အပိုင်း (၂၆၂)
သူက သူမကိုလက်ထပ်ချင်တယ်၊ အဲဒါက မိုးကောင်းကင်လောက်ကို ခက်ခဲလှတယ်
ကျန်းတုဝေက သူ၏ ပြတ်သွားသော လက်ကို နောက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားပြီး နာကျင်မှုကြောင့် မြေပေါ်မှာ လှိမ့်နေသည်။
သူက ခါးသည်းသော ဆဲရေးစကားတွေ ပွင့်အန်လာသည်။
“ရှောင်းယီ၊ မင်းနဲ့ ဓါးပြတွေကသာ ထောက်ပံ့ငွေတွေကို ခိုးတဲ့အတွက် ရှက်ရမှာ၊ မင်းက အရာရှိကို သွားပုတ်လေလွင့် လျှောက်ပြောချင်နေတာ၊ ဘုရင်ခံရွယ် ကျွန်တော့်ကို တရားမျှတအောင် ဆုံးဖြတ်ပေး ပါ”
ဘုရင်ခံရွယ်က မပြောရသေးခင် လူအုပ်ကြီးက လမ်းဖယ် ပေးလိုက်သည်။
အေးစက်ပြီး ဆွဲဆောင်အား ပြင်းသော မိန်းကလေးက ပါးလွှာသော ပိတ်ကျဲဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် အပေါ်ဝတ်စုံကို ဝတ်ဆင်ရင်း ဓါးပြတွေ ခြံရံလျက် မြင်းဖြူကြီးကို စီးလာသည်။
သူမက မြင်းဇက်ကြိုးကို ကိုင်ရင်း ရှန်းရိချောင်၏ မြည်းလေး ဘေးမှာ ရပ်လိုက်သည်။
ရှန်းရိချောင်က သူမ၏ မြင်းဖြူကြီးကို ကြည့်လိုက်သည်။
ရှိသော မြင်းတွေအားလုံး တခြားသူတွေ စီးသွားကြပြီဆို။
ဟန်ယန့်လျန်က အေးတိအေးစက်ဖြင့် ဘုရင်ခံချန်းကို ဂါရဝပြုလိုက်ပြီး “လက်ဖက်ရည် လမ်းက ဆိုင်ပိုင်ရှင်၊ နွေဦးကျောက်စိမ်း စံအိမ်၏ သခင်မ ဟန်ယန့်လျန်ပါ၊ ဘုရင်ခံရွယ်နဲ့ တွေ့ဖူးပါတယ်၊ ပြောတာ ကြားမိတာတော့ ကူညီထောက်ပံ့ငွေတွေကို ကျွန်မရဲ့ တောပုန်းဓါးပြ အဖွဲ့က လုယူသွားပါတယ်တဲ့၊ အဲဒါကြောင့် လာပြီးကြည့်တာပါ”
ရှန်းရိချောင်က သူမကို စောင့်ကြည့်နေသည်။
ဒီမိန်းမက တည်ငြိမ်နေပြီး အနောက်တိုင်း၏ ဘုရင်ခံ ရှေ့မှောက်မှာတောင် တည်ငြိမ်သထက် တည်ငြိမ်နေသေးတယ်….
ဟန်ပန်က စစ်သူကြီး တစ်ယောက်၏ သွင်ပြင်အတိုင်းပင်။
သူက ကြုံတောင့်ကြုံခဲ သဘောတကျ ချီးကျူးနေစဉ်မှာပဲ ဟန်ယန့်လျန်က နောက်ကို လှည့်၍ အော်လိုက်သည်။
“ကျွန်မတို့ ဓါးပြတွေမှာလည်း အသိစိတ် ရှိပါတယ်၊ အခု ရှုနိုင်ငံက မိုးခေါင်ရေရှားမှု ဘေးအန္တရာယ်နဲ့ ကြုံနေရတာ၊ ကျွန်မတို့က ထောက်ပံ့ငွေတွေကို လုယူဖို့ ရုံးတော်နဲ့ ဓါးပြတွေကြားမှာ ပူးပေါင်း လိမ်လည်မှုမျိုး လုံးဝကို မလုပ်ပါဘူး၊ လုပ်တဲ့သူရှိရင် ထွက်လာပြီး ရှင်းပြပေးပါ၊ ကျွန်မတို့ ဓါးပြတွေ ခေါင်းပေါ်ပဲ အားလုံး ပုံမချပါနဲ့၊ တစ်နည်းအားဖြင့် ကျွန်မတို့က ရွာတစ်ရွာလုံး ရှိရှိသမျှ လူအယောက် နှစ်ထောင်အတွက် လုပ်နေရတာပါ၊ ကျွန်မတို့ရဲ့ အပြစ်ကင်းစင်မှုအတွက် တိုက်ခိုက်ဖို့ လိုတယ်”
စကားလုံးတွေက နားအူမတတ် ဆူညံလှသည်။
ရှန်းရိချောင်က သူ၏ ငေးမောနေမှုကို တိတ်တိတ်လေး နောက်ပြန် လှည့်လိုက်သည်။
စစ်သူကြီးသွင်ပြင် –
ဟုတ်မနေဘူး….
ကျန်းတုဝေ၏ မျက်နှာက ရွှေရောင်စာရွက်လို အေးစက်ပြီး ချွေးစေးတွေက စီးကျလာသည်။
သေသွားရင်တောင် မတွေးမိလောက်။ နဂါးတစ်ကောင်လို့ပဲ အမြဲတမ်းမြင်ခဲ့သော တောပုန်းဓါးပြတွေ၏ ခေါင်းဆောင်က မိန်းမတစ်ယောက်တဲ့လား…
ဒါ့အပြင် သူက တောင်ပေါ်ကနေတောင် ဆင်းလာပြီး ရှောင်းယီကို သက်သေ လိုက်ပေးနေသည်။
သူ့စိတ်ထဲက မကောင်းတော့ဘူး ဆိုတဲ့ အလိုလိုသိစိတ် တစ်ခုကို ခံစားမိသည်။
နောက်ခဏ ချက်ချင်း ဟန်ယန့်လျန်က အမိန့်ပေးလိုက်သည်။
“ကျန်းရှီလန်ကို ခေါ်လာခဲ့”
တောပုန်းဓါးပြ နှစ်ယောက်က ကျန်းရှီလန်ကို ဆွဲခေါ်လာပြီး မြေပြင်ပေါ်သို့ ခွေးသေတစ်ကောင်လို ပစ်ချလိုက်သည်။
လူအိုကြီး ကျန်းရှီလန်က ကြောက်လန့်လွန်းလို့ အတောမသတ် နိုင်အောင် ငိုယိုနေသည်။
ရှန်းရိချောင်က သူ၏ ဝတ်ရုံလက်အိတ်ထဲက သက်သေစာအုပ်ကို ထုတ်ယူလိုက်သည်။
“အမတ်မင်း၏အမိန့်နဲ့ မနေ့ညက ကျန်းရှီလန်ကို စစ်မေးခဲ့တယ်၊ သူက ကျန်းတုဝေနဲ့ ပေါင်းပြီး ထောက်ပံ့ရေး ငွေတွေကို လုယူခဲ့ပါတယ် ဆိုတာကို ဝန်ခံခဲ့တယ်၊ ဒီစာရွက်က သက်သေပဲ”
သူက သက်သေစာအုပ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ အားလုံးက ကြည့်လိုက်ကြသည်။
စာရွက်အဖြူပေါ်မှာ အနက်ရောင် စာလုံးတွေနဲ့ အနီရောင် လက်ဗွေရာက ထင်ထင်ရှားရှား။ ကျန်းရှီလန်နဲ့ ကျန်းတုဝေတို့ ငွေတွေကို ဘယ်လို လုယူခဲ့တယ် ဆိုတဲ့ အကြောင်းနဲ့ စထားပြီး ပြစ်မှုအားလုံးကို ရှောင်းယီ ခေါင်းပေါ်သို့ ရောက်အောင် ကြိုးပမ်းခဲ့ကြောင်း ရေးသားထားသည်။
ငြင်းဆန်မှု လုံးဝမရှိ။ လုံးဝကိုမရှိချေ။
ဘုရင်ခံရွယ်က မီးခိုးတွေကို မှုတ်ထုတ်လိုက်သည်။
ကျန်းမိသားစုက အသိမိတ်ဆွေတွေလို့ စဉ်းစားပြီး သူနဲ့ ဘုရင်ခံချန်းကို ဆွဲမသွင်းဖို့ မျှော်လင့်သည်။
မဟုတ်ရင်တော့…..
သူက မျက်လုံးတွေကို မှေးကျဉ်းလိုက်သည်။
ထိုအချက်ကို အမိအရဖမ်းရင်း အဓိပ္ပါယ်ရှိရှိဖြင့် “ကျန်းမိသားစုက ထောက်ပံ့ငွေတွေကို လုယူသွားတာ ဆိုတာက ပေါ်လာပြီ…. ကျန်းမိသားစုက သူခိုး..သူခိုးလို့ အော်နေသော သူခိုးပဲ၊ တကယ်ကို မုန်းတီးစရာ ကောင်းလှတယ်၊ အမတ်မင်း၊ ဒီနေ့ ဒီဘုရင်ခံက မင်းကို အမြင်မှားသွားတယ်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိစိတ်ကို လေးလေးနက်နက် ခံစားရပါတယ်၊ နောက်နေ့ အိမ်ကို လာလည်ဦးလေ၊ စားပွဲအတွက် ကတော့ သောက်စရာ နည်းနည်းနဲ့ မင်းကို တောင်းပန်ပါ့မယ် ဟုတ်ပြီလား”
“ဘုရင်ခံရွယ်က အားနာနေပါပြီ”
ရှောင်းယီက ပျင်းရိပျင်းတွဲ ပြုံးနေပေမယ့် သူ၏အပြုံးက သူ၏မျက်လုံးထဲမှာတော့ ထင်ဟပ်မနေပါချေ။
သူက ကျန်းရှီလန်ကို ဘုရင်ခံချန်းနဲ့ ဘုရင်ခံရွယ်တို့နဲ့ ဆက်စပ်ကြောင်း ဖော်ထုတ် စေချင်ပေမယ့် ဘုရင်ခံမှာက စစ်သည် လေးသိန်းရှိနေပြီး မျက်ရည်ကျစေဖို့ အချိန်ကောင်း မဟုတ်ပါချေ။
ပြီးတော့ ဘုရင်ခံရွယ်က သူနဲ့ထိပ်တိုက် မတွေ့ချင်တာ ထင်ရှားလှသည်။
ထောက်ပံ့ရေးငွေ ခိုးမှုက ကျန်းရှီလန်နဲ့ ကျန်းတုဝေတို့၏ သေဆုံးခြင်းနဲ့ အဆုံးသတ် သွားခဲ့သည်။
ဘုရင်ခံရွယ်က ထရပ်ပြီး ဝတ်ရုံလက်ကိုခါရင်း “ကျန်းမိသားစုက အကျင့်ပျက် ခြစားနေတာ၊ ဥပဒေကိုလည်း ချိုးဖောက်သေးတယ်၊ ပြစ်မှုက ခွင့်လွှတ်နိုင်စရာ မရှိဘူး၊ အဲဒါကြောင့် အမတ်မင်းကပဲ တာဝန်ယူပြီး ဖြေရှင်းလိုက်ပါ”
သူက မြင်းကိုလှည့်ပြီး အင်အားကြီးမားသော စစ်တပ်ကို ဦးဆောင်၍ ပြန်ထွက်သွားတော့သည်။
ဘုရင်ခံချန်းက မခံမရပ်နိုင်ဖြစ်ပြီး ခြေလှမ်းပြင်းပြင်းဖြင့် လှည့်ထွက်သွားလေသည်။
မြစ်ဆိပ်၏ လေအေးက ပိုပြီး ပြင်းထန်လာသည်။
ရှောင်းယီက မြင်းဇက်ကြိုးကိုဆွဲရင်း ကျန်းရှီလန်နဲ့ ကျန်းတုဝေဘက်သို့ လှည့်လိုက်သည်။
ကြောင်မျက်ရှင် လက်စွပ်ကို လက်ချောင်းတွေနဲ့ ညင်သာစွာ ပွတ်သပ်ရင်း သူက ငုံ့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ငွေတွေကိုယူထားပြီး ရုံးတော်ကို မရှက်ဘူးလား၊ လူတွေကို မရှက်ဘူးလား၊ လောကကြီးကို မရှက်ဘူးလား”
ခဏရပ်တန့် လိုက်ပြီးနောက် သူ၏ နှုတ်ခမ်းပါးတွေက ကွေးညွတ်သွားပြီး “ဥပဒေအရ ချက်ချင်း ခေါင်းဖြတ် သတ်စေ”
မြစ်ပြင်က လှိုင်းထန်နေပြီး ကမ်းပါးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေသည်။
ကျန်းရှီလန်နဲ့ ကျန်းတုဝေတို့က ရှေ့မှနေ၍ ဒီထောက်ပံ့ငွေ ခိုးမှုမှာ ပါဝင် ပတ်သက်နေသော လူတွေဖြစ်သော သခင်မချန်နဲ့ ကျန်းယွမ့်ဝမ်တို့က မြစ်ဆိပ်မှာ ဒူးထောက်ထားပြီး ခေါင်းဖြတ်ခံရဖို့ စောင့်ဆိုင်းနေသည်။
မြေပြင် တုန်ဟီးမတတ် ငိုသံတွေနဲ့ သူတို့က နောင်တရစွာ၊ ပူဆွေးဝမ်းနည်းစွာနဲ့ တောင်းပန်နေကြသည်။
သူတို့၏ နောက်ကျောကို လူတွေက လက်ညှိုး ထိုးနေကြပြီး စာနာသနားခြင်း မရှိကြချေ။
တောင်းပန်ခြင်းကသာ အသုံးဝင်မယ်ဆိုရင် ဥပဒေက ဘာလုပ်ဖို့ထားတာလဲ။
ဘဝမှာ အမှားဆိုတာက ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ သို့ပေတည့် အမှားတိုင်းကတော့ ခွင့်လွှတ်မှုနဲ့ မထိုက်တန်ပေ။
“သတ်စေ”
ရှီးယန်က ကျယ်လောင်စွာ အော်လိုက်သည်။
ရှောင်းယီက လှည့်ပြီး တည်းခိုဆောင် အထူးခန်းသို့ ဦးတည်လိုက်သည်။
ရှန်းရိချောင်က မြည်းလေးနဲ့ လိုက်လာပြီး ပျက်ရယ်ပြု ရယ်သွမ်းသွေး လိုက်သည်။
“မနေ့ညက အရှေ့လေက မူမမှန်ဘူး၊ ပြီးတော့ နက္ခတ်တာရာတွေကလည်း ထူးဆန်းနေတယ်၊ ငါသာ အချိန်မီ မတွက်ချက်မိရင် မင်းရဲ့ ပြဿနာတွေကို သိနိုင်မှာမဟုတ်ဘူး၊ မင်းတို့ကို ကယ်ဖို့ လိုက်လာရတယ်၊ မင်းနဲ့ နန်းမိန်းကလေး ၅ ကတော့ ကြောက်လန့်နေမှာပဲ၊ မဟုတ်ရင် ဂူထဲမှာ သေတော့မလို့”
ရှောင်းယီက တည်ကြည်နေဆဲပင်။
ဘုရင်ခံရွယ်က ရှုနိုင်ငံကို နှစ်ပေါင်းများစွာ လွှမ်းမိုးချုပ်ကိုင်နိုင်သော သူတစ်ယောက်ဖြစ်ဖို့ တကယ် ထိုက်တန်သည်။
သူသာ နန်းကျောင်းကျောင်းကို ဖက်ပြီး အချိန်မီ ခေါင်းတလားထဲ လှိမ့်မဝင်လိုက်ဘူး ဆိုရင် တကယ်ပဲ ရှေးဟောင်းသင်္ချိုင်းဂူထဲမှာ သင်္ဂြိုလ်ပြီးသား ဖြစ်သွားမှာပင်။
သူက ရှန်းရိချောင်ကို တစ်ချက် ကြည့်လိုက်ပြီး “ကျေးဇူးတင်ပါတယ်”
စကားထပ်မဟတော့ဘဲ သူက မြင်းကို စီးနှင်သွားတော့သည်။
ရှန်းရိချောင်၏မြည်းလေးက သူ့ကို မမီပါချေ။
နွေဦးနှောင်းပိုင်း၏ နေရောင်ခြည်က နွေးထွေးလှပြီး ရှောင်းယီ၏ နောက်ကျောက တဖြည်းဖြည်း မှောင်လာတာကို တွေ့ရသည်။ သူ၏ဒဏ်ရာက ပေါက်ထွက်သွားပြီး သွေးတွေက အဝတ်ကို စိုရွှဲနေစေသည်။
မနေ့ညက ဟန်ယန့်လျန်၏ လူတွေက သူတို့နှစ်ယောက်ကို တူးထုတ်နိုင်သောအခါ သူက ဂူဝထိပ်မှာ ရပ်နေခဲ့သည်။
သူရှင်းလင်း ပြတ်သားစွာ မြင်လိုက်တာက ရှောင်းယီက နန်းပေါင်ရီကို ကိုယ်လုံးနဲ့ ကွယ်၍ ကာကွယ်ထားပြီး ပြိုကျနေသော မြေကြီးတွေ ကျောက်တုံးတွေ အားလုံးကို သူ၏ နောက်ကျောနဲ့ ခံထားသည်။
သူက နန်းမိန်းကလေး ၅ ကို တကယ် ဂရုစိုက်တာပဲ…..
ရှန်းရိချောင်က ကောင်းကင်ယံကို ငေးကြည့်ရင်း သက်ပြင်း တစ်ချက်ချလိုက်သည်။
နန်းမိန်းကလေး ၅ က ကုန်သည် မိန်းကလေး တစ်ယောက်ပဲလေ၊ ဒါပေမယ့် ရှောင်းယီက ကြီးကျယ် ခမ်းနားသော မိသားစုမှာ မွေးဖွားလာခဲ့သူ ဖြစ်သည်။
ယနေ့ခေတ် တရုံ၏ အင်အားကြီးသော မိသားစုတွေက မြစ်ပြင်ကို ဖြတ်ကူးနေသော ဂဏန်းတွေလိုပင်။ ရာထူးအမြင့်ပိုင်း မိသားစုတွေနဲ့ အေးဆေးသော မိသားစုတွေကြားက အငြင်းပွားမှုတွေက ပိုပိုပြီး ပြင်းထန် လာသည်။ တော်ဝင် မိသားစုကလူနဲ့ ဆင်းရဲသော မိသားစုဝင် တစ်ယောက် လက်ထပ်ဖို့က လုံးဝ မဖြစ်နိုင်ပါချေ။
သူက သူမကို လက်ထပ်ချင်တယ်၊ အဲဒါက မိုးကောင်းကင်လောက်ကို ခက်ခဲလှတယ်…
မြစ်ဆိပ်က ပွဲကြီးပွဲကောင်းက တဖြည်းဖြည်းနဲ့ လွင့်ပါးသွားသည်။
နန်းယန်နဲ့ ရှမင်ဟွေးက အနည်းငယ် ဖြူဖျော့စွာနဲ့ ကိုယ်ရံတော်တွေက အလောင်းတွေကို ရှင်းထုတ်နေတာကို ကြည့်နေကြသည်။
ရှောင်းယီ အသက်ရှင်နေလိမ့်မယ်လို့ သူတို့လုံးဝ မထင်ထားကြချေ။
အဲဒါက နန်းပေါင်ရီလည်း အသက်ရှင်နေသေးတယ်လို့ ဆိုလိုတာပေါ့….
မြစ်ပြင်ကျယ်ကို ဖြတ်သန်းလာသော လေညင်းက ငါးညှီနံ့ ခပ်ဖျော့ဖျော့ကို သယ်ဆောင် လာသည်။
အချိန် အတန်ကြာပြီးမှ နန်းယန်က တိုးဖွဖွဖြင့် “ဒီတစ်ခေါက် ကျားကို တောင်ပေါ် ပြန်မလွှတ်ဖို့ အခွင့်အရေးကို ဆုံးရှုံးသွားတယ်၊ အဆုံးမရှိသော ပြဿနာတွေ ဖြစ်သွားပြီ၊ ရှောင်းယီက လက်တုံ့ပြန်မှာ စိုးရတယ်”
“ဒီတစ်ခေါက်က ဘုရင်ခံရွယ်၏ လက်နဲ့လေ၊ သူက ငါတို့ဦးဆောင်တယ် ဆိုတာကို ရှာမတွေ့နိုင်ဘူး၊ ဒါပေမယ့် နောက်ကျရင် နန်းပေါင်ရီကို ရှင်းဖို့ ဒီလောက် မလွယ်တော့မှာ စိုးရိမ်တယ်”
ရှမင်ဟွေးက သုန်သုန်မှုန်မှုန်နဲ့ လှည့်ပြန်သွားတော့သည်။
နန်းယန်က “ဧကရာဇ်ရဲ့ အထောက်တော်က ထောက်ပံ့ငွေတွေကို လာပို့တယ်၊ ဒါပေမယ့် ရှုတိုင်းပြည်မှာ သေသွားတယ်၊ ရုံးတော်က ရှုနိုင်ငံ အစိုးရရဲ့ တစ်ဖက်တည်း စကားကိုပဲ မယုံနိုင်ဘူး၊ အဖြစ်မှန်ကို ဖော်ထုတ်ဖို့ ဧကရာဇ်၏ ကြီးလေးတဲ့ကိစ္စကို ဆောင်ရွက်ဖို့ တစ်ယောက်ယောက်ကို လွှတ်မှာပဲ”
“အဲဒီ တော့”
“ရှမမလေး၊ ရှုနိုင်ငံမှာ ကြီးမားသော မိုးခေါင် ရေရှားမှုကြီး ဖြစ်နေတာ၊ ရေချိန်အမှတ်က ကျဆင်းနေတယ်၊ လယ်ကွင်းတွေမှာလည်း ဆွတ်ခူးလို့ မရတော့ဘူး၊ အားလုံးဖြစ်ရသော အကြောင်းအရင်းက လောကကြီးကို မကောင်းသော နတ်ဆိုးတစ်ပါးက ရောက်လာပြီး ပြဿနာရှာလို့ ဖြစ်ရမယ်”
ရှမင်ဟွေးက ရပ်တန့်သွားသည်။
သူမက တစိမ့်စိမ့် တွေးတောလိုက်ပြီးမှ “နင်ဆိုလိုတာက….”
နန်းယန်က အမှုမဲ့အမှတ်မဲ့နဲ့ ခြောက်သွေ့နေသော သစ်ကိုင်းလေးကို ချိုးလိုက်ပြီး အဓိပ္ပါယ်ပါပါဖြင့် ထုရိုက်ရင်း “မကောင်းတဲ့ မိန်းကလေး၊ ကျင်းကွမ်မှာ နေတယ်၊ အဖိုးတန်တဲ့ အဝတ်အစားတွေ ဝတ်တယ်၊ မကောင်းတဲ့ မိန်းကလေး၊ သွေးကိုသောက်ပြီး ကလေးတွေကို စားတယ်၊ မကောင်းတဲ့ မိန်းကလေး မိုင်ထောင်ပေါင်းများစွာက မိုးကောင်းကင်ပေါ်ကနေ ဘေးဒုက္ခတွေကို ခေါ်ဆောင်လာတယ်”
***