အပိုင်း (၂၇၄)
အတိတ်ဘဝရဲ့သေခြင်း(၁)
ဘုရင်ခံရွယ်က ညစာစားပွဲသို့ ရောက်မလာသေးပေ။
ရွယ်မိသားစု၏ မောင်းမကြောင့် ရွယ်မေ့မှာ ကြောက်လွန်းပြီး တုန်ယင် နေသော်ငြား သူ့အိမ်တော်မှ သူအတွက် သူ ထ မရပ်ရဲပါချေ။
သူမလည်း အမတ်မင်း၏ သတ်ခြင်းကို မခံလို။
ရှောင်းယီက ပုတီးစေ့ ကန့်လန့်ကာကို ကြည့်ပြီး “ကျောင်းကျောင်းက အပြင်မှာ ဘာလို့ ရပ်နေသေးတာလဲ ဝင်လာခဲ့”
နာမည် အခေါ်ခံရသော နန်းပေါင်ရီ ခမျာမှာတော့ တစ်ကိုယ်လုံး တုန်ယင် နေလေသည်။ သူမသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဖြည်းညင်းစွာဖြင့် ခန်းမထဲသို့ လှမ်းဝင် သွားတော့သည်။
လူတိုင်းက အနည်းငယ် သိနေသလိုဖြင့် ကြည့်လာကြသည်။ လူများက သူမကို ဒုက္ခိတ ဖြစ်သွားပြီဟု ထင်ကြသည်။ သူမသည် လက်ကို ရင်ဘတ်မှာယှက်ရင်း ဟယ်ယဲ့ နှင့်အတူ သူမ၏ အပြုအမူအတိုင်း လှမ်းလျှောက် လာခဲ့သည်။ သူမက ထိန်လင်း တောက်ပနေသည့် ခန်းမကိုဖြတ်ပြီး လျှောက်သွားသည်မှာ အလွန် မြင်သာလှသော်လည်း နန်းဆောင်ကိုးခု၏ ထိပ်တွင် လျှောက်လှမ်း နေသကဲ့သို့ပင်။
ထို့ကြောင့် သူမ ဒုက္ခိတ ဖြစ်သွားပြီဆိုသည့် ကောလာဟလများကို ပြောသော သူများမှာ ကိုယ့်ကိုယ်ကိုယ် ပြန်နင်းမိသလို ဖြစ်သွားကြသည်ပင်။
နန်းအိမ်တော်က သခင်မလေးက ပြိုင်ဘက်ကင်း ဖြစ်နေဆဲပါပင်။
ဟာသလုပ်ဖို့ စောင့်နေသူများ စိတ်ပျက် သွားကြရသည်။
ရွယ်မေ့က နန်းယန်ကို မကြည်ဟန်ဖြင့် စိုက်ကြည့်ပြီး “နင်ပြောတော့ သူက ဒုက္ခိတ ဖြစ်သွားပြီဆို”
နန်းယန်၏ မျက်နှာက ဖြူဖျော့နေပြီး ပြောစရာ စကားများ ဆွံ့အ နေရလေသည်။
ချန်းတယ်ယွီ၏ မျက်နှာကလည်း စိတ်ပျက်နေဟန် အပြည့်ဖြင့် “ယန်အာ၊ ကျောင်းကျောင်းက နေကောင်း နေတယ်လေ၊ ဘာလို့ လူတွေရှေ့မှာ သူက ခြေတစ်ဖက် ဆာသွားပြီလို့ ပြောရတာလဲ၊ ဒီလို အဓိပ္ပါယ်မရှိတဲ့ စကားက သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်၊ မင်းသိရဲ့လား”
နန်းယန်က ပန်းထိုးပဝါကို တင်းတင်း ဆုပ်ထားသည်။ တစ်လက်မလောက် ရှည်သော လက်သည်းများက သူမကို ထိုးဖောက်တော့မည့် အလားပင်။
ချန်းတယ်ယွီက တကယ်ကို သူတော်ကောင်း ယောင်ဆောင် တတ်တယ်၊ သူက နန်းပေါင်ရီနဲ့ စေ့စပ်ပွဲ ဖျက်သိမ်းတုန်းကတော့ ဘာလို့ နန်းပေါင်ရီ၏ ဂုဏ်သတင်းကို လျစ်လျူရှုခဲ့တာလဲ။
အခုမှလာပြီး သူက နန်းပေါင်ရီ၏ ဂုဏ်သတင်းကို ဂရုစိုက်နေသလို မပြောသင့်ပေ။
နန်းယန်၏ မျက်လုံးများမှာမူ အလင်းရောင်များ ဖြာထွက် နေသကဲ့သို့ ငယ်ရွယ် ပျိုမြစ်နေသည့် မိန်းကလေးကို စိုက်ကြည့်နေပြီး မနာလို ဝန်တိုမှုများ၊ မနှစ်မြို့ခြင်းများ ထွက်ကျ လာလုနီးနီးပင်။
မုန်းလိုက်တာ……
သို့သော် ချန်းတယ်ယွီနှင့် ရွယ်မေ့ကိုတော့ သူမက ဆန့်ကျင်ပြီး မပြောရဲပါချေ။
“ညီမ ကျိုးကြောင်း မဆင်ခြင် လိုက်မိတာပါ”
သူမ၏ မျက်လုံးများမှာ မျက်ရည်များ ပြည့်အိုင်နေပြီး “အစ်ကိုချန်းနဲ့ မမလေးရွယ်၊ ညီမကို မပြောကြပါနဲ့၊ ညီမကလည်း ကျောင်းကျောင်းရဲ့ လှည့်စား ခံလိုက်ရတာပါ”
ရှမင်ဟွေးက စားပွဲဝိုင်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး နန်းယန်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ နန်းယန်က သူမ၏ဘေး၌ ထိုင်ရင်း ခေါင်းကို တိမ်းလိုက်သည်။
“အထက်တန်းကျတဲ့ ပြိုင်ဘက် တစ်ယောက်နဲ့ ကြီးကြယ် ခမ်းနားတဲ့ နောက်ခံ မိသားစုက ကြောက်ဖို့ မတန်ပါဘူး၊ ငါတို့ထက်ပိုပြီး ရက်စက်တတ်တဲ့ ပြိုင်ဘက်ကမှ ကြောက်စရာ ကောင်းဖို့ ထိုက်တန်တာ”
ရှမင်ဟွေးက ယပ်တောင်ကို ခပ်ရင်း ပေါ့ပေါ့ပါးပါးဖြင့် “နန်းပေါင်ရီက ဒီလို ထိခိုက်ဒဏ်ရာ ရသွားပြီး တစ်လကျော်လေးပဲ ကြာသေးတာတောင် ဒီအခြေအနေထိ ပြန်ကောင်း သွားနိုင်တယ်၊ သူက တော်တော် တစ်ယောက်တည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတယ် ဆိုတာကို မြင်နိုင်တယ်၊ နန်းမိသားစုရဲ့ မမလေးက ဇီဇာကြောင်ပြီး တုံးအတယ်လို့ လူတွေက ပြောကြတယ်၊ ငါမြင်တာတော့ လောကကြီးက သူ့ကို လျှော့တွက်နေကြတာ များလားလို့”
နန်းယန်က တိတ်ဆိတ် သွားသည်။ သူမသည် လက်ဖဝါးမှ သွေးစီးကြောင်းကို လက်ကိုင်ပဝါနဲ့ ညင်ညင်သာသာ သုတ်လိုက်ပြီး မျက်နှာကတော့ ဖျော့တော့နေဆဲပင်။
“ကျင်းကွမ်မြို့ကို ဧကရာဇ်ရဲ့ သံတမန်က ရောက်လာပြီ၊ ငါတို့ ပြင်ဆင်ထားတဲ့ သံချပ် အဖွဲ့ကလည်း အဆင်သင့်ပဲ”
ရှမင်ဟွေးက ထပ်ပြောသည်။
“ရှုနိုင်ငံ တစ်ဝှမ်းလုံးရဲ့ ကလေးတွေ အားလုံး ငါ့ရဲ့ သံချပ်ကို သင်ယူစေချင်တယ်”
“ဒီသံချပ်နဲ့ ပတ်သက်ပြီး ဧကရာဇ်ရဲ့ သံတမန်နားကို ပေါက်ဖို့ အမြင့်ပိုင်းက ဘုန်းတော်ကြီး တစ်ယောက်ကို ရှင်းပြခိုင်းဖို့ အစီအစဉ် ချထားသေးလား”
“သေချာတာပေါ့၊ ကျင်းကွမ်မြို့ပြင် ကျီနန် ဘုန်းတော်ကြီး ကျောင်းက နှစ်ပေါင်း ရာချီပြီး ကြီးပွား တိုးတက်ဖို့ အမွှေးနံ့သာတွေ ပူဇော်ခံရတယ်၊ ငါ့အဖေက ကျောင်းထိုင် ဆရာတော်နဲ့ မိတ်ဆွေတွေပဲ၊ သူက ငါတို့ကို အဲဒီကိစ္စ လုပ်ပေးဖို့ ကတိပေးထားတယ်၊ အားလုံးက အဆင်သင့်ပဲ၊ သံချပ်က ဧကရာဇ် သံတမန်ရဲ့ နားထဲ ပေါက်အောင် စောင့်ဖို့ပဲ ကျန်တော့တယ်”
နန်းယန်က ခေါင်းကို မသိမသာ ညိတ်လိုက်သည်။ သူမ ဖန်တီးထားတဲ့ ‘သံချပ်’ကို တွေးမိပြီး သူမ၏ မည်းမှောင်နေသည့် စိတ်အခြေအနေက အနည်းငယ် ရှင်းလင်း သွားရသည်။
‘မကောင်းတဲ့ မိန်းကလေး၊ ကျင်းကွမ်မှာ နေတယ်၊ အဖိုးတန်တဲ့ အဝတ်အစားတွေ ဝတ်တယ်၊ မကောင်းတဲ့ မိန်းကလေး၊ သွေးကို သောက်ပြီး ကလေးတွေကို စားတယ်၊ မကောင်းတဲ့ မိန်းကလေး မိုင်ထောင်ပေါင်း များစွာ မိုးကောင်းကင်ပေါ်က ဘေးဒုက္ခတွေကို ခေါ်ဆောင်လာတယ်……’
သူမက နန်းပေါင်ရီကို စူးစိုက်ကြည့်နေပြီး တဖြည်းဖြည်းဖြင့် ထူးဆန်းသော အပြုံးက သူမ၏ နှုတ်ခမ်းထက် တင်လာသည်။
စားသောက်ပွဲက မစသေးပေ။ ဧကရာဇ်၏ သံတမန်ကလည်း ရောက်မလာသေး။
နန်းပေါင်ရီက ရှောင်းယီ၏ ဘေးမှာ ကျိုးနွံစွာ ထိုင်နေသည်။
ခန်းမထဲမှာတော့ ရွယ်ချင်က နာကျင်မှုကြောင့် ဖြူဖျော့နေပြီး သွေးတွေက ကြမ်းပြင်ပေါ်မှာ အိုင်ထွန်း နေလေသည်။
ဆေးဆရာမလေးက မြန်မြန် ဒဏ်ရာကို ပတ်တီးစည်း ပေးလိုက်သည်။ ထိုမြင်ကွင်းက အလွန်ကို မသက်မသာ ဖြစ်စရာ ကောင်းလှသည်။
နန်းပေါင်ရီ၏ မျက်နှာ အခြေအနေ မကောင်းသေးတာကို မြင်သောအခါ ရှောင်းယီက ဖရဲသီးဖျော်ရည် တစ်ခွက်ကို ကမ်းပေးလာပြီး “ကျင်းယုမန်တန်ရဲ့ နွေအစောပိုင်း ရေခဲနဲ့ သကြားထည့်ပြီး ဖျော်ထားတဲ့ ဖျော်ရည်က သောက်ကောင်းတယ်၊ သောက်ကြည့်မလား”
နန်းပေါင်ရီက ယူလိုက်သည်။ သူမက နီရဲနေသည့် ဖရဲသီး ဖျော်ရည်ကို ကြည့်လိုက်ပြီး ခန်းမကြမ်းပြင်က သွေးတွေကို ကြည့်လိုက်သည်။
သူမက ပျို့အန်ချင်သွားရပြီး ရင်ဘက်ကို ဖိ၍ “အစ်ကို ၂၊ ညီမလေး အနောက်ဘက် အခန်းကို သွားလိုက်ဦးမယ်”
ရှောင်းယီက သူမ ထွက်သွားတာကို စောင့်ကြည့် နေလေသည်။ သူက မျက်ခုံးများကို ပင့်လိုက်ပြီး ဖရဲသီး ဖျော်ရည် တစ်ဝက်လောက်ကို ဖြည်းဖြည်းချင်း သောက်လိုက်သည်။
တကယ် အရသာရှိတာပဲ…..
ကျင်းယုမန်တန်က ကျင်းကွမ်မြို့၏ အထူးကဲဆုံး အထက်တန်း အကျဆုံးသော စားသောက်ဆိုင် တစ်ခုဖြစ်သည်။
စားသောက်ပွဲက ကျင်းယုမန်တန် ခန်းမဆောင်မှာ ကျင်းပတာဖြစ်ပြီး စင်္ကြံလမ်းများကို ဖြတ်သွားလျှင် အတွင်းပိုင်း၌ အလှဆင်ထားသော ကျောက်သား ရေတံခွန်လေးလည်း ရှိသည်။ ရွှေပြားများဖြင့် ကန့်လန့်ကာက လှပကျွမ်းကျင်စွာ ဖန်တီးထားသည့် လက်ရာကောင်း တစ်ခုမှန်း ဖော်ပြနေပြီး ရှေးဟောင်း လက်ရေးလှ စာသားများနှင့် ပန်းချီများကလည်း အားလုံး အနုပညာ ဆန်လှသည်။ ခန်းမဆောင် တစ်ခုလုံးက အထက်တန်းစား အငွေ့အသက်များ ဖုံးလွှမ်းနေလေသည်။
နန်းပေါင်ရီသည် အနောက်ခန်းသို့ ထွက်လာခဲ့ပြီး ကျောက်သားများနှင့် ယာယီ တည်ဆောက်ထားသော အနီရောင် ဆေးသုတ် ဧည့်တွေ့ဆောင် တစ်ခုကို တွေ့လိုက်ရသည်။ ခရမ်းရောင် ရင့်ရင့်ကန့်လန့်ကာက ဧည့်တွေ့ဆောင်၏ မျက်နှာစာ ခြောက်ဖက်လုံးကို ချထားလေသည်။
ကန့်လန့်ကာ အတွင်းတွင် လူတစ်ယောက်၏ အရိပ်မှာ လဲလျောင်းနေပြီး ရေတံခွန် အတုလေးမှာ တစ်ယောက်တည်း သေရည် သောက်နေလေသည်။
နန်းပေါင်ရီက ခံစားချက်မဲ့စွာ စိုက်ကြည့် လိုက်သည်။ ပြတင်းပေါက် မှန်ကူကွက်က ပွင့်ဟနေပြီး လရောင်က ဖြန့်ကြက်ထားသည်။
လရောင်က သွေးနီရောင်လို ဧည့်တွေ့ဆောင်ကို လွှမ်းခြုံထားကာ အိပ်မက်ဆိုးတွေကို ဖြန့်ကြက်ပြီး အရုဏ်ဦးရဲ့ အလင်းရောင်ကို မြင်တွေ့ခွင့်ရရန် ခက်ခဲ လှသကဲ့သို့ပင်။
ညခင်း လေပြည်က ဖြည်းညင်းစွာ ကန့်လန့်ကာကို တိုးဝှေ့နေပြီး နဖူးစည်းကြိုးကို လွင့်နေစေသည်။
ဧည့်တွေ့ဆောင်မှာ လှဲနေသည့် သူက ပန်းထိုးထားသော နေဗီပြာရောင် လှိုင်းတွန့်ရေးရေးဖြင့် အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည်။ အနက်ရောင် သားရေခါးပတ်က သူ၏ ခါး၌ ရစ်ပတ်နေပြီး ရှည်လျားသော အစက တွဲလောင်း ကျနေသည်။ သူ့၏ မျက်လုံးများမှာ အနည်းငယ် မှေးမှိတ်ထားသယောင်။ နှာတံမြင့်ပြီး နှုတ်ခမ်းများသည် နီရဲသလို ဖြူဖျော့နေသလို။
လည်ပင်းမှာတော့ မည်းနက်နေသည့် ရင်းတိုက်သား ပုတီးစေ့ ကြိုးတစ်ကုံး ရှိနေပြီး လက်တစ်ဖက်ကို ထိုင်ခုံ နောက်မှီမှာ တင်ထားကာ လက်သူကြွယ်နဲ့ လက်မမှာတော့ ရှည်လျားသော ရွှေရောင် သံချပ်ကာ လက်အစွပ်ကို ဝတ်ဆင် ထားသည်။ ထွင်းထုထားသည့် သဏ္ဌာန်က အလွန် လက်ရာမြောက်ပြီး အဖိုးတန် လှသည်ပင်။
နန်းပေါင်ရီက မူးမေ့မတတ် ဖြစ်သွားရပြီး တစ်လှမ်းချင်း တစ်လှမ်းချင်း နောက်သို့ ဖြည်းဖြည်း ဆုတ်သွား တော့သည်။
ကုချုံရှန်း……
ဒီတစ်ခေါက် ရှုနိုင်ငံသို့ ဧကရာဇ် လွှတ်လိုက်သော သံတမန်က အနောက်ပိုင်း၏ ဘုရင်ခံ ကုချုံရှန်း……
နန်းတော်မှာဆို ကြမ်းတမ်းသော သွင်ပြင်ရှိပြီး အမတ်ချုပ်နှင့် ဆုံလျှင်ပင် အမတ်ချုပ်က သူ့ကို ရိုရိုသေသေနဲ့ ‘ဘုရင်ခံကု’ လို့ ခေါ်ရလေသည်။
အတိတ်ဘဝတုန်းက ရှန်ကျင်းမြို့တော်မှာ သူတစ်ယောက်တည်းကသာ အမတ်မင်းနှင့် တစ်ပွဲတစ်လမ်း နွှဲရဲသည့် ပြိုင်ဘက် တစ်ယောက်ပင်။
အတိတ်ဘဝတုန်းက သူမသည် ကုချုံရှန်းကြောင့်သာ အသက်ရှင်ခဲ့ရပြီး သူ့ကြောင့်ပင် သေဆုံးခဲ့ရသည်။
ကုချုံရှန်းနှင့် ပထမဆုံး တွေ့ဆုံစဉ်က နန်းတော်၏ လမ်းကြားလေး၌ သူမသည် နန်းတွင်း၏ လမ်းလျှောက်ပုံကို လေ့ကျင့်နေစဉ် ဖြစ်သည်။
သို့ပေတည့် ဘာကြောင့်မှန်းမသိ သူမထိုသို့ လေ့ကျင့်နေတာကို နေ့စဉ်နေ့တိုင်း သူမကို လှောင်ပြောင် စော်ကားရတာ သဘောကျသော အစေခံများက သိသွားကြလေသည်။
သူတို့က လှောင်ပြောင် ထေ့ငေါ့ရန်အတွက် သူမကို စောင့်ကြည့်ကြပြီး သူမ ပြန်ပြောသောအခါ သူတို့သည် သူမအား လက်များနှင့်ရိုက်၊ ခြေထောက်များဖြင့် ကန်ကြတော့သည်။
သူမသည် သွေးထွက်အောင် အရိုက်ခံခဲ့ရသော်လည်း အသက်ရှင်ချင်ခဲ့သေးသည်။ ထို့ကြောင့် သူမက လေထန်နေသည့် နန်းတော်၏ လမ်းကြားလေးမှ တိုင်ယွမ် ဆေးခန်းသို့ တွားသွားခဲ့သည်။ ရှည်လျားလှသော သွေးစီးကြောင်းကြီးသည် သူမနောက်တွင် ကျန်နေခဲ့သည်မှာ ထိတ်လန့်စရာ ကောင်းလှသည်။
ထိုတုန်းကလည်း နွေရာသီ အစောပိုင်းပင်။
မိုးစက်လေးများ ဆွတ်ဖြန်းနေပြီး သူမသည် မိုးပေါက်များကို အန်တု၍ ဆေးခန်းသို့ ငိုကြွေးရင်း တွားသွား ခဲ့ရသည်။ သူမက နန်းတော် လမ်းကြားလေး၏ အဆုံးသို့ ရောက်သောအခါ သေတော့မလို ခံစားလိုက်ရသည်။
ကျူးချီနန်းတော်၏ လမ်းကြားထိပ်မှ တံခါးဘေးတွင် ပန်းစိုက်ထားသော ပန်းအိုးနှစ်အိုး ရှိသည်။ မိုးရေတွင် သူမသည် လက်ကိုဆန့်ပြီး တုန်ရီစွာဖြင့် ပွင့်ချပ်နည်းနည်းကို ခူးဆွတ်၍ တစ်ဝက်ခန့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် သူမ၏ မျက်နှာပေါ်သို့ တင်လိုက်သည်။ သူမက သေသွားရင်တောင် လှလှပပလေး သေသွားဖို့ ဆန္ဒရှိခဲ့သည်။
“အာ…..”
ရယ်သံတိုးတိုးက နောက်မှ ထွက်ပေါ် လာလေသည်။ သူမ တွေဝေစွာဖြင့် လှည့်ကြည့် လိုက်သည်။
ကုချုံရှန်းက နက်စွေးနေသည့် မျက်ခုံးတန်းတွေနှင့် သန့်စင်သော အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး စက္ကူထီး တစ်လက်ကို ကိုင်လျက် သူမကို ငုံ့ကိုင်းပြီး ကြည့်နေသည်။
“ဘာလို့ နန်းတော်က ပန်းကိုခူးတာလဲ”
သူမက သေတော့မှာလေ သို့ကြောင့် ကုချုံရှန်းကို မကြောက်နေတော့။
သူမ၏ မျက်ဝန်းများမှာ ချာချာလည်နေပြီး “ကျွန်မက သေတော့မှာ၊ ပါးပြင်ပေါ်မှာ ပန်းပွင့်ချပ်လေးတွေ တင်ထားတာက လှလှပပလေး သေအောင်လို့”
သူမလို အလှအပ အရမ်းကြိုက်သည့် နန်းတွင်းအစေခံ တစ်ယောက်ကို သူမမြင်ဖူးပါချေ။
“နာမည် ဘယ်လိုခေါ်လဲ”
“နန်းပေါင်ရီ၊ အမေက ပြောတယ်၊ တစ်စုံတစ်ယောက်က ကျောက်မျက်ရတနာ တစ်ခုလို တန်ဖိုးထား စေဖို့နဲ့ ဘဝမှာ ပူပန်ကြောင့်ကြခြင်း ကင်းဖို့ မျှော်လင့်တယ် ဆိုတဲ့ အဓိပ္ပါယ်တဲ့”
ကုချုံရှန်းက ဒူးတစ်ဖက် ထောက်လိုက်သည်။
သူက သူမ၏ ပါးပြင်ပေါ်က ပွင့်ချပ်လေးတွေကို ကောက်ယူလိုက်ပြီး သူမ၏ မျက်နှာပေါ်မှ ဒဏ်ရာများကို ကြည့်ရင်း “မင်းက အရမ်းကို ညှိုးငယ်နေတာပဲ၊ ဘယ်သူကမှ မင်းကို ရတနာတစ်ခုလို တန်ဖိုးထားမှာ မဟုတ်ဘူး”
သည်းထန်နေသည့် မိုးက အဆက်မပြတ် ရွာသွန်းလာသည်။ သူမ၏ မျက်နှာပြင်ပေါ်သို့ မျက်ရည်တွေက ရုတ်ခြည်း စီးကျလာ ကြသည်။
မဟုတ်ဘူး…..
တချို့ မိသားစုဝင်များက သူမကို ပုလဲလေး တစ်လုံးလို တန်ဖိုးထား ဆက်ဆံခဲ့သော်ငြား သူမက မခံယူ တတ်ခဲ့တာ….
ထိုအခိုက်အတန့်လေးမှာ အမတ်မင်း၏ ဝေါယာဉ်က ဖြတ်သန်း သွားသည်။
သူ၏ သွယ်လျသော လက်ချောင်းများဖြင့် ကန့်လန့်ကာကို ဖွင့်လိုက်ပြီး သူမကို မကြည့်ဘဲ အသံက အလွန်အမင်း တည်တံ့နေဟန်ဖြင့် “ကုချုံရှန်း၊ ခင်ဗျားက ဒီနန်းတွင်း အပျိုတော်ကို စိတ်ဝင်စားလို့လား”
“အရင်ကတော့ စိတ်မဝင်စားပါဘူး၊ ဒါပေမယ့် အခုတော့ စိတ်ဝင်စားသွားပြီ”
ကုချုံရှန်းက ထီးကိုကိုင်ရင်း မတ်တပ် ရပ်လိုက်ပြီး “ဧကရာဇ် ဆရာကလည်း သူ့ကို စိတ်ဝင်စား လို့လား”
သူမက မိုးရေထဲမှာ လဲနေဆဲပင်။ သူမက မျက်နှာပြောင် တိုက်သလို ဖြစ်နေမှန်း သိပေငြား သူမ၏ အရင် အစ်ကို ၂ က သူမ၏ ဘဝကို ကယ်တင်ဖို့ မျှော်လင့်နေဆဲပင်။
သို့သော် အမတ်မင်းက သူမကို တစ်ချက်မှ မကြည့်ခဲ့ပါချေ။
သူက ကန့်လန့်ကာကို တည်ငြိမ်စွာ ပြန်ချလိုက်ပြီး နန်းတော်၏ တခြားလမ်းသို့ ထွက်သွားတော့သည်။
***