အပိုင်း (၂၈၄)
နန်းကျောင်းကျောင်း ငါအပြင်ဆောင် မထားဘူး
လူငယ်က ကြင်နာတတ်သော မျက်ဝန်းများဖြင့် မြင်းပေါ်က ခုန်ဆင်း လာခဲ့သည်။
“ငါတစ်ခါ ပြောခဲ့ဖူးတယ်၊ အစ်ကိုရှိရင် ဘယ်သူကမှ မင်းကို အနိုင်မကျင့်စေရဘူးလို့”
သူက ငုံ့ကိုင်းကာ နန်းပေါင်ရီကို ဖက်၍ မြင်းပေါ်တင်လိုက်ပြီး မြင်းကို စီးနှင် သွားတော့သည်။
နန်းအိမ်တော်၏ ဂိတ်တံခါးဝမှာတော့ ရှောင်းယီ နောက်ကို အပြေးအလွှား လိုက်ပြီး ဆန်ပြုတ် အိုးများကိုပါ ထုခွဲဖျက်ဆီးနေသည့် လူအုပ်ကြီးကို ရှောင်ပြီး အိမ်တော်ထိန်းက အိမ်တော်ထဲသို့ အစေခံများ နှင့်အတူ အမြန်ထွက်ပြေး ရတော့သည်။ အိမ်တော်၏ ဂိတ်တံခါးကို တင်းတင်းကြပ်ကြပ် သော့ခတ် ထားလိုက်ရ လေသည်။
***
နန်းပေါင်ရီ၏ ခေါင်းအနောက်သို့ ကျောက်ခဲတစ်ခဲက လာမှန်သည်။ သူမက မြင်း၏ ကျောကုန်းပေါ်မှာ သတိလစ်မတတ် မူးဝေနေပြီး ပြန်နိုးလာသောအခါ အစိမ်းရောင် ဝါးကန့်လန့်ကာလေးဖြင့် ကာထားသော အိပ်ရာထဲတွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူမက ထရပ်လိုက်သည်။
ကန့်လန့်ကာကို မတင်လိုက်သောအခါ ထူးဆန်းနေသည့် အိပ်ခန်း တစ်ခန်းကို တွေ့လိုက်ရသည်။ အခန်းမှာ တောင်တန်းများနှင့် မြစ်ချောင်းများ၏ လန်းဆန်းဆွတ်ပျံ့သော အနံ့က လွှမ်းခြုံနေသည်။ ရှေးဟောင်း စာပေတွေက ရှေးခေတ်လက်ရာ စာအုပ်စင်ပေါ်မှာ အစီအရီ။ နံရံပေါ်တွင် ရှေးခေတ် လက်ရေးလှ စုတ်ချက်တွေနဲ့ ပန်းချီတွေ အမြောက်အမြားကို ချိတ်ဆွဲထားသည်။ ပြတင်းနားက စာအုပ်စင်ပေါ်၌ စုတ်တံတွေ၊ မင်အိုးတွေ၊ စာရွက်တွေ၊ မင်သွေး ကျောက်တွေဖြင့် ပြည့်နေလေသည်။
အလွန်အမင်းကို သေသပ်ပြီး ရှုချင်စရာ ကောင်းလှသည်။
သူမက လက်ကိုမြှောက်၍ ခေါင်းအနောက်ဘက်ကို ထိကြည့်လိုက်သည်။
ဘုအကြီးကြီးပဲ….
“အ….”
သူမက အသက်ပြင်းပြင်း ရှူလိုက်ပြီး နာလည်း နာကျင်လာသလို စိတ်လည်း ဆိုးလာသည်။ ရှောင်းယီက အိမ်အပြင်ကနေ ငှက်သိုက် စွပ်ပြုတ် နှင့်အတူ ဝင်လာခဲ့သည်။
“နိုးပြီလား”
“အစ်ကို ၂၊ ဒါဘယ်နေရာလဲ”
“ချင်းချောင် ဟူတုံ ခြံဝင်းထဲမှာ”
ရှောင်းယီက ထိုင်ဖုံပေါ်မှာ ထိုင်လိုက်ပြီး ငှက်သိုက်တစ်ဇွန်း မောက်မောက်ကို ခပ်၍ သူမ၏ နှုတ်ခမ်းနားသို့ ခွံ့ပေးလိုက်သည်။
အစ်ကို ၂ ရဲ့ အပန်းဖြေစံအိမ်လား..
နန်းပေါင်ရီက လိမ်လိမ်မာမာဖြင့် ငှက်သိုက်ကို သောက်လိုက်သည်။ မျက်ဝန်းများက တောက်လဲ့နေပြီး ပြတင်း အပြင်ဘက်ကို ချောင်းကြည့်လိုက်သည်။
ရှောင်းယီက ငှက်သိုက်ကို မွှေနေရင်း မျက်ခုံးပင့်၍ “ဘာတွေ ကြည့်နေတာလဲ”
“ညီမလေး ကြားဖူးတာက ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိတဲ့ သူတွေက အိမ်တော် အပြင်ဘက်မှယာ အပြင်ဆောင်တွေ ထားတတ်ကြတယ်တဲ့၊ တစ်ခါတစ်ရံဆို အနီရောင် ဝတ်စုံဝတ် မောင်းမနဲ့ တချို့ညတွေမှာ အပျော်ရှာ တတ်ကြတယ်တဲ့၊ ညီမလေး အဖေလိုပေါ့”
နန်းပေါင်ရီက လက်ကိုင်ပဝါလေးနဲ့ မျက်နှာကို ကွယ်လိုက်ပြီး ကျီစားချင်ဟန်ဖြင့် မျက်လုံးလေးကိုသာ ဖော်ထားသည်။
“အဲဒါကြောင့် ညီမလေးက ကြည့်ချင်တာ၊ အစ်ကို ၂ ရဲ့ အပြင်ဆောင်က ဘယ်လိုမျိုးလဲလို့”
ရှောင်းယီခမျာ ဆွံ့အ သွားတော့သည်။
နန်းပေါင်ရီကို ငှက်သိုက် စွပ်ပြုတ် အနည်းငယ် ကျွေးပြီးသောအခါ သူက အေးဆေး တည်ငြိမ်စွာဖြင့် “ငါ အပြင်ဆောင် မထားဘူး”
ကောင်မလေး၏ မယုံကြည်သော ပုံစံကို တွေ့ရသောအခါ သူက အေးစက်စက် မျက်နှာဖြင့် ထပ်ဖြည့်ပြောသည်။
“ယွီဝေ့နဲ့ ချန်ရှင်းတို့ကိုတောင် ငါ့ရဲ့ အသုံးတော်ခံတွေ အဖြစ် အဆောင်မှာ ထားတာ မဟုတ်ဘူး၊ ငါ… ငါက သန့်ရှင်းစင်ကြယ်တဲ့ သူပဲ”
ယွီဝေ့နှင့် ချန်ရှင်းက သူ၏မောင်းမတွေလို့ ဒီကောင်မလေးက အမြဲတမ်း ထင်နေတယ် ဆိုတာကို သူသိသည်။ သို့သော်လည်း တကယ်တမ်းက ထိုသို့ မဟုတ်ပါချေ။
ဒီနေ့တော့ သူက ဒီအကြောင်းကို သူမသိအောင် ပြောပြချင်သည်။
နန်းပေါင်ရီက ခေါင်းလေး မော့လာသည်။
အမတ်မင်းက အသက် ဆယ့်ကိုးနှစ် ရှိပြီ။ တခြားသူတွေက အသက် ဆယ့်ကိုးနှစ်ဆိုရင် ကလေးတွေတောင် မွေးနေကြပြီလေ။ သန့်ရှင်းစင်ကြယ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်တဲ့ ယောကျ်ားလေးမျိုး ဆိုတာက…. သူက မိန်းကလေးမှ မဟုတ်ပဲနဲ့။
သူမ၏ အရင်ဘဝက တူညီချက်ကို တွေးမိပြီး သူ၏ စိတ်တိမ်းညွတ်မှု အပေါ် သူမ အတည်ကြီး သံသယ မဝင်ဘဲ မနေနိုင်တော့ပေ။
သူမက လေသံဖွဖွလေးဖြင့် “အဲဒါဆို ရှီးခူနဲ့ ရှီးယန်ကရောဟင်”
ရှောင်းယီခမျာ မုန်းတီးစိတ်များ ပြည့်နှက်သွားရသည်။
သူက သူမ၏ နဖူးဖြူဖြူလေးကို တစ်ချက် တောက်လိုက်ပြီး “ငါက မိန်းမတွေကိုပဲ စိတ်ဝင်စားတာ”
နန်းပေါင်ရီ၏ နှုတ်ခမ်းများက ကော့ညွတ်၍ ပြုံးသွားပြီး ထပ်မမေးတော့ဘဲ စွပ်ပြုတ်ကိုသာ နာနာခံခံနဲ့ ဆက်သောက် နေတော့သည်။
ငှက်သိုက် စွပ်ပြုတ်ကို သောက်ပြီးသောအခါ သူမက နှုတ်ခမ်းများကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်ပြီး မျက်နှာလေးက အနည်းငယ် တည်တံ့နေဟန်ဖြင့် “အစ်ကို ၂၊ အဲဒီ သံချပ်က ညီမလေးကို ရည်ညွှန်း ထားတယ်ဆိုတာ ထင်ရှားတယ်၊ လူအုပ်ကြီးကို လှုံ့ဆော်ပေးပြီး ညီမလေးကို တိုက်ခိုက်ချင်တာ၊ တကယ်လို့ ညီမလေး မှန်းတာသာ မှန်မယ်ဆိုရင် နန်းယန်နဲ့ ရှမင်ဟွေးက ဒီကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေ ဖြစ်နိုင်တယ်၊ သူတို့က ညီမလေးကို သေစေချင်နေတာ”
အိပ်ခန်းက တိတ်ဆိတ်သွားသည်။
ဝါးကန့်လန့်ကာ ခပ်စိတ်စိတ်ကို ဖြတ်ပြီး နေရောင် အနည်းငယ်က အခန်းထဲသို့ ထိုးဖောက် ဝင်ရောက် လာသည်။ စိန်ပွင့်လေးတွေလို တလက်လက် အလင်းရောင်နှင့် အရိပ်များက ကြမ်းပြင်ပေါ်သို့ ဖြာကျ နေသည်။
ပုစဉ်းရင်ကွဲများ၏ အော်သံက ပြတင်းအပြင်ဘက်မှ ပြန့်လွင့်လာသည်။
ရှောင်းယီက မျက်လုံးများကို အောက်ချလိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် ကြောင်မျက်ရှင် လက်စွပ်နှင့် ကစားနေသည်။
မျက်တောင်ဖျားများတွင် တစ်ချက်တစ်ချက် အေးစက်စက် အလင်းများက လက်ဖြာနေပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်တွေ ထက်သန် နေသည့်ဟန်။
နန်းပေါင်ရီက သူ့လက်ကို ဆုပ်ကိုင်၍ ခေါင်းကိုမော့ပြီး “အစ်ကို ၂၊ ညီမလေးမှာ ဒီကိစ္စကို ကိုင်တွယ်နိုင်တဲ့ လုပ်ပိုင်ခွင့် ရှိတယ်မလား”
နန်းယန်နှင့် ရှမင်ဟွေးကို သတ်ချင်သည်က ပုံမှန်အားဖြင့် ရိုးစင်းသော ကိစ္စတစ်ခုပင်။ ခက်ခဲသည်က တမင်လုပ်ထားသော သံချပ်ကိစ္စကို ရှင်းဖို့ကသာ ခက်နေသည်။ ဘယ်လိုလုပ်ပြီး သူမက နတ်ဆိုးမ မဟုတ်ပါဘူးလို့ ရှင်းရမလဲ။
ရှောင်းယီက သူမကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
သူက သူမ၏ခေါင်း နောက်က ဘုကြီးကို ထိကြည့်လိုက်ပြီး အပြုံးရေးရေးဖြင့် “ကျောင်းကျောင်းက ငတုံးမလေးပဲ၊ ဒါပေမယ့် အခုတော့ ခေါင်းကို ကျောက်ခဲနဲ့ အပေါက်ခံရပြီး ပိုတုံးအသွားမှာ စိုးမိတယ်၊ ကိုင်တွယ်နိုင်ပါ့မလား”
“ဟုတ်ကဲ့”
နန်းပေါင်ရီက ခေါင်းကို သွက်သွက် ညိတ်လိုက်သည်။ သူမ၏ မျက်ဆံအိမ်က ကြယ်ပွင့်လေးများကဲ့သို့ ရှင်းလင်း တောက်ပနေသည်။ သူမက အကြိမ်ထောင်ပေါင်း များစွာအထိ သူပြောသော စကားလုံးတိုင်း စကားလုံးတိုင်းကို ယုံကြည်သည်။
အခုတော့ ရှောင်းယီကလည်း ထိုကဲ့သို့ ယုံကြည်မှုမျိုး ပြန်ပေးချင်သည်လေ။
သူ့လက်ဖဝါးထဲမှ စာဝါငှက်ငယ်လေးက ပျံသန်းချင်နေပြီ။ ပျံစပုံစံက အချိုးသိပ် မကျသေးသော်လည်း ချစ်ဖို့ ကောင်းလှသည်။ သူမ၏ တောင်ပံများကို ရိုက်ချိုးပြီး သူမက ရှေ့ဆက် တစ်ဘဝလုံးကို ရွှေလှောင်အိမ် ထဲမှာပဲ ထည့်ထားဖို့ ဘယ်လုပ်ရက်ပါ့မလဲ။
သူက သတိပေး လိုက်သည်။
“မင်းမလုပ်နိုင်ရင် အစ်ကို့ကို အကူအညီ တောင်းဖို့ သတိရ”
နန်းပေါင်ရီက ချိုမြိန်သော အပြုံးလေးဖြင့် သူမ အဆင်ပြေကြောင်း ပြောနေသလိုပင်။
သူမ၏ စန္နကူးနံ့သင်းသော ဆံပင်များ ရှုပ်ပွနေသည်ကို တွေ့သောအခါ ရှောင်းယီက ဝတ်ရုံ လက်အိတ်ထဲမှ ရွှေဘီးလေးကို ထုတ်လိုက်ပြီး သူမ၏ ဆံသားလေးတွေကို ဂရုတစိုက် ဖြီးသင် ပေးလိုက်သည်။
“ရှုနိုင်ငံက လူတွေက မင်းကို ဒီလိုဆက်ဆံကြတယ်၊ ဒါတောင် သူတို့ကို ကယ်တင် ပေးချင်သေးလား”
နန်းပေါင်ရီက တိတ်ဆိတ်နေသည်။
ခဏကြာမှ သူမက ဖြည်းညင်းစွာဖြင့် “မကျေနပ်ချက်တွေကို သူတော်ကောင်းတရား လက်ကိုင်ထားပြီး တုံ့ပြန်ရမယ်တဲ့၊ ဘယ်လိုလုပ်ပြီး ညီမလေးတို့က သူတော်ကောင်း တရားကို လက်ကိုင်ထားပြီး တုံ့ပြန်ရမှာလဲ။ ဗုဒ္ဓဘာသာဝင်တွေက လူတွေကို အာရုံခံစား သိရှိနိုင်ပြီး ကူညီကယ်ဆယ်ဖို့ အတွက် အထူး ဂရုပြုကြတယ်၊ ဒါပေမယ့် ညီမလေးတို့ တာအိုဘုန်းတော်ကြီး ကျောင်းမှာတော့ လူတွေကို ကံစီမံရာ အတိုင်းပဲ ထားကြတယ်၊ ညီမလေးကို ယုံကြည်ဖို့ ဆန္ဒရှိတဲ့ သူတွေ၊ ညီမလေးတို့ နန်းမိသားစုကို ယုံကြည်ဖို့ ဆန္ဒရှိတဲ့ သူတွေကိုပဲ ညီမလေးက ရေဒဏ်၊ မီးဒဏ်နဲ့ ဘေးအန္တရာယ် ကပ်ဆိုးတွေကနေ ကယ်တင်ပေး ချင်တယ်၊ ညီမလေးကို မယုံကြည်တဲ့ သူတွေ၊ ညီမလေးကို မုန်းတီးစရာလို့ မြင်နေတဲ့ သူတွေ၊ ဘာမဟုတ်တဲ့ သံချပ်လေး တစ်ခုကြောင့် ညီမလေးကို မုန်းတီးလို့ သတ်ချင်နေကြတဲ့ သူတွေအတွက် ကတော့ ညီမလေးကို သတ်ချင်တယ်ဆိုရင် ညီမလေးနဲ့ တစ်ပွဲတစ်လမ်း နွှဲကြတာပေါ့”
ထိုအဖြေက ရှောင်းယီ ခန့်မှန်းထားသည် ထက်ကို သာလွန်နေသည်။ သူထင်ထားသည်က သူ၏ နန်းကျောင်းကျောင်းလေးက လူတွေကို ကယ်ချင်နေတုန်းပဲလို့ပင်။
ရင်းရင်းနှီးနှီး နေကြတာပေါ့….
အကြာကြီး ရင်းရင်းနှီးနှီး နေကြမယ်…..
သူက တိုးတိုးသဲ့သဲ့ ရယ်မောလိုက်ပြီး သူမကို ပေါ့ပေါ့ပါးပါးဖြင့် ဘီးဆက်ဖြီး ပေးနေသည်။
“အစ်ကို ၂ ညီမလေး မှားတယ်လို့ ထင်လား”
“မထင်ဘူး၊ ငါနည်းနည်းလေးမှတောင် မှားတယ်လို့ မထင်ဘူး”
သူတို့ပြောသော နန်းကျောင်းကျောင်းကို အနှောင့်အယှက် ဖြစ်စေသည့် စကားတွေကို ကြားပြီးမှတော့ သူတို့ကို ကယ်တင်ပေးဖို့ လိုကိုမလိုတော့။
သူတို့က ပုတ်အဲ့နေသည့် ဟင်းသီး ဟင်းရွက်များနှင့် ကျောင်းကျောင်းကို ပစ်ပေါက်တာကို တွေ့ပြီးမှတော့ သူတို့ကို ကယ်တင်ပေးဖို့ လိုကိုမလိုတော့။
အစားအစာနှင့် ရေဆိုတာက လူတစ်ယောက်ကို အသက်ရှင်နေစေဖို့ မရှိမဖြစ် ဖြစ်သည်။ လောကကြီး၏ မကောင်းသော အညစ်အကြေးတွေ မဟုတ်။
ရှောင်းယီက နန်းပေါင်ရီကို ဒီမှာ နေရာချ ထားလိုက်သည်။ သူက အခြေအနေကို နန်းအိမ်တော်၏ သခင်မကြီးထံ သတင်း ပို့ချင်တာကြောင့် အပန်းဖြေဆောင်ကနေ တစ်ယောက်တည်း ထွက်သွားတော့သည်။
ပိုင်ယွမ်၏ ရှေ့တွင် မရေမတွက်နိုင်သော ကိုယ်ရံတော်များက တင်းကျပ်စွာ စောင့်ကြပ် နေကြသည်။
သူက ထိုကိုယ်ရံတော်များထံသို့ လျှောက်သွားပြီး တည်တံ့စွာဖြင့် “ဒီမှာ စောင့်ကြည့်ထားကြ၊ သူသာ တစ်ခုခု ဖြစ်ခဲ့ရင် မင်းတို့တွေ အားလုံးကို မြေမြှုပ်ပစ်မယ်”
ရှီးခူက တည်ကြည်စွာ ခေါင်းညိတ် လိုက်ပြီး “စိတ်မပူပါနဲ့ သခင်လေး”
ရှောင်းယိက သူ့ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး နန်းကျောင်းကျောင်း၏ မေးခွန်းကို မတွေးမိဘဲ မနေနိုင်ခဲ့။
ဒီကောင်မလေးက တကယ်ကို သူ၏စိတ် တိမ်းညွတ်မှုအပေါ် သံသယ ရှိနေတာပဲ……
သူက ရက်စက် ကြမ်းကြုတ်သော အကြည့်တစ်ချက် ပို့လိုက်ပြီး မြင်းဇက်ကြိုးကို ကိုင်၍ မြင်းကို နန်းအိမ်တော်သို့ စီးနှင်သွားတော့သည်။
ရှီးခူ “…..”
သူက သခင်လေးကို ထပ်ပြီး ပစ်မှားမိပြန်တာလား..
ပိုင်ယွမ် အိပ်ခန်းဆောင်ထဲမှာတော့…..
နန်းပေါင်ရီက ကြမ်းခင်းပေါ်တွင် ဟိုဒီ လျှောက်နေသည်။
နန်းယန်နှင့် ရှမင်ဟွေးက အကြံဖြင့် ရှုနိုင်ငံ၏ မိုးခေါင်ရေရှားမှု ကပ်ဘေးကြီးရဲ့ လက်သည်ကို စီစဉ်ပြီး လူများ၏ လက်ကို အသုံးချ၍ သူမကို သေခြင်းဆီသို့ တွန်းပို့ချင်တာ ဖြစ်သည်။
ဒီတလောတော့ အိမ်ကို အချိန်တစ်ခုအထိ ပြန်လို့ မရသေးဘဲ အစ်ကို ၂ ၏ အပန်းဖြေ ဆောင်မှာပဲ နေရတော့မည် ဆိုတာကို သူမသိသည်။
ဒါ့အပြင် မိသားစု အတွက်လည်း ပြဿနာကြီး ဖြစ်စေခဲ့ပြီ။
ဒီကစားပွဲကို ဘယ်လို ဖျက်ဆီးရမလဲ။
အိပ်ခန်း၏ ထောင့်မှာတော့ ကိုယ်လုံးပေါ် မှန်တစ်ချပ် ရှိသည်။ မှန်ထဲမှ မိန်းကလေးက သတိလစ်နေစဉ် တုန်းမှာ သန့်ရှင်းပေး ခံထားရသည်။
သူမကို အမတ်မင်းက အဖြူရောင် ပိုးသား ညအိပ်ဝတ်စုံကို ဝတ်ပေးထားသည်။ ဝတ်စုံက သိသိသာသာကို ချောင်နေလေသည်။
ပိုးထည်က အသား အလွန်ကောင်းပြီး အပြင်ဘက်မှာ အချိုးအဆစ် အကွေ့အကောက်လေးများနှင့် တန်ဆာဆင် ထားပုံက မိုးမခ ခက်လေးလိုပင်။
မိန်းကလေးက သစ်ခွကိုင်းလေးများကို လှည့်ပတ်လိုက်ပြီး လက်သည်းတွေမှာ ဆိုးထားသည့် ပန်းအဆီအနှစ်က အရောင်ရင့်ရင့်။
“မကောင်းတဲ့ မိန်းကလေး၊ ကျင်းကွမ်မှာ နေတယ်၊ အဖိုးတန်တဲ့ အဝတ်အစားတွေ ဝတ်တယ်၊ …….”
သူမ၏ စိတ်ထဲ၌ သံချပ်သံတို့က ထင်ဟပ်လာသည်။ သူမ၏ ဖြူနုပြီး သန့်စင်နေသည့် မျက်နှာလေးမှာ လှောင်ပြုံး တစ်ခု ပေါ်လာသည်။
နန်းယန်ရဲ့လှည့်ကွက်က တော်တော်လေးတော့ လှသား….
ဒါပေမယ့် သူမက စဉ့်တီတုံးပေါ်က ငါးတစ်ကောင် မဟုတ်ဘူးလေ။ လူ့အသတ်ပေါင်း များစွာကို သတ်ချင်ရင်တော့ သေကြေ ကြတော့မှာပေါ့…..
ဘာကြောင့်လဲ ဆိုတော့ ရှုနိုင်ငံ ဘယ်အချိန်မှာ မိုးပြန် ရွာမလဲဆိုတာ သိတဲ့သူဟာ လောကကြီးမှာ သူမ တစ်ဦးတည်း ဖြစ်သည်။
ဒီကစားပွဲမှာ သူမ၏ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ သံချပ်ကို ဖျက်ဆီး ပစ်ရုံသာမက ရှမိသားစုနှင့် နန်းမိသားစုကိုလည်း ရေထဲသို့ ဆွဲချပစ်မှာ ဖြစ်သည်။
မိန်းကလေးက တောက်ပနေသည့် မျက်ခုံးတန်းလေးနှင့် တတွတ်တွတ် ရွတ်နေသည်။
“ရှုနိုင်ငံက ကပ်ဘေး စိုက်နေပြီ၊ ဘုရင်ခံက သူတော်ကောင်း တရားတွေ ပျက်ပြားနေပြီ၊ ဘုရင်ခံ ထိုင်ခုံကို ပြောင်းလဲ ပစ်ရတော့မယ့် အချိန်ပဲ”
***