အပိုင်း (၁၈၇)
သူအနိုင်ကျင့်တာကိုမခံနဲ့
သူ့ကိုဖိတ်ခေါ်လိုက်တာက ငွေရှင်းဖို့တဲ့လား…..
ချန်းတယ်ယွီ၏ မျက်ခုံးတွေက ပိုပြီး စိတ်မချမ်းသာဟန် ပေါက်သွားတော့သည်။ နန်းယန်အပေါ် သူ၏ပထမဆုံး အမြင်က အရည်အချင်းရှိပြီး စာအုပ်ဆိုင်ရှေ့မှာ ရန်ပြန်မတွေ့တတ်တဲ့ မိန်းကလေး တစ်ယောက်အဖြစ်သာဖြစ်သည်။ စားသောက်ဆိုင်မှာ ငွေလိုနေသည့် မိန်းမတစ်ယောက်အဖြစ် မဟုတ်ပါချေ။
ငွေကြေးကိစ္စနဲ့ တစ်ခါ စွန်းထင်းသွားရင် နန်းပေါင်ရီလို သာမန်အတန်းအစား မိန်းမမျိုးနဲ့ သူမက ဘယ်ကွာပါတော့မလဲ။
သူက နန်းယန်ကို တွန်းထုတ်လိုက်ပြီး တည်တင်းနေသည့် မျက်နှာနဲ့ “မိန်းမတစ်ယောက် အနေနဲ့ မင်းက ဗဟုသုတ ကြွယ်ဝသင့်တယ်၊ ကြင်နာတတ်ပြီး ပညာဉာဏ်နဲ့ ပြည့်စုံရမယ်၊ ယန်အာ မင်းက ကျင်းကွမ်မြို့ရဲ့ လူသိများပြီး အရည်အချင်းရှိတဲ့ မိန်းကလေး တစ်ယောက်ပါ၊ မင်းနှုတ်က ငွေကြေးအကြောင်း ထွက်ကို မလာသင့်ဘူး”
နန်းယန်က ပြောစရာ စကားမဲ့သွားရသည်။
အရည်အချင်းရှိတဲ့ မိန်းမကရော ငွေမလိုရဘူးတဲ့လား။
ဒီချန်းတယ်ယွီက ကြီးမြတ်တဲ့ စည်းမျဉ်း စည်းကမ်းတွေိကို လက်ကိုင်ထားပြီး စကားပြောကောင်းရုံ၊ ကြည့်ကောင်းရုံ ယောက်ျားတစ်ယောက်သာပဲ ဆိုတာကို သူမ သဘောပေါက် ခဲ့သင့်သည်။ တခြားသူတွေက ငွေကြေးတွေအပေါ် အာရုံစိုက်တာကို သူက မကြိုက်တတ်ချေ။ သို့သော်လည်း သူ၏ စိတ်ထဲမှာတော့ ငွေကို အလွန်နှစ်ခြိုက်လှသည်။
သူမက လေသံသဲ့သဲ့ဖြင့် “အစ်ကိုချန်း၊ ညီမရဲ့အစ်ကိုက ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်မှာ အကြွေးတင်နေတာ….”
ချန်းတယ်ယွီက တိတ်ဆိတ်နေသည်။ ရွှေစ တစ်ထောင့်နှစ်ရာဆိုတာက သူတို့ချန်းမိသားစု ဆိုင်တစ်ဆိုင်စာ ဖွင့်လို့ရသည့်ငွေကြေးပမာဏ ဖြစ်သည်။
သူ့မှာ ရှိရင်တောင် နန်းကျင်အတွက်တော့ ဖြုန်းမပေးချင်ပေ။
သူက ငြင်းဆန်ရန် ပြင်နေစဉ်မှာပဲ ရုတ်တရက် ငွေခေါင်းလောင်းသံလေးလို ရယ်သံတစ်ခုက နားထဲသို့ ဝင်ရောက်လာသည်။
သူက ကြည့်လိုက်သည်။ ကောင်မလေးက ပျော့ပျောင်းတဲ့ ရွှေရောင်သားမွေး ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသားအရေက နှင်းလို ဖွေးဉုနေသည်။ မျက်နှာလေးက တောက်ပ၍ မျက်လုံးရွှဲကြီးတွေက စွဲမက်ဖွယ်ရာ ကောင်းပြီး ကျက်သရေနဲ့ တင့်တယ်နေသည်။ လူတစ်ယောက်နဲ့ မတူပဲ ပန်းချီကားချပ်ထဲက နတ်သမီးလေး တစ်ပါးလိုပင်။
ထိုသည်က နှစ်သစ်၏ လအစပိုင်းမှာ ဆယ်သုံးနှစ်ပြည့်တော့မည့် ကောင်မလေးပင်။ ထိုဖော်ပြချက်က တကယ်ပဲ နန်းပေါင်ရီနဲ့ လိုက်ဖက်သည်။
နန်းပေါင်ရီက ဆောင့်ကြွားကြွား လေသံနဲ့ “အစ်ကိုချန်း၊ အစ်ကိုကလည်း ယောက်ဖ လိုချင်နေတာမလား၊ ဘာလို့ ညီမရဲ့အစ်မ ပြဿနာ တက်နေတာကို ပေးဖို့မတတ်နိုင်တာလဲ။ ဒါက ကြီးမြတ်တဲ့ ခင်ပွန်း တစ်ယောက်ရဲ့လုပ်ရပ် မဟုတ်ဘူးနော်”
ချန်းတယ်ယွီက သတိပြန်ကပ်သွားပြီး သူ၏လက်တွေက ငွေအိတ်ကို သတိကြီးစွာနဲ့ ထုတ်ယူလိုက်သည်။
ပြီးနောက် သူက တောင့်ခဲသွားတော့သည်။ သူဘာဖြစ်သွားတာလဲ။
တကယ်ဆို သူက ရှန်ကျင်းမြို့မှာ ပညာသင်လာခဲ့တဲ့ စာတတ်ပေတတ် လူငယ်တစ်ယောက်ဖြစ်ပြီး ကောင်မလေး တစ်ယောက်၏ စကားကြောင့် ဘာလို့ စိတ်လှုပ်ရှား သွားရမှာလဲ။
သို့သော်လည်း ငွေအိတ်က ထုတ်ပြီးနေပေပြီ၊ ပြန်ထည့်ဖို့ မဖြစ်နိုင်တော့ချေ။
သူက ရွှေစတစ်ထောင့်နှစ်ရာကို အလွန် နှမြောနေပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ရပြီး “နောက်တစ်ခါ ထပ်မဖြစ်စေနဲ့၊ မဟုတ်ရင် တခြားသူတွေက မင်းကို မင်္ဂလာ မဆောင်ရသေးခင်မှာ တစ်ဖက်သူရဲ့ ငွေကိုချူစားတယ်လို့ ပြောဆိုကြလိမ့်မယ်”
ထိုအေးစက်တဲ့ စကားလုံးတွေက နန်းယန်၏ နှလုံးသားကို တောင့်ခဲသွားစေသည်။ သူမက သူ့ကို တစ်ခါလေးပဲ ငွေရှင်းပေးဖို့ တောင်းဆိုရသေးသည်။ သူက ဒီလိုပုံစံမျိုးနဲ့ မျက်နှာကို ခါယမ်းပြီး သတိပေး တယ်တဲ့လား၊ နောက်ပိုင်း သူမမှာ ချို့ယွင်းချက် တစ်စုံတစ်ရာသာ ရှိခဲ့ရင် သူက ခေါင်းကို ချက်ချင်းလှည့်ပြီး ထွက်သွားလောက်မည်လား။
သူမလက်ထပ်မဲ့ ယောက်ျားက ဩဇာအာဏာကို လက်ထဲ ချုပ်ကိုင်ထားနိုင်တယ် ဆိုပေမယ့် ဒီလောက်ထိ တင်းကျပ်ဖို့တော့ လိုမနေဘူးမလား။
ဘာပဲဖြစ်ဖြစ် သူက ဘုရင်ခံအိမ်တော်၏ သခင်လေး တစ်ယောက် ဖြစ်သည်လေ။ ဒီလက်ထပ်ဖို့ကတိက အလွန်ခက်ခက်ခဲခဲ ကြိုးစား ယူထားရတာဖြစ်ပြီး အာဏာရှိတဲ့ မိသားစုက ချွေးမတစ်ယောက် ဖြစ်လာဖို့ကလည်း မလွယ်ကူလှပါချေ။ သို့ကြောင့် သူမက ရိုရိုသေသေနဲ့ တုံ့ပြန်ဖို့သာ တတ်နိုင်သည်။
ငွေရှင်းပြီးသွားတဲ့အခါ ချန်းတယ်ယွီက နန်းပေါင်ရီနဲ့ စကားတချို့ ပြောချင်နေသေးပေမယ့် အစေခံ တစ်ယောက်က အလျင်စလို ပြောလာသည်။
“သခင်လေး၊ အိမ်တော်ကို ဆွေမျိုးတချို့ ရောက်လာကြတယ်၊ သခင်မကြီးက သခင်လေးကို အိမ်တော်ကိုပြန်ပြီး ကြီးကြပ် ကူညီပေးဖို့ ခေါ်လိုက်ပါတယ်”
“ငါသိပြီ”
နန်းပေါင်ရီ၊ ထိုကောင်မလေးက အလွန် တင့်တယ် ချောမောလွန်းသည်။ မျက်မှောင်ကြုတ်လိုက်တဲ့ အခါမှာပဲဖြစ်ဖြစ် ပြုံးလိုက်တဲ့ အခါမှာပဲဖြစ်ဖြစ် အပြစ်ကင်းစင်ပြီး သန့်ရှင်းကြည်လင် နေတတ်သည်။
ယားယံတဲ့ ခံစားချက်က သူ၏စိတ်ကို တဖြည်းဖြည်း စိုးမိုးလာသည်။ သူမကို ဒီတိုင်း ချန်ထားခဲ့ပြီး ထွက်သွားဖို့ သူမတတ်နိုင်ပါချေ။
သူ၏ စိတ်ခံစားချက်တွေကို ထိန်းချုပ်လိုက်ပြီး ရှောင်းယီကို ရိုသေလေးစားသမှုနဲ့ နှုတ်ဆက်လိုက်ရင်း “တစ်နေ့လောက် အချိန်ရရင် ကွမ်ရှုးရေကန်မှာ စားသောက်ပွဲ လုပ်ဖို့ ဖိတ်ပါတယ်၊ အမတ်မင်းနဲ့ တစ်ခွက်လောက် သောက်ရအောင်၊ မိန်းကလေး ပေါင်ရီလည်း ဘာမှလုပ်စရာ အထွေထူးမရှိရင် မောင်နှမ နှစ်ယောက် စားသောက်ပွဲကို အတူလာခဲ့ပါ”
နန်းပေါင်ရီက သူ၏ခယ်မ ဖြစ်နေတာကြောင့် သူမကို တန်းပြီး ဖိတ်ခေါ်လို့ မရပါချေ။ ထို့ကြောင့် သူက သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဖိတ်ခေါ်ခြင်းဖြစ်သည်။ တခြားသူတွေကို ဖိတ်ချင်တာ မဟုတ်ဘဲ နန်းပေါင်ရီ တစ်ယောက်တည်းကိုပဲ မြင်တွေ့ချင်တာ ဖြစ်သည်။
ရှောင်းယီက သူ့ကို သဘောမတွေ့ပါချေ။ ထို့ကြောင့် သူက လက်ဖက်ရည်ခွက်ကို လှည့်ပတ်နေပြီး ပျင်းရိစွာနဲ့ သူ၏ ဖိတ်ခေါ်မှုကို လက်မခံပါချေ။
နန်းပေါင်ရီက သူ၏ကိုယ်စား ပြန်ဖြေလိုက်သည်။
“ရှင်က သောက်ဖို့ပဲဖြစ်ဖြစ်၊ တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ဖိတ်တယ်ဆိုမှတော့ မှတ်ထားလိုက်ပါ့မယ်”
သူမက လက်လေးကို ဝှေ့ယမ်းပြလိုက်ရင်း “ရှင်သွားလို့ရပြီ၊ သွားတော့”
နန်းယန်၏ မျက်နှာက အကျည်းတန် သွားတော့သည်။ နန်းပေါင်ရီ၏ အမူအရာက ခွေးကို မောင်းထုတ်သလို ဖြစ်နေပေမယ့် ချန်းတယ်ယွီက ဘာမှပြန်မပြောဘဲ ထွက်သွားတော့သည်။
သူမက စိတ်ဆိုးသွားပြီး ထွက်မသွားခင်မှာ နန်းပေါင်ရီကို ပြင်းထန်တဲ့ အကြည့်နဲ့ စိုက်ကြည့် သွားသေးသည်။
သူတို့ ထွက်သွားသည့်အခါ လူတစ်စုက အပေါ်ထပ်ကနေ ဆင်းလာကြသည်။ ထိုသူတို့က ဟောင်လောင်ကျူးနဲ့ တခြားသူတွေဖြစ်သည်။ နန်းပေါင်ရီက သူ့ကို ကျင်းကွမ်မြို့၏ စားသောက်ပွဲတွေမှာ တွေ့ဖူးပြီး ဆန်ကုန်သည် တစ်ယောက်မှန်း သူမသိသည်။
သူမက လေသံဖွဖွဖြင့် “အစ်ကို ၂၊ အစ်ကိုက အလုပ်ကိစ္စနဲ့ လာတာဆိုတော့ ဟောင်ကျူးနဲ့ စကားပြောဖို့ လာတာလား သူက ပျော်တတ်ပုံရတယ်၊ ဒါပေမယ့် ဒေါ်လေး ၂ ပြောတာကို ညီမလေး ကြားဖူးတယ်၊ သူရဲ့နည်းလမ်းတွေက အရမ်း ကြောက်စရာ ကောင်းပြီး ရက်စက်တယ်တဲ့၊ အစ်ကို ဂရုစိုက်နော်၊ သူ့အနိုင်ကျင့်မခံနဲ့”
ရှောင်းယီက လှောင်ထေ့လိုက်သည်။ ကောင်မလေးက သူ့ကို အပျံသင်စ ငှက်တစ်ကောင်လို ဆက်ဆံနေတာလား။
သူက ငတုံးငအ တစ်ယောက် မဟုတ်ပါချေ။
သူကပျင်းရိစွာနဲ့ သံရှည်စွဲပြီး ပြန်ဖြေလိုက်သည်။
“ငါသိတယ်…….”
ဟောင်ကျူးက သူ့လူတွေနဲ့ အောက်ထပ် ဧည့်ခန်းမကို လျှောက်လာသည်။
သူက မျက်လုံး မှေးမှေးတွေိကို စောင်းကြည့်လိုက်ပြီး ပန်းတစ်ပွင့်လို အပြုံးနဲ့ “အမတ်မင်း၊ ကျွန်တော်က အခုပဲ သေချာစဉ်းစား ပြီးသွားပါပြီ၊ အမတ်မင်းက ဆန်ဆိုင်တွေနဲ့ စပါးကျီတွေကို လိုချင်တယ် ဆိုမှတော့ ကျွန်တော်က ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံရမှာပေါ့၊ ဘာလို့ လူနည်းနည်း မလွှတ်လိုက်တာလဲ လက်လွှဲ မယူသေးဘူးလား”
သူက အရာရှိတွေနဲ့ တိုက်ခိုက်ဖို့ ဆန္ဒမရှိပါချေ။
သူ ဟောင်လောင်ကျူးက ရှုနိုင်ငံမှာ ရပ်တည်နေတာ ဆယ်စုနှစ်ပေါင်း ကြာနေပြီဖြစ်ပြီး သူက ဘယ်လို အသက်ကို မွေးမြူရမလဲ ဆိုတာကို သိပြီးသားဖြစ်သည်။ အမတ်မင်း ရှောင်းယီလို လူမျိုးကို အမှားမလုပ် သင့်ကြောင်းကိုလည်း သူကောင်းကောင်း နားလည်သည်။
ပန်းကန်ပြားပေါ်က လျှာပြတ်ကြီး အကြောင်းကို တွေးမိသည့် အခါတိုင်း သူက တုန်ရီနေမှုကို မချုပ်ထိန်း နိုင်ပါချေ။
သူရှောင်းယီကို ကြည့်တဲ့အကြည့်က ကြောက်ရွံ့ တုန်လှုပ်နေပြီး သူ၏ ကိုယ်နေ ဟန်ထားကလည်း ပိုပြီး သတိကြီးကြီး ထားနေသည်။
နန်းပေါင်ရီက အသံကိုနှိမ့်ပြီး သိချင်စိတ် ပြင်းပြစွာနဲ့ “အစ်ကို ၂၊ သူက ဘာလို့တုန်နေတာလဲ အစ်ကို သူ့ကို ခြိမ်းခြောက် ထားတာလား”
“မင်းအစ်ကိုက အဲ့ဒီလိုလူမျိုးလား”
ရှောင်းယီက ပေါ့ပေါ့ပါးပါးဖြင့် “သူက အအေးကြောက်လို့”
“သူက ဒီလောက် အထူကြီး ဝတ်ထားတာကို၊ သူက သားမွေးဝတ်စုံကို ဝတ်ထားတုန်းပဲလေ”
“အအေးမိနေလို့ဖြစ်မယ်”
ဟောင်လောင်ကျူး “…..”
ဒီမောင်နှမ နှစ်ယောက်က အသံလေး နည်းနည်းတိုးဖို့ လိုမယ် မထင်ဘူးလား သူက စကားတစ်ခွန်းမှ ထွက်မလာပေမယ့် သူအားလုံးကို ရှင်းရှင်းလင်းလင်း ကြားနေရသည်လေ။
သူက အပြုံးတွေ ကွယ်ပျောက်သွားရပြီး “အမတ်မင်း”
“မင်းအရင် ပြန်နှင့်လိုက်၊ အသေးစိတ် ဆွေးနွေးဖို့ မင်းဆီကို ငါတစ်ယောက်ယောက် လွှတ်ပေးလိုက်မယ်”
ဟောင်လောင်ကျူးက ဆက်ပြီး ဆွေးနွေးချင်သေးပေမယ့် စိတ်သက်သာရာ ရသွားတော့သည်။
လူစုက ခန်းမအပြင်ကို ထွက်သွားကြတော့သည်။ လူစု၏ နောက်ဆုံးမှာတော့ ဂီလင်က ဖြူဖျော့နေသည့် မျက်နှာနဲ့ ချွေးစေးတွေ ထွက်နေပြီး ရေထဲကငါးလို စိုရွှဲနေလေသည်။
သူမက အလွန် နာကျင်နေမှုကြောင့် တယိမ်းတယိုင်နဲ့ လျှောက်လာသည်။ နန်းပေါင်ရီ၏ ရှေ့က ဖြတ်လျှောက်သွားတဲ့ အချိန်မှာ သူမ ရပ်တန့်လိုက်သည်။
အမတ်မင်းက သူမ၏ လက်ကို ဘာလို့ကြမ်းတမ်းတယ်လို့ ပြောရလဲဆိုတာကို သူမ ရုတ်တရက် နားလည် သွားမိသည်။ နန်းအိမ်တော်၏ သခင်မလေးက ငယ်ရွယ်သေးပေမယ့် အသက်ရှူ မှားလောက်အောင် လှရက်လွန်းသည်။
အသားအရေက ဖြူဉနေပြီး နူးညံ့၍ ရေလိုကြည်လင်နေသည်။ လေတစ်ချက် အဝေ့မှာတောင် လဲကျသွားနိုင်လောက်ပြီး မျက်နှာလေးကလည်း ဘုရားသခင်၏ ဆုလာဘ် တစ်ပါးလို နုနယ်လှပ လွန်းသည်။
အားလုံးကို ခြုံငုံကြည့်လိုက်ရင် အရှားပါးဆုံး ဖြစ်တည်မှု တစ်ခုဖြစ်ပြီး သီးသန့်ဆန်၍ အပြစ်ကင်းစင် လှသည်။ သူမ၏ မျက်နှာလေးက ကြည်လင်နေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိနေသည်။ ကြီးကျယ်ခမ်းနားတဲ့ မိသားစုက ပြုစုပျိုးထောင်ထားတဲ့ မိန်းကလေး တစ်ယောက် ပီသစွာပင်။
သူမက အမတ်မင်း၏ ဘေးမှာ ရိုကျိုးစွာနဲ့ ထိုင်နေပြီး ချောမောပြီး မြင့်မြတ်တဲ့ လူငယ်က သူမ၏နားမှာ တီးတိုးပြောနေပုံက လိုတာထက်ပိုပြီး ဂရုစိုက်နေသလိုမျိုး ပုံစံကို ထင်ဟပ်နေစေသည်။
ဂီလင်က တဖြည်းဖြည်း မမျှတသလို ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးတွေက မနာလိုမှုတွေနဲ့ ပြင်းထန်တဲ့ ခါးသီးတဲ့ခံစားချက် ရောပြွမ်းနေသလိုပင်။
နန်းပေါင်ရီ၏ အာရုံကို မကောင်းတဲ့ မြင်ကွင်းတစ်ခုက ဝင်လာခဲ့သည်။ သူမက ထိုကောင်မလေးကို မသိပေ။ သူမ ကြည့်လိုက်တဲ့အခါ ကောင်မလေးက တစ်ယောက်တည်း မကျေမနပ် ဖြစ်နေဟန်တူသည်။
ကောင်မလေးက ပါးစပ်ကို တင်းတင်းကြပ်ကြပ် အုပ်ကိုင်ထားပြီး လက်ချောင်းတွေ ကြားကနေ သွေးတွေက စီးကျနေသည်။ သူမက လက်ကိုင်ပဝါကို ကမ်းပေးလိုက်သည်။
ဂီလင်က လက်ကိုင်ပဝါကို စိုက်ကြည့်လိုက်သည်။ ရှုနိုင်ငံ၏ အကြွယ်ဝ အချမ်းသာဆုံး ရတနာလေး၏ လက်ဖဝါးလေး ဖြစ်သည်။ လက်ကိုင်ပဝါကတောင် ကြည့်ရတာနဲ့တင် တန်ဖိုးကြီးမှန်း သိသာလှသည်။ ပန်းထိုးထားတဲ့ အစွန်းပိုင်းတွေကလည်း သေသပ်ကျနနေသည်။ သူမက လက်ကိုဆန့်ပြီး လက်ကိုင်ပဝါကို ယူလိုက်သည်။ ပြီးနောက် ရုတ်တရက် ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး လှောင်ပြောင် သရော်ဟန် ပြင်းပြင်းထန်ထန် တက်နင်းလိုက်လေသည်။
နန်းပေါင်ရီက သူမ ထွက်သွားတာကို လိုက်ကြည့်နေပြီး တဖြည်းဖြည်းနဲ့ ပိုပြီး နားမလည်နိုင်တော့ပေ။
ရှောင်းယီက နှုတ်ခမ်းတွေကို လျော့ရဲစွာ တွန့်ချိုးလိုက်ပြီး ရှီးခူကို တစ်ချက် ကြည့်လိုက်လေသည်။
***