အပိုင်း (၂၄၅)
ငါ့စခန်းထဲမှာအိပ်လိုက်
နန်းပေါင်ရီက သူ့ကို လက်ကိုင်ပဝါလေး ကမ်းပေးလိုက်သည်။
သူမက တင်းမာစွာနဲ့ “ဦးလေး၊ ကျွန်မကိုထပ်ပြီး အသုံးမချပါနဲ့တော့၊ ကျွန်မက ဦးလေး၏ ဘဝအကြောင်းကို ထောက်ရှုပြီး ဗွေမယူတော့ပေမယ့် ကျွန်မနဲ့ အစ်ကို ၂ ကိုထပ်ပြီး အသုံးချရဲရင်တော့ ဦးလေးကို အလွတ်ပေးမှာ မဟုတ်ဘူး”
ဝေ့ကျန်းနန်က လက်ကိုင်ပဝါကို ယူပြီး ပျော့ပျောင်းသော ရယ်သံနဲ့ “မမလေးက ဉာဏ်ကောင်းတာပဲ၊ ဒါပေမယ့် အရမ်းကို စာနာတတ်လွန်းတယ်”
“ကျွန်မရဲ့ ဘေးပတ်ဝန်းကျင်က လူတွေအားလုံးက သံလို မာကျောကြတာကို ခံစားရလို့ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေ အပေါ်မှာ ကရုဏာတရားနဲ့ စာနာတတ်ဖို့ မျှော်လင့်တာကြောင့်ပါ၊ ကျွန်မက ကောင်းသော အလုပ်အတွက် ဆုလာဘ်တွေရမယ် ဆိုတာကို အမြဲတမ်း ယုံကြည်တယ်”
နန်းပေါင်ရီက လှည့်ပြီး တဲလေးထဲသို့ လှမ်းဝင် သွားတော့သည်။
ဝေ့ကျန်းနန်က အပြင်ဘက်မှာ ရပ်ကျန်ခဲ့သည်။
“စိတ်ထားကောင်းခြင်းက ဆုလာဘ်ပဲ”
သူက ထိုစကားကို သဘောတွေ့သွားပြီး လှောင်ပြုံး ပြုံးလိုက်သည်။ သူက အထင်အမြင် သေးနေစေကာမူ ဓါးရှည်တစ်ချောင်းနဲ့ အပြင်ဘက်မှာ ရပ်ပြီး သက်တော်စောင့် တစ်ယောက်၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေသေးသည်။
ညတာက တဖြည်းဖြည်း နက်လာချေပြီ။
နန်းပေါင်ကျူးက ထိုအချိန်ထိ ပြန်မလာသေးပေ။ နန်းပေါင်ရီက မွေ့ရာအသေးလေး ထက်မှာ တစ်ယောက်တည်း အိပ်နေပေမယ့် အိပ်ပျော်ဖို့ ခက်လှသည်။
အဘိုးလေးနဲ့မို့ သူမက ကျူးကျူး မတော်တဆ တစ်စုံတစ်ခု ဖြစ်မှာကိုတော့ စိတ်မပူပါချေ။ ပထမဆုံး အကြိမ် စစ်တန်းလျားမှာ အိပ်ဖူးတာမို့ စစ်သည်တွေ၏ အဝေးက လေ့ကျင့်နေသံ သဲ့သဲ့ကို ကြားနေရပြီး ဒီနေရာက ယောက်ျားတွေ အများကြီး ရှိနေသည် ဆိုသောအသိက သူမကို သက်သောင့်သက်သာ မရှိအောင် လုပ်နေသည်လေ။
သူမက ဟိုလှိမ့်ဒီလှိမ့် လှိမ့်နေရင်း အိပ်မရပါချေ။ အိပ်ရာဝင်ခြင်းက လုံခြုံတယ်ဆိုသည့် ခံစားချက်ကို မခံစားရဘဲ ဆန့်ကျင်ဘက်အနေနဲ့ ချွေးတွေပါ ပြန်လာတော့သည်။
သူမက တိုးဖွဖွ သက်ပြင်းချ၍ မွေ့ရာပေါ်မှာ ထိုင်နေလိုက်ပြီး သူမယူလာသော သမိုင်းစာအုပ်ကို ထုတ်ကာ ရေနံဆီမီးအိမ် နှစ်လုံးအောက်မှာ စာအုပ်ကို လှန်လှောလိုက်သည်။
ဘေးဘက်က တဲကြီးထဲမှာတော့….
ရှောင်းယီက စစ်တပ်စခန်း တစ်ခုလုံးအတွက် အမိန့်ပေး စီမံခန့်ခွဲနေသည်။ စစ်တပ်ထဲက သူ့ဘက်တော်သားတွေ အားလုံး အသက်ရှင်ကြပြီး သူ့ကို ကာပြန်ချင်သော သူတွေ အားလုံးကတော့ လျှို့ဝှက် ကိုယ်ရံတော်များ၏ လက်ချက်နဲ့ သေကုန်ကြပြီး လူယုံတွေနဲ့ အစားထိုးထားသည်။
စစ်ရေး အမိန့်အာဏာက မှောင်မိုက်သော ညချမ်းမှာ တိတ်ဆိတ်စွာနဲ့ ပြောင်းလဲ သွားခဲ့လေပြီ။
ရှောင်းယီက အနက်ရောင် ပိုးသားညအိပ် ဝတ်စုံကို လဲလှယ်လိုက်သည်။ သူက အင်္ကျီကြိုးတွေ ချည်နေရတာကို ပျင်းရိလာပြီး ကော်လာကို ဒီအတိုင်း ဖွင့်ထားလိုက်သည်။ သူက နူးညံ့သော အကောင်းစား မွေ့ရာပေါ်မှာ လှဲလိုက်သည်။
နန်းကျောင်းကျောင်းရော ဘာလုပ်နေလေမလဲ….
စစ်တန်းလျားကတဲတွေက ရိုးရှင်းသည်။ သူမ အသားကျပါ့မလား.. အိပ်ပျော်နိုင်ပါ့မလားမသိ။
သူက ပေါ့ပေါ့ပါးပါးဖြင့် “ရှီးခူ၊ ဟိုဘက်တဲကို သွားကြည့်လိုက်”
ရှီးခူက ဘေးဘက်က တဲကိုသွားကြည့်ပြီး ဝေ့ကျန်းနန်ကို မေးလိုက်သည်။
“မိန်းကလေး ပေါင်ရီ အိပ်ပြီလား”
ဝေ့ကျန်းနန်က သူ့ကို အရူးတစ်ယောက်လို တစ်ချက် ကြည့်လိုက်ပြီး “ငါသိမယ်လို့ မင်းထင်နေလား”
သူက တဲ၏အပြင်မှာ ရှိနေတာဖြစ်ပြီး အနီးကပ်နေသော အစေခံတစ်ယောက် မဟုတ်ပေ။ သူက ထိုကောင်မလေး အိပ်မအိပ် ဆိုတာကို ဘယ်သိပါ့မလဲ။
ထို့ကြောင့် သူက ပြန်သွားပြီး အစီရင်ခံလိုက်သည်။
“သခင်လေး၊ ဝေ့ကျန်းနန်က ပြောပါတယ်၊ မိန်းကလေးပေါင်ရီ အိပ်ပြီလား မအိပ်သေးဘူးလား ဆိုတာကို သူမသိပါဘူးတဲ့”
ကန့်လန့်ကာ၏ နောက်ဘက်က တစ်ခဏမျှ တိတ်ဆိတ် သွားတော့သည်။
အချိန်အတန်ကြာမှ ရှောင်းယီက ထပ်ပြောသည်။
“ရှီးယန် မင်းသွားလိုက်”
ရှီးယန်က ဘေးဘက်ကတဲသို့ ပြေးသွားလိုက်သည်။
သူက တဲအပြင်ဘက်မှာ ရပ်ရင်း လေသံတိုးတိုးဖြင့် “မိန်းကလေး ပေါင်ရီ၊ သခင်လေးက မေးခိုင်းလိုက်ပါတယ်၊ မမလေး အိပ်ပြီလားတဲ့၊ တကယ်လို့ မအိပ်သေးဘူးဆိုရင် သူရဲ့တဲကိုလာပြီး စကားပြောနိုင်ပါတယ်တဲ့”
အချိန်မကြာ လိုက်ပါချေ။ နန်းပေါင်ရီက ခေါင်းအုံးလေးကို ပိုက်ပြီး ခုန်ပေါက် ပြေးထွက် လာတော့သည်။
သူမက ပါးလှပ်သော ညအိပ်ဝတ်စုံနဲ့ ပန်းရောင်ဖျော့ဖျော့ အပေါ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဖြူဖွေးနုနယ်သော မျက်နှာလေးက အလှပြင် ထားသလိုပင်။
သူမက နှာခေါင်းထိပ်လေးကို ပွတ်သပ်လိုက်ပြီး ရှက်ရွံ့စွာနဲ့ “ကျူးကျူးကလည်း ပြန်မလာသေးဘူး၊ ကျွန်မတစ်ယောက်တည်း အိပ်နေတော့ အရမ်းကြောက်တယ်၊ အစ်ကို ၂ နဲ့ စကားပြောချင်တယ်”
ရှီးယန်က နန်းပေါင်ရီကို တဲကြီးထဲသို့ ခေါ်လာခဲ့ပြီး ဆုလာဘ်အဖြစ် ရွှေစတွေ ရသွားတော့သည်။
ရှီးခူက အံ့အားသင့် သွားရသည်။
ထူးဆန်းလှချည်လား၊ ကလေးဘဝ ကတည်းက သူက ရှီးယန်လောက် ရွှေစတွေ အများကြီး မရခဲ့ဖူးပါချေ။
နောင်အနာဂတ်မှာ ဇနီးလေးကို ဘယ်လို တောင်းပန်ရပါ့မလဲ။ အရမ်း ဝမ်းနည်းစရာ ကောင်းတာပဲ….
ကန့်လန့်ကာနောက်မှာတော့….
နန်းပေါင်ရီက နူးညံ့သော ခပ်ပွပွ သိုးမွေေးစနဲ့ ရက်ထားသော ဖိနပ်လေးကို ချွတ်ပြီး စိတ်အား ထက်သန်စွာနဲ့ အတွင်းသို့ လှမ်းဝင်သွားတော့သည်။
အမတ်မင်း နေထိုင်သော တဲကြီးက ရိုးရှင်းလှသည်။ ရိုးစင်းသော သွင်ပြင်နဲ့ ကြေးဝါ မီးဆိုင်းကြီး တစ်လုံးရှိပြီး နူးညံ့သော မွေ့ရာတစ်ခုရယ် စားပွဲနဲ့ ထိုင်ခုံတစ်စုံရယ်သာ ရှိသည်။
အမတ်မင်းက ထိုင်ခုံမှာထိုင်နေပြီး စစ်ရေး နည်းဗျူဟာ စာအုပ်ကို ဖတ်ရှုနေသည်။
“အစ်ကို ၂….”
မိန်းကလေး၏အသံက သာယာလှသည်။
ရှောင်းယီ၏ မျက်နှာက အေးစက်ပြီး ခန့်မှန်းလို့ မရနိုင်ပေ။ သူက တည်ကြည်စွာနဲ့ စာရွက် နောက်တစ်မျက်နှာကို လှန်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ပထမဆုံး စစ်တန်းလျားမှာ အိပ်တာဆိုတော့ အိပ်မပျော်ဘူးမလား”
“စိတ်ထဲမှာ နည်းနည်း ကြောက်နေတယ်၊ အိပ်လို့မရဘူး”
နန်းပေါင်ရီက ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။
ရှောင်းယီက သူ၏ မောင်နှမအရင်းလို ဂရုစိုက်မှုကို စတင်ဖော်ပြတော့သည်။
“ငါ့တဲမှာအိပ်”
နန်းပေါင်ရီက ခေါင်းအုံးကို ပိုက်ရင်း သူ၏ နူးညံ့သော အိပ်ရာကို တစ်ချက် ကြည့်လိုက်သည်။
ရှောင်းယီက နှုတ်ခမ်းပါးတွေကို စေ့ထားရင်း အသံနိမ့်နိမ့်ဖြင့် “ဒီနေ့မှ အစေခံတွေက လဲပေးထားတာ၊ မညစ်ပတ်ဘူး”
“ညီမလေးက အစ်ကို ၂ ကို မကြိုက်တာမျိုး မဟုတ်ပါဘူး….”
နန်းပေါင်ရီက အိပ်ရာပေါ်မှာ လှဲရင်း စောင်ကို ဆုပ်ကိုင်၍ မျက်ဝန်း တောက်တောက် တစ်စုံကို လှစ်ဟရင်း “ဒီလိုပါ၊ ညီမလေးက အစ်ကို့ရဲ့ နူးညံ့တဲ့ မွေ့ရာကို အပိုင်စီးလိုက်ရင် အစ်ကိုက ဒီည ဘယ်မှာအိပ်မှာလဲ”
“ဒီည စစ်တပ်ရဲ့ အာဏာကို လွှဲပြောင်းဖို့အတွက် လုပ်ရမှာ၊ ငါအိပ်လို့မရဘူး”
ရှောင်းယီက စာမျက်နှာ နောက်တစ်ရွက်ကို လှန်လိုက်ရင်း “ငါ့ကို ဂရုစိုက်ဖို့ မလိုဘူး”
နန်းပေါင်ရီက ဘာမှထပ်မပြောတော့ပေ။
အလင်းရောင်က မြူးတူး ကခုန်နေသည်။
သူမက အမတ်မင်း၏ ကြီးမားသော သံချပ်ဝတ်တန်ဆာ ချိတ်ထားသော တဲထောင့်စွန်းလေးကို ငေးကြည့် နေသည်။ ထိုသံချပ်ကာက အကောင်းစား သံနဲ့ပြုလုပ်ထားပြီး လေးလံလှသည်။ အနက်ရောင် သံချပ်ကာ၏ အဟလေးတွေမှာ သွေးစီးကြောင်းတွေနဲ့ စွန်းပေနေပြီး သုတ်ဖယ်ပစ်ဖို့ ခက်ခဲလွန်း လှသည်။
သူမက စားပွဲမှာ ထိုင်နေသော လူငယ်ကို ကြည့်လိုက်ပြန်သည်။ သူက နက်ရှိုင်းပြီး ယောကျ်ား ပီသလှသည်။ တည်ငြိမ်ရင့်ကျက်ပြီး မြဲမြံသော စိတ်ဓါတ်ရှိသည်။ သူက အသက်ဆယ့်ကိုးနှစ်သာ ရှိသေးသည်ဟု မထင်ရပါချေ။ သူက တစ်ပါးသောသူကို ဦးညွှတ်လေ့ မရှိသူဖြစ်သည်။
အသက်ဆယ့်ကိုးနှစ် အရွယ် တခြား သခင်လေးတွေဆိုရင် ကြက်တိုက်၊ လောင်းကစားအပြင် မောင်းမတွေနဲ့ ပျော်ပါး နေတတ်ကြပြီး သူတို့ ဘိုးဘေးဘီဘင်တွေ၏ အရာရှိဂုဏ်ပုဒ်ကို အကာအကွယ်ယူ၍ အရာရှိနေရာမှာ ထိုင်တတ်ကြသည်။ သို့သော်လည်း သူကတော့ စစ်မြေပြင်မှာ အောင်မြင်မှုတွေကို ဆွတ်ခူးခဲ့ပြီး အမတ်မင်းဆိုသော နေရာကို ရယူခဲ့တာဖြစ်သည်။
နန်းပေါင်ရီက သူ၏အခက်အခဲတွေကို နားလည်တာကြောင့် မွေ့ရာလေး၏ ဘေးဘက်ကို ရွေ့သွားလိုက်သည်။ သူမက အိပ်ရာတစ်ဖက်ခြမ်းမှာ လှလှပပလှဲရင်း ရှောင်းယီ လဲလှောင်းပြီး အနားယူဖို့အတွက် နေရာ လုံလုံလောက်လောက် ပေးထားလေသည်။
ညတာက ရှည်လျားလှပေသည်။
ရှောင်းယီက စာအုပ်ကို လှန်ထားပေမယ့် မဖတ်နိုင်ပါချေ။ သူက မျက်လုံးတွေကို ပင့်၍ ကောင်မလေးဆီ အကြည့်ပို့လိုက်သည်။
သူမက အိပ်ရာခင်း၏ သေးငယ်သော အစိတ်အပိုင်းလေးကိုသာ ယူပြီး ဖြောင့်တန်းစွာ အိပ်နေသည်။ အိပ်ရာ၏ အပိုင်း တော်တော်များများကိုတော့ ချန်လှပ်ထားသည်။
သူမက သူ့ကို အားနာနေတာကြောင့် ညဉ့်နက်သန်းခေါင်မှာ တိတ်တဆိတ် ဖိတ်ခေါ်ထားသယောင် ထင်မှတ်ရသည်။
အိပ်မယ်၊ မအိပ်ဘူးဆိုတာက ပြဿနာကြီးပင်။
သူက စာရွက် အနည်းငယ်ကို ထပ်လှန်လိုက်ပေမယ့် စာတစ်လုံးမှ သူမဖတ်မိပါချေ။ အချိန်ခဏအကြာ မှာတော့ သူက စာအုပ်ကို ချလိုက်ပြီး မွေ့ရာပေါ်မှာ ထိုင်လိုက်သည်။
နန်းပေါင်ရီအတွက် စောင်ခြုံပေးနေစဉ်မှာ သူမလာသော အချိန်တုန်းက နှုတ်ခမ်းနီ ထပ်ပြီး ဆိုးလာတာကို သူသတိထားမိသည်။ သူမ၏ နှုတ်ခမ်းလေးပေါ်က အနီရောင် နှုတ်ခမ်းနီရာတွေဟာ ဖြူဖွေးနေသော အိပ်ရာပေါ် စွန်းပေနေသည်။
သူ၏လက်ချောင်းတွေက ထိုအနီရောင် အမှတ်လေးပေါ်သို့ တို့ထိလိုက်သည်။ သူ၏နှုတ်ခမ်းပါးတွေက ကွေးညွတ်သွားပြီး အနည်းငယ် စောင်း၍ အနီရောင် အမှတ်လေးကို နမ်းရှိုက်လိုက်သည်။
တစ်ဖက်မှာတော့….
နန်းပေါင်ကျူးက နိုင်ဝမ်ကျိုးကိုခေါ်ပြီး ကြီးမားသော စစ်စခန်းကြီးကို သူခိုးလေးလို ထောက်လှမ်းရေး လုပ်နေလေသည်။ သူမ၏လက်ထဲမှာတော့ မီးတုတ်တစ်ခုကို ကိုင်ထားပြီး အနီရောင် မီးတုတ်က တစ်ဝက်လင်းနေပြီး အနီရောင် ဖယောင်းစက်တွေက ဖြည်းညင်းစွာ တစက်စက် ကျနေသည်။
“ဒါဘယ်နေရာလဲ”
နန်းပေါင်ကျူးက ခေါင်းလေးကို တိုး၍ ကြည့်လိုက်သောအခါ တဲအတွင်းမှာ သေတ္တာတွေ အများကြီးကို တွေ့လိုက်ရသည်။
နိုင်ဝမ်ကျိုးက သစ်သား သေတ္တာကို ဖွင့်လိုက်သည်။ ထိုထဲမှာ မရေမတွက် နိုင်သော ငွေချောင်းတွေကို အစီအရီ ထပ်တင်ထားသည်။ သူက တစ်ခုကို ထုတ်ယူလိုက်သည်။ ငွေချောင်း၏ အခြေမှာ အစိုးရ စည်းတံဆိပ်ကို ရိုက်နှိပ်ထားပြီး ရှန်ကျင်းက သင်္ဘောနဲ့ ပို့လာတာဖြစ်သည်။
သူက တင်းမာသော မျက်နှာထားနဲ့ “ရှန်ကျင်းချောင်းတန်က ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး အတွက် ခွဲဝေပေးသော ငွေတွေပဲ”
“ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် ငွေတွေ”
နန်းပေါင်ကျူးက အံ့ဩသွားပြီး “ဒီမှာ သေတ္တာတွေ အများကြီးပဲ၊ ငွေစသန်းနဲ့ ချီမှာမလား အပြင်မှာလည်း အစောင့်တစ်ယောက်မှ မချထားဘူးဆိုတော့ အခိုးခံရမှာကို မကြောက်ဘူးလား”
သူမက မီးတုတ်ကို မစောင်းကြည့်ဘဲ မနေနိုင်တော့ချေ။ အနီရောင် ဖယောင်းစက်က ငွေချောင်းတွေပေါ်သို့ ကျသွားတော့သည်။
“ရား…”
နန်းပေါင်ကျူးက ခပ်ဖျော့ဖျော့ ငိုသံထွက်လာပြီး အနီရောင် ဖယောင်းစက်တွေကို မသုတ်ဖယ်ရသေးခင် အပြင်ဘက်က ကင်းလှည့်နေသော စစ်သည်တွေ၏ ခြေသံကို အဝေးမှ ကြားလိုက်ရသည်။
“မြန်မြန်”
နိုင်ဝမ်ကျိုးက သစ်သားသေတ္တာကို ပြန်ဖုံးလိုက်ပြီး နန်းပေါင်ကျူးကို ဆွဲ၍ တဲထဲမှ ထွက်ပြေးဖို့ပြင်သည်။
သူတို့နှစ်ဦးက နားနေဖို့တဲကို ပြန်ပြေးလာခဲ့ပြီး ဝေ့ကျန်းနန်ဆီကနေ နန်းပေါင်ရီက တစ်ဖက်တဲမှာ ဒီညနေမယ် ဆိုတာကို သိလိုက်ရသည်။
နန်းပေါင်ကျူးက အနီရောင် မီးတုတ်ကို ချလိုက်ပြီး ရေရွတ်နေသည်။
“ကျောင်းကျောင်းနဲ့ သူ့အစ်ကို ၂ ရဲ့ ဆက်ဆံရေးက အရမ်းကောင်းတာပဲ၊ တကယ်ကို အားကျစရာပဲ”
နိုင်ဝမ်ကျိုးက သူမ၏နောက်မှာ ရပ်နေသည်။ သူ၏လက်တွေက နန်းပေါင်ကျူး၏ နူးညံ့သော ခါးလေးကို သိမ်းပွေ့လိုက်ပြီး တည်ငြိမ်စွာနဲ့ ဝတ်စုံဇာပါးလေးကို သူ၏ ပါးပြင်နဲ့ ပွတ်သပ်လိုက်သည်။
သူ၏မေးဖျားလေးက သူမ၏ပခုံးပေါ်မှာ နားခိုရင်း ဝံပုလွေလို မျက်လုံးတွေ၊ နူးညံ့ပျော့ပျောင်းသော အသံလေးနဲ့ “ငါ့မှာလည်း သခင်မလေးနဲ့ ဆက်ဆံရေး ကောင်းရှိတာပဲ…..”
***