အပိုင်း (၅၂)
အမတ်လောင်းကို ပညာသားပါပါ ချော့မြူခြင်း
ရှောင်းယီ လက်ကိုင်ပုဝါကို ရေဇလုံထဲထည့်လိုက်ပြီးအေးစက်စွာ …
“ယွိဝေ သခင်မလေး ၅ကို သူ့အခန်းထဲ ပြန်ပို့ပေးလိုက်”
ရှောင်းယီ က တည်ငြိမ်သည့်မျက်နှာထားနှင့် စာအုပ်ကိုဖွင့်ဖတ်နေလိုက်သဖြင့် နန်းပေါင်ရီ အံ့အားသင့်သွားရသည်။
သူမ အရိုက်ခံထားရသည်ကိုသိလျက်နှင့် နှစ်သိမ့်စကားတစ်ခွန်းပင် မပြောပေး။
အမတ်လောင်းကြီးမှာ ငယ်စဉ်ကတည်းက အေးစက်စက်နိုင်လှသဖြင့် နောက်ပိုင်းတွင် လူ့အသက်များကို တန်ဖိုးမထားတော့ခြင်းဖြစ်သည်။
အကြောင်းပြချက်ရေရေရာရာမရှိဘဲ သူမအမှားဟုသာ တွေးလိုက်ပြီး မပျော်မရွှင်ဖြင့် အခန်းထဲသို့ပြန်လိုက်သည်။
ရှောင်းယီ စာရွက်များ လှန်လှောဖတ်ကြည့်နေသော်လည်း အာရုံစိုက်၍မရသဖြင့် စာအုပ်ကို လွှင့်ပစ်လိုက်ပြီး …
“ရှီးခူ”
အနက်ရောင်ဝတ်စုံနှင့် ကိုယ်ရံတော်က လျင်မြန်စွာ ပေါ်လာသည်။
“သခင် ဘာများ ခိုင်းစေစရာရှိလို့ပါလဲ”
“ကျန်းယွမ့်ဝမ် ရဲ့ ညာဘက်လက်ကို သုံးစားမရအောင် သွားလုပ်လာခဲ့”
ရှီးခူ ရင်ထဲထိသွားသည်။
သခင်က သူ၏ညီမလေးကို အတော်ချစ်သည်။
သူ့သခင်က အစ်ကိုကောင်းတစ်ယောက်ပင်။
ရှီးခူ က စံအိမ်ဝင်ပေါက်ကိုလျှောက်သွားပြီးမှ သူ့လက်မောင်းကိုကိုင်ကာ ဆန်းစစ်ကြည့်နေရင်း ရုတ်တရက်လှည့်မေးလိုက်သည်။
“သခင် လက်ရဲ့ဘယ်နေရာကိုချိုးတာပိုကောင်းမလဲ လက်ကောက်ဝတ်လား တံတောင်ဆစ်လား ပခုံးလား”
ရှောင်းယီ က မပျော်ရွှင်သည့်ပုံစံဖြင့် …
“ငါအခု တရားဝင်အရာရှိဖြစ်နေပြီဆိုတော့ အခုလို သွေးထွက်သံယိုတွေ လုပ်လို့ဘယ်ဖြစ်မလဲ”
ထောင့်စွန်းတွင်စာအုပ်ထိုင်ဖတ်နေသော ရှီးယန် က …
“ရှီးခူ .. ငါတို့သခင်က ကြင်နာတတ်တဲ့အရာရှိတစ်ယောက် ဖြစ်နေပြီလေ ဘယ်လိုလုပ်ပြီး လူတစ်ယောက်ရဲ့လက်ကို ဖြတ်လိုက်လို့ဖြစ်မလဲ .. သခင်လေးပြောချင်တာက ကျန်းယွမ့်ဝမ် ရဲ့ညာဘက်လက်ကို စိတ်အေးအေးပညာသားပါပါနဲ့ သွေးထွက်သံယိုမဖြစ်စေဘဲ သုံးစားမရအောင်လုပ်ရမှာပေါ့”
ကျန်းယွမ့်ဝမ် လက်ကို စိတ်အေးအေးနှင့် ပညာသားပါပါ သွေးမထွက်စေဘဲ ချိုးရမည်တဲ့လား။
ရှီးခူ တစ်ယောက် ခေါင်းကုတ်ပြီး အကြံအိုက်အိုက်ဖြင့် ထွက်သွားလေသည်။
လမင်းကြီးကို ပြတင်းပေါက်မှတစ်ဆင့် လှမ်းမြင်နေရပြီး မက်မွန်ပန်းပွင့်များမှာ မြေပြင်ပေါ် ပြန့်ကျဲနေသည်။
ကလေးမလေးဆီက ခေါင်ရန်းပန်းရနံ့လေးသည် စံအိမ်ထဲတွင် စွဲကျန်နေသေးသည်။
ရှောင်းယီ လက်ထဲတွင် အကြွေစေ့တစ်ခုကို လှ ည့်မြှောက်နေသည်။
နန်းပေါင်ရီ သည် မာနရှိသောမိန်းကလေးငယ်တစ်ယောက်ဖြစ်သော်လည်း သူ့အတွက်နှင့် ဇာတ်မင်းသမီးအသွင်ပြောင်းပြီး ကဇာတ်တစ်ပုဒ်ကပြရန် သိက္ခာကိုဘေးချကာ သင်ယူခဲ့သည်။
နန်းကျောင်းကျောင်း က သူ့ကိုအလွန်ဂရုစိုက်ပေသည်။
ကောင်းကင်က ထိန်ထိန်သာနေသောလမင်းကြီးသည်ပင် ရုတ်ခြည်းပိုပြီးထိန်လင်းလာသည်ဟု ရှောင်းယီ ခံစားလိုက်ရသည်။
နောက်တစ်နေ့ မနက်ခင်းစောစော၌…
နန်းပေါင်ရီ က မနက်ခင်းအစောကြီးနိုးလာခဲ့ပြီး မင်္ဂလာပွဲဖျက်သိမ်းလိုက်သည့်ကိစ္စကို စိတ်ပူနေသေးသဖြင့် အခြေအနေသိရရန် ဟယ်ယဲ့ ကိုသွားကြည့်ခိုင်းလိုက်မိသေးသည်။
ဟယ်ယဲ့ လည်း ပြန်ရောက်လာခဲ့ပြီး သူမ သိလာရသည်တို့ကိုပြောလေသည်။
“လက်ထပ်မယ့်ကိစ္စကို ဖျက်သိမ်းလိုက်ပြီတဲ့ ကျန်း မိသားစုကတော့ အခြေအနေမကောင်းဘူး လူတိုင်းက ကျွန်မတို့ဘက်ကပဲ … ဘွားဘွားကတော့ တအားဒေါသထွက်မနေပါဘူး ကောင်းတယ်လို့ပြောတယ် ဒီလိုမဟုတ်ဘဲ မမမင်္ဂလာပွဲပြီးမှသိလိုက်ရရင် နောင်တရဖို့ အရမ်းနောက်ကျသွားမှာတဲ့”
နန်းပေါင်ရီ ကခေါင်းတငြိမ့်ငြိမ့်နှင့် ငှက်သိုက်စွပ်ပြုတ်ကို ဆက်စားနေလိုက်သည်။ ဟယ်ယဲ့ တွင် ပြောစရာရှိနေသေးသည်ကိုမြင်သဖြင့် သူမက ဆက်ပြီးစကားထောက်ပေးလိုက်ရ၏။
“ဘာကိစ္စလဲ ပြောလေ”
“သခင်လေး ကျန်း တစ်ခုခုဖြစ်သွားတယ်တဲ့”
ဟယ်ယဲ့ ပုံစံက စိတ်လှုပ်ရှားနေပြီး အားရဝမ်းသာဖြစ်နေပုံလည်းပေါ်နေသည်။
“သူ မနေ့က ကောင်းကောင်းမွန်မွန် အိပ်ရာဝင်ခဲ့ပေမယ့် အဆိပ်ရှိတဲ့ မြွေတစ်ကောင်ကပြတင်းပေါက်ကနေဝင်လာပြီး သူ့ညာဘက်လက်ကိုပေါက်သွားတာတဲ့ .. ညာဘက်လက်ကြီးတစ်ခုလုံးက ဝက်ခြေထောက်ကြီးလို ရောင်ကိုင်းနေတာပဲ အခုထိအရောင်မကျသေးဘူး အကုန်လုံးကတော့ ဝိုင်းရယ်နေကြတယ် .. သမားတော်ပြောတာကတော့ သူ့ညာဘက်လက်တစ်ခုလုံး သုံးစားမရတော့ဘူးတဲ့ .. အဲ့လိုသာဆို ရှေ့လျှောက် သူ့အနေနဲ့ စုတ်တံတောင် ကိုင်နိုင်မှာမဟုတ်တော့ဘူး”
နန်းပေါင်ရီ ထိတ်လန့်သွားလေသည်။
ပညာသင်ဆုရ စာဆိုကျောင်းသားတစ်ယောက်အနေနှင့် စာရေးသည့်လက် သုံးမရတော့ခြင်းသည် အရာရှိဖြစ်ရန် စာမေးပွဲဝင်ဖြေခွင့်မရှိတော့သည့် သဘောပင်။
ဟယ်ယဲ့ က ဆက်၍ …
“မကောင်းတာလုပ်တဲ့သူတွေ မကောင်းတာပြန်ခံရတာမှာ .. သခင်မလေးအတွက် ဘုရားရှင်က လက်စားချေပေးတာပဲလေ တခြားအကြောင်းအရင်းမှ မရှိတာ”
ထိုစဥ် ဟယ်ယဲ့ က သူမ၏ဝတ်စုံကိုမြင်သွားပြီး ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
“ဒီမနက်ခင်း ဂုဏ်ပြုပွဲရှိတယ်လေ .. ဘာလို့ဒီလို ရိုးရိုးရှင်းရှင်းကြီးဝတ်ထားတာလဲ သခင်မလေးရဲ့ .. အိမ်ကနေ ရွှေချည်ထိုးဝတ်စုံအနီလေး ကျွန်မယူလာပေးထားတယ်လေ အဝတ်အစားလဲမလား .. ကျွန်မသွားထုတ်လိုက်မယ်”
“မလဲတော့ဘူး”
နန်းပေါင်ရီ ငြင်းဆန်လိုက်သည်။ သူမခေါင်းငုံ့လိုက်ပြီး ငှက်သိုက်စွပ်ပြုတ်ကို ရွှေဇွန်းနှင့် မွှေနှောက်လိုက်သည်။ ”
သူက ငါ့ကိုဂရုတောင်မစိုက်ဘဲ ငါကဘာလို့ သူစိတ်ကျေနပ်အောင် လုပ်ပေးနေရမှာလဲ .. ငါ့မှာလည်း သိက္ခာမာနရှိသေးတယ်လေ”
သူမအရိုက်ခံခဲ့ရသည်ကို ရှောင်းယီ သိရဲ့သားနှင့် စိတ်ကိုဖြေသိမ့်ပေးနိုင်မယ့် စကားလေးတစ်ခွန်းတောင်မပြောပေးခဲ့။
အမတ်ကြီး၏နှလုံးသားက ကျောက်တုံးနှင့်ထုလုပ်ထားခြင်းဖြစ်ပြီး သူမနွေးထွေးအောင် လုပ်မပေးနိုင်ပေ။
စူးရှလျင်မြန်သောမျက်လုံးများရှိသည့် ဟယ်ယဲ့ က ပြတင်းပေါက်အပြင်တွင် မျက်နှာသေကြီးနှင့်ရပ်နေသော ရှောင်းယီ ကို မြင်လိုက်သည်။
သူမကြောက်လန့်သွားပြီး နန်းပေါင်ရီ ကို ချောင်းဟန့်သတိပေးလိုက်သော်လည်း နန်းပေါင်ရီ ပါးစပ်က ကရားရေလွှတ်တတွတ်တွတ်နှင့် ဒလဟောစီးနေသော ရေအလျင်လိုဖြစ်နေသည်။
“ရှောင်းယီ က ကမ္ဘာပေါ်မှာ ယဉ်ကျေးမှုမရှိဆုံးနဲ့ အရက်စက်ဆုံးလူပဲ .. သူ့လိုလူနဲ့ မျက်နှာချင်းဆက်ဆိုင်နေရမယ့်အစား တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီးပဲသေလိုက်မယ် … ဘယ်လိုလူလဲမသိဘူး ငါသူ့ကိုလက်ဆောင်ပေးဖို့ ဦးနှောက်တွေပေါက်ကွဲမတတ် စဉ်းစားခဲ့ရပြီးတော့ သိက္ခာကိုမငဲ့ဘဲ သူ့အတွက်ကပေးခဲ့ရတာတောင် မကျေနပ်သေးဘူး .. ငါလုပ်ဖို့ကျန်တာဆိုလို့ သူ့မိဘတွေကို ဂါဝရပြုဖို့ပဲရှိတော့တယ် .. ဒါကို သူက ဂရုတောင် မစိုက်ဘူး! … ဟယ်ယဲ့ ငါ့ကိုကြည့်နေ .. ငါသူ့ကိုထပ်တွေ့ရင် သူ့အထက်စီးကနေပြပြီး အိမ်တော်မှာတကယ်အာဏာရှိတာ ဘယ်သူလဲဆိုတာ ပြပေးလိုက်မယ် !”
ဟယ်ယဲ့ ၏မျက်နှာက ပြိုတော့မည့်မိုးလိုဖြစ်နေပြီး နန်းပေါင်ရီ ကို သတိပေးသည့်အနေနှင့် လှမ်းတို့လိုက်သည်။
“သခင်မလေး .. ပြတင်းပေါက် .. ပြတင်းပေါက် ..”
“ပြတင်းပေါက်က ဘာဖြစ်လို့လဲ”
နန်းပေါင်ရီ စိတ်မချမ်းမသာနှင့် လှမ်းကြည့်လိုက်သည့်အခါ ရှောင်းယီ ၏အေးစက်စက် မျက်နှာထားနှင့် ရင်ဆိုင်လိုက်ရသည်။ သူမ တုန်တုန်ယင်ယင်နှင့် ချက်ချင်းပင် တောက်ပစွာ ပြုံးပြလိုက်သည်။
“အစ်ကို ၂ .. ဒီနေ့ အနက်ရောင်၀တ်စုံကိုခါးပတ်နဲ့ ဝတ်ထားတော့ အရင်ကထက် ပိုကြည့်ကောင်းနေတယ်နော်”
ရှောင်းယီ မျက်နှာသေနှင့်ပင် …
“ဒီနေ့ဧည့်ခံပွဲအတွက်ကို မင်းဝတ်စုံအဖြူကြီးဝတ်ထားတာလား”
“ဘယ်ကလည .. ခုနှနိုးလို့ ဟယ်ယဲ့ ကို အသစ်တစ်စုံထုတ်ခိုင်းနေတာလေ ရွှေချည်ထိုးဝတ်စုံအနီလေးဝတ်မှာလေ ပြီးမှ ထင်းလွန်းတယ်လို့မပြောနဲ့ .. ခုပဲသွားလဲလိုက်မယ်”
သူမက တုန်တုန်ယင်ယင်နှင့် ကန့်လန့်ကာနောက်ကိုဝင်သွားသည်။ ဟယ်ယဲ့ လည်း ရှက်ကိုးရှက်ကန်းနှင့် ရှောင်းယီ ကို နှုတ်ဆက်ပြီး နောက်မှ လိုက်ဝင်သွားသည်။
ရှောင်းယီ အကြွေစေ့လေးကို လက်ထဲတွင်မြှောက်လှည့် ကစားနေပြီး သူနှုတ်ခမ်းများ ကွေးညွှတ်တက်လာသည်။
ကလေးမလေးက အလွန်ချစ်ဖို့ကောင်းသည်။
ကန့်လန့်ကာနောက်တွင် နန်းပေါင်ရီ မူးလဲတော့မတတ် တဒုတ်ဒုတ်ခုန်နေသောရင်ကို လက်ဖြင့်ဖိထားပြီး ဟယ်ယဲ့ က ရယ်ချင်စိတ်ကိုထိန်းကာ ဝတ်စုံယူလာပေးသည်။
“သခင်မလေး နောက်တစ်ခါဆို ဒုသခင်လေး မကောင်းကြောင်း မပြောနဲ့တော့နော် .. သူဘာမှတောင်မလုပ်ရသေးဘူး သခင်မလေးကိုကြည့်ရတာ ကြောင်ကိုတွေ့လိုက်ရတဲ့ကြွက်တစ်ကောင်လိုပဲ .. ဒီလိုသာဆို လန့်ပြီး သခင်မလေးရောဂါရလိမ့်မယ်”
နန်းပေါင်ရီ မျက်နှာနီလာပြီး အလွန်ရှက်နေသည်။
ဝတ်စုံကိုဝတ်ပြီးနောက် ယပ်တောင်လေးကိုကိုင်ကာ တံခါးခုံနားသွားရပ်ကြည့်လိုက်ရာ ရှောင်းယီ က ထိုနေရာတွင် ရပ်နေလျက်ပင်။
သူမက ခြေနှစ်လှမ်းပြန်ဆုတ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
“အစ်ကို ၂ အမြဲအေးချမ်းပါစေ”
ရှောင်းယီ က သူမအပေါ် လွှမ်းမိုးထားသည်။
မိန်းမငယ်လေး၏ဆံထုံးမှာ ပုလဲများဖြင့်မွမ်းမံတန်ဆာဆင်ထားခြင်းဖြစ်သည်။ သူမက အနီရင့်ရောင်ဝတ်စုံနှင့် လိုက်ဖက်သော အဝါဖျော့ဖျော့လက်ဖားဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် ချစ်စရာကောင်းပြီး ဂုဏ်သိက္ခာရှိရှိ နူးညံ့သည့်အသွင်ပေါက်နေသောကြောင့် ရှောင်းယီ ကျေနပ်သွားသည်။
“ခဏနေ ဧည့်သည်တွေ ရောက်လာလိမ့်မယ် .. ဘွားဘွားက မင်းကိုငါနဲ့အတူ ဧည့်ခံနှုတ်ဆက်ဖို့ မှာလိုက်တယ်”
“ဟုတ်ကဲ့”
ပွဲကျင်းပရာခန်းမဆီသို့ ဦးတည်လျှောက်လှမ်းလိုက်ကြသည်။
နန်းပေါင်ရီ က ရှောင်းယီ ၏ခြေလှမ်းများကို အတုခိုးလိုက်နင်းပြီး ရှည်လျားကျယ်ပြန့်သောကျောပြင်ကို ခိုးကြည့်ကာ ခဏတွေးပြီးနောက် ရုတ်တရက်ထပြောလိုက်သည်။
“အစ်ကို ၂ အရပ်ကြီးထပ်ရှည််လာပြန်ပြီ .. လူကြားထဲထင်းနေတာပဲ”
“အင်း မင်းကတော့ပုတုန်းပဲ”
နန်းပေါင်ရီ စကားတို့ပျောက်ဆုံးသွားရပြန်သဖြင့် သူမ တစ်ကယ် ရှောင်းယီ ကိုရိုက်ပစ်လိုက်ချင်သည်။
နန်းပေါင်ရီ ကဆက်၍
“အစ်ကို ၂ .. မနက်တုန်းက ညီမလေးပြောတာတွေက မတော်တဆပါ … ဗွေမယူနဲ့နော် တစ်ကယ်တော့ ကျွန်မအတွက် အစ်ကိုနှစ်က လောကကြီးထဲမှာ ပြိုင်စံရှားတဲ့သူပဲ .. ထုတ်မပြတာပဲရှိတာပါ .. တကယ်တမ်း အစ်ကိုနှစ်က ကြင်နာတတ်ပြီး နူးညံ့ပါတယ် .. အစ်ကိုနှစ်က မိုးကုတ်စက်ဝိုင်းကတက်လာပြီး တောက်ပနေတဲ့နေမင်းကြီးလိုပဲ.. ကျွန်မကတော့ အဲဒီနေရောင်ခြည်ကို ခံယူနေတဲ့ အပင်ပျိုလေးပေါ့”
နောက်ကလိုက်လာသော ဟယ်ယဲ့ နှင့် ယွိဝေ တို့မှာ ဆက်မကြည့်နိုင်တော့ပေ။ ယခုကဲ့သို့ဖော်လံဖားလုပ်ရာတွင် အလွန်ညံ့ဖျင်းသောသူမျိုး တစ်ခါမျှမတွေ့ဖူးသေးပေ။
ရှောင်းယီ ၏ အေးစက်စက်မျက်နှာအမူအရာက မပြောင်းလဲသော်လည်း သူ့မျက်လုံးများအောက်မှ အေးစက်မှုများက ပိုပြီးနွေးထွေးလာဟန်ပေါ်သည်။
နန်းပေါင်ရီ သည် သူ့စိတ်အပြောင်းအလဲကို သတိပြုမိသောကြောင့် လမ်းတစ်လျှောက်တွင် ပို၍ပင် အားတက်သရော ဆက်လက်ဖားနေလိုက်သည်။ ခန်းမအ၀င်ဝသို့ရောက်သောအခါ ရှောင်းယီ သည် နောက်ဆုံးတွင် သူမအား အသိအမှတ်ပြုသည့်ဟန်ဖြင့် ပြန်တုံ့ပြန်သည်။
သူမ ကျိတ်ဝမ်းသာသွားပြီး အပျော်လွန်၍မျက်ရည်ဝဲလုမတတ် ဖြစ်သွားလေသည်။
အမတ်လောင်းကို စည်းရုံးရသည်မှာလည်း ပညာအလွန်လိုအပ်ပါပေသည်။
မနက်၉နာရီတွင် ဧည့်သည်တော်များ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြရာတွင် နန်းပေါင်ရီ ၏ အစ်ကိုဝမ်းကွဲ စုန့်ရှစ်နင် လည်း ပါဝင်သည်။
ငယ်စဥ်ကတည်းက အဖေနှင့်အမေကို ဆုံးရှုံးခဲ့ရသော အသက်ဆယ့်ရှစ်နှစ်အရွယ်လူငယ်လေးသည် စုန့် မိသားစု၏စီးပွားရေးကို ဦးဆောင်ဦးရွက်ပြုနေရပြီဖြစ်သည်။ အလွန်ခန့်ညားသော ထိုလူငယ်လေးကို မိန်းကလေးအတော်များများက သဘောကျကြသည်။ သူက အစေခံများကို လက်ဆောင်ယူရန်ခိုင်းလိုက်ပြီး ရယ်ရယ်မောမောဖြင့် နန်းပေါင်ရီ ထံရောက်လာသည်။
“ကျောင်းကျောင်း ကအရပ်ပိုရှည်လာပြီး ပိုလည်းဝလာသလိုပဲ”
ပြောပြောဆိုဆိုနှင့်ပင် နန်းပေါင်ရီ ၏ပါးကို ချစ်စဖွယ် နမ်းလိုက်သည်။
နန်းပေါင်ရီ ပြုံးပြီး သူ့အနားကပ်ကာတိုးတိုးလေး ပြောလိုက်သည်။
“ဝမ်းကွဲအစ်ကို .. ကျန်း မိသားစုက မင်္ဂလာအရေးဆိုထားတာကို မမငြင်းလိုက်ပြီ”
ရှောင်းယီ က သူတို့အနားကိုလာရပ်လိုက်သည်။
ကလေးမလေးက ယောက်ျားတစ်ယောက် ပွေ့ဖက်နမ်းရှုပ်သည်ကိုခံပြီး ထိုယောက်ျားလေးကိုပြန်၍ပင် တီးတိုးပြောဆိုနေသေးသည်။
အလွန်အရှက်စရာပင်။
****