အပိုင်း (၂၇၅)
အတိတ်ဘဝရဲ့သေခြင်း(၂)
သူမသည် အဝေးရောက်သွားသော သူ့ကို ရူးရူးနှမ်းနှမ်းဖြင့် ကြည့်နေသည်။
ဝေါယာဉ်က သူမ၏ မြင်ကွင်းထဲမှာ တဖြည်းဖြည်း မှုန်ဝါးသွားပြီး နောက်ဆုံးတော့ သူမက တဝေါဝေါ ရွာနေသည့် မိုးစက်များ ကြားတွင် သတိလစ် သွားခဲ့သည်။
သေသွားပြီဟု ထင်ခဲ့သော်လည်း ပြန်နိုးလာသောအခါ ခရမ်းဖျော့ရောင် အိပ်ရာခင်းပေါ်မှာ ရှိနေတာကို တွေ့လိုက်ရသည်။
သူမက လက်ကို မြှောက်၍ နဖူးကို ပွတ်သပ်လိုက်သည်။ အပြင်ဘက်မှ မိုးသံနှင့်အတူ စကားသံတွေက ရောယှက်နေသည်။
“ဒါက တလောကလုံးမှာ တစ်ခုပဲရှိတဲ့ နှစ်တစ်ထောင် ဂျင်ဆင်းလေ၊ ဘဝရဲ့ နောက်ဆုံး အချိန်ကိုတောင် ဆွဲဆန့်နိုင်တယ်၊ ဒါပေမယ့် သွားပို့ ပေးချင်နေတယ်….”
ထိုအသံက ကွဲအက်နေပြီး ကုချုံရှန်းပင် ဖြစ်သည်။
“ဒီအရာရှိငယ်ရဲ့ အထင်ကတော့ ဒီနှစ်တစ်ထောင် ဂျင်ဆင်းကို နန်းတွင်း အပျိုတော်ငယ်လေးကို တိုက်တာ အရမ်းကို ဖြုန်းတီးရာ ကျလွန်းတယ်၊ တခြားသူက ဘုရင်ခံ ကုချုံရှန်းကို ပေးလိုက် ကတည်းက ဘုရင်ခံ ကိုယ်တိုင်သုံးတာ ပိုကောင်းမှာပါ၊ နောင်အနာဂတ်မှာ ကံကြမ္မာက ကောင်းမယ် မကောင်းဘူး ဆိုတာ ခန့်မှန်းလို့ မရဘူးလေ၊ ဒီရတနာပစ္စည်း ဆိုတာက ဘဝနဲ့ချီတဲ့ အဖိုးတန် အရာတစ်ခုပဲ”
“မိန်းမ တစ်ယောက်ရဲ့ ပစ္စည်းကို ဝင်လုတာက အရမ်း မိုက်ရိုင်းတယ်၊ ဆေးကို သွားတိုက်လိုက်”
“ဟုတ်ကဲ့…..”
ထို့နောက် နန်းပေါင်ရီက နှစ်တစ်ထောင် ဂျင်ဆင်းပြုတ်ရည်ကို သောက်ခဲ့ရသည်။ ထိုနှစ်များ အတွင်းတွင် ခန္ဓာကိုယ်၏ ဆုံးရှုံးမှုများက ဂျင်ဆင်းပြုတ်ရည်၏ စွမ်းအားဖြင့် ပြန်လည် ပြည့်တင်း လာခဲ့သည်။
ကုချုံရှန်းက သူမကို ပျော်စရာ ကောင်းတယ်လို့ ပြောခဲ့ပြီး သူမကို ဧကရာဇ်အို၏ လက်ထဲကနေ သူ့ခြေရင်းမှာ ခစားဖို့အတွက် ခေါ်လာခဲ့သည်။
ထိုသူက သင်းကွပ်ထားသော ယောကျ်ားတစ်ယောက် (မိန်းမစိုး)ဖြစ်သည်။
နန်းတော်မှ လူတိုင်းက ကုချုံရှန်းသည် သူမကို ခြေတော်တင်ရန်ဟု ပြောကြပေမယ့် တကယ်တမ်းက သူ၏နန်းတွင်း အစေခံ တစ်ယောက် အဖြစ်သာ လိုချင်ခဲ့ခြင်း ဖြစ်သည်။
ကုချုံရှန်းက သူမကို တကယ်ပင် အစေခံတစ်ယောက် အဖြစ်သာ ခိုင်းစေခဲ့မှန်း နန်းပေါင်ရီ တစ်ယောက်တည်းသာ သိခဲ့သည်။
ထိုကြီးမြတ်သော ဘုရင်ခံသည် ရက်စက်ယုတ်မာသည့် စိတ်နေစိတ်ထား ရှိသည်။ သူပျော်နေစဉ်တွင် သူမကို မြားပစ်၊ မြင်းစီးနှင့် ကဗျာစပ်ခြင်း စတာတွေကို သင်ပေးတတ်သည်။
သူစိတ်အခြေအနေ မကောင်းသော အခါ၌ သူမကို အိပ်ရာ အပြင်ဘက်သို့ နှစ်ရက်လောက် ကန်ထုတ် တတ်ပြီး မြေတိုက် အကျဉ်းစခန်းထဲတွင် စိတ်ရူးပေါက်သလို နှိပ်စက် ညှဉ်းပန်းတတ်သည်။
ထိုစဉ်က သူနှင့် အမတ်မင်းက ဧကရာဇ်၏ တပ်မဟာအတွက် ခေါင်းဆောင်ကို ရွေးချယ်ဖို့ အချင်းများ တတ်ကြပြီး သူတို့၏ လူယုံများကိုသာ ထိုနေရာ၌ ထားချင်ကြသည်။ ထို့ကြောင့် သူသည် အမြဲတမ်း မျက်နှာမည်း နေတတ်ပြီး စိတ်တိုနေတတ်သည်။
သူက ဘာကြောင့်ရယ်မှန်းမသိ သူမကို ဒေါသထွက် နေပြီး သူကိုယ်တိုင် သူမ၏ သွေးများစီးကျ နေတာကို သုတ်ပေးလျက် သူမ၏ လည်ဂုတ် နောက်ကျောမှနေပြီး နန်းတွင်းသူများ ဖြတ်သန်းသွားသည့် နန်းတော်၏ လမ်းကြားများကို ဖြတ်၍ ခွေးသေတစ်ကောင်ကဲ့သို့ ဆွဲသွားသည်။ ရုံးတော်ကို လာသော အရာရှိများမှာလည်း ဘေးမှ ကြည့်နေကြသည်။
သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ထိုနေ့ မနက်ခင်း စောစောတွင် အမတ်မင်းကလည်း နန်းတွင်း ထိုလမ်းကြားကနေ ဖြတ်သွားခဲ့သည်။ သူက သူမ၏ သွေးသံရဲရဲ မြင်ကွင်းဘေးမှ ဖြတ်သွားပြီး နောက်ကို တစ်ချက်မှ လှည့်မကြည့်ခဲ့ပေ။
သေခြင်းကတောင် ထိုသို့ နှိပ်စက် ညှဉ်းပန်းခံခဲ့ရသည့် ဘဝထက် သာလိမ့်ဦးမည်။ ကုချုံရှန်းက တားမြစ်ထားသော စစ်တပ်၏ အမိန့်ပေးနိုင်သည့် အာဏာကို မရခင်အချိန်အထိ အဆုံးမသတ်ခဲ့ပါချေ။
နောက်ပိုင်းတွင် အမတ်မင်းသည် ယဲ့လန်တိုင်းပြည်ကို ရောက်သွားပြီး သူမမှာ ကုချုံရှန်း၏ ဘေး၌ အေးအေးချမ်းချမ်းဖြင့် ဆက်နေနိုင်ခဲ့သည်။
သို့သော်လည်း ထိုကဲ့သို့ ငြိမ်းချမ်းခဲ့သော ရက်များက မရှည်ကြာခဲ့ပါချေ။
ထိုစဉ်က ကုချုံရှန်းမှာ သခင်မ လျိုဟွားဟု ခေါ်သော မိတ်ဆွေတစ်ယောက် ရှိခဲ့သည်။ ထိုသခင်မက သူမကို မျက်စိစပါးမွှေး စူးနေခဲ့သည်။ ကုချုံရှန်း နန်းတော်၏ အပြင်ဘက်သို့ ခရီးတိုတစ်ခု ထွက်သွားသည်ကို အခွင့်အရေး ယူလျက် သူမကို ရေခဲတိုက်ထဲသို့ လှည့်ဖြား ခေါ်ဆောင်ပြီး ရေခဲတိုက်၏ အပြင်ဘက် သံတံခါးကို သော့ခတ်၍ ပိတ်ထားခဲ့သည်။
သူမသည် ထိုရေခဲတိုက်ထဲတွင် နှစ်ရက်နှစ်ည တိုင်တိုင် နေခဲ့ရသည်။ သူမ အလွန်အမင်း ဆာလောင် လာတာကြောင့် ရေခဲတုံးများကို စားခဲ့ရပြီး ဗိုက်အောင့်လွန်းသဖြင့် ဗိုက်ကိုကိုင်လျက် မြေပြင်ပေါ်တွင် လူးလိမ့်နေခဲ့ရသည်။
သို့သော်လည်း သေခြင်းတရား ရောက်ရှိ လာသောအခါ ဗိုက်အောင့်ခြင်း ဝေဒနာက မှုန်မှုန်ဝါးဝါးနဲ့ အလှမ်းဝေး သွားသလိုပင်။
သူမသည် ဗိုက်ကိုဖက်ရင်း ထောင့်နားမှာ ကွေးကွေးလေး နေနေပြီး သူမ၏ မျက်တောင်ဖျား တစ်လျှောက်ရှိ မျက်ရည်များမှာ ရေခဲအဖြစ် ပြောင်းလဲ သွားတော့သည်။ တဖြည်းဖြည်းဖြင့် သူမ၏ မျက်လုံးများပင် ခဲတောင့် သွားလေသည်။
သူမသည် ရေခဲနံရံကိုမှီ၍ ငယ်စဉ်က သူမ၏အမေ သူမကိုခေါ်ပြီး ဘုရားဆီမှာ ဆုတောင်းခဲ့သည်ကို ပြန်အမှတ်ရမိသည်။ သူမ၏ ကျောင်းကျောင်းလေးကို တစ်ယောက်ယောက်က ပုလဲရတနာလေးလို တန်ဖိုးထား ဆက်ဆံပြီး ဘာစိတ်ပူပန်စရာမှ မရှိစေဖို့ ဆုတောင်းခဲ့ခြင်းကိုပင်။
သို့သော်လည်း အတိတ်ဘဝက သူမကတော့ အချိန်အကြာကြီး သနားစဖွယ် ကောင်းအောင် ကိစ္စရပ်တွေကို ကြုံတွေ့ခဲ့ရပြီး ရေခဲတိုက်ထဲမှာ ခဲတောင့်ပြီး သေခဲ့ရသည်လေ။
ရေခဲတိုက်ထဲတွင် အလွန်အေးခဲပြီး အထီးကျန် ဆန်လွန်းလှသည်။
အမေ၊ ကျောင်းကျောင်း တကယ် အိမ်ပြန်ချင်တယ်၊ ခေါင်ရန်း ပန်းလေးတွေ ပွင့်တဲ့ ကျင်းကွမ်ကို ပြန်ချင်တယ်…..
ထိုအချိန်၌ တစ်စုံတစ်ယောက်သည် သူမ၏ နာမည်ကို ခေါ်နေပုံရပြီး တစ်ကြိမ်ပြီး တစ်ကြိမ် မဆုတ်မနစ် ဇွဲဖြင့် ပြင်းပြင်းထန်ထန် အော်ခေါ်နေဆဲပင်။
သို့သော် သူမဘာကိုမှ မမြင်ရပေ။
နွေးထွေးသည့် စီးကြောင်းတစ်ခုက ပါးပြင်ပေါ်သို့ ခစားသက်ဆင်းလာသည်။
နန်းပေါင်ရီက ကုချုံရှန်းကို အနီးကပ် စိုက်ကြည့်နေပြီးမှ ကြောက်လန့်တကြား နောက်လှည့်ပြေး တော့သည်။
သွေးစွန်းနေသည့် လမင်းက ဝမ်းနည်းဖွယ်ရာ လှပလွန်းသည်။
ကုချုံရှန်းက ခေါင်းကို မော့လိုက်သည်။ သူက ထရပ်ပြီး နန်းပေါင်ရီဆီသို့ တစ်လှမ်းချင်း လှမ်းလာလေသည်။ ပြေးမထွက် သွားနိုင်သေးခင်မှာပင် သူမ၏ ပခုံးများမှာ ချုပ်ကိုင်ခြင်း ခံလိုက်ရသည်။ သူ၏ နှုတ်ခမ်းများက အလွန် ရဲစွေးနေပြီး လရောင်အောက်မှာ မြေအောက်ကမ္ဘာက သွေးသောက်တတ်သော တစ္ဆေတစ်ကောင် အလားပင်။
ရွှေရောင်ရင့်ရင့် သံချပ်ကာ လက်အစွပ်ကို ဝတ်ထားသော လက်က သူမ၏ ပါးမို့လေးကို ဖွဖွသပ်နေပြီး သူမ၏ မျက်လုံးများထဲမှ ကြောက်ရွံ့မှုနှင့် တုန်ရီမှုများကို ကြည့်နေသည်။
“တချို့ ကလေးတွေက ဆတ်ဆတ်ထိ မခံနိုင်ဘဲ အန္တရာယ် တစ်ခု တွေ့လာရင် ဝက်ဝံလေးတွေလို ကြောက်လန့်တတ် ကြတယ်တဲ့…. ဒါပေမယ့် မင်းက ငါ့ကို မမြင်ဖူးဘူးလေ၊ ငါဘယ်သူ ဆိုတာကို မသိဘူး၊ ဘာကြောင့် ငါ့ကို မျက်ရည်ကျတဲ့အထိ ကြောက်လန့် နေရတာလဲ”
နန်းပေါင်ရီ၏ မျက်လုံးလေးများမှာ နီရဲပြူးဝိုင်းနေပြီး အဆက်မပြတ် တုန်ယင် နေလေသည်။
ကုချုံရှန်းက အိပ်ခန်း အပြင်ဘက်သို့ နှစ်ရက်တိတိ ကန်ထုတ်ပြီး မြေတိုက်ခန်းထဲမှ သွေးခြင်းခြင်း နီနေသည့် သူမကို နန်းတော်၏ လမ်းကြားများကို ဖြတ်၍ လည်ကုတ်ကနေ ခွေးသေ တစ်ကောင်လို ဆွဲသွားတယ်……
မှတ်ဉာဏ်များသည် ပိတ်ကားတစ်ခုကဲ့သို့ သူမ၏အာရုံ၌ ထင်ဟပ်လာပြီး ထိုသွေးများက သူမကို အံ့အားသင့် ထိတ်လန့်စေသည်။
သူမက ခိုက်ခိုက်တုန် နေလေသည်။
“ငါမင်းကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ”
ကုချုံရှန်းက သူမ၏ရှေ့သို့ ငုံ့ကိုင်းလိုက်ပြီး ဖြူဖွေးနူးညံ့သော မေးဖျားလေးကို ပင့်မော့လိုက်ကာ သူ့မျက်လုံးနှင့် အကြည့်ချင်းဆုံဖို့ ဖိအား ပေးလိုက်သည်။
“ဖြစ်နိုင်တာက မင်းနဲ့ငါ အရင်ဘဝက ဆုံဖူးကြတာ နေမယ်”
နန်းပေါင်ရီက ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။ သူမက နောက်သို့ ဆုတ်သွားချင်သော်လည်း ကုချုံရှန်းက ပခုံးများကို တင်းတင်းချုပ် ထားလိုက်တာကြောင့် သူမ မလွတ်မြောက် နိုင်ပါချေ။
သိပ်မဝေးသည့် နေရာမှ ရိုသေစွာနှင့် ခေါ်သံတစ်ခု ပြုလာသည်။
“ဧကရာဇ် သံတမန်”
ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်၏ သူဌေးလေး ဟောင်ရင်းက မျက်နှာပြောင်ပြောင်နဲ့ ရောက်လာခဲ့သည်။
သူက လက်ကို ညွတ်၍ အရိုအသေ ပြုလိုက်ပြီး ပြုံးရင်း “စားသောက်ပွဲက စပါတော့မယ်တဲ့၊ ဘာလို့ အခုထိ နေရာမယူ ရသေးတာလဲ။ စကားမစပ် သံတမန်က ကျင်းကွမ်မြို့ကို ရောက်လာတယ် ကြားလို့ ကျွန်တော်မျိုးက ပါးလျတဲ့ အသားအရေ အလှလေးလို့ ခေါ်တဲ့ အလှအပလေးကို သံတမန်အတွက် အထူး ပြင်ဆင် ပေးထားပါတယ်၊ သူ့ရဲ့နူးညံ့တဲ့ အသားလေးက သံတမန်ကို စိတ်ကျေနပ်စေမှာပါ”
“လာခဲ့စမ်း”
သူက နောက်သို့လှည့်၍ အော်ခေါ်လိုက်သည်။
မိန်းကလေး တစ်ယောက်က ခေါင်းကိုငုံ့၍ ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူမက ပေါ့ပါးသော ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်မြင့်၍ ခပ်ပြည့်ပြည့် ကိုယ်ဟန်ရှိပြီး လှပသည့် သွင်ပြင်ရှိသည်။
နန်းပေါင်ရီ အနည်းငယ် အံ့အားသင့် သွားရသည်။ ဒီအလှလေးလို့ ခေါ်သော မိန်းကလေးက လျိုလန်အာ တဲ့လား……
လျိုလန်အာက နန်းယန်၏ ဝမ်းကွဲအစ်မဖြစ်ပြီး အမတ်မင်းကို ကပ်တွယ်ဖို့ ကြိုးစားခဲ့သော်လည်း အမတ်မင်းက မီးအိမ်လှလှလေးအဖြစ် ပြောင်းပစ်မှာကို ကြောက်ရွံ့ခဲ့သည်။ နန်းပေါင်ရီက လျိုလန်အာကို နန်းကျင်အား ကုတ်တွယ်ဖို့ မြှောက်ပေးခဲ့သည်။
နန်းကျင်နှင့် လက်ထပ်ပြီး မကြာခင်မှာပင် သူမသည် အိမ်ရှိ ပစ္စည်းများ အားလုံးကို ခိုးယူပြီး ညဘက်ကြီး ထွက်ပြေး သွားသည်မှ ဟောင်ရင်း၏ မောင်းမတစ်ယောက် ဖြစ်လာခဲ့သည်ပင်။
မမျှော်လင့်ဘဲ ဟောင်ရင်းက လှလှပပလေး ဆွဲထုတ်လာခဲ့ပြီး သူမကို မိန်းမစိုး တစ်ယောက်ဆီ ဆက်သနေသည်….
လျိုလန်အာက တွန့်ဆုတ် နေပုံရသည်။ နန်းပေါင်ရီ ရှိနေသည်က ဘာမှျ မဟုတ်သော်လည်း ပိုပြီး ရှက်ရွံ့လာသော စိတ်ကို သူမ မထိန်းနိုင်ချေ။ အနည်းဆုံး သူမသည် ဟောင်ရင်း နှင့်အတူ ကောင်းကောင်းမွန်မွန် နေနိုင်လိမ့်မည်ဟု တွေးခဲ့ခြင်း ဖြစ်သည်။
မွှေးပြန့်ပြီး စပ်သည့် အစားအစာကို စားရသလို ဟောင်ရင်းမှာ ပစ္စည်းကောင်းတစ်ခု မဟုတ်ခဲ့ပေ။
သူသည် တစ်ခါတစ်ရံမှာ မူးလာပြီး အပေါင်းအဖော် တစ်အုပ်နှင့် သီချင်းများကို ဆိုညည်းရင်း အသုံးမကျသော ပစ္စည်းများနှင့် မောင်းမများကိုပင် လဲလှယ် ကြသေးသည်။
သူမသည် လူခုနစ်ယောက် ရှစ်ယောက်လောက်ကို ပြုစုပေးရတတ်သည်။
အခုတော့ မိန်းမစိုး တစ်ယောက်ဆီကို ထိုးပေး ခံလိုက်ရလေပြီ။
မျက်လုံးထဲမှ မျက်ရည်များ ကျဆင်းလာပြီး ဟောင်ရင်း၏ ဝတ်စုံစကို တင်းတင်းဆွဲ၍ အသံတီးတိုးဖြင့် တောင်းပန်နေသည်။
“သခင်လေး၊ ကျွန်မ မသွားချင်ဘူး၊ မသွားချင်ဘူး…”
သို့သော် ဟောင်ရင်းက အကြင်နာတရား မရှိပါချေ။
သူက သူမ၏လက်ကို မညင်မသာဖြင့် ပုတ်ထုတ် လိုက်ပြီး “သံတမန် ကုချုံရှန်းကို ပြုစုပေးရတာ မင်း ကံကောင်းလို့ပဲ၊ ငိုနေတာက မင်းအတွက်ရော ငါ့အတွက်ရော မကောင်းဘူးနော်”
လျိုလန်အာက မြေပြင်ပေါ်သို့ လဲကျသွားပြီး မိုးစက် မိုးပေါက်များထက်ပင် သည်းထန်စွာ ငိုကြွေး နေသည်။
ကုချုံရှန်းက ခေါင်းကိုမော့၍ နူးညံ့စွာ ပြုံးလာပြီး “ငါက မိန်းမတွေကို ဘယ်တုန်းကမှ ဖိအားမပေးဘူး”
လျိုလန်အာက အံ့အားသင့်သွားသော မျက်နှာနှင့် ခေါင်းမော့လာပြီး “ကျေးဇူးတင်ပါတယ်၊ ဧကရာဇ် သံတမန်”
“ဘာကြောင့်လဲဆိုတော့ ဆိုးသွမ်းတဲ့ မိန်းမတွေက … ”
ကုချုံရှန်းက ငြိမ်သက်စွာဖြင့် “အားလုံး သေကုန်ကြလို့”
လျိုလန်အာ၏ မျက်လုံးများ ရုတ်ခြည်း ပြူးကျယ် သွားတော့သည်။ သူမ တစ်ခုခု ပြောချိန် မရလိုက်ခင် အပြင်လူများ ရှေ့မှာပင် သူမ၏ လည်ပင်းကို ဖြူဖွေးသည့် ပိုးထည်စ တစ်ခုက တင်းတင်း ရစ်ပတ်လာသည်။
နန်းပေါင်ရီမှာ အသက်တောင် မရှူရဲပါချေ။ ထိုသို့လုပ်ရန် ဒီနေရာတွင် အခန်းမရှိပါချေ။ ထိုနေရာရှိ ဘယ်သူကမှ နှလုံးသား နူးညံ့ကြသည်မဟုတ်။ ထိုသူက ကုချုံရှန်းပင် ဖြစ်သည်။
“မင်းရော၊ ငါ့ကိုပြုစုချင်လား”
ကုချုံရှန်းက သူမဘက်သို့ လှည့်လာပြီး ရွှေရောင်ရင့်ရင့် သံချပ်ကာ လက်အစွပ်နှင့် နန်းပေါင်ရီ၏ မျက်ခုံးတွေကို ညင်ညင်သာသာ ပွတ်ဆွဲသွားလေသည်။
***