အပိုင်း (၄၀)
ပြိုင်ဘက်ကင်း သခင်မလေး နန်း (၄)
အချိန်ကလည်း တရွေ့ရွေ့ကုန်ဆုံးနေပြီ။
အမွှေးတိုင်တစ်ဝက်မကုန်သေးခင်အချိန်မှာပင် နန်းယန် က ယုံကြည်ချက်ရှိစွာနှင့် သူမ၏စုတ်တံကို ချလိုက်သည်။ သူမဆွဲထားသောပန်းချီကားကို စိတ်ကျေနပ်စွာကြည့်ရင်း နန်းပေါင်ရီ ကို လှမ်းကြည့်လိုက်သည်။
နန်းပေါင်ရီ က သူမနှင့် အလွန်အလှမ်းဝေးလှသဖြင့် နန်းပေါင်ရီ ဆွဲနေသည့်ပုံကို သူမမမြင်ရပေ။ သူမ၏ပန်းချီသင်ပေးသည့်ဆရာက ပန်းချီဆွဲရာတွင် စိတ်အားထက်သန်ခြင်းနှင့် နူးညံ့ခြင်းတို့ လိုအပ်သည်ဟု ပြောခဲ့ဖူးသည်။ သူမဂရုတစိုက် သေချာဆွဲထားသဖြင့် နန်းပေါင်ရီ သူမကို လိုက်မှီလိမ့်မည်မဟုတ်ပေ။
ဒီပြိုင်ပွဲတွင် သေချာပေါက် သူမအနိုင်ရလိမ့်မည်။
အမွှေးတိုင်တစ်ချောင်းလောင်ကျွမ်းသည့်အချိန်ပမာဏ ကုန်ဆုံးသွားပြီးနောက် မောင်းတီးသံထွက်ပေါ်လာပြီး နန်းပေါင်ရီ က သူမစုတ်တံကို တည်ငြိမ်စွာချလိုက်သည်။
ပန်းချီပြိုင်ပွဲ၏ ခေါင်းစဉ်မှာ နွေဦးပန်းပွင့်များဖြစ်သည်ကို အတိတ်ဘဝမှသိရှိထားခဲ့သဖြင့် ပြိုင်ပွဲတွင်ပါဝင်ရန် သူမဆုံးဖြတ်ခဲ့သည်။
ချမ်းသာကြွယ်ဝသောမိသားစုများမှ သမီးမိန်းကလေးများသည် အရောင်အသွေးစုံသောပန်းများကို နှစ်သက်ကြသဖြင့် အရောင်စုံသည့်ပန်းများကို ကောင်းကောင်းမွန်မွန်ဆွဲတတ်ကြသည်။ အကယ်၍ ပန်းချီကားများကို အတူတကွယှဉ်တွဲလျှင် အထက်တန်းမဆန်သောကြောင့် အခြားနည်းလမ်းကိုရွေးချယ်ရန် သူမဆုံးဖြတ်ခဲ့သည်။
စစ်ဆေးသူက ပန်းချီစာရွက်များကို လာရောက်ကောက်သိမ်းသည့်အခါ နန်းပေါင်ရီ စာရွက်ကိုကြည့်လိုက်ပြီး ခေါင်းတခါခါနှင့် …
“သခင်မလေး နန်း … ပုံမှာ ပန်းတစ်ပွင့်မှလည်းမပါဘူး ဒါက ခေါင်းစဉ်နဲ့သွေဖယ်မှာစိုးမိပါတယ်”
နန်းပေါင်ရီ က ချစ်စဖွယ်ပြုံးလိုက်ပြီး …
“ကိစ္စမရှိပါဘူး ယူသွားလိုက်ပါ”
ပန်းချီကားများကို အလျင်အမြန်ပင် ခင်းကျင်းပြသလိုက်သည့်အခါ နန်းယန် ၏ အရောင်အသွေးစုံလင်ပြီး တောက်ပနေသည့်ပန်းချီကားက အများအာရုံကို ညို့ယူဖမ်းစားလိုက်သည်။ ဆယ်မျိုးထက်မနည်း အရောင်စုံပန်းပွင့်များက ရှင်သန်ရန် ရုန်းကန်ရပ်တည်နေကြဟန်ရှိနေပြီး လူအများထံမှလည်း ချီးမွမ်းသံများ ကြားရလေသည်။
သခင်မ ချန်း က သခင်မ ချန် ကို အသာတွန်းလိုက်ပြီး …
“တွေ့တယ်ဟုတ် .. နန်းယန် အပေါ် လောင်းကြေးထပ်တာ မမှားဘူးလို့ .. အခု နန်းပေါင်ရီ ဘာတွေဆွဲထားလဲကြည့်ပါဦး ရှုပ်ထွေးနေတာပဲ”
သခင်မ ချန်း က သဘောကျစွာပြုံးရင်း သခင်မ လျို ကိုကြည့်ရင်း …
“ယန ်အာ က အရမ်းတော်တာပဲနော် .. ဒုသခင်လေးကလည်း အရည်အချင်းရှိတာကို သဘောကျတာ .. ကျွန်မအထင်တော့ ပေါင်ရီ ထက် ယန်အာ က ဒုသခင်လေးနဲ့ ပိုသင့်တော်မယ်လို့ထင်တယ်”
သခင်မ ချန်း က စေ့စပ်လမ်းကြောင်းပြောင်းလိုသည်မှာ အထင်အရှားပင်။
သခင်မ လျို လည်း မျက်နှာလိုမျက်နှာရလုပ်ရန် အစွမ်းကုန်ပြုံးလိုက်ပြီး …
“ယန်အာ ကို အသိအမှတ်ပြုပေးတဲ့အတွက် သခင်မ ချန်း ကို ကျေးဇူးတင်ပါတယ်”
သခင်မ ချန် ကလည်း ထပ်မံ၍ …
“ကျွန်မရဲ့သမီးကလည်း အတော်ညံ့ဖျင်းတာ … ညီမလေး လျို .. ယန်အာ ကို ဘယ်လိုထိန်းကျောင်းပေးတာလဲ အစ်မတို့ကို သင်ပြပေးပါဦး”
သခင်မ လျို က အေးဆေးတည်ငြိမ်စွာနှင့် …
“ကျွန်မက ဘာမှအတွေ့အကြုံမရှိတော့ ဘယ်လိုထိန်းကျောင်းရလဲသေချာမသိပါဘူး ဒါက ကလေးရဲ့ မွေးရာပါပင်ကိုပါရမီကြောင့်ပါ … ကျွန်မရဲ့ ယန်အာ က သူ့ရဲ့လေ့လာပုံတွေကို အရမ်းဂရုစိုက်တော့ နေ့တိုင်းမနက် ၇နာရီထပြီးတော့ အနုပညာလေးရပ်ကို အမြဲလေ့လာဖြစ်တယ် …..”
သူမစကားမပြီးခင်မှာပင် စာမေးပွဲစစ်ဆေးသူက အနိုင်ရသူကို ကျယ်လောင်စွာ ကြေညာလိုက်သည်။
“ပန်းချီပြိုင်ပွဲရဲ့ ပထမရရှိသူက နန်းပေါင်ရီ ပါ !”
သခင်မ လျို ၏ အပြုံးမှာပို၍ကြီးမားသွားပြီး စကားဆက်ပြောလေသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ယန်အာ က ပန်းချီမှာ ထူးချွန်ရုံတင်မကဘူး လက်ရေးကလည်းအရမ်းလှတာ … သူ့အသက်အရွယ်မိန်းကလေးတွေကြားမှာ အတော်ဆုံးလို့တောင် မှတ်လို့ရ….”
သူမစကားပြောနေရင်း တစ်ခုခုက မူမမှန်သလို ခံစားလိုက်ရသည်။ လူအုပ်ကြီးမှာလည်း တိတ်ဆိတ်နေပြီး ကြောင်အမ်းလျက် စင်မြင့်ကိုသာ ကြည့်နေကြသည်။
သခင်မ လျို က သတိပြန်ဝင်လာပြီး မယုံသင်္ကာနှင့်ပြန်မေးလေသည်။
“ဘယ်သူက ပထမရသွားတာလဲ”
“ကျောင်းကျောင်း ! ကျောင်းကျောင်း က ပထမရသွားတာတဲ့ !”
နန်းကွမ် က ရင်ဘတ်ကို လက်နှင့်ထုကာ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို တစ်ချိန်တည်း ခံစားရပြီး သူ၏မျက်နှာမှာလည်း အလွန်ကျေနပ်ပျော်ရွှင်နေသည်။
လူအုပ်ကြီးမှာလည်း ပြန်လည်အုတ်အုတ်သောင်းသောင်းဖြစ်လာလေသည်။ မကျေနပ်ချက်များက အမျိုးမျိုးထွက်ပေါ်လာပြီး ဆူညံသွားလေသည်။
“နန်းပေါင်ရီ ဆွဲထားတာက ပန်းတစ်ပွင့်မှလည်းမပါဘဲနဲ့ ဘာကြောင့် ပထမရရတာလဲ !”
“နန်းယန် က အတော်ဆုံးဆိုတာ သိသာနေပြီလေ သူက ပထမရရမှာကို !”
“နန်း မိသားစုဆီက သူတို့ကို လာဘ်ထိုးခဲ့ကြတာများလား ! ဒါလုံးဝမတရားဘူး !”
နန်းယန် မျက်နှာမှာ သွေးဆုတ်နေပြီး မယုံကြည်နိုင်စွာနှင့် လက်သီးဆုပ်ထားမိရာ လက်ဖဝါးအတွင်း လက်သည်းများစိုက်ဝင်လုနီးပါး ဖြစ်နေသည်ကို သူမကိုယ်သူမ သတိမထားမိပေ။
သူမ၏ပန်းချီကားက အကောင်းဆုံးဖြစ်သည်မှာ ထင်ရှားနေပါလျက်နှင့် နန်းပေါင်ရီ က ဘာကြောင့် ပထမရသွားတာလဲ။
စစ်မေးသည့်ခေါင်းဆောင်က လူအများကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ထိုလူကြီးက သူ၏မုတ်ဆိတ်မွေးကို ကိုင်လိုက်ပြီး နန်းပေါင်ရီ ကို ခေါင်းညိတ်ပြကာ …
“သခင်မလေး နန်း ရှင်းပြပေးလို့ရမလား”
နန်းပေါင်ရီ က စင်မြင့်အလယ်ကိုလျှောက်လာခဲ့ပြီး …
“ကျွန်မက ယက်ကန်းစင်ကို ဆွဲခဲ့တာပါ”
“ယက်ကန်းစင် !?”
လူအများ နားမလည်နိုင်စွာ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသဖြင့် နန်းပေါင်ရီ က ကြည်လင်ပြတ်သားသောအသံဖြင့် ….
“ဟုတ်ပါတယ် ယက်ကန်းစင်ပါ .. ဒီယက်ကန်းစင်ကို နန်း အိမ်တော်ရဲ့ တတ်ကျွမ်းသူဆရာက မကြာသေးခင်ကမှ တီထွင်ခဲ့တာပါ .. ချည်မျှင်တွေနဲ့ လှပတဲ့ပန်းပုံလေးတွေရက်လုပ်တဲ့အခါ လုပ်ရတဲ့အလုပ်သမားတွေအတွက်လည်း အားမစိုက်ရတဲ့အပြင် အချိန်ကုန်သက်သာပြီး ခြေနင်းကိုအားပြုပြီး ရှေ့တိုးနောက်ဆုတ်လုပ်ရုံနဲ့ လှပတဲ့ပိတ်တစ်ထည်ကို ရက်လုပ်နိုင်ပါလိမ့်မယ် … ဒါကို အသုံးပြုခြင်းအားဖြင့် ပန်းပွင့်ဒီဇိုင်းတွေဟာ ပိုမိုတင့်တယ်လာပြီး ရှု ချိတ်ပိုးထည်တွေကိုလည်း အချိန်တိုအတွင်းမှာ အများအပြားထုတ်လုပ်လာနိုင်လိမ့်မယ် … နန်း အိမ်တော်က ဒီလိုကောင်းမွန်တဲ့ပစ္စည်းကို မလျို့ဝှက်ထားချင်တာကြောင့် အကုန်လုံးလည်း အသုံးပြုနိုင်ကြဖို့အတွက် အခုလိုအများသိအောင်ကြေညာလိုက်တာပါ”
ထိုယက်ကန်းစင်မှာ နန်း အိမ်တော်၏ ဆရာတစ်ယောက်က တီထွင်ခဲ့ပြီး အလွန်ကောင်းမွန်လှသဖြင့် မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း နန်း အိမ်တော်၏ ပိုးထည်လုပ်ငန်းမှာ ပိုမိုတိုးတက်အောင်မြင်ခဲ့သဖြင့် နန်း မိသားစုက ငွေကြေးအမြောက်အမြားသုံးနိုင်ခြင်းက လက်ဖွာခြင်းဟု မဆိုရလောက်ပေ။
ထိုအချက်ကပင် အခြားသောအရာရှိမိသားစုများက နန်း အိမ်တော်ကို အားကျမနာလိုဖြစ်ခဲ့ကြရသည်။
အခုဘဝတွင် အခြားသော ရှု ပိုးထည်ကုန်သည်များကိုလည်း စီးပွားရေးကောင်းမွန်စေရန် ရည်ရွယ်၍ ထိုယက်ကန်းစင်ကို သူမထုတ်ပြလိုက်သည်။ ရှု တိုင်းပြည် နာမည်ကောင်းရရုံတင်မက သူမတို့အိမ်တော်လည်း တစ်ခုတည်းသောပစ်မှတ် မဖြစ်လာနိုင်တော့ပေ။
ရှချင်ချင် က ဒေါသတကြီးနှင့် အော်ပြောလိုက်သည်။
“နင်ပြောသွားတာကောင်းပါတယ် ယက်ကန်းစင်လည်း မဆိုးပါဘူး … ဒါပေမယ့် အခုပြိုင်ပွဲရဲ့ခေါင်စဉ်နဲ့ ဘာဆိုင်လို့လဲ ! ပြိုင်ပွဲခေါင်းစဉ်က နွေဦးပန်းပွင့်များအကြောင်းလေ !”
နန်းပေါင်ရီ အသာပြုံးလိုက်ပြီး …
“ဒီယက်ကန်းစင်ကို ပန်းထိုးယက်ကန်းစင်လို့ အမည်ပေးထားပါတယ်”
နန်းပေါင်ရီ လူအများဘက်လှည့်ကာ ဦးညွှတ်လိုက်သည့် ဟန်ပန်မှာ နူးညံ့ပြီးတည်ငြိမ်နေသည်။
“ဒီပန်းထိုးယက်ကန်းစင်က အရောင်အသွေးစုံတဲ့အထည်တွေအများကြီးရက်လုပ်နိုင်ပြီး ရှု တိုင်းပြည်ကလည်း နှစ်တိုင်းအထည်တွေထုတ်လုပ်နိုင်ရင် ကျင်ကွမ်း မြို့လည်း ကြွယ်ဝချမ်းသာမှုနဲ့ ဂုဏ်သတင်းတွေ အများကြီးပွင့်လန်းရရှိလာမယ်လို့ ယူဆပါတယ်”
မိန်းမငယ်လေး၏ချိုသာသောအသံမှာ ခွန်အားအပြည့်နှင့် ပဲ့တင်ထပ်နေလေသည်။ သူမ၏ဟန်ပန်မှာလည်း ကြမ်းတမ်းသော မြေဆီလွှာမှရုန်းကန်တိုးထွက်လာသည့် တက်သစ်စအပင်ပေါက်နှင့် တူနေသည်။
ကျင်ကွမ်း မြို့က ရှု ချိတ်ပိုးအထည်များကို အလျှံအပယ်ထုတ်လုပ်ပေးနိုင်ပြီး တိုင်းပြည်၏အခွန်ဘဏ္ဌာမှာလည်း ထိုအထည်များကိုတွင် မှီခိုနေသည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ရုတ်တရက် လက်ခုပ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။
နန်းယန် အားလျော့စွာ ခြေလှမ်းဆုတ်မိလိုက်သည်။ အခုပြိုင်ပွဲတွင်လည်း သူမရှုံးနိမ့်ခဲ့ရပြန်ပြီ။ အခြေအနေကို ပြောင်းလဲမရနိုင်တော့သည်အထိ သူမရှုံးနိမ့်ခဲ့ရသဖြင့် သူမမျက်နှာမှာ ဖြူဖျော့နေလေသည်။
စင်မြင့်ထက်ကိုကြည့်ကာ သခင်မကြီးက ဘဝင်ခိုက်သွားပြီး မျက်ရည်များပင် ဝဲလာကာ …
“အရောင်အသွေးစုံ .. ကြွယ်ဝမှုနဲ့ ဂုဏ်သတင်းတွေ ပွင့်လန်းလာမယ် ! ကျောင်းကျောင်းအာ တွေးတတ်လာပြီပဲ .. တကယ်လူကြီးဖြစ်လာပြီ !”
နန်းပေါင်ကျူး က မာန်ဝင့်လိုက်ပြီး သခင်မ ချန်း ကို ကြည့်ကာ …
“သခင်မကြီး .. ကျွန်မရဲ့ညီမလေးက နန်းယန် ထက် ပိုတော်တယ်မလား .. ဘာများပြောစရာရှိသေးလဲ”
သခင်မ ချန်း ကလည်း သခင်မ ချန် ကို အပြစ်တင်လေသည်။
“ဒါရှင်ရွေးထားတဲ့သူလေ !”
သခင်မ ချန်း ကလည်း ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး မျက်နှာချိုသွေးကာ …
“စိတ်မပူပါနဲ့ .. နောက်ထပ် နှစ်ပွဲရှိပါသေးတယ် စိတ်မပူပါနဲ့”
တတိယမြောက်ပွဲမှာ လက်ရေးလှပြိုင်ပွဲဖြစ်သည်။
ထိုပြိုင်ပွဲတွင် မိန်းကလေးအများအပြားယှဉ်ပြိုင်ကြသော်လည်း နန်းပေါင်ရီ က စာရင်းမသွင်းထားခဲ့ပေ။
သူမ၏လက်ရေးမှာ ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် စံနှုန်းမမီသေးသည်ကို သူမသိသဖြင့် မပြိုင်ခဲ့ပေ။
သူမ ခုံတန်းအစွန်ဘက်တွင်ထိုင်နေပြီး နန်းယန် နှင့် အခြားမိန်းကလေးများ ယှဉ်ပြိုင်ကြပုံကို ကြည့်နေလေသည်။
နန်းယန် မှာ ငယ်ရွယ်နေသေးသဖြင့် သူမ၏ဒေါစိတ်ကို မထိန်းချုပ်နိုင်သေးပေ။ ပြိုင်ပွဲ၂ပွဲကိုရှုံးနိမ့်ခဲ့ရသဖြင့် သူမအပေါ် ဖိအားများ သက်ရောက်လာပြီး စုတ်တံကိုကိုင်ထားသည့်လက်မှာ အနည်းငယ်တုန်ယင်နေသည်။
ထိုသို့တုန်လှုပ်နေလျှင် မည်သူကမှ လှပကောင်းမွန်စွာ မရေးနိုင်ကြပေ။
စစ်မေးသူက စာရွက်များကိုပြသလိုက်သည့်အခါ နနွးယန် ၏ လက်ရေးမှာ ရှုပ်ထွေးနေရံတင်မဟုတ်၊ စုတ်ချက်များမှာလည်း တုန်လှုပ်နေပုံမှာ စာရေးသင်ခါစ ကလေးတစ်ယောက်နှင့် တူနေသည်။
လူအများက နန်းယန် လက်ရေးကို လက်ညိုးထိုးလှောင်ပြောင်ကြလေသည်။
နန်းပေါင်ရီ က အိတ်ထဲမှ ကြာပန်းသကြားလုံးကိုယူကာ ပါးစပ်ထဲလိုက်ပြီး ချစ်စဖွယ်ကောင်းစွာ မျက်ခုံးပင့်လျက် …
“မမရဲ့လက်ရေးက မလှတာကို ဝင်မပြိုင်ဘဲနေခဲ့ရမှာ အခုတော့ အလကားသက်သက် အလှောင်ခံနေရတယ်”
“အဆင့်မရှိတဲ့သူကပဲ အောင်မြင်မှုကို ရူးသွပ်နေတာ”
နန်းယန် က ရှက်ကိုးရှက်ကန်းနှင့် ဆူပူလိုက်သည်ကို နန်းပေါင်ရီ လှောင်ရယ်လိုက်ပြီး …
“မြင်းအိုကြီုးပြုတ်ကျတာထက်တော့ တော်ပါသေးတယ်”
နန်းယန် လည်း ဒေါသတကြီးနှင့် …
“နင် ငါ့ကို မြင်းအိုကြီးလို့ခေါ်လိုက်တာလား !”
စစ်မေးသူက အချိန်ကိုက်မှာပင် ထပ်ကြေညာလေသည်။
“လေးခုမြောက်ပြိုင်ပွဲက ကျားကွက် ဖြစ်ပါတယ် !”