အပိုင်း (၂၃၆)
အစ်ကိုကြည့်ကောင်းလား
နန်းပေါင်ရီက စာကိုယူပြီး သံသယဖြင့် မေးသည်။
“အစ်ကို ၂ ကို ပေးပေးရမယ်သောလား”
“မမလေးကမှာ လိုက်ပါသေးတယ်၊ တကယ်လို့ အမတ်မင်းကို ပေးပေးရင် နန်းသခင်မလေး ၅ လည်း အကျိုးအမြတ် ရမှာပါတဲ့”
အနီးပတ်ဝန်းကျင်က အမိန့်နဲ့ ဆဲဆိုစကား ကျိန်စာတိုက် စကားတွေ ရှိနေစေကာမူ အစေခံက အရိုအသေ ပြုပြီးတာနဲ့ ရထားလုံးဆီသို့ ပြန်သွားတော့သည်။
နန်းပေါင်ရီက ထိုပစ္စည်းနှစ်ခုကို ကြည့်လိုက်သည်။
စာအိတ်က ပန်းရောင်ဖျော့ပြီး ရွှေမှုန်လေး အနည်းငယ် ကျဲထားသည်။ အနီရောင် ပန်းပွင့်ပုံလေးကို ဆွဲထားပြီး အထူးသဖြင့် ယဉ်ကျေးသမှုနဲ့ ဟိုလိုလို သည်လိုလိုဟန်ပင်။
ငွေအိတ်ကတော့ အကောင်းစား ပစ္စည်းများဖြင့် ချုပ်လုပ်ထားပြီး အလွန် လှပပြောင်မြောက်သော ပန်းထိုးပညာနဲ့ တန်ဆာဆင်ထားသည်။ ထောင့်နားမှာတော့ ‘မေ့’ ဆိုသော စကားလုံးကို ထိုးထားလေသည်။
နန်းပေါင်ရီက နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။
အမတ်မင်းက ရွယ်မေ့ပေးသော ငွေအိတ်ကို အသုံးပြုမယ် ဆိုတာကို တွေးမိရင် စိတ်ထဲမှာ တော်တော်လေး အဆင်မပြေဘူးလို့ သူမ ခံစားရသည်။
လမ်းဘေးမှာ လျှောက်နေရင်း မြင်း၏ ဇက်ကြိုးကို ကိုင်ထားသော အမတ်မင်းရှေ့မှာ ကလေးတစ်စုက ဝိုင်းကြီးပတ်ပတ် လှည့်နေကြတာကို သူမ မြင်လိုက်ရသည်။
အသက် ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးတွေ ဖြစ်ပြီး သူတို့၏ မျက်နှာလေးတွေကို ကိုင်ရင်း အမတ်မင်း၏ လက်ထဲက သကြားတုတ်ထိုးတိုင်ကို သွားရည်တမြားမြားနဲ့ ကြည့်နေကြသည်။
အဘွားအို တစ်ယောက်က သူ၏မြေးငယ်လေးအတွက် သူမ၏ ငွေအိတ်ထဲက ရွှေစအနည်းငယ်ကို ထုတ်ယူလိုက်ပြီး “လူငယ်လေး၊ သကြားတုတ်ထိုးတွေ ဘယ်လိုရောင်းလဲ”
ရှောင်းယီ၏ မျက်ခုံးတွေက အေးစက်တောင့်တင်းနေပြီး “ရောင်းဖို့မဟုတ်ဘူး”
သူက နန်းကျောင်းကျောင်းအတွက် ဝယ်ပေးထားသော သကြားတုတ်ထိုးတွေကို ဘယ်လိုလုပ်ပြီး သူများကို ပေးရမှာလဲ။
သူ၏ကြောက်စရာ ကောင်းလှသော အမူအရာကို တွေ့သောအခါ အဘွားအိုက မြေးလေးကို ဆူဖို့အပြင် မတတ်နိုင်တော့ချေ။
“သူက ငယ်ငယ်လေးနဲ့ စီးပွားရေး မလုပ်တတ်ဘူး၊ သကြားတုတ်ထိုးတွေက ရောင်းဖို့ မဟုတ်ဘူး၊ သားဝယ်လို့ မရဘူး”
သူမ၏ မြေးငယ်လေးက ကျယ်လောင်စွာ ငိုတော့သည်။
“သကြားတုတ်ထိုး၊ သကြားတုတ်ထိုး လိုချင်တယ်လို့၊ အဘွား သကြားတုတ်ထိုး လိုချင်တယ်”
ကြည့်နေသော လူတွေက ပိုပိုပြီး များလာပြီး မြေကြီးလက်ခတ် မလွဲပင် ကောလာဟလ တစ်ခုက ထွက်လာပေတော့မည်။
‘အမတ်မင်းက သကြားတုတ်ထိုးတွေ ရောင်းနေပြီး ကလေးတွေကို ငိုအောင်စနေတယ်’ လို့လေ။
နန်းပေါင်ရီက ခပ်သွက်သွက် ရှေ့ထွက်လာပြီး ဖြန်ဖြေရတော့သည်။
သူမက လုံးဝိုင်းပြီး နီရဲနေသော သကြားတုတ်ထိုး တစ်ချောင်းကို ယူလိုက်ပြီး ကလေးလေး၏ လက်ထဲသို့ ကြင်နာစွာ ထည့်ပေးလိုက်ရင်း “ဒါကိုယူပြီး စားနော်၊ ငွေပေးစရာ မလိုဘူး”
ကလေးငယ်က သကြားတုတ်ထိုးလေးကို ပိုက်ရင်း အသံချိုချိုလေးနဲ့ “ကျေးဇူးပါမမ”
နန်းပေါင်ရီက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး ရှောင်းယီကိုလည်း ကျေးဇူးတင်ဖို့ အချက်ပြ လိုက်သည်။
ကလေးငယ်က ခေါင်းလေးကို တစ်ခဏမျှ ငုံ့ရင်း ကိုးရိုးကားရား အပြုံးလေးနဲ့ “ကျေးဇူးပါဦးဦး”
ပြောပြီးသည့်နောက် သူက အဘွားအိုနောက်သို့ လိုက်သွားလေတော့သည်။
ရှောင်းယီက မျက်နှာမည်း သွားတော့သည်။
ဘာလို့ နန်းကျောင်းကျောင်းကျတော့ မမခေါ်ပြီး ငါ့ကျမှ ဦးဦးခေါ်ရတာလဲ။
ဒီကလေးက တမင်သက်သက် လုပ်တာ၊ လုံးဝကို တမင်သက်သက် လုပ်နေတာ…
နန်းပေါင်ရီက သကြားတုတ်ထိုး အများကြီးကို ယူလိုက်ပြီး ထိုနားက စားချင်နေကြသော ကလေးတွေကို ဝေပေးလိုက်သည်။
သူတို့အားလုံးက အသံလေးတွေက တက်ကြွ၍ ချိုမြိန်လှပြီး အလွန်ကို ကျိုးနွံစွာနဲ့ တညီတညွတ်တည်း “ကျေးဇူးတင်ပါတယ်မမ၊ ကျေးဇူးပါဦးဦး”
ကလေးတစ်သိုက် ထိုသို့ အော်ပြောပြီးသော နောက်မှာတော့ ရှောင်းယီ၏ လူသတ်ချင်နေသော မျက်ဝန်းတွေက အရပ်မျက်နှာ အနှံ့သို့ ဖြန့်ကြက် သွားတော့သည်။
နန်းပေါင်ရီက ထက်ဝက်ခန့် လျော့သွားသော သကြားတုတ်ထိုးတိုင်ကို ကြည့်ပြီး အလွန်ဝမ်းမြောက် ပျော်ရွှင် နေလေသည်။
“အခု နှစ်ဆယ်လောက်ပဲ ကျန်တော့တယ်၊ အိမ်ပြန်ရောက်ရင် ဟယ်ယဲ့နဲ့ တခြားသူတွေကိုလည်း ပေးရမယ်၊ မစားမှာကို စိတ်ပူစရာ မလိုဘူး၊ အစ်ကို ၂ အိမ်ပြန်ရအောင်၊ ခိုသားစွပ်ပြုတ် သောက်ချင်ပြီ”
ရှောင်းယီက ဗလာသက်သက် မျက်နှာနဲ့ သူမကို အိမ်ပြန်ခေါ် သွားလေသည်။
နေ့လယ်စာက ယွီဝေ့ ကိုယ်တိုင် ချက်ပြုတ်တာဖြစ်ပြီး စားပွဲတစ်ခုလုံး အကောင်းစား ဟင်းတွေနဲ့ ပြည့်နေသည်။
နန်းပေါင်ရီက ခိုသားစွပ်ပြုတ် တစ်ပန်းကန်ကို ယူကာ အဖြူရောင် ကြွေဇွန်းလေးနဲ့ တစ်လုတ် မြည်းကြည့်လိုက်ပြီး မနှစ်သက်ဘဲ မနေနိုင်တော့ချေ။
“လန်းဆန်းသွားတာပဲ”
သူမက စွပ်ပြုတ် တစ်ပန်းကန်ကို သောက်ရင်း ရှောင်းယီကို ငေးစိုက်ကြည့်နေသည်။
အိမ်တော်ကို ပြန်ရောက်ကတည်းက တစ်လမ်းလုံး အမတ်မင်း၏ မျက်နှာက မည်းမှောင်နေပြီး သူမက သူ၏ ရွှေစတစ်သိန်းကို ချေးထားသကဲ့သို့ပင်။
သူမက ခေတ္တ စဉ်းစားလိုက်ပြီး မေးမြန်းလိုက်သည်။
“အစ်ကို ၂၊ ညီမလေးက အစ်ကို့ကို တနည်းနည်းနဲ့များ အပြစ်ပြုမိလားဟင် ညီမလေး ဒီမနက် ကဗျာကို အလွတ်မဆိုပြရသေးဘူး ဆိုတာကလေ ချန်းတယ်ကျင်က နွေဦးကျောက်စိမ်း စံအိမ်ကိုသွားပြီး မြေလှန်ပစ်မှာစိုးလို့…..”
ရှောင်းယီက ထမင်းစားနေသည်။
ကောင်မလေးက သူမေ့နေတာကို အစလာဖော် ပေးနေတာပဲ… အခုချိန်ထိ ကဗျာအလွတ်မဆို ရသေးဘူး….
“နေ့လယ်စာ စားပြီးရင် ‘ရွယ်ဖူကဗျာ’တွေအားလုံးကို ပြန်မှတ်မိအောင် လုပ်ထား၊ ညစာမစားခင် စာပြန်နွှေးပြီးရမယ်”
နန်းပေါင်ရီ “….”
အဲဒီ ‘ရွယ်ဖူကဗျာပေါင်းချုပ်’မှာ ကဗျာအပုဒ် သုံးဆယ်ကျော် ပါတယ်လေ…
ဘယ်အချိန် အိမ်ပြန်ရတော့မှာလဲလို့…..
သူမက အမြဲတမ်း အမတ်မင်း မမှတ်မိတာကို ပြန်ပြီး အမှတ်ရအောင် လုပ်ပေးမိတယ်လို့ ခံစားရသည်။
ခိုစွပ်ပြုတ်က အရသာ မရှိတော့ပေ။ သူမက ပြုံးဖြီးဖြီး မျက်နှာလေးနဲ့ ‘အိုး..’လို့ပြောလိုက်သည်။
ရှောင်းယီက ထမင်း နောက်တစ်လုတ်ကို စားနေပြီး တင်းကျပ်နေသော သူ၏နှလုံးသားက ကြံ့ကြံ့ခံ ကျော်လွှားရန် ခက်ခဲနေရသည်။
ဘာလို့ နန်းကျောင်းကျောင်းကတော့ မမဖြစ်ပြီး သူက ဦးဦးဖြစ်ရတာလဲ၊
အသက်ကိုမှားများ တွက်ထားတာလား။
သူက တည်ကြည်လေးနက်စွာနဲ့ “ငါဘယ်လိုနေလဲ”
နန်းပေါင်ရီက မျက်နှာ ခပ်မှောင်မှောင်နဲ့ “အစ်ကို ၂ က ယောက်ျားပီသတယ်၊ ချောမောတယ်၊ စိတ်ကူးယဉ်ချင်စရာ ကောင်းတယ်၊ လူရည်လည်း လည်တယ်၊ စွဲမက်ဖို့ ကောင်းတယ်၊ ရင့်ကျက်တယ်၊ အပြုံးလှတယ်၊ ဓါးတစ်ချောင်းကို ဓါးအိမ်ထဲမှာ ဖွက်ထား….”
သူမကပြောရင်းနဲ့ ရင်သပ်ရှုမောဖွယ် ကောင်းလာတယ်လို့ ထင်ရသည်။
သူမက ပါးစပ်လေးကို တိတ်တိတ်လေး ပိတ်ထားလိုက်သည်။
စားသောက်ပွဲ၏လေထုက ထူးဆန်းစွာနဲ့ ပြီးဆုံးသွားတော့သည်။
နန်းပေါင်ရီက စာကြည့်ခန်းသို့ ရောက်လာပြီး အနောက်ပြတင်း၏ အောက်မှာထိုင်ပြီး ကဗျာတွေကို ရွတ်ဆိုနေလေသည်။
အမတ်မင်းက ထွက်သွားလေပြီ။ သူမက ကဗျာနှစ်ပုဒ် ကျက်မှတ်ပြီးနောက် သူမ၏ ဝတ်ရုံလက်အိတ်ထဲက ငွေအိတ်ကို ထုတ်ယူလိုက်သည်။
ရွယ်မေ့က အမတ်မင်းကို ပေးတာဖြစ်သည်။
သူဒါကိုရရင် ဘယ်လို တုံ့ပြန်မှုရှိမလဲ မသိဘူး….
ဘုရင်ခံရွယ်တောင်မှ ရှောင်းယီကို ကြောက်သည်ဆိုတာ သူမသိသည်။ သူက ရှောင်းယီကို သားမက် အဖြစ် မျှော်လင့်နေတာ ဖြစ်သည်။
ရွယ်မေ့ အနှစ်သက်ဆုံးက အမတ်မင်း ဖြစ်နေသည်။
အမတ်မင်းက ရွယ်မေ့ကို ဘယ်လိုတုံ့ပြန်မလဲ။
ဒီငွေအိတ်ကို သူ၏ခါးမှာ ချိတ်မှာလား။
ကောင်မလေးက စားပွဲဝိုင်းပေါ်မှာ ခေါင်းတင်ပြီး လက်ချောင်းလေးတွေနဲ့ ငွေအိတ်ကို ဖွဖွပွတ်သပ်နေပြီး နှလုံးသားထဲမှာ ရှုပ်ထွေးနေလေသည်။
နွေဦးအစပိုင်း၏ လေပြည်လေးက အေးစိမ့်စိမ့် နိုင်လှသည်။
ကျောက်စိမ်း ခေါင်းလောင်းကို ဘယ်သူက အမိုးစွန်း အဖျားမှာ ချိတ်သွားလဲမသိ။ လတ်ဆတ်နေသော ချလွင်ချလွင် အသံလေးက ပျံ့လွင့်နေသည်။ ထိုအသံလေးက အလွန် သာယာနာပျော်ဖွယ် ကောင်းနေပေမယ့် နန်းပေါင်ရီ၏ အသံကတော့ ပိုပိုပြီး စိတ်မချမ်းမသာ ဖြစ်နေရသည်။
သူမစိတ်ထဲမှာ ထိုပစ္စည်းနှစ်ခုကို အမတ်မင်း အိမ်ပြန်မရောက်ခင် ပေးသင့်မှန်း သိသည်။
သို့ပေမယ့် သူမ၏ အသွေးအသားထဲမှာတော့ စိတ်မပါခြင်း၊ တွန့်ဆုတ်ခြင်းတွေနဲ့ ပြည့်နှက် နေလေသည်။
သူမစာအုပ်ကို ပွတ်သပ်နေစဉ်မှာ ပုတီးစေ့ကန့်လန့်ကာကို လှပ်၍ တစ်ယောက်ယောက်က ဝင်လာခဲ့သည်။
သူမက လှမ်းကြည့်လိုက်သည်။
“အင်း….”
အမတ်မင်းက ပါးလွှာပြီး နက်မှောင်သော ပိုးသား အပေါ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကော်လာက အနည်းငယ် ဟနေသည်။ သန်မာကြံ့ခိုင်သော ရင်အုပ်ကြွက်သားတွေက ဝတ်စုံအောက်ကနေ ထွက်ပြူ နေ လေသည်။
ရွှေဆံထိုးနဲ့ သူ၏ဆံပင်ရှည်တွေကို ခပ်လျော့လျော့ ထုံးထားပြီး ယောက်ျားပီသသော မျက်နှာထားနဲ့ ပြေပြစ်သော အရိုးအဆစ်တွေရှိပြီး ကျောက်စိမ်း၏ အသွေးအရောင်ကဲ့သို့ ခမ်းနားလှသည်။
သူက ထိုင်ခုံမှာထိုင်လိုက်ပြီး လက်တစ်ဖက် ထောက်ရင်း ခြေတံရှည်တွေကို ပျင်းရိစွာ ချိတ်ထားသည်။ သူ၏ဟန်ပန်က အလွန်အေးစက်၍ အဆင့်အတန်း မြင့်လှသည်။
သူက သူမကို စူးစူးစိုက်စိုက် ကြည့်ရင်း လည်စလုပ်က အနည်းငယ် ရွေ့လျား သွားတော့သည်။
အရမ်း ဆွဲဆောင်မှု ရှိတာပဲ…..
နန်းပေါင်ရီထံမှ ‘အာ’ ဆိုသော စကားလုံးက ပထမဆုံး ထွက်ကျလာပြီး သူက ဟန်ယန့်လျန်ဆီက ပိုးဝင်သွားပြီလို့ သင်္ကာမကင်းမှုက ခိုင်မာသွားရတော့သည်။
သူမက မျက်ခုံးတွေကို တွန့်ကွေးလိုက်ပြီး တတွတ်တွတ်ဖြင့် “နွေဦးပဲရှိသေးတယ်…. တိရစ္ဆာန်တွေက မိတ်လိုက်ဖို့ ပြင်နေကြပြီ”
ရှောင်းယီ၏ နှုတ်ခမ်းပါးတွေက အပြုံးရေးရေးဖြင့် “အစ်ကို ကြည့်ကောင်းလား”
‘ဦးဦး’လို့ အခေါ်ခံရတာက သူ့ကို အလွန် စိတ်ပျက်စေသည်။
နန်းကျောင်းကျောင်းကို သူက ကမ္ဘာပေါ်မှာ ရှာမှရှားသော ငယ်ရွယ်ချောမောသော သူတစ်ယောက် ဖြစ်ကြောင်း သက်သေပြဖို့လိုသည်။
နန်းပေါင်ရီက သဘာဝမကျစွာနဲ့ အကြည့်တွေကို ရှောင်နေပြီး “ကြည့်ကောင်းပါတယ်၊ ဒါပေမယ့် ဒီလိုဝတ်ဖို့က အရမ်းအေးနေတယ်၊ အစ်ကိုက တစ်ယောက်ယောက်ကို ဆွဲဆောင်ဖို့ လုပ်နေတယ်လို့ လူတွေက ထင်လိမ့်မယ်”
ရှောင်းယီ၏မျက်ခုံးတွေက မယုတ်မလွန် မြင့်တက်သွားသည်။
သူက စားပွဲပေါ်က စာအိတ်နဲ့ ငွေအိတ်လေးကို တွေ့ပြီး စိတ်လှုပ်ရှားစွာနဲ့ “ဒါဘာတွေလဲ”
“အစ်ကို့အတွက်မဟုတ်ဘူး”
နန်းပေါင်ရီက အလျင်စလိုနဲ့ လက်ထဲမှာ ပိုက်ထားလိုက်သည်။
အချိန်အတန် ကြာတော့မှ ရှောင်းယီ၏ မှိန်ဖျော့ဖျော့ စူးစိုက်ငေးမောနေသော အကြည့်ကို မျက်နှာချင်းဆိုင် လိုက်ပြီး လက်ထဲက အရာတွေကိုထုတ်၍ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် “အစ်ကို့ကိုပေးတာ၊ အစ်ကို့ အတွက်ပါ”
ရှောင်းယီက သူမပေးလာသော စာအိတ်နဲ့ ငွေအိတ်ကို ယူလိုက်သည်။
စာအိတ်က ရွှေရောင် အနားကွပ်ထားပြီး အနံ့လေးကလည်း လတ်ဆတ်နေသည်။
သူက နန်းပေါင်ရီကို ကြည့်လိုက်သည်။
သူခိုးလေးလိုပဲ၊ ရုတ်တရက်ကြီး ဒီကောင်မလေးက ကဗျာစာအုပ်ကို ကောက်ကိုင်ပြီး မျက်နှာကို ကွယ်ထားတယ်……
ရှောင်းယီက စာအိတ်ကို ဖွင့်ပြီး သူ၏နှုတ်ခမ်းပါးတွေ ကွေးညွတ်၍ သတိလက်လွတ် ရယ်မော လိုက်မိ တော့သည်။
နွေဦးလေပြည်လေးက ရောက်လာခဲ့လေပြီ။
ကောင်မလေးက သူ့ကိုချစ်နေတယ်ဆိုတာ သိသွားပြီလား။
စာအိတ်ကို ကြည့်လိုက်တော့ ပန်းရောင် ဖျော့ဖျော့ သန်းနေသည်။
သူက ကဗျာစာအုပ်နောက်မှာ ပုန်းနေသော ကောင်မလေးကို အကြည့်ပို့လိုက်ရင်း ကြင်နာသောအသံနဲ့ “အစ်ကို စာအိတ်ကိုဖွင့်ပြီနော်….”
***