အပိုင်း (၃၉)
ပြိုင်ဘက်ကင်း သခင်မလေး နန်း (၃)
“စိတ်ပူပေးစရာမလိုပါဘူး”
သခင်မကြီး နန်း က အဒေါ် ကျိ ကို ရွှေစ ၁သောင်း ယူထုတ်ခိုင်းပြီး နန်းပေါင်ရီ အပေါ် လောင်းကြေးတင်လေသည်။
လောင်းကြေးကိုင်သူက ပြုံးပြီး ကျယ်လောင်စွာအော်လိုက်သည်။
“သခင်မကြီး နန်း က သခင်လေး နန်း ကို လောင်းကြေးတင်လိုက်ပါပြီ !”
နန်းပေါင်ရီ ၏ အဒေါ် ၂ဖြစ်သူ သခင်မ ကျန်း ကလည်း ရွှေစ ၁သောင်းထုတ်ကာ နန်းပေါင်ရီ ကို လောင်းကြေးတင်လိုက်ပြန်သည်။
ရှောင်းယီ ကလည်း လက်ကောက်ဝတ်တွင် စည်းထားသော ခေါင်းစည်းကြိုးကို အသာပွတ်သပ်လိုက်ပြီး ယွိဝေ ကို လောင်းကြေးထပ်ရန် ပြောလိုက်သည်။
နန်းပေါင်ကျူး ကလည်း ရွှေစ ၂သောင်းထုတ်လိုက်ပြီး သူမ၏ညီမလေးအတွက် ဆိုင်းတွခြင်းမရှိ လောင်းကြေးတင်လိုက်သည်။
နန်း မိသားစုမှာ ငွေကိုရေလိုသုံးနိုင်ကြသဖြင့် အနားရှိ လူကုံထံတို့က အံ့ဩတကြီးနှင့် မျက်တောင်ပင်မခတ်ဘဲ ကြည့်နေကြလေသည်။
အိမ်တော်မှ ထွက်လာသော နန်းကွမ် သည် သူ့မိသားစု၏ကြွယ်ဝမှုများကို လောဘတကြီး ကြည့်နေလေသည်။ သူ၏အိတ်ငယ်ကိုအတန်ကြာအောင် ဆုပ်ကိုင်ထားပြီးမှ ရွှေစ ၂စကိုသာ စိတ်ကျဖွယ်ရာ ထုတ်ယူလိုက်သည်။ သူ၏ အမေ၊ ခယ်မနှင့် တူမတို့၏ မီးတဝင်းဝင်းတောက်နေသော အကြည့်များကြားမှ နန်းယန် ကို လောင်းကြေးထပ်လိုက်သည်။ သူ့တွင် ရွှေစ ၂စတည်းရှိသည်မှာ စနောက်နေခြင်းမဟုတ်၊ အမှန်အကန်သာဖြစ်သည်။
ထိုရွှေစတို့ကို နန်းပေါင်ရီ အပေါ် အလကားမသုံးချင်ပေ။ နန်းယန် သာ အနိုင်ရခဲ့လျှင် ထိုငွေကြေးများကို ရက်အတော်ကြာအောင် အသာအယာသုံး၍ ရနိုင်သေးသည်။
မိန်းကလေးများအတွက် စီစဉ်ထားသည့်ပြိုင်ပွဲမှာ အနုပညာလေးရပ်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်သူများသည် အနည်းဆုံး ပြိုင်ပွဲနှစ်မျိုးကို ပါဝင်ရမည်ဖြစ်ပြီး အဆင့်အမြင့်ဆုံးရသူကို ဘက်စုံရမှန်အပေါ်မူတည်၍ သတ်မှတ်ပေးမည်ဖြစ်သည်။
နန်းယန် က ထက်မြက်သောမိန်းကလေးအဖြစ် နာမည်သတင်းပျံ့နှံ့စေလိုသဖြင့် နောက်ဆုတ်ရန် ငြင်းဆိုပြီး ပြိုင်ပွဲလေးမျိုးတွင်ပါဝင်ရန် စာရင်းအပ်ထားလိုက်သည်။
သူမ နန်းပေါင်ရီ ဘေးတွင်ကပ်ထိုင်လိုက်ပြီး …
“ကျောင်းကျောင်း က ရှောင်းယီ ဆီကနေ သင်ခဲ့တယ်လို့ကြားတယ် .. ညီမလေးရဲ့ အနုပညာလေးရပ်အစွမ်းကတော့ အတော်တိုးတက်နေမှာပဲနော် ဘယ်ပွဲကိုပြိုင်ဖို့စာရင်းပေးထားမှာလဲ မမလို ပြိုင်ပွဲလေးခုလုံးပြိုင်ဖို့ စာရင်းအပ်ထားလိုက်ပါလား … သခင်မ ချန်း လည်း ကြည့်နေတာဆိုတော့ ကျောင်းကျောင်း က အကောင်းဆုံးလုပ်နိုင်မှဖြစ်မယ ်နော်”
နန်းယန် မာန်ဝင့်သွားပြီး နန်းပေါင်ရီ က ပြိုင်ပွဲလေးခုလုံးကို ဝင်ပြိုင်ခဲ့လျှင် သူမအတွက် နန်းပေါင်ရီ ကို အနိုင်ယူနိုင်ပေလိမ့်မည်။
နန်းပေါင်ရီ က အသာပြုံးလိုက်ပြီး …
“မမက ဒေါင်းလိုပဲနော်”
“ဒေါင်း ?”
နန်းယန် ရှက်သွေးဖြာသွားပြီး …
“မမက အရမ်းလှနေတယ်လို့ ပြောချင်တာလား”
“အို မဟုတ်ပါဘူး .. မမကိုယ့်ကိုယ်ကို ဂုဏ်ဖော်နေတာက ဒေါင်းတစ်ကောင် သူရဲ့မိတ်ဖက်ကို အမွေးအတောင်တွေ ကြွားပြနေတာနဲ့ တော်တော်တူနေတယ်လို့ တွေးမိသွားတာပါ”
နန်းယန် မျက်နှာ နီရဲသွားပြီး လက်ကိုင်ပုဝါကို တင်းကြပ်အောင်ဆုပ်ကိုင်ပြီး နန်းပေါင်ရီ ကို မကျေမနပ်နှင့် စိုက်ကြည့်နေလေသည်။
ပါဝင်ယှဉ်ပြိုင်ကြသော မိန်းကလေးများလည်း ရယ်မောကြကုန်သည်။ သူမတို့အများစုမှာ နန်းယန် ကို မုန်းတီးကြပြီး ယနေ့အချိန်အခါကြောင့် သူမတို့၏စိတ်ရင်းကို မဖော်ထုတ်လိုကြပေ။ သို့သော် နန်းပေါင်ရီ ၏ ပွင့်လင်းသောလှောင်ပြောင်မှုကြောင့် သူမတို့ စိတ်သက်သာရာရသွားကြသည်။
ပထမပွဲစဉ်မှာ ဂီတဖြစ်သည်။ ထိုပွဲစဉ်တွင် မိန်းကလေး ၆ယောက်စာရင်းပေးထားပြီး ၂ယောက်တစ်ဖွဲ့ဖွဲ့စီ ခွဲကာ ဗျတ်စောင်းအတူတီးကာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဗျတ်စောင်းတီးစွမ်းရည်ကို စစ်ဆေးခြင်းဖြစ်သည့်အပြင် ပွဲကြည့်ပရိတ်သတ်တို့က စိတ်ပါဝင်စားခြင်းရှိမရှိကိုလည်း စစ်ဆေးခြင်းဖြစ်သည်။ တိုက်ဆိုင်စွာ နန်းပေါင်ရီ နှင့် နန်းယန် တို တစ်ဖွဲ့တည်းအတူကျသွားလေသည်။
နန်ယန် က သူမနေရာတွင် ထိုင်လိုက်ပြီး …
“ကျောင်းကျောင်း .. ဘယ်သီချင်းတီးမှာလဲ မမနဲ့အတူတူတီးပါလား .. မမသံစဉ်နောက်ကနေ လိုက်လာရုံလေးပဲ ညီမလေးမှားတီးမိရင်တောင် မျက်နှာမပျက်ရတောဘူးပေါ့”
သူမနှင့်အတူတူတီးလျှင်တောင် နန်းပေါင်ရီ တို့ကြားတွင် ကွာခြားရှိနေကြောင်း လူအများ သတိထားမိကြလိမ့်မည်။
“မလိုပါဘူး”
နန်းပေါင်ရီ ငြင်းဆိုလိုက်သဖြင့် နန်းယန် မဲ့ပြုံးပြုံးလိုက်လေသည်။ ထိုကောင်မလေး မျက်နှာပျက်မည်စိုးသောကြောင့် သေချာပေါက် သူမကို ငြင်းဆန့်လိမ့်မည်ပင်။ ကိစ္စမရှိပါ၊ ကောင်းမွန်သော သဘာဝသံစဉ်တေးသွား တီးခတ်ပုံကို နန်းပေါင်ရီ ကို သူမ ပြသပေးမည်ဖြစ်သည်။
“စတော့ !”
ပြိုင်ပွဲစရန်အသံပေးပြီးနောက် နန်းယန် က ဦးဆောင်၍ ကြိုးများကိုအနည်းငယ်ညှိပြီး စတင်တီးခတ်လိုက်သည့်အသံမှာ ရေအသွင်သို့ သာယာစွာပျံ့လွင့်ပြီး စင်မြင့်ထက် ပဲ့တင်ထပ်ကြားနေရတော့သည်။
နန်းယန် တီးခတ်နေသည်က [ပျော်ရွှင်ခြင်းရဲ့ခါးသီးမှု] ဟု အမည်ရပြီး နန်းတွင်းထဲတွင် ခါးသီးစွာနေထိုင်ခဲ့ရသည့် မိန်းမတစ်ယောက်အကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်သည်။ တေးသွားမှာ အလွန်ဝမ်းနည်းစရာကောင်းပြီး ပရိတ်သတ်တို့မှာလည်း နန်းတော်ထဲသို့ ရောက်သွားသကဲ့သို့ ခံစားရလိုက်ရပြီး ကြာရှည်လှသော အထီးကျန်ညများကို ကြံ့ကြံ့ခံကာ မျှော်လင့်ချက်ကြီးကြီးမားမားထားသည့်စိတ်များ ဖြစ်ပေါ်လာသကဲ့သို့ ခံစားလိုက်ကြရသည်။
ဧည့်ပရိတ်သတ်လူအပေါင်းက ဝမ်းနည်းပူဆွေးနေကြချိန် ရုတ်တရက် တည်ငြိမ်ကြည်လင်ထင်ရှားသော သံစဉ်တစ်ခုထွက်ပေါ်လာသည်။
သံစဉ်ကိုနားထောင်ရသည်မှာ သည်းထန်သောမိုးရေထဲ ကြမ်းတမ်းစွာတိုက်ခတ်နေသည့် လေကြမ်းသကဲ့သို့၊ တိုက်ပွဲအတွင်း မြင်းထောင်ပေါင်းများစွာ ပြေးနေသကဲ့သို့ ခံစားရစေပြီး နန်းတွင်းထဲမှပူဆွေးမှုကို ပယ်ဖျောက်ကာ တိုက်ပွဲအတွင်းရောက်သွားသော ခံစားချက်ကို ချက်ချင်းဖြစ်ပေါ်စေသည်။
နန်းပေါင်ရီ ခေါင်းစိုက်ကျကာ ဗျတ်စောင်းကြိုးများကို လက်နှစ်ဖက်နှင့် တီးခတ်နေသည်မှာ အလင်းကဲ့သို့ အလွန်လျင်မြန်လှသည်။ ပြီးခဲ့သည့် ရက်၂၀ကျော်အတွင်း ထိုတေးသွားကိုသာ သူမလေ့ကျင့်ခဲ့သည်။
ထိုတေးသွားကို သူမလက်တို့ပေါက်ပြဲသည်အထိ လေ့ကျင့်ခဲ့ပြီး မေ့လျော့ခဲ့လျှင်တောင် သူမ၏လက်များက မမေ့မလျော့ သတိရမှတ်မိနိုင်သည်အထိ အထပ်ထပ်အခါခါ လေ့ကျင့်ခဲ့သည်။
ထိုတေးသွားမှာ [တံတိုင်းပျက်စီးခြင်း] ဖြစ်သည်။
နန်းပေါင်ရီ ခေါင်းမော့ကာ မနီးမဝေးမှာ ထိုင်ခုံများကို လှမ်းကြည့်လိုက်သည်။ ရှု တိုင်းပြည်မှ အဆင့်မြင့်အရာရှိများအသီးသီး ထိုင်နေကြပြီး ကျက်သရေရှိစွာ ဝတ်ဆင်ထားကြသည်။ စကားပြောဆိုရယ်မောနေကြသည့်အခါ ကြင်နာတတ်ကြပြီး တိုင်းပြည်မှ အကောင်းဆုံးလူများ ဖြစ်ကြပုံပေါ်နေသည်။ သို့သော် အတိတ်ဘဝတွင် ထိုသူများသည် နန်း မိသားစု၏ စည်းစိမ်များကို ဖြိုခွဲခဲ့ကြသော စက်ဆုပ်ဖွယ်ရာ လူတစ်စုပင်ဖြစ်သည်။
နန်းယန် က မိသားစုကို သစ္စာဖောက်သွားပြီး ပြစ်မှုသက်သေများနှင့် နန်း အိမ်တော်ကို အကျင့်ပျက်ခြစားမှုနှင့် မတော်လောဘကြီးမှုတို့ဖြင့် စွပ်စွဲရန် ချန်း အိမ်တော်ကို ကူညီပေးခဲ့ပြီး နန်း အိမ်တော်ကို တိုက်ခိုက်ပြီး ဖျက်ဆီးပစ်ခဲ့သည်။
သူမတို့ပိုင်ဆိုင်သည့်စည်းစိမ်များကိုလည်း သေတ္တာမြောက်မြားစွာနှင့် သယ်ယူခဲ့ကြသည်။ အရာရှိများကို သူမငိုယိုကာ တောင်းပန်ခဲ့သော်လည်း ကူညီပေးရန် ငြင်းဆန်ခဲ့ကြသည့်အပြင် သူမတို့နှင့် ထိုက်တန်သည်ဟုပင်ပြောကာ လှောင်ခဲ့လေသည်။
ကြာတော့မှသာ ချန်းတယ်ယွီ နှင့် နန်းယန် တို့၏စကားကို ကြားခဲ့ရပြီးနောက်တွင် သူမတို့၏ စည်းစိမ်ဥစ္စာများသည် နိုင်ငံပိုင်ဘဏ္ဍာအဖြစ် ထိန်းသိမ်းခံရသည်မဟုတ်ဘဲ ရှု တိုင်းပြည်တွင်းရှိ အရာရှိမှူးမတ်များထံ ရောက်သွားသည့်အကြောင်းကို သူမသိခဲ့ရသည်။ ဘုရင်ခံ ချန်း အိမ်တော်၊ စစ်ရေးအရာရှိ ကျန်း အိမ်တော်၊ စစ်ရေးအရာရှိ ရှ အိမ်တော်နှင့် တပ်မှူး ရွှယ် အိမ်တော်တို့ပင် ပါဝင်ခဲ့သည်။
ယနေ့အချိန်ထိ ထိုရွံရှာဖွယ်ကောင်းသူများ၏မျက်နှာများကိုပင် သူမမှတ်မိနေသေးသည်။ သူမကူညီရာမဲ့ဖြစ်ခဲ့ရသည်ကို အခုချိန်ထိတိုင် သတိရနေပြီး ပတ်ဝန်းကျင်အဘက်ဘက်မှ ရန်သူများ ဝိုင်းဝန်းနေသကဲ့သို့ ခံစားခဲ့ရသည်ကိုလည်း မမေ့သေးပေ။
သူမတို့မှာ အလွန်ချမ်းသာကြသဖြင့် အခြားသူများက မနာလိုကြပြီး သူမတို့ကို အမျိုးမျိုးဒုက္ခပေးကြလေတော့သည်။
ထိုအကြောင်းရာများကို ပြန်လည်သတိရမိသောအခါ သူမမျက်နှာထက် မျက်ရည်ပူများကျဆင်းလာသည်။
မိန်းကလေးငယ်၏လက်ချောင်းများရွေ့လျားမှုကြောင့် ဗျတ်စောင်းအသံမှာ လေမုန်တိုင်းကဲ့သို့ ခက်ထန်ပြီး စိတ်အားငယ်ခြင်းနှင့် ခါးသီးခြင်းတို့ ရောပြွမ်းနေသည်။
ရှောင်းယီ ပြောသည့်သကဲ့သို့ နန်း အိမ်တော်ထဲတွင် စည်းစိမ်ဥစ္စာများစွာ ဖုံးကွယ်ထားလျှင် လောဘသားကောင်များဝိုင်းဝန်းလာကြပြီး ထိုသို့သောအဆုံးသတ်ကို ကြုံတွေ့ရမည်မှာ မလွဲဧကန်ပင်။
သို့သော် ယခုဘဝတွင် နန်း အိမ်တော် ကို ပျက်စီးရာပျက်စီးကြောင်း မကြံစည်ကြနိုင်ခင်မှာ သူမ နန်းပေါင်ရီ သည် ကိုယ်တိုင်ရပ်တည်နိုင်ရန်ကြိုးစားပြီး အတိတ်ဘဝတွင် သူမမိသားစုကကာကွယ်ပေးသကဲ့သို့ သူမ၏မိသားစုကို ကာကွယ်ပေးရမည်ဖြစ်သည်။
ထိုစက်ဆုပ်ဖွယ်ကောင်းသောလူများ မြေအောက်ငရဲသို့ ရောက်သွားကြပါစေ။
သူမ၏တေးသွားမှာ ခံစားချက်အမြင့်ဆုံးကို ရောက်လာသည်။
ပရိတ်သတ်များမှာ တိတ်ဆိတ်စွာနားထောင်နေကြပြီး အချို့သူများမှာလည်း မျက်ရည်များကျလာနေသည်။
စင်မြင့်ထက် တေးသွားတီးခတ်နေသော မိန်းကလေးကို ကြည့်နေကြပြီး ပိုးတုံးလုံးအိမ်မှ ခွဲထွက်လာသော လိပ်ပြာတစ်ကောင်၏ဘဝကို ပထမဆုံးအကြိမ် နားလည်လိုက်ကြလေသည်။
နန်းယန် ထိတ်လန့်သွားပြီး သူမ၏စွမ်းရည်ကိုပြသရန် အစွမ်းကုန်ကြိုးစားသော်လည်း သူမ၏တေးသွားမှာ အားလျော့လာပြီး သူမ၏ဗျတ်စောင်းသံကိုပင် မကြားရတော့ပေ။
နန်းယန် လည်း အထိတ်တလန့်နှင့်တီးခတ်ရာ သူမ၏စောင်းကြိုးပြတ်သွားလေသည်။
အခုပြိုင်ပွဲတွင် ရလဒ်မှာ သိသာနေလေပြီ။
သခင်မ ချန်း က ထိုင်နေရင်းနှင့် မျက်မှောင်ကြုတ်လိုက်သဖြင့် သခင်မ ချန် က နှစ်သိမ့်ပေးလေသည်။
“ဒါက ပထမပြိုင်ပွဲပဲရှိပါသေးတယ် မိန်းကလေးတွေက စိတ်လှုပ်ရှားတတ်တယ်လေ … နန်းယန် က ပြိုင်ပွဲလေးခုလုံး စာရင်းပေးထားတာ နောက်ထပ် သုံးပွဲကျန်သေးတယ် .. စိတ်မပူပါနဲ့ စိတ်မပူပါနဲ့”
ဒုတိယပြိုင်ပွဲ မှာ ပန်းချီဆွဲခြင်းဖြစ်သည်။
ပထမပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ရခြင်းကို သူမပြန်လည်လက်စားချေလိုသဖြင့် အခုတစ်ခေါက်တွင် သူမအခွင့်အရေးသေးသေးလေးကိုပင် လက်လွှတ်မခံတော့ပေ။ စုတ်တံ၊ မင်၊ မင်ဖျော်ကျောက်၊ စာရွက်တို့ကို ရပြီးသည်နှင့်ချက်ချင်း ပန်းချီစဆွဲလေသည်။ သူမ၏အတားအဆီးမဲ့လှုပ်ရှားမှုများကြောင့် ပရိတ်သတ်များထံမှ ချီးမွမ်းစကားများ ကြားရလေသည်။
သခင်မ ချန် က ပြုံးလျက်လက်ခုပ်တီးရင်း …
“ဒါပဲလေ .. ဒီတစ်ခေါက်တော့ သေချာပေါက် နန်းယန် အနိုင်ရမှာ ကြည့်လို့ကောင်းလိုက်တာ … နန်းပေါင်ရီ က ဂီတမှာ အနိုင်ရခဲ့ပေမယ့် ဒါက အခွင့်အရေးရလို့ ဒီလိုဖြစ်သွားတာ”
သခင်မ ချန်း က လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး စိတ်ကျေနပ်စွာနှင့် …
“လူတွေပြောကြသလိုပေါ့ တစ်ခုခုကိုတတ်ကျွမ်းဖို့အတွက် အချိန်အများကြီးလိုအပ်တယ် … ပန်းချီပညာကလည်း လှည့်ကွက်နဲ့တင်မလုံလောက်ဘူး ကိုယ်တိုင်ကျွမ်းကျင်မှရတာ”
ရှောင်းယီ လက်နောက်ပစ်ကာ တည်ငြိမ်စွာရပ်နေသည်။
ပန်းချီဆွဲခြင်းနှင့် လက်ရေးလှရေးကျင့်ခြင်းမှာ အခြေခံအသိပညာလိုအပ်ပေသည်။ ကလေးမလေးက ဘယ်လောက်ပင် ခက်ခဲစွာကြိုးစားနေပါစေ၊ ရက်တိုတိုအတွင်း နန်းယန် ကို လိုက်မှီနိုင်မည်မဟုတ်သောကြောင့် ဂီတနှင့် ကျားကွက်ကိုသာ ယှဉ်ပြိုင်ရန် အကြံပေးခဲ့သည်။ သို့သော် မထင်မှတ်စွာ ကလေးမလေးက ပြိုင်ပွဲလေးခုလုံးကိုပြိုင်ရန် စာရင်းပေးခဲ့သည်။
ယခုပြိုင်ပွဲအတွက် ခေါင်းစဉ်မှာ နွေဦးပန်းပွင့်များ ဟု အမည်ရသည်။
ညင်သာသောလေပြေလေးက စင်မြင့်ထက် ဖြတ်သန်းတိုက်ခတ်သွားပြီး နန်းပေါင်ရီ မှာ စင်မြင့်ထက်တွင် လှပစွာထိုင်နေပြီး သူမ၏စိမ်းပြာရောင်ဂါဝန်လေးမှာလည်း လေယူရာ လွှင့်နေလေသည်။ သူမနဖူးထက်မှ ဆံနွယ်အနည်းငယ်ကျနေပြီး လှပသောမျက်နှာလေးကို အသာကွယ်နေလေသည်။
နန်းပေါင်ရီ မျက်လွှာကိုအသာချကာ သူမ၏ဖြူဖွေးသွယ်လျသောလက်ချောင်းများမှာလည်း ပန်းချီကားချပ်ကို အသာအယာကိုင်ကြည့်နေပြီး အခြားသောမိန်းကလေးများကဲ့သို့ မင်ရည်များကို နေရာအနှံ့လောင်းချနေခြင်းမရှိပေ။ သစ်သားပေတံကို အသာယူပြီး စာရွက်ကို တိုင်းတာပြီး တွက်ချက်နေလေသည်။
ပန်းပွင့်ပုံများ ဆွဲရာတွင် ပေတံကို လိုအပ်သည်လား။
သူမ အမှန်တကယ် ဘာကိုဆွဲနေတာလဲ။