အပိုင်း (၁၈၅)
တခြားသူတွေက သူ့ကိုကြည့်ရင် အမတ်မင်းက ကြောက်လန့်သွားအောင် လုပ်ပစ်ချင်တာ
ရှောင်းယီက ရယ်မောလိုက်သည်။
“ဒါ ဟောင်ကျူးက အမတ်မင်းအတွက် ပေးတာလား”
“ဟား…. ဟား…. ဟား…. သတိမထားမိဘဲ ဘယ်နေပါ့မလဲ၊ အမတ်မင်းက ရွယ်ဘုရင်ခံရဲ့ ရှေ့မှာ ပြောရေးဆိုခွင့် ရှိတဲ့သူပဲ၊ ရွယ်ဘုရင်ခံမှာ တပ်သား ငါးသိန်းရှိတယ်၊ စားနပ်ရိက္ခာအတွက် သူက ငွေတွေ အများကြီး သုံးရမှာ ကျိန်းသေတယ်၊ သူက ကျင်းကွမ်မြို့ကို နောက်ရက် အနည်းငယ် အကြာမှာ ပြန်ရောက်လာတော့မယ်၊ တကယ်လို့ အမတ်မင်းက သူ့ရှေ့မှာ ကျွန်တော့်အတွက် စကားကောင်းလေး နည်းနည်း ပြောပေးမယ်ဆိုရင်….”
ဟောင်ကျူးက မျက်လုံးတွေ မှေးကျဉ်းသွားအောင်ပြုံးရင်း “ကိစ္စပြီးရင် အမတ်မင်းနဲ့ ကျွန်တော် အမြတ်ကို ခွဲဝေယူကြတာပေါ့”
ရှောင်းယီ “ဒီအမတ်မင်းက မင်းရဲ့ဆန်ဆိုင်တွေနဲ့ စပါးကျီတွေကိုပဲ အသုံးလိုတယ်လို့ ပြောတာ၊ ကြည့်ရတာ မင်းသေချာ နားမထောင်ဘူး ထင်တယ်”
ဟောင်ကျူးက ရယ်ရင်း “အစိုးရရုံးတွေဆီကို ရောက်လာတဲ့ အရာရှိသစ်တွေမှာ သုံးမျိုးသုံးစား ရှိတယ်၊ အမတ်မင်းက ကောက်ပဲသီးနှံတွေ ပိုပြီး ဝယ်ယူချင်တယ် ဆိုတာက ဒီနှစ်စပါးဈေးကို ကျပြီး လူတွေ အကျိုးအမြတ် ရအောင်လို့၊ ပြီးတော့ အဲ့ဒါက အစိုးရအရာရှိ တစ်ယောက်ရဲ့ ရပိုင်ခွင့်နဲ့ ရာထူးတိုးဖို့ အတွက်၊ ကျွန်တော်က ဒါ ဘာကိုဆိုလိုလဲဆိုတာကို သိပါတယ်၊ နားလည်ပါတယ်”
ရှောင်းယီက ပုံမှန်မဟုတ်စွာနဲ့ မျက်ခုံးတွေကို ပင့်လိုက်သည်။
သူက အေးဆေး တည်ငြိမ်စွာနဲ့ ကျားကွက်ကို သူ့ရှေ့သို့ ရွှေ့လိုက်ပြီး “ဒီအမတ်မင်းနိုင်ပြီ”
မိန်းမလှလေး ဂီလင်က စိတ်လှုပ်ရှားစွာနဲ့ လက်ခုပ် တီးလိုက်သည်။
အစ်မကြီးတွေ၏ အမူအယာအတိုင်း သူမက ကလက်တက်တက်နဲ့ ရှောင်းယီဆီကို လက်ဆန့်လိုက်ပြီး “အမတ်မင်း၊ ဒီအစေခံကို ပျော်ရွှင်စေတဲ့ ငွေလေး ပေးသင့်တယ်နော်”
ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိတဲ့ သူတွေ ကျားကွက် ကစားကြတဲ့အခါ သူတို့၏ နားမှာ မိန်းမလှလေးတွေကို ဘေးမှာထားပြီး ခစားစေတတ်ကြသည်။ သူနိုင်သွားရင်တော့ အခွင့်အရေး ပေးသည့် အနေနဲ့ ထိုမိန်းမလှလေးတွေကို ငွေတွေ ချီးမြှင့်လေ့ရှိကြသည်။
ရှောင်းယီက သူမ၏ ဆန့်ထားသော လက်ကို ကြည့်လိုက်သည်။
သူက ထိတ်လန့်စရာ ကောင်းလှတဲ့ အရှိန်အဝါနဲ့ “ကြမ်းတမ်းလိုက်တာ၊ ငါ့အားကျောင်းလောက်တောင် မလှပဲနဲ့ မရှက်ဘူးလား”
ဂီလင်က ချောမောလှပပြီး မောင်းမတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ပေးခံရသည့် မိန်းကလေး တစ်ယောက် ဖြစ်၍ သူမက အလုပ်ကြမ်းတွေ မလုပ်ဖူးသလို သူမ၏ လက်ကလည်း တကယ်ကို ကြမ်းတမ်းမနေပါချေ။
သို့သော်လည်း နန်းပေါင်ရီနဲ့ ယှဉ်ရင်တော့ သူမ၏ အသားအရေက ဘယ်လောက်ပဲ ဂရုစိုက်ထားတယ် ပြောပြော ကြမ်းတမ်းနေမှာ အမှန်ပင်။
သူမက ရှက်ရွံ့သွားရပြီး လက်ကို မခံမရပ်နိုင်စွာနဲ့ ရုပ်သိမ်းလိုက်သည်။ သူမက ငယ်စဉ်ကတည်းက လှပစွာ မွေးဖွားလာခဲ့ပြီး မြူဆွယ်ဖို့ကို လေ့ကျင့်ပေး ခံခဲ့ရတာဖြစ်သည်။
ထို့ကြောင့် သူမက မကျေနပ်ဘဲ “နန်းမိန်းကလေးဆိုတာ နန်းအိမ်တော်က အရည်အချင်း နည်းနည်းရှိတဲ့ မိန်းကလေးမလား အလှအပမှာတော့ သူက ကျွန်မထက် ပိုမှာ မဟုတ်ပါဘူး၊ အမတ်မင်း လူတွေက မျက်နှာသာ စေချင်တယ်ဆိုရင် အမတ်မင်းက အခွင့်အရေး နည်းနည်း လောက်တော့ ပြန်ပေးသင့်ပါတယ်၊ ကလေးတစ်ယောက်လို ပုံစံနဲ့ အမတ်မင်းရဲ့ ညီမလေးထက်ပိုပြီး ကျွန်မက သာမှာပဲ၊ ဒါမှမဟုတ် သူ့ကိုခေါ်လိုက်ပြီး ဘယ်သူက ပိုလှတယ်ဆိုတာ လူတွေရဲ့ ထင်မြင်ချက်ကို နားထောင်ကြည့်ကြတာပေါ့”
သူမက နှုတ်ခမ်းလေးကို တွန့်ကွေးရင်း ချစ်စဖွယ် ကောင်းအောင် ပြုမူနေသည်။ ယောကျာ်းတွေက ရိုးသားဟန် ဆောင်နေပေမယ့် တကယ်တမ်းတော့ သူ့လို မိန်းမမျိုးကို ကြိုက်ကြတာပင်။ အပြင်က မိန်းမပျိုတွေက ပျင်းစရာ ကောင်းလှပြီး ကလေးတစ်ယောက်လို ပုံစံမျိုးသာ ရှိတတ်ကြသည်လေ။
ရည်ရွယ်ချက်နဲ့ အဓိပ္ပါယ်တွေ ရှိကြပြီး မိန်းကလေး တစ်ယောက်ကတော့ သူ၏ အမှန်တရားအတွက် သေသည်အထိ တိုက်ခိုက်ကြမည်သာ။
ရှောင်းယီက မပြုံးပါချေ။ သူက အမြဲတမ်း နန်းကျောင်းကျောင်း တစ်ယောက်တည်းကိုသာ မျက်လုံးထဲ မြင်သည်။
အမတ်မင်းက တကယ်ဆို ကြင်နာတတ်လွန်းသည်။ ကြည့်လေ၊ အခုဆို သူ့ကို ဘယ်သူက ကြောက်နေ လို့လဲ။
သူက လက်ကောက်ဝတ်က ကံကောင်းစေသည့် အကြွေစေ့လေးကို ကစားနေပြီး “ရှီးခူ”
ရှီးခူက ရုတ်တရက် ဓါးရှည်ကိုကိုင်ပြီး ပေါ်လာသည်။ ရှောင်ယီက မတ်တပ် ရပ်လိုက်ပြီး စားပွဲရှည်၏ အပြင်ကို လျှောက်ထွက်သွားသည်။
“လျှာဖြတ်လိုက်”
“ဟုတ်ကဲ့”
မည်းမှောင်နေသည့် မျက်နှာနဲ့ ကိုယ်ရံတော်က ဂီလင်ကို အမူအရာ ကင်းမဲ့စွာနဲ့ ချုပ်ထားလိုက်သည်။
မိန်းကလေးက ကြောက်လန့်တကြားနဲ့ ရုန်းကန်နေပြီး “အမတ်မင်း၊ ကျွန်မ ဘာများ အမှားပြောမိလို့လဲ၊ အမတ်မင်းက ကျွန်မကို ဒီလို ရက်ရက်စက်စက် လုပ်တော့မှာလား”
ဟောင်လောင်ကျူးတောင် ထိတ်လန့် လွန်းသွားရသည်။ သူက အလျင်အမြန် ကူညီဖို့ ကြိုးစားသည်။
“အမတ်မင်း၊ ကျွန်တော်တို့က စီးပွားရေးကိစ္စတွေ ပြောနေကြတာလေ၊ အခုက ဘာအဓိပ္ပါယ်လဲ”
ရှောင်းယီက နောက်ကို လှည့်လိုက်ပြီး ပျင်းရိစွာနဲ့ “ဘာမှားသွားလဲသိလား”
ဟောင်ကျူးက ဂီလင်ကို တွန်းလိုက်ပြီး “အမှားကို အမြန်ဝန်ခံလိုက်လေ”
ဂီလင်က ကြောက်လန့်လွန်း၍ အလွန်အကျွံ အရိုအသေပြု ဦးခိုက်နေပြီး “အစေခံက၊ ဒီအစေခံက သူမထက်ပိုပြီး လှတယ်လို့ ပြောမိပါတယ်….. တောင်ပိုင်းက နန်းမိန်းကလေးကသာ အလှဆုံးပါ၊ သူကသာ အလှဆုံးပါ၊ သူကသာ လောကကြီးမှာ အလှဆုံး အချောဆုံး မိန်းကလေးပါ၊ ဒီအစေခံက အမှားကို သိပါပြီ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ရှောင်းယီက တဟက်ဟက် ရယ်မောလိုက်ပြီး “အမတ်မင်းရဲ့ ကျောင်းကျောင်းက တကယ်လည်း လောကကြီးမှာ အလှဆုံး မိန်းကလေးပဲ၊ ပြီးတော့ မင်းကထပ်ပြီး အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောသေးတယ်လေ၊ ဘယ်နေရာမှာ မှားသွားလဲ ဆိုတာကို မသိသေးဘူးဆိုရင် နာကျင်ခံစားရလိမ့်မယ်”
အနက်ရောင်ဝတ်စုံနဲ့ ကိုယ်ရံတော်က ဓါးကိုလွှဲလိုက်သည်။
ဂီလင်၏ပါးစပ်က သွေးတွေ ကျလာပြီး ကြမ်းပြင်ပေါ်ကို အရုပ်ကျိုးပျက် လဲကျသွားတော့သည်။ သူ့ကို ဘယ်နေရာမှာများ စော်ကားလိုက်မိလို့လဲ ဆိုတာကို တွေးမရပါချေ။
ရှောင်းယီက တံခါးဘောင်ကို ဖြည်းဖြည်းချင်း ဖြတ်သွားရင်း “အမတ်မင်းရဲ့ ကျောင်းကျောင်းက ချစ်ဖို့ အကောင်းဆုံးပဲ၊ ဘာလို့ တခြားသူတွေ မှတ်ချက်ကို နားထောင်ရမှာလဲ။ ငါက ငါ့ကလေးလေးကို ဝှက်ထားချင်တာ၊ တခြားသူတွေက သူ့ကိုကြည့်ရင် အမတ်မင်းက ကြောက်လန့်သွားအောင် လုပ်ပစ်ချင်တာ….”
ဂီလင်၏ မျက်နှာက ဖြူဖျော့သွားပြီး မျက်ရည်တွေ စီးကျလာပြီး ချွေးစီးတွေ ထွက်လာတော့သည်။ သူမက နန်းပေါင်ရီကို တခြားသူတွေဆီမှာ မှတ်ချက်တောင်းဖို့ ပြောလိုက်တာကြောင့်နဲ့ အမတ်မင်းက သူမကို အခုလို ရက်ရက်စက်စက် လုပ်လိုက်တယ်တဲ့လား။
ဒီယောကျ်ားက မရက်စက်လွန်းဘူးလား။
ဟောင်လောင်ကျူးက ကြမ်းပြင် လဲကျသွားပြီး ပန်းကန်ပေါ်က လျှာပြတ်ကို ကြည့်နေသည်။ ဒီအမတ်မင်းက ငယ်ရွယ်လွန်းပြီး ဒီလောက်ထိ ရက်စက် ကြမ်းတမ်းလိမ့်မယ်လို့ သူမထင်ထားခဲ့ပါချေ။
ထိုသူက ထွက်မသွားခင်မှာ သူ့ဆီက ဆန်ဂိုထောင်တွေနဲ့ ဆန်ဆိုင်တွေကို ဝယ်ယူဖို့ ပြောသွားခဲ့သည်။ ထိုကိစ္စက ဟာသတစ်ခု မဟုတ်လောက်ပေ။
သူက တံတွေး မျိုချလိုက်မိသည်။ သူက အမတ်မင်းကို စော်ကား လိုက်မိပြီလေ။
ရှောင်းယီက လှေခါးထောင့်မှာ ရပ်ပြီး ဝတ်ရုံကို နှံ့နှံ့စပ်စပ် စစ်ဆေးနေသည်။ သွေးတစ်စမှ ပေမနေတာ သေချာမှ အောက်ထပ် ဧည့်ခန်းမသို့ ဆက်လျှောက်သွားသည်။
ရှီးခူက သူ့နောက်ကလိုက်ပြီး စိတ်ပူစွာနဲ့ “သခင်လေး၊ ဒီတစ်ခေါက် ဟောင်လောင်ကျူးနဲ့ သဘောတူညီ ချက်မရရင် တခြားနိုင်ငံတွေက အစားအစာ သင်္ဘောတွေ ရောက်လာရင်…..”
“ရတယ်”
ရှောင်းယီက ဂရုစိုက်မနေဘဲ “သူ့ကိုသာသတ်လိုက်”
တစ်ဖက်က ကြည့်ရင်လည်း ဟောင်လောင်ကျူး၏ ဇာစ်မြစ်က မသန့်ရှင်းပါချေ။ တောပုန်းဓါးပြ တစ်ယောက်အဖြစ် မွေးလာပြီး အသက်သုံးဆယ် အရွယ်ရောက်မှ လုယက်ထားသည့် ငွေများဖြင့် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်အဖြစ် ကြီးပွားလာသလို ဟန်ဆောင်နေခြင်း ဖြစ်သည်။
နှစ်တွေ အတော်အတန် ကြာပြီးတဲ့နောက် စားသောက်ကုန် ကုန်သည်တွေ အားလုံးက သူ့ကို အရိုအသေပေးရသည့် အဆင့်ထိ ရောက်လာခဲ့သည်။
အစိုးရက စုံစမ်းစစ်ဆေးခဲ့ပေမယ့် ဓါးပြတွေကြောင့် စုံစမ်းလို့ မရခဲ့ပေ။ နောက်ကွယ်မှာတော့ တကယ့် လူသတ်သမား အစစ်တွေမှန်း သိထားကြသည်။
ရှီးခူက ခေါင်းကုတ်လိုက်သည်။ သူ့သခင်လေးက အနက်ရောင် လောကနဲ့ ကစားချင်နေပြန်ပြီ။
အောက်ထပ် ဧည့်ခန်းက ကျယ်ဝန်းလှသည်။ ရေစီးနေသည့် အပေါ်မှာ တံတားသေးလေးတွေ ထိုးထားပြီး ပန်းပွင့်တွေနဲ့ ဆီးနှင်းတွေကလည်း တဖွဲဖွဲကျနေသည်။ နံရံတွေမှာတော့ ရှေးဟောင်း လက်ရေးလှ စာသားတွေနဲ့ ပန်းချီတွေကို ချိတ်ဆွဲထားသည်။ ရွှေငွေတွေ၊ ကျောက်စိမ်းတွေနဲ့ ကြွယ်ဝလွန်းတဲ့ ပြယုဂ်တစ်ခုပင် ဖြစ်သည်။
ရှောင်းယီက ကောင်မလေးကို တွေ့လိုက်ရသည်။
သူမက စားပွဲရှစ်မှာ ထိုင်နေပြီး ခြေထောက်တွေကို တွဲလောင်းချ၍ နန်းကျင်ကို ကြည့်နေသည်။ သူမကို ကြည့်ရတာ ပျော့ပျောင်းနေပြီး သူ၏နှလုံးသားက ချိုမြိန်မှုတွေနဲ့ ပြည့်နှက်လာရသည်။
နိမ့်ကျတဲ့သူက အထက်တန်းစားလို ဟန်ဆောင်နေခြင်းမျိုးနဲ့ အများကြီး ကွာဟလှသည်။
သူက နန်းပေါင်ရီ၏ နောက်ကို လျှောက်သွားပြီး စောင်းလိုက်ရင်း သူမ၏နားလေးကို တမင်တကာ လေနဲ့မှုတ်လိုက်သည်။
နန်းပေါင်ရီကနောက်ကို လှည့်ကြည့်လိုက်ပြီး အံ့ဩသွားတော့သည်။
“အစ်ကို ၂”
“အလုပ်ကိစ္စနဲ့ လာတာ”
ရှောင်းယီက သူမ၏ နူးညံ့သည့် မျက်နှာလေးကို တို့ထိလိုက်ပြီး “မင်းဘာလုပ်နေတာလဲ”
နန်းပေါင်ရီက နှစ်ကြိမ်ခန့် ပြုံးလိုက်ပြီး သူ၏နားနားကိုကပ်၍ တီးတိုးပြောလိုက်သည်။
ရှောင်းယီက နန်းကျင်ကို ကြည့်လိုက်ပြီး အေးဆေးသက်သာစွာ ထိုင်လိုက်သည်။
နန်းပေါင်ရီက တိုးသဲ့သဲ့ဖြင့် “ကျင်းကွမ်မြို့က ကျောင်းတွေ အကုန်လုံး သူ့ကို လက်ခံကြတော့မှာ မဟုတ်ဘူးလို့ ညီမလေးထင်တယ်၊ ကျောင်းထုတ် ခံရတယ်ဆိုတဲ့ သတင်းသာ ပြန့်သွားရင် အစိုးရအလုပ် ကလည်း ပယ်ခံရမှာပဲ”
“တန်တယ်”
ရှောင်းယီက သူမ၏ရှေ့က ပဲနို့ခွက်ကို ကောက်ယူလိုက်သည်။
“အစ်ကို ၂၊ အဲ့ဒါက…..”
နန်းပေါင်ရီ ပြောလို့မဆုံးခင်မှာပဲ သူက သောက်ပြီးနေလေပြီ။
သူမက ခေါင်းကိုညိတ်လိုက်သည်။ အဲ့ဒီခွက်က သူမ သောက်ပြီးသားဖြစ်ပြီး ခွက်ပေါ်မှာလည်း သူမ၏ နှုတ်ခမ်းနီတွေ စွန်းထင်းနေသည်။
သို့သော်ငြားလည်း အမတ်မင်းက မသိဘူးထင်သည်။ ဖြည်းဖြည်းချင်း အရသာခံပြီး မျှင်းသောက် နေလေသည်။ သူ၏နှုတ်ခမ်းပါးတွေက သူမ၏ နှုတ်ခမ်းနီရာနဲ့ တစ်ထပ်တည်း ကျနေသည်။
သူမက စိတ်ရှုပ်ထွေးသွားပြီး “အစ်ကို ၂၊ အစ်ကိုက ပဲနို့သောက်ရတာ ကြိုက်လို့လား”
“အင်း ငါအရမ်းကြိုက်တယ်”
ရှောင်းယီက မပြောင်းလဲသော အမူအရာနဲ့ပြန်ဖြေသည်။
နန်းပေါင်ရီက ခဏမျှစဉ်းစားလိုက်ပြီး နွေးထွေးစွာနဲ့ “မီးဖိုချောင်ကိုသွားပြီး နောက်ထပ် ပဲနို့တစ်အိုး သွားယူလာခဲ့၊ တကယ်လို့ အိုးအကြီးကြီး ရှိရင်ယူလာခဲ့၊ အစ်ကို ၂ က သောက်ရတာကြိုက်တယ်တဲ့”
ရှောင်းယီ “…..”
ပဲနို့က ချိုလွန်းပြီး အီစိမ့်နေသည်။ သူကြိုက်သည့် အရသာ မဟုတ်ပါချေ။
သို့သော်လည်း နန်းပေါင်ရီ၏ တောက်ပနေသည့် မျက်လုံးတွေကြောင့် သူက ဘာပြန်ပြောရမှန်း မသိတော့ ပါချေ။ စားပွဲထိုးလေးက ရှောင်းယီကို ပဲနို့လာပေးသည့် အချိန်မှာပဲ နန်းယန်က အလျင်စလို ဝင်လာခဲ့သည်။
နန်းကျင်က ခွေးခြေပေါ်မှာ စိတ်ပျက်မှိုင်တွေစွာ ထိုင်နေတာကို သူမ မြင်လိုက်ရသည်။ သူ၏နှာခေါင်းနဲ့ မျက်နှာတွေက ဖူးယောင်နေပြီး လုံးဝကို အရှက်တကွဲ ဖြစ်ထားသည့် ပုံစံပါပေ။
“အစ်ကို”
သူမက မြန်မြန် ပြေးသွားလိုက်ပြီး “ဘာတွေဖြစ်ထားတာလဲ၊ အစ်ကို့ကို ဘယ်သူ ရိုက်တာလဲ”
နန်းကျင်က ငြီးငွေ့စွာနဲ့ လက်ကို ယမ်းလိုက်သည်။
“ငါကမင်းကို ငွေယူလာဖို့ ခိုင်းလိုက်တာ ယူလာခဲ့လား”
နန်းယန်က ငွေအိတ်ကို ထုတ်ယူလိုက်ပြီး “ညီမလေး စုထားတဲ့ ငွေတွေက မေမေ့ကို ပြန်ရွေးဖို့၊ ဒါတွေက ဖေဖေ မကြာသေးခင်က ပေးထားတာတွေ၊ အဲ့ဒါကြောင့် အစ်ကိုကလည်း ချွေတာပြီး သုံးသင့်တယ်…”
သူမ ပြောလို့မပြီးခင်မှာပဲ နန်းကျင်က သူ၏ငွေအိတ်ကို ဆွဲယူလိုက်သည်။
သူက ရေတွက်ပြီးသည့် အခါမှာ ဒေါသအမျက် ခြောင်းခြောင်း ထွက်သွားလေတော့သည်။
***