အပိုင်း (၂၄၆)
ကြင်နာစွာ သူမခါးလေးကို သိမ်းပွေ့လိုက်တယ်
ဇာပန်းထိုးထည်က ပြေလျော့သွားသည်။
မိန်းကလေး၏ အစိမ်းရောင် ပန်းထိုးဝတ်စုံလေးက ကြမ်းပြင်ပေါ်သို့ ဖွဖွလေး ကျသွားသည်။
ညခင်းလေပြည်က အနည်းငယ် အေးစက်သော အငွေ့အသက် ရောပါလာပြီး တဲအတွင်းသို့ တိုးဝှေ့လာပြီး မိန်းကလေး၏ အဖြူရောင် ပိုးသား ဘောင်းဘီရှည်ကို ညင်သာစွာ ခစားသည်။ ဖြောင့်စင်းသော ပေါင်တံ သွယ်ရာလေးကို ထင်းသွားစေပြီး ခေါင်းအစ ခြေအဆုံး ဘွားခနဲ ပေါ်လာလေသည်။
နန်းပေါင်ကျူးက အနည်းငယ် တောင့်တင်းသွားသည်။
သူမ၏နောက်က အစေခံငယ်လေး၏ အသံက အနည်းငယ် မသဲမကွဲ ဖြစ်နေပြီး ဒီညမှ တစ်ချက်ချင်းစီက ဆွဲဆောင်နေသလိုပင်။
သူမက တုံ့နှေးနှေးနဲ့ “နောက်ကျနေပြီ…နောက်ကျနေပြီ….”
နိုင်ဝမ်ကျိုးက ပန်းပွင့်ကိတ်မုန့်ကို သူမ၏ပါးစပ်ထဲသို့ သာမန်လိုပင် သွတ်သွင်း ပေးလိုက်ပြီး “မမလေး၊ စားကြည့်”
ပန်းပွင့်ကိတ်၏ ချိုမြိန်မှုက နန်းပေါင်ကျူးကို လုံခြုံသော ခံစားချက်ကို ပေးစွမ်းသည်။
သူမက မျက်ခုံးတွေကို တွန့်ကွေးရင်း “နင်ပဲ ငါ့အကြောင်းသိတယ်၊ တကယ်က ညလယ်ခေါင်ဆိုတာ အစားစားဖို့ ကောင်းသောအချိန်ပဲ၊ ပူပူစပ်စပ် အမဲသားဟင်း တစ်ခွက်လောက်ဆိုရင် အကောင်းဆုံးပဲ၊ အရမ်း အရသာရှိမှာ၊ ဒါပေမယ့် သာမန်လူတွေကတော့ ညခင်းညဉ့်နက်ရင် အစားမစားကြတော့ဘူး၊ ရယ်စရာပဲ”
နိုင်ဝမ်ကျိုးက ပြုံးလိုက်ရင်း ဝံပုလွေလို မျက်ဝန်းတွေက ဆန်းသစ်စ လခြမ်းလေးလို ကွေးညွတ်သွားသည်။
သူမ၏ဝမ်းဗိုက် အထက်ပိုင်းကို ရစ်တွယ်ထားသော လက်ချောင်းတွေကို ဖြေလိုက်ပြီး မိန်းကလေးက နောက်သို့ လိုက်ပါသွားသည်။
ဧပြီလ၏ နွေဦးနှောင်းပိုင်းမှာ သူမက ဝတ်ရုံ၏အောက်မှာ ရိုးစင်းသော ပိုးသားဘောင်းဘီကို ခါးမှာ ဝတ်ဆင်ထားသည်။
နိုင်ဝမ်ကျိုး၏ လက်ချောင်းတွေက အမှတ်တမဲ့နဲ့ သူမ၏နောက်ကျောကို ပွတ်သပ်နေသည်။
မီးအိမ်၏ အလင်းနဲ့ အရိပ်တွေက မှုန်ဝါးဝါး ဖြစ်နေသည်။ သူမ၏ အသားအရေက နူးညံ့ပြီး ပေါက်ထွက်လာသလို နောက်ကျောက လိပ်ပြာတောင်ပံနှစ်ခုက ကျောက်စိမ်းဖြူ၏ ကောက်ကြောင်းလို သွယ်လျပြီး လှပလွန်းလှသည်။
အရမ်းချစ်စရာကောင်းတယ်….
အသက်ဆယ့်သုံးနှစ်အရွယ် ကောင်လေး၏ မျက်ဝန်းက နက်မှောင်သွားပြီး နှုတ်ခမ်းစွန်းတွေက ကော့ဖြာတက်သွားသည်။
နန်းပေါင်ကျူးက ပန်းပွင့်ကိတ်ကို စားလို့ပြီးချေပြီ။
သူမက ဘေးပတ်ချာလည်ကို လှည့်ကြည့်ပြီး အလွန် စိတ်မသက်မသာဟန်နဲ့ “နောက်ကျနေပြီ၊ နင်က ဘာလို့ငါ့ကို စိုက်ကြည့်နေတာလဲ”
သူမ တွေ့တာတော့ သူမ၏အစေခံငယ်လေးက ခေါင်းမကောင်းတော့ တာပဲလားမသိ၊ သူက သူမကို တွေဝေနစ်မြောနေဟန်နဲ့ စိုက်ကြည့်နေလေသည်။ သူမက တစ်ခါတစ်ရံမှာ အဓိပ္ပါယ် အမျိုးမျိုး သက်ရောက်သလို ငေးမောနေတတ်သည်က ဆန်းကြယ်လှသည်။
နိုင်ဝမ်ကျိုးက အပြုံးသဲ့သဲ့ဖြင့် “မမလေးက လှလို့ ကိုယ့်ဘာသာကိုယ်တောင် သတိမထားမိဘဲ ငေးနေမိတာ”
“ပုံမှန်ပါပဲ”
နန်းပေါင်ကျူးက ဂုဏ်ယူနေဟန်နဲ့ သူ၏လက်လေးကို ရင်းနှီးစွာ ဆွဲကိုင်လိုက်ပြီး “ဒီနေ့ နင့် ဆံထုံးက အရမ်းတွေ ရှုပ်ယှက်ခတ်နေတယ်၊ နင့်ကိုငါ ဆံထိုးတွေ အရင်ဖြေပေးမယ်၊ ပြီးမှ နင်က ငါ့ဆံပင်တွေကို ကူပြီး ဖြီးပေးတော့”
သခင်နဲ့အစေခံက မွေ့ရာလေးပေါ်မှာ တင်ပျဉ်ခွေချိတ် ထိုင်လိုက်ကြသည်။ နန်းပေါင်ကျူးက နိုင်ဝမ်ကျိုး၏ ဆံပင်ရှည်တွေကို သေချာဂရုတစိုက် ဖြီးသင်ပေးနေသည်။
အနီရောင် မီးတောက်လေး၏ အလင်းရောင် အောက်မှာ အစိမ်းရောင် ပိုးသားညအိပ် ဝတ်စုံလေးက တွဲလျားကျနေသည်။
လှပချောမောသော မျက်နှာလေးနဲ့ သူ၏ မိန်းကလေးလိုလို ယောကျ်ားလေးလိုလို နှုတ်ခမ်းလေးက နီရောင်သန်းသလို ဖြူဖျော့နေသလို။ အလှဆုံးက မြေခွေးလို မျက်ဝန်းတစ်စုံဖြစ်သည်။ မျက်လုံးအိမ် အဖျားလေး တွေက မက်မွန်ပွင့်လေးတွေလို အလွန်ဆွဲဆောင်မှု ရှိလှသည်။
“ဝမ်ဝမ်လည်း အရမ်းလှတာပဲ….”
နန်းပေါင်ကျူးက မချီးကျူးဘဲ မနေနိုင်တော့ပါချေ။
နိုင်ဝမ်ကျိုးက ပန်းနုရောင်နှုတ်ခမ်းပါးတွေကို တွန့်ကွေးရင်း “ကြိုက်လား၊ မမလေး”
“ငါကြိုက်တယ်”
နန်းပေါင်ကျူးက သူ၏ပခုံးလေးတွေကို ဖက်ရင်း ချစ်ခင်မြတ်နိုးစွာနဲ့ “ဝမ်ဝမ်၊ ငါတို့ ညီအစ်မကောင်းတွေ ဖြစ်နေကြပြီဆိုတော့ အခုကစပြီး လူတစ်ယောက်တည်းကိုပဲ လက်ထပ်ကြရအောင်”
နိုင်ဝမ်ကျိုး “…..”
“ငါပြောပြမယ်၊ ငါက အသက်ပိုကြီးတယ်၊ နင်ကငယ်တယ်၊ မပူပါနဲ့၊ ငါက နင့်ကို တခြားမောင်းမတွေ လှောင်ပြောင် စော်ကားလာရင် ကာကွယ်ပေးပါ့မယ်၊ နင်မွေးလာတဲ့ ကလေးကိုလည်း ငါ့ကလေးလိုပဲ သဘောထားပြီး စောင့်ရှောက်ပေးမယ်၊ နင်ပျော်တယ်မလား”
နိုင်ဝမ်ကျိုး “…..”
တောင်းပန်တယ်၊ ငါ့မှာ ကလေးမွေးနိုင်သော စက်ပါမလာဘူး….
ပြီးတော့ မောင်းမတစ်ယောက် ဖြစ်တာကလည်း သူ့ကို လုံးဝ မပျော်စေပါဘူးနော်…
ညတာက မင်နက်လို မည်းမှောင်လာသည်။
ပတ်ဝန်းကျင်မှာတော့ ကြယ်တွေ စုဝေးနေကြပြီး ရှည်လျားသော ညခင်း၏ အဆုံးသတ်က ရောက်လာပေတော့မည်။
ဘေးဘက်က တဲထဲမှာတော့ နူးညံ့သော မွေ့ရာက အလွန်ရိုးရှင်းလှပြီး နန်းပေါင်ရီက ငြိမ်းငြိမ်းချမ်းချမ်း မအိပ်စက်နိုင်ပါချေ။
သူမက တွေငေးငေးနဲ့ နိုးလာသောအခါ အမတ်မင်းက မွေ့ရာလေး၏ အပြင်ဘက်မှာ မြင်နေကျလို ပုံစံမျိုးနဲ့ လှဲနေတာကို တွေ့လိုက်ရသည်။
သူက မနေ့ညက တစ်ညလုံး ကောင်းကောင်း မနားရပါချေ။ သူ၏မျက်လုံးတွေ ကြားမှာ ပင်ပန်းနွမ်းနယ်မှုတွေက ပုန်းကွယ်နေသည်။
သူမက သူ၏မျက်ခုံးတွေကြားက ပင်ပန်းမှုတွေကို လျော့ကျစေဖို့ လက်လေးနဲ့ ဖြေလျှော့ပေးမိသည်။ သူမ၏လက်ချောင်းတွေနဲ့ ထိထိချင်းမှာပဲ ထိုသူ၏လက်မောင်းတွေ ကြားထဲသို့ လှိမ့်ဝင်သွားရပြီး သူမကို ဖိချုပ်ထားတော့သည်။
“ပြဿနာမရှာနဲ့….”
သူ၏အသံက နက်ရှိုင်းပြီး တိုးညင်းလှသည်။ သူ၏အသက်ရှူ သံကလည်း အနည်းငယ် လေးဖင့်နေသည်။
သူ၏မျက်လုံးတွေကို မှိတ်ထားပြီး သူမ၏ ပါးပြင်မို့လေးပေါ်သို့ သမရိုးကျ ရင်းနှီးနေသလို အနမ်းတစ်ပွင့် ခြွေချလိုက်သည်။
ကြီးမားသော လက်ဖဝါးပြင်က အသားမာ ခပ်ပါးပါး ထင်နေပြီး အိပ်ရာခင်းပေါ်မှာ စောင်းတင်ကာ သူမ၏ခါးလေးကို ကြင်နာစွာ သိမ်းပွေ့ထားသည်။
လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက သူ၏ဇနီးလေး သက်သောင့်သက်သာ ရှိဖို့ပင်….
နန်းပေါင်ရီက မူးမေ့သတိလစ်မတတ် ဖြစ်သွားရသည်။
အမတ်မင်းက သူ၏အိပ်ဖော် မောင်းမတစ်ယောက်လို သူမကို ဆက်ဆံနေတာလား။
သူမ၏ခန္ဓာကိုယ်က တင်းနေသော လေးကြိုးလို တောင့်တင်းသွားပြီး သူမ၏ လက်ချောင်းတွေကို မလှုပ်ရှားရဲတော့ပါချေ။
အချိန်အကြာကြီး နေတော့မှ ခေါင်းအထက်က ရှည်လျားသော အသက်ရှူသံကို နားထောင်ရင်း သူမက အိပ်ရာပေါ်မှ ညင်သာစွာနဲ့ လှိမ့်ထွက်လိုက်သည်။ အိပ်ရာအစွန်က ဝတ်ရုံကို ကောက်ယူပြီး တဲထဲကနေ ထွက်ပြေးသွားတော့သည်။
သူမက တဲအပြင်ဘက်မှာ မှီရင်း မီးငှက်မျက်လုံးရွှဲကြီးတွေက မက်မွန်ပွင့်ဖတ်လေးတွေ တင်ကျန်နေသည်။ သူမ၏မျက်ဆံအိမ်ငယ်က စိုစွတ်နေပြီး ပါးပြင်လေးတွေကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားလွန်းစွာ မောဟိုက်နေလေသည်။
တဲထဲမှာတော့….
ရှောင်းယီ၏ မျက်လုံးတွေက ပွင့်လာခဲ့သည်။ သူက အရသာလေး တင်ကျန်ခဲ့သလို နှုတ်ခမ်းထောင့်စွန်းကို လျှာနဲ့သပ်လိုက်သည်။ သူ၏မျက်လုံးတွေထဲမှာတော့ အပျော်တွေက ပုန်းခိုနေပြီး အောင်မြင်မှုကို ဆွတ်ခူးနိုင်သော ဝံပုလွေတစ်ကောင်ကဲ့သို့။
သူက လှည့်ပြီး တဲကိုမှီလိုက်သည်။ ပိုးသားကန့်လန့်ကာက ထွင်းဖောက်မြင်ရအောင် ကြည်လင်နေပြီး ကောင်မလေး၏ မိန်းမပျိုလေး တစ်ယောက်လို ပုံရိပ်လေးက ထင်ဟပ်နေသည်။
သူ၏မျက်ဆံအိမ်က တဖြည်းဖြည်းနဲ့ နက်သထက် နက်လာတော့သည်။
မနက်ခင်းတိုင်းမှာ ဒီကောင်မလေးကို ဖက်ထားခွင့်ရရင် အရမ်းကောင်းမှာပဲ….
နောက်ထပ် တစ်နှစ်နဲ့ နှစ်တစ်ဝက်လောက် နေရင် နန်းကျောင်းကျောင်းက အရွယ်ရောက်ပြီလေ….
သူမ အရွယ်ရောက်သော အခါကျရင် တခြားသူတွေထက် အရင် သူက ချက်ချင်း သူမကို လက်ထပ်ခွင့်တောင်းမှာ ဖြစ်သည်။
ဒီငယ်ရွယ်သော အမတ်မင်းက သူ၏မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ ပစ္စည်းစာရင်းကိုပါ စဉ်းစားပြီးလေပြီ။
တဲအပြင်ဘက်မှာတော့…..
နောက်ဆုံးတော့ နန်းပေါင်ရီ၏ နှလုံးသားလေးက တည်ငြိမ်သွားပြီး ဝတ်ရုံကို မြဲမြံအောင်ဝတ်ရင်း ထွက်သွားသောအခါ ရှန်းရိချောင်နဲ့ တိုက်မိတော့သည်။
သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး စိတ်ပျက် အံ့အားသင့် သွားတော့သည်။
ရှန်းရိချောင်က ဝတ်ရုံလက်ကို ခါလိုက်ရင်း “သူနိုးပြီလား”
“အိပ်နေတုန်းပဲ”
နန်းပေါင်ရီက အသံကိုနှိမ့်လိုက်ပြီး “တစ်ခုခုဖြစ်လို့လား”
“ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ ရှန်ကျင်းက လာသော ကိုယ်ရံတော်တွေနဲ့ ရောက်လာသော ဘဏ္ဍာထိန်းက ဘေးအန္တရာယ်အတွက် ကူညီကယ်ဆယ်ဖို့ ငွေတွေကိုအပ်ပြီးပြီလို့”
နန်းပေါင်ရီက ခေါင်းညိတ် လိုက်သည်။ သူမက တဲအတွင်းကို လှည့်ကြည့်လိုက်ရင်း ရှောင်းယီ၏ နွမ်းနယ်နေသော မျက်နှာလေးကို တွေးမိပြီး တိုက်တွန်းလိုက်သည်။
“တကယ်လို့ အရေးတကြီးကိစ္စ မဟုတ်ရင် အစ်ကို ၂ နိုးလာမှ ပြောကြပါလား၊ ညက သူအိပ်တာ အရမ်းနောက်ကျတယ်၊ တစ်ညလုံး သူပင်ပန်းထားတာ”
တစ်ညလုံး ပင်ပန်းထားတယ်
ရှန်းရိချောင်က နန်းပေါင်ရီကို စေ့စေ့စပ်စပ် ကြည့်လာသည်။
တဒင်္ဂအကြာမှ သူက ခံစားချက် ဗလာမျက်နှာထားနဲ့ “သူ့ကို ပိုပြီး ချုပ်တီးထားဖို့ မတောင်းဆိုဘူးလား”
ချုပ်ထိန်းရမယ် ..
နန်းပေါင်ရီက ခဏမျှ စဉ်းစားလိုက်ပြီး ရှန်းရိချောင်ကို တိတ်တိတ်လေး မှတ်ချက် ချလိုက်သည်။
‘သူက သူရဲ့အစ်ကို ၂ ကိုအရမ်းခက်ခဲသော အလုပ်တွေ မလုပ်စေချင်တာဖြစ်မယ်’
လေးနက်သော မျက်နှာထားနဲ့ သူမက ခပ်တင်းတင်း ပြန်ဖြေလိုက်သည်။
“ကျွန်မ ပြောတာပေါ့”
နန်းပေါင်ရီ ထွက်သွားပြီး သောအခါ ရှန်းရိချောင်က တဲထဲသို့ ဝင်သွားသည်။
သူက ရှောင်းယီကို ကြည့်လိုက်ပြီး “ညနက်ချိန်မှာ ဘုရင်ခံရွယ်ရဲ့ သစ္စာတော်ခံတွေ အားလုံးကို သုတ်သင် ရှင်းလင်းပြီးပြီ၊ စစ်သည် တစ်သိန်းက အစ်ကို့ လက်အောက်ကို ရောက်လာပြီ”
ခြေချိတ်ထိုင်ရင်း ရှောင်းယီက ခပ်ဟက်ဟက် ရယ်မောလိုက်သည်။
“မှန်းကြည့်စမ်း၊ ဘုရင်ခံရွယ် ဘာလုပ်လိမ့်မယ်ထင်လဲ”
“လက်တုံ့ပြန်မှာပေါ့”
ရှန်းရိချောင်က အသံပြင်းပြင်းနဲ့ “မနေ့ညက အရမ်း အလျင်လိုသွားတယ်”
ရှောင်းယီက ရယ်ရုံသာရယ် နေသည်။
သူထရပ်ပြီး အဝတ်အစားတွေကို လဲလှယ်လိုက်သည်။
“စစ်သည်တွေက ပိတ်တားထားလိမ့်မယ်၊ ရေတွေက မြေပြင်ကို ဖုံးလွှမ်း သွားလိမ့်မယ်၊ စစ်သည်တစ်သိန်း က ငါ့ရဲ့ စစ်သည် နှစ်သောင်းနဲ့ပေါင်းရင် ဘုရင်ခံက အင်အားလေးသိန်းရဲ့ အထက်မှာ ထိုင်နေရင်တောင် ငါကဘာလို့ ကြောက်နေရမှာလဲ”
သူ၏အသံ အနေအထားက ပေါ့ပေါ့ပါးပါး ဖြစ်နေပြီး စိတ်ကြီး ဝင်ပြီးရင်း ဝင်နေပုံပင်။
ရှန်းရိချောင်က လက်ကို ယှက်လိုက်ပြီး အမူအရာက တည်ငြိမ်နေသည်။
တနည်းအားဖြင့် ဤသည်က ထိုသူ၏ ဆွဲဆောင်မှုရှိသော ဟန်ပန်တစ်ခုပင်။ တခြားသူတွေက အင်အား နည်းနည်းများများ မနိုင်နိုင်ပါချေ။ ရှောင်းယီ လုပ်နိုင်မယ်လို့ သူခံစားရသည်။
နေ့ခင်းပိုင်းမှာတော့ နန်းပေါင်ရီက စစ်တန်းလျားက ပြန်သွားတော့မည်။
နန်းပေါင်ကျူးက မြင်းစီးသင်ချင်နေပြီး နိုင်ဝမ်ကျိုးနဲ့အတူ မြင်းနှစ်ကောင်ကို စီး၍ ကျင်းကွမ်မြို့တွင်းသို့ အရင်ပြန်သွားပြီ ဖြစ်သည်။
နန်းပေါင်ရီနဲ့ ရှောင်းယီက တဲအတွင်းမှာ နှုတ်ဆက်စကား ပြောနေသည်။
တဲထဲသို့ ဖြတ်သန်း ဝင်လာသော လေက ကောင်မလေး၏ နူးညံ့သော အစိမ်းရောင် ပိတ်ကျဲဝတ်စုံကို ဟိုမှသည်မှ တိုးဝှေ့ တိုက်ခတ်နေသည်။
သူမက ရထားလုံးကို ခေါ်ထားပြီး ရှောင်းယီကို ပြန်ကြည့်လိုက်သည်။
“ရှန်းသခင်လေးက ညီမလေးကို မှာတယ်၊ အစ်ကို ၂ ကို ညဘက်ကျရင် ပိုပြီး ချုပ်ထိန်းထားဖို့ ပြောပါတဲ့”
ရှောင်းယီက ပြုံးစစဖြင့် “ကျောင်းကျောင်းက မွေ့ရာပေါ်မှာ ရှိနေတာဆိုတော့ ငါက ထိန်းချုပ်ဖို့ ခက်နေမှာ ကြောက်ရတယ်”
နန်းပေါင်ရီက အနည်းငယ် တောင့်ခဲသွားသည်။
ဒီအသံကဘာလို့ ထူးဆန်းနေရတာလဲ…
သူမက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ “အစ်ကို ၂၊ ညီမလေး ပြန်တော့မယ်နော်”
“လမ်းမှာဂရုစိုက်”
နန်းပေါင်ရီက ငြိမ်သက်နေသည်။
သူမကြားချင်တာက ဒီစကား မဟုတ်ဘူးလေ….
သူမက ရှောင်းယီကို အကြည့်နက်နက်နဲ့ စိုက်ကြည့်လိုက်ပြီး မျက်လုံးထဲမှာတော့ နှစ်သက်မြတ်နိုးခြင်းတွေ ယိုဖိတ်လို့နေသည်။
ရှောင်းယီ၏ မျက်ခုံးတွေက ပင့်တက်သွားသည်။
ဒီကောင်မလေးက တစ်ခုခုကို တောင်းဆိုနေသလိုမျိုး သူအမြဲခံစားနေရတယ်….
သူက ကောင်မလေး ရထားလုံးပေါ် တက်သွားတာကို စောင့်ကြည့်နေပြီး အစမ်းသဘောနဲ့ မေးလိုက်သည်။
“ငါမင်းကို စစ်စခန်းတစ်ခွင် လိုက်မပြရသေးဘူး၊ ဘာလို့ ဒီနေ့နားပြီး မနက်ဖြန်မှ မပြန်တာလဲ”
နန်းပေါင်ရီက နောက်ကိုလှည့်ပြီး အပြုံးချိုချိုလေးကို အားပါးတရပြုံးရင်း ကြည်လင်သော အသံနဲ့ “ဟုတ်”
ပြန်ဖြေဖို့ အဆင်သင့်ဖြစ်နေပြီး နောက်မှာတော့ သူမရှက်သွေးဖြာ သွားတော့သည်။
သူမက အရမ်းကြီး လောနေသလိုများ ထင်ရလား….
ရှောင်းယီကနှုတ်ခမ်းတွေကိုစေ့ပြီး တိုးဖွဖွ ရယ်မောလိုက်သည်။ သူမကို ရထားလုံး အပြင်ဘက်သို့ ဆင်းဖို့ ကူညီပေးလိုက်ပြီး စကားမစခင်မှာပဲ မြင်းတစ်ကောင်က ဒုန်းစိုင်းပြေးလာပြီး…..
“အမတ်မင်း၊ တစ်ခုခုဖြစ်နေပြီ”
***