အပိုင်း (၅၃)
ရှောင်းယီ နှင့် ကျောင်းကျောင်း၏ ဆက်ဆံရေး
စုန့်ရှစ်နင် တွေဝေသွားသည်။
သူ့အင်္ကျီလက်အစွန်းများကို အေးအေးဆေးဆေးအသွင်နဲ့ ဖုန်ခါလိုက်ပြီး …
“ကျောင်းကျောင်း က ဘာလို့ အစ်ကို့ကို ဒီအကြောင်း ပြောရတာလဲ”
နန်းပေါင်ရီ က စုန့်ရှစ်နင် ကို ဘေးနားဆွဲကာ …
“မမကို သဘောမကျဘူးလား … မမတအားဝမ်းနည်းနေတာနော် ..ဝမ်းကွဲအစ်ကို ဒါကို အခွင့်ကောင်းယူရမယ်လေ ဘာတွေစောင့်နေသေးတာလဲ”
သူမ မျက်နှာငယ်လေးမှာ စိတ်အားထက်သန်နေပြီး မမအပေါ်သူခံစားချက်ရှိနေသည့်အကြောင်း သူ့အစားသူမသာ သွားပြောလိုက်ချင်သည်။
သူမ၏ အစ်မဖြစ်သူက အရင်ဘဝတွင် အပယ်ခံဖြစ်ခဲ့ရပြီး ဝမ်းနည်းစွာပင် ကျင်ကွမ်း မြို့၏ ရယ်မောစရာတစ်ခုဖြစ်ခဲ့ရသည်။
ထိုအချိန်တွင် ဝမ်းကွဲအစ်ကိုက ကျန်းနန် တွင် စီးပွားရေးကိစ္စများဆွေးနွေးနေခဲ့ချိန်ဖြစ်ပြီး သတင်းရရှိသည်နှင့်တစ်ပြိုင်နက် ချက်ချင်းအမြန်ပြန်လာကာ သူမ၏မမကို ကိုယ်တိုင်လက်ထပ်ယူဖို့ စီစဥ်ခဲ့သည်။
ပထမဦးဆုံးမင်္ဂလာပွဲကဲ့သို့ပင် စည်းမျဥ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်။
စုန့်ရှစ်နင် က သူမ၏အစ်မကို နက်နက်ရှိုင်းရှိုင်းချစ်သော်လည်း အစ်မက ကျန်းယွမ့်ဝမ် ၏ချစ်ခြင်းမေတ္တာထောင်ချောက်ထဲ ကျဆင်းသွားပြီး နောက်ဆုံးတွင် စိတ်ဓာတ်ကျပြီး သေဆုံးသွားခဲ့ရသည်။
ဝမ်းကွဲအစ်ကိုမှာလည်း လွန်စွာ စိတ်ထိခိုက်ပြီးညတွင်းချင်း အိုစာသွားခဲ့သည်။ ဓားနှင့် မြင်းတစ်ကောင်သာ ချန်ပြီး မိသားစုစည်းစိမ်ဥစ္စာအားလုံးကို ဘဏ္ဍာတိုက်သို့ လှူဒါန်းခဲ့သည်။ ထို့နောက် စစ်တပ်ထဲတွင်သာ သူ့ဘဝကို မြှုပ်နှံလိုက်တော့သည်။
နောက်ဆုံးတွင် သူသည်လည်း စစ်မြေပြင်တွင် သေဆုံးသွားခဲ့ပြီး သေဆုံးသွားသည့်အချိန်တွင်ပင် သူမအစ်မ၏ ဆံညှပ်ကလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။
နွေဦးရောင်ခြည်က သစ်ရွက်များအကြားမှ ဖြာကျနေသည်။ သူမအရှေ့က လူငယ်လေးက ချောမောပြီး သူ့ဘဝ၏ အကောင်းဆုံးအချိန်ကို ဖြတ်သန်းနေသည်။
စုန့်ရှစ်နင် ပြုံးလျက် နန်းပေါင်ရီ ၏ခေါင်းကို အသာ ပုတ်ပေးလိုက်ပြီး …
“ကျောင်းကျောင်း က ငယ်သေးတယ် အိမ်ထောင်ရေးဆိုတာ အသေးအဖွဲကိစ္စမဟုတ်ဘူး .. မင်းရဲ့မမက ရုပ်ချောတယ် နူးညံ့သိမ်မွေ့တယ် အကျင့်သိက္ခာနဲ့ပြည့်စုံတယ် .. သူက ကမ္ဘာပေါ်က အကောင်းဆုံးယောက်ျားနဲ့ပဲ ထိုက်တန်တယ် ငါကအသေးစားကုန်သည်လေးပါ .. အရေးမကြီးတဲ့ကိစ္စတွေနဲ့ စီးပွားရေးအကြောင်းပဲ ငါနားလည်တာရှိတယ် … ငါက ဘယ်လိုသူနဲ့ထိုက်တန်မှာလဲ”
စုန့်ရှစ ်နက် မျက်ဝန်းထဲတွင် သိမ်ငယ်စိတ်များကို နန်းပေါင်ရီ မြင်ရသည်။ သူမ ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး လက်ချောင်းများကို ချိုးကာရေတွက်ပြသည်။
“ဝမ်းကွဲအစ်ကို မှားနေပြီ! တစ်အချက် မမက ကျန်း မိသားစုနဲ့ ဇာတ်လမ်းပြတ်သွားပြီ .. အခုက စပြီး ကျန်း မိသားစုနဲ့အဆက်အသွယ်ရှိတဲ့ ဘယ်မိသားစုကမှ မမကိုလက်ဆက်ဖို့ လာပြောတော့မှာမဟုတ်ဘူး … နှစ်အချက် မမက တစ်နှစ်ပတ်လုံး နေမကောင်းဖြစ်နေတာ ဒါကို ခံနိုင်ရည်ရှိတဲ့ ယောက္ခမမျိုးက ရှားတယ် .. ဘယ်မှာပဲဖြစ်ဖြစ် အိမ်ထောင်ပြုလိုက်ရင် မမမှာ အခက်အခဲဖြစ်လိမ့်မယ် … သုံးအချက် မမက ကုန့် ပန်းပွင့်ဆေးကို နေ့တိုင်းသောက်ရတယ် အဲဒီဆေးက ဈေးကြီးတယ် .. နန်း မိသားစုအပြင် ရှု တိုင်းပြည်မှာ စုန့် မိသားစုနဲ့ ရှ မိသားစုပဲတတ်နိုင်တယ် ဒါပေမယ့် ရှ မိသားစုက သိပ်ရက်စက်တာ အဲဒီလိုမိသားစုမျိုးနဲ့ အစ်မလက်ဆက်သွားမှာကို ဝမ်းကွဲအစ်ကိုလက်ခံနိုင်လို့လား”
စုန့်ရှစ်နင် က မျက်မှောင်ကြုတ်လိုက်သည်။ ထိုစကားများက သူ့ရင်ကို သိသိသာသာ လာထိသည်။ တိုက်ဆိုင်စွာပင် နန်းပေါင်ရုံ က အစေခံများဝန်းရံကာ ရောက်လာသည်။
“ကျောင်းကျောင်း”
ထိုနေရာတွင် စုန့်ရှစ်နင် လည်းရှိနေသည်ကိုမြင်လိုက်သဖြင်ွ သူမက လျင်မြန်စွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ သခင်လေး စုန့်”
နန်းပေါင်ရီ က သူမ၏ဝမ်းကွဲအစ်ကိုကို တိတ်တဆိတ်လှမ်းကြည့်လိုက်သည်။
ကုန်သည်လောကထဲတွင် ကိစ္စအမျိုးမျိုးကိုတွေ့ကြုံခဲ့ပြီးသော မိုးကျရွှေကိုယ် စုန့်ရှစ်နင် က သူ့အစ်မနှင့်တွေ့မှ ခြေမကိုင်မိလက်မကိုင်မိ ပူထူနေရှာသည်။
ဝမ်းကွဲအစ်မကို မကြည့်ရဲလောက်အောင် စိတ်လှုပ်ရှားနေသဖြင့် သာမန်မျှသာ တုံ့ပြန်နိုင်လိုက်သည်။
သူမကို ယောက်ျားသားများက သဘောမကျကြခြင်းဖြစ်ရမည်ဟု နန်းပေါင်ရုံ တွေးကာ စိတ်အားငယ်စွာ ပြုံးလိုက်သည်။ ကျန်းယွမ့်ဝမ် က သူမကို သဘောမကျသကဲ့သို့ ကျောင်းကျောင်း ၏ ဝမ်းကွဲအစ်ကိုကလည်း သူမကို နှစ်များစွာ လျစ်လျူရှုခဲ့သည်။
နန်းပေါင်ရုံ ဦးညွှတ်နှုတ်ဆက်ပြီးနောက် အထီးကျန်စွာ ထွက်ခွာသွားသည်။
စုန့်ရှစ်နင် ကို နန်းပေါင်ရီ အားမလိုအားမရစိတ်နဲ့ဒေါသထွက်ကာ အသာရိုက်လိုက်သည်။
“ဝမ်းကွဲအစ်ကို ဒီလောက်ညံ့ရလား”
စုန့်ရှစ်နင် ကစိတ်ထိခိုက်စွာ တုံ့ပြန်လာသည်။
“ငါလည်းဒီလိုမဖြစ်ချင်ပါဘူး ဒါပေမယ့် သူ့ကိုတွေ့တိုင်း ငါစိတ်လှုပ်ရှားလာရော .. အဲ့လိုစိတ်လှုပ်ရှားရင် ငါစကားမပြောတတ်တော့ဘူး…”
စုန့်ရှစ်နင် မှာ ငယ်စဉ်ကတည်းက နန်းပေါင်ရုံ ကို ချစ်မိခဲ့သည်။ ထိုစဉ်က သူ့မိဘတွေများ အသက်ရှင်နေသေးသည်။ နှစ်သစ်ကူးတွင် သူ့မိဘများနှင့်အတူ နန်း အိမ်တော်သို့ နှုတ်ခွန်းဆက်စကား ပြောကြားရန် လိုက်ပါခဲ့ဖူးသည်။ ကလေးများအားလုံး ခြံထဲတွင် နှင်းခဲများဖြင့်ဆော့နေကြသော်လည်း နန်းပေါင်ရုံ က မီးဖိုဘေးတွင် တစ်ယောက်တည်းထိုင်နေပြီး ပြတင်းပေါက်မှ အားကျသောမျက်ဝန်းလေးများနှင့် လှမ်းကြည့်နေခဲ့သည်။
သူမကို ဘာကြောင့် အပြင်ထွက်မကစားတာလဲဟု သွားမေးလိုက်သော် ထိုမိန်းကလေးက ငယ်ငယ်ကတည်းက နေမကောင်းသဖြင့် အအေးဒဏ်ကို မခံနိုင်ကြောင်း သူသိခဲ့ရသည်။
သူမအတွက် စိတ်မကောင်းဖြစ်သွားပြီး အပြင်ဘက်တွင် နှင်းလူသားတစ်ခုလုပ်လာပြီး သူမအားပြသရန် တိတ်တဆိတ်ယူလာပေးခဲ့သည်။ သူမက အလွန်သဘောကျပြီး သူမကိုယ်တိုင်လုပ်ထားသည့် အချိုမုန့်ကို ခေါ်ကျွေးခဲ့သည်။
အချိုမုန့်သည် သူမ၏အပြုံးလေးကဲ့သို့ ချိုမြိန်သည်ကိုလည်း သူမှတ်မိနေသေးသည်။
ထိုအချိန်မှာပင် သူသည် နောင်တွင် သူမနှင့် ကံကောင်းစွာလက်ထပ်ခွင့်ရခဲ့ပါက လေအေးနှင့် အအေးဒဏ်ကို မခံရစေရန် သူ၏လက်ဖြင့် ကာကွယ်ပေးထားရမည်၊ အလိုလိုက်မည်ဟုတွေးခဲ့ဖူးသည်။
နှင်းပုံထဲတွင် တခြားကလေးများကဲ့သို့ ဆော့ကစားနိုင်စေရန် ကမ္ဘာ့အကောင်းဆုံးသမားတော်တစ်ယောက်ကိုလည်း သူမ၏ရောဂါကို ကုသပေးရန်တောင်းဆိုရမည်ဟု တွေးခဲ့သည်။
သို့သော် သူ၏မိဘများ ဆုံးပါးသွားခဲ့သဖြင့် အိမ်ကြီးအတွက် စီးပွားရေးလုပ်ငန်းများကိုသာ ဖိလုပ်နေခဲ့ရပြီး သူမနှင့်တွေ့ရဖို့အခွင့်အရေးကလည်း တဖြည်းဖြည်းရှားပါးလာခဲ့သည်။
အခုမှာ သူတို့နှစ်ယောက်လုံး အရွယ်ရောက်လာကြပြီ။
သူမက အလွန်ဣန္ဒြေရှိသော မိန်းမပျိုတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီး သူမနှင့်ဆုံတိုင်း ချစ်မြတ်နိုးရမှုကို ဝန်ခံရန်အတွက်မဆိုထားနှင့် .. စကားပင် တစ်ခွန်းမျှပြောမထွက်နိုင်ဖြစ်နေရသည်။
နန်းပေါင်ရီ သည် လူကြီးတစ်ယောက်ဟန်ဖြင့် ခေါက်ယပ်တောင်ဖြင့် ယပ်ခတ်လိုက်ပြီး လေးနက်စွာပြောလိုက်သည်။
“ဦးလေးနဲ့အဒေါ်တို့က ဆုံးသွားပြီ .. အစ်ကို့အတွက် အကြံပေးပြီး ဘေးနားမှာနေပေးနိုင်တဲ့သူမရှိဘူး .. ဘွားဘွားကို ဒီကိစ္စပြောပြရမယ်လို့ ညီမလေးစဉ်းစားပြီးပြီ .. ဘွားဘွားက အမြှော်အမြင်ရှိတော့ ဒီကိစ္စ ဘယ်လောက်သင့်တော်သလဲဆိုတာ သေချာပေါက်နားလည်မှာပါ”
စုန့်ရှစ်နင် ကသူမကို အံ့သြစွာ ကြည့်လိုက်ရင်း တုံ့ပြန်မည့်စကားများပင် ပျောက်ဆုံးသွားသဖြင့် ခေါင်းကလေးကိုသာပုတ်ကာ ပြုံးပြလိုက်သည်။
“ကျောင်းကျောင်း .. မင်းကိုကြည့်ရတာ လူတောင်မှားတယ် ရင့်ကျက်ပြီးလေးလေးနက်နက်နဲ့ပါလား .. မင်းတကယ် ချစ်စရာကောင်းတာပဲ .. ကြည့်စမ်းပါဦး”
“ညီမလေးခေါင်းကို လာမထိနဲ့ .. အရပ်မရှည်ဘဲနေလိမ့်မယ်”
“နန်းပေါင်ရီ ဒေါသတကြီးနှင့် နှုတ်ခမ်းစူလိုက်သည်။
သူမ နှစ်ဘဝ နေထိုင်ခဲ့ဖူးပြီ။
ယခင်ဘဝက သူမသေဆုံးချိန်တွင် အသက် ၁၇ နှစ်သာ ရှိသေးသော်လည်း ဘဝသက်တမ်းနှစ်ခုပေါင်းမည်ဆို ပါက အသက်သုံးဆယ်နီးပါးရှိမည်ဖြစ်သည်။ သူမအရှေ့တွင်ရှိနေသည့် စုန့်ရှစ်နင် က သူမအတွက် ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေသဖြင့် သူမ၏ခေါင်းကို မထိသင့်အေ။
ရှောင်းယီ ၏အကြည့်က ဝမ်းကွဲမောင်နှမနှစ်ယောက် ကျီစားနေကြသည့်ဆီသို့ ရောက်လာသည်။
သူက ကံကောင်းစေသော အကြွေစေ့လေးကို ခပ်ပြင်းပြင်း ညှပ်ကိုင်လိုက်ပြီး သူ့အသက်ရှူသံများက အရိုးထဲအထိအေးစက်ကာ သူ့မျက်ဝန်းများကလည်း နှင်းမုန်တိုင်းတစ်ခုတိုက်နေသကဲ့သို့ဖြစ်နေသည်။
နန်းပေါင်ရုံ က တံခါးပေါက်ကို ဖြတ်ကျော်ခါနီးတွင် ရှောင်းယီ အကြည့်ကို သတိထားမိပြီး အသေအချာမတွေးဘဲ ပြောလိုက်သည်။
“ကျောင်းကျောင်း နဲ့ သခင်လေး စုန့် က ဝမ်းကွဲတွေလေ .. ငယ်ငယ်ကတည်းက အခုလိုစနောက်ပြီး ကြီးလာကြတာ ..သူတို့ရဲ့ဆက်ဆံရေးကတော့ အမြဲတမ်းကောင်းမွန်နေတာပဲ”
ရှောင်းယီ တိုးလျသောအသံနှင့် …
“ငါ့နဲ့ ကျောင်းကျောင်း ရဲ့ဆက်ဆံရေးကလည်း ကောင်းပါတယ်”
ရှောင်းယီ သဝန်တိုနေသည်ဟု ခံစားရသဖြင့် နန်းပေါင်ရုံ ခြေလှမ်းများ ရပ်တန့်သွားလေသည်။ သို့သော် ထိုခံစားချက်များကိုဘေးဖယ်ထားပြီး သက်ပြင်းချလိုက်သည်။
“ကျောင်းကျောင်း နဲ့ သခင်လေး ချန်း တို့ စေ့စပ်လမ်းကြောင်းမချခင်ကဆိုရင် သခင်လေး စုန့် နဲ့ လက်ထပ်လိမ့်မယ်လို့ ကျွန်မထင်ထားတာ .. တကယ်လဲ သူတို့ကငယ်ချစ်တွေလေ နောက်ပြီးအခြားသူတွေထက် ပိုနီးစပ်ခဲ့ကြတာပဲ .. ခုလိုဖြစ်သွားမယ်မထင်ထားမိဘူး .. သခင်လေး ချန်း က ယုံကြည်စိတ်ချရတဲ့သူမျိုးဖြစ်ပြီး ကျောင်းကျောင်း ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံဖို့ပဲမျှော်လင့်ရတော့မှာပေါ့”
ငယ်ချစ် …
ဝမ်းကွဲဆက်ဆံရေး …
သူများတွေထက် ပိုနီးစပ်တယ် …
ထိုစကားများကြောင့် ရှောင်းယီ မျက်နှာသည် ပို၍ ခက်ထန်လာသဖြင့် နန်းပေါင်ရုံ ပင် ထိတ်လန့်သွားသည်။ သူမက ယောက်ျားလေးများနှင့် တကယ်ပင် ကံမပါဟုတွေးမိသည်။ သူမအိမ်တော်က အစ်ကိုပင် သူမအပေါ်စိတ်မရှည်တော့ပေ။
သူမက အလွန်ကျိုးနွံပြီး ဣန္ဒြေရှိသော မိန်းမပျိုလေးဖြစ်သည့်အလျောက် ရှောင်းယီ အနားတွင် ဆက်ရပ်မနေရဲတော့ဘဲ ခန်းမဆောင်ထဲကို အမြန်ပြေးဝင်လိုက်သည်။
စုန့်ရှစ်နင် နှင့် စကားပြောပြီးနောက် နန်းပေါင်ရီက ရှောင်းယီ အနားသို့ ပြန်ရောက်လာသည်။
ရှောင်းယီ မပျော်ရွှင်သည့်ပုံပေါ်နေသဖြင့် အင်္ကျီလက်ထဲက သကြားလုံးတစ်လုံးကို ထုတ်လိုက်ပြီး စိတ်ပူစွာပြောလာသည်။
“အစ်ကို ၂ဒါက ညီမလေးရဲ့ အစ်ကိုဝမ်းကွဲ ယူလာတဲ့ ကွမ်တုံး သကြားလုံးပဲ .. ကြွပ်ကြွပ်လေးနဲ့မွှေးနေတာ .. စားကြည့်ပါလား”
ရှောင်းယီ သူမကို လျစ်လျူရှုလိုက်သည်။
နန်းပေါင်ရီက သူမပြောသည်ကို မကြားခြင်းဖြစ်မည်ဟုထင်ကာ အနီးသို့ ခြေနှစ်လှမ်းထပ်တိုးပြီး စိတ်ထက်သန်စွာဖြင့် သကြားလုံးကို အသေအချာပြပြီး ပြောသည်။
“အစ်ကို ၂ ကွမ်တုံး သကြား ….”
ရှောင်းယီ သူမလက်ကို ဖယ်ထုတ်လိုက်သဖြင့် သကြားလုံးလေးက မြေပြင်ပေါ်သို့ လှိမ့်ဆင်းသွားပြီး ဖြတ်သွားသော အစေခံတစ်ယောက်ကလည်း တိုက်တိုက်ဆိုင်ဆိုင် တက်နင်းမိသွားသည်။ နှင်းကဲ့သို့ဖြူဖွေးနေသော သကြားလုံးလေးက ချက်ချင်းပင် မည်းပြီးညစ်ပတ်သွားလေသည်။
အစေခံတက်နင်းသွားသည်မှာ သကြားလုံးလေးမဟုတ်ဘဲ သူမ၏ကြင်နာမှုများဖြစ်သကဲ့သို့ ခံစားလိုက်ရသဖြင့် နန်းပေါင်ရီ မျက်မှောင်ကြုတ်လိုက်သည်။
သူမ နှုတ်ခမ်းကို ကိုက်ရင်း အောက်ကိုငုံ့ကာ သကြားလုံးလေးကို ကောက်ယူကာ ခေါင်းမော့လိုက်ပြီး ရှောင်းယီ ကို စူးစိုက်ကြည့်လိုက်သည်။ ရုတ်တရက် သတ္တိမွေးလိုက်ပြီး သူ့ခေါင်းကို ထိုသကြားလုံးဖြင့် အားနှင့်ပစ်ပေါက်ကာ ထွက်ပြေးသွားလေတော့သည်။
*******