အပိုင်း (၂၆၃)
အမတ်မင်း၊ ဒါက ကလေးကိုချော့နေတာလား
ရှမင်ဟွေး၏မျက်လုံးတွေက အရောင်တောက် လာတော့သည်။
သူမက မချီးကျူးဘဲ မနေနိုင်တော့ချေ။
“မိန်းကလေးနန်းယန်က တကယ်တော်တာပဲ၊ ဒီသံချပ်က ရှုနိုင်ငံမှာ ပျံ့သွားရင် လူတိုင်းက ဒီမိုးခေါင်ရေရှားမှုက နန်းပေါင်ရီကြောင့်လို့ ထင်ကြမှာ၊ အစိုးရရုံးတော်ကလည်း တရားခံကိုလိုက်ဖို့ ခက်ခဲနိုင်တယ်၊ ရုံးတော်က နှောင့်ယှက်လာရင်တော့ အထောက်တော်က ကိုယ်တိုင် စုံစမ်းစစ်ဆေး လိမ့်မယ်၊ နန်းပေါင်ရီတော့ သေပြီပဲ”
“မမလေးရှက ပျော်တတ်တာပဲ၊ ဒါနဲ့ စကားမစပ် ချင်ချိုးရွယ်က သေရည်က သောက်လို့ ကောင်းတယ်၊ ကျွန်မက မမလေးရှကို တစ်ခွက်လောက် သောက်ဖို့ ဖိတ်ဦးမယ်၊ အခုလို ဖြစ်သွားတော့ နန်းပေါင်ရီ၏ ခြေထောက်ကို သွားကြည့်ချင်တယ်၊ ကျွန်မက အစ်မပဲလေ၊ အဲဒါကြောင့် ဂရုစိုက်ရမှာပေါ့၊ မမလေးရော သူရဲ့ဒဏ်ရာ အခြေအနေကို မသိချင်ဘူးလား”
နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ရထားလုံးဆီသို့ လက်တွဲလျက် လျှောက်သွားကြသည်။
တည်းခိုဆောင် အထူးခန်းတွင်တော့……
မိန်းကလေးက မွေ့ရာပေါ်မှာ လဲလျောင်းနေပြီး သတိလစ်နေသည်။
သူမက ဂူသင်္ချိုင်း ပြိုကျလာတာကို မှတ်မိလိုက်သည်။ ခေါင်းပေါ်ကနေ နားအူနိုင်လောက်သော ပေါက်ကွဲမှု တစ်ခုဖြစ်သွားပြီး မရေမတွက်နိုင်သော ကျောက်တုံး၊ ကျောက်ခဲတွေ၊ ရွံ့တွေက ကျဆင်းလာပြီး သူတို့ကို ထိုနေရာမှာ လုံးလုံးလျားလျားကို သင်္ဂြိုဟ်ပစ်လိုက်သည်။
အမတ်မင်းက သူမကိုချီပြီး ကျောက်ခေါင်းတလားထဲသို့ တုံ့ဆိုင်းမနေဘဲ လှိမ့်ဝင်လိုက်သည်။
သူ၏လက်တွေက ခေါင်းတလား အစွန်းကို မြဲမြဲထောက်ကိုင် ထားပြီး သူ၏ခန္ဓာကိုယ်နဲ့ သူမကို အန္တရာယ် မဖြစ်အောင် ကာကွယ်ပေးခဲ့သည်။
သူမက အခေါင်းထဲမှာ လှဲရင်း ကျောက်တုံးတွေ၊ ရွံ့ခဲတွေက သူ၏နောက်ကျောပေါ်သို့ အရှိန်ပြင်းစွာ ရိုက်ခတ်နေတာကို တွေ့နေရသည်။
သူမက အရမ်းကို စိတ်ပူသွားပြီး သူမ၏လက်လေးနဲ့ သူ၏ခေါင်း နောက်ပိုင်းနဲ့ နားရွက်တွေကို မြဲမြံစွာ ကာပေးထားမိသည်။
နောက်ဆုံးမှာတော့ ပေါက်ကွဲပြိုကျမှုက အချိန်ဘယ်လောက်ကြာမှ ရပ်သွားလဲဆိုတာ သူမ မသိလိုက်တော့ပါချေ။
ပတ်ဝန်းကျင်က ရှေးခေတ်လို တိတ်ဆိတ်ပြီး မည်းမှောင်နေသည်။ ကောင်းကင်ဘုံနဲ့ မြေကြီး၏ကြားက ပရမ်းပတာတွေ၏ အစပိုင်းလိုပင်။
စိတ်တွင်းက ကြားနေရသော ပေါက်ကွဲသံတွေက သူမ၏နားစည်ကို ပဲ့တင်ထပ်နေပြီး သူမကိုခေါင်းကိုက် စေသည်။
သူမက မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။ ဘာကိုမှ မမြင်နိုင်ပေမယ့် အမတ်မင်းက သူမကို အမှောင်ထဲကနေ စောင့်ကြည့်နေမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိနေသည်။
သူမက တကယ်ဆို မှောင်မိုက်ပြီး လေးဘက်လေးတန် ပိတ်နေသော နေရာတွေကို ကြောက်တတ်သည်။
ဒါပေမယ့် သူရှိနေတယ်ဆိုတာကို သူမသိသည်။ သူမက သူ့ကို ကာကွယ်ပေးခဲ့သလို သူကလည်း သူမကို အကောင်းဆုံး ကာကွယ် ပေးခဲ့သည်ပင်။
သူ ဒီနေရာမှာ ရှိနေတာကြောင့် သူမက ဘာကိုမှ မကြောက်တော့ပါချေ။ မင်းသာ လူတစ်ယောက်ကို ချစ်မိရင် မင်းကိုယ်မင်း သတ္တိရှိအောင် လုပ်နိုင်တယ် ဆိုသလိုပင်။
သူမက အသက်ရှင်ချင်သေးပြီး အမတ်မင်းနဲ့ အတူရှိချင်သေးသည်။ သို့သော် သူမသွေးတွေ အများကြီး ဆုံးရှုံးထားပြီး အကူအညီတွေ မရောက်လာသေးခင်မှာ အိပ်ပျော် သွားတော့သည်။
နန်းပေါင်ရီ ၏မျက်လုံးတွေက ပွင့်လာသည်။
မိုးရွာပြီးသောနောက် အပြာရောင် ကန့်လန့်ကာလေးက ရွှေအနားကွပ်လေးကို ဆွဲလိုက်သလို နွေဦးနှောင်းပိုင်း၏ နေရောင်ခြည်က ပြတင်းမှတစ်ဆင့် နွေးထွေး၍ တိတ်ဆိတ် ငြိမ်သက်စွာ ဖြာကျလာသည်။
သူမက ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ဒါက တည်းခိုဆောင်၏ အထူးခန်းပင်။
သူမက ခေါင်းကိုငုံ့၍ ထူထဲသော ပတ်တီးများ စီးထားသည့် လက်တွေနဲ့ သုတ်လိုက်သည်။ သူမ၏လက်တွေက အဖြူရောင် ပေါက်စီလုံးလေး နှစ်လုံးလို ဖြစ်နေသည်။
ဟုတ်ပေသည်။ သူမက အမတ်မင်း၏ ခေါင်းကို ကာကွယ် ပေးချင်ခဲ့တာကြောင့် သူမ၏လက်တွေက ကျောက်တုံးတွေနဲ့ ဆိုးဆိုးရွားရွား ရိုက်ခတ်မှုကြောင့် သွေးသံရဲရဲ ဖြစ်သွားရသည်ပင်။
သူမက ပန်းထိုးစောင်ကို ဘယ်ခြေနဲ့ ကန်ထုတ်လိုက်သည်။
ညာခြေထောက်ကိုတော့ ဆေးလိမ်းထားပြီး အလွန်ထူထဲသော ကျောက်ပတ်တီး စည်းထားသည်။
ကျန်းဆွေ့ဟန်က ဆေးပန်းကန်လုံးလေး နဲ့အတူ ဝင်လာသောအခါ မိန်းကလေးက ဒူးခေါင်းကိုကြည့်၍ ငိုင်နေတာကို တွေ့လိုက်ရသည်။
သူက စိတ်မကောင်းပေမယ့် ပြုံးလိုက်ပြီး “အဆင်ပြေသွားမှာပါ၊ လနည်းနည်းလောက်ကြာရင်”
သူက စာရပြီးနောက် ကွမ်ရှန့်ကို တစ်ရက်ကြို၍ ရောက်လာခဲ့သည်။
နန်းမိန်းကလေး ၅ ၏ ဒဏ်ရာက သူထင်ထားတာထက် ပို၍ ပြင်းထန်နေသည်။ သူက အကောင်းပကတိ အတိုင်း ပြန်ကုပေးနိုင်လိမ့်မယ်လို့ ကံသေကံမ မပြောနိုင်ပါချေ။
နန်းပေါင်ရီက သူ့ကိုကြည့်လာသည်။ ကျန်းဆွေ့ဟန်က စကားပြော နေပေမယ့် သူမ ဘာအသံကိုမှ မကြားရချေ။
ဒါက ပေါက်ကွဲမှုကြောင့် အကြားအာရုံကို ထိသွားတာလို့ သူမသိလိုက်သည်။
သူမငယ်စဉ်က ကျူးကျူးနဲ့အတူ မီးရှူးမီးပန်းတွေ ဖောက်ပြီး ကစားဖူးသည်။ မီးပန်းတစ်တွဲကို မီးညှိပြီး ပစ်ထုတ်လိုက်ပေမယ့် အတန်ကြာသည်အထိ မပေါက်သေးပေ။ သူမက ဘာဖြစ်တာလဲလို့ ပြေးကြည့်လိုက်သည်။ ဘယ်သူက သိမလဲလေ။ ကောက်ကိုင် လိုက်လိုက်ချင်းမှာပဲ မီးပန်းတွေက ရုတ်တရက် ထပေါက်တော့သည်။
သူမ၏လက်ကို ထိသွားရုံတင်မက သူမ၏ နားတစ်ဖက်ကိုပါ အူသွားစေသည်။ သုံးရက် လေးရက်လောက် ကြာမှ သူမ၏ နားအူတာက ပုံမှန်ပြန်ဖြစ်သွားသည်။
ဒီတစ်ခေါက် ယမ်းမှုန့် ပေါက်ကွဲခြင်းကတော့ ပြန်ကောင်းဖို့ ငါးရက်၊ ခြောက်ရက်လောက် ကြာမယ် ထင်ရသည်။
နန်းပေါင်ရီက တွေးတောနေရင်း ရုတ်တရက် သူမအတွက် နေရတာ အဆင်မပြေ ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရသည်။
သူမ၏ ပုံစံကိုကြည့်ရင်း ကျန်းဆွေ့ဟန်က သူမ၏ နားအခြေအနေကို ခန့်မှန်းမိလိုက်သည်။
သူက အသံကိုမြှင့်ပြီး “ခြေထောက်တွေက အဆင်ပြေတယ်၊ စိတ်မပူနဲ့”
နန်းပေါင်ရီက ပြန်အော်သည်။
“တကယ်ပဲ ကောင်းသွားနိုင်လား”
“ဒါပေါ့၊ ငါက သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်တဲ့ ရှုနိုင်ငံရဲ့ အတော်ဆုံး သမားတော်လေ”
ကျန်းဆွေ့ဟန်က အော်ပြောပြီး မွေ့ရာ၏ဘေးမှာ ထိုင်လိုက်သည်။
“မင်းရဲ့လက် အရိုးတွေကလည်း ထိခိုက်ထားတယ်၊ မင်းနေ့တိုင်း အဝတ်လဲဖို့ လိုမယ်၊ ပြီးတော့ ပတ်တီးကိုတော့ ခုနစ်ရက်မှ ဖယ်လို့ရမယ်၊ ဒီအတောအတွင်းမှာ အစေခံတွေကို မင်းကို အချိန်တိုင်း စောင့်ရှောက်ပေးဖို့ မှာထားတယ်၊ ဒါ့အပြင် မင်းက ဘောင်းဘီတွေကို ချွတ်လို့ မရသေးဘူး၊ ဒါကတော့ မင်းအစ်ကို ၂ ကို မင်းအကူအညီ တောင်းလို့ရတယ်၊ ဟား…. ဟား…. ဟား….”
သူက မျက်နှာပြောင်ပြောင်ဖြင့် ပြောလေသည်။
နန်းပေါင်ရီက ချက်ချင်း ရှက်သွေးဖြာ သွားတော့ပြီး မျက်လွှာချသွားသည်။
ရှောင်းယီက ပုတီးစေ့ ကန့်လန့်ကာနားမှာ ရပ်နေသည်။ သူက နန်းပေါင်ရီ၏ နူးညံ့ညင်သာနေသော မျက်လုံးရွှဲကြီးတွေကို ငေးနေသည်။
ကောင်မလေးက နိုးလာခဲ့ပြီ၊ သူမက မှန်ကို မကြည့်ရသေးခင် ဆံထုံးတွေက ထိုးထိုးထောင်ထောင်ဖြင့် ထွက်နေပြီး ရယ်စရာ ကောင်းလှသည်။ သွေးအမြောက်အမြား ဆုံးရှုံးထားတာကြောင့် သူမ၏ ဖျော့တော့နေသော မျက်နှာလေးက ပါးလွှနေသည်။
လေညှင်းလေးက ကန့်လန့်ကာကို တိုးဝှေ့လာသည်။
သူမက ဂိမှန်နှောင်းပိုင်း၏ အလင်းရောင် အောက်မှာ ထိုင်နေပြီး သူမ၏ အရိပ်လေးက ဖြာကျနေသည်။ လက်တွေနဲ့ ညာခြေထောက်မှာတော့ ဖြူဖွေးသော ပတ်တီးများ ရှိနေသည်။ သူမလေးက နူးညံ့ပြီး လှပနေဆဲပင်။
ကျန်းဆွေ့ဟန်က ဇွန်းနဲ့အပြည့် ဆေးတစ်ဇွန်းကို ခပ်လိုက်ပြီး မမှုတ်ဘဲ သူမ၏ပါးစပ်နားသို့ တေ့ပေးသည်။
“ပါးစပ်ဟ၊ အာ….”
နန်းကျောင်းကျောင်း “အာ……”
သူမက ကျန်းဆွေ့ဟန်၏ ဆေးကို မသောက်ချင်တာကြောင့် ဖြူဖွေးနူးညံ့နေသော မျက်နှာလေးက ဘောလုံးလေးလို ဖောင်းတက်လာပြီး “ပူတယ်”
ရှောင်းယီက လျှောက်ဝင်သွားပြီး ကျန်းဆွေ့ဟန်၏ ဆေးပန်းကန်လုံးကို ယူ၍ “ငါရောက်ပြီ”
ကျန်းဆွေ့ဟန်က ‘ငါသိနေတယ်နော်’ ဆိုသည့် မျက်နှာနဲ့ မျက်ခုံးတွေကို ပင့်လိုက်သည်။
ရှောင်းယီက ဆေးတစ်ဇွန်းကို ခပ်လိုက်ပြီး နှုတ်ခမ်းနဲ့ မှုတ်ပေးနေသည်။
သူက အနည်းငယ် မြည်းကြည့်လိုက်ပြီး မပူတော့မှန်း သေချာတော့မှ နန်းပေါင်ရီ၏ နှုတ်ခမ်းနားသို့ ခွံ့လိုက်သည်။
နန်းပေါင်ရီက သူ့ကိုငေးလာသည်။
အမတ်မင်းက ပုံမှန်လိုပဲ ဘာဒဏ်ရာ ကြီးကြီးမားမားမှ မရထားပုံ ပေါ်သည်။
သူမ၏ မျက်လုံး တောက်တောက်တွေက ကွေးညွတ်သွားပြီး အော့အန်စေနိုင်သော ဆေးကို နာခံစွာ သောက်လိုက်သည်။
ဆေးက တကယ်ကို ခါးလွန်းသည်။
သူမက ပါးစပ်ကို အုပ်လိုက်ပြီး မျက်နှာလေးကို တွန့်ဆုတ်စွာနဲ့ လှည့်လိုက်သည်။ နောက်ထပ် တစ်ဇွန်း မသောက်နိုင်တော့ဟန်။
ရှောင်းယီက ရယ်မောလိုက်သည်။
ဒီအသက် ဆယ့်သုံးနှစ်အရွယ် မိန်းကလေးက ဆေးသောက်ရမှာ တကယ်ကြောက်တာပဲ….
ကံကောင်းစွာနဲ့ သူပြင်ဆင်လာခဲ့သည်။
မြစ်ကမ်းပါးကနေ မြင်းစီးပြီး တည်းခိုခန်းကို ပြန်လာတုန်းက လမ်းမပေါ်မှာ သကြားလုံးလေးတွေ ရောင်းနေတာကို တွေ့လိုက်သည်။ ထို့ကြောင့် သူက အိတ်ကြီးတစ်အိတ် ဝယ်လာခဲ့သည်။ သူမကို ဆေးသောက်ဖို့ ဆွယ်ရမည်။
သူက သကြားလုံးလေးကို နန်းပေါင်ရီ၏ ပေါက်စီလက်လေးပေါ် တင်ပေးလိုက်သည်။
နန်းပေါင်ရီက သဘောမကျပါချေ။
အမတ်မင်း၊ ဒါက ကလေးကို ချော့နေတာလား၊
သူမကို သကြားလုံးနဲ့ မျှားနေတယ်….
သူမက ခေါင်းကို ခါယမ်းလိုက်သည်။ သူမက သကြားလုံးရော ဆေးရော မသောက်ချင်ဘူး ဆိုသော အဓိပ္ပါယ်ပင်။
ထို့ကြောင့် ရှောင်းယီက သူ၏ ဝတ်စုံလက်အိတ်ထဲက မီးဖိုချောင်သုံး ဓါးလေးကို ထုတ်ယူလိုက်သည်။
ဒါကို သူ လမ်းက ဝယ်လာတာ ဖြစ်သည်။
သူက တည်ကြည်စွာနဲ့ မီးဖိုချောင်သုံး ဓါးလေးကို နန်းပေါင်ရီ၏ အိပ်ရာဘေးမှာ ခြိမ်းခြောက်သော သဘောနဲ့ တင်ပေးလိုက်သည်။
နန်းပေါင်ရီ “…”
သူမက မျက်ဆံကို လှည့်လိုက်မိတော့သည်။ သူမ ဆေးမသောက်ရင် ဒီဓါးနဲ့တော့ အထိုးမခံရလောက်ဘူး မလား။
နန်းပေါင်ရီက မလှုပ်တာကို တွေ့သောအခါ ရှောင်းယီက နှုတ်ခမ်းပါးတွေကို စေ့လိုက်ပြီး ရယ်သံ သဲ့သဲ့ ထွက်လာသည်။
သူက အသက်စက်စက် အတွင်းဝတ်စုံ တစ်စုံကို ထုတ်လိုက်ပြီး အိပ်ရာဘေးက စားပွဲပေါ်သို့ တင်လိုက်သည်။
ဝတ်စုံ ဆယ်စုံကျော်က ပါးလျပ်သော ပိတ်ကျဲစနဲ့ ချုပ်ထားတာဖြစ်ပြီး တိမ်စိုင်လို လေညင်းလို မျောလွင့်နေသည်။ နန်းပေါင်ရီက ချက်ချင်းဝတ်ပြီး လမ်းပေါ်သို့သွားပြီး ကြွားဝါချင်လှသည်။
ရှောင်းယီက သူမ၏ နားသယ်စလေးနားသို့ ကပ်ပြီး နင့်နဲသော အသံနဲ့ “ဆေးသောက်ပြီးရင် ခြေထောက် ဒဏ်ရာက ကောင်းသွားမှာလေ၊ ကုသမှုကို အချိန်မီ မခံယူရင် မင်းဒုက္ခိတ ဖြစ်သွားလိမ့်မယ်၊ ပြီးတော့ အဝတ်အစား ဝတ်ထားလည်း မလှပဲနေမှာ…..”
နန်းပေါင်ရီ၏ မျက်နှာထားက တောင့်ခဲသွားတော့သည်။
ရုတ်ခြည်း သူမက ခါးသက်သော ဆေးတစ်ပန်းကန်လုံးကို နာခံစွာ သောက်လိုက်တော့သည်။
“လိမ္မာတဲ့ ကောင်မလေး”
ရှောင်းယီက သူမကို လှဲဖို့ ကူညီပေးလိုက်သည်။
သူက ပြောင်သလင်း ခါနေသော ဆေးပန်းကန်ကို ကိုင်ရင်း ထွက်သွားသောအခါ နန်းပေါင်ရီက အော်ပြော လာသည်။
“အစ်ကို ၂၊ ကူညီထောက်ပံ့ရေးအတွက် ငွေတွေက နဂါးဘုရင် ဘုရားကျောင်းမှာဆိုတာ မှတ်ထားနော်”
ရှောင်းယီ၏ နှုတ်ခမ်းတွေက ပြုံးယောင်သန်း သွားတော့သည်။
ဒုက္ခိတဖြစ်နေတာတောင် ထောက်ပံ့ဖို့ငွေ အကြောင်းကို စဉ်းစားနိုင်သေးတယ်….
သူက တံခါးကို ပြန်ပိတ်လိုက်သည်။
နန်းပေါင်ရီက ခြင်ထောင်ထဲမှာ ပျော်ရွှင်စွာ လှဲနေရင်း သူမစိတ်ထဲက ပေသီးတွက်ခုံက လှုပ်ယိမ်း လာသည်။
ဒီတစ်ခေါက် သူမက ထောက်ပံ့ငွေတွေ ဆုံးရှုံးတော့မဲ့ ကိစ္စအကြီးကြီးမှာ ပါဝင် အကြံပြုနိုင်ခဲ့သည်။
အစ်ကို ၂ သာ ဒီပြဿနာတွေကို ရှင်းပြီးသွားလို့ ရုံးတော်ကို တင်ပြရင် သူမ၏ ဂုဏ်တက်စရာ လုပ်ရပ်ကို ထည့်ရေးပေးဖို့ ပြောရမည်။
နောင်အနာဂတ်မှာ အောင်မြင်မှုရဖို့အတွက် ဂိုထောင်ကိုဖွင့်ပြီး ကောက်ပဲသီးနှံတွေနဲ့ လူတွေကိုကူညီပေးတာနဲ့ ပေါင်းလိုက်ရင် သူမကို တိုင်းပြည်၏ ကယ်တင်သူအဖြစ် အသိအမှတ်ပြုပြီး တိုင်းပြည်၏ ဘွဲ့တစ်ခုတော့ ပေးနိုင်လောက်တယ်မလား။
အမတ်မင်း၏ ဘေးမှာ ဂုဏ်ယူစွာနဲ့ မားမားမတ်မတ် ရပ်တည်ဖို့အတွက် သူမက သန့်ရှင်းစင်ကြယ်သော ဂုဏ်ကျက်သရေ တစ်ခုကို လိုချင်မိသည်။
***