အပိုင်း (၂၃၈)
နန်းကျောင်းကျောင်းက အိပ်ရာအောက်မှာ ဖွက်ထားတယ်
ရှောင်းယီနဲ့ကိစ္စကြောင့် နန်းပေါင်ရီက ညစာတောင် ထွက်မစားဖြစ်ပါချေ။
ညနက် သန်းခေါင်ရောက်မှ သူမ အရမ်းဆာလောင် လာတော့သည်။
အိပ်ရာပေါ်မှာ ထထိုင်ရင်း “ဟယ်ယဲ့၊ ငါငှက်သိုက် သောက်ချင်တယ်”
ညလယ်ခေါင်ကြီးမှာ စားဖိုဆောင်ငယ်လေးက ငှက်သိုက်ကို နွှေးပေးလေသည်။ ဟယ်ယဲ့က သူမအတွက် တစ်ခွက် ယူလာပေးခဲ့သည်။
နန်းပေါင်ရီက ညဝတ်အင်္ကျီ အပါးလေးကို ဝတ်ထားပြီး ခြေအိတ် မစွပ်ထားဘဲ ပြတင်းနားက ထိုင်ဖုံပေါ်မှာ ထိုင်နေသည်။
သူမက ငှက်သိုက် ပန်းကန် အသေးတစ်လုံးကို သောက်ပြီးသောအခါ ပြတင်းမှာ ချိတ်ထားသော ဝါးကျည်တောက်လေးကို ငေးနေသည်။
သူမက လေးနက်စွာနဲ့ “ဟယ်ယဲ့၊ အစ်ကို ၂ က ဘယ်လို မိန်းကလေးမျိုးကို နှစ်သက်လောက်မယ်လို့ နင်ထင်လဲ”
“အမတ်မင်းက ငယ်ရွယ်ပြီး အရည်အချင်းလည်း ရှိသလို ရာထူးလည်း မြင့်မားတယ်၊ အဲဒါကြောင့် ပုံမှန်အတိုင်းဆိုရင် အရမ်းတော်ပြီး ဗဟုသုတနဲ့ ပြည့်စုံသော အစိုးရအရာရှိ သမီးကို နှစ်သက်မှာ”
ဟယ်ယဲ့က စားပွဲပုလေးပေါ်မှာ တင်ပျဉ်ခွေ ချိတ်ထိုင်ရင်း မက်မွန်သီးတွေကို အခွံခွာရင်း ရှက်ကြောက်နေသလို ဟန်ဖြင့် ပြောလာသည်။
“စာတွေထဲမှာ ပြောထားတာတော့၊ အားလုံး မဟုတ်ပေမယ့် ဆင်းရဲသော ပညာရှိက အရာရှိမင်း၏ သမီးနဲ့ ချစ်ကျွမ်း ဝင်သေးတယ်မလား အနောက်ဆောင်ကလည်း ဒီလိုပဲပေါ့”
နန်းပေါင်ရီက အချက်နှစ်ချက်ကြောင့် ရှက်ရွံ့သွားရသည်။
သူမ၏ မျက်လုံးတွေက အရောင်တောက်လာပြီး “ဟယ်ယဲ့၊ အစ်ကို ၂ က ငါ့လို မိန်းကလေးမျိုးကို သဘောကျမယ်လို့ ထင်လား”
ဟယ်ယဲ့က သူမကို ကြည့်လာသည်။ အချိန်ခဏ အကြာမှာတော့ သူမက စားပွဲခုံကို လက်သီးဆုပ်နဲ့ထုပြီး အော်ရယ်တော့သည်။
“ဟား…. ဟား…. ဟား….မမလေးရယ်၊ ဒီအစေခံကို ရယ်အောင် လုပ်နေတာလား မမလေးလိုမျိုး ကိုယ်အရှေ့ပိုင်းက အနောက်ပိုင်းနဲ့ တူနေသော၊ အသုံးအဖြုန်းကြီးပြီး ပြောလို့ဆိုလို့ မကောင်းသော မိန်းကလေးကိုလား၊ လူတွေက မမလေးကို အမြဲတမ်း ဒီကိစ္စကို စိတ်ပူနေကြတာ၊ ကြီးထွားမလာသော ကလေး တစ်ယောက်လိုပဲ၊ အမတ်မင်းက မမလေးကို ကြိုက်မှာ မဟုတ်ဘူး၊ ဟား…. ဟား…. ဟား….”
သူမက ရှေ့သို့ကိုင်း၍ ရယ်ရလွန်းလို့ မျက်ရည်တောင် ကျနေလေသည်။
နန်းပေါင်ရီ၏ ပါးပြင်နုနုလေးက ပူကျစ်လာတော့သည်။ သူမက အံကိုကြိတ်၍ ဟယ်ယဲ့ကို ကန်ထုတ်လိုက်သည်။
“ထပ်ပြီး ပြောနေရင် ဒီအစေခံကို ကောင်းကင်ပေါ် ပို့ပစ်မယ်”
ညတာက ပိုပိုပြီးနက်လာလေပြီ…..
နန်းပေါင်ရီက အိပ်ရာပေါ်မှာ ကွေးနေပြီး ကန့်လန့်ကာ၏ အပြင်ဘက်က မီးအိမ်လေးကို တွေဝေငေးငိုင်စွာနဲ့ ကြည့်နေသည်။
အမတ်မင်း၏ အသံ၊ မျက်နှာထားနဲ့ အမူအကျင့်တွေက အမြဲ သူမ၏ အာရုံထဲသို့ ဝင်လာတတ်သည်။
သူပြောခဲ့ဖူးတယ်၊ ‘မင်းသာရှိရင် စိတ်အေးချမ်းတယ်’ တဲ့….
သူပြောခဲ့ဖူးတယ်၊ ‘အစ်ကို့ရဲ့ နှလုံးသားက မင်းအပိုင်ပါ’ တဲ့….
သူပြောခဲ့ဖူးတယ်၊ ‘တခြား မိန်းကလေးတွေမှာ ရှိတဲ့အရာတွေ နန်းကျောင်းကျောင်းမှာလည်း ရှိကိုရှိရမယ်’ တဲ့….
သေးသွယ်ပြီး ဖြူနုသော လက်ချောင်းတွေက ခေါင်းအုံးကို ညင်သာစွာ ကုတ်ခြစ်နေသည်။ သူမ၏အိပ်ရာ တစ်ခုလုံးက ခေါင်ရန်းပန်း ရနံ့လေး သင်းပျပျ မွှေးနေပြီး ချိုမြိန်၍ လန်းဆန်းစေသည်။
တကယ်ပဲ အမတ်မင်းက မျက်စိလည်ပြီး သူမကို ချစ်နေတာများလား။
အဲဒါဆို ဖြစ်နိုင်တာက……
ကောင်မလေး၏ မျက်တောင်ခြေတွေက လှပရွှန်းစို၍ နီရဲလာကာ တဖြည်းဖြည်းချင်း မက်မွန်ပွင့်လေးလို မျက်ဝန်းတွေအထိ ပျံ့နှံ့ဝင်ရောက်လာပြီး သေးသွယ်၍ နူးညံ့လှပသော လည်တိုင်လေးသို့တိုင် စိမ့်ဝင်သွားလေတော့သည်။
ပြတင်းအပြင်မှာတော့ လေညင်းလေးက တဖြူးဖြူး တိုက်ခတ်၍ မြက်ခင်းပြင်နဲ့ သစ်ပင်တွေ၏ ထိပ်ဖျားတွေကို ကျီစားသွားသည်။ လမင်းကတောင် သူ့အလှကိုပြဖို့ ရှက်ရွံ့နေသလို ပုန်းကွယ်နေသည်။
မိန်းကလေးက မျက်လုံးတွေကို မှေးမှိတ်ထားပြီး ပန်းရောင် ပါးပါးလေး သန်းနေသော နှုတ်ခမ်းလေးတွေက တိတ်တဆိတ် ကွေးညွှတ်နေသည်။
ဒီလိုသာဆိုရင် သူမထင်တာ ဖြစ်နိုင်ပါသည်။
ကျောက်ဝမ်ခြံမှာတော့ ရှည်ကြာသော ညတာက အထီးကျန် ဆန်လွန်းလှသည်။
ရှောင်းယီက တံစက်မြိတ် အောက်မှာ ရပ်ရင်း လက်ပိုက်ထားသည်။
ယွီဝေ့က ရိုသေစွာနဲ့ အစီရင်ခံလာသည်။
“ဒီအစေခံက အခုလေးတင် မေးလာခဲ့ပါတယ်၊ မိန်းကလေး ပေါင်ရီက အိပ်ရာထဲကို ဝင်သွားပြီး ကတည်းက ညစာတောင် ထွက်မစားပါဘူးသော၊ သူက အရမ်းဗိုက်ဆာပြီး ဟယ်ယဲ့ကို ငှက်သိုက် တစ်ပန်းကန် ချက်ပေးဖို့ ပြောပြီး ငှက်သိုက် တစ်ပန်းကန် စားပါတယ်တဲ့”
“ငှက်သိုက်ပန်းကန် သေးလေး တစ်ပန်းကန်ပဲ စားတယ်”
ရှောင်းယီက ငွေကြေးကို တွက်ချက်ဖို့ လည်ထွက်သွားပြီး အသံပြင်းပြင်းနဲ့ မေးလာသည်။
“သခင်လေးက မသိသေးလို့၊ မိန်းကလေး ပေါင်ရီက အလေးချိန် တက်လာမှာစိုးလို့ အမြဲတမ်း ညစာကို နည်းနည်းပဲစားတာ၊ ညဘက် အရမ်းဆာလာရင်တော့ ငှက်သိုက်သောက်လေ့ရှိတယ်”
သူမ ပြန်ထွက်သွား သောအခါ ရှောင်းယီက ပန်းခြံ၏ ညရှုခင်းကို တည်ငြိမ်စွာနဲ့ ငေးကြည့်နေသည်။
သူ့ကြောင့် နန်းကျောင်းကျောင်းက ညစာမစားတာ….
သူက သူမကို ပြဿနာ ဖြစ်စေတာလား ..
သူမက သူ့ကို လမ်းမှားနေသော အစ်ကိုတစ်ယောက်လို့ မြင်သွားမလား ..
ရှောင်းယီ၏အာရုံကို ပုံရိပ်တစ်ခု ထင်လာသည်။ မင်္ဂလာလက်ထပ်ပွဲ၏ ညချမ်းမှာ နန်းကျောင်းကျောင်းက အနီရောင် သတို့သမီး ခေါင်းဆောင်း ပဝါလေးကို ဆောင်းပြီး အိပ်ရာပေါ်မှာ သိမ်မွေ့စွာ ထိုင်နေလေသည်။
သူက ပဝါကိုလှန်ဖို့ ဓါးတစ်ချောင်းကို ကိုင်ကာ အိပ်ရာပေါ်ကို တိုးဝင်သွားပြီး ညစ်ညမ်းသော အပြုံးနဲ့ “ရှောင်းကျောင်းကျောင်း၊ လာခဲ့၊ အစ်ကိုနဲ့ ကစားရအောင်၊ ဒီအနီရောင် အခိုက်အတန့်လေးမှာ ကြာပွင့်ဖတ်တွေက အိပ်ရာပေါ်မှာ ပြန့်ကျဲနေပြီး ပထမဆုံးကလေး မွေးဖွားဖို့အတွက် ကြိုးစားရမဲ့ အချိန်ပဲ”
ရှောင်းယီက မည်းညစ်သော အတွေးတွေနဲ့ ခလုတ်တိုက်မိ လေတော့သည်။
သူက ထိုအတွေး ညစ်ညစ်တွေကြောင့် တုန်လှုပ်သွားရသည်။
ထိုပုံရိပ်က တကယ်ကို သူ့သွက်သွက်ခါ သွားစေသည်။
ကောင်မလေးက ရှက်တတ်ပြီး တွန့်ဆုတ်၍ တစ်ခါတစ်ရံမှာတော့ ကြောက်လန့် တတ်သေးသည်။ သူက ကတိုက်ကရိုက်ကြီး လုပ်လို့ မရနိုင်ပါချေ။
သူမ၏ရင်တွင်း ခံစားချက်တွေိကို ထွက်လာအောင် လုပ်ဖို့က ပထမ အရေးအကြီးဆုံး ဖြစ်သည်။
သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး အိပ်ခန်းထဲသို့ လှည့်ဝင် သွားတော့သည်။ စုတ်တံ၊ မင်၊ စာရွက်နဲ့ မင်သွေးကျောက်တို့ကို စားပွဲပေါ်မှာ ပြင်လိုက်သည်။
နောက်တစ်နေ့တွင်တော့……
နန်းပေါင်ရီက စိတ်ချမ်းသာ ပျော်ရွှင်ပြီး နိုးထလာသည်။ လန်းဆန်းသွားအောင် ကိုယ်လက်သန့်စင် ပြီးနောက် သူမက လှပသော ရွှေရောင် ခြေလှမ်းတွေနဲ့ မှန်ကိုကြည့်ပြီး အသေးစိတ်လှပသော ပုံရိပ်လေးကို ပုံဖော်လိုက်သည်။
ဒီနေ့က အစ်ကို ၂ ကိုရှာပြီး ကဗျာအလွတ် ရွတ်ပြရမဲ့နေ့ဖြစ်သည်။
သူမက ‘ရွယ်ဖူ ကဗျာပေါင်းချုပ်’ကို ပွေ့ထားပြီး အပြင်ထွက်ဖို့ ပြင်သောအချိန်မှာ ပြတင်းမှာ ချိတ်ထားသော ကျောက်စိမ်း ဝါးကျည်တောက်လေးကို ရုတ်တရက် တွေ့လိုက်သည်။
ပုံမှန်အတိုင်း သူမက ခြေဖျားလေးထောက်လို့ စာရှိမရှိ စစ်လိုက်သည်။
မထင်မှတ်ဘဲ သူမစာတစ်စောင်ကို တွေ့လိုက်ရသည်။
သူမ၏မျက်ဝန်းတွေက တောက်လဲ့လာပြီး စာကို ဂရုစိုက်၍ ဖွင့်ဖောက်လိုက်သည်။
နှင်းစက်တွေက စာ၏ထိပ်ပိုင်း ထောင့်လေးတွေကို စိုစွတ်နေစေပြီး စာမျက်နှာ၏ နောက်ကျောကိုပါ ထွင်းဖောက်မြင်အောင် ရေးထားသည်။ နဂါးတစ်ကောင်လို ခွန်အားကြီးသည်ပင်။
….. ကျောင်းကျောင်း မနေ့ကဖြစ်ရပ်ကို အထင်မလွဲပါနဲ့၊ အစ်ကိုက မင်းကိုစနေရုံပဲ…..
ရိုးရှင်းသော ရှင်းပြချက်လေး တစ်ခုပေမယ့် လေတစ်သုတ် တိုက်ခတ်သွားသလို နန်းပေါင်ရီကို ဆွံ့အငြိမ်သက် သွားစေသည်။
အမတ်မင်း… ဒါက……
ဘာကိုဆိုလိုတာလဲ ..
မနေ့က အဓိပ္ပါယ် အမျိုးမျိုး ကောက်လို့ရသော စကားက သူမကို စတာသောလား..
စာရွက်ကို ကိုင်ထားသော မိန်းကလေး၏ လက်တွေက တုန်ရီနေပြီး နှုတ်ခမ်းလေးတွေကလည်း တဆတ်ဆတ် ခါနေပေမယ့် စကားတစ်ခွန်းမှ ထွက်ကျမလာပါချေ။
မနေ့ညက…..
မနေ့ညက သူမက သူ့ကို အိပ်မက်မက်ခဲ့သည်။
ပြီးတော့ ဟယ်ယဲ့ကလည်း ပြောသေးတယ်၊ အမတ်မင်းက အစိုးရအရာရှိ အိမ်တော်က သခင်မလေးနဲ့သာ လက်ထပ်မှာတဲ့၊ အဲဒါကြောင့် သူမလို ပန်းရိုင်းလေး တစ်ပွင့်က ဘယ်လိုလုပ်ပြီး နှောင့်ယှက်လို့ ဖြစ်ပါ့မလဲလေ…..
ထပ်ဖြည့်ရရင် အမည်ခံအရဆို သူတို့က အစ်ကိုနဲ့ ညီမလေးပဲလေ…..
ထိုအတွေးနဲ့ မိန်းကလေး၏ မျက်ဝန်းအိမ်တွေက အနီရောင် တစ်စွန်းတစ်စ စွန်းထင်းလာပြီး မျက်ရည်ဥတွေ တဖြည်းဖြည်းချင်း လိမ့်ဆင်း လာတော့သည်။ မနေ့ညက အတွေးတွေထဲ နစ်မြောနေခဲ့သော သူမကိုယ်သူမ အရူးတစ်ယောက်လို ခံစားလိုက်ရသည်။
“ကျောင်းကျောင်း”
နန်းပေါင်ကျူး၏ ရှင်းလင်းလှသော အသံက အပြင်ဘက်မှ ဝင်ရောက်လာသည်။ သူမက ပျော်ရွှင်စွာနဲ့ ခုန်ပေါက်မြူးတူးနေပြီး နန်းပေါင်ရီ၏ လက်ကို ကြင်နာစွာ ကိုင်ရင်း ပြောသည်။
“အဘွားကို အတူတူသွားပြီး ဂါရဝပြုရအောင်၊ အဲဒါဆို လူစုံမှာပဲ”
နန်းပေါင်ရီက စာကို သူမ၏ အနောက်မှာ ခပ်မြန်မြန် ဖွက်လိုက်ပြီး မျက်လုံးတွေကို ကျယ်ကျယ် ဖွင့်နိုင်ဖို့ ကြိုးစားရင်း မျက်ရည်တွေ စီးမကျလာအောင် တားဆီးလိုက်သည်။
သူမစကား ပြောသောအခါ ရှိုက်သံထွက်မှာ စိုးတာကြောင့် နာခံသော အပြုံးလေးနဲ့ ပန်းပွင့်ခန်းမသို့ လိုက်သွားတော့သည်။
သူတို့ ပန်းပွင့်ခန်းမသို့ ရောက်သောအခါ ရှောင်းယီလည်း ရှိနေသည်။ သူက လက်ဖက်ရည် တစ်ခွက်ကို သောက်နေသည်။ သူမဝင်လာတာကို သိတာတောင် သူမဆီသို့ အကြည့်တစ်ချက် ရောက်မလာပါချေ။
သူမက နှုတ်ခမ်းလေးတွေကို တင်းတင်းစေ့ပြီး အရင်လိုပဲ လူကြီးတွေကို တက်ကြွစွာနဲ့ နှုတ်ဆက်လိုက်သည်။
ရှောင်းယီ၏ မြင့်မားသော အဆင့်အတန်းကြောင့် အိမ်တော်က အငယ်တွေက သူ့ကို နှုတ်ဆက်ဖို့ လိုသည်။
နန်းပေါင်ရီက နန်းပေါင်ကျူး နဲ့အတူ ရှောင်းယီကို နှုတ်ဆက်လိုက်သည်။
သူမက ကိုယ်ကိုငုံ့ကိုင်းရင်း “အစ်ကို ၂၊ ကျန်းမာပါစ….”
မျက်လွှာတွေကို ချထားသောပုံစံက ပုံမှန်ထက်ပိုပြီး စိတ်အားထက်သန်မှု အားနည်းနေသည်။
အဘွားအိုက စိတ်ဝင်တစားနဲ့ ကြည့်လာသည်။ ကလေးငယ်လေးတွေ စကားများ ထားကြတာဖြစ်မှာ စိုးရသည်။
ရှောင်းယီက ဖြည်းညင်းစွာ မျက်ခုံးတွေကို ပင့်လိုက်သည်။ ကောင်မလေးက လှလှပပ ဝတ်စားထားပြီး မျက်ခုံးတွေနဲ့ မျက်ဝန်းတွေကတော့ မကျေနပ်ချက်များ ပြည့်နှက်နေသည်။
တော်သင့်ပြီ။ သူမက သူ့ကိုမနေ့က ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တာဖြစ်လိမ့်မည်။
သူက သူမကို လက်ပြလိုက်ရင်း “ကျောင်းကျောင်း၊ ဒီကိုလာခဲ့”
နန်းပေါင်ရီက အနည်းငယ် တုံ့နှေးနှေးနဲ့ လျှောက်သွားလိုက်သည်။
ပထမဆုံး ရှောင်းယီက သူမ၏ခေါင်းလေးကို ကြင်နာစွာ ပွတ်သပ်လိုက်ပြီး ဂျုံ၊ထောပတ်နဲ့ လုပ်ထားသော အစာသွပ်မုန့် သေတ္တာကိုထုတ်ယူလိုက်ပြီး “ယူပြီးစား”
နန်းချန်းလီက ကျောင်းကျောင်းကို အမြဲလိုလို ဆက်ဆံတတ်သော ပုံစံကို အတုယူလိုက်တာ ဖြစ်သည်။
ဂုဏ်သရေ ကြီးမြတ်၍ လိုတာထက်ပိုပြီး ဂရုစိုက်တတ်သော ပုံစံနဲ့ အစ်ကိုနဲ့ ညီမလေးကြားက စည်းကို ဆွဲဆန့်လိုက်သည်။
နူးညံ့လှပပြီး သတ္တိနည်းသော မိန်းကလေး တစ်ယောက်အတွက် အစ်ကိုနဲ့ ညီမလေးအဖြစ် စတင်ပြီး နောက်မှ တစ်လှမ်းချင်း တစ်လှမ်းချင်း သူမ၏နှလုံးသားကို သိမ်းပိုက် စိုးမိုးဖို့ သူကြံရွယ်ထားသည်။
နန်းပေါင်ရီက အစာသွပ် မုန့်သေတ္တာလေးကို ကိုင်ရင်း အတန်ကြာသည်အထိ ဆွံ့နေလေသည်။
ရှောင်းယီက အိမ်မွေး ခွေးတစ်ကောင်လို မွေးနေတာလား။
သူမကို လှလှပပလေး စနောက်ပြီးမှ နောက်တာပါလို့ လျောချပြီး အခုကျတော့ အစ်ကိုတစ်ယောက်၏ စိတ်ကြီးဝင်နေသော ဟန်ပန်ကို ထပ်လုပ်လာပြန်ပြီ။ တကယ်ပဲ ကြောက်စရာ ကောင်းလိုက်တာ….
သူမက အပြုံးရေးရေးဖြင့် “အစ်ကို ၂ မုန့်တွေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပြုပြီး အဒေါ်ကျိ အစ်ကို့ရဲ့ လက်ဖက်ရည်ကို ပဲနို့နဲ့ လဲပေးလိုက်ပါ၊ အစ်ကိုက ပဲနို့သောက်ရတာ ကြိုက်တယ်၊ အိုးကြီးတစ်အိုးလုံးကို သောက်မှာ”
ရှောင်းယီ “….”
မျက်ဝန်းနှစ်စုံက အကြည့်ချင်း ဆုံသွားကြသည်။
နန်းပေါင်ရီက အပြစ်ကင်းစင်သော ပုံစံလေးနဲ့ ခေါင်းကိုမော့လာသည်။
အမတ်မင်းက ပဲနို့ကိုမကြိုက်မှန်း သူမ တစ်ချိန်လုံး မသိဘူးလို့ ထင်နေလား။
ပဲနို့သောက်တိုင်း သူ၏စိတ်ဓါတ်ကျပြီး နာကျင်သွားသော အမူအရာကိုကြည့်ပြီး သူမသိထားပြီး ဖြစ်သည်။
သူမက မြင်သာအောင် ထုတ်ပြောပြီး မနှောင့်ယှက်တာပဲ ရှိသည်။
သူကြိုက်တယ်လို့ ပြောမှတော့ ကောင်းကောင်း သောက်ပေါ့လေ….
***