အပိုင်း (၁၆၄)
ဒါဘဝပဲ
နန်းယန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သူမက ရှက်ရွံ့သွားပြီး အစေခံကို လက်ဖက်ရည်ခွက်၏ ကျိုးပဲ့သွားတဲ့ အပိုင်းအစတွေကို သိမ်းဆည်းဖို့ ခိုင်းလိုက်သည်။ ပြီးနောက် သူမက သခင်မဟောင် အတွက် လက်ဖက်ရည်ကို ဂရုစိုက်၍ ထပ်ပြီး ကမ်းပေး လိုက်သည်။
နန်းပေါင်ရီက အခွံမာသီး အစိမ်းကို ဖြည်းဖြည်းချင်း အခွံခွာနေသည်။ အရင်ဘဝတုန်းက ချန်းတယ်ယွီကို အထောက်အပံ့ မပေးနိုင်တာကြောင့် သခင်မဟောင်က သူမကို မကြိုက်ပါချေ။ လက်ထပ်ပြီး နောက်မှာ ချန်းတယ်ယွီ နောက်ကို သူမ တစ်ယောက်တည်းလိုက်ဖို့ ခွင့်မပြုသလို တစ်ခန်းတည်း အတူနေခွင့်လည်း မပေးခဲ့ပေ။
တစ်ခါတစ်ရံ ချန်းတယ်ယွီက သူမအပေါ် စိတ်ဝင်စားပြီး သူမနဲ့ တစ်ခုခုလုပ်ချင်တဲ့ အခါမျိုးတွေမှာတောင် သူမက အစေခံတွေက တစ်ဆင့် သခင်မဟောင်ဆီ အကြောင်းကြား ပေးရသည်။ သခင်မဟောင်က သူမကို အမျိုးမျိုး ခေါင်းကိုက်အောင် ဦးနှောက်ခြောက်အောင် လုပ်ပြီးမှ သူမကို ချန်းတယ်ယွီ ရှေ့သို့ သွားခွင့် ပြုသည်။
ချန်းတယ်ယွီနဲ့ သခင်မဟောင်တို့ သားအမိ ကျေးဇူးကြောင့် သူမက သေဆုံးသွားသည့် တိုင်အောင် အပျိုစင်ဘဝကို ထိန်းသိမ်း နိုင်ခဲ့သည်။ အခုလို ဒီဘဝကို ပြန်ရောက်လာသောအခါ သူမက ထိုအတွက် အလွန် ကံကောင်းသည်ဟု ခံစားရသည်။
နန်းယန်နဲ့ သခင်မဟောင်က အရင်ဘဝက ဘယ်လို နှစ်ပါးသွားကြလဲ ဆိုတာကို သူမ မသိပေ။ သို့သော်လည်း အခုတော့ သခင်မဟောင်က နန်းယန်က သူ၏ချွေးမ ဖြစ်လာခြင်းကို ကျေနပ်မှု မရှိတာကို တွေ့နေရသည်။
သူမက ချန်းတယ်ယွီကို ကြီးမားတဲ့ ရတနာလို သိမ်းထုပ်ထားတဲ့ လက်ရွေးစင် ယောက္ခမမျိုးဆိုတော့ ချွေးမနဲ့သားကို သူမထက်ပိုပြီး မနီးကပ်စေချင်ပေ။ သူ့သားက မင်းသမီးနဲ့ လက်ထပ်ရင်တောင် သူမက စိတ်တိုင်းကျဦးမည် မဟုတ်ပါချေ။
နန်းပေါင်ကျူးက ဇာတ်ခုံပေါ်ကို လက်ညှိုး ထိုးပြလိုက်ပြီး ပြောလာသည်။
“ကြည့်ပါဦး၊ ကောက်ကျစ် စဉ်းလဲတဲ့ ယောက္ခမက ဘုရင်ခံချန်းရဲ့ ကတော်နဲ့ တူလိုက်တာ”
လူတွေအားလုံးက ကြည့်လိုက်ကြသည်။
ပြဇာတ်ခုံပေါ်မှာတော့ ကောက်ကျစ်စဉ်းလဲတဲ့ ယောက္ခမနေရာက မိန်းမကြီးကို ဘယ်နေရာကများ ဟန်ယန့်လျန် ဆွဲခေါ်လာခဲ့လဲ မသိပေမယ့် မျက်နှာချေမှုန့်တွေ လိမ်းခြယ်ထားဟန်၊ အပြင်အဆင်နဲ့ ဆံပင်ပုံစံတွေက သခင်မဟောင်နဲ့ လေးပုံ ပုံရင် သုံးပုံလောက်ကို တူညီနေလေသည်။
သူမက အရာရှိ စားပွဲမှာ ခြေချင်းချိတ် ထိုင်နေပြီး ချွေးမက လက်ဖက်ရည် ဆက်မှာကို စောင့်စားနေသည်။
ဟွားထန်၊ ချွေးမနေရာမှာ သရုပ်ဆောင်တဲ့သူက ရိုသေစွာနဲ့ လက်ဖက်ရည်ကို ကမ်းပေး လိုက်ပေမယ့် မတော်တဆ ခြေခေါက်သွားပြီး လက်ဖက်ရည်တွေက သူမပေါ်သို့ ဖိတ်ကျကုန်သည်။ မိန်းမကြီးက ခုန်ထလိုက်ပြီး ချွေးမကို ပါးနှစ်ချက် ဆင့်ရိုက် လိုက်လေသည်။
“မျက်လုံး မပါဘူးလား၊ လက်ဖက်ရည်လေးတောင် ကောင်းကောင်း မဆက်နိုင်ဘူး”
ချက်ချင်းပဲ ဆဲရေးတိုင်းထွာတဲ့ စကားတွေ ဆက်လာ တော့သည်။
“ငါ့ကို ပြန်ကြည့်ရဲတယ် ဟုတ်လား ဘယ်လိုတောင် ပမာမခန့် လိုက်သလဲ၊ လန်အာက နင့်ကို ဘယ်လိုများ သဘောကျသွားသလဲ ငါတွေးကြည့်လို့ကို မရဘူး”
ထိုစကားက အခုလေးတင် သခင်ဟောင် ပြောလိုက်သည့် စကားနှင့် တစ်ထပ်တည်းပင်။
ကောင်းလိုက်တဲ့ စာသား….
အားလုံးက တိတ်ဆိတ်သွားပြီး သခင်မဟောင်ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်ကြသည်။
သခင်မဟောင်က အလွန် စိတ်ဆိုးသွားပြီး ကျိန်ဆဲတော့သည်။
“ဒီပြဇာတ်ကဘာလဲ ငါ့ကိုလာရှုပ်ချင်တာလား”
ဇာတ်ခုံပေါ်က မိန်းမကြီးက ပြောလိုက်တာကတော့ “ဒါကဘာလဲ၊ အိမ်တော်ကို ရှုပ်ယှက်ခတ်နေအောင် လုပ်နေတာလား”
ကြမ်းတမ်းတဲ့ နေရာမှာ သခင်မဟောင်နဲ့ လုံးဝကို ထပ်တူကျလှသည်။
နန်းယန်က မျက်နှာချို သွေးလိုက်ရင်း “ဒေါ်ဒေါ်၊ စိတ်မဆိုးပါနဲ့ ဒီပြဇာတ်က ဒေါ်ဒေါ့်ကို ပြက်ရယ်ပြုတာ မဟုတ်ရပါဘူး၊ ဖရဲသီးလေး စားပါဦး၊ အရမ်းချိုတယ်”
“ငါက ဖရဲသီးကိုအမုန်းဆုံးပဲ”
သခင်မဟောင်က စိတ်ဆိုးမာန်ဆိုး ဖြစ်နေတော့သည်။ နန်းယန်ကို တွေ့သည့်အခါ သူမ ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်ရသည်။
ဒီသေသင့်တဲ့ ကောင်မလေးက သူမ၏အမေ အိမ်တော်သခင်မ နေရာရဖို့အတွက် ဒုတိယသားကို တွန်းအားပေးပြီး နန်းအိမ်တော်မှာ နေရာရအောင် ကြံစည်ခဲ့သည်။ သို့သော်လည်း သူမ၏သားက ချန်းယဲ့ရူ၏ သံပြားနဲ့ ကန်ထုတ်တာကိုသာ ခံလိုက်ရပြီး မျက်နှာပျက် အရှက်ရခဲ့သည်။
သူမက အိမ်တော်ကိုတောင် မဝင်ရသေးခင် လန်အာကို ကံဆိုးအောင် လုပ်နေလေပြီ။ နန်းယန်က အိပ်မက်ဆိုး တစ်ခုဖြစ်မှန်း အသိသာကြီးပင်။
သူမက နန်းယန်ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ အရင်က သူမ သေချာ မကြည့်ခဲ့မိပေ။ အခု အနီးကပ် ကြည့်မိတော့မှ သူမ၏ ကိုယ်နေဟန်ထားက သွယ်လျပြီး ဆွဲဆောင်မှု ရှိတာကို တွေ့ရသည်။ ဘာလို့ လန်အာက ဒီလိုမိန်းမမျိုးကို ကြိုက်ရတာလဲ သူမက ကသိကအောက် ဖြစ်သွားရပြီး နန်းပေါင်ရီကို ထပ်ကြည့် လိုက်ပြန်သည်။
သူမ နန်းအိမ်တော်ကို စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းဖို့ သွားတုန်းက လူတွေက ပြောကြသည်။ သူမက အေးစက်တဲ့ ခန္ဓာကိုယ်ရှိတယ်ဆိုတာ မဟုတ်တဲ့အကြောင်းနဲ့ သမားတော်က မှားယွင်းပြီး ရောဂါအမည် မှားယွင်းတပ်မိတဲ့ အကြောင်းကို သိလာရသည်။
သူမက အရွယ်မရောက် သေးတာကြောင့် အနာဂတ်မှာ လူကောင်း တစ်ယောက်နဲ့ အိမ်ထောင်ပြု နိုင်သေးသည်။ လန်အာက နန်းယန်ကို သဘောကျနေတာကြောင့် သူ၏ဇနီးအဖြစ် နန်းယန်ကို ခွင့်ပြုပေးခဲ့တာ ဖြစ်သည်။ သို့သော်လည်း ချန်းမိသားစုက ရှေ့ဆက် သွားဖို့ဆိုရင် နန်းပေါင်ရီကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်မှသာ ပိုကောင်းပေလိမ့်မည်။
မိန်းကလေးက မြင်းကောင်း တစ်လက်က ခေါင်းကို မလှည့်ဘူးဆိုတာက စကားအဖြစ်သာ ပြောခြင်း ဖြစ်လိမ့်မည်။ ကဗျာစပ်ဆိုပွဲမှာ နန်းပေါင်ရီက သူမ၏ ဒူးခေါင်းကိုဖက်၍ ခါးသည်းစွာ ငိုကြွေးခဲ့ပြီး လန်အာအတွက် ကလေးမွေးပေး ချင်ပါတယ်လို့ ပြောနေသည့်ပုံစံကို သူမ အမှတ်ရသေးသည်။
ထိုသို့ တွေးပြီးတဲ့နောက် သူမက သခင်မကျန်း၏ လက်ကို ဖော်ရွေပျူငှာစွာနဲ့ ကိုင်လိုက်ပြီး ပြုံးရင်း “ပေါင်ရီရဲ့ မင်္ဂလာပွဲအတွက်က အခုထိ မသတ်မှတ် ရသေးဘူးမလား၊ နှစ်သစ်ကူးပြီးရင် ပေါင်ရီက ဆယ့်သုံးနှစ် ရှိပြီဆိုတော့ စေ့စပ်ကြောင်းလမ်းဖို့ သင့်နေပြီ”
သခင်မကျန်းက စက်ဆုပ်ရွံရှာသလို လက်ကို ပုတ်ထုတ်လိုက်ပြီး အေးဆေးတည်ငြိမ်တဲ့ သွင်ပြင်နဲ့ “ကျောင်းကျောင်းက လက်ထပ်ဖို့ စီစဉ်တာ မစီစဉ်တာကို ချန်းသခင်မက ဘာလို့ ဂရုစိုက်နေတာလဲ”
သခင်မဟောင်က ပို၍ပြုံးလိုက်ပြီး “ကျွန်မက ဒီလိုစဉ်းစားမိတယ်၊ မကြာသေးခင်ကမှ ကျွန်မတို့တွေက ကြောင်းလမ်းခြင်း ဖျက်သိမ်းထားတဲ့ မိသားစုတွေလေ၊ ပေါင်ရီက သင့်တော်တဲ့ ခင်ပွန်းကို ရှာမတွေ့ သေးဘူးဆိုတော့ သူ့အစ်မနဲ့အတူ ချန်းအိမ်တော်ကို အတူတူ ရောက်လာရင် ပိုကောင်းမလားလို့၊ အဲ့ဒါဆိုရင် ပိုပြီးလည်း အဆင်ပြေသွားမယ်၊ အဆင့်အနေနဲ့တော့ လန်အာက သူ့အစ်မကို သဘောကျ နေတာဆိုတော့ ဇနီးမယားနေရာကို ပေးလိုက်ပြီး မောင်းမနေရာကို သူ့ကို ပေးလိုက်မယ်လေ၊ ဒါပေမယ့်လည်း အစားအသောက်တွေ၊ အဝတ်အစားတွေ အားလုံးကိုတော့ မဟေသီတစ်ယောက်လို စည်းမျဉ်း စည်းကမ်းအတိုင်း ပေးမှာပေါ့၊ နောက်ပိုင်း ကလေးရခဲ့ရင်လည်း သူ့အစ်မလိုမျိုး မောင်းမ တစ်ယောက်အနေနဲ့ သတ်မှတ်ပေးမှာပါ”
သူမက ပေါ့ပါးတဲ့လေသံနဲ့ ပြောနေပြီး သိပ်လှတဲ့ အရုဏ်ဦး ပန်းချီကားကို စိတ်ကူးနဲ့ ရေးခြယ်နေသည်။
ဘယ်လို မိန်းကလေးမျိုးကများ သူ၏လန်အာကို မနှစ်သက်ဘဲ နေနိုင်လို့လဲ”
နန်းမိသားစုတွေက သူမကို ဗလာသက်သက် အကြည့်နဲ့ ကြည့်နေကြသည်။ သူတို့က ကျောင်းကျောင်းကို ချန်းတယ်ယွီ၏ ဇနီးမယားအဖြစ်တောင် လက်မခံနိုင်တာကို သခင်မဟောင်က ဘယ်လို အရှက်မရှိတဲ့ မျက်နှာနဲ့များ ကျောင်းကျောင်းကို မောင်းမအဖြစ် ထားမယ်။
ကလေးမွေးပြီးရင်တောင် နန်းယန်ထက် နိမ့်ကျတဲ့အဆင့်လို့ပဲ သတ်မှတ်ပေးဦးမယ်။
ဘာလို့ စိတ်ကူးက မိုးလောက်မြင့်နေရတာလဲ။
နန်းပေါင်ရီက မူးမေ့မတတ် ဖြစ်သွားရသည်။ သခင်မဟောင်က ဘယ်လိုဖြစ်ပြီး သူမကို ချန်းတယ်ယွီ၏ မောင်းမအဖြစ် ထားချင်သေးရတာလဲ ချန်းတယ်ယွီ၏ အမေကို သူမက ယောက္ခမ မတော်နိုင်သလို မောင်းမတစ်ယောက် ဖြစ်နေရင်တောင် တုတ်နှောင်ထားမဲ့ ကြိုးတွေက ဆောင်းဦး အိပ်မက်လိုဖြစ်နေဦး မှာပင်။
ထောင့်နားမှာတော့ လျိုမိသားစု လေးယောက်က တူညီစွာ ဆွံ့အငြိမ်သက် နေကြသည်။
အစ်မလျိုက လျိုဒုန်ဖန်ကို ဆွဲပြီး လေသံသဲ့သဲ့ဖြင့် “နင့်ညီမဝမ်းကွဲ နန်းယန်က ပြောတော့ နန်းပေါင်ရီနဲ့ လက်ထပ်ဖို့ နင့်ကို တွန်းပို့ပေးမယ်ဆို၊ ဘာလို့ သူက အခုမောင်းမ ဖြစ်သွားရတာလဲ”
လျိုဒုန်ဖန်က သူကိုယ်တိုင်တောင် မသိတော့ပါချေ။ နန်းယန်က နန်းပေါင်ရီကို ဖမ်းဆွဲထားဖို့ သူ့ကို ပြောခဲ့သည်။ သို့သော်လည်း သူမက အသေးစိတ် အစီအစဉ်ကိုတော့ သူ့ကို အသိပေး မထားပါချေ။
သူက အခုအခြေအနေကို စိတ်ထဲမှာ ရှုပ်ထွေးနေတော့သည်။ အစ်မလျိုက စိတ်လောစွာနဲ့ သူ၏ခေါင်းကို ဆွဲလိုက်ပြီး ကျိန်ဆဲ တော့သည်။
“အရူးကောင်၊ ငါတို့မိသားစုရဲ့ မျှော်လင့်ချက်လေးကို တခြားသူက ယူသွားတော့မယ်၊ ငါတို့မိသားစု ချမ်းသာဖို့က သူ့စည်းစိမ်တွေ လိုအပ်တယ်၊ စောင့်ကြည့်နေ၊ အမေက မင်းရဲ့ သတို့သမီးကို ပြန်ယူပြမယ်”
ပြောပြီးနောက် သူမက လက်ကောက်ဝတ်ကို ချိုးပြီး ကစားပွဲထဲသို့ ခုန်ဝင်သွားတော့သည်။
သူမက ပြုံးရင်း “ဒီက သခင်မကြီး၊ ကျွန်မ ကြားထားတာတော့ ကျောင်းကျောင်းနဲ့ အစ်မကြီးတို့အိမ်က ကြောင်းလမ်းခြင်း ဖျက်သိမ်းပြီးပြီဆို”
နန်းပေါင်ရီက မျက်ခုံးပင့်သွားသည်။
သူမနဲ့ လျိုမိသားစုက တစ်ယောက်ကိုတစ်ယောက် သိကြတဲ့ ဆက်ဆံရေးလည်း မဟုတ်ပါဘဲနဲ့ ဘာလို့ အစ်မလျိုက သူမ၏ အိမ်နာမည်ကို ခေါ်ရသည်လဲ ပြီးတော့ ကြည့်ရသည့် ပုံစံအရ သူ့သားနဲ့များ…..
သခင်မဟောင်က အစ်မလျိုကို ကြည့်လိုက်သည်။ ဟောင်းနွမ်းနေသည့် အဝတ်အစားတွေကို တွေ့တဲ့အခါ လှောင်ပြောင် သရော်ဟန်နဲ့ စကားပြန် မပြောပါချေ။
အစ်မလျိုက ထေ့ငေါ့လိုက်သည်။
“ကြောင်းလမ်းခြင်း ဖျက်သိမ်းပြီးမှ လက်ထပ်ဖို့အတွက် ထပ်ပြီး မေးနေတာက အရှက်မရှိရာ မကျဘူးလား၊ ပြီးတော့ မောင်းမအဖြစ်နဲ့တဲ့၊ အဲ့ဒါက ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ၊ ဟင်”
သူမက လျိုဒုန်ဖန်ကို သူမ၏ ဘေးကိုဆွဲ၍ နန်းသခင်မကြီး ဘက်ကို နှစ်သက်လိုလားစွာ လှည့်လိုက်ပြီး ခခယယနဲ့ မျက်နှာချို သွေးလိုက်သည်။
“သခင်မကြီး၊ ကျောင်းကျောင်းက မိန်းမကောင်းလေးပါ၊ မောင်းမ တစ်ယောက်ဖြစ်ဖို့ အကြောင်းမရှိဘူး၊ ကျွန်မရဲ့သားက ငယ်ရွယ်ပြီး ချောမောတယ်၊ ပြီးတော့ အောက်သက်လည်း ကြေပါတယ်၊ တကယ်လို့ စိတ်တိုင်းကျတယ်ဆိုရင် ကျောင်းကျောင်းကို ကျွန်မရဲ့သားနဲ့ ပေးစားရင် ပိုမကောင်းဘူးလား”
“တကယ်လို့ အဲ့ဒီလို ပေးစားမယ်ဆိုရင် ကျောင်းကျောင်းက အနာဂတ်မှာ သားနှစ်ယောက် မွေးခဲ့ရင် ပထမသားကို နန်းမျိုးရိုး ခံယူခိုင်းပြီး ဒုတိယသားကိုမှ ကျွန်မတို့ လျိုမျိုးရိုးကို ခံယူခိုင်းပါ့မယ်၊ ကျွန်မတို့ လျိုမိသားစုရဲ့ အစဉ်အလာကို ပယ်ဖျက်ပေးပါ့မယ်”
အားလုံးက တိတ်ဆိတ် သွားကြသည်။
နန်းပေါင်ရီ၏ အခွံမာသီးအစိမ်းကို ကိုက်လိုက်သံက “ခွပ်” ခနဲ ထွက်ပေါ်လာသည်။ ဒီနေ့အပြင်ကို ထွက်ဖို့ နက္ခတ်တာရာတွေနဲ့ ဂြိုလ်စီးဂြိုလ်နင်းတွေ ကောင်းမကောင်းကို ကြည့်ခဲ့သင့်တာ….
ကြီးကြယ်ခမ်းနားပြီး ကြွယ်ဝချမ်းသာတဲ့ အိမ်တော်က သူမကို ပျော်အောင် လုပ်မပေးနိုင်ဘူးတဲ့လား
သူမက သက်သောင့်သက်သာ မရှိဘဲ အစ်ကို ၂ ၏ပေါင်ကိုပဲ ဖက်ရတော့မှာလား။
ခြေလှမ်းတစ်ထောင် ဆုတ်ရရင်တောင်၊ နန်းအိမ်တော်က မချမ်းသာရင်တောင်၊ အာဏာရှိတဲ့ အမတ်မင်းက သူမကို မကာကွယ်ပေးရင်တောင် နွေဦးကျောက်စိမ်း စံအိမ်ကရသည့် ဝေစုတွေ၊ စာအုပ်ဆိုင်က ရသည့် ဝေစုတွေနဲ့ သူမ ကောင်းကောင်းနေ၊ ကောင်းကောင်း စားနိုင်သေးသည်။
ချန်းတယ်ယွီ၏ မောင်းမ ဖြစ်လာရမယ် လျိုဒုန်ဖန်အတွက် ကလေးမွေးပေးရမယ်။
သူမ အဲ့ဒီလောက် ဆိုးဆိုးရွားရွား ဆာလောင်မနေပါချေ။
မောင်းမပဲဖြစ်ဖြစ်၊ ကလေးမွေးပေးရမှာဖြစ်ဖြစ် နားထားလိုက်ကြစမ်းပါ….
***