို မင်းက အမတ်မင်း သိသွားမှာကို မကြောက်ရတော့ဘူး”
“ပုံစံကတော့ အတူတူပဲ၊ စကားသိပ်မပြောဘဲ တခြားသူတွေနဲ့ တွေ့တာနည်းအောင် ရှောင်မယ် ဆိုရင် ဖော်ထုတ်ဖို့ ဘယ်လွယ်ပါ့မလဲ”
နန်းပေါင်ရီက ဖရဲသီးကို စားနေသည်။
“ထပ်ပြီးတော့ ယွီဝေ့ကို ပထုတ်လိုက်ပြီ ဆိုတော့ ကုချုံရှန်းဆီကို သွားတွေ့လို့ရပြီ၊ ကျွန်မရဲ့ ပန်းတိုင်က အောင်မြင်တော့မှာ”
ဟန်ယန့်လျန်က မှတ်ချက် မပြုပေ။
သူမက ခဏအကြာထိ ဆေးတံ သောက်နေပြီးမှ ခပ်ပေါ့ပေါ့ဖြင့် “မင်းက စစ်တုရင်ခုံပေါ်က အလှည့် အပြောင်းကြီး ဖြစ်ဖို့ ကုချုံရှန်းကို အသုံးချမယ် ဆိုတော့ ငါမင်းရဲ့ သတ္တိကို လေးစားပါတယ်၊ ဒါပေမယ့် နန်းသူဌေးမလေး မင်းတစ်ခုခု လိုတယ် ဆိုရင်တော့ ပြောပါ”
နန်းပေါင်ရီက ခပ်ရေးရေး ပြုံးလိုက်လေသည်။
***