အပိုင်း (၁၆၅)
သူမကိုပွေ့ဖက်ထားချင်တယ်
နန်းအဘွားအိုက တုတ်ကောက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူမ၏ ကျောင်းကျောင်းအာကို သူမက လက်ဖဝါးပေါ်က ရတနာတစ်ပါးလို တန်ဖိုးထားတာ ဖြစ်သည်။ တခြားသူတွေ၏ စော်ကားတာကို ခံရဖို့မဟုတ်ပါချေ။
ချန်းတယ်ယွီ တင်မက လျိုဒုန်ဖန်းကလည်း ကောင်းတဲ့ကောင်တွေ မဟုတ်၊ ကျောင်းကျောင်းအာ၏ ပန်းထိုးဖိနပ်လောက်တောင် တန်ဖိုးရှိတဲ့ ကောင်တွေ မဟုတ်ပါဘဲနဲ့များ…
ချက်ချင်း သူမက ရှောင်းယီကို ကြည့်လိုက်သည်။ ချောမောကြည့်ကောင်းတဲ့ လူငယ်က အမတ်မင်း တစ်ပါး၏ အမှတ်တံဆိပ်ဖြစ်တဲ့ ရွှေခါးပတ်ကို ကစားနေသည်။ သူ၏မျက်နှာက အနည်းငယ် အေးစက်နေပြီး ကျောင်းကျောင်းအတွက် သိသိသာသာ စိတ်ဆိုးနေသည်။
သူမက ရုတ်တရက် ကျောင်းကျောင်းအတွက် သားမက်ရွေးချယ်မဲ့ အခြေအနေ သုံးခုကို သတိရသွား မိသည်။
ကြည့်ကောင်းရမယ်၊ အရည်အချင်း ရှိရမယ်၊ ရိုးရှင်းတဲ့ မိသားစု နောက်ခံရှိရမယ်…..
ရှောင်းယီက ထိုအချက်တွေနဲ့ ကိုက်ညီနေသည်ပဲ။ နှိုင်းယှဉ် ကြည့်ရမယ်ဆိုရင် သူက ချန်းတယ်ယွီနဲ့ လျိုဒုန်ဖန်းထက် အဆထောင်သောင်းမက သာလွန်သည်။ အတွေးတစ်ခုက သူမစိတ်ထဲမှာ ရေးတေးတေး ရစ်ဝဲလာနေလေသည်။
သို့သော်လည်း အခုအချိန်ကတော့ ရှောင်းယီနဲ့ စကားပြောဖို့ အခွင့်မသာသေးပါချေ။
သူမက ဒေါသဖြစ်စွာနဲ့ “ကျူးကျူး၊ ကျောင်းကျောင်းကို အပြင်ခေါ်ထုတ် သွားလိုက်”
သူမက စစ်မျက်နှာကို စဖွင့်လိုက်ချေပြီ။
နန်းပေါင်ကျူးက ထိုင်မနေရဲတော့ပါချေ။ သူမက နန်းပေါင်ရီ၏ လက်ကိုဆွဲပြီး ပြဇာတ် ထိုင်ခုံကနေ ဆွဲခေါ်သွားတော့သည်။
သူတို့ညီအစ်မ ခြေလှမ်း အနည်းငယ်တောင် မလှမ်းရသေးခင် နန်းသခင်မကြီး၏ ကျယ်လောင်စွာ ဆူပူလိုက်သံကို ကြားလိုက်ရတော့သည်။
“ဒီရက်တွေမှာ ဦးနှောက်ကို မိုးကြိုးပစ်သွားသို့ မတွေးတော နိုင်တော့တာလား၊ ငါတို့ နန်းအိမ်တော်ရဲ့ ရွှေစနည်းနည်းကိုများ ရမလားလို့ လောဘတက်နေတဲ့ မျက်နှာနဲ့ ရုပ်ဆိုးလိုက်တာ၊ နင့်သားရဲ့ လက်ထပ်ပွဲကို ရွှေစတွေနဲ့ အလဲအလှယ် လုပ်နိုင်မယ်တဲ့လား၊ ဘယ်လိုတောင် အရှက်မရှိလိုက်တဲ့ လူတွေလဲ၊ ဘယ်လို အသုံးမကျတဲ့ ပစ္စည်းတွေလဲ”
နန်းပေါင်ရီက ထောက်ခံလိုက်သည်။ သူမက နန်းပေါင်ကျူးကို တိုးဖွဖွ ကပ်ပြောလိုက်သည်။
“ကျူးကျူး ဒေါ်လေး ၂ က အအော်နိုင်ဆုံးလို့ ထင်ထားတာ၊ မထင်မှတ်ထားဘဲ အဘွားရဲ့ လူတွေကို ဆူပူအော်ဟစ်နိုင်တဲ့ စွမ်းရည်က ပိုသာတာပဲ၊ ပိုပြီးတော့လည်း သေသပ်သေးတယ်”
“အဲ့ဒါ ဘာကြောင့်လဲဆိုတော့ ဟိုမိန်းမကြီး နှစ်ယောက်က အရမ်းလွန်လို့လေ၊ လျိုမိသားစုက ဘာတွေမို့လို့လဲ၊ ဗဟုသုတလည်းမရှိ၊ စည်းစိမ်တွေကို လောဘတက်နေကြတာ၊ ဒါပေမယ့် ချန်းသခင်မက စာတွေဖတ်ထားပြီး မရှက်ဘူးလားမသိ၊ နင့်ကို မောင်းမလုပ်ဖို့ မေးနေသေးတယ်၊ အဲ့ဒီစကားကို ငါကြားတော့ သူ့ပါးစပ်ကိုလေ တူနဲ့ထုပစ်ချင်တာ”
နန်းပေါင်ကျူးက ငိုသံပါ ပါနေသည်။ နန်းပေါင်ရီ၏ နှလုံးသားလေးက ပျော့ပျောင်း သွားရသည်။ သူမက တခြားသူများ၏ စော်ကားပြောဆိုခြင်းကို ခံရပေမယ့် သူမချစ်ခင်ရသည့် သူတွေက သူမအတွက် စိတ်မကောင်း ဖြစ်ပေးကြသည်။
အရင်ဘဝက သူမ ချန်းတယ်ယွီ၏ စွန့်ပစ်ခြင်းကိုခံရပြီး နန်းတော်ကို အစေခံအဖြစ် ရောင်းစား ခံရသည့် အခါတုန်းက……
သူမကို ချစ်တဲ့သူတွေ၏ မျက်လုံးထဲမှာ ဘယ်လောက်တောင် ဝမ်းနည်းမှုတွေနဲ့ ပြည့်နေလိုက်မလဲ။
အဲ့ဒီအချိန်တုန်းက အဘွားက နောက်ဆုံး အချိန်အထိ ကျောင်းကျောင်းကို တွေ့ချင်တယ်ဆိုပြီး ဆန္ဒပြင်းပြခဲ့ ပေမယ့် တွေ့မသွားခဲ့ရပေ……
တောက်ပတဲ့ အနာဂတ်ရှိနေသည့် ဝမ်းကွဲမမကလည်း အိမ်တော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အသက်လေးဆယ် အရွယ်ရှိတဲ့ လူကြီးနဲ့ လက်ထပ်ဖို့ တွန်းအားပေး ခံခဲ့ရသည်။ ပြီးတော့ ထိုနေရာမှာပဲ သူမ၏ဘဝက ပြီးဆုံးသွားတော့သည်။
သူမ ဝတ္တရား မကျေပွန်ခဲ့ပါပေ။
မိသားစုဝင်တွေက သူမကို ရတနာတစ်ပါးလို ကောင်းကောင်း ပြုစုခဲ့ကြသည်။ ဒီဘဝမှာတော့ သူမက သူတို့ကို ပြန်ချစ်ပေးပြီး ပြန်ပေးဆပ်ရမည်။
သူမက နန်းပေါင်ကျူးကို ဖက်လိုက်ပြီး မျက်ရည်တွေက မိုးစက်တွေလို အဆက်မပြတ် ကျဆင်း လာတော့သည်။
နောင်တတွေ ပြည့်သိပ်နေပေမယ့် နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာကို ခံစားရစေသည်။
“ကျောင်းကျောင်း၊ မငိုနဲ့လေ”
နန်းပေါင်ကျူးက ချော့ပြောနေသည်။
“ငါတို့ရှိတယ်၊ အဲ့ဒီ မိန်းမဆိုးကြီးတွေက နင့်ကို မစော်ကားစေရဘူး”
သူမက ဂရုတစိုက်နဲ့ နန်းပေါင်ရီ၏ မျက်ရည်တွေကို သုတ်ဖယ်ပေးလိုက်ပြီး ပျော်ရွှင်အောင် ကြိုးစားပေးသည်။ သူမက အကြံပြုလိုက်သည်။
“ပြဇာတ်စင် နောက်ကို သွားကြည့်ရအောင်၊ ဇာတ်စင် နောက်ပိုင်းက အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ငါကြားဖူးတယ်”
နန်းပေါင်ရီက လိမ္မာစွာနဲ့ ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။ သူမက တကယ်တော့ နွေဦးကျောက်စိမ်း စံအိမ်၏ သူဌေးမလေးတစ်ပိုင်း ဖြစ်နေတာကြောင့် အစေခံတွေက သူမကို မတားရဲကြပါချေ။
ညီအစ်မ နှစ်ယောက်သားက လျှောလျှောရှုရှုနဲ့ စင်နောက်ပိုင်းကို ရောက်သွားပြီး ပြဇာတ် ဝတ်စုံတွေနဲ့ သီချင်းဆိုတဲ့ ဇာတ်ဝင်ပစ္စည်း အသုံးအဆောင်တွေကို ကြည့်ပြီး နန်းပေါင်ကျူးက အံ့အားသင့် သွားတော့သည်။
နွေဦးကျောက်စိမ်း စံအိမ်၏ အသုံးအဆောင်တွေက အလွန်အသေးစိတ် ခြယ်မှုန်းထားပြီး လှပသေသပ်သည်။
နန်းပေါင်ကျူးက ကစားချင်သွားရပြီး ဖြတ်သွားတဲ့သူ တစ်ယောက်ကိုတားပြီး မေးလိုက်သည်။
“ဒီဝတ်စုံတွေကို ငါဝတ်ကြည့်လို့ ရမလား”
“မမလေး ဝတ်ချင်တဲ့ဝတ်စုံကို ဝတ်ကြည့်လို့ရပါတယ်”
နန်းပေါင်ကျူးက အလွန်ပျော်ရွှင်သွားပြီး မြန်မြန် ပြောလိုက်သည်။
“ကျောင်းကျောင်း၊ ငါနောက်တစ်ခန်းကို သွားပြီး ဝတ်ကြည့်လိုက်ဦးမယ်၊ ပြီးရင် အဘွားကို သွားပြရမယ်၊ သူအရမ်း အံ့ဩသွားမှာပဲ”
ပြောပြီးသောအခါ လက်ဝကျယ်သည့် ဝတ်စုံတစ်စုံ၊ ဇာမဏီသရဖူ၊ တိမ်လွှာဆင် ပခုံးလက်များဖြင့် ကျောက်စိမ်းခါးပတ်ကိုယူပြီး နောက်တစ်ခန်းဆီသို့ စိတ်လှုပ်ရှားစွာ အမြန်ချီတက် သွားတော့သည်။
နန်းပေါင်ရီက သူမ၏နောက်ကျောကို ကြည့်နေသည်။ ကျူးကျူးက ရုတ်တရက်ကြီး ဒီလိုဝတ်လိုက်ရင် အဘွားက အရမ်း အံ့ဩသွားလိမ့်မယ်လို့တော့ သူမ မထင်ပါချေ။ အံ့အားသင့်လွန်းပြီး ပြောစရာစကားတွေ ပျောက်ရှသွားမှာ ဖြစ်သည်။
ပန်းထိုး ထိုင်ဖုံပေါ်မှာ ထိုင်နေရင်း မျက်နှာချေမှုန့်တွေနဲ့ ရောင်စုံ မျက်နှာချေတွေကို အလှပြင်ခုံပေါ်မှာ တွေ့ရသည့်အခါ သူမက ပျင်းရိစွာနဲ့ တိတ်တဆိတ် ကစားနေလိုက်သည်။ ပွဲကြည့်ဆောင် ခန်းမမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို သူမ မသိတော့ပါချေ။
သို့သော်လည်း ပွဲစင်ကို အမတ်မင်း၏ လူတွေက ကာကွယ်ပေးထားမှာ ဖြစ်လို့ ဘာမှတော့ ဖြစ်မလာလောက်ပါချေ။
ထိုအချိန် ပွဲကြည့်စင်မှာတော့……
သခင်မဟောင်နဲ့ လျိုတစုက သွေးထွက်မတတ် ဆူပူသောင်းကျန်း နေကြသည်။ သခင်မဟောင်က အစိုးရ အရာရှိကတော် တစ်ယောက်ဖြစ်ပြီး သူမ မွေးဖွားလာ ကတည်းက သူမကို ဘယ်သူကမှ အော်ဟစ် ဆူပူတာမျိုး မခံခဲ့ရဖူးပါချေ။
သူမ၏မျက်နှာက ရဲတွတ်နေပြီး ဝတ်စုံလက်ကို စိတ်ဆိုးစွာ ပင့်တင်လိုက်သည်။
“နင်က ထပ်ပြီး ရန်ဖြစ်ချင်သေးတယ်ပေါ့”
သူမခေါ်လာတဲ့ အစေခံတွေကလည်း တစ်ယောက်ပြီး တစ်ယောက် ဝတ်စုံလက်တွေကို ပင့်တင်လိုက်ကြပြီး နန်းအဘွားအိုကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေကြသည်။
“သခင်မချန်းက ရန်ဖြစ်ချင်တာလား၊ ကျွန်မ ငယ်ငယ် ကတည်းက ကြုံခဲ့တဲ့ ရန်ပွဲပေါင်း မနည်းဘူး၊ ပြီးတော့ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ရဖို့ကိုလည်း ကြောက်မနေဘူး”
သခင်မကျန်းက ပြောလိုက်တဲ့အခါ သူမဘက်က အစေခံတွေကလည်း ဝတ်စုံလက်တွေကို ပင့်တင် လိုက်ကြသည်။ အဘွားအိုကို နောက်မှာထား၍ ခပ်တင်းတင်း ကာကွယ် လိုက်ကြသည်။
သူမဘက်က အစေခံတွေက အင်အားပိုများပြီး အားလုံးက ကိုယ်ရံတော်တွေဖြစ်၍ တိုက်ခိုက်ရေး အတွေ့အကြုံ ရှိကြသည်ချည်းပင်။
သခင်မဟောင်၏ စိတ်ကြီးဝင်နေမှုက ရုတ်တရက် လျော့ကျသွားသည်။ သူမက ဒေါသကြောင့် မျက်နှာနီရဲလာပြီး လည်ပင်းတွေပါ ထောင်လာတော့သည်။ သူမက နောက်ကို နှစ်လှမ်း ဆုတ်လိုက်ပြီး ပြောသည်။
“နင်တို့စောင့်နေကြ”
ပြောပြီးတာနဲ့နောက်ပြန်လှည့်ပြီး အစေခံတွေနဲ့အတူ လှည့်ပြန်သွားတော့သည်။
ကျန်နေသည့် အစ်မလျိုက အလွန် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ သူမက နန်းအိမ်တော်နဲ့ ရန်ဖြစ်ဖို့ မရဲပါချေ။ သခင်မကျန်းက သူ့ကို စိုက်ကြည့်နေသည့် အခါ ပြုံးနေသည့် မျက်နှာနဲ့ နောက်ကို ဆုတ်သွား တော့သည်။
သူမက လျိုဒုန်ဖန်ကို တံတောင်ဆစ်ထဲမှာ ညှပ်ထားပြီး လေသံသဲ့သဲ့ဖြင့် ပြောလိုက်သည်။
“အိုး… ငါတို့ အခု ဘယ်လိုလုပ်ရတော့မလဲ နင် နင့်ဝမ်းကွဲညီမကို သေချာမေးကြည့်စမ်း၊ နင်နဲ့ နန်းပေါင်ရီ လက်ထပ်ဖြစ်ဖို့ကို ဘယ်လို လုပ်ရမလဲလို့၊ သူ့ကို လက်ထပ်ဖြစ်ရင် ငါတို့မိသားစု တစ်သက်လုံး နန်းအိမ်တော်မှာ ချမ်းချမ်းသာသာ နေရတော့မှာ”
“အမေ၊ မလောပါနဲ့၊ သားသိပါတယ်…”
လျိုဒုန်ဖန်က လေပြည်လေးနဲ့ ပြန်ပြောသည်။
နှစ်သစ်ကူး အကြိုညက နန်းပေါင်ရီကို သူသေချာ မကြည့်လိုက်ရပေ။ တောက်ပတဲ့အလှနဲ့ မိန်းကလေး တစ်ယောက် ဆိုတာကိုပဲ သိလိုက်သည်။ ဒီနေ့ သေချာအနီးကပ် ကြည့်မိမှ သူအရမ်းကို နှစ်သက်သဘောကျ သွားရသည်။
သူမ၏ မိသားစုက ချမ်းသာကြွယ်ဝရုံတင် မဟုတ်ဘဲ သူမကလည်း သာမာန်ထက် လွန်ကဲတဲ့ အလှနဲ့ နုနုနယ်နယ် မိန်းကလေး တစ်ယောက် ဖြစ်နေသည်လေ။
သူက အရမ်းကို စိတ်လှုပ်ရှား သွားရသည်။ ဒီလို မိန်းမလှလေးနဲ့သာ မိသားစုတစ်ခု ထူထောင်ပြီး အနာဂတ်မှာ သူ့အတွက် ကလေးတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေနိုင်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
သူက သတိကြီးကြီးနဲ့ နန်းယန်ဆီကို ချဉ်းကပ်သွားပြီး “ဝမ်းကွဲညီမလေး နန်းယန်၊ အစ်ကိုတို့အခု ဘယ်လိုလုပ်ရမလဲ ညီမလေးက အစ်ကို့ကို နန်းပေါင်ရီကို ကပ်စေချင်တာဆို၊ ဘယ်လို သွားကပ်ရမလဲ”
နန်းယန်က အေးစက်စက် အကြည့်နဲ့ ကြည့်လိုက်သည်။ သူမက ဒီနေ့ သခင်မဟောင်၏ လူမဆန်စွာ ဆက်ဆံခြင်းကို ခံခဲ့ရပြီး စိတ်ကြည်မနေပါချေ။ သူမက လက်ဖက်ရည်ကို မျှင်းသောက်နေပြီး အေးတိအေးစက် ပြောလိုက်သည်။
“အခုသွား”
“အခု”
လျိုဒုန်ဖန်က အံ့အားသင့် သွားသည်။
“ဒီနေရာက နန်းအိမ်တော် မဟုတ်ဘူး၊ သူ့ကိုကာကွယ်ဖို့ အစေခံတွေ မရှိဘူး၊ သူနဲ့နီးစပ်ဖို့ အခွင့်အရေးပဲ၊ ပြီးတော့ အပြင်လူတွေ တွေ့သွားဖို့လည်း အခွင့်ကောင်းပဲ၊ နန်းအိမ်တော်က သတင်းမပြန့် စေချင်ရင်တောင် ဒီလိုသတင်းမျိုးက ဖုံးထားလို့ရမှာ မဟုတ်ဘူး၊ သူ့ဂုဏ်သတင်းက ပျက်စီးသွားမှာပဲ၊ သူလက်မထပ်ချင် ရင်တောင် လက်ထပ်ရတော့မှာမလား”
လျိုဒုန်ဖန်က စဉ်းစားပြီး ထိုအချင်းအရာက ကျိုးကြောင်းသင့်သည်ဟု ခံစားရသည်။
“အစ်ကိုသူ့ကိုသွားရှာလိုက်မယ်”
သူက ပြဇာတ်ပွဲကြည့်စင်ကနေ ပျော်ရွှင်စွာနဲ့ ထွက်ခွာသွားတော့သည်။
ရှောင်းယီက လက်ဖက်ရည်ကို ဖြည်းညင်းစွာ သောက်နေသည်။ သူက သက်တောင့်သက်သာနဲ့ လက်ဟန် ပြလိုက်သောအခါ ရှီးယန်က ချက်ချင်း အပြင်ကို လိုက်ထွက်သွားတော့သည်။
လျိုဒုန်ဖန်က နန်းပေါင်ရီကို ပြဇာတ်စင် နောက်မှာ ရှာတွေ့သွားသည်။ ထိုအချိန်မှာ ပြဇတ်သမတွေ အားလုံးက စင်ပေါ်ကို ရောက်နေတာကြောင့် စင်နောက်ပိုင်းမှာ ဘယ်သူမှမရှိပါချေ။
“ညီမလေးပေါင်ရီ..”
သူက နွေးထွေးပျုငှာစွာနဲ့ နှုတ်ခွန်း ဆက်လိုက်သည်။
နန်းပေါင်ရီက မျက်ခုံးမွေး ဆွဲနေသည်။ နန်းပေါင်ကျူး ရွေးထားတဲ့ ဝတ်စုံက အလွန် ရှုပ်ယှက်ခတ်နေပြီး ဝတ်ဖို့ အချိန်အတော်ကြာ ယူရတာကြောင့် သူမက ပြန်ထွက်မလာသေးပါချေ။
သူမက ပျင်းရိနေတာကြောင့် မျက်နှာချေမှုန့်တွေ၊ တခြားရောင်စုံ ပစ္စည်းတွေနဲ့ မျက်နှာကို လိမ်းခြယ် နေတာဖြစ်သည်။
လျိုဒုန်ဖန်ကို စင်နောက်ပိုင်းမှာ တွေ့လိုက်တဲ့အခါ သူမက မျက်တောင်တွေကိုတောင် မကော့ရသေးပေ။ မျက်နှာချေ လိမ်းခြယ်နေတုန်း ရှိသေးသည်။
လျိုဒုန်ဖန်က သူမနားကို ကပ်လာပြီး ပြုံးရင်း “ညီမလေးပေါင်ရီက ပြဇာတ်သမတွေလိုမျိုး မျက်နှာချေတွေ လိမ်းထားတာတောင် လှနေတုန်းပဲနော်၊ နွေဦးကျောက်စိမ်း စံအိမ်က ပြဇာတ်ခေါင်းဆောင် ထက်တောင် လှနေသေးတယ်”
“နန်းယန်က ငါ့ကိုရှာဖို့ လွှတ်လိုက်တာလား”
နန်းပေါင်ရီ၏အသံက တည်ငြိမ်နေသည်။
လျိုဒုန်ဖန်က အသက်ရှူ ကျပ်သွားရသည်။ ဘာလို့ ဒီကောင်မလေးက အရမ်းဉာဏ်ကောင်း နေရတာလဲ
သူကထပ်ပြီး ဟန်ဆောင်မနေတော့ဘဲ သူ၏အပြုံးက မသတီစရာ ကောင်းလာတော့သည်။
“ဝမ်းကွဲညီမလေးက ပြောတယ်၊ ညီမလေးပေါင်ရီနဲ့ လက်ထပ်လိုက်ရင် ငါ့မှာ မကုန်ခန်းနိုင်တဲ့ စည်းစိမ် ဉစ္စာတွေနဲ့ တစ်သက်လုံး ချမ်းသာမှာတဲ့၊ ညီမလေး ပေါင်ရီက သူများရဲ့ ကိုယ်လုပ်တော် ဖြစ်မှာထက် စာရင် ငါ့ မဟေသီလုပ်လိုက်ရင် ပိုမကောင်းဘူးလား၊ ငါ့မှာလည်း အရည်အချင်း ရှိပါတယ်”
ပြောပြီးနောက်သူက နန်းပေါင်ရီကို ဖက်ဖို့ကြိုးစားတော့သည်။
နန်းပေါင်ရီက ထပြီး ရှောင်လိုက်သည်။ သူမက လက်ကိုမြှောက်ပြီး ဆံထိုးကို သေသပ်အောင် ပြုပြင်လိုက်သေးသည်။
***