အပိုင်း (၄၈)
ထိုလူစားမျိုးက ထိုက်တန်သလား
ထိုနူးညံ့သိမ်မွေ့သောကလေးမလေးက သူ့ကို ချွဲနွဲ့ကာ စိတ်ကျေနပ်အောင် လုပ်သကဲ့သို့ ကျန်းယွမ့်ဝမ် ကိုလည်း ထိုသို့ လုပ်နေသည်လားဟု တွေးမိပြီး ရှောင်းယီ ရင်ထဲတွင် ဒေါသစိတ်များနှင့် ပြည့်သွားလေသည်။
ကျန်းယွမ့်ဝမ် က ဘယ်လိုလူစားမျိုးဖြစ်နေလို့လဲ။ သူနှင့်ထိုက်တန်လို့လား။
ရှီးခူ က စိတ်ဖိစီးစွာ ခေါင်းကုတ်လိုက်ပြီး …
“သခင်လေး .. နောက်ကျနေပြီ ပြန်တော့မလား .. တကယ်လို့ ပြဇာတ်ကြည့်ချင်တယ်ဆိုရင် အဆိုသမနှစ်ယောက်ငှားပြီး သခင်လေး အခန်းဆီ လွှတ်ပေး …”
“သွားစစ်ကြည့်”
“အမ် ? ဘာကိုစစ်ရမှာ”
“ကျန်းယွမ့်ဝမ်”
ရှီးခူ က အံ့အားသင့်စွာနှင့် ….
“သခင်လေး သူက ကျွန်တော်တို့နဲ့ အဆက်အဆံမရှိဘူးလေ .. ဘာကြောင့် သူ့ကိုစစ်ရမှာလဲ”
ရှောင်းယီ ၏ အေးစက်စက်အကြည့်ကိုခံစားမိသဖြင့် ရှီးခူ ကြောက်လန့်တကြားပြေးကာ သွားရောက်စစ်ဆေးလေသည်။
ယနေ့ည လရောင်မှာ မှိန်ပျပျသာလင်းနေသည်။
မက်မွန်ပင်အောက်တွင် ရပ်နေသော လူငယ်၏ ဆံပင်နှင့် ဝတ်စုံတို့မှာ အေးစက်သည့် နှင်းရေစက်များကြောင့် စိုစွတ်နေပြီး အိမ်ငယ်လေးထဲမှထွက်ပေါ်လာသော ပြဇာတ်အသံကို နားထောင်နေသည်။ အရောင်အသွေးစုံစွာ လှပနသောပန်းပွင့်များနှင့် အသက်ဝင်နေသည့် နွေဦးရာသီ၏ ညတစ်ညဖြစ်သော်လည်း ရှောင်းယီ ၏ ကိုယ်မှာအေးစက်နေပြီး အမှောင်ထုမှ သားရဲတစ်ကောင်က သူ၏သားကောင်ကို ဖမ်းရန် အသင့်ရှိနေဟန်နှင့် တူနေသည်။
တစ်နာရီ ကြာပြီးနောက် ရှီးခူ အလျင်အမြန်ပြန်ရောက်လာပြီး သူတွေ့ခဲ့ရပုံကို ရှင်းပြလေသည်။
“သခင်လေး .. ပွဲတော်ပြီးတာနဲ့ ကျန်းယွမ့်ဝမ် က အစေခံ စွန်းရှန်းရှန်း ကို ခေါ်ပြီး မက်မွန်တောထဲကို ဝင်သွားတယ် ! ကျစ်.. တကယ်ရင်တုန်ဖို့ကောင်းတယ်”
ထိုသို့ပြောပြီးနောက် အိမ်ငယ်၏တံခါးပွင့်လာလေသည်။
ပြုံးကာနောက်လှည့်လျက် နွေဦးကျောက်စိမ်းခန်းမ၏ သူဌေးကို တစ်ခုခုပြောဆိုနေပုံကို ရှောင်းယီ တွေ့လိုက်ရသည်။ ထို့နောက် သူမပျော်ရွှင်စွာနှင့် ရှောင်းယီ ထံ ဦးတည်လာခဲ့သည်။
ရှောင်းယီ အပင်နောက်တွင် ပုန်းရန်ကြံလိုက်သော်လည်း နန်းပေါင်ရီ က အရင်တွေ့သွားလေသည်။
“အစ်ကို ၂!”
နန်းပေါင်ရီ မျက်ဝန်းများ ဝင်းလက်သွားပြီး အမြန်ပြေးလာကာ …
“ဒီကိုဘာလာလုပ်တာလဲ .. ဟင့် သေရည်နံ့ကလည်း မွှန်ထူနေတာပဲ
ရှောင်းယီ မျက်ဝန်းတို့ အနည်းငယ်ရွေ့သွားပြီး …
“ညစာစားတုန်းက သောက်တာနည်းနည်းများသွားတယ် .. ငါနဲ့အတူတူ လမ်း လျှောက်ပေးပါလား”
ရှောင်းယီ ခွင့်တောင်းစကားကို နန်းပေါင်ရီ တွေးလိုက်သည်။
အချိန်မှာ ညနက်နေပြီဖြစ်သောကြောင့် လမ်းပေါ်တွင် တစ်ဦးတစ်ယောက်မှမရှိနိုင်ပုံပင်။ အကယ်၍နေရာကောင်းတစ်ခုတွေ့လျှင် ရှောင်းယီ ရှေ့တွင် ယုံကြည်ချက်ရှိရှိဖြင့် ပြောဆိုပြီး အရာရှိဖြစ်သွားသည့်အတွက်လည်း ဂုဏ်ပြုပေးနိုင်မည်ဖြစ်သည်။
ထိုသို့တွေးကာ သူမသဘောတူ လက်ခံခဲ့သည်။
ရှောင်းယီ မှာ မက်မွန်တောထဲသို့ ဦးတည်သွားပြီး နန်းပေါင်ရီ က ရှီးခူ လက်ထဲရှိ မီးအိမ်လေးကိုယူကာ …
“အစ်ကို ၂ အမြန်ကြီးမလျှောက်နဲ့လေ”
တောအုပ်ငယ်လေးမှာ တိတ်ဆိတ်နေပြီး မက်မွန်ပွင့်ဖတ်များကလည်း မြေပြင်အနှံ့ ဖုံးလွှမ်းနေသည်။
၁၅မိနစ်ကြာအောင် လမ်းလျှောက်ပြီးနောက် နန်းပေါင်ရီ နှုတ်ခမ်းကိုက်လိုက်ကာ ဘဝင်မကျဟန်နှင့် ရှောင်းယီ ၏ ကျောပြင်ကို စိုက်ကြည့်နေသည်။
အမတ်လောင်းက သူမကို အတူလမ်းလျှောက်ရန် ခေါ်ခဲ့သော်လည်း အခုထိ စကားတစ်ခွန်းပင်မပြောသေး။
ထိုအခြေအနေကို သူမ မနှစ်မြို့ပေ။ တစ်ခုခုပြောရန် ပြင်ဆင်လိုက်သည့်အချိန်တွင် ရှောင်းယီ ခြေလှမ်းတို့ရပ်တန့်သွားသည်။
အရှေ့ဘက်တစ်နေရာမှနေ၍ ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်၏ ရယ်သံတို့ ထွက်ပေါ်လာသည်။
နန်းပေါင်ရီ မှင်သက်သွားပြီး သတိမထားမိလိုက်ဘဲ မီးအိမ်ကို မြှောက်ကာကြည့်လိုက်မိသည်။
မီးအိမ်မှ ခပ်မှိန်မှိန်အလင်းရောင်ဖြင့် ချုံပုတ်များအကြား အဝတ်အစားကင်းမဲ့နေသာ ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့ကို မကမ်းမလှမ်းတွင် တွေ့လိုက်ရသည်။ တစ်ယောက်နှင့်တစ်ယောက် ဖက်ထားကြပြီး မျက်နှာများမှာလည်း စိတ်လှုပ်ရှားမှုတို့ ထင်ဟပ်နေသည်။
“ရှန်းရှန်း .. စကြရအောင်နော်”
ထိုအသံမှာ ကျန်းယွမ့်ဝမ် ၏ အသံပင်။
နန်းပေါင်ရီ ထိတ်လန့်ကာ လက်ထဲမှ မီးအိမ်ပင် ပြုတ်ကျသွားလေသည်။
ကျန်းယွမ့်ဝမ် က အသံကြားလိုက်သဖြင့် အမြန်လှည့်ကြည့်ကာ …
“ဘယ်သူလဲ !”
နန်းပေါင်ရီ ပြေးရန်ပြင်လိုက်ချိန်မှာပင် ရှောင်းယီ က သူမခါးကို ဖက်ကာ မက်မွန်ပင်ပေါ်သို့ ကိုယ်ဖော့ကာ တက်သွားလိုက်သည်။
အသံလာရာကို ကျန်းယွမ့်ဝမ် အမြန်ပြေးကြည့်သည့်အခါ ဘယ်သူကိုမှမတွေ့ရတော့သဖြင့် ကျိန်ဆဲလိုက်ပြီး စွန်းရှန်းရှန်း ကို အိမ်ထဲသို့ ပြန်ခေါ်သွားတော့သည်။
မက်မွန်ပင်ပေါ်တွင် နန်းပေါင်ရီ မှာ ရှောင်းယီ ၏ ရင်ခွင်ထဲ ရှိနေလျက်ပင်။
ပုန်းလျှိုးကွယ်လျှိုးနှင့် ထွက်ပြေးသွားသည့်နှစ်ယောက်ကို သူမကြည့်ရင်း ဒေါသစိတ်ကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။
ကျန်းယွမ့်ဝမ် က စွန်းရှန်းရှန်း ကို ကြိုက်နှစ်သက်သည်ကို သူမသိသော်လည်း ကျောင်းသားတစ်ယောက်ဖြစ်သည့် ကျန်းယွမ့်ဝမ် မှာ ကိုယ့်ဂုဏ်သိက္ခာကိုပင် ထိန်းထားမည်မရှိပေ။
ထိုသို့သောလူစားမျိုးနှင့် လက်ထပ်ရမည့် ရိုးသားသိမ်မွေ့သော ဝမ်းကွဲအစ်မကြီးကို တွေးမိလိုက်သည့်အခါ သူမစိတ်ထဲ စက်ဆုပ်ဖွယ်ဖြစ်လာပြီး ကျန်းယွမ့်ဝမ် ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ပစ်လိုက်ချင်သည်။
နန်းပေါင်ရီ ကို ရှောင်းယီ ကြည့်လိုက်သည်။
စက်ဆုပ်ဖွယ်မြင်ကွင်းကို သူမမြင်စေရန် သူခေါ်ဆောင်လာခြင်းဖြစ်ပြီး ကလေးမလေးမှာ ဒေါသစိတ်တို့နှင့် တုန်ယင်နေသည်။ သူမ၏မျက်ဝန်းများမှာ ငိုတော့မည့်အလား မျက်ရည်များ ပြည့်နှက်နေသည်။
နန်းပေါင်ရီ ၏ မျက်နှာကို ရှောင်းယီ မြတ်နိုးစွာအသာကိုင်ပြီး သူနှင့် မျက်နှာချင်းဆိုင်စေလိုက်သည်။
“နန်းကျောင်းကျောင်း”
နန်းပေါင်ရီ မျက်နှာလေးမှာ ရှောင်းယီ ဆွဲယူလိုက်သဖြင့် မော့လာပြီး …
“ဘာလဲ”
ရှောင်းယီ မျက်မှောင်ကြုတ်ကာ အတန်ကြာအောင် ဘာမှမပြောဘဲနေလိုက်ပြီးမှ …
“မတန်ဘူး”
ကျန်းယွမ့်ဝမ် က သူမနှင့် မလိုက်ဖက်ပေ။ သူ့အတွက် ငိုကြွေးနေရခြင်းက ပို၍ မထိုက်တန်ပေ။
နန်းပေါင်ရီ ဒေါသထွက်သွားပြီး ….
“ဒါကပျော်စရာတောင်ကောင်းတာကို .. ဘာကြောင့်မတန်ရမှာလဲ”
ကျန်းယွမ့်ဝမ် အတွက် သူမ၏ ဝမ်းကွဲအစ်မမှာ အလိုရှိချိန်တွင် အသုံးပြုဆော့ကစားရသည့် လှပသည့်အရုပ်မလေးတစ်ရုပ်ပင်။
သို့သော် ဝမ်းကွဲအစ်မအတွက် ကျန်း မိသားစုကို လက်ထပ်ရသည်က သူမ၏ဘဝတစ်လျှောက်လုံးအတွက် အထောက်အပံ့ရနိုင်မည်ဖြစ်သည်။
အတိတ်ဘဝတွင် သူမ နန်း အိမ်တော်ကို ပြန်လာခဲ့စဉ်က ဝမ်းကွဲအစ်မမှာ ဖျားနာနေသဖြင့် ပိန်လှီစွာ ကုတင်ထက်တွင် လဲလျောင်းနေပြီး သူမလက်ကိုဆုပ်ကိုင်ထားရင်း ငိုလျက်ပြောလေသည်။
“နက်နက်ရှိုင်းရှိုင်းချစ်မိသွားတဲ့ ယောကျ်ားတွေက သူတို့ရဲ့စိတ်ကို ပြန်ဆယ်ယူနိုင်ပေမယ့် မိန်းမကတော့ မလုပ်နိုင်ဘူး”
ထိုစကားမှာ ကဗျာတစ်ပုဒ်၏ နာမည်ကြီး စာကြောင်းတစ်ကြောင်းဖြစ်သည်။
ကမ္ဘာပေါ်မှ ကောင်းမွန်သော မိန်းမငယ်လေး ဘယ်နှယောက်များ ယောကျ်ားသားကြောင့် သူမတို့၏ ငယ်ရွယ်မှုကို နှောင့်နှေးစေခဲ့ပြီလဲ။ ထိုအကြောင်းကို သတိပြုမိကြသည့်အခါ သူမတို့မှာ အသက်အရွယ်ရလာပြီး အလှတရားတို့လည်း မှေးမှိန်ကုန်လေပြီ။
ထိုအဖြစ်အပျက်မျိုး ထပ်မဖြစ်စေရန် သူမ၏ ဝမ်းကွဲအစ်မကို ကာကွယ်ပေးရမည်ဖြစ်သောကြောင့် ဘာကြောင့်များ မထိုက်တန်ရမှာလဲ။
သို့သော် ရှောင်းယီ ပုံစံမှာ အလွန်ပင်အလေးအနက်ထားနေသည့်ဟန်ပင်။
ဘဝ၏ပျော်ရွှင်ဖွယ်အချိန်ဟု သူမပြောခဲ့သည်။
သူမအမှန်တကယ်ပင် ကျန်းယွမ့်ဝမ် ကို နှစ်သက်နေသည်လား။
ရှောင်းယီ ၏ ဝတ်ရုံမှာ လေပြင်းတိုက်သဖြင့် လွှင့်မျောနေသည်။
ရှောင်းယီ အံကြိတ်လိုက်ပြီး …
“နန်းပေါင်ရီ …”
နန်းပေါင်ရီ က ရှောင်းယီ စိတ်ကို ဂရုမထားမိဘဲ သူမဝတ်စုံကို မကာ ဒေါသတကြီးနှင့် အပင်ပေါ်မှ ခုန်ဆင်းပြီး မီးအိမ်ကိုကောက်ကာ ချုံများကြားသို့ အမြန်ပြေးသွားလေသည်။
သူမဂရုတစိုက်နှင့် သေချာရှာကြည့်သည့်အခါ ကံကောင်းစွာပင် စွန်းရှန်းရှန်း ၏ ဆံထိုးနှင့် ကျန်းယွမ့်ဝမ် ၏ ခါးပတ်ကို တွေ့လိုက်ရသည်။
ထိုအရာတို့မှာ အရေးကြီးသောသက်သေပင်။
ရှောင်းယီ သူမနောက်မှလိုက်လာပြီး ကလေးမလေးမှာ ညစ်ပတ်ရကောင်းမှန်းမသိ ထိုလူ၏ခါးပတ်ကိုပင် ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ထိုမျှတင်မက ပျော်ရွှင်ဟန်နှင့် နှုတ်ခမ်းထောင့်ကာ အသာပြုံးသယောင်ယောင်ရှိနေသည်။
သူမ ကျန်းယွမ့်ဝမ် ကို ထိုမျှပင် စိတ်ဝင်စားနေသည်လား။ ထိုသူ၏ခါးပတ်ကို ကိုင်နေရရုံနှင့် သူမကို ပျော်ရွှင်စေသည်လား။
ရှောင်းယီ မျက်နှာတွင် အလိုမကျမှုတို့နှင့် ပြည့်နှက်သွားပြီး ခါးပတ်ဆွဲယူကာ အော်ပြောလေတော့သည်။
“နန်းပေါင်ရီ .. မင်း ယဉ်ကျေးမှုဆိုတာကိုရော သိသေးရဲ့လား”
“ဘာလုပ်တာလဲ !”
နန်းပေါင်ရီ လည်း အလွန်စိတ်တိုကာ ခါးပတ်ကိုပြန်လုနေသည်။
“အဲဒါအရမ်းအရေးကြီးတယ် .. ပြန်ပေး !”
အရမ်းအရေးကြီးတယ် ?
ရှောင်းယီ လည်း အလွန်အမင်းဒေါသထွက်ကာ စကားပင် ပြန်မပြောနိုင်တော့ပေ။
ခဏကြာအောင် တွေးပြီးနောက် စိတ်ငြိမ်အောင်လုပ်ကာ …
“မင်းခါးပတ်လိုချင်ရင် ငါ့ဆီမှာ အများကြီးရှိတယ်”
နန်းပေါင်ရီ ဒေါသစိတ်တို့နှင့်ရယ်မောလိုက်ပြီး …
“အဲဒီခါးပတ်တွေနဲ့ ဘာလုပ်ရမှာလဲ .. ကိုယ့်ကိုယ်ကို ကြိုးဆွဲချရမှာလား”
နန်းပေါင်ရီ ၏ စကားကြောင့် ရှောင်းယီ ဆွံ့အသွားလေသည်။
ရှောင်းယီ လက်ထဲမှ ခါးပတ်ကြိုးကို နန်းပေါင်ရီ ပြန်ယူလိုက်ပြီး ဘဝင်မကျဟန်ကြည့်ကာ …
“ပြဿနာကို ရှာတယ် …”
နန်းပေါင်ရီ လမ်းလျှောက်သွားသည်ကို ရှောင်းယီ အနောက်မှရပ်ကြည့်နေရင်း စိတ်မထိန်းနိုင်တော့ဘဲ ပြောမိလေသည်။
“ကျန်းယွမ့်ဝမ် က နန်းပေါင်ရုံ ရဲ့ သတို့သားလောင်းပဲ .. မင်း ကျန်းယွမ့်ဝမ် ကို သဘောကျနေတာ မင်းအစ်မသိရင် ဘယ်လိုလုပ်မလဲ !”
နန်းပေါင်ရီ ရုတ်တရက်လှည့်ကြည့်လိုက်သည်။
သူမ၏မျက်လုံးတို့ပြူးကျယ်နေပြီး ကိုယ့်ကိုယ်ကို လက်ညိုးထိုးကာ …
“ညီမလေးက ကျန်းယွမ့်ဝမ် ကို သဘောကျတယ် ? ညီမလေးက သူ့ကို သဘောကျတယ်လို့ထင်နေတာလား”
****