အပိုင်း (၄၇)
အနည်းငယ် မူးဝေနေသည့် ရှောင်းယီ
နန်းပေါင်ရီက လှေကားလက်ရန်းရှိရာသို့ လျှောက်သွားကာ တစ်ခဏမျှ လေးလေးနက်နက်တွေးလိုက်ပြီးနောက် ပြန်လှည့်ကြည့်ကာ ပြုံးပြလေသည်။
“ကောင်းကင်မှာလပြည့် မြေပြင်မှာလတစ်ဝက် .. လနောက်ကို လလိုက်ကာ လတစ်ဝက်မှာ လပြည့်သာ .. သခင်လေး ကျန်း က ကာရန်လိုက်မယ့် ဒုတိယအပိုဒ်စပ်ပေးပါဦး”
ကောင်းကင်တွင် လပြည့်သာသောရက်မှာ တစ်လ၏ ၁၅ရက်နေ့မြောက်ဖြစ်မည်။
ထိုကဗျာက ရှန်ကျင်း မြို့၏ အခုနောက်ပိုင်း လူငယ်များကြားတွင် အလွန်နာမည်ကြီးသည့်ကဗျာ ဖြစ်သည်။ ထိုအချိန်က အလွန်တော်သောစာဆိုကျောင်းသားအများစု အခက်တွေ့ခဲ့ရသဖြင့် ကျန်းယွမ့်ဝမ် ဖြေနိုင်မည်မဟုတ်ဟု သူမတွေးထားသည်။
ကျန်းယွမ့်ဝမ် မဖြေနိုင်သည့်အခါ သူ့တွင် ပြောသလောက်ပါရမီမရှိကြောင်း မမသိသွားလိမ့်မည်။
အဆောင်ထဲရှိလူများမှာ အတွေးကိုယ်စီနှင့် မည်ကဲ့သို့ ကာရန်လိုက်မည်ကို တစ်ဦးချင်းတွေးနေကြသည်။
ကျန်းယွမ့်ဝမ် က ယပ်တောင်ကိုပိတ်လိုက်ပြီး စားပွဲကို တစ်ဒေါက်ဒေါက်ခေါက်ကာ လေးနက်စွာ စဉ်းစားနေပုံပင်။
ထိုသို့ လူအများနှင့်အသက်ဝင်နေသော အဆောင်ငယ်လေးက လူငယ်အများစုကို ဆွဲဆောင်လိုက်သဖြင့် ရှောင်းယီ လည်း ရောက်လာပြီး ထောင့်တစ်နေရာတွင် လက်ဖက်ရည်ထိုင်သောက်ကာ ကြည့်နေလိုက်သည်။
ငှက်ကလေးများက တေးသီနေပြီး မက်မွန်ပန်းပွင့်များက တိုးတိတ်နေသောပတ်ဝန်းကျင်တွင် လှပနေသည်။
ရှောင်းယီ မျက်လုံးများကို ပင့်ပြီး နန်းပေါင်ရီ ကို လှမ်းကြည့်လိုက်သည်။
ကလေးမလေး၏မျက်လုံးများမှာ တောက်ပနေပြီး မျက်တောင်ပင်မခတ်ဘဲ ကျန်းယွမ့်ဝမ် ကို စိုက်ကြည့်နေကာ တစ်စုံတစ်ခုဖြစ်လာရန် စောင့်မျှော်နေသည့်ပုံပေါ်နေသည်။
ဘာအနှစ်သာရမှမရှိသော အညံ့စားစာဆိုတစ်ယောက်ကို သူမတကယ် သဘောကျနေသည်လား။
တန်ဖိုးကြီးသည့် လက်ဖက်ရည်အရသာမှာ စူးရှရှဖြစ်နေသည်။
ရှောင်းယီ လက်ဖက်ရည်ခွက်ကိုချကာ အေးစက်စက်အသံနှင့် …
“ဒီညက နှစ်တစ်နှစ်ရဲ့နောက်ဆုံးည မနက်ဖြန်က နှစ်တစ်နှစ်ရဲ့ အစ .. တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးကာ နှစ်တစ်နှစ်ရဲ့အဆုံးမှာ နှစ်အစဖြစ်လို့လာ”
လူအများ၏ အတွေးများရပ်သွားပြီး အံ့အားသင့်ကာ မှင်သက်သွားကြသည်။
အလွန်ပြောင်မြောက်သော ဒုတိယအပိုဒ်ပင်။
နန်းပေါင်ရီမျက်နှာမှာ တွန့်ရှုံ့သွားပြီး ရှောင်းယီ ကို မယုံနိုင်စွာကြည့်လိုက်သည်။
အရာရာအဆင်ပြေနေပြီး ကျန်းယွမ့်ဝမ် သာ ကာရန်တူမစပ်နိုင်ပါက လူအများလှောင်စရာဖြစ်တော့မည်ကို သူက အဘယ့်ကြောင့် ပွဲဝ င်ဖျက်ရတာလဲ။
ရှောင်းယီ လှောင်ပြုံးပြုံးလိုက်သဖြင့် နန်းပေါင်ရီ သူ့ကို စိမ်းကားစွာစိုက်ကြည့်လိုက်သည်။
သူမချစ်သူ၏ ကြွားဝါပြနိုင်မည့်အခွင့်အရေးကို လုယူသွားသောကြောင့် ဒေါသထွက်နေခြင်းဖြစ်ရမည်။
နန်းပေါင်ရီက အတင်းပြုံးယူလိုက်ပြီး …
“အစ်ကို ၂ .. ညီမလေးက သခင်လေး ကျန်း ကို စပ်ခိုင်းနေတာလေ .. အစ်ကိုဘာလို့ ဝင်ပြောတာလဲ”
ရှောင်းယီ မချေမငံလုပ်ပြီး ပြန်လည်တုံ့ပြန်ခြင်းမရှိပေ။
နန်းပေါင်ရီ ကပင် ဆက်၍
“သခင်လေး ကျန်း .. နောက်တစ်ပိုဒ်ရှိသေးတယ် သေချာနားထောင်ပါ .. ကျောက်စိမ်းဆံထိုးပန်ထားတဲ့ ကြာပဒုမ္မာ … အသံနှေးနှေးနဲ့ လေတိုက်လာ”
ယခုကဗျာမှာ ပထမတစ်ခုထက် ပိုခက်သည်။
ပဒုမ္မာကြာ၊ ကျောက်စိမ်းဆံထိုး၊ နှေးကွေးသောအသံ၊ ကဗျာတစ်ပုဒ်လုံးကို နာမ်များဖြင့် ဖွဲ့ဆိုထားသဖြင့် ဒုတိယအပိုဒ်သည် အနည်းဆုံး နာမ်သုံးခု ပါရမည်။
ကျန်းယွမ့်ဝမ် ခက်ခက်ခဲခဲတွေးနေရပြီး သူကိုယ်တိုင်ပင်မသိလိုက်ဘဲ ယပ်တောင်ကို လက်ဖြင့်ပွတ်တိုက်နေမိသည်။
အခုလေးတင် ကဗျာစပ်ရန်အခွင့်အရေးကို အလုခံလိုက်ရသည်။ အခြားသူများက ဘာမျှမပြောသော်လည်း သူသည် ရှု တိုင်းပြည်တစ်ပြည်လုံးတွင် အတော်ဆုံးစာဆိုတစ်ယောက်ဖြစ်သည့်အတွက် ယခုကဲ့သို့ အခြေအနေမျိုးတွင် အလုခံလိုက်ရသည်မှာ မဖြစ်သင့်ပေ။
နန်းပေါင်ရီက သူမစပ်ဆိုနိုင်ကြောင်းသိသဖြင့် ကျိတ်ဝမ်းသာနေသည်။
သူမက မျက်နှာကိုယပ်တောင်ဖြင့်ကာရင်း ကျန်းယွမ့်ဝမ် မှာ အများပြောကြသလောက် မတော်ကြောင်း နန်းပေါင်ရုံ အား ပြောပြနေသည်။
နန်းပေါင်ရီ က အခြားသူများအား တီးတိုးပြောဆိုနေသည်ကို ရှောင်းယီ တွေ့သွားသဖြင့် အလိုမကျစိတ်တို့ တိုးများလာတော့သည်။
နန်းပေါင်ရီ အနီရောင်ပန်းထိုးဖိနပ်ကိုကြည့်ရင်း ရှောင်းယီ တည်ငြိမ်စွာဖြင့် …
“ပန်းထိုးဖိနပ်နီတွေစီးထားတဲ့ ဘိန်းပန်းပေါ့ လရောင်အောက်က ခြေသံဖျော့”
ဘိန်းပန်းပင်များ၊ ပန်းထိုးဖိနပ်အနီများ၊ ခြေသံဖျော့ဖျော့များ အားလုံးသည် နာမ်များဖြစ်သဖြင့် စပ်ဆိုထားသောကဗျာအပိုဒ်နှင့် အံကိုက်ဖြစ်နေသည်။
အဆောင်ထဲတွင် အံ့ဩသံများ ပြည့်နှက်သွားသည်။
ကျန်းယွမ့်ဝမ် က ထိုအရာကို အခွင့်ကောင်းယူကာ အပြုံးနှင့်ပြောသည်။
“တိုက်ဆိုင်လိုက်တာ အစ်ကို ရှောင်း .. အစ်ကိုနဲ့ ကျွန်တော်အတွေးတူနေတာပဲ .. အခုပဲဖြေတော့မလို့လုပ်နေတာ”
နန်းပေါင်ရီ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲလုမတတ်ဖြစ်သွားပြီး ရှောင်းယီ ကို ဒေါသတကြီးနှင့် စိုက်ကြည့်နေတော့သည်။
သူမက နောက်ကဗျာတစ်ပိုဒ်စပ်ခိုင်းရန် တွေးနေချိန်မှာပင် စားသောက်ပွဲစတော့မည်ဖြစ်ကြောင်း အစေခံတစ်ယောက်က လာပြောသည်။
လူအများမှာလည်း ကမ်းနားရှိဧည့်ရိပ်သာဘက်သို့ ခြေလှည့်သွားကြသည်။
နန်းပေါင်ရီ အနောက်တွင်တမင်ချန်နေခဲ့ပြီး စိတ်တိုစွာနှင့် …
“ငါစီစဉ်ထားတာကို အစ်ကို ၂က အကုန်ဖျက်ဆီးပစ်လိုက်ပြီ .. မုန်းစရာကောင်းလိုက်တာ”
ပျံလွှားငှက်များ အိပ်တန်းတက်ချိန်ပင်ရောက်လာလေသည်။
ညနေဆည်းဆာ၏ နေရောင်က ရေပြင်ပေါ်သို့ ဖြာကျနေပြီး ကျောက်ဆောင်ဘေးမှကန်ထဲရှိ ရွှေငါးလေးမှာ ပျော်ပါးစွာ ကူးခတ်နေသည်။ ရေပြင်ပေါ်တွင် ဇာတ်ခုံတစ်ခုဆောက်လုပ်ထားပြီး ဇာတ်အဖွဲ့က ကပြဖျော်ဖြေရန် အသင့်ဖြစ်နေသည်။
ညနေစောင်းလေပြည်က နန်းပေါင်ရီ ၏ ဆံပင်ပေါ်သို့ မက်မွန်ပွင့်များကို ဝှေ့ချလိုက်သဖြင့် ရှောင်းယီ က ပွင့်ချပ်များကို ဂရုမစိုက်သလို ဖယ်ပေးကာ မေးလိုက်သည်။
“ငါ့အတွက် လက်ဆောင်ဘယ်မှာလဲ”
နန်းပေါင်ရီ အလွန်ဒေါကန်သွားပြီး စိတ်တိုတိုနှင့်ပြန်ပြောလိုက်သည်။
“ပေးမယ်လို့ပြောထားရင် ပေးမှာပေါ့ .. ဘာတွေလောနေတာလဲ”
“ငါ့လက်ဆောင်ကို တခြားသူဆီ ပေးဖို့မစဉ်းစားနဲ့”
ရှောင်းယီ စကားကို အကြောင်းပြချက်မရှိ ပြောပြီး သူမအရှေ့ကို ကျော်တက်သွားသည်။
ရှောင်းယီ ဆိုလိုသည်ကို နန်းပေါင်ရီ နားမလည်နိုင်ပေ။
ညနေစာစားချိန်တွင် အိမ်ထောင်မပြုရသေးသော မိန်းကလေးများက အတူစုထိုင်ကြကာ ဇာတ်ပွဲကြည့်နေရင်း တစ်ယောက်နှင့်တစ်ယောက် ခပ်တိုးတိုး စကားပြောနေကြသည်။
နန်းပေါင်ရီ က ကျန်းယွမ့်ဝမ် ကို မကြာမကြာ ခိုးကြည့်နေကြောင်း နန်းပေါင်ရီ သတိထားမိသဖြင့် သိလိုစိတ်ဖြင့် မေးလိုက်လေသည်။
“မမက သူ့ဆီမှာ ဘာတွေများမြင်လို့လဲ”
“သူကကြင်နာပြီး ပါရမီရှိတယ်ဆိုတဲ့အချက်ကို မမ သဘောကျတယ်”
နန်းပေါင်ရုံ က နှုတ်ခမ်းလေးများကို စေ့စေ့ပြုံးကာ
“ပြီးတော့ ချမ်းသာသာ ဆင်းရဲရဲ ပါရမီရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူကငါ့အတွက်ဘွားဘွားရွေးပေးထားတဲ့ အိမ်ထောင်ဖက်လေ ငါပျော်ရမှာပေါ့ .. ဒါအမျိုးသမီးကျင့်ဝတ်ပဲ”
သစ်ပင်များဆီမှ မီးမောင်းအရောင်က သူတို့ရှိရာသို့ ဖျပ်ခနဲ ရောက်လာပြီး ပြန်ပျောက်သွားသည်။
ဖျားနေသဖြင့် ဖြူဖပ်ဖြူရော်ဖြစ်နေသော သူမ၏မျက်နှာပေါ်တွင် ရှက်ပြုံး ဝဲသွားပုံမှာ အလှပြင်ထားသည်ထက်ပင် ပိုလှနေသေးသည်။
နန်းပေါင်ရီ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ မမက အလွန်ရိုးအပြီး အရင်ဘဝကအတိုင်းပင် ဘာမျှမစုံစမ်းဘဲ လက်ထပ်ဖို့ကိုသာ ထိုင်စောင့်နေသည်။
သာမန်ပြဿနာအကြောင်းကိစ္စနှင့် သူမ၏ အထင်ကြီးစိတ်ကို ပြောင်းလဲနိုင်မည်မဟုတ်တော့ပေ။ ကျန်းယွမ့်ဝမ် ၏ စိတ်ဓာတ်အမှန်ကို သူမအား ပြသမှဖြစ်ပေတော့မည်။
သူမက တွေးတောရင်း ကျန်းယွမ့်ဝမ် ကို ကြည့်နေမိပြီး ရှောင်းယီ ကလည်း သူမကိုအေးစက်စက်ဖြင့် စိုက်ကြည့်နေကြောင်း ရုတ်တရက်သတိထားမိလိုက်သည်။
သူမတုန်ယင်သွားသဖြင့် ခေါင်းအမြန်ငုံ့လိုက်ပြီး တစ်ခုခုယူစားလိုက်သည်။
ညစာစားပြီးနောက် ရေပူစမ်းသွားချင်သည်ဟုဆိုကာ အပြင်သို့ထွက်လာလိုက်ပြီးနောက် သူမတွင် အချိန်မရသဖြင့် ဇာတ်ပွဲကသူများ တည်းခိုနားနေသော စံအိမ်လေးရှိရာသို့ အမြန်ပြေးလိုက်သည်။
အုပ်ထိန်းသူကိုမြင်မြင်ချင်း သူမမှတ်မိလိုက်သဖြင့်
“ဒါ နွေဦးကျောက်စိမ်းစံအိမ်က ဇာတ်အဖွဲ့လား”
“ဟုတ်ပါတယ် သခင်မလေး နန်း .. တစ်ခုခုလိုအပ်လို့လားဗျ”
“ကျွန်မ ပြဇာတ်ဘယ်လိုကရမလဲ သင်ချင်လို့ .. ဆရာမတစ်ယောက်လောက်ရွေးပေးပါလား”
အုပ်ထိန်းသူက ငေးကြောင်ကြောင်ဖြစ်သွားပြီး ခေါင်းကုတ်မိသည်။
ချမ်းသာသည့်မိသားစုမှ သခင်မလေးက ပြဇာတ်ကနည်း သင်ချင်နေသည်။ သူမ ဘာတွေများကြံစည်နေတာလဲ။
သူကြံရာမရဖြစ်နေစဉ် အနောက်မှ စွဲမက်ဖွယ်ကောင်းသော အမျိုးသမီးတစ်ယောက်၏ အသံထွက်ပေါ်လာသည်။
“သခင်မလေးက ဘယ်လိုပြဇာတ်မျိုး ကချင်တာလဲ”
မိန်းမပျိုလေးတစ်ယောက်က တံခါးကိုမှီရပ်နေပြ သူမ၏ မျက်နှာလေးမှာ အလွန်လှပပြီး ပခုံးသားများကိုလည်း အနည်းငယ်ဖော်ထားသည့် ထိုမိန်းကလေးမှာ နွေဦးကျောက်စိမ်းစံအိမ်၏ သူဌေး ဟန်ယန့်လျန် ဖြစ်သည်။
နန်းပေါင်ရီ မျက်လုံးအဝိုင်းသားဖြစ်သွားပြီး …
“သူဌေး ဟန် .. ပန်းပွင့်တွေနဲ့ပတ်သက်တဲ့ အကပြဇာတ်တစ်မျိုးသင်ချင်တယ်”
ကျန်းယွမ့်ဝမ် အတွက်စီစဉ်ထားသော သူမ၏အကြံများကို ရှောင်းယီ နောက်ထပ် မဖျက်ဆီးစေရန် သူ့ကိုအရင်ချွေးသိပ်ထားဖို့ သူမဆုံးဖြတ်လိုက်သည်။
သို့သော် ထိုကိစ္စက အလွန်ဒုက္ခများသည်။ သာမန်ပန်းပွင့်မျိုးကို သူသဘောကျမည်မဟုတ်။ အကောင်းစားဆိုလျှင်လည်း အချိန်မရှိတော့သဖြင့် တစ်ယောက်ယောက်ကို ဝယ်ခိုင်း၍လည်းမရ။ ထို့ကြောင့် သူ့ကိုပျော်အောင်လုပ်ရန် ဒီတစ်နည်းသာ ကျန်တော့သည်။
ရှောင်းယီ ပန်းပွင့်များကို သဘောကျသည်မဟုတ်ပါလား။
နှင်းများဖုံးလွှမ်းနေသော တောင်တန်း၊ ကြယ်များလင်းလက်နေသော အေးမြသည့်ညတစ်ညတွင် မင်းသမီးတစ်ယောက်ကဲ့သို့ဝတ်စားထားသည့် နန်းပေါင်ရီ ၏ဖြေဖျော်မှု၊ တိတ်ဆိတ်သောနေရာတစ်ခု၌ ရှောင်းယီ အရှေ့တွင် သီချင်းဆိုပြီး ပန်းပွင့်များနှင့်ပတ်သက်သော အကတစ်မျိုး ကပြမည်။
သူမကိုမှတ်မိသွားသည့်အခါ ရှောင်းယီ အံ့ဩပြီး ကျေနပ်သွားလျှင် သူ၏ညီမလေးက အလွန်တော်သည်ဟုပင် ထင်သွားမည်။
သူမ၏ချစ်စရာကောင်းပုံကြောင့် ရင်ထဲထိသွားပြီး ရှောင်းယီ က သူမကိုအမြတ်တနိုး ပြေးဖက်မည့်ပုံကို နန်းပေါင်ရီကြိုတွေးကာ ပြေးမြင်မိသည်။
ဟန်ယန့်လျန် က သူမကို ပြုံးပြကာ …
“သခင်မလေး၅အတွက် သင့်တော်တဲ့ပြဇာတ်တစ်ခု ကျွန်မမှာရှိတယ်”
…
ကမ်းနားရှိဧည့်ရိပ်သာအနီး ဆောက်လုပ်ထားသော ဇာတ်စင်ပေါ်တွင် ဖျော်ဖြေနေသောလူအနည်းငယ် ရှိသေးသည်။
ဂုဏ်ပြုစားသောက်ပွဲက အဆုံးသတ်တော့မည်ဖြစ်ပြီး မူးယစ်နေသော အဖွဲ့တစ်ဖွဲ့သာကျန်ခဲ့သဖြင့် ရှောင်းယီ လည်း ပြန်သွားရန် ထလာလိုက်သည်။
အလှဆင်ထားသော လိုက်ကာနှစ်ခုအကြားမှ ဖြတ်သွားကာ ထိန်ထိန်သာနေသည့်လရောင်အောက်မှတဆင့် ဇာတ်ပွဲဆီမှ အသံများ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ပုရစ်အော်သံများသာ ကြားရတော့သည်။
ရှောင်းယီ အနည်းငယ်မူးဝေနေပြီး နံရံကိုလက်ထောက်ပြီးရပ်နေသော သူ၏အရိပ်က လရောင်ကြောင့် ပုံမှန်ထက် အနည်းငယ်ပိုရှည်နေသည်။
ရှီးခူ က မီးအိမ်ကိုင်ထားပြီး ဂရုတစိုက်ဖြင့် ရှောင်းယီ ကို ကူတွဲပေးထားသည်။
ထို့နောက် ရိုကျိုးစွာ …
“သခင်လေး သေရည်တွေအများကြီးသောက်ထားတာပဲ .. ပြန်နားကြတော့မလား မနက်ဖြန်လည်း ဂုဏ်ပြုပွဲရှိသေးတယ်ဆိုတော့ ထပ်သောက်ရဦးမှာ”
ရှောင်းယီ က ခေါင်းငုံ့ပြီး မျက်ခုံးနှစ်ဖက်အလယ်ကို လက်ဖြင့်ဖိလိုက်ကာ အသံတိုးတိုးဖြင့်မေးလေသည်။
“သူရော ဘယ်ရောက်နေလဲ”
“သခင်မလေး ၅လား .. မိသားစုတွေထဲက အမျိုးသမီးတွေအကုန်ပြန်သွားပြီးကတည်းက သူ့ကိုဘယ်သူမှ မတွေ့မိကြဘူး .. ယွိဝေ ပြောတာတော့ ပြဇာတ်အဖွဲ့ဆီ သွားတယ်ဆိုလား .. ဟင် သခင်လေး .. ဘယ်သွားမလို့လဲ”
ညစာစားပွဲတွင် ရှောင်းယီ က ဂုဏ်ပြုခံရင်း သေရည်များစွာသောက်လိုက်ရသဖြင့် ယိုင်တိုင်တိုင်ဖြစ်နေသော်လည်း ခေါင်းထဲတွင် ကြည်လင်နေသေးသည်။
စံအိမ်လေးဆီသို့ လမ်းလျှောက်လာစဉ် ချိုသာသောအသံနှင့် ရွတ်ဆိုသံတစ်သံကို အဝေးမှပင်သူကြားနေရသည်။
ထိုအသံမှာ နန်းကျောင်းကျောင်း ၏ အသံဖြစ်သည်။
ညက မှောင်မိုက်နေလေပြီ။ လူငယ်က လင်းထိန်နေသောအိမ်လေးကို ငေးကြည့်နေရင်း သူ၏နက်မှောင်သောမျက်ဝန်းများက သေးသိမ်ကျဉ်းမြောင်းသွားပြီး တောက်ပမှုကင်းမဲ့နေသည်။
သူမသည် တကယ်ပင် နန်း အိမ်တော်၏သိက္ခာကို ဘေးဖယ်ထားပြီး ပြဇာတ်ကဖို့ရန် သင်ယူနေသည်။
ဘယ်သူ့အတွက် သူမ သင်နေတာလဲ။
ကျန်းယွမ့်ဝမ် အတွက်လား။
***