အပိုင်း (၁၆၆)
အရမ်းမှားနေပြီ
နွေဦးကျောက်စိမ်းစံအိမ်က သူမ ရင်းနှီးကျွမ်းဝင်တဲ့ နေရာတစ်ခု ဖြစ်သည်။
နန်းယန်က လျိုဒုန်ဖန်းကို ဒီနေရာမှာ သူမကို ကြံစည်ဖို့ ခိုင်းလိုက်တာ ဖြစ်သည်။ နန်းယန်က သူမကို လျှော့တွက်လွန်းပြီပင်။
လျိုဒုန်ဖန်က ပြုံးရင်း “ဘာလို့လဲ၊ ညီမလေးပေါင်ရီက တစ်ယောက်ယောက်ကို ခေါ်မလို့လား တကယ်လို့ သူများကို ခေါ်လိုက်ရင်တောင် လူတိုင်းက မင်းနဲ့ငါ ခြေရှုပ်နေကြတယ်လို့ပဲ မြင်ကြမှာ…. ပြီးတော့ မင်းဂုဏ်သိက္ခာလည်း ပျက်စီး သွားတော့မှာနော်”
နန်းပေါင်ရီက ပစ္စည်းတွေ တင်ထားသည့် စင်ဘက်သို့ ခပ်အေးအေးပင် လျှောက်သွားသည်။ ထိုနေရာမှာ မရေမတွက်နိုင်တဲ့ လက်နက်တွေ ရှိသည်။ အားလုံးက ပြဇာတ်အတွက် သုံးသော ပစ္စည်းများ ဖြစ်သည်။
သူမက ဓါးရှည်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ရှီလင်နှင်းတောင်ပေါ်က အဖြစ်အပျက်ကို စိတ်ထဲမှာ မြင်ယောင်လာသည်။
ထိုအချိန်တုန်းက ကျန်းယွမ့်ဝမ်၏ အမေက လမ်းဘေးလူ တစ်ယောက်ငှားပြီး မမကြီး၏ ဖြူစင်မှုကို ဖျက်ဆီးဖို့ လုပ်ကြံခဲ့သည်။ သူမက မမကြီးကို ကာကွယ်ဖို့အတွက် လက်မောင်းကို ကြွေထည် အပိုင်းအစနဲ့ ခြစ်ပြီး ထိုလူက ဓါးစာခံအနေနဲ့ သူမကို ခေါ်လာတာပါဆိုပြီး ဇာတ်လမ်းဆင်ဖို့ လုပ်ခဲ့သည်။
နောက်တော့ သူမ အမတ်မင်း၏ ဟန့်တားခြင်းကို ခံလိုက်ရပြီး သူက သူမကို ငတုံးမလေးလို့တောင် ခေါ်ခဲ့သေးသည်။
ဟုတ်တယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ရမှာလဲ
သူမက စိတ်အေးအေးထား စဉ်းစားပြီးသည့် အခါမှာတော့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ကာကွယ်ဖို့ နည်းလမ်း တစ်ခုကတော့ အမြဲလိုလို ရှိစမြဲပါပင်။
သူမက ဓါးရှည်ကိုဝှေ့ယမ်းပြီး ကစားနေချိန်မှာ မီးငှက်လို မျက်လုံးကြီးတွေက တောက်ပရွှန်းလဲ့နေသည်။
“ငါငယ်ငယ်ကတည်းက ပြဇာတ် ဇာတ်ကွက်တွေ အများကြီး လေ့လာထားဖူးတယ်၊ အဲ့ဒီထဲက အပြောင်မြောက်ဆုံး ဇာတ်ကွက်က ယုဂျီရဲ့ ‘ကိုယ်လုပ်တော်၏ နှုတ်ဆက်ခြင်း’ ပြဇာတ်ပဲ”
သူမက ပြဇာတ်သမတွေ လျှောက်တဲ့ လမ်းလျှောက်နည်းကို သင်ယူထားဖူးပြီး သူတို့လျှောက်သလို ခြေလှမ်းအနည်းငယ် လျှောက်ပြလိုက်သည်။
“ဟန်နိုင်ငံရဲ့ စစ်သည်တော်တွေက အနည်းငယ် ဉီးညွှတ်လိုက်ကြပြီး ဘေးပတ်ပတ်လည်မှာ သီဆိုဟစ်ကြွေး နေကြတယ်..”
သူမက သီချင်းကို ညင်သာစွာ ညည်းရင်း ဓါးရှည်ကို ပေါ့ပါးစွာ လွှဲလိုက်ပြီး သူမ၏သေးသွယ်တဲ့ လည်ပင်းလေးပေါ်ကို တင်လိုက်သည်။
“ဧကရာဇ်က ခွန်အားအပြည့်နဲ့ပါ၊ ဘယ်လိုလုပ် နိမ့်ကျတဲ့ ကိုယ်လုပ်တော်ရဲ့ ဘဝကို စာနာနိုင်မှာလဲ..”
ဝတ်ရုံလက်တွေက ပေါ့ပါးစွာ မြောက်တက်သွားပြီး သူမက မျက်လုံးရွဲကြီးတွေကို အောက်စိုက်ချ လိုက်သည်။
ဓါးရှည်၏ဓါးသွားက လည်ပင်းလေးကို ဖြတ်သွားပြီး သူမ၏ခန္ဓာကိုယ်က ပန်းလေးတစ်ပွင့်လို ဝမ်းနည်းစရာ ကြွေကျသွားဟန်နဲ့ ကြမ်းပြင်ပေါ်ကို လဲကျသွားတော့သည်။
လျိုဒုန်ဖန်က သူမ၏ ညှို့ယူဖမ်းစားခြင်းကို ခံလိုက်ရသည်။ သူသည်လည်း ထို “ကိုယ်လုပ်တော်၏ နှုတ်ဆက်ခြင်း” ပြဇာတ်ကို ကြည့်ဖူးသည်။ သို့သော် ဘယ်သူကမှ နန်းပေါင်ရီလောက် လှလှပပ မတင်ဆက်နိုင်ပါချေ။
နန်းပေါင်ရီက ဂရုမထားဘဲ မတ်တပ် ရပ်လိုက်ပြီး စင်ပေါ်က တခြားဓါးရှည် တစ်လက်ကိုယူပြီး သူ့ကိုပေးလိုက်သည်။ သူမက ဟာသလုပ်လိုက်သည်။
“သေချာပေါက်ပဲပေါ့၊ မဟေသီ တစ်ယောက် ဖြစ်ရတာက ချန်းတယ်ယွီရဲ့ ကိုယ်လုပ်တော် တစ်ယောက် ဖြစ်ရတာထက် သာတာပေါ့၊ အစ်ကိုလျို၊ အစ်ကိုသာ ယုဂျီနေရာမှာ ကောင်းကောင်း သရုပ်ဆောင်နိုင်ရင် ငါ အစ်ကို့ကို လက်ထပ်မယ်”
လျိုဒုန်ဖန်က သူမ ဒီလောက် လွယ်လွယ်နဲ့ လက်ခံလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။ သူ၏ ရုပ်ရည် သွင်ပြင်ကြောင့် ဖြစ်မလား
သူက ဓါးရှည်ကို စိတ်လှုပ်ရှားစွာ ကိုင်လိုက်ပြီး စိတ်ထဲက ‘အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ’ ဟု ဆက်တိုက် ရွတ်လိုက်သည်။
နန်းပေါင်ရီကိုသာ လက်ထပ်နိုင်မယ်ဆိုရင် ယုဂျီတင်မကလို့ မိန်းမစိုး တစ်ယောက်လို ကပြခိုင်းရင်တောင် သူကပျော်ပျော်ကြီး ကပြမည်သာဖြစ်သည်။
သူက နန်းပေါင်ရီပေးတဲ့ ပြဇာတ် အဝတ်အစားတွေကို လဲလှယ်လိုက်ပြီး ပြဇာတ်သမများ၏ ခြေလှမ်းလို ရှေ့သို့ ခြေလှမ်း အနည်းငယ် လှမ်းလိုက်သည်။
နန်းပေါင်ရီက မျက်ခုံးပင့်လိုက်ပြီး “ရှင်က ပြဇာတ်သမနဲ့ အရမ်းတူတာပဲ၊ စကြတာပေါ့”
လျိုဒုန်ဖန်က ပြုံးလိုက်ပြီး “ညီမလေးပေါင်ရီ၊ စိတ်မပူပါနဲ့ ငါက ယုဂျီရဲ့ ပုံစံအတိုင်း မင်းကို ကပြမှာပါ”
သူက လည်ချောင်း ရှင်းလိုက်ပြီး ဇာတ်လမ်းထဲက ကိုယ်လုပ်တော် အတိုင်း သီချင်း ညည်းဆိုတော့သည်။
“ဧကရာဇ်က ခွန်အားအပြည့်နဲ့ပါ၊ ဘယ်လိုလုပ် နိမ့်ကျတဲ့ ကိုယ်လုပ်တော်ရဲ့ ဘဝကို စာနာနိုင်မှာလဲ..”
သူကသီဆိုလို့ပြီးတဲ့အခါ နန်းပေါင်ရီကို ဆွဲဆောင်အားပြင်းစွာ မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သေးသည်။ သူက ဓါးရှည်ကိုမြှောက်ပြီး လည်ပင်းကို တုံ့ဆိုင်းခြင်း ကင်းစွာနဲ့ ဖြတ်လိုက်တော့သည်။
သွေးတွေ ဒလဟော ထွက်လာတော့၏ ။
ဓါးသွားက ထက်ရှနေသည်။ လျိုဒုန်ဖန်၏ မျက်နှာပေါ်က အပြုံးက လျော့ရဲသွားတော့သည်။ အံ့အားသင့်လွန်းခြင်း၊ ဒေါသထွက်ခြင်း၊ အလွန်အမင်း မုန်းတီးခြင်း၊ စိတ်အားငယ်ခြင်းစတဲ့ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေ အားလုံးက အလုံးအရင်းနဲ့ သူ၏မျက်နှာပေါ်မှာ ထင်ဟပ်နေသည်။ ထိုခံစားချက်တွေက သူ့ကို အင်မတန် မနှစ်မြို့စေသည်။
သူက မြေပြင်ပေါ်ကို လဲကျသွားသည်။ သို့သော်လည်း သေတော့ မသေသေးပါချေ။ သွေးတွေက ကြမ်းပြင်ပေါ်မှာ အိုင်ထွန်းနေသည်။ သူ၏လက်က နန်းပေါင်ရီဆီကို လှမ်းနေသည်။
သူက တတွတ်တွတ်နဲ့ ပါးစပ်ဟပြီး ပြောချင်ပေမယ့် သူ၏လည်ချောင်းက ပြတ်ရှသွားတာကြောင့် ဘာသံမှ မပြုနိုင်ပါချေ။
နန်းပေါင်ရီ၏ သွင်ပြင်က အေးစက်လွန်းပြီး ပါးလျနေသည်။
နွေဦးကျောက်စိမ်းစံအိမ်က သူမ၏နေရာ ဖြစ်သည်လေ။ စင်ပေါ်မှာ ဘယ်လက်နက်က ဓါးသွားအစစ် ဟုတ်တယ် မဟုတ်ဘူးဆိုတာကို သူမသိပြီးသား ဖြစ်သည်။
ဒီလိုနည်းလမ်းနဲ့ လျိုဒုန်ဖန်ကို တခြားသူတွေက စင်နောက်မှာ ရှာတွေ့သွားကြရင်တောင် ကိုယ့်ကိုယ်ကိုယ် သတ်သေသည်လို့ပဲ ထင်ကြမှာ ဖြစ်သည်။ ဘယ်သူကမှ သူမကို သံသယဝင်မည် မဟုတ်။
သူမက လျိုဒုန်ဖန်၏ရှေ့မှာ ငုတ်တုတ် ထိုင်လိုက်ပြီး “အစ်ကိုလျိုက ယုဂျီ ကပြတာ ဆွဲဆောင်မှုလည်း မရှိဘူး၊ ညီမလေးက အစ်ကိုနဲ့ လက်မထပ်နိုင်တော့ဘူးနော်……..”
“ဟင် အစ်ကိုဘာပြောချင်တာလဲ မိန်းမယုတ် ဟုတ်လား”
သူမက ပါးစပ်လေးကို လက်ကိုင်ပဝါနဲ့ ဖုံးလိုက်ပြီး ရှက်ရွံ့ဟန်ပြုံးလိုက်သည်။
သူမက ညင်သာစွာနဲ့ “ဘယ်ကသာ.. ဘယ်ကသာ… မိန်းမယုတ် ဆိုတဲ့ စကားလုံးက နန်းယန်ရယ်၊ သူ့အမေရယ်၊ နင်တို့မိသားစုရယ်နဲ့ ပိုလိုက်ဖက်တာပေါ့၊ အရင်ဘဝက ငါတို့ မိသားစုဆီကနေ အကျိုးအမြတ်တွေ ယူပြီး ငါတို့မိသားစုကို မကာကွယ်ပေးတဲ့အပြင် ကိုကိုကြီးကိုလည်း လူမဆန်တဲ့ နည်းလမ်းမျိုးစုံနဲ့ ပြက်ရယ်ပြု စော်ကားခဲ့တဲ့အတွက် ငါက ကျေးဇူးတင်ပါတယ်”
“ဒီဘဝမှာ နင့်ပုံစံက ပြောင်းလဲ မသွားသေးဘဲ ငါ့ကို စိတ်အနှောင့်အယှက်ပေးဖို့ စလာတဲ့ အတွက်လည်း ကျေးဇူးတင်တယ်၊ ငါကနင့်ကို သင်ခန်းစာပေးလို့ ရသွားတာပေါ့၊ အိုး…. ငါကနင့်ကို ထိခိုက်အောင် လုပ်တာ မဟုတ်ပါဘူးနော်… အစ်ကိုလျိုက ကိုယ့်ဘာသာ သတ်သေတာပါနော်၊ နင်က မိန်းမ အဝတ်အစားတွေ ဝတ်ရတာ သဘောကျတယ်၊ ဒါပေမယ့် လောကနိယာမတရားက လက်မခံတဲ့အတွက် ကိုယ့်လမ်းကို ကိုယ်ရွေးသွားတယ်… အစ်ကိုလျို အရမ်းမှားနေပြီ”
လျိုဒုန်ဖန်က သူမပြောတဲ့ ရှေ့ကစကားတွေကို နားမလည်ပါချေ။ သို့သော်လည်း နောက်ပိုင်းက အဓိပ္ပါယ်မရှိတဲ့ စကားတွေက သူ့ကိုဒေါသထွက်အောင် လှုံ့ဆော်နေသည်။
တခြားသူ တစ်ယောက်၏ ပယောဂကြောင့် သေဆုံးရတော့မည်ကို သူနက်ရှိုင်းစွာ နားလည် သဘောပေါက် သွားမိသည်။ သို့သော်လည်း သေချာတာက သူဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း မဟုတ်ပါချေ။
ဒီခွေးမ၏ အကွက်ဆင်ပြီး သတ်တာကို ခံရခြင်းသာဖြစ်သည်။
သူ၏မျက်လုံးထဲက သွေးတွေ ကျလာပြီး ဘာကိုမှ မပြောနိုင်တော့ဘဲ သူဟာ ဧကရာဇ်နဲ့တွေ့ဖို့ ထွက်ခွာ သွားရတော့လေသည်။
နန်းပေါင်ရီက တည်ငြိမ်စွာ မတ်တပ် ပြန်ရပ်လိုက်သည်။ ထိုစဉ် လေးပင်တဲ့ မိန်းမသံတစ်သံက ပျံ့လွင့်လာသည်။
“နန်းသူဌေးမလေးက အပြစ်ကင်းစင်တဲ့ ယုန်ဖြူပေါက်လေးလို့ ကျွန်မက ထင်ထားတာ၊ မမျှော်လင့်ဘဲ ယုန်ဖြူပေါက်လေးမှာ ထက်ရှတဲ့ သံမဏိလို သွားတွေ ရှိနေတာပဲ… လူတွေကိုသေအောင် ကိုက်သတ် ပစ်နိုင်တယ်…”
နန်းပေါင်ရီက နောက်ကို လှည့်ကြည့်လိုက်သည်။ ဟန်ယန့်လျန်က တံခါးကို လက်မောင်းနဲ့မှီရင်း အပြုံးက ကျီစားဟန်နဲ့ ပြည့်နှက်နေသည်။
နန်းပေါင်ရီက ပြုံးရင်း “သာမန် မိန်းကလေးသာဆို ဒီလိုမြင်ကွင်းမျိုးကို မြင်တာနဲ့ အော်ကြမှာပဲ… သူဌေးမဟန်က ထူးခြားတာပဲ”
အေးစက်ပြီး အခိုးအငွေ့တွေ ထွက်နေသလို ခံစားချက်မျိုး သူမဆီက ရသည်ဆိုမှတော့ ပုံမှန်မိန်းကလေး တစ်ယောက် မဖြစ်နိုင်တော့ပါချေ။
လူတိုင်းမှာ လျှို့ဝှက်ချက် ကိုယ်စီရှိကြစမြဲပင်၊ သူမက အများကြီး မသိချင်ပါပေ၊ ဒါကြောင့် သူမ ဘာကိုမှ မမေးခြင်းဖြစ်သည်။
သူမက အပြင်ကို လျှောက်သွားတော့သည်။
“ငါ့ဘာသာ တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေတုန်းမှာ မတော်တဆ ဖြစ်သွားတယ်၊ ငါဒီနေရာမှာ မရှိခဲ့ဘူး ဆိုတာကို သက်သေလိုတယ်၊ သူဌေးက ငါ့အတွက် တစ်ခုခု စီစဉ်ပေးပါဦး”
အပြင်ဘက်ကို လျှောက်သွားပြီး နန်းပေါင်ကျူး အဝတ်လဲနေသည့် အခန်းထဲကို သူမ ပြေးဝင်သွားလိုက်သည်။ နန်းပေါင်ကျူး၏ မျက်နှာလေးက စိတ်လှုပ်ရှားနေပြီး အောင်ပွဲခံနေသလို ပတ်ချာလှည့်နေသည်။
“ကျောင်းကျောင်း ငါလှတယ်မလား”
ပိုးဖဲသား ပြဇာတ်ဝတ်စုံက အထူးကောင်းမွန်ပြီး ပန်းထိုးဆင်တွေကတောင် ပထမတန်းစားဖြစ်သည်။ သူမက စက်ဝိုင်းပုံလို ပတ်ချာလှည့်နေပြီး ဝတ်စုံလက်တွေ၊ ပိုးပန်းဖွား အမြိတ်တွေနဲ့ ဝတ်စုံမှာ ချိတ်ထားတဲ့ ကွင်းတွေက သေသပ်ကျနစွာ လှုပ်ယမ်းနေပုံက ရိုးရိုးယဉ်ယဉ်နဲ့ အလွန်သားနားလှသည်။
သူမက မျက်နှာလေးကို လက်နဲ့အုပ်လိုက်ပြီး ပျော်ရွှင်စွာအော်ဟစ်နေသည်။
“ငါအရမ်းလှတာပဲ… ငါအရမ်းလှတာပဲ… ငါအရမ်းလှတာပဲ…”
သူမ ဝတ်ဆင်ပြီးတဲ့အခါမှာ ဝတ်ရုံလက်တွေကိုပင့်လိုက်ပြီး ရှက်ရွံ့စွာနဲ့ မျက်နှာတစ်ဝက်ကို ကာထားလိုက်သည်။
“ကျောင်းကျောင်း၊ ငါ့ကို လှလှလေး ဖြစ်သွားအောင် မျက်နှာချေလိမ်းဖို့ ကူပေးပါလား”
နန်းပေါင်ရီက သူမကိုပြုံးရင်း ကြည့်နေသည်။
နန်းပေါင်ကျူးက အလိုမကျစွာနဲ့ “ဘာလို့ ငါ့ကို ရယ်နေတာလဲ၊ ငါမလှလို့လား”
“ကျူးကျူးက ညီမလေးရဲ့ ကံကောင်းစေတဲ့ ကြယ်လေးပဲ”
နန်းပေါင်ရီက စိတ်အားထက်သန်စွာ သူမကို ပွေ့ဖက်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ သူမအတွက် ဝတ်စုံကို ရွေးယူလိုက်သည်။
သူမက စင်မြင့်ပေါ်မှာ ကပြဖျော်ဖြေဟန် ဆောင်ရမည်ဖြစ်သည်။
မျက်နှာချေတွေကို ထူပြိန်းနေအောင် လိမ်းကျံ ထားရတာကြောင့် ဇာတ်ဆောင် မိန်းကလေး ဟွားထန် နေရာကို နှစ်ယောက် သရုပ်ဆောင် နေတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါချေ။
သူမက နောက်ဆုံး သူမ၏သရုပ်မှန်ကို ဖော်ပြမဲ့အထိ စောင့်နေသည်။ သို့မှသာ အခင်းဖြစ်ပွားရာ နေရာတွင် သူမ မရှိကြောင်း သက်သေက ရိုးရှင်းစွာနဲ့ ပြည့်စုံသွားမည် ဖြစ်သည်။
ဒါ့အပြင် ဒီစာသားတွေက သူမရေးထားတာ ဖြစ်တဲ့အတွက် သူမနဲ့ အကျွမ်းတဝင် ရှိပြီးသား ဖြစ်သည်။ သူမက ဝတ်စုံလဲပြီးနောက် ပြဇာတ်စင် နောက်ကို ရောက်လာပြီး အသံတိုးတိုးနဲ့ မေးလိုက်သည်။
“နောက်တစ်ခန်းက ဘာအကြောင်းလဲ”
ပြဇာတ်စီစဉ်တဲ့ မိန်းမပျိုက ဇာတ်ညွှန်းကို ကြည့်လိုက်ပြီး ပြောလာသည်။
“ခုနစ်ခန်းမြောက် ‘ကလေးကိုးယောက်’ အခန်း၊ ကလေးက ကိုးမြွှာပူးဆိုတော့ ဝတ်စုံအောက်မှာ ခေါင်းအုံးသုံးလုံး ထည့်သွားဖို့ မမေ့နဲ့နော်”
နန်းပေါင်ရီ “…”
ကလေးကိုးယောက်……
ဒီအခန်းက အရမ်းခက်သည်။ အခုမှတော့ အခင်းဖြစ်ပွားရာ နေရာတွင် မရှိကြောင်း သက်သေပြဖို့အတွက် စင်ပေါ်တက်ဖို့ကို နောက်ဆုတ်ဖို့ နောက်ကျသွားပြီ ဖြစ်သည်။
“ပြဇာတ်ကလေ… ဆက်ကကြလေ…”
မိန်းမကြီးတွေက ပြင်းပြင်းပြပြ တိုက်တွန်း နေကြသည်။
သူမက ထုံထုံပေပေနဲ့ မတ်တပ် ရပ်နေတာကို မြင်တဲ့အခါ မိန်းမပျိုက ခေါင်းအုံးသုံးလုံးကို သူမ၏ဝတ်စုံထဲ ထိုးထည့်လိုက်ပြီး ဇာတ်စင်ပေါ်သို့ တွန်းတင်လိုက်တော့သည်။
များပြားလှတဲ့ ဧည့်ပရိသတ်တွေနဲ့ ရင်ဆိုင်တွေ့ရသည့်အခါ နန်းပေါင်ရီက ဖိအားအများကြီးကို ခံစားလိုက် ရသည်။
သူမက ပြဇာတ် စာသားတွေကို ပြန်စဉ်းစားလိုက်ပြီး ရှက်ရွံ့စွာနဲ့ ဝတ်ရုံလက်ကို ဖြန့်လိုက်ရင်း သီဆိုလိုက်သည်။
“အစေခံရဲ့ ဗိုက်က နာလှပါပြီ၊ ကလေး မွေးဖွားရတော့မှာကို ကြောက်လိုက်တာ …”
ဒုတိယထပ်က အထူးထိုင်ခုံတွင်….
ရှောင်းယီက လက်ကောက်ဝတ်က အကြွေစေ့လေးကို လှည့်ကစားနေရင်း မျက်ခုံးပင့်ပြီး ဇာတ်စင်ပေါ်ကို ကြည့်လိုက်သည်။
နန်းကျောင်းကျောင်းက ဘယ်လိုလုပ်ပြီး ဇာတ်စင်ပေါ်မှာ ကပြနေရတာလဲ
ကောင်မလေးက သူမ၏ ပူဖောင်းနေသည့် ဗိုက်ကို ပင့်မပြီး “အား…. ဒီအစေခံက မွေးဖွားတော့မယ်၊ တကယ် မွေးဖွားတော့မှာ”
သူမ အော်ပြီးသည့် အခါမှာပဲ ဝတ်စုံထဲက ကြီးမားတဲ့ ခေါင်းအုံးသုံးလုံးက မတော်တဆ ကြမ်းပြင်ပေါ်ကို လိမ့်ကျသွားတော့သည်။
ဧည့်ပရိသတ်တွေအားလုံး တိတ်ဆိတ်ငြိမ်သက် သွားလေတော့သည်။
***