အပိုင်း (၄၆)
နန်းကျောင်းကျောင်း စိတ်ဝင်းစားသည့်သူ
အဆုံးမဲ့နှင်းစက်သို့ သွားရမည့်အချိန် ရောက်လာလေပြီ။
နန်းပေါင်ရီ က အစေခံနှစ်ယောက်ဖြစ်သော ဟယ်ယဲ့၊ ယွိဝေ တို့နှင့်အတူ မြင်းလှည်းပေါ်တွင် ထိုင်လိုက်လာသည်။
သူမက မေးကိုလက်ထောက်ထားပြီး ပြတင်းအပြင်ဘက်ကိုငေးကြည့်နေသည်။
ရှောင်းယီ က သူမထံမှ လက်ဆောင်တောင်းထားသော်လည်း မည်သည့်လက်ဆောင်ပေးရမည်ကို မစဉ်းစားရသေး။ အမတ်လောင်းက ငွေကြေးလည်းမလိုအပ်၊ သာမန်အရာဝတ္ထုများကိုလည်းစိတ်မဝင်စားသဖြင့် တွေးရခက်နေသည်။
သူမပျင်းနေသည်ကိုမြင်ပြီး ယွိဝေ က ဝတ်ရုံလက်၏အိတ်ထဲမှ အပ်ချည်ကြိုးအနီတစ်ကြိုးထုတ်ကာ ပြောလေသည်။
“တောင်ကိုရောက်ဖို့က နှစ်နာရီလောက်လိုသေးတယ် .. သခင်မလေးပျင်းနေရင် ကြောင်ပုခက်ဂိမ်း ကစားကြမလား”
နန်းပေါင်ရီ ၏အကြည့်တို့က အပ်ချည်ကြိုးမှတစ်ဆင့် ယွိဝေ ၏မျက်နှာပေါ်သို့ရောက်သွားသည်။
သူမ၏မျက်ဝန်းများမှာ ဝင်းလက်သွားသည်။
ယွိဝေ သည် ရှောင်းယီ ၏ အစေခံမောင်းမဖြစ်ပြီး အတူနေသည်မှာ ကြာပြီဖြစ်၍ ရှောင်းယီ စိတ်ဝင်စားတတ်သည်များကို သိလောက်မည်။
သူမက ကြောင်ပုခက်ဂိမ်းကို ယွိဝေ နှင့် အားတက်သရော ကစားပြီးနောက် မေးလေသည်။
“ယွိဝေ .. နင်က ယောက်ျားတွေအကြောင်းနားလည်တယ်ဆိုတော့ ဘာလက်ဆောင်ပေးရင် သူတို့ကြိုက်ကြမယ်ထင်လဲ”
ယွိဝေ က …
“သခင်လေးကို ဥပမာပေးရရင် ပန်းတွေ၊ငါးတွေသဘောကျတယ် ဒီတော့သူဆိုရင် ထူးခြားပြီးရှားပါးတဲ့ ပန်းတွေနဲ့ ငါးသားပေါက်လေးတွေဆို သဘောကျလောက်မယ် .. တစ်ယောက်နဲ့တစ်ယောက်က အကြိုက်မတူကြဘူးလေ .. တကယ်လို့ သခင် ၃ကို လက်ဆောင်ပေးချင်ရင်တော့ သူကပိုက်ဆံကိုပိုကြိုက်တယ်”
ထူးခြားရှားပါးသောပန်းနှင့် ငါးပေါက်လေးများ။
နန်းပေါင်ရီ ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင်အကြံရသွားသည်။
နောက်ဆုံးတွင် မြင်းလှည်းက အနောက်ဘက်တောင်တန်းများ၏ တောင်ခြေသို့ ဆိုက်ရောက်လာခဲ့သည်။
ဟယ်ယဲ့ ၏ အကူအညီဖြင့် နန်းပေါင်ရီ မြင်းလှည်းအောက်သို့ဆင်းလာပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ တောင်တန်းများက နှင်းများအပြည့်ဖုံးနေပြီး ရေတံခွန်များကလည်း ရေခဲချောက်ကမ်းပါးများတွင် စီးကျနေသည့်မြင်ကွင်းမှာ အသက်ရှူမှားလောက်ပါပေသည်။
တောင်ခြေရှိဝါးတောကြီးမှာ အလွန်ထည်ဝါပြီး နွေဦးလေပြည်ကလည်း တိုက်ခတ်နေသဖြင့် ဝါးရွက်စိမ်းစိမ်းလေးများသည် တဖျပ်ဖျပ်လှုပ်ခါနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးက အပြင်လောကကြီးနှင့် အဆက်အသွယ်ပြတ်နေသကဲ့သို့ ခံစားရစေသည်။
သူတို့က အုပ်ကြွပ်အစိမ်းများ စီရီခင်းထားသော လမ်းပေါ်တွင်ရပ်နေကြပြီး ဘေးနှစ်ဖက်လုံးတွင် သက်တမ်းရင့်သော ထင်းရှူးပင်ကြီးများကိုလည်း တွေ့နေရသည်။ လမ်းမထက်မှာ လူသူရှင်းလင်းပြီး လမ်းအဆုံးရောက်သည့်အခါ အုပ်ကြွပ်အနက်ရောင်များအုပ်မိုးထားသော အဖြူရောင်နံရံနှင့် ကာရံထားသည့် တစ်မူထူးခြားသော စံအိမ်ကြီးတစ်အိမ်ရှိသည်။
“ကျောင်းကျောင်း”
နန်းပေါင်ကျူး က သူမအနားသို့လာပြီး လက်ကိုဆွဲကာ …
“သွားကစားရအောင် မမကိုအရင်သွားရှာကြမယ်”
သူတို့ရှေ့ရှိ ဧည့်သည်များက တက်ကြွနေကြပြီး တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်နေကြသည်။
နန်းပေါင်ရီ နှင့် နန်းပေါင်ကျူး တို့မှာ လူကောင်သေးသဖြင့် လူအုပ်ကြားမှ အလွယ်တကူပင် ဖြတ်သွားလိုက်သည်။ ထို့နောက် မြင်းလှည်းအောက်သို့ အစေခံတစ်ယောက်၏အကူအညီဖြင့်ဆင်းနေသော မိန်းမပျိုလေးတစ်ယောက်ကို တွေ့လိုက်သည်။
ထိုမိန်းမပျိုလေး၏အသားအရေမှာ ဖြူဝင်းနေသော်လည်း ခန္ဓာကိုယ်မှာမူ အားနည်းလှသည်။ သူမ၏ပုံပန်းသဏ္ဍာန်မှာ အလွန်ပင်နူးညံ့ကာ သနားစဖွယ်ဖြစ်နေလေသည်။
ကျန်းမာရေးမကောင်းသဖြင့် နေသာသောနေ့တွင်ပင် ခရမ်းနုရောင်ဝတ်ရုံအထူကြီးကို ဝတ်ထားရသည်။
သူမတို့၏ ဝမ်းကွဲအစ်မအကြီးဆုံး နန်းပေါင်ရုံ ဖြစ်သည်။
နန်းပေါင်ကျူး ပြေးသွားတော့မည့်အချိန်တွင် နန်းပေါင်ရီ က ရုတ်တရက်သူမကိုဆွဲထားလိုက်သည်။
“အဲဒါ ဘယ်သူလဲ”
နန်းပေါင်ကျူး လှမ်းကြည့်လိုက်ရာ မမရှေ့တွင်ရပ်ကာ စကားပြောနေသည့် ကျောက်စိမ်းရောင်ပိုးချည်ဝတ်ရုံကို ဝတ်ဆင်ထားသော ခန့်ညားသော ယောက်ျားတစ်ယောက်ကိုတွေ့လိုက်ရပြီး ထိုသူမှာ စစ်ရေးအရာရှိ ကျန်း ၏ သားပင်ဖြစ်လေသည်။
သူမကကျိတ်ရယ်လိုက်ပြီး …
“ငါတို့လာတဲ့အချိန်လွဲသွားတယ် .. မမက ခဲအိုနဲ့စကားပြောနေတာပဲ”
ခဲအို ..
နန်းပေါင်ရီ ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
မလှမ်းမကမ်းတွင် ရှောင်းယီ ၏ အနက်ရောင်ဝတ်ရုံက လေတွင် တဖျပ်ဖျပ်လွင့်နေသည်။
မြင်းပေါ်မှဆင်းကာ ဇက်ကြိုးကို ရှီးခူ ဆီသို့ပေးလိုက်ပြီးနောက် နန်းပေါင်ရီအား အေးစက်စွာ လှမ်းကြည့်သည်။
ကလေးမလေးက ကျန်းယွမ့်ဝမ် ကို မှင်သက်စွာငေးကြည့်နေသည်။
ယွိဝေ က အသံတိုးစွာဖြင့် …
“သခင်မလေးက သိပ်လိမ္မာတာပဲ .. တစ်လမ်းလုံး ဘာမှပြဿနာမရှာဘူး .. သူပျင်းနေမှာစိုးလို့ ကျွန်မတောင် ကြောင်ပုခက်ဂိမ်း အတူဆော့ပေးလိုက်သေးတယ် .. ဒါပေမယ့် သူက ယောက်ျားလေးတွေ ဘာလက်ဆောင်သဘောကျတတ်လဲလို့ ကျွန်မကို မေးတယ်”
ရှောင်းယီ ၏မျက်လုံးများ အနည်းငယ် သေးသိမ်သွားသည်။
နန်းကျောင်းကျောင်း က ကျန်းယွမ့်ဝမ် ကို လက်ဆောင်ပေးချင်နေတာလား။
သူမ တကယ်ပင် ထိုသူကို သဘောကျနေခြင်းဖြစ်ရမည်။
ရင်ထဲတွင် မဖော်ပြတတ်သော ဒေါသတစ်မျိုးဖြစ်ပေါ်လာပြီးနောက် အလိုမကျဟန်နှင့် စံအိမ်သို့သာ လျှောက်သွားလေတော့သည်။
…
စံအိမ်မှတစ်ဆင့် မြင်ရသောမြင်ကွင်းသည် လှပသောကျောက်ဆောင်များ၊ တံတားအသေးလေးများ၊ တသွင်သွင် စီးဆင်းနေသောရေများ၊ လေသာဆောင်များ၊ အမျိုးမျိုးသောသစ်ပင်ပန်းမန်များနှင့် စုံလင်ကာ အလွန်ပင် စိတ်အေးချမ်းဖွယ်ကောင်းလှသည်။
ညစာမစားခင်အချိန်တွင် အစေခံများက အထုပ်အပိုးများကိုနေရာချရင်း အလုပ်ရှုပ်နေကြပြီး ဧည့်သည်များကလည်း အဖွဲ့လိုက် ဟိုဟိုဒီဒီသွားလာနေကြကာ နန်း မိသားစုမှ ညီအစ်မများသည် ရေမြေတောတောင်သဘာဝကို ရှူစားရင်း လက်ချင်းတွဲကာ စံအိမ်ကြီးဘေးရှိ အဆောင်ငယ်လေးထဲသို့ ဆင်းလာကြသည်။
“မမကအပြင်ကို သိပ်မထွက်ပါဘူး ဒီနေ့မှထူးဆန်းလိုက်တာ!”
နန်းပေါင်ကျူး က မျက်လုံးကာ ကြည့်လျက် …
“ခဲအိုအတွက် မမလိုက်လာတာမလား”
နန်းပေါင်ရုံ ကျောက်ဆောင်ပေါ်တွင်ပေါ်တွင်ထိုင်ကာ ရှက်သွေးဖြာလျက် …
“ဒီကောင်မလေးတော့ တော်တော်ဆိုးလာတာပဲ .. တခြားသူတွေကြားသွားရင် မိန်းကလေးတစ်ယောက်အနေနဲ့ မမရဲ့သိက္ခာတွေ ထိခိုက်ကုန်မှာပေါ့ .. ဒီနေ့လာတာက အစ်ကို ၂ကို ဂုဏ်ပြုဖို့လေ သူအရာရှိဖြစ်သွားတော့ မမလည်းဂုဏ်ယူရတာပေါ့ .. ဘယ်လောက်ပဲ နေမကောင်းဖြစ်နေပါစေ သူ့ကိုတော့ ဆုတောင်းဂုဏ်ပြုပေးရမယ်လေ”
နန်းပေါင်ကျူး က ရုတ်တရက် ရေကန်၏တစ်ဖက်ကို ညွှန်ပြလေသည်။
“ဟိုမှာကြည့်ဦး !”
နန်းပေါင်ရီ ကလည်း လှမ်းကြည့်လိုက်သည်။
ရေကန်တစ်ဖက်ကမ်းရှိ မက်မွန်ပန်းပွင့်များက နှင်းဆီရောင်တိမ်လွှာများကဲ့သို့ ရဲရဲနီနေသည်။ ကျန်းယွမ့်ဝမ် က ယောက်ျားလေးအချို့နှင့် ကဗျာရွတ်နေသည်။ ကာရန်လိုက်ကဗျာများရွတ်နေပုံပင်၊ ဘေးရှိလူတိုင်းက သူ့ကိုချီးမွမ်းနေကြသည်။
ထို့နောက် သူမ နန်းပေါင်ရုံ ကို တိတ်တဆိတ်ကြည့်လိုက်သည်။
မိန်းမပျိုလေး၏ မျက်ဝန်းများမှာ တောက်ပနေပြီး အပြုံးလေးဖြင့် ခေါင်းညိတ်နေကာ သူမ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုနှင့်မြတ်နိုးမှုများကို အထင်းသားတွေ့မြင်နေရသည်။
ဟုတ်ပေသည်။ အနိုင်မခံအရှုံးမပေးတတ်သောယောက်ျားကောင်းမျိုးနှင့် လက်ဆက်ခွင့်ရသော မိန်းကလေးမျိုး ဘယ်လောက်များ ရှိနိုင်မှာလဲ။ ပါရမီရှိသောကဗျာစာဆိုတစ်ယောက်နှင့် တွေ့ဆုံခွင့်ရသောကြောင့် သူမက လက်တွဲဖော်အစစ်ကို ရှာတွေ့ပြီဟု ထင်မှတ်နေပြီး ထိုသူ့အပေါ်ခံစားချက်များ ဖြစ်တည်လာလေသည်။
အောက်ခြေမှစ၍ကြိုးစားခဲ့သူများကသာ ယုံကြည်ထိုက်သူများဖြစ်ပြီး အစကတည်းက စာဆိုပုံစံပေါက်နေသူများသည် မကောင်းမှုတစ်ခုခုကို ပုန်းလျှိုးကွယ်လျှိုးလုပ်တတ်သူမျိုးဖြစ်ကြောင်း သူမ မသိသေးပေ။
နန်းပေါင်ရီ က ကျန်းယွမ့်ဝမ် ၏ ပုံရိပ်ကို ပြောင်းပး်ရန် အကြံတစ်ခုရလိုက်ပြီး နန်းပေါင်ရုံ ကို ပြောလေသည်။
“မမ သမီးမှာ ကဗျာအပေါ်ပိုဒ် နှစ်ပိုဒ်ရှိတယ် .. သခင်လေး ကျန်း နဲ့ တခြားသူတွေကို ဖိတ်လိုက်ပြီး ဘယ်သူက အောက်အပိုဒ်ကို အမြန်ဆက်နိုင်မလဲ ကြည့်ရအောင်”
အစေခံတစ်ယောက်က သခင်လေး ကျန်း အပါအဝင် တခြားသူများကို သွားရောက်ဖိတ်ခေါ်လေသည်။
အချို့အစေခံများက ဖရဲသီးများနှင့် စားသောက်စရာများ ယူလာပေးသဖြင့် အဆောင်ငယ်လေးမှာ လူစည်ကားသွားလေသည်။
နန်းပေါင်ရီ က အသာယပ်ခတ်နေရင်း ကျန်းယွမ့်ဝမ် နှင့် သူ့အစေခံမိန်းမပျိုကို ဟန်ဆောင်ပြုံးပြလိုက်သည်။
ထိုအစေခံမှာက ပါးပြင်တွင်ပန်းနုရောင်ခြယ်သထားပြီး ချမ်းသာသောမိသားစုမှသခင်မလေးတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသည်။ သူမသည် ကျန်းယွမ့်ဝမ် အလွန်မြတ်နိုးသော အစေခံအမြှောင်မယားဖြစ်သည်။
နန်းပေါင်ရီ က မျက်နှာကိုယပ်တောင်ဖြင့်ကာပြီး နန်းပေါင်ရုံ အနားသို့ တိုးကပ်ကာ …
“ဘယ်ယောက်ျားလေးမှ သူတို့သွားတဲ့နေရာတိုင်း အစေခံမိန်းမပျိုကို ခေါ်မသွားတတ်ဘူးနော် .. သခင်လေး ကျန်း ကိုကြည့်ရတာ ဒီတစ်ယောက်နဲ့ ခြေရှုပ်နေတယ်ထင်တယ်”
“ကျောင်းကျောင်း !”
နန်းပေါင်ရုံ ကြံရမရဖြစ်သွားသည်။
“သခင်လေး ကျန်း က အအေးမိထားလို့ ရှန်းရှန်း က ပြုစုပေးဖို့လိုက်လာတာလေ သခင်လေးအပေါ် မဟုတ်တာတွေလျှောက်မတွေးနဲ့ .. နောက်ပြီး မိန်းမတွေကလည်း နောက်ဆိုရင် သူတို့ယောက်ျားအတွက် ကိုယ်လုပ်တော်တွေ စီစဉ်ပေးရမယ်ဆိုတဲ့ စည်းကမ်းတွေရှိတယ် .. အစေခံမောင်းမဆိုတာ မရှိလို့မှ မဖြစ်တာ …”
သူမ၏ ပျင်းရိစရာကောင်းသော မိန့်ခွန်းရှည်ကြီးကို နန်းပေါင်ရီနားမထောင်ချင်ပေ။
အရင်ဘဝတွင် သူမ၏ မမက ထိမ်းမြားခြင်းပင်မပြုရသေး စွန်းရှန်းရှန်း က သားတစ်ယောက်ကို လျို့ဝှက်စွာ မွေးဖွားခဲ့သည်။
နောက်ပိုင်းတွင် သူမ၏ ဝမ်းကွဲအစ်မကို ကွာရှင်းစေပြီး သားယောက်ျားလေးမွေးထားသည့် စွန်းရှန်းရှန်း ကို တရားဝင်ဇနီးအဖြစ် တင်မြှောက်လိုက်ကြသည်။
ဝမ်းကွဲအစ်ကိုနှင့် မမလက်ထပ်သွားပြီးသော်လည်း ကျန်းယွမ့်ဝမ် က အနှောက်အယှက် လိုက်ပေးနေသေးသည်။
သို့သော် ကျန်းယွမ့်ဝမ် ကို မမကမြူဆွယ်သည်ဟု စွန်းရှန်းရှန်း မှတ်ယူလိုက်ပြီး အလိမ်သတင်းများဖြန့်ပြီး မမက အရင်ယောက်ျားကို မြူဆွယ်သဖြင့် အရှက်မရှိကြောင်း စော်စော်ကားကားလိုက်ပြောသည်။ သူမ၏မမကိုလည်း အစေခံများနှင့် ရိုက်နှက်သဖြင့် သူမ၏ဝမ်းကွဲအစ်မမှာ ကိုယ်ဝန်မရနိုင်တော့သည်အထိ ဖြစ်ခဲ့ရသည်။
နောက်ဆုံး မမစိတ်ဓာတ်ကျပြီး သေဆုံးသွားသည်မှာလည်း ထိုရွံရှာဖွယ်အတွဲကြောင့်ပင်။
နန်းပေါင်ရီ က အသာယပ်ခတ်နေရင်း စွန်းရှန်းရှန်း နှင့် ကျန်းယွမ့်ဝမ် တို့ကို အကဲခတ်ကြည့်နေသည်။
သူတို့နှစ်ယောက်က သူမ၏အကြည့်ကိုခံစားမိပြီး သူမအား ပြန်ကြည့်ကြသဖြင့် နန်းပေါင်ရီ က ကလေးငယ်လေးကဲ့သို့ မျက်လုံးများကို ချစ်စဖွယ်ဝိုင်းစက်ကာ ကြည့်နေလိုက်သည်။
နန်းပေါင်ရီ အသာပြုံးပြကာ
“သခင်လေး ကျန်း က ရှု တိုင်းပြည်မှာ အတော်ဆုံးလို့ ကြားဖူးပါတယ် .. ကျွန်မမှာ ကာရန်လိုက်ကဗျာ ပထမပိုဒ်နှစ်ပိုဒ်စပ်ထားတာရှိတယ် သခင်လေးက ဒုတိယအပိုဒ်ကို ကာရန်စပ်ပေးနိုင်မလားမသိဘူး”
ကျန်းယွမ့်ဝမ် က ယဉ်ကျေးသမှုဖြင့် ထရပ်ပြီး ရုပ်ရည်ချောမောလှသည့် ထိုသူက ညင်သာကျိုးနွံစွာဖြင့် သူမကို နှုတ်ဆက်လေသည်။
“ပဉ္စမသခင်မလေး နန်း … ပြောပြပေးပါ”
ထိုသို့ပြောနေစဉ်တွင် သူ့နှုတ်ခမ်းထောင့်များက မော်ကြွားစွာ ကွေးညွှတ်နေသည်။
၁၂နှစ်အရွယ်ကလေးမလေးတစ်ယောက်က မည်မျှကောင်းသော ကဗျာပထမပိုဒ်မျိုး ရေးနိုင်မှာလဲ။
အခြားသူများရှေ့တွင် သူ့စွမ်းရည်ကို ထုတ်ပြကြွားဝါရန်အတွက် ကူညီနေခြင်းဖြစ်ရမည်။
***