အပိုင်း (၂၈၅)
သူ့နှုတ်ခမ်းဖျားကိုခိုးသွားတယ်
ရှောင်းယီ ပြန်ရောက်သော အခါ၌ ကောင်းကင်ကြီးက အနက်ရောင်သို့ ပြောင်းနေလေပြီ။
အိပ်ခန်းထဲကို ဝင်သွားသောအခါ နန်းပေါင်ရီက စာအုပ်စင် ရှေ့တွင် ရပ်နေပြီး သူ့မှတ်စုတွေကို ဖတ်နေသည်။
သူက ခေါ်လိုက်သည်။
“နန်းကျောင်းကျောင်း၊ ငါမင်းအတွက် အရသာရှိတာတွေ ဝယ်လာတယ်”
အရသာရှိတာတွေ …
နန်းပေါင်ရီ၏ မျက်ခုံးလေးများ မြင့်တက်သွားသည်။
အမတ်မင်းက တကယ်ပဲ သူကိုယ်တိုင် သူ၏လက်ဖြင့် စားစရာ သေတ္တာကို သယ်လာခဲ့တယ်….
ချန်းနန်ရဲ့ လျိုကျိလျန်ပီဖြစ်သည်။
သူမက မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး အလွန်အမင်း ပျော်မြူး တက်ကြွစွာဖြင့် လျှောက်သွားပြီး “အဲဒီ စားသောက်ဆိုင်က အစားအစာတွေက ဝယ်ဖို့ ခက်တယ်၊ အစ်ကို ၂ မှာ လက်တံရှည်ကြီး ရှိတာပဲ ဟုတ်တယ်ဟုတ်”
သူမက စားပွဲပုလေးပေါ်ကို ထိုင်ပြီးနောက် အစားအစာတွေကို ဖွင့်ဖို့ မစောင့်နိုင်တော့ချေ။
လျိုကျိလျန်ပီက နှင်းလို ဖြူစွတ်နေပြီး အပေါ်ယံလွှာကို နှမ်းရည် စမ်းထားပြီး အစပ် အရသာအဆီနှင့် သစ်သားစည်ပိုင်းထဲ ထည့်လှောင်ထားသော အညိုရောင် ရှာလကာရည် အချိုတို့ ပါဝင်ပြီး တခြား နုပ်နုပ်စဉ်း ထားသော သခွားသီး၊ ပဲပင်ပေါက်၊ မြေပဲနှင့် တခြား အရံဟင်းမျိုးစုံလည်း ပါဝင်သည်။ လျိုကျိလျန်ပီက စားရတာ နူးညံ့ပြီး ပါးစပ်ထဲမှာ ပျော်ဆင်းသွားကာ စပ်သည့် အရသာက တစ်မျိုးတစ်ဖုံ စိတ်ကို လန်းဆန်း သွားစေသည်။ နွေရာသီအတွက်တော့ အလိုက်ဖက်ဆုံးပင်။
ဝါးတူကို ယူပြီး သူမက အလွန် မွှေးကြိုင်နေသည့် ဟင်းများကို စ၍ စားသောက်တော့သည်။
ရှောင်းယီက ကောင်မလေးကို ကြည့်နေသည်။ သူမသည် အလွန်အမင်း ဆာလောင်နေပြီး လျန်ပီ တစ်ထုပ်လုံးကို တစ်ခဏချင်း အပေါင်ရှင်း လိုက်ချေပြီ။ မြေပဲတစ်စေ့တောင် မကျန်စေရ။
သူက သူမ၏ ဘေး၌ ခြေချိတ်ထိုင်နေပြီး သူမ၏ ခါးလေးကိုဖက်၍ အသားယူနေသည်။
သူမ၏ ဗိုက်သားလေးကို ညအိပ်ဝတ်စုံ အပေါ်ကနေ ညင်သာစွာ ပွတ်သပ်၍ “ဝပြီလား အစ်ကိုက မင်းကို များများလေး ထပ်ပြီး ကျွေးစေချင်သေးလား”
နန်းပေါင်ရီ တောင့်ခဲသွားရသည်။
သူမက အမတ်မင်း၏ ထိတွေ့ပွတ်သပ် နေတာကို ခံနေရတယ်….
ဒါ့အပြင် သူ၏ မေးခွန်းကြီးကလည်း တစ်မျိုးကြီး ခံစားရ စေတယ်လို့….
သူမက သက်ပြင်း ဖွဖွချလိုက်ပြီး ရှက်ရွံ့စွာ သူ့ထံမှ ခပ်ဝေးဝေး ပြေးတော့သည်။
“ဗိုက်ပြည့်နေပြီ”
ရှောင်းယီက သူမ နှုတ်ခမ်း ထောင့်စွန်းလေးမှာ ပေနေသည့် အချဉ်ရည်များကို လက်ကိုင်ပဝါလေးနှင့် သုတ်ဖယ် ပေးလိုက်ပြီး “ငါ အဘွားဆီက သဘောတူညီချက် ရထားပြီးပြီ၊ သံချပ်အတွက် ငါတို့ ဘယ်သူမှ တာဝန်မယူဘူး၊ ရှုပိုးထည်တွေနဲ့ ဘဏ်လုပ်ငန်းကို ဆက်ပြီး လုပ်ကြမယ်၊ အဲဒါကြောင့် ဒီကာလ အတောအတွင်းတော့ မင်းက ငါ့အပန်းဖြေ ဆောင်မှာပဲ နေရဦးမယ်”
နန်းပေါင်ရီက လက်ဖက်ရည် ခွက်ကို ကိုင်ထားပြီး ခေါင်းကိုငုံ့၍ တစ်ငုံ သောက်လိုက်သည်။
သူမက လေသံလေးနဲ့ “ညီမလေး သိပါပြီ”
ရှောင်းယီက ထပ်ပြောလာသည်။
“ငါက ယွီဝေ့နဲ့ ချန်ရှင်းကို မင်းရဲ့ နေ့စဉ်သုံး ပစ္စည်းတွေ ထုပ်ပိုးပေးဖို့ ခိုင်းထားတယ်၊ ညနက်ရင် သူတို့က မင်းကို ပြုစုစောင့်ရှောက် ပေးကြလိမ့်မယ်၊ မင်းရဲ့ ကိုယ်ရံတော် ဝေ့ကျန်းနန် ကလည်း လာပြီး မင်းကို စောင့်ရှောက် ပေးလိမ့်မယ်”
ယွီဝေ့နှင့် ချန်ရှင်း၏ အတိုက်အခိုက် အရည်အချင်းက အလွန် တော်သည်။ ဒီလို အကျပ်အတည်း ဖြစ်နေသည့် အခြေအနေမျိုးမှာ ဟယ်ယဲ့ထက် သူတို့က ပိုပြီး သင့်တော်သည်။
နန်းပေါင်ရီက တည်ငြိမ်သော မျက်နှာလေးဖြင့် “ညီမလေး နားလည်ပါတယ်၊ အစ်ကို အဆင်ပြေရင် အဘွားကို ပြောပြပေးပါ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါလို့၊ ညီမလေး အတွက် စိတ်မကောင်း မဖြစ်ပါနဲ့လို့”
ဒီည လေလုံးဝ မတိုက်ပါချေ။ ဝါးကန့်လန့်ကာကို မြင့်မြင့်မှာ ချိတ်ထားပြီး လရောင်က ရှင်းလင်း၍ စိုလက်နေသည်။
နန်းပေါင်ရီက အစိမ်းရောင် ဝါးကန့်လန့်ကာလေးနှင့် ကာထားသော အိပ်ရာထဲတွင် လဲလျောင်းလိုက်ပြီး အိပ်မပျော်နိုင်သေးချေ။
အိပ်ခန်းထောင့်နားတွင် ဖန်ဖြင့်လုပ်ထားသော သဲနာရီလေးသည်ပင် သဲများကျတာ ရပ်သွားလေပြီ။
သူမက ကန့်လန်ကာ ထောင့်လေးသို့ အမြန် လှိမ့်သွားသည်။ မီးအိမ်လေးက အခန်းထဲကို လင်းကျင်း နေစေပြီး အမတ်မင်းက စာအုပ်စင်နောက်မှာ ထိုင်နေကာ စာရင်းစာအုပ်များနှင့် စစ်ရေးစစ်ရာ ကိစ္စတွေကို အေးစက်စက် မျက်ဝန်းတစ်စုံဖြင့် စီမံခန့်ခွဲနေသည်။
သူက ရှုနိုင်ငံ၏ စစ်ရေးအာဏာကို ရရန်အတွက် ဘုရင်ခံရွယ်နှင့် တိုက်ခိုက် နေခြင်းကို သူမ သိသည်။ ကွာဟချက် နည်းနည်းလေး ရှိသွားလျှင်ပင် အားလုံး ပျက်စီး ဆုံးရှုံးသွားမှာ ဖြစ်သည်။
ရှုနိုင်ငံ၏ မိုးခေါင်ရေရှားမှုက သူစိုက်ထုတ်ထားသော ခွန်အား တော်တော်များများကို နှောင့်နှေး သွားစေသည်။
သူမက သူ့ကို မနှောင့်ယှက်သင့်ပေ။ သူမက ထိုင်ခုံပေါ်မှာ ထိုင်နေသည့် သူ့ကို ငေးကြည့်နေပြီး လက်လေးနှင့် သူ့မျက်ခုံးများကို အဝေးကနေ နှိပ်နယ် ပေးနေဟန် ပြုမိသည်။ သို့သော်လည်း သူ့မျက်ဝန်းထဲမှ ပူပင်သောကများကိုတော့ မခံစားမိဘဲ မနေနိုင်ပေ။
ညက တဖြည်းဖြည်း နက်လာပြီ။
သူက ထိုင်ခုံပေါ်မှာ နောက်မှီကို မှီရင်း မျက်လုံးတွေကို ပိတ်၍ မျက်တောင်များက ယပ်တောင်လေးလို ပါးပြင်ပေါ်သို့ အရိပ်ဖြာ ကျနေသည်။ မြူနှင်းမှုန်ကဲ့သို့ လွင့်ပြယ် မသွားနိုင်သည့် အသွင်အပြင်ဖြင့်။
နန်းပေါင်ရီက ဖွဖွလေး ထရပ်လိုက်ပြီး စောင်ပါးလေးကို ယူ၍ သူ့ထံသို့ ဂရုစိုက်ပြီး လျှောက်သွား လိုက်သည်။ သူမက သူ့ကို စောင်ပါးလေးဖြင့် ခြုံပေးလိုက်သည်။
သူမလည်း ပြန်သွား အိပ်ရန် လှည့်ထွက်လိုက်စဉ် သူမ၏ခါးကို အနောက်ကနေ ဆွဲဖက်ထားခြင်း ခံလိုက်ရသည်။ ရှောင်းယီက သူမကို သူ့ရင်ခွင်ကျယ်ထဲသို့ တင်းတင်းကျပ်ကျပ် ဆွဲသွင်း ထားလိုက်တော့သည်။
အခုပုံစံက သူမက သူ့ခါးကို ခွထိုင်ထားသလို ပုံစံပင်။
သူက ခေါင်းကို သူမ၏လည်တိုင် ကြော့လေးမှာ နှစ်မြှုပ်ထားလိုက်ပြီး ချိုမြိန်လှသော ခေါင်ရန်း ပန်းနံ့လေးကို နမ်းရှိုက်လိုက်သည်။ တစ်နေ့လုံး ပင်ပန်းခဲ့သမျှက အများကြီး သက်သာ သွားသလိုပင်။
“အစ်ကို ၂”
နန်းပေါင်ရီသည် အသက်ရှူရန်ပင် ဂရုထားနေရသည်။
“ကျောင်းကျောင်း၊ ငါ့ကိုပေးဖက်….”
လူငယ်၏ အသံက ကွဲအက်နေသည်။
မီးအိမ်လေး၏ မီးတောက်လေးက တဖြည်းဖြည်း လောင်ကျွမ်း နေသည်။ အခန်းက လင်းထိန်နေပြီး တိတ်ဆိတ်၍ ငြိမ်သက် အေးချမ်းနေသည်။
နန်းပေါင်ရီ အေးခဲ သွားရသည်။ ရှောင်းယီ၏ အသက်ရှူသံက တဖြည်းဖြည်းနှင့် တည်ငြိမ် လာတာကို ကြားနေရပြီး အိပ်ပျော် သွားဟန်ပင်။
သူမက ခေါင်းလေးကို မော့လိုက်သည်။ သူ့မျက်နှာက အရိပ်ကျနေပြီး သူ၏ အချိုးအဆစ်က ပြေပြစ်လှသည်။ သူက ချောမော ကြည့်ကောင်းပြီး မျက်တောင် ရှည်ရှည်များနှင့် မျက်ရစ်က လှလှလေး ကွေးညွတ် နေသည်။ သူ၏ ချောမောခြင်းက ကြင်နာတတ်သော သူတစ်ယောက်က စုတ်တံ ကောင်းကောင်းဖြင့် စုတ်ချက်တင်ထား သကဲ့သို့ပင်။
သို့သော် အခုတော့ သူက ပင်ပန်းနေပြီး မျက်ခုံးတွေတောင် တွန့်ချိုးနေကာ ကောင်းကောင်း အိပ်မပျော်မှန်း သိသာလှသည်။
သူမက လက်ချောင်းဖျားလေးနှင့် သူ့နှုတ်ခမ်းပါးတွေကို ထိတွေ့မိသောအခါ သူ့နှုတ်ခမ်းပါးတွေက အလွန်အမင်းကို နွေးထွေးပြီး ညှို့အား ပြင်းလှသည်။
လောကကြီးမှာ ဒီလောက်လှတဲ့ နှုတ်ခမ်း ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ …
နန်းပေါင်ရီ မျက်တောင်ဖျားတွေကို ခတ်မိသည်။ သူမက အသက်ရှူ ထုတ်လိုက်သော လေသံ ဖွဖွလေးတောင် မပြုရဲဘဲ သူ့နှုတ်ခမ်းဖျားကို ပုစဉ်းလေးတစ်ကောင် နားခိုသွားသလို ဖွဖွလေး အနမ်းပေး လိုက်သည်။
သူမက နှုတ်ခမ်းလေးကို ကာလိုက်ပြီး နှလုံးခုန်နှုန်းက မိုးခြိမ်းသံလို ကျယ်လောင် လာတော့သည်။
ရှောင်းယီက ဘာတုံ့ပြန်မှုမှ မရှိသည်ကို တွေ့သောအခါ သူမက သူ၏ လည်ဇလုတ်လေးကို ထိတွေ့လိုက်သည်။
သူမမှာ ဒီအရာ မရှိဘူးလေ။ ဒါကို ဟိုးအရင် ကတည်းက သူမ ထိကြည့်ချင်ခဲ့တာ။ သို့သော် သူမ၏ လက်ဖျားလေးနှင့် သူ့ကို ထိထိလိုက်ချင်းမှာပဲ သူက သူမ၏ခါးလေးကို ဖက်ထား လိုက်တော့သည်။
သူမ၏ မျက်ဝန်းများက ကြောက်လန့်တကြား ပြူးကျယ် ဝိုင်းစက် သွားလေပြီ။ အမတ်မင်းက ခုနလေး ကတည်းက နိုးနေပြီး သူမကို အပြုံးတစ်ချက်နှင့် ကြည့်နေသည်။
သူက တိုးဖွဖွနဲ့ “ကျောင်းကျောင်း၊ အခုထိ ငါမထိနိုင်သေးတဲ့ အရာတွေ ရှိသေးတယ်”
နန်းပေါင်ရီ၏ ဉီးနှောက်က ပေါက်ထွက် သွားသလိုပင်။ သူမက လက်ကို မြန်မြန် ရုပ်လိုက်ပြီး မျက်နှာလေးကို မူမမှန်စွာ လှည့်လိုက်သည်။
“ညီမလေးက ဘာမှလုပ်ချင်လို့ မဟုတ်ပါဘူး၊ ညီမလေးက အစ်ကို့ကို ထိချင်ခဲ့တာ မဟုတ်ဘူး… အစ်ကိုက အဲ့အကြောင်းကို မတွေးနဲ့လေ”
ဖြူဖွေးပြီး နူးညံ့နေသည့် မျက်နှာလေးနှင့် နားရွက်လေးများက ရှက်သွေးဖြာပြီး အနီရင့်ရောင် သန်းနေတော့သည်။ သူမ၏ မျက်လုံးများက ဟိုဟိုဒီဒီ ရှောင်ပြေးနေပြီး မျက်ဆံအိမ်တွေက ရေလိုကြည်လဲ့၍ စိုလက်နေသည်။
ရှောင်းယီက တိုးဖွဖွ ရယ်လိုက်သည်။
ကောင်မလေးက အရှက်လွန်ပြီး စကားတောင် မပြောနိုင်တော့ဘူး….
သူက သူမကို ပြန်ချပေးလိုက်ပြီး “အိပ်တော့”
ခေါင်းကို လှည့်မကြည့်တော့ဘဲ နန်းပေါင်ရီက အိပ်ရာ အသိုက်ထဲသို့ ငုံးလေး တစ်ကောင်လို အမြန်ဝင် သွားပြီး အိပ်ရာခင်းကို ဆွဲ၍ သူမကိုယ်သူမ တင်းတင်းကြပ်ကြပ် ဖွက်ထား လိုက်လေသည်။
ရှောင်းယီက အိပ်ရာ ကန့်လန်ကာကို စူးစိုက်ကြည့်နေသည်။ အချိန် အတန်ကြာမှ သူ့နှုတ်ခမ်း ထောင့်စွန်းကို သူက စိတ်ပြင်းပြစွာ လျှာနဲ့လျက် လိုက်သည်။
ကောင်မလေး၏ အနမ်းက အရမ်းကိုချိုတာ…..
သူမထိန်းနိုင်တော့ တာကြောင့်သာ မဟုတ်ရင် သူမ ရှေ့ဆက်မှာကို တားဖို့ သူတကယ် မလုပ်ချင်ခဲ့။ သူက ထရပ်လိုက်ပြီး အပေါ်ထပ် အပန်းဖြေခန်းသို့ ထွက်သွားတော့သည်။
ရေအေး နှစ်ပုံးလောက် ချိုးပြီးမှ သူက အပေါ်ထပ် အပန်းဖြေခန်း၏ နူးညံ့သော ထိုင်ဖုံပေါ်မှာ ထိုင်လိုက်သည်။
ထိုင်ဖုံ၏ ဘေးမှာတော့ အဝတ်အစားများကို လှန်းဖို့ သစ်သားစင် တစ်ခုရှိနေပြီး အားလုံးက နန်းကျောင်းကျောင်း၏ ဒီနေ့လဲထားသော အဝတ်တွေကို လျှော်ထားတာ ဖြစ်သည်။
သူက သေးငယ်သော ခေါင်ရန်းပန်းရောင် လက်ကိုင်အိတ်လေးကို ဆွဲယူလိုက်ပြီး မျက်နှာပေါ်သို့ ဖုံးအုပ် ထားလိုက်သည်။
သင်းပျံ့သော ရနံ့လေးက စိတ်ကို လန်းဆန်း သွားစေသည်။
သူက တိတ်ဆိတ် ငြိမ်သက်နေသည့် လရောင်အောက်၌ နေ့ရက်များကို ရေတွက်နေမိသည်။
နန်းအိမ်တော်၏ နန်းကျောင်းကျောင်းလေးနှင့် ထိုသို့ဖြစ်နိုင်ဖို့ တစ်နှစ်နှင့် ခုနစ်လတောင် ကြာလိမ့်ဦးမှာ….
သူ သူမကို တကယ်ပဲ လက်ထပ်ချင်လှပြီ….
သူစိတ်ကူးနေသည့် မိန်းကလေးကတော့ အိပ်ရာထဲမှာ ပုန်းနေဆဲပင်။
သူမက လက်ချောင်းလေးတွေကို ယမ်းနေသည်။
အမတ်မင်းက သူမ၏ တိတ်တဆိတ် အနမ်းလေးကို မသိနိုင်ပါဘူး…..
အကယ်၍ မဟုတ်ခဲ့ရင် သူက သူမကို သေချာပေါက် မေးခွန်းမေးမှာပေါ့…
သူမကိုယ်သူမ အမွှေးတိုင် နှစ်တိုင်စာ အချိန်လောက် နှစ်သိမ့်နေပြီး ရှောင်းယီ၏ ပင်ပန်းနေသည့် ပုံစံက အာရုံမှာ ထင်ဟပ် လာပြန်သည်။
သူ့ကို သူမ တကယ် ကူညီချင်တယ်….
ဘုရင်ခံချန်းက ဘုရင်ခံရွယ်၏ ညာလက်ရုံး ဖြစ်သည်။ တကယ်လို့ ဘုရင်ခံချန်းသာ ရေထဲ ဆွဲချခံလိုက်ရရင် ဘုရင်ခံရွယ်လည်း လက်တစ်ဖက် ပြတ်သလို ဖြစ်သွားမည်ပင်။ အစ်ကို ၂ အတွက် အကျိုးအမြတ် ရနိုင်သည်။
တစ်ခုပဲ၊ ရုံးတော်က အစ်ကို ၂ ဘက်ကသာ ရပ်တည်ခဲ့မည်ဆိုလျှင် ဘုရင်ခံချန်း၏ ပြစ်မှုက အပြစ်ပေး ခံရမှာပင်။
ကုချုံရှန်း တစ်ဦးတည်းကသာ ရုံးတော်ကို ကိုယ်စားပြုသူပဲ။
သူမက ကုချုံရှန်းကို အစ်ကို ၂ ဘက်သို့ ဆွဲသွင်း ပေးရမည်။ သို့သော် အရင်ဘဝက သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အသေအကြေ တိုက်ခိုက်ကြသည်ကို သူမ မှတ်မိ သေးသည်။
သူမက အိပ်ရာခင်းကို ဆွဲ၍ ခေါင်းလေးကို အားနည်း ဖျော့တော့စွာ ခြုံထားလိုက်လေသည်။
ကုချုံရှန်းနှင့် ရှောင်းယီသာ ပူးပေါင်းလိုက်ရင် သူတို့ အချင်းချင်း ဆက်သွယ်ဖို့ ပိုပြီး ခက်ခဲနိုင်တယ်….
နောက်တစ်နေ့တွင်….
ရှောင်းယီက စစ်တန်းလျားသို့ သွားသည်။
နန်းပေါင်ရီက လှလှပပ သေသေသပ်သပ်လေး ဝတ်စားပြင်ဆင်ထားပြီး ယွီဝေ့၊ ချန်ရှင်းတို့ နှင့်အတူ ရထားလုံးနှင့် နွေဦးကျောက်စိမ်း စံအိမ်သို့ သွားရန် စီစဉ်ထားသည်။
တချို့ အရာတွေအတွက် သူမက ဟန်ယန့်လျန်ဆီက အတည်ပြုချက်ကို မေးဖို့လိုသည်။
ရှီခူက ပထမတော့ ငြင်းဆန်နေသည်။
သို့သော် နန်းပေါင်ရီက ဖြစ်နိုင်ချေရှိသော အရာကို ထုတ်ပြောလာသည်။
“အစ်ကို ၂ က ဘယ်သူ့ကိုမှ ဝင်ဖို့ အမိန့်မပေးထားဘူး၊ ဒါပေမယ့် သူက ထွက်ခွင့်မပြုဘူးလို့ မပြောဘူးလေ၊ ဒါက အကျဉ်းထောင်မှ မဟုတ်တာ၊ လွတ်လပ်ခွင့် မရှိဘူးလား။ ရထားလုံးထဲမှာ ထိုင်နေရင် ဘယ်သူကမှ ကျွန်မကို တွေ့မှာ မဟုတ်ပါဘူး”
***