အပိုင်း (၂၆၁)
ငါတို့စစ်သူကြီးကို ထိပါးစော်ကားတဲ့သူကို အပြစ်ပေး၊ ငါတို့နိုင်ငံကို ထိပါးစော်ကားတဲ့သူကိုအပြစ်ပေး
ဘုရင်ခံချန်းက ထရပ်လိုက်ပြီး ဟုတ်ကဲ့လို့ ပြန်ဖြေလိုက်သည်။
နန်းအိမ်တော်က ချမ်းသာကြွယ်ဝပြီး ဂုဏ်ကျက်သရေ မြင့်မားလှသည်။ သူ့ကို နိုင်ငံတော် ဘဏ္ဍာ အဖြစ် နန်းအိမ်တော်ကို သိမ်းခိုင်းလိုက်တာက ငွေတွေ အမြောက်အမြား ရတော့မယ်ဆိုသော အဓိပ္ပါယ်ပင်။
သူတော့ ချမ်းသာ ဝဖြိုးတော့မှာပဲ။
မနာလို ဝန်တိုစိတ်နဲ့ ကျန်းတုဝေက ဘုရင်ခံချန်းကို တံတောင်နဲ့ တွတ်လိုက်ပြီး အသံတိုးတိုးဖြင့် “ကိစ္စတွေပြီးသွားရင် ငါ့ကိုလည်းခွဲပေးဦး၊ နန်းအိမ်တော်၏ လက်ချောင်းကြားက စိမ့်ထွက်လာသော ငွေကြေးနည်းနည်း ဆိုရင်တောင် ငါ နောက်မိန်းမ ကောင်းကောင်းယူဖို့ လုံလောက်တယ်၊ ငါ့မှာ သားတွေလည်း ရှိသေးတယ်”
“စိတ်ချစမ်းပါ”
ဘုရင်ခံချန်းက ပြုံးရင်း ဖော်ရွှေစွာ ကတိပေးလိုက်သည်။
ချန်းတယ်ယွီကတော့ မျက်လုံးထဲမှာ ဆုံးရှုံးမှု တစွန်းတစဖြင့် ရပ်နေသည်။
နန်းပေါင်ရီက တကယ်ပဲ မင်ကျန်းမြစ်ကမ်းက ဂူထဲမှာ သေသွားခဲ့ပြီ။
မိန်းမလှလေးက ဒီလိုပုံစံမျိုးနဲ့ သေသွားရတာ တကယ် နှမြောစရာပဲ…
သို့သော် နန်းအိမ်တော်၏ စည်းစိမ်တွေကို ရမယ်ဆိုရင်တော့ မဆိုးလှ။ နန်းပေါင်ရီအစား နန်းအိမ်တော်က ချမ်းသာမှုတွေနဲ့ ပျော်ပျော်နေရမည်။
လူအုပ်ထဲက ရပ်ကြည့်နေကြသူတွေထဲမှာတော့ နန်းယန်နဲ့ ရှမင်ဟွေးက ဘေးချင်းကပ် ရပ်နေကြသည်။
လေပြည်က မိန်းကလေး၏ ဆွဲဆောင်မှုညရှိလှသော ပန်းရောင်ညဝတ်စုံလေးကို တိုးဝှေ့နေပြီး မျက်နှာလေးက တည်ငြိမ်၍ နှုတ်ခမ်းစွန်းတွေက ကော့ညွတ်နေသည်။
နန်းပေါင်ရီကို ဆိုးဆိုးဝါးဝါး အရှက်တကွဲ အကျိုးနည်း ဖြစ်စေချင်ပြီး လမ်းဘေး ရောက်သွားတာကို မြင်ချင်ပေမယ့် အခုတော့လည်း မဆိုးလှပါဘူး၊ ဘယ်မိန်းမကမှ သူမကို မတိုက်ခိုက် နိုင်တော့ဘူးလေ။
သူမက ပေါင်ကို ဆွဲဆိတ်လိုက်ပြီး နာကျင်မှုကြောင့် မျက်လုံးတွေက နီရဲလာသည်။
သူမက တိုးသဲ့သဲ့ဖြင့် “ကျောင်းကျောင်းက တကယ်ကို သနားဖို့ ကောင်းလိုက်တာ၊ သူက အသက် ဆယ့်သုံးနှစ်ပဲ ရှိသေးတာ၊ အခုတော့ သေသွားရရှာပြီ… ကျွန်မက အစ်မကြီး တစ်ယောက်အနေနဲ့ တကယ်ကိုနာကျင်ရတယ်”
“ဟား…”
ရှမင်ဟွေးက တခစ်ခစ် ရယ်မောလိုက်ပြီး “ဒီမှာ နင့်ကိုကြည့်နေတဲ့ သူဘယ်သူမှ မရှိဘူး၊ ဘာလို့ ဟန်ဆောင်နေတာလဲ နန်းပေါင်ရီ သေသွားတာကို တခြားသူတွေထက် ပိုပြီး ပျော်နေသင့်တဲ့ သူက နင်လေ၊ ချင်ချင်ကို နန်းပေါင်ရီက သတ်လိုက်တာလို့ နင်ငါ့ဆီ စာရေးလာရတဲ့ အကြောင်းအရင်းက ငါ့လက်ကိုငှားပြီး သူ့ကိုသတ်ချင်လို့ မဟုတ်ဘူးလား”
“မမလေးရှက ဉာဏ်ကောင်းလိုက်တာ၊ မမလေးကို ဘာမှဖုံးကွယ်ထားလို့ကို မရဘူး…”
နန်းယန်က မရှိသော မျက်ရည်ကို သုတ်ရင်း ပြုံး၍ “သနားစရာ ကောင်းသော ညီမလေးချင်ချင်က ထောင်ဝန်ထမ်းရဲ့ လည်ပင်း ညှစ်သတ်တာကို ခံလိုက်ရတာ၊ အရမ်းသနားစရာ ကောင်းတာပဲ”
ထိုစကားပြောနေစဉ်မှာ သူမ၏ မျက်လုံးတွေက အလွန့်အလွန် ပျော်ရွှင်မှုတွေနဲ့ ပြုံးနေလေသည်။
ရှချင်ချင်ကို လည်ပင်းညှစ်ပြီး သတ်လိုက်တာက သူမပဲလေ….
ဒါပေမယ့် ဘာဖြစ်လဲ –
လောကကြီးက တုံးအလွန်းလို့ သူမ၏ လက်ဖဝါးပေါ် တင်ပြီး ဆော့ကစား နေလို့တောင် ရသေးသည်။
သူမက သက်သောင့်သက်သာနဲ့ ကျင်း၏ခြေလှမ်းတွေ ယိုင်နဲ့သွားဖို့ ကူညီလိုက်သည်။ ချန်းတယ်ယွီ၏ ဇနီးနေရာကို တွက်ချက်ပြီး ဝင်ယူလိုက်နိုင်သည်။ သူမ၏ မျက်နှာပေါ်က အပြုံးက ပို၍ တောက်ပလာသည်။
ဘုရင်ခံရွယ်က ရှောင်းယီ၏ လွှမ်းမိုးနိုင်စွမ်းကို ဒီနေ့ အပြတ်ဖြတ်မယ်လို့ စိတ်ဆုံးဖြတ် ထားလေသည်။
သူက အမိန့်ပေး လိုက်သည်။
“လာကြစမ်း၊ ရှောင်းယီနဲ့ နီးကပ်တဲ့ အပေါင်းအပါတွေ အားလုံးကို ချက်ချင်းသတ်ပစ်၊ ပြီးတော့ သူ၏ အလောင်းကို သွားတူးထုတ်ပြီး လူမြင်ကွင်းမှာ အပိုင်းသုံးရာ ပိုင်းပစ်ရမယ်”
ဝံပုလွေ သက်တော်စောင့်တွေက အမိန့်နာခံလိုက်သည်။
ရှီးယန်က လျှို့ဝှက် ကိုယ်ရံတော် တစ်ယောက်မို့ ဓါးကိုကိုင်ပြီး တိုက်ခိုက်ဖို့ ပြင်နေစဉ်မှာ “ခဏနေဦး” ဆိုသောအသံက အဝေးမှ ထွက်ပေါ်လာသည်။
ရပ်ကြည့်နေကြသူတွေက လမ်းဖယ် ပေးလိုက်ကြသည်။
တော်ဝင်သခင်လေး တစ်ပါးက အဖြူရောင် လက်ဝကျယ် ဝတ်စုံကို ဝတ်ဆင်ထားပြီး မီးခိုးရောင်မြည်း တစ်ကောင်ကို စီးနင်းပြီး ရောက်လာခဲ့သည်။
ထိုသည်က ရှန်းရိချောင်အနေနဲ့ စံလွဲနေလေသည်။
သူက ကောင်းမွန်သော အထက်တန်းလွှာက အဆင့်နှစ် သခင်လေး တစ်ယောက်ဖြစ်ပြီး ပုံမှန်အတိုင်းဆို မြင်းဖြူကြီးကို စီးပြီး စင်ပေါ်သို့ အေးစက်ပြီး တည်ကြည် ခံ့ညားသော သွင်ပြင်နဲ့ ပေါ်လာရမှာဖြစ်သည်။
သို့သော်လည်း တစ်ထပ်အိမ်လေး၏ မြင်းတွေ အားလုံးကို တခြားသူတွေက စီးသွားကြပြီး ဒီမြည်း တစ်ကောင်ပဲ ကျန်တော့တယ်လို့ ဟန်ယန့်လျန်က ပြောသည်။
မတတ်နိုင်တော့တာကြောင့် ကယ်ဆယ်ရေး လုပ်ဖို့အတွက် သူက ဒီမြည်းကိုသာ စီးလာခဲ့ရတော့သည်။
သူက နှစ်ဖက်ရန်သူတွေကြားသို့ ရောက်လာပြီး ပြုံးစစဖြင့် “ဘုရင်ခံရွယ် ပြောတဲ့ ပြစ်မှုသုံးခု ဆိုတာက သက်သေမရှိဘူး၊ ပြစ်မှုစီရင်ချက် ချဖို့အတွက် အချက်အလက် မပြည့်စုံမှာကို စိုးမိပါရဲ့”
“သက်သေမရှိဘူး”
ဘုရင်ခံရွယ်က ရယ်မောလိုက်သည်။
သူက ဆေးတံကို အလွန်အကျွံ သောက်ထားတာကြောင့် သူ့အသံက အက်ကွဲနေပြီး ရယ်မော လိုက်သောအခါ ကြောက်ဖို့ကောင်းသော အသံထွက် လာတော့သည်။
ရယ်မောပြီးမှ “ရှောင်းယီက ကျန်းအိမ်တော် တစ်ခုလုံးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့ စစ်သည် တစ်ထောင်ကို စုစည်းလိုက်တယ်၊ မြို့ထဲက လူတွေအားလုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်၊ ကျန်းတုဝေကလည်း ကိုယ်တိုင်ကိုယ်က မြင်လိုက်တယ်၊ ဒါက အတုအယောင် ဖြစ်နိုင်ပါ့မလား”
“ဟုတ်တယ်၊ ရှောင်းယီက ငါတို့ တစ်အိမ်လုံးကို သတ်သွားတာကို ငါ့မျက်စိနဲ့ တပ်အပ်မြင်တာ၊ ငါ့ရဲ့မျက်နှာကိုတောင် သွေးစက်တွေ လာစင်တယ်”
ကျန်းတုဝေက တင်းမာစွာနဲ့ သက်သေ လိုက်သည်။
ရှန်းရိချောင်က သတိပေးလိုက်သည်။
“ရင်းနှီးသော အိမ်သားတွေက သက်သေလုပ်ခွင့် မရှိဘူး”
“အခေါင်းကိုမမြင်ရင် လက်မလျှော့ နိုင်ဘူးပေါ့လေ”
ကျန်းတုဝေက လူအုပ်ကြီးဘက်သို့ လှည့်လိုက်ပြီး ခက်ထန်သော အကြည့်နဲ့ ရှောင်းယီက စစ်သည်တစ်သိန်းကို ခေါ်ပြီး ငါ့အိမ်တော်ကို ရောက်လာတယ် ဆိုတာကို “မင်းတို့မျက်စိနဲ့ တပ်အပ် မြင်လိုက်ကြတယ် မလား ဘာလို့ ဒီအရာရှိအတွက် သက်သေမလိုက် ပေးကြတာလဲ”
လူအုပ်ကြီးက တဒင်္ဂမျှ ငြိမ်သက်သွားသည်။
ရုတ်တရက် အမွှေးနံ့သာအိတ် ရောင်းသော မိန်းမကြီးက ဦးဆောင်ပြီး အော်ဟစ်လိုက်သည်။
“ငါတို့ဘာမှမမြင်လိုက်ဘူး”
တခြားသူတွေကလည်း အံ့အားသင့်သွားပြီး လိုက်အော် ကြတော့သည်။
“ဟုတ်တယ်၊ ငါတို့ဘာမှမမြင်လိုက်ဘူး”
“မနေ့က လမ်းမရှည် တစ်လျှောက်မှာ ဘယ်စစ်သည်မှ မရှိဘူး၊ ကျီးကန်းတစ်အုပ် ဖြတ်ပျံသွားတာပဲ ရှိတာ”
“ဟုတ်တယ်၊ မှန်တယ်၊ တကယ်ပဲ၊ ဘာကျန်းအိမ်တော်ရဲ့ သွေးချောင်း စီးတာလဲ အောက်ရုံး တရားသူကြီးက ကယောင်ကတမ်းတွေ ပြောနေတာပဲ”
ဟာသပဲ၊ ကျန်းမိသားစု မြန်မြန် သေစေချင်လွန်းလို့ သူတို့က မစောင့်နိုင်ကြတော့ပေ။ ဒါကြောင့် သူတို့က ပြစ်မှုကို သက်သေ မလိုက်ချင်ကြ။ ဘယ်လိုလုပ်ပြီး သူတို့က သက်သေ အဖြစ်နဲ့ ကူညီပေးကြမှာလဲ။
ကျန်းတုဝေက ရင်ဘတ်ကို ဖိထားပြီး သွေးအန်လုမတတ် ဖြစ်သွားရသည်။
ဒီလူအုပ်ကြီးက မျက်လုံးတွေပါပြီး မမြင်ကြဘူးလား၊ သူတို့က မျက်လုံးဖွင့်ပြီး အဓိပ္ပါယ် မရှိသော စကားတွေကို ပြောနေကြသည်။
သူက ရှီးယန်၏ နောက်က စစ်သည် တစ်သိန်းဘက်သို့ လှည့်သွားပြီး “မနေ့က ရှောင်းယီနဲ့အတူ မင်းတို့တွေ မြစ်ဆိပ်ကို သွားကြတယ်၊ မင်းတို့က သူ ငါ့ရဲ့ဇနီးနဲ့သားကို ဘယ်လို တိုက်ခိုက်တယ် ဆိုတာ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ကြတယ်၊ ထုတ်ပြောလိုက်၊ ဒီအရာရှိက ဆုလာဘ်တွေ အများကြီး ပေးမယ်”
စစ်သည်တစ်သိန်းက တည်ကြည်လေးနက်သော သွင်ပြင်နဲ့ပင်။
မြစ်ပြင်ကျယ်ပေါ် ဖြတ်တိုက်လာသော လေတသုတ်လို သူတို့က တည့်မတ်စွာ ရပ်နေကြပြီး ဘာသံမှ ထွက်မလာပါချေ။
ဘယ်စစ်သည် တစ်ယောက်ကမှ ကျန်းတုဝေကို အာရုံမစိုက်ပါချေ။ ကျန်းတုဝေက အလွန်ဒေါသ ထွက်သွားပြီး နံရံကိုတောင် ကုတ်ခြစ် ပစ်လိုက်ချင်နေသည်။
သူက စိတ်ဆိုးဆိုးနဲ့ ရှေ့သို့တိုးလိုက်ပြီး စစ်တပ်ကို လက်ညှိုးထိုး၍ အော်ဟစ်တော့သည်။
“ဒီအရာရှိက မင်းတို့ကို သက်သေလိုက်ဖို့ ပြောနေတယ်လေ၊ နားကန်းနေကြလား အရာရှိကို သက်သေ လိုက်ပေးတဲ့ သူကို ရွှေစ ဆယ့်နှစ်စ ချီးမြှင့်မယ်”
စစ်သည် တစ်သိန်းရှိသော စစ်တပ် တစ်တပ်လုံးက တိတ်ဆိတ်မြဲသာ။
ကျန်းတုဝေက အလွန့်အလွန် ဒေါသထွက် လာလေပြီး ရှေ့ကို အမြန်တိုးသွား၍ ရှေ့ဆုံးတန်းက ရဲမက် တစ်ယောက်ကို ပြင်းထန်စွာ ရိုက်လိုက်သည်။
သက်သောင့်သက်သာ မဖြစ်ဟန်ဖြင့် သူက ထပ်ပြီး ရက်ရက်စက်စက် ကန်ကျောက်ပြန်သည်။
သို့ပေတည့် ရဲမက်တွေ အားလုံးက မြို့ရိုးလို ကြီးမားလေးလံသော သံချပ်ကာတွေကို ဝတ်ဆင်ထားကြပြီး သူက သူတို့ကို ကန်လို့ မရပါချေ။ သူ၏ခြေထောက်သာ နာကျင်သွားရသည်။
သူ၏မျက်နှာပျက် သွားရသည်။ ထို့ကြောင့် ဘုရင်ခံရွယ်၏ နောက်ခံကို အမှီပြု၍ သူက အားအင်ပြည့်ဝ သွားသလို ဓါးရှည်ကို ရုတ်ခြည်း ထုတ်ယူလိုက်သည်။
“အစားတွေစားပြီး သုံးစားမရတဲ့ ဟာတွေ၊ မင်းတို့က သူပုန်ကိုမှ သစ္စာရှိနေကြတာ၊ ဒီအရာရှိက မိုးကောင်းကင်ရဲ့ အလိုတော်အရ ဒီနေ့ မင်းတို့ မိမစစ် ဖမစစ်ကောင်တွေကို သတ်ပစ်မယ်”
သူက ဆဲရေးပြီး သတ်ဖြတ်ဖို့ လက်မြှောက် လိုက်စဉ်မှာ ဓါးရှည်တစ်လက်က ရုတ်တရက် အဝေးမှ ပျံလာလေသည်။
မိုတောက်ဓါးရှည်က သူ၏ ဓါးကိုင်ထားသော လက်ကို ဖြတ်ချလိုက်တော့သည်။
ကျန်းတုဝေက ပြတ်သွားသော သူ၏လက်မောင်းကို ဆုပ်ထားပြီး အော်သံ တစ်ချက် နဲ့အတူ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သန့်စင်သော မြင်းနက်ကြီးကို စီးပြီး မြင်းခွာလေးဘက်ကို မြှောက်၍ လူအုပ်အပေါ်မှ ခုန်ကျော်လာသည်။
သားရေခါးပတ်၊ စစ်ဖိနပ်နဲ့ အကောင်းစား အဝတ်ကို ဝတ်ဆင်ထားသော လူငယ်က ကျက်သရေရှိစွာနဲ့ တည်ကြည် ခံ့ညားလွန်းလှသည်။
တိုက်မြင်းက မြေပေါ်သို့ တည်ငြိမ်စွာ ဆင်းသက် လာသည်။
ရှောင်းယီက မြေပြင်ပေါ်မှာ စိုက်နေသော ဓါးရှည်ကို ဆွဲထုတ်လိုက်ပြီး ဓါးကို ကန့်လန့်ဖြတ် ကိုင်၍ စစ်သည်တစ်သိန်း၏ ရှေ့မှာ ရပ်လိုက်သည်။
သူက အပြုံးတစ်ချက်နဲ့ ဓါးကို လက်မှာကိုင်ရင်း ထက်မြသော ဦးချွန်ကို ဘုရင်ခံရွယ်သို့ ချိန်ရွယ်လိုက်သည်။
“ငါ့ရဲ့စစ်သည်တွေကို ထိပါးစော်ကားတဲ့ သူကို အပြစ်ပေးရမယ်၊ ငါ့ရဲ့စစ်သူကြီးကို ထိပါးစော်ကားတဲ့ သူကို အပြစ်ပေးရမယ်၊ ငါ့ရဲ့နိုင်ငံကို ထိပါးစော်ကားတဲ့ သူကို အပြစ်ပေးရမယ်”
ကျောက်တုံးလို ငြိမ်သက်နေသော စစ်သည်တစ်သိန်းက တစ်ပြိုင်နက်တည်း ဓါးတွေကို ဆွဲထုတ် လိုက်ကြသည်။
သူတို့က တစ်စိတ်တစ်ဝမ်းတည်းဖြင့် “ငါ့ရဲ့စစ်သည်တွေကို ထိပါးစော်ကားတဲ့ သူကို အပြစ်ပေး၊ ငါ့ရဲ့စစ်သူကြီးကို ထိပါးစော်ကားတဲ့ သူကို အပြစ်ပေး၊ ငါ့ရဲ့နိုင်ငံကို ထိပါးစော်ကားတဲ့ သူကို အပြစ်ပေး”
သံပြိုင်ဟစ်ကြွေးသံက မင်ကျန်းမြစ် တစ်လျှောက် ပဲ့တင်ထပ် သွားတော့သည်။
ထွက်ပေါ်လာသော အသံက နားပါအူစေသည်။
ရုတ်တရက် ဘုရင်ခံရွယ်၏ လက်ထဲမှာ ကိုင်ထားသော ဆေးတံက မီးစွဲသွားသည်။
သူက ရှောင်းယီကို အိုမင်းပြီး ခံစားချက်တွေ ရောနှောနေသော မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်သည်။
ဒီလူက ဘယ်လိုများ ပေါက်ကွဲမှုကနေ လွတ်မြောက် လာတာလဲ။
ဒါ့အပြင် သူက စစ်သည်တစ်သိန်းကိုတောင် သူ့ကိုဦးညွှတ်လာအောင် လုပ်ထားနိုင်သည်။
သူက ဆေးတံကို ဖွာရှိုက်၍ မသက်မသာဖြစ်မှုကို ချိုးနှိမ်ရင်း လှောင်ပြုံး ပြုံးလိုက်သည်။
“ကျန်းအိမ်တော်ကို အမတ်မင်းက သွေးချောင်းစီးအောင် သတ်ဖြတ်တယ်လို့ ဘယ်သူကမှ သက်သေ မလိုက်ကြဘူး ဆိုရင်တောင် မင်းက ရုံးတော် တရားသူကြီးကို ထိခိုက်စေသော ပြစ်မှုကိုတော့ မငြင်းနိုင်ပါဘူး၊ မင်း ဘယ်လို လက်တစ်လုံးခြား လုပ်ချင်သေးလဲ”
“ရုံးတော်တရားသူကြီး”
ရှောင်းယီက ငုံ့၍ ကျန်းတုဝေကို ခွေးသေ တစ်ကောင်လို စိုက်ကြည့်လိုက်ပြီး “သူနဲ့ ကျန်းရှီလန် ပေါင်းပြီး သစ္စာဖောက်တွေလို ကူညီထောက်ပံ့ရေး ငွေတွေကို ခိုးထားတာကမှ ရှက်စရာ ကောင်းတာ၊ အဲဒါကြောင့် သူ့ကိုယ်သူ ရုံးတော် တရားသူကြီးလို့ ခေါ်နေတာကို မရှက်ဘူးလား။ ကျန်းမိသားစုကတော့ အရှက်ကို မရှိကြဘူး၊ အိမ်တော်နဲ့ တိုင်းပြည်အတွက် စစ်သည်တွေကို ထိပါးစော်ကားတဲ့ အတွက်၊ သေရင်တောင် နှမြောစရာ မကောင်းသေးဘူး”
ဘုရင်ခံရွယ်နဲ့ ဘုရင်ခံချန်း၏ မျက်လုံးတွေက တစ်ချိန်တည်းမှာ အရောင်ပြောင်း သွားတော့သည်။
ရှောင်းယီ၊ သူက ဘယ်လိုလုပ်ပြီး ထောက်ပံ့ရေးငွေတွေ အကြောင်းကို သိသွားရတာလဲ။
***