အပိုင်း (၂၇၆)
ကျောင်းကျောင်းအစ်ကို့ဆီလာ
နန်းပေါင်ရီ ခဲတောင့်သွားရသည်။
ကုချုံရှန်းသာ ဒီအချိန်တွင် ဒေါသ ထွက်သွားခဲ့ပါက ထက်မြိနေသည့် ရွှေသံချပ်ကာက သူမ၏ မျက်လုံးကို ကလော်ထုတ်ပစ် လိုက်မည်ကို သူမ သံသယ မရှိပါချေ။
ဘယ်လိုဖြေရပါ့မလဲ
***
နန်းပေါင်ရီ ရေတံခွန် အတုလေးသို့ ရောက်ရောက်ချင်းမှာပင် ခန်းမထဲ၌….
ကြည့်ကောင်း ချောမောသော လူလတ်ပိုင်း တစ်ယောက်က ရှောင်းယီနားသို့ ချဉ်းကပ်လာသည်။
ထိုသူက တလေးတစားနဲ့ လက်ကိုယှက်ပြီး “ကျွန်တော်မျိုး အမတ်မင်းကို ဂါရဝပြုပါတယ်”
ရှောင်းယီက မျက်ခုံးပင့် လိုက်သည်။
“ကျွန်တော်မျိုးက ဝမ်အိမ်တော် စပါးစိုက်ခင်းတွေရဲ့ သူဌေးဖြစ်ပြီး ရှုနိုင်ငံ စပါးကုန်သည် အဖွဲ့ရဲ့ ခေါင်းဆောင်ပါ၊ အပေါင်းအပါတွေ နဲ့အတူ စီးပွားရေးကို စွန့်စား လုပ်ကိုင်လိုစိတ် ရှိတာကြောင့် အမတ်မင်းနဲ့ လာပြီး တိုင်ပင် ဆွေးနွေးခြင်း ဖြစ်ပါတယ်”
သူဌေးဝမ်က ခေတ္တ ရပ်လိုက်ပြီး အပြုံးတစ်ခု မျက်နှာတွင် ထင်ဟပ်လျက် “အခု ရှုနိုင်ငံမှာ ကြီးမားတဲ့ မိုးခေါင်ရေရှားမှုကြီး ဖြစ်နေပြီး ကောက်ပဲသီးနှံ စိုက်ခင်း ဧကတွေက ရိတ်သိမ်းလို့မရ ဖြစ်နေပါတယ်၊ အနောက်မြောက်ဘက်မှာ မိုးခေါင်မှုက ပိုပြီး ပြင်းထန်ပါတယ်၊ လူတွေက စပါးနဲ့ ကောက်ပဲ သီးနှံတွေကို ဝယ်ယူပြီး စုဆောင်း သိုဝှက်ထားမှုတွေ ဖြစ်နေပါတယ်၊ ကျွန်တော်မျိုးနဲ့ စပါးကုန်သည်တွေက သေချာ ဆွေးနွေးဖို့ မစောင့်နိုင်တော့ပါဘူး၊ ပြီးတော့ ကျွန်တော်မျိုးက ဆန်ဈေးကို နှစ်ဆတက်ဖို့ စီစဉ် ထားပါတယ်၊ အမတ်မင်းလည်း ပါဝင် နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”
ဟောင်လောင်ကျူးက ရှုနိုင်ငံ၏ စပါးဈေးကွက် တစ်ဝက်လောက်ကို လက်ဝါးကြီး အုပ်ထားနိုင်သည်။ သူသေပြီး နောက်၌ ရှောင်းယီ၏ လူများက ထိုစီးပွားရေး လုပ်ငန်း ဆန်ဆိုင်များကို လက်လွှဲ ယူလိုက် ကြသည်။
ဒါ့အပြင် ဈေးကို တစ်ယောက်တည်း မြှင့်လိုက်သည်က ဘာအသုံးဝင်ပါ့မလဲ။ ရှုနိုင်ငံ၏ ဆန်ဆိုင် တစ်ဝက်ခန့်က ပုံမှန်ဈေးအတိုင်း ရောင်းချနေဆဲ ဖြစ်သည်လေ။
ရှောင်းယီက ဖရဲသီး ဖျော်ရည်ကို ဖြည်းညင်းစွာ သောက်နေသည်။
ဝမ်လောင်ကျူးက သူ၏စိတ် အခြေအနေကို နားမလည်ဘဲ မျက်နှာချို သွေးရင်း “အမတ်မင်း၊ ဒါက ကံကြမ္မာကောင်းကို ဖော်ဆောင်ဖို့အတွက် အချိန်ကောင်းပဲ၊ မနက်ဖြန်ကျရင် အစားအစာတွေရဲ့ ဈေးတွေက နှစ်ဆ တက်တော့မှာ၊ နောက်ခဏကြာရင် နောက်ထပ်နှစ်ဆ၊ ဆောင်းဦးနဲ့ ဆောင်းရာသီ ရောက်လာရင် အသက်တစ်ရှိုက် အတွင်းမှာပဲ ဆယ်ဆအထိ ခုန်တက်သွားမှာ၊ လူတွေက ဝယ်ကို ဝယ်ရတော့မှာ၊ မဝယ်လိုက်ရင် ဝင်ငွေနဲ့ ထွက်ငွေတွေကို စိတ်ပူရတော့မှာ မဟုတ်လား”
ဖရဲသီးဖျော်ရည်က ချိုချိုလေးဖြစ်ပြီး ပဲနို့၏ အရသာထက်တော့ သာသည်ပင်။
ရှောင်းယီက တစ်ချက်မျှ သာမန်ကာလျှံကာ ကြည့်ပြီး “အမတ်မင်းက အဲဒီဆိုင်တွေကို အမိန့်ပေးထားတာ ဆိုတာ မင်းဘယ်လိုလုပ် သိလဲ”
“ကျွန်တော်မျိုးက နွေဦးကျောက်စိမ်း စံအိမ်ကနေ ဒီသတင်းကို ဝယ်ဖို့ ရွှေစ တစ်သောင်းတောင် ကုန်ကျခဲ့တာ၊ အမတ်မင်း မိုးခေါင် ရေရှားတာကို အကျိုးအမြတ်ယူပြီး ကံကြမ္မာကို ဖန်တီးဖို့ အချိန်တန်ပြီ၊ အဲဒီ အမြတ်များတဲ့ စီးပွားရေးက နှစ်တစ်ထောင်မှာမှ ကြုံတောင့်ကြုံခဲ ဖြစ်လာတာ ကျွန်တော်မျိုး တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး”
“မလုပ်နိုင်ဘူး”
ရှောင်းယီက စဉ်းတောင် စဉ်းစားမနေဘဲ ငြင်းပယ် လိုက်သည်။
သူဌေးဝမ်က တောင့်တင်း သွားရပြီး “အမတ်မင်းက ဒီစီးပွားရေး ကောင်းကို ဘာလို့ မလုပ်ချင် ရတာလဲ”
ရှောင်းယီသည် ဖရဲသီးဖျော်ရည်ကို နောက်ထပ် တစ်ငုံ သောက်လိုက်ပြီး ဇာမဏီ မျက်ဝန်းများက ရှားရှားပါးပါး နူးညံ့နေပြီး “ငါသူ့ကို ကတိပေးထားတယ်၊ ရှုနိုင်ငံက တိုင်းသူပြည်သားတွေကို ငတ်မွတ် ခေါင်းပါးပြီး မသေစေရဘူးလို့”
ဝမ်လောင်ကျူးက ငြိမ်သက် သွားတော့သည်။ ‘သူ’ ဆိုတာ ဘယ်သူမှန်း မသိပေမယ့် မိန်းကလေး တစ်ယောက် ဆိုတာတော့ သိသာလှသည်။
ပျင်းစရာ ကောင်းသည့် မြင်းမတစ်ကောင် အတွက်နှင့် ဒီလို စီးပွားရေး ကောင်းကို မလုပ်ဘူး ဆိုသည်က အဖျားရှိနေတာပဲ နေမယ်….
“အမတ်မင်း၊ ကျွန်တော်တို့ ဆန်စပါး ကုန်သည်တွေက သတိမပေးဘူးလို့ မပြောပါနဲ့၊ အစပိုင်း ဟောင်လောင်ကျူးကို တိုက်ခိုက် သိမ်းယူဖို့ မလုပ်ခဲ့ဘူးဆိုတာ သူ့နောက်မှာ လူတွေ အများကြီး ရှိနေလို့၊ အမတ်မင်းက အာဏာရှိတဲ့ သူတွေနဲ့ ကြွယ်ဝချမ်းသာတဲ့ သူတွေကို အပြစ်ပြုမိတာဟာ မိဘကို သတ်မိသလိုပဲ၊ အနာဂတ်မှာ အဆုံးသတ်က လှမှာ မဟုတ်ဘူး”
ရှောင်းယီက ဘာမှ မကျန်တော့သည့် ခွက်ကို ချလိုက်သည်။ သူက ပျင်းရိစွာဖြင့် ထရပ်လိုက်ပြီး သူဌေးဝမ်ကို ငုံ့ပြီး တစ်ချက် ကြည့်လိုက်သည်။ ရုတ်တရက် သူက လှောင်ရယ် ရယ်ပြီး ထွက်သွားတော့သည်။
သူဌေးဝမ်က စိတ်အပျက်ကြီး ပျက်သွားတော့သည်။
ဝမ်အိမ်တော်၏ သားက ရောက်လာပြီး သိချင်စိတ် ပြင်းပြစွာဖြင့် “အဖေ၊ အမတ်မင်းက ဘာပြောလဲ ကျွန်တော်တို့နဲ့ ပူးပေါင်းမယ်တဲ့လား”
“သူက လက်မခံဘူး”
သူဌေးဝမ်က စာနာမှု ကင်းမဲ့သော အကြည့်နှင့် “ပြန်ပြီး ဘုရင်ခံဆီကို သတင်းပို့လိုက်၊ သူ့ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုးခေါင် ရေရှားမှုက ကံကြမ္မာကောင်းကို ဖန်တီးဖို့ တစ်ဘဝလုံးမှာမှ တစ်ခါပဲ ရတဲ့ အခွင့်အရေးပဲ၊ ငါတို့ လွဲချော်သွားလို့ မဖြစ်ဘူး”
ခန်းမဆောင် အပြင်ဘက်မှာတော့ ……
ရေတံခွန်လေးနှင့် ရွှေရောင်သစ်ရွက် ကန့်လန့်ကာလေး…..
“မင်းရော၊ ငါ့ကို ပြုစုချင်လား”
ကုချုံရှန်းက နက်မှောင်နေသည့် မျက်လုံးများနှင့် ထက်ရှသော ရွှေရောင် သံချပ်ကာ လက်အစွပ် ဝတ်ထားသည့် လက်များကို ဆန့်ပြီး အပြုံးရေးရေးဖြင့် နန်းပေါင်ရီကို မျက်ခုံးတွန့်ချိုးပြီး ကြည့်လိုက်သည်။
နန်းပေါင်ရီ မျက်လုံးများကို ဖိမှိတ်လိုက်သည်။
အမတ်မင်း၏ ဟန်ပန်က စိတ်မှာ ထင်ဟပ်လာသည်။ ဒီဘဝမှာတော့ သေချာပေါက် အရင်ဘဝနဲ့ ကွဲပြားသွားပြီ ဆိုတာကို သူမသိသည်။
သူမ၏နှလုံးသား အောက်ခြေကနေ အဆုံးမဲ့သော သတ္တိများ တိုးထွက်လာပြီး ဖြူဖွေးနူးညံ့သည့် မေးဖျားလေးကို ပင့်ကာ အေးစက်စက် မျက်နှာလေးဖြင့် “ကျွန်မက အမတ်မင်းရဲ့ ညီမအငယ်ဆုံးပဲ၊ နန်းအိမ်တော်ရဲ့ သခင်မလေး ၅၊ လူတွေက ကျွန်မကို ကိုယ်ထိလက်ရောက် စော်ကားလို့ မရဘူး၊ ဟုတ်တယ်ဟုတ်”
ညခင်းလေပြည်က သူမ၏ ပန်းအနံ့ သင်းသင်းမွှေးသည့် ဝတ်စုံလေးကို တိုးဝှေ့လာသည်။
ကောင်မလေးက နှင်းလိုဖြူစွတ်နေသည့် အသားအရေနှင့် သွေးရောင်လို နီရဲနေသည့် လရောင်အောက်တွင် မတ်မတ်ရပ်ရင်း စာလွှာပေါ်တွင် ရေးခြယ်ထားသော မိန်းမပျိုလေး တစ်ယောက်လိုပင်။
အထူးသဖြင့် မီးငှက်လို မျက်လုံးအစုံက စိတ်အတွင်းနှင့် အပြင်ကို ညှို့ယူနေသကဲ့သို့ လှပလွန်းပြီး လူအများအား မူးမေ့သတိလစ် သွားမတတ် ဖမ်းစား နိုင်လွန်းသည်။
“အလှတရား ဆိုတာက အရိုးထဲက ဖြစ်လာတာဖြစ်ပြီး အပေါ်ယံလွှာ အရေပြား မဟုတ်ဘူး”
ကုချုံရှန်းက အလွန်အမင်း စိတ်ဝင်စား သွားသလို ချီးကျူးလိုက်ပြီးနောက် စကားကို တခြားဘက်သို့ လှည့်လိုက်သည်။
“ကံမကောင်းစွာနဲ့ ကြွားဝါစရာ အလှအပက အိပ်မက် ပူဖောင်းလေးတွေလိုပဲ၊ ခေါင်ရန်းပန်းလေးက ဖြူစင်ပေမယ့် ရိုးတံက ပျော့ပျောင်းလှတယ်၊ နောက်ဆုံးတော့ ကြွေကျသွားပြီး မြေစိုင်မြေလွှာထဲကို ရောက်သွားရမှာပဲ၊ နန်းမိန်းကလေး ပန်းတွေဝေတဲ့ ရာသီမှာ ဒီနေရာမှာ ရှိနေတာ ပိုကောင်းပါတယ်၊ ဒီညသာ သေသွားခဲ့ရင် မွေးဖွားလာတဲ့ နာကျင်မှု၊ အိုမင်းခြင်း၊ နာမကျန်းခြင်းနဲ့ သေခြင်းတို့ကို ထပ်ပွားပြီး ခံစားရလိမ့်မယ်”
သူ့လေသံက အလွန်နူးညံ့နေပြီး ရှင်းလင်း ပြတ်သားစွာဖြင့် သတ်ဖြတ်ရန် အတွက် ရည်ရွယ်ထားသော်လည်း ထိုအရာက လက်ဆောင်တစ်ခု ပေးနေသလို ဟန်ပန်နှင့် ဖြစ်သည်။
နန်းပေါင်ရီက အံကိုတင်းတင်း ကြိတ်လိုက်သည်။
ဒီည သူမ သေရမယ်ဟု သူပြောသည်။
ဒါဆို မွေးဖွားခြင်း၏ နှိပ်စက် ညှဉ်းပန်းမှုကို မခံစားရအောင်၊ အိုမင်းမသွားအောင်၊ နာမကျန်း မဖြစ်တော့အောင်နဲ့ နောင်မှာ မသေတော့အောင်ဆိုရင် ဘာလို့ သူ့ကိုယ်သူ သတ်မပစ်လိုက်တာလဲ။
“မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေခြင်း၊ ချစ်ခြင်း၊ အချိန်အကြာကြီး နာကျည်းရခြင်းတွေကို မဆိုထားနဲ့၊ လက်မလွှတ် ပေးလိုက်နဲ့၊ ဒါက ဘုရားရှင်ရဲ့ အဆုံးအမပဲ၊ ဒါပေမယ့် ဗုဒ္ဓဘာသာမှာ နောက်ဘဝလို့ဆိုပြီး တာအိုဘုန်းကြီးတွေက ဒီဘဝကို ဆိုတယ်၊ ကျုပ်ညီမက တာအိုဘာသာဝင်ပဲ၊ ရှေ့လျှောက် သူ့ဘဝက မျောလွင့် နေရရင်တောင် သူက ရှင်ခြင်းကိုပဲ ရွေးချယ်မှာ၊ အဲဒါက ဉာဏ်ကြီးပြီး ဆွဲဆောင်မှုရှိသလို အဆုံးမဲ့လဲဖြစ်တယ်”
အေးစက်သော အသံတစ်သံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။
နန်းပေါင်ရီသည် နောက်သို့ လှည့်ကြည့် လိုက်သည်။ အမတ်မင်းက သိပ်မဝေးသော နေရာမှာ ကုချုံရှန်း၏ ဘယ်လုပ်ရပ်ကိုမဆို တန်ပြန် သက်ရောက်မှုပေးမည့် ပုံစံနဲ့ ရပ်နေလေသည်။
သူ၏ နှုတ်ခမ်းပါးက အနည်းငယ် ကွေးညွှတ်သွားပြီး “ကျောင်းကျောင်း၊ အစ်ကို့ဆီ လာခဲ့”
နန်းပေါင်ရီက မျက်မှောင်ကြုတ် လိုက်မိသည်။ သူ့ကို တွေ့လိုက်သည့် တစ်ခဏမှာ သူမ၏ ကြောက်ရွံ့စိတ်များ အားလုံး ကွယ်ပျောက် သွားရလေသည်။ သူမက ကျယ်ပြန့်သည့် ပိတ်ကျဲဝတ်စုံကို မပြီး သူ့ဆီသို့ တိမ်လွှာလို ပေါ့ပါးစွာဖြင့် လျှောက်သွား လိုက်သည်။
ကုချုံရှန်း၏ ခေါင်းက ပင့်မော့လာသည်။ သူက လက်ကို မြှောက်လိုက်သည်။ ရှည်လျားပြီး ရွှေရောင် လက်နေသည့် သံချပ်ကာ လက်အိတ်ထဲမှာ အဆိပ်အပ်များ ဖွက်ထားလေသည်။ သူ၏ လက်ကောက်ဝတ် တစ်ချက်လှည့်ရုံနှင့် အဆိပ်အပ်က လေကိုခွင်းပြီး နန်းပေါင်ရီ၏ နောက်ကျောသို့ ထိုးစိုက် သွားတော့သည်။
သေစေနိုင်သော အေးစက်စက် မြားတစ်စင်းအလား…..
ရှောင်းယီက နန်းပေါင်ရီကို လက်မောင်းထဲမှာ ပွေ့ဖက်ထားလိုက်ပြီး ဝတ်စုံလက်တွေကို ခါထုတ်လိုက်သည်။ လေထုက ဝှီးခနဲ မြည်သံ ထွက်လာပြီး အဆိပ်အပ်က ကုချုံရှန်းထံသို့ ပြန်ဝင်သွားတော့သည်။
ကုချုံရှန်းသည် ခေါင်းကို အနည်းငယ် တိမ်းလိုက်သည်။ အဆိပ်အပ်က သူ့ပါးပြင်ကို ရှပ်ထိသွားပြီး ကျောက်သားမှာ သွားစိုက် နေလေသည်။
ထိုတိတ်တဆိတ် ကစားပွဲက မျက်တောင် တဖျပ် ခတ်စာလောက်သာ ကြာမြင့်ပြီး တခြား သူများမှာ လေတိုးသံ နှစ်ခုကိုသာ ကြားလိုက်ရလေသည်။
နန်းပေါင်ရီက ခေါင်းလေးကို မော့ပြီး အပြုံးချိုချိုလေးဖြင့် “အစ်ကို ၂၊ ညီမလေးတို့ စားပွဲခန်းမထဲကို ပြန်သွားကြတော့မလား”
“အင်း”
ရှောင်းယီသည် အပြုံးတစ်ခုနှင့် သူမ၏ မျက်နှာကို တို့ထိလိုက်ပြီး မျက်လုံးများကို ပင့်၍ ကုချုံရှန်းထံသို့ အကြည့်တစ်ချက် ပို့လိုက်သည်။
“ရှုနိုင်ငံက ကျုပ်အမတ်မင်းရဲ့ ပိုင်နက်ပဲ၊ ရှုနိုင်ငံက လူတွေကလည်း ကျုပ်အမတ်မင်းရဲ့ အမိန့် စည်းမျဉ်း အောက်မှာ ရှိတယ်၊ ရှုနိုင်ငံက ခွေးတောင် ခြွင်းချက်မရှိ ကျုပ်အမတ်မင်းရဲ့ ခွေးပဲ၊ နောက်တစ်ခါ ကုချုံရှန်း မသတ်ခင်မှာ တစ်ခု၊ နှစ်ခုကအစ ချိန်ဆစေချင်တယ်”
ရှောင်းယီက နန်းပေါင်ရီ နှင့်အတူ ထွက်သွားပြီးနောက် သူက အဆိပ်အပ်ကို ပြန်နုတ်လိုက်ကာ မိန်းမစိုး တစ်ယောက်ကို ခေါ်၍ လည်ပင်းညှစ်ပြီး ထိုအဆိပ်အပ်ကို နဖူးတွင် စိုက်လိုက်သည်။
အဆိပ်က လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထိုသူက အံ့အားသင့် ထိတ်လန့်နေသည့် မျက်နှာထားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး သေဆုံးသွားတော့သည်။
လျိုလန်အာက မြေပြင်မှာ ဒူးထောက်လျက်သား သူမ၏ ခရမ်းရောင် သန်းလာသော လည်ပင်းကို ကိုင်လျက် အလွန် ကြောက်လန့်လွန်းသဖြင့် ကျင်ငယ်ရည်များ ထွက်လာပြီး သူမ၏ဝတ်စုံမှ အနံ့ပြင်းပြင်း ထွက်နေတော့သည်။
သူမနှင့် ဟောင်ရင်းတို့သည် ကုချုံရှန်း နှင့်အတူ လိုက်ဖို့ မရဲတော့ပေ။ တုန်ယင်စွာဖြင့် ထိုနေရာမှ ထွက်ပြေး တော့သည်။
ကုချုံရှန်းက ရှောင်းယီ၏ နောက်ကျောကိုသာ စိုက်ကြည့်နေလေသည်။
သူက အသံနိမ့်နိမ့်ဖြင့် “အမတ်မင်းက အမှားတစ်ခုဖြစ်မှာ စိုးမိရဲ့၊ ရှုနိုင်ငံက ဘုရင်ခံရဲ့ လက်ထဲမှာပါလေ”
“ယာယီပါပဲ”
ရှောင်းယီက ခေါင်းကိုတောင် ပြန်လှည့်မလာဘဲ ပြောလိုက်သည်။ သူ၏ပုံရိပ်က ကုချုံရှန်းရဲ့ မြင်ကွင်းကနေ ပျောက်ကွယ် သွားတော့သည်။
အသံသေးသေးလေး တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ အလည် တည့်တည့်၌ အဆိပ်လူးအပ် စိုက်နေသည့် ကျောက်တုံးကြီးက မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာသည်။
ခဏချင်းမှာပင် ကျောက်စိုင် ကျောက်သားများ တစ်စစီ ပြိုကွဲသွားတော့သည်။
ကုချုံရှန်းသည် သူ့၏အရာရှိ ဝတ်ရုံတွင် ပေလာသော ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး မျက်ခုံးနှင့် မျက်လုံးများက မနှစ်မြို့ဟန်ဖြင့် “သွားမယ်”
ခန်းမထဲတွင် ထိန်လင်းနေပြီး အနံ့ကလည်း မွှေးကြိုင်နေသည်။ အနီရောင် သန်းနေသည့် လမင်း၏ အလင်းက မြူနှင်းမှုန်များကို ပပျောက်စေသည်။
နန်းပေါင်ရီက ရှောင်းယီ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူကမ်းပေးလာသော မက်မွန်ပန်း လက်ဖက်ရည် နွေးနွေးလေးကို ယူပြီး တစ်ငုံ သောက်လိုက်သည်။
မက်မွန်ပန်း လက်ဖက်ရည်၏ ရနံ့က နို့နံ့သင်းသင်းလေးလိုပင်။ သူမ၏ စိတ်ကို တဖြည်းဖြည်းချင်း ငြိမ်သက် သွားစေသည်။
“ကြောက်နေလား”
ရှောင်းယီ၏ လက်တစ်ဖက်က ဓါးကိုကိုင်ရင်း အပြုံးတစ်ချက်ဖြင့် မေးလိုက်လေသည်။
***