အပိုင်း (၅၄)
အစ်ကို ၂က ပိုလှတယ်
ရှောင်းယီ ချက်ချင်း နောက်လှည့်ကြည့်သော်လည်း ကလေးမလေးက တံခါးပေါက်သို့ ပြေးသွားကာ ခန်းမ၏အနောက်ဘက်ရှိ အမျိုးသမီးအုပ်စုထဲသို့ သွားရောနေသည်။
ရှောင်းယီ မျက်နှာ မှုန်ကုပ်ကုပ်ဖြစ်သွားသည်။
ဟုတ်ပါသည်လေ .. သူက စုန့်ရှစ်နင် ပေးသောသကြားလုံးကို လွှင့်ပစ်လိုက်သောကြောင့် ကလေးမလေးက သူမချစ်သူအတွက် ဒေါသထွက်သွားပေမည်။
အလွန်ကောင်းသည်။
“သခင်လေး ရှောင်း”
မိန်းကလေးတစ်ယောက်၏ ဆွဲဆောင်မှုရှိရှိ ပြောဆိုသည့်အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
ရှောင်းယီ လှည့်ကြည့်ရာ ကောင်မလေးနှစ်ယောက်က လက်ချင်းတွဲလျက်ရောက်လာသည်။ သူမတို့မှာ နန်းယန် နှင့် ရှ အိမ်တော်မှ ရှချင်ချင် တို့ဖြစ်သည်။
ရှချင်ချင် က ရှောင်းယီ ကို ရှက်ရွံ့စွာ ကြည့်နေသည်။ နွေဦးရာသီပန်းပွဲတော်တွင် တွေ့ကတည်းက ရှောင်းယီ ကို သူမစွဲလမ်းခဲ့ရသည်။
ရှောင်းယီ က ငယ်ရွယ်ပြီး အလားအလာရှိသည်။ သူ့ကို နန်း မိသားစုက ကျောထောက်နောက်ခံပေးထားရုံသာမက တောက်ပသည့်အနာဂတ်ကိုလည်း ပိုင်ဆိုင်ထားသောသူဖြစ်သည်။ ရှောင်းယီသည် သူမအတွက် ကောင်းကင်ဘုံက လိုက်ဖက်ညီအောင် ဖန်ဆင်းပေးထားသော ခင်ပွန်းတစ်ဦးသာဖြစ်ရမည်။
သူ့ကိုလက်ထပ်လိုက်လျှင် အနာဂတ်တွင် အရာရှိတစ်ယောက်၏ တရားဝင်ဇနီးမယားဖြစ်လာနိုင်သည်။
ရှောင်းယီ ကို ရှချင်ချင် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး …
“ကျွန်မရဲ့ မေမေက ငယ်ရွယ်နုနယ်ပြီး
ပြိုင်ဘက်မရှိနိုင်လောက်အောင် အရည်အချင်းရှိတဲ့ သခင်လေး ရှောင်း ကို ချီးကျူးနေတာ .. ဒီနေ့လည်း သခင်လေးကို ဂုဏ်ပြုရမယ်ဆိုပြီး တမင်ခေါ်လာတာလေ .. ချင်ချင် က သခင်လေး ရှောင်း ရဲ့ တောက်ပတဲ့အနာဂတ်အတွက် ဂုဏ်ပြုပါတယ်”
ရှောင်းယီ က သူမနှင့်စကားပြောဖို့ရာ စိတ်မ၀င်စားပေ။ သူတို့ကို ခပ်တည်တည်ဖြင့်ကျော်ဖြတ်လာခဲ့ပြီး ယောက်ျားသားများထိုင်ရမည့်နေရာသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်။
ရှချင်ချင် က ရှောင်းယီ ထံတွင် ယောက်ျားပီသမှုအပြည့်ရှိသည်ဟု ခံစားလိုက်ရသည်။ သူမက အနောက်ဘက်ခန်းမထဲသို့ဝင်ကာ နန်းယန် ၏ အင်္ကျီလက်ကို စိတ်လှုပ်ရှားစွာ ဆွဲလှုပ်လိုက်ရင်း …
“ယန်အာ .. သခင်လေး ရှောင်း က ငါ့ကိုကြည့်သွားတယ် အား .. ငါ့ရဲ့ အပြစ်ကင်းတဲ့ အလှကို သူသတိထားမိသွားတာဖြစ်ရမယ်”
နန်းယန် ပြုံးပြလျက် …
“ငါ့အစ်ကို ၂က အိမ်ထောင်ပြုဖို့ အရွယ်ရောက်နေပြီ ညီမလေး ချင်ချင် .. နင့်အမေကို မင်္ဂလာအရေးဆိုခိုင်းပြီးပြီလား”
“ဒါ ပေါ့ အမေက သူ့ကို အရမ်းသဘောကျနေတာ .. နေ့လယ်ကျရင် သခင်မကြီး နန်း ကို ပြောပြဖို့ စီစဉ်ထားတယ် .. ဒီနေ့ပဲ အခြေအနေကို သိရလိမ့်မယ်”
နန်းယန် က ဆက်၍ …
“ညီမလေး ချင်ချင် က အရည်အချင်းရှိပြီး လှလည်းလှတယ် .. ဒီစေ့စပ်လမ်းကြောင်း သေချာပေါက် အဆင်ပြေသွားမှာပါ .. ယောင်းမဖြစ်လာဖို့ ဆုတောင်းနေပါမယ်နော်”
သူပြုံးပြရင်း မျက်လုံးများက အဝေးတစ်နေရာဆီသို့ ဝေ့ဝဲကြည့်လိုက်ရာ သက်တူရွယ်တူ မိန်းကလေးများနှင့် စကားပြောနေသည့် နန်းပေါင်ရီ ကို တွေ့လိုက်ရသည်။
သူမက ရွှေရောင်လည်ထောင်ပါသော အဝါရောင်နုနုဝတ်စုံ၀တ်ဆင်ထားပြီး အသက်ရှည်ခြင်းကိုကိုယ်စားပြုသော ဆွဲသီးလေးကိုလည်းဆွဲထားသည်။ ဖြူဖျော့ဖျော့နှင့် မျက်နှာလေးက နူးညံ့နေကာ မျက်ခုံးများကလည်း ကော့ညွတ်၍ ချစ်စရာကောင်းနေသည်။
သူမက ငြိမ်သက်စွာ ကြည့်နေရင်း မျက်နှာအမူအရာမှာ တဖြည်းဖြည်း အေးစက်လာသည်။ နန်းပေါင်ရီ တကယ်ပင် ကံကောင်းသည်။ ရှောင်းယီ ၏ အရည်အချင်းကို အခြားသူများမသိခင် အရင်မြင်ခဲ့ရပြီး လိုအပ်ချိန်တွင်လည်း ကူညီပေးခဲ့သေးသည်။
ယနေ့မှစ၍ ရှောင်းယီ သာ အနာဂတ်တွင် အောင်မြင်ကျော်ကြားလာပါက နန်းပေါင်ရီ အတွက် အရှိန်အဝါတစ်ခုပိုရလာလိမ့်မည်။ ထိုသို့ဖြစ်လာမည်ကို သူမလက်မခံနိုင်ပါ။ ထို့ကြောင့် ရှောင်းယီ ကို ရှချင်ချင် နှင့်သာ လက်ထပ်ခွင့်ပြုရမည်။
ရှချင်ချင် က သူမ၏သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်သည်။ နောင်တစ်ချိန်တွင် ရှောင်းယီ ၏ဘဝအခြေအနေ မည်မျှပင်မြင့်မားလာမည်ဆိုပါစေ၊ ယခုတော့ ရှချင်ချင် ကိုချစ်သွားစေရန်နှင့် မောင်းမ၏သမီးဖြစ်သည့် သူမကိုလည်း ဂရုစိုက်စေရန်အတွက် အတင်းကြံစည်ရမည်။
သူမနှုတ်ခမ်းကိုကွေးကာ ထူးဆန်းစွာပြုံးလိုက်သည်။
နန်းပေါင်ရီ က ကွမ်တုံး သကြားလုံးဗူးကို ကိုင်ထားပြီး သူမ၏သူငယ်ချင်းများကို ရက်ရက်ရောရော ဝေပေးနေသည်။
တစ်စုံတစ်ခုကို သတိပြုမိသွားသကဲ့သို့ ရုတ်တရက် ခေါင်းမော့ပြီး ပုတီးစေ့များနှင့် စီခြယ်ထားသော လိုက်ကာဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ နူးညံ့စွာပြုံးပြနေသည့် နန်းယန် ကို တွေ့လိုက်ရသည်။
သူမ မျက်ခုံးပင့်လိုက်ပြီး ပါးစပ်ထဲသို့ သကြားလုံးတစ်လုံး ထည့်ဝါးလိုက်သည်။
နန်းယန် ဘာတွေများကြံစည်နေတာလဲ။ ကြောက်စရာကောင်းသော အကြံအစည်တစ်ခုနှင့် ပေါ်လာတော့မည့်ပုံပင်။
သူမက ကြုံလာနိုင်သည့်လှည့်ကွက်များကို အချိန်မရွေးရင်ဆိုင်နိုင်စေရန် ပွဲတစ်လျှောက်လုံး သတိထား၍နေသည်။ သို့သော် မကြာခဏစိတ်တိုနေသာ အမတ်လောင်း၏မျက်နှာမှလွဲ၍ ဂုဏ်ပြုစားသောက်ပွဲက အရာရာအဆင်ပြေချောမွေ့ခဲ့သည်။
နောက်ဆုံး ပွဲပြီးသွားသည်ကို မြင်လိုက်ပြီးမှ စိတ်ချလိုက်ကာ သစ်သီးယမကာနှစ်ခွက်ကို သောက်လိုက်သည်။ သူမသည် သိပ်မသောက်နိုင်သည့်အတွက် ယမကာက ခေါင်းထဲသို့ချက်ချင်းတိုးဝင်လာသည်။ ထို့နောက် ယမကာတောင်းကြီးကိုပွေ့ဖက်ပြီး ပြောလိုက်သည်။
“ကျူးကျူး ဝက်ဝံတစ်ကောင်နှစ်ကောင်လောက် သွားဖမ်းရအောင်”
နန်းပေါင်ကျူး ကလည်း မူးနေသဖြင့် လက်ခုပ်တီးကာ ရီဝေဝေအပြုံးဖြင့် ပြန်ပြောသည်။
“ဟုတ်တယ် ဟုတ်တယ် .. ဝက်ဝံတွေဖမ်းပြီး အိမ်မှာခေါ်မွေးထားရမယ်”
ညီအစ်မနှစ်ယောက် အစေခံများကို ထားခဲ့ပြီး စင်္ကြံလမ်းအတိုင်း လျှောက်သွားကြသည်။ ဝက်ဝံများရှိသော ဝါးတောဘက်ဆီသို့ မရောက်ခင်တွင် သူတို့အရှေ့ရှိအဆောင်ထဲမှ ဝါးကန့်လန့်ကာမှာ လှစ်ဟသွားပြီး အထဲတွင် စကားပြောဆွေးနွေးနေသံတို့ကို ကြားလိုက်ရသည်။
နန်းပေါင်ရီ က လက်ညိုးကိုနှုတ်ခမ်းအနားသို့ မြှောက်လိုက်ပြီး အသံမထွက်ရန် အချက်ပြလေသည်။
ပြတင်းပေါက်အနောက်ရှိ မိန်းကလေးနှစ်ယောက်မှာ ခိုးကြောင်ခိုးဝှက်နှင့် နားထောင်နေကြသည်။
ပြတင်းပေါက်မှတစ်ဆင့် သခင်မ ရှ နှင့်အတူ လက်ဖက်ရည်သောက်နေသော သူမတို့၏ အဘွားကိုမြင်လိုက်ရသည်။
သခင်မ ရှ က ပြုံးပြလျက် …
“ရှောင်းယီ က ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာရှိတယ်လေ .. ကျွန်မတို့သခင်ကြီးက သူ့ကိုသိပ်သဘောကျနေတာ .. ပြောရရင် သူလည်း အိမ်ထောင်ပြုရတော့မယ့်အရွယ်ရောက်နေပြီ မဟုတ်လား”
“ဟုတ်တာပေါ့”
သခင်မကြီး နန်း က လက်ဖက်ရည်ခွက်အဖုံးကို ပွတ်သပ်ရင်းဖြင့်ပင် ဆက်ပြောသည်။
“သူက အရည်အချင်းရှိတဲ့ သူတစ်ယောက်ပဲ .. နောင်မှာ ဘယ်အရာရှိအဆင့်ကိုရောက်မလဲဆိုတာ ခန့်မှန်းလို့ မရဘူး .. ဒီတော့ ဒီမင်္ဂလာအရေးက ပြောဖို့ကတော့ ခက်ပါသေးတယ်”
“ဘာလို့ပြောဖို့ခက်ရတာလဲ .. သူအရာရှိဖြစ်တာနဲ့ ချမ်းသာတဲ့မိသားစုက သမီးနဲ့လက်ထပ်သင့်တယ်လေ .. ဒါမှ အရာရှိလောကထဲမှာ သူ့အတွက် ငွေကြေးအထောက်အပံ့နဲ့ လမ်းဖောက်ဖို့ပိုလွယ်သွားမှာပေါ့”
သခင်မကြီး နန်း က လက်ဖက်ရည်ကို ဖြည်းညင်းစွာသောက်လိုက်သည်။
သခင်မ ရှ ၏ အလောတကြီးဖြစ်နေပုံကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ….
“ရှောင်းယီ က ငါနဲ့သွေးသားတော်စပ်တဲ့ မြေးအရင်းမဟုတ်တော့ သူ့ကိုမသင့်တော်တဲ့အိမ်ထောင်ချပေးလိုက်ရင် ငါ့ကိုမကျေမနပ်ဖြစ်သွားမှာပေါ့ .. အားမနာတမ်းပြောရရင် တကယ်လို့ နောင်မှာ သူကအဆင့် ၁ အရာရှိဖြစ်တဲ့အချိန် ငါက ကုန်သည်မျိုးရိုးကကောင်မလေးနဲ့ အိမ်ထောင်ချပေးလိုက်ရင် သူ့လုပ်ဖော်ကိုင်ဖက်တွေက သူ့ကိုအထင်သေးမယ့်အပြင် အဲဒီလိုဇနီးသည်မျိုးကလည်း သူ့ကို အရာရှိလောကမှာဝင်ပါပြီး ကူညီပေးနိုင်မှာမဟုတ်ဘူး”
သခင်မ ရှ က သူမ၏ပဝါကို ယမ်းခါရင်း မဲ့လိုက်သည်။
“သခင်မကြီးပြောတာကို နားထောင်ရတာ သူ့ကို အရာရှိမျိုးနွယ်က မိန်းကလေးနဲ့များ လမ်းကြောင်းပေးမလို့လား .. တည့်တည့်ပြောလို့ ကျွန်မကို အပြစ်မတင်နဲ့နော် .. ရှောင်းယီ က တကယ်တမ်း မျိုးရိုးဇာတိမသိတဲ့ မွေးစားသားတစ်ယောက်ပဲမဟုတ်လား … ဒါ့အပြင် လူတိုင်းက ရှန်ကျင်း ရဲ့နန်းတော်ထဲကို ဝင်နိုင်တာမှမဟုတ်တာ .. နန်းတော်ထဲမှာ အရာရှိမဖြစ်ဘဲ ဆံပင်ဖြူအိုမင်းသွားတဲ့ စာသင်သားတွေ မနည်းဘူးလေ .. ရှောင်းယီ က ပထမတန်းအရာရှိရာထူးမှာထိုင်နိုင်ဖို့ ဘယ်လောက်များစွမ်းဆောင်နိုင်မှာမလို့လဲ .. ကျွန်မသမီး ချင်ချင် က တော်လည်းတော်တယ် လှလည်းလှတယ် မိသားစုအချင်းချင်းလည်း ရင်းနှီးနေတာပဲ … ဒီလိုအိမ်ထောင်ဖက်ကောင်းမျိုးကို မီးထွန်းရှာလို့တောင်မရဘူးနော် .. သခင်မကြီး သေချာစဉ်းစားကြည့်ပါ .. မိုးလွန်တော့မှ ထွန်ချချင်လို့တော့မရဘူး”
ပြတင်းပေါက်အပြင်တွင် နားထောင်နေသည့် နန်းပေါင်ကျူး ၏ မျက်လုံးများ ပြူးကျယ်သွားပြီး …
“ထူးဆန်းလိုက်တာ .. ဒါမင်္ဂလာအရေးဆိုနေတာလား ခြိမ်းခြောက်နေတာလား .. သခင််မ ရှ က လူတစ်ယောက်ကိုဝါးစားတော့မယ့်အတိုင်းပဲ ကြမ်းလိုက်တာ”
ထိုစကားများကြောင့် နန်းပေါင်ရီ အမူးပြေသွားသည်။
နန်းယန် ၏အမူအရာကလည်း ထူးဆန်းသည်ဟု သူမထင်ခဲ့သည်မှာ ထိုကိစ္စကြောင့်ပင်ဖြစ်ရမည်။
ရှချင်ချင် က ကိုင်တွယ်ရလွယ်ကူသောလူစားမျိုး မဟုတ်သဖြင့် အစ်ကို ၂သာ သူမနှင့်လက်ထပ်ဖြစ်ခဲ့လျှင် အနာဂတ်တွင်သူအာဏာရလာသည့်အခါ ရှ မိသားစုနှင့် နန်းယန် တို့သာ ကြီးပွားသွားလိမ့်မည်။ ထို့အပြင် ရှချင်ချင် ကဲ့သို့ မိန်းကလေးမျိုးက နန်း မိသားစု၏ တန်ဖိုးရှိအမတ်ကြီးနှင့်မထိုက်တန်ပေ။
အမတ်လောင်းကိုပြောပြပြီး ရှချင်ချင် နှင့်လက်ထပ်ပွဲကို သူမတားရမည်။
နန်းပေါင်ရီ စိုးရိမ်တကြီးနှင့် …
“ကျူးကျူး ငါ ဝက်ဝံသွားမဖမ်းတော့ဘူး .. လုပ်စရာရှိသေးလို့ အရင်သွားနှင့်မယ်နော်”
“မသွားပါနဲ့ ဝက်ဝံလေးတွေက ချစ်စရာကောင်းပြီးလုံးလုံးလေးတဲ့ .. ငါဒီရောက်နေတာကြာပြီ ခုထိ မမြင်ရသေးဘူး”
နန်းပေါင်ရီ က သူမစိတ်ထဲရှိသည့်အတိုင်း …
“ကျူးကျူး ကြေးမုံထဲမှာ ကြည့်လိုက်ရင် ပြည့်လုံးနေတဲ့ဝက်ဝံကို မြင်ရလိမ့်မယ်.. ဘာလို့ စိတ်ရှုပ်ခံနေရတာလဲ”
“ကြေးမုံထဲမှာကြည့်ရမယ် ?”
နန်းပေါင်ကျူး က ခဏကြောင်သွားပြီး နောက်မှ သဘောပေါက်ကာ ခြေဆောင့်နင်းလျက် …
“နန်းကျောင်းကျောင်း .. ငါ့ကိုဝတယ်လို့ပြောရဲတယ်”
နန်းပေါင်ရီ တစ်ယောက် အစပင်ရှာမရအောင် ထွက်ပြေးသွားလေပြီ။
တောင်တက်လမ်းတစ်ဝက်နေရာတွင် ဆိတ်ငြိမ်ပြီး ထူးဆန်းသည့် တောင်ပေါ်အိမ်တစ်လုံး ဆောက်ထားသည်။
လှေကားထစ်များတွင်မြက်များပေါက်နေပြီး နံရံတွင်လည်း ရေညှိများပေါက်နေကာ အရှေ့နှင့်အနောက် ညီညာနေပြီး တောက်ပ၍လက်ရာမြောက်နေသည်။
ယနေ့ခေတ်တွင် စာဆိုများသည် ဤကဲ့သို့ တောင်ပေါ်
အိမ်မျိုး၌ စာလေ့လာခြင်း၊ ဗျတ်စောင်းတီးခတ်ခြင်း၊ တရားထိုင်ခြင်းတို့လုပ်ရသည်ကို သဘောကျတတ်ကြောင်း သူမသိသည်။ ရှောင်းယီ သည်လည်း တိတ်ဆိတ်ခြင်းကို သဘောကျသဖြင့် ဒီနေရာတွင်ရှိရမည်။
နန်းပေါင်ရီ စံအိမ်ရှိရာသို့ လျှောက်လာသည့်ပြီး ပြတင်းပေါက်အဝိုင်း၏နောက်တွင် အဖြူရောင်ဝတ်စုံဝတ်ထားသော လူငယ်က ခါးမတ်မတ်ထိုင်ပြီးစာဖတ်နေသည်။
နွေဦးနေရောင်သည် ပြတင်းပေါက်အဝိုင်းမှတစ်ဆင့် ပုံစံကွက်များကို ထိုးဖောက်ဝင်ရောက်ကာ တောင်ပေါ်အိမ်ထဲသို့ ဖြာဆင်းသွားသည်။ လူငယ်က ချောမောပြီး သူ၏နက်မှောင်သော မီးငှက်မျက်လုံးများက အတွေးထဲနစ်မြောနေသည်။ စာရွက်ပေါ်ရှိ လက်ချောင်းများသည် သွယ်လျပြီး လှပသောပန်းချီးကားတစ်ချပ်ကဲ့သို့ပင်။
နန်းပေါင်ရီ သူ့ကို အနှောက်အယှက်ပေးမိလျှင် သူမကိုပို၍သဘောမကျမည်ကို စိုးရိမ်သဖြင့်ပြတင်းပေါက်ခုံတွင် အိပ်နေလိုက်သည်။ သူပင်ပန်းပြီး အနားယူမည့်အချိန်ကိုစောင့်ပြီးမှသာ လက်ထပ်ပွဲကိစ္စအကြောင်းပြောရန် ကြံစည်လိုက်သည်။
ခဏအကြာတွင် သူမ ရေဆာလာသဖြင့် ယမကာဘူးကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲအနည်းငယ်မော့သောက်လိုက်သည်နှင့် မူးဝေခြင်းများ ခန္ဓာကိုယ်တွင်းသို့ ပြန်လည်ဝင်ရောက်လာကာ မက်မွန်ပွင့်ခက်ကိုလည်း ချိုးလိုက်မိသည်။
ရှောင်းယီ မှာ အပြင်ဘက်မှလှုပ်ရှားမှုများကို သတိထားမိနေပြီးဖြစ်သည်။
ကလေးမလေးက မက်မွန်ပွင့်ခက်ကိုယူကာ နားတွင်ပန်ရန်ပြင်နေသည်။ သို့သော်သိပ်မလှဟုထင်သဖြင့် လက်လျှော့လိုက်သည်။
သူမသည် ပြတင်းပေါက်ကိုဖြတ်ကျော်၍ ကုတ်တက်လာပြီး ရုတ်တရက်သူ့အနားတွင် ကပ်ထိုင်လိုက်သည်။
သူမက မက်မွန်ပွင့်ကို မြှောက်ပြပြီး …
“အစ်ကို ၂ အစ်ကိုက ပိုလှတယ် .. အစ်ကို့ကို ညီမလေး ပန်းပန်ပေးမယ်”
ကလေးမလေးကို သူ့ကို တကယ်ပင်လှသည်ဟု ပြောလိုက်သည်။
ရှောင်းယီ စိတ်ကောင်းဝင်နေသောလည်း အမူအရာမှာ အေးစက်မြဲ အေးစက်နေသည်။ သူ၏ဆံထုံးတွင် နန်းပေါင်ရီ က မက်မွန်ပန်းခိုင် ချိတ်ပေးနေသည်ကို ငြိမ်ခံနေလိုက်သည်။
ပန်ပေးပြီးနောက် ကလေးမလေးက သူ့ပခုံးပေါ်တွင် အသာအယာမှီအိပ်လိုက်သည်။
သူမ၏ခန္ဓာကိုယ်လေးမှာ နူးညံ့ပေါ့ပါးနေပြီး အသက်ရှူထုတ်လိုက်တိုင်း သစ်သီးယမကာရနံ့သင်းသင်းလေးက ထွက်လာသည်။
အရက်မူးနေသောကြောင့် မျက်တောင်များသည် လန်းဆန်းစိုစွတ်နေပြီး မျက်လုံးထောင့်စွန်းများကလည်း နီရဲကာ မက်မွန်ပွင့်ထက်ပို၍ လှပအသက်ဝင်နေသည်။
သူကြည့်နေသည်ကို ရိပ်မိသွားပုံဖြင့် သူမက ရီဝေစွ္ မော့ကြည့်သည်။ မျက်နှာဝိုင်းဝိုင်းလေးက ချစ်စရာကောင်းပြီး နှစ်လိုဖွယ်ရာကောင်းသည်။
သို့သော် စုန့်ရှစ်နင် နှင့်သူမ မည်မျှရင်းနှီးကြောင်း တွေးမိသောအခါ ရှောင်းယီ နှစ်ရှည်ခံရှာလကာရည်တစ်အိုး သောက်ရသကဲ့သို့ နေရခက်သွားသည်။
ပန်းတစ်ပွင့်ကိုပန်ဆင်ထားသည့် ရှောင်းယီ က အကြည့်ကို ပြန်ရုတ်သိမ်းပြီး မေးလိုက်သည်။
“မင်းငါ့ဆီ ဘယ်လိုလုပ်ရောက်လာတာလဲ”
“ဘယ်လိုဖြစ်လို့ပါလိမ့်”
နန်းပေါင်ရီ ခေါင်းကုတ်လိုက်ရသည်။သည်။
ရှောင်းယီ ကို သူမ ဘာအတွက်ကြောင့် လာရှာတာလဲ။