အပိုင်း (၁၈၆)
ငါမှားသွားတယ် အဲ့ဒီအကြောင်းကို ငါမတွေးလိုက်သင့်ဘူး။
နန်းကျင်က သူမ၏ငွေအိတ်ကို လွင့်ပစ်လိုက်ပြီးဟိန်းဟောက်လိုက်သည်။
“နန်းယန်၊ မင်းကငါ့ကို တမင်ရန်စနေတာလား မင်းလည်းငါ့ကို အထင်သေးနေတယ်ပေါ့။ ရွှေစ ဆယ်စလောက်နဲ့ လောက်မယ်လို့ ထင်နေတာလား”
နန်းယန်က ဒီလို ဆူပူအော်ဟစ်တတ်တဲ့ အစ်ကိုကို တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။
သူမ၏အစ်ကိုက အမြဲတမ်း စည်းကမ်းရှိပြီး ကျောင်းတက်နေသည့် မိသားစုက ဂုဏ်ယူရသည့် မိသားစု၏ ဒေါက်တိုင်တစ်ခု ဖြစ်သည်။
“အစ်ကို ….”
“ဒီအသုံးမကျတဲ့ကောင်မ၊ ထွက်သွားစမ်း”
နန်းကျင်က ဒေါသထွက်ပြီး သူမကို ကြမ်းပြင်ပေါ်သို့ တွန်းထုတ်လိုက်သည်။ လူတိုင်းက ထိုအဖြစ်အပျက်ကို ကြည့်နေကြတာကြောင့် နန်းယန်ကို အလွန် အရှက်ရသွားစေသည်။ သူမက မျက်နှာနီလာပြီး ထရပ်လိုက်ရင်း စားပွဲထိုးကို ခေါ်လိုက်၍ ဘာတွေဖြစ်သွားတာလဲ ဆိုတာကို သေချာမေးမြန်း လိုက်သည်။
စားပွဲထိုးလေးက ပွဲကိုကြည့်ဖို့ စိတ်အား ထက်သန်မနေပါချေ။ အဖြစ်အပျက်ကို ပြောရုံသာမကဘဲ လှောင်ပြောင် လိုက်သေးသည်။
“မင်းလည်း မင်းရဲ့ အစ်ကိုနဲ့တူတူပဲ၊ ငွေမရှိဘူးဆိုရင် ဒီကို ရောက်မလာနဲ့လေ၊ ဒါက ဘယ်လိုနေရာမျိုးလဲ ဆိုတာကို မမြင်ဘူးလား၊ သူလာဖို့ တန်လို့လား၊ သူက နန်းအိမ်တော်ရဲ့ သခင်လေး တစ်ယောက်လည်း မဟုတ်ဘဲနဲ့ သဘောထား ကြီးချင်ယောင် ဆောင်နေတာပဲ၊ အခုတော့ ကောင်းရော၊ ဒီသတင်းသာ ပြန့်သွားရင် စာမေးပွဲတောင် ဝင်ဖြေလို့ မရတော့ဘူး”
တချို့စကားလုံးတွေက ပြင်းရှစွာ ရိုက်နေသလိုပင်၊ နန်းယန်၏ မျက်နှာကို မညှာမတာ ရိုက်ပုတ် နေသကဲ့သို့ ဖြစ်နေသည်။
သူမက နှုတ်ခမ်းကို ပြင်းပြင်း ကိုက်လိုက်သည်။ သူမ၏အစ်ကိုက ကျောင်းက တကယ် အထုတ်ခံလိုက်ရ တယ်တဲ့လား။
ပြီးတော့ ထိုကိစ္စကို ဘယ်လို ပြန်အဖတ်ဆယ် ရပါ့မလဲ၊ သူက ဘယ်လိုလုပ်ပြီး သူ၏ညီမငယ်ကို စောင့်ရှောက် နိုင်ပါတော့မလဲ။ သူ့အစ်ကိုက သူ့အတွက်တော့ တကယ်ကို အသုံးမကျတဲ့ သူတစ်ယောက် ဖြစ်သွားချေပြီ။
သူမ၏မျက်လုံးထဲက ခံစားချက်တွေက လုံးဝကို ပြောင်းလဲ သွားတော့သည်။ သူမက မပြောခင် အချိန်အကြာကြီး ယူပြီးမှ ဖြည်းညင်းစွာ ပြောလိုက်သည်။
“နန်းကျင် ယူထားတဲ့ အကြွေးတွေက ငါနဲ့ဘာမှမဆိုင်ဘူး၊ သူ့အတွက်ငါ ဆပ်မပေးနိုင်ဘူး”
ပြောပြီး သူမက လှည့်ထွက် သွားတော့သည်။ နန်းကျင်က မကြင်နာတတ်တဲ့ သူ့ညီမရဲ့ နောက်ကျောကို ကြည့်ရင်း ရယ်မောလိုက်သည်။
ရယ်မောပြီးသောအခါ သူက စားပွဲတွေဘက်ကို ပတ်ချာလည် လှည့်ကြည့်လိုက်ပြီး ဒေါသထွက်နေသည့် အသံနဲ့ “နန်းယန်၊ မင်းက ငါ့ကို အကြွေးကူဆပ် မပေးချင်ဘူးပေါ့၊ ငါက ကြီးမြတ်လှတဲ့ ဘုရင်ခံအိမ်တော်ကို သွားပြီး မင်းရဲ့စေ့စပ်ပွဲကို ဖျက်ဆီးပြမယ်”
နန်းယန်က ရုတ်ခြည်း ပြန်လှည့်လာခဲ့သည်။
သူမက မယုံကြည်နိုင်ဟန်နဲ့ “ဘာပြောလိုက်တယ်”
“အာ.. ငါတောင်းပန်တယ်၊ ငါအဲ့ဒါကို မစဉ်းစားမိသင့်ဘူး”
နန်းကျင်က စိတ်ဆိုးမာန်ဆိုးဖြင့် “ဘယ်လိုပဲဖြစ်ဖြစ် မင်းက အနှေးနဲ့အမြန် လက်ထပ်ပြီး ဘုရင်ခံနန်းတော်ကို သွားရတော့မှာ၊ အဲ့ဒါကြောင့် မင်းကအခု ချန်းတယ်ယွီကို ခေါ်လိုက်ပြီး ငွေရှင်းခိုင်းလိုက်၊ သူက ငါ့ယောက်ဖမို့လို့ ငါ့အကြွေးကို ရှင်းပေးဖို့တာဝန် ရှိတယ်”
နန်းယန်၏ မျက်ခုံးတွေက တဆတ်ဆတ် တုန်လာသည်။ သူမက ပါးစပ်ကို ဟလိုက်ပေမယ့် အသံမပြုနိုင် ဖြစ်နေရသည်။ သူမက ချန်းအိမ်တော်နဲ့ လက်မထပ်ရသေးခင်မှာ ချန်းတယ်ယွီကို သူ့အစ်ကိုအတွက် ငွေရှင်းပေးဖို့ ပြောရမည်တဲ့၊ ဘယ်လိုတောင်လား။
သို့သော်လည်း သူမ မငြင်းရသေးခင် နန်းကျင်က ရှေ့ကို ခြေလှမ်းပြီး နေချေပြီ။
သူက နန်းယန်၏ ဆံပင်ကို ဆွဲပြီး ခက်ထန်စွာနဲ့ “ငါပြောတာကို နားမလည်ဘူးလား ချန်းတယ်ယွီကို ခေါ်ပြီး ငါ့အတွက် ငွေရှင်းပေးခိုင်းလိုက်လို့”
ထိုသို့ပြောပြီး နန်းကျင်က လွှတ်ပေးလိုက်တဲ့အခါ သူမက ခွေးခြေပေါ်ကို အမှိုက်တစ်စလို ပစ်ကျသွားတော့သည်။
သူက ချမ်းသာကြွယ်ဝပြီး တွေးခေါ် စဉ်းစားတတ်သည့် ကောင်လေးတစ်ယောက်လို ပုံစံနဲ့သာ အသားကျခဲ့တာ ဖြစ်သည်။ ဘယ်လိုဖြစ်ပြီး သူက စားသောက်ပွဲလေး တစ်ပွဲအတွက်တောင်မှ ငွေမတတ်နိုင်တဲ့သူ တစ်ယောက် ဖြစ်သွားရတာလဲ။
အဲ့ဒါက နန်းပေါင်ရီကြောင့်ပဲ သူ၏ သိက္ခာတွေ၊ သူ၏ဘဝ တက်လမ်းတွေ၊ သူ၏ အရာရှိဖြစ်ဖို့ ရည်မှန်းချက်တွေ အားလုံး နန်းပေါင်ရီကြောင့် ပျက်စီးသွားရသည်။
အား လုံး ပျက် စီး သွား ပြီ…….
သူကခေါင်းကိုကိုင်ပြီး အရူးတစ်ယောက်လို ရယ်မောနေတော့သည်။ ရယ်ပြီးတဲ့အခါ သူက နန်းပေါင်ရီကို ရုတ်တရက် ကြည့်လိုက်သည်။
ကောင်မလေးက ဆွဲဆောင်မှုရှိရှိ လှပနေသည်။ သူမက ဝတ်ရုံလက်ကို လှန်တင်ပြီး ချစ်ခင်စွာနဲ့ ရှောင်းယီကို ပဲနို့ ငဲ့ပေးနေလေသည်။ ထိုသည်က ဒီနှစ်တွေ အတောအတွင်း သူမ၏ ငြိမ်းချမ်းလှတဲ့ သွင်ပြင်ပင်။
ဘာလို့သူကတော့ အရမ်းစိတ်ပျက် အားငယ်နေရပြီး ပြဿနာ ရှာထားတဲ့ အဓိက တရားခံကတော့ အေးဆေးနေရတာလဲ။
နန်းကျင်က ထရပ်ပြီး သူမဆီကို ကြမ်းကြမ်းတမ်းတမ်းနဲ့ လျှောက်သွားလိုက်သည်။
“နန်းပေါင်ရီ၊ ငါ့မှာ ကောင်းကောင်းပြောနေဖို့ အချိန်မရှိဘူး၊ နင်ကြည့်နေလိုက်၊ နင်ကြည့်နေလိုက်”
သူက ဟိန်းဟောက်ပြီး စားပွဲရှစ်ကို လှန်ပစ်ဖို့ အစွမ်းကုန် ကြိုးစားသည်။
သို့သော်လည်း နန်းပေါင်ရီက နန်းယန် မဟုတ်ပါချေ။ သူအနီးကို ကပ်မလာခင်မှာ မည်းမှောင်နေသည့် မျက်နှာနဲ့ ကိုယ်ရံတော် နှစ်ယောက်က သူ့ရှေ့ကနေ ပိတ်ထားလိုက်သည်။ သူတို့၏လက်ထဲက ဓါးရှည်တွေကလည်း ဓါးအိမ်၏အပြင်သို့ နှစ်လက်မခန့် ထွက်ပြူလာသည်။ ဓါးရှည်တွေ၏ ထက်မြမှုက နှလုံးခုန်နှုန်းကို ကမောက်ကမ ဖြစ်စေနိုင်သည်။
နန်းကျင်၏ ရင်ဘတ်ထဲမှာ သွေးတွေက လှိုင်းလုံးတစ်လုံးလို မြင့်တက်လာသည်။
ဟုတ်တာပေါ့၊ နန်းပေါင်ရီက အခုအမတ်မင်းရဲ့လူပဲ၊ ဘယ်မှာသူက အခွင့်သာပါ့မလဲ၊ ဒါပေမယ့် ကိစ္စမရှိပါချေ။ နွေဦးကျောက်စိမ်း စံအိမ်ရှိသေးသည်။ နွေဦးကျောက်စိမ်းစံအိမ် သူဌေးမက နန်းပေါင်ရီကို သတ်ပေးမည်ဟု ကတိပေးထားသည်။
သူက ရင်ဘတ်ကို ဖုံးလိုက်ပြီး စပ်ဖြီးဖြီးနဲ့ ပြောလိုက်သည်။
“အမတ်မင်းက မင်းကို ခဏတာပဲ ကာကွယ်ပေးနိုင်မှာ၊ တစ်ဘဝစာလုံးအတွက် ကာကွယ်ပေးဖို့တော့ မဖြစ်နိုင်ဘူး၊ နန်းပေါင်ရီ မင်းစောင့်နေ၊ အနှေးနဲ့အမြန်….”
“ရှင်က နွေဦးကျောက်စိမ်း စံအိမ်ကို ထည့်တွက်နေတာ ဆိုရင်တော့ ဖြစ်နိုင်ရင် စိတ်လေးကို အနားပေး လိုက်ရင် ကောင်းမယ်”
နန်းပေါင်ရီက ဝတ်ရုံ လက်အိတ်ထဲက စာချုပ်တစ်ခုကို အေးအေးဆေးဆေး ထုတ်ယူလိုက်သည်။ စာချုပ်က အနက်ရောင်မင်နဲ့ ရေးထားပြီး အနီရောင် လက်ဗွေရာ တစ်ခုရှိနေသည်။ နန်းကျင်က နွေဦးကျောက်စိမ်း စံအိမ်ကို ငွေပေးခဲ့ကြောင်း သက်သေဖြစ်သည်။
နန်းပေါင်ရီက ပြုံးရင်း နန်းကျင်၏ ရှေ့မှာ စာချုပ်ကို အပိုင်းပိုင်း ဆွဲဖြဲလိုက်သည်။ နန်းကျင်က ကြမ်းပြင်ပေါ် ပြန့်ကျဲသွားသော စာရွက်အပိုင်းအစတွေကို ဗလာသက်သက် အမူအယာနဲ့ ကြည့်နေသည်။
နွေဦးကျောက်စိမ်း စံအိမ်မှာချုပ်ခဲ့တဲ့ သူ၏စာချုပ်က ဘာလို့ နန်းပေါင်ရီ၏ လက်ထဲကို ရောက်နေရတာလဲ အနည်းငယ် ခန့်မှန်းမိသွားပြီး သူက စာရွက်ပိုင်းတွေကို ငုံ့ကောက်လိုက်သည်။ သို့သော်လည်း စာချုပ်၏မင်တွေက မှိန်ဖျော့၍ ပျယ်နေပြီဖြစ်ပြီး သူ၏အနီရောင် လက်ဗွေရာသာ ကျန်တော့သည်။
“ရှင်မသိလောက်ဘူး၊ နွေဦးကျောက်စိမ်း စံအိမ်သခင်မနဲ့ ကျွန်မက ညီအစ်မကောင်းတွေလေ၊ ရှင်က ကျွန်မကိုသတ်ဖို့ လူငှားတယ်၊ ဒါပေမယ့် နေရာမှားကိုမှ သွားလိုက်မိတာကိုး၊ သူရှင့်ကို ပေးလိုက်တဲ့ စာချုပ်က မှိန်ဖျော့စေတဲ့မင်နဲ့ ရေးထားတာ၊ ဟုတ်တယ်၊ အဲ့ဒါကို ရုံးတော်ကို ယူသွားရင်တောင် ရှင်ဘာမှ သက်သေမပြနိုင်ဘူး၊ ပြီးတော့ ထပ်ပြောရရင် လူသတ်သမား ငှားရမ်းတဲ့ သူကလည်း လူသတ်သမား ပဲလေ၊ တကယ်လို့ ရှင်က ရုံးတော်ကို သွားတိုင်ချင်တယ် ဆိုရင်လည်း သွားပေါ့”
နန်းပေါင်ရီ၏အသံက ငွေခေါင်းလောင်းလေး၏ အသံလို အလွန်ချိုသာလှသည်။ သို့သော်လည်း နန်းကျင်၏နားထဲမှာတော့ မိုးခြိမ်းသံလို ခံစားလိုက်ရသည်။ နွေဦးကျောက်စိမ်း စံအိမ်က သူဌေးမနဲ့ နန်းပေါင်ရီက ညီအစ်မကောင်းတွေတဲ့လား အဲ့ဒီလိုသာဆိုရင် ရွှေစရှစ်ထောင်က ရေထဲကျသွားတာနဲ့ အလားသဏ္ဌာန် တူတူပဲပေါ့။
သူက နန်းအိမ်တော်ကို ပြန်ရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးပေမယ့် ငွေတွေ၊ ဘဝတက်လမ်းတွေ၊ သိက္ခာတွေ အားလုံးကို ဆုံးရှုံးလိုက်ရလေပြီ။
သူ့မှာဘာမှမရှိတော့……
သူ၏ရင်ဘတ်က သွေးလှိုင်းလုံးကြီး တစ်လုံး ဆန်တက်လာပြီး နောက်ဆုံးမှာတော့ သူထိန်းမထားနိုင်တော့ ပါချေ။ နန်းကျင်က ပါးစပ်အပြည့် သွေးတစ်ပွက် အန်သွားပြီး ရွှေရောင် စက္ကူတစ်စလို ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူ၏ဘဝက သေမလား ရှင်မလားဆိုတာ မသိနိုင်တော့ပါချေ။
“အစ်ကို”
နန်းယန်က ပါးစပ်ကို အုပ်လိုက်ပြီး ထိတ်လန့်စွာနဲ့ အော်ခေါ်လိုက်သည်။ အဆုံးမှာတော့ မောင်နှမတွေဆိုတာက တစ်သွေးတည်း တစ်သားတည်းပါပင်။
သူမက ငွေအိတ်ကို ကောက်ယူ၍ အစေခံတွေကို အကူအညီ တောင်းပြီး နန်းကျင်ကို နန်းအိမ်တော်သို့ ပြန်သယ် သွားခိုင်းလိုက်တော့သည်။
အထူးစားပွဲရှစ်မှာတော့……
နန်းပေါင်ရီက ချိုသာသည့် အပြုံးတစ်ပွင့်နဲ့ မီးငှက်မျက်လုံးတွေက တောက်ပနေပြီး နေရောင်၊ လရောင်နဲ့ ကြယ်ရောင်တွေကို သိမ်းဝှက်ထားသလိုပင်။
သူမက မျက်နှာလေးကို ကိုင်လိုက်ပြီး “နန်းကျင်လို နတ်ဆိုးတစ်ကောင်ကို လက်တုံ့ပြန်လိုက်ရတာ အရမ်းပျော်တာပဲ၊ လောကကြီးထဲက နတ်ဆိုးလို လူတွေ အားလုံးဒီလို တုံ့ပြန်ခံရသင့်တယ်၊ အဲ့ဒါဆိုရင် ဟိုင်ယန်၊ ဟယ်ချင်နဲ့ ဒတောင်က နယ်စပ်ဒေသတွေပါ မကျန် ကြီးပွားတိုးတက်သွားမှာ”
ရှောင်းယီက သူမကို စိုက်ကြည့်နေသည်။ အဝတ်အစားကောင်းတွေိကို ကြိုက်နှစ်သက်ပြီး တစ်နေ့လုံး အလှပြင်နေသည့် ဒီဇီဇာကြောင်တတ်တဲ့ အိမ်တွင်းပုန်း ကောင်မလေးက ငွေလက်မှတ်တွေကို ဝတ်ရုံလက်အိတ်ထဲ ထည့်ပြီး အိပ်နေတတ်တာ မဟုတ်ဘူးလား။ သူမက ဟိုင်ယန်၊ ဟယ်ချင်နဲ့ ဒတောင် ဒေသကလူတွေ ကောင်းစားဖို့အတွက် အတွက် ပြင်းပြတဲ့ ဆန္ဒရှိတယ်တဲ့လား။
သူက ညင်ညင်သာသာ ရယ်မောလိုက်သည်။ ထိုရယ်သံက နန်းပေါင်ရီကို စော်ကားလိုက်သလို ခံစားသွား ရစေသည်။
သူမက စိတ်မချမ်းမြည့်စွာနဲ့ “အစ်ကို ၂၊ ညီမလေးကို ရယ်နေတာလား”
“မဟုတ်ရပါဘူးကွာ”
နန်းပေါင်ရီက မျက်လုံးတွေကို လှည့်လိုက်ပြီး သူ့လက်ထဲကို ခွက်တစ်ခွက် တွန်းပို့လိုက်သည်။
“အခုလေးတင် ညီမလေး ငှဲ့ပေးထားတဲ့ ပဲနို့ပူပူလေးကို သောက်လိုက်ဦး၊ အေးသွားရင် သောက်မကောင်း တော့ဘူး”
ရှောင်းယီက ပဲနို့ခွက်ကို ကြည့်နေပြီး အချိန်အတော်ကြာမှ သူက ယူပြီးသောက်လိုက်သည်။
နန်းပေါင်ရီက နောက်ထပ် တစ်ခွက် ထပ်ထည့်ပေးလိုက်ပြီး မြတ်နိုးစွာနဲ့ “အစ်ကို ၂ က ပဲနို့ကို ဒီလောက် ကြိုက်မယ်လို့ မသိခဲ့ဘူး၊ အိမ်ကို ပြန်ရောက်ရင် ရှောင်းအာကို တစ်အိုးလောက် မှာခိုင်းခဲ့ရမယ်၊ အစ်ကိုကျောက်ဝမ်ခြံကို ပြန်ရောက်ရင် ဖြည်းဖြည်းချင်း သောက်လို့ရတာပေါ့”
ရှောင်းယီ “….. ငါမင်းကို တကယ် ကျေးဇူးတင်ရတော့မှာပဲ”
“မောင်နှမတွေပဲ၊ ရပါတယ်၊ အားမနာပါနဲ့”
သူတို့နှစ်ယောက် စကားပြောနေကြစဉ်မှာ ချန်းတယ်ယွီက ဖိတ်ခေါ်မှုကြောင့် ထိုနေရာကို ရောက်လာခဲ့ သည်။
အရာရှိငယ်က နွေးထွေးပြီး ကျောက်စိမ်းလို စွတ်စိုနေသည်။
လက်မောင်းတွေ ကြားထဲမှာ မျက်နှာကိုဖွက်ပြီး မိုးစက်မိုးပေါက်တွေ ကျဆင်းနေသလို ငိုကြွေးနေသည့် နန်းယန်ကို သူကြည့်လိုက်သည်။ သူ၏မျက်ခုံးတွေက အလိုမကျမှုကြောင့် တွန့်သွားတော့သည်။ နှစ်သစ်ကူးအချိန်မှာ ဒီလိုငိုကြွေးနေတယ် ဆိုတာက ဘာနဲ့တူနေလဲ။
ဒါကလုံးဝကို မသင့်လျှော်ဘူး…..
နန်းယန်က မျက်နှာလေးကို ပင့်မော့လိုက်ပြီး ရှက်ရွံ့စွာနဲ့ “အစ်ကိုချန်း၊ ညီမရဲ့ အစ်ကိုက ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်မှာ ရွှေစတစ်ထောင့်နှစ်ရာ အကြွေးတင်နေတယ်၊ နန်းအိမ်တော်ကလည်း ပေးဖို့ ငြင်းဆန်ကြတယ်၊ တကယ်လို့ အစ်ကိုသာ အဆင်ပြေမယ်ဆိုရင်….”
***