အပိုင်း (၂၃၇)
ကျောင်းကျောင်းက စာပြန်စေချင်လို့လား
စာလွှာက အကောင်းစား ရွှေမှုန်လေးတွေ ကျဲထားသော စာရွက်ဖြင့် ရေးသားထားသည်။
လက်ရေးလက်သားက ရှင်းလင်းသေသပ်ပြီး ‘ရွယ်ကဗျာ’ကို ကူးရေးထားသည်။
‘တောင်တန်းတွေနဲ့သစ်ပင်ပန်းမန်တွေဟာ အကိုင်းအခက်တွေရှိစမြဲပါ၊ ဘာနဲ့တူလဲဆိုတာ သင်မသိနိုင်ဘူး ……’
ရှောင်းယီက စိမ်ပြေနပြေကို အသံထွက်ပြီး ဖတ်နေတော့သည်။
နန်းပေါင်ရီက ကဗျာစာအုပ်လေး နောက်ကနေ ခေါင်းလေးပြူ၍ ချောင်းကြည့် လိုက်သည်။
အမတ်မင်း၏ နှုတ်ခမ်းစွန်းလေးတွေက ပြေပြေလေး မြင့်တက်နေပြီး ဇာမဏီ မျက်ဝန်းတွေက အပြုံးရိပ်အပြည့် စွန်းထင်းနေသည်။ လင်းလက် တောက်ပနေသော ကြယ်အစုအဝေးလို လက်ဖြာ နေလေသည်။
သူမ နှုတ်ခမ်းကိုက်လိုက်မိသည်။
ဘာကို ‘ဘာနဲ့တူလဲဆိုတာ သင်မသိနိုင်ဘူး’လဲ၊ ရွယ်မေ့က မိန်းကလေး တစ်ယောက် ဖြစ်ပြီး ဒီလို ချစ်ခွင့်ပန်သောစာကို ယောက်ျား တစ်ယောက်အတွက် ရေးပေးဖို့ တအားတွေ တက်ကြွနေတာပဲ…..
ပြီးတော့ ရှောင်းယီကိုလည်း ကြည့်ဦး၊ ဒါက အချစ်ကဗျာ တစ်ပုဒ်လေးတင်ပဲ မဟုတ်ဘူးလား၊ သဘောကျပြီး ပြုံးဖြီးနေတာ အရူးကျနေတာပဲ…
သူမ၏ နှလုံးသားထဲမှာ မကျေနပ်ချက်တွေနဲ့ ပြည့်နှက်လာပြီး မျက်လုံးတွေက ခက်ထန်ကြမ်းတမ်း လာတော့သည်။
ရှောင်းယီက ဆက်ဖတ်နေသည်။
ရှေ့ဘက်မှ ကောင်မလေး၏ ထူးခြားမှုကို မြင်သောအခါ သူ၏ ကော့ဖြာနေသော နှုတ်ခမ်းထောင့်စွန်းတွေက ရုတ်ခြည်း ရပ်တန့် သွားတော့သည်။
နန်းကျောင်းကျောင်းသည်လည်း စုတ်တံသေးနဲ့ ရေးတာကို သင်ယူဖူးပေမယ့် ဒီစာလုံးတွေက ပိုရှင်းပြီး သေသပ်နေသည်။ သူမရေးသော စာလွှာ၏ပုံမှန် သေသပ်တာထက်ကို ပိုနေတာဖြစ်သည်။
ဒါက နန်းကျောင်းကျောင်း ရေးပေးသော အချစ်ကဗျာတစ်ပုဒ် မဟုတ်ဘူး….
ခေါင်းစဉ်မှာ ဘာမှ အမည်မတပ် ထားပေမယ့် သူက ငွေအိတ်ကို ယူကြည့် လိုက်သောအခါ အိတ်၏ ထောင့်စွန်းမှာ ‘မေ့’လို့ ပန်းထိုးထားသော စာလုံးကို တွေ့လိုက်ရသည်။
ဒါက……
ရွယ်မေ့က သူ့ကိုပေးသောစာ……
ရှောင်းယီက မျက်လုံးပင့်ပြီး နန်းပေါင်ရီကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
ကောင်မလေးက ကဗျာစာအုပ်နဲ့ ကွယ်ထားသော မျက်နှာအပေါ်ပိုင်း တစ်ခြမ်းကို ဖော်ထားပြီး သူမလေး၏ မျက်နှာအမူအရာက ကြောက်စရာ ကောင်းလှပြီး စိတ်ရှုပ်ထွေးနေဟန် ရသည်။
မီးငှက်မျက်ဝန်းအိမ်က ဝိုင်းစက်၍ စူးရဲနေပြီး ရက်စက်သော အရိပ်အငွေ့များ သန်းနေသလိုပင်။
မျက်ဝန်းနှစ်စုံက အချင်းချင်း တိုက်မိကြသည်။
နန်းပေါင်ရီက သူမ၏ သွင်ပြင်ကို လျှော့ချလိုက်ပြီး ကြင်နာပြီး စိတ်သဘောထား နူးညံ့သော ဟန်ပန်ထင်ဟပ်ဖို့ အလျင်အမြန် ကြိုးစားလိုက်သည်။
သူမက ခပ်မတ်မတ် ပြန်ထိုင်လိုက်ပြီး ကဗျာစာအုပ်ကို လက်ချောင်းများနဲ့ ပြန်မြှင့်တင် လိုက်သည်။
သူမက ခပ်ဖွဖွ သက်ပြင်းချလိုက်ပြီး အသံချိုအေးလေးဖြင့် “အစ်ကို ၂ က တကယ်ကို ကံကောင်းတာပဲ၊ ဘုရင်ခံရွယ်၏ သမီးကတောင်မှ သဘောကျရတယ်….”
ရှောင်းယီ၏ မျက်လုံးများမှာ ပျင်းရိငြီးငွေ့သွားဟန် အထင်းသား ပေါ်လာသည်။
ခုနတုန်းကတော့ သူတကယ်ကို အပျော်လွန် နေလေသည်။ ဒါပေမယ့် မထင်ထားခဲ့တာက အချစ်ကဗျာက နန်းကျောင်းကျောင်း ရေးပေးတာ မဟုတ်ဘူး။
နန်းကျောင်းကျောင်းက တကယ်ပဲ တခြားမိန်းကလေး တစ်ယောက်၏ ချစ်ခွင့်ပန်စာကို ယူလာပေးတယ်လား….
သူ သဝန်မတိုဘူးလား…
နန်းပေါင်ရီက စာရွက်နောက် တစ်ရွက်ကို လှန်လိုက်ပြီး သူ့ဆီကို တိတ်တိတ်လေး အကြည့်တစ်ချက် ပို့လာသည်။
သူမက မစစ်ဆေးကြည့်ဘဲ မနေနိုင်တော့ပေ။
“အစ်ကို ၂ စာပြန်ချင်လားဟင်”
ထိုအမေးတွင် စာအုပ်ကိုကိုင်ထားသော လက်တွေက တင်းကျပ်စွာ ဆုပ်ထားမိနေသည်။
ဖြစ်နိုင်တာက အဖြေကို ကြားဖို့ ကြောက်ရွံ့နေတာဖြစ်ပြီး မကြားရဲတာလည်း ဖြစ်လေသည်။
တစ်မီတာဝက်လောက် နေရာက ရှောင်းယီကတော့ သူမကို ငေးနေသည်။
“ကျောင်းကျောင်းက စာပြန်စေချင်လို့လား”
နန်းပေါင်ရီက သူမ၏နှုတ်ခမ်းလေးတွေကို တင်းတင်းစေ့ လိုက်သည်။
သူမက စာရွက်တစ်ရွက်ကို လှန်လိုက်ပြီး စကားကောင်းလေးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ပြောလာသည်။
“ပုံမှန်ဆိုရင် ဒါက မလိုလားအပ်သော အကြောင်းအရာပဲ၊ ပထမအချက် ရွယ်မေ့က ကောင်းမှုလုပ်ဖို့ဆိုပြီး နှင်းမုန်တိုင်းကို အကြောင်းပြတယ်၊ ဒါပေမယ့် တကယ်တမ်း လူတွေကို လျစ်လျူရှုပြီး နှင်းမုန်တိုင်း ထက်တောင်ဆိုးသော လူလုပ်သော ဘေးအန္တရာယ် ဖြစ်သွားရတယ်၊ ရွယ်မေ့က နာမည်ကြီးမှုနဲ့ ကျော်ကြားမှုကိုသာ လိုချင်တာဖြစ်လို့ အစ်ကို ၂ နဲ့ ချစ်ကျွမ်းဝင်ဖို့ မထိုက်တန်ဘူး၊ ဒုတိယအချက်က ဘုရင်ခံရွယ်က နောင်အနာဂတ်မှာ ရှုနိုင်ငံ၏ စစ်တပ် အာဏာကိုရဖို့ အမြဲတမ်း တိုက်ခိုက်နေတာ၊ အစ်ကိုသာ ရွယ်မေ့နဲ့ လက်ထပ်လိုက်ရင်…..”
နန်းပေါင်ရီ၏ နင့်နင့်နဲနဲ စကားတွေက တန့်သွားတော့သည်။ အကြောင်းကတော့ ရှောင်းယီက သူမ၏ရှေ့သို့ ရောက်လာသည်လေ။
သူက ခေါင်းကို ငုံ့ကိုင်းပြီး သူမ၏ပါးပြင်လေးနဲ့ ထိလုမတတ် နီးကပ်လာသည်။ ကောင်မလေး၏ နှုတ်ခမ်းလေးတွေက စူတူတူလေး ဖြစ်နေပြီး အစီအရီ နေရာချထားသော ပဲစေ့လေးလို ချစ်စရာကောင်း လှသည်။
သူက ရှေ့သို့ ငုံ့လိုက်ပြီး သူ၏နှာခေါင်းက သူမလေး၏ နှုတ်ခမ်းဖျားလေးကို ထိလုမတတ်ပင်။
“ရွယ်မေ့ကို အာရုံမစိုက်နဲ့ ပြီးတော့ ဘုရင်ခံရွယ်ကိုလည်း အမှုမထားနဲ့….”
သူ၏ လည်ဇလုတ်က အနိမ့်အမြင့် လှုပ်ရှားနေပြီး ဇာမဏီ မျက်ဝန်းတွေက မှင်ရည်လို နက်မှောင်နေသည်။
“ငါသိချင်တာ နန်းကျောင်းကျောင်း ကိုယ်တိုင်က အစ်ကို့ကို တခြားသူဆီ စာပြန် စေချင်တာလားလို့”
နန်းပေါင်ရီက ရုတ်တရက် ထိတ်လန့် သွားတော့သည်။
သူမရှေ့က အမတ်မင်းက ခါတိုင်းနဲ့မတူပေ။
သူ၏ရင်အုပ် အထက်ပိုင်းက ခပ်ကျယ်ကျယ် ပွင့်ဟနေပြီး နဖူးထောင့်စွန်းမှာ ဆံစလေးတွေ တစ်စွန်းတစ်စ ကျနေသည်။ ဇာမဏီမျက်ဝန်းတွေက သွေးရောင် လွှမ်းနေပြီး လျှာထိပ်ဖျားလေးနဲ့ နှုတ်ခမ်းထောင့်စွန်းကို သပ်ပြနေသည်က အလွန်ကို နတ်ဆိုး ဆန်လွန်းနေသည်။
အသက်ရှူသံတွေ ရပ်တန့်သွားပြီး လက်ဖျားက သွေးမလျှောက်တော့ဘဲ တစ်ကိုယ်လုံး ပူတက်လာ တော့သည်။
ကြင်နာတတ်သော တောင်တန်းတွေနဲ့ မြစ်ချောင်းများ၏ ရနံ့က နှောင်ကြိုးတစ်ခုလို အနည်းငယ် ရစ်နှောင်ဖွဲ့ ထားပြီး သူမကို ဘယ်ကိုမှ လွတ်မြောက်ခွင့် မပြုသလိုပင်။
သူ၏ပိုင်ဆိုင်လိုစိတ် ပြင်းပြသော သွင်ပြင်က သူမ၏ နှလုံးသားကို တလှပ်လှပ် ဖြစ်စေသည်။
ဟုတ်ပေသည်။ သူမက သူ့ကို အလွန် မြတ်နိုးနေတာဖြစ်ပြီး သူက ဩဇာအာဏာ ပြင်းလွန်းလှသော အမတ်မင်း ရှောင်းယီဆိုတာကို သူမ လုံးဝကို မေ့သွားခဲ့သည်ပင်။
သူမက မျက်ရည်ဥလေးတွေ တွဲလဲခိုလာသော မျက်လုံးလေးတွေိကို ဖွင့်ပြီး အတွင်းစိတ်ထဲက တုန်ယင် လာတော့သည်။
“နာတယ်…..”
သူမ မှားသွားခဲ့လေပြီ။ မျက်ဝန်းတွေထဲက မျက်ရည်ကြည်လေးတွေက အလျင်အမြန် စီးကျလာ တော့သည်။
ရှောင်းယီက အနည်းငယ် လန့်သွားပြီး ချက်ချင်း လွှတ်ပေးလိုက်မိသည်။
ကောင်မလေး၏ ပါးပြင်ဖွေဖွေးလေးမှာ သူ၏လက်ချောင်းရာက နီရဲ၍ အထင်းသား စွဲထင်နေသည်။
သူ သူမကို ကြောက်လန့်သွားစေဖို့ မရည်ရွယ်ခဲ့ပါချေ။
သူ၏ စိတ်တွေကို ဖြေလျှော့လိုက်ပြီး သူမ၏လက်ထဲက ကဗျာစာအုပ်ကို အကြည့်ပို့ရင်း ပေါ့ပါးဟန်ဆောင်၍ ခပ်လှောင်လှောင်ပြုံးရင်း “စာအုပ်ကိုတော့ ယူလာခဲ့ပြီးပြီ၊ နန်းကျောင်းကျောင်း ဘယ်ကဗျာကို အလွတ်ဆိုနိုင်ပြီလဲ”
နန်းပေါင်ရီက တုံဏိဘာဝေဖြင့်သာ။
သူမက လက်ထဲက ကဗျာစာအုပ်ကို ပွေ့ထားလိုက်ပြီး မျက်တောင်တွေကို အောက်ချ၍ ပျော့ပျောင်းသော လေသံလေးနဲ့ “အစ်ကို ၂၊ အစ်ကိုနဲ့ဆိုရင် ညီမလေးရဲ့ စိတ်က မတည်ငြိမ်ဘူး၊ ညီမလေး ဆုန်းဟယ့်ခြံကို ပြန်ပြီး ကဗျာတွေကို အလွတ်ကျက်လိုက်မယ်”
ပြောပြီးတာနဲ့ သူမက ကိုယ်ကို ညွတ်ကိုင်း၍ ဂါရဝပြုပြီး မပြေးရုံတမည် ခြေလှမ်းများနဲ့ ထွက်သွား တော့သည်။
မြင်ကွင်းထဲက တဖြည်းဖြည်း ပျောက်ကွယ်သွားသော ပုံရိပ်လေးကို ရှောင်းယီက ငေးမော ကြည့်နေသည်။
ကောင်မလေး၏ နူးညံ့သော မျက်နှာလေးကို ပြန်မြင်ယောင်ရင်း သူ၏လက်ချောင်းထိပ်တွေကို ကောက်ကျစ်စဉ်းလဲစွာ လျှာနဲ့သပ်လိုက်သည်။
အခု အရမ်းများ တုံးအနေလေသလား၊ ကောင်မလေးက သူ့စကား၏ အဓိပ္ပါယ်ကို နားရောလည်ရဲ့လား။
သူက အသံတိုးတိုးဖြင့် မျက်ဝန်းတွေထဲမှာတော့ နက်ရှိုင်းသော စိတ်ခံစားချက်တွေကို နှစ်မြှုပ်ထားပြီး “နန်းကျောင်းကျောင်း၊ မြန်မြန်စဉ်းစားစမ်းပါ၊ ငါအကြာကြီး မစောင့်နိုင်တော့ဘူး…..”
ရွယ်မေ့၏စာနဲ့ ငွေအိတ်ကို သူကြည့်လိုက်သည်။
သူက လှောင်ပြောင်ဟန် အပြည့်ဖြင့် ရယ်မော၍ စာကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဆွဲဆုပ်ပစ်လိုက်ပြီး ငွေအိတ်ကိုတော့ အပြင်ဘက်က ရှီးခူကို ပစ်ပေးလိုက်သည်။
“မင်းကိုဆုချတာ”
***
နန်းပေါင်ရီက ဆုန်းဟယ့်ခြံအထိ လမ်းတစ်လျှောက်လုံးကို ပြေးလာခဲ့သည်။
အကြောင်း တချို့ကြောင့် သူမ၏နောက်မှာ သားရဲကြီး တစ်ကောင်က အမြဲတမ်း စိုက်ကြည့်နေသလို ခံစားနေရပြီး နှေးနှေးလေး သွားမိရင် အရိုးအသားပါမကျန် အစားခံရတော့မလိုပင်။
ဟယ်ယဲ့က သူမကို ဂါရဝပြုလိုက်ပြီး သူမမောနေတာကို တွေ့တော့ နွေးထွေးသော လက်ဖက်ရည်လေးကို အမြန်ဆက်သ လိုက်သည်။
“ဘိုးဘေးလေးရယ်၊ အနောက်က ခွေးမလိုက်လာပါဘူး၊ ဘာလို့အရမ်း အလျင်လိုနေတာလဲ”
နန်းပေါင်ရီက လက်ဖက်ရည် တစ်ခွက်လုံးကို တစ်ကျိုက်တည်း သောက်လိုက်သည်။
သူမ၏ ပါးပြင်လေးတွေက ရဲစွေးနေပြီး ဟယ်ယဲ့ ထွက်သွားတာကိုတောင် ဂရုမစိုက်နိုင်ဘဲ အိပ်ရာထဲသို့ တန်းဝင် သွားတော့သည်။
သူမက မွေ့ရာပေါ်မှာ လှဲရင်း သူမကိုယ်သူမ ပြင်းပြင်းထန်ထန် အပြစ်တင်နေမိသည်။
သူမက စိတ်ကောက်နေဟန်ဖြင့် “နင်တို့ အကုန်လုံး ထွက်သွားကြ၊ ဘယ်သူမှ ငါ့ရဲ့ အမိန့်မရဘဲ မနှောင့်ယှက်နဲ့”
ဟယ်ယဲ့က သူမ ဘာမှားသွားမှန်း နားမလည်လိုက်ချေ။ ထို့ကြောင့် သူမက တခြား အစေခံတွေ နဲ့အတူ ပြန်ဆုတ် သွားတော့သည်။
နန်းပေါင်ရီကတော့ အမှောင်ထဲမှာ ပိတ်မိနေသည်။ သူမ၏ပူလောင်နေသော ပါးပြင်မို့မို့လေးကို ကိုင်ကာ အကြည့်ဗလာနဲ့ စိုက်ကြည့်နေရင်း စိတ်ထဲမှာတော့ ပရမ်းပတာ ဖြစ်နေလေသည်။
…….ရွယ်မေ့ကို အာရုံမစိုက်နဲ့၊ ပြီးတော့ ဘုရင်ခံရွယ်ကိုလည်း အမှုမထားနဲ့….
……ငါသိချင်တာ နန်းကျောင်းကျောင်း ကိုယ်တိုင်က အစ်ကို့ကို တခြားသူဆီ စာပြန် စေချင်တာလားလို့ ….
အမတ်မင်း၏စကားသံတွေက သူမနားထဲမှာ ပဲ့တင်ထပ်နေသည်။
သူဘာကိုဆိုလိုတာလဲ ..
ဒီအဓိပ္ပါယ်များလား..
သူဘယ်လိုလုပ်ပြီး ဒီလိုဆိုလိုရတာလဲ..
နန်းပေါင်ရီက ရုတ်တရက် ဂွမ်းကပ်စောင်ကို ဖယ်လိုက်သည်။ သူမက အိပ်ရာပေါ်မှာ တင်ပျဉ်ခွေချိတ် ထိုင်လိုက်ပြီး နွေဦးပွဲတော်တုန်းက ရခဲ့သော ခြင်္သေ့ခေါင်းကို စိုက်ကြည့်နေသည်။
သူမက ထိုခြင်္သေ့ခေါင်းကို ဖက်ရင်း တိုးဖွဖွ ရေရွတ်နေသည်။
“သူကရှောင်းယီ၊ လောကကြီးကို ကိုင်လှုပ်နိုင်သော အာဏာရှိသော အမတ်မင်း တစ်ယောက်၊ သူက မင်းသမီးကိုတောင် တစ်ချက် ကြည့်ခဲ့တာ မဟုတ်ဘူး၊ သူက ငါ့ကို ဘယ်လိုလုပ်ပြီး တစ်ခုခု ဖြစ်ရမှာလဲလို့ ….. ဒါဘယ်လိုတွေ တွေးနေတာလဲ”
သူမက ခြင်္သေ့ခေါင်းကို ပစ်ထုတ်လိုက်ပြီး အိပ်ရာပေါ်မှာ ပြန်လှဲလိုက်ရင်း အိပ်ရာ၏ အမိုးကို တွေဝေ မိန်းမောစွာနဲ့ ငေးကြည့်နေသည်။
“အထင်လွဲတာ၊ ဒီနေရာမှာ တစ်ခုခု အထင်လွဲနေတာ ရှိရမယ်၊ ငါက စိတ်ကြီးဝင်နေလို့ မဟုတ်ဘူး၊ ငါက ပိုပြီးလှသော မိန်းကလေး တစ်ယောက်အဖြစ် မွေးဖွားလာပြီး သာမန် မိန်းကလေးတွေထက် ပိုပြီး အေးစက်သလို ဉာဏ်လည်း ပိုကောင်းတယ်၊ ကဗျာတွေဖတ်ပြီး စဉ်းစားချင့်ချိန် နိုင်တယ်၊ သတိထားစမ်း၊ တကယ်တမ်းတော့ သူက အမတ်မင်းပဲလေ”
နန်းပေါင်ရီ၏ အတွေးအိမ်ငယ်က ပြိုလဲပျက်စီး သွားရပြီး စောင်ကိုဆွဲ၍ သူမ တစ်ကိုယ်လုံး လုံအောင် ခြုံထားလိုက်သည်။
ထိုသူက အလွန့်အလွန်ကို ဉာဏ်ကောင်းပြီး ပရိယာယ် ကြွယ်ဝသည်။ သို့ပေမယ့် သူ၏ စကားလုံးတွေ၏ အဓိပ္ပါယ်ကို သူမ နားမလည်နိုင်ပေ။ ထိုသည်က သူမကို ဂနာမငြိမ် ဖြစ်အောင် လုပ်နေသည်။ လုံးဝကို သူဆိုလိုသော အဓိပ္ပါယ်ကို နားမလည်နိုင်ပါချေ။
တကယ် ဆိုလိုရင်းက သူမထင်သလိုသာ ဖြစ်ခဲ့ရင် “မင်းနဲ့အတူ ရှိရတာ ပျော်တယ်” လို့ ပြောဖို့ ခက်လို့လားလေ။
***