အပိုင်း (၄၁)
ပြိုင်ဘက်ကင်း သခင်မလေး နန်း (၅)
နန်းယန် သူမစိတ်ကိုလျော့ကာ တည်ငြိမ်အောင် အရင်လုပ်လိုက်သည်။ ဘယ်လိုပင်ဖြစ်ဖြစ် အခုပွဲတွင် သူမ သေချာပေါက်အနိုင်ယူပြီး မိမိဂုဏ်သိက္ခာကို ပြန်လည်မြင့်တင်ရမည်။
ကံကောင်းစွာပင် သူမသည် အစ်ကိုဖြစ်သူနှင့် မကြာခဏ ကျားဆော့တတ်သဖြင့် ကျားကွက်ကစားရာတွင် အလွန်ကျွမ်းကျင်ပိုင်နိုင်လှသည်။
နန်းပေါင်ရီ က ကျားကွက်စားပွဲဘေးတစ်ဖက်တွင် ထိုင်လိုက်ပြီး လက်တစ်ဖက်နှင့် မေးထောက်ကာ ကျားစေ့အနည်းငယ်နှင့် ဆော့နေရင်း အသာပြုံးပြကာ …
“ညီမလေးက မမကို စောင့်နေတာ”
နန်းပေါင်ရီ ၏အကြည့်ကို ဂရုမစိုက်ဘဲ နန်းယန် ထိုင်လိုက်သည်။
စင်မြင့်ပေါ်ကိုလှမ်းကြည့်နေသော သခင်မ ချန်း က စိတ်မရှည်စွာ …
“သခင်မ ချန် … ရှင်ပြောတော့ နန်းယန် ကို လောင်းကြေးတင်သင့်တယ်ဆို အခု သူက သုံးပွဲဆက်တိုက်ကို ရှုံးနေတာ .. ဒီတစ်ပွဲလည်း အခြေအနေကောင်းမယ့်ပုံမပေါ်ဘူး !”
သခင်မ ချန် ကလည်း စိုးရိမ်ပူပန်စိတ်များဖြစ်လာပြီး …
“မဖြစ်နိုင်ပါဘူး .. နန်းယန် က ကျင်ကွမ်း မြို့မှာ အတော်ဆုံးမိန်းကလေးဆိုတာ ကျွန်မအမြဲကြားနေခဲ့တာ .. သခင်မ လျို ရှင့်သမီးက ဘယ်လိုဖြစ်သွားရတာလဲ”
သခင်မ လျို က မတ်တပ်ရပ်လိုက်ပြီး ရိုကျိုးစွာနှင့် …
“ယန်အာ က ငယ်သေးတော့ တစ်ခါတလေ အမှားလုပ်မိတာဖြစ်ပါလိမ့်မယ် ဒါပေမယ့် ကျားကစားတာက သူ့ရဲ့အားသာမှုပါ .. သူ ၆နှစ်အရွယ်ကတည်းက အစ်ကိုဖြစ်သူနဲ့ မကြာခဏဆော့ကစားနေတာ ဒီနှစ်တွေအများကြီးအတွင်း စာသင်ကျောင်းမှာလည်း သူ့ကိုနိုင်တဲ့သူမရှိခဲ့ဘူး … သခင်မတို့ စိတ်ချပါ ယန်အာ က သခင်မတို့ကို စိတ်မပျက်စေရပါဘူး”
ကျားပြိုင်ပွဲတွင် နန်းပေါင်ရီ က မေးထောက်နေပြီး အင်္ကျီစကိုဆော့ကစားကာ တစ်ချက်မှမရွေ့ရသေးပေ။
နန်းယန် ၏ ကျားကစားပုံမှာ လူတို့ကို ကြိုးကိုင်ခြယ်လှယ်နေသကဲ့သို့ အသေးစိတ်ဂရုစိုက်လွန်းသည်။ မထင်ထားသောအကွက်များကိုသာ သေချာထိန်းချုပ်ကာ ရွေ့နေသည်။
နန်းပေါင်ရီ အမြင်ထဲတွင် အနက်ရောင်ကျားစေ့များကို ရှု တိုင်းပြည်၏ အဆင့်မြင့်အရာရှိအဖြစ် မြင်လာသည်။
နန်း မိသားစု၏ ကြွယ်ဝချမ်းသာမှုအပေါ် မနာလိုမိစ္ဆာစိတ်များကြောင့် နန်း မိသားစုကို ဖျက်ဆီးပစ်ရန် ကြံစည်ခဲ့ကြသည်။ လူကုံထံကုန်သည်များက အရာရှိများနှင့် အတိုက်အခိုက်မဖြစ်ကြလျှင် သူမ ဘယ်လိုဖြေရှင်းနိုင်မှာလဲ။
သူမအကြည့်တို့မှာ အနည်းငယ်သာလှမ်းသောနေရာကို စူးစိုက်ကြည့်လိုက်မိသည်။ စစ်မက်ဆိုင်ရာ မိသားစုများဖြစ်ကြသော သခင်မ ကျန်း နှင့် သခင်မ ချန်း တို့လည်း ရှိနေကြသည်။
အတိတ်ဘဝတွင် နန်းပေါင်ရီ ၏ ယောက္ခမဖြစ်ခဲ့သည့် သခင်မ ချန်း ဖြစ်သူ ဟွမ်ယွဲ့လီ က သူမထိမ်းမြားပြီးနောက် ချန်း အိမ်တော်သို့ ဝင်ရောက်သည့်အချိန်မှစ၍ သူမကို အေးစက်နေသည့်နှင်းပြင်ပေါ်နှင့် ဘိုးဘွားကမ္ဗည်းဆောင်ရှေ့တွင် ဒူးထောက်စေပြီး နေ့ရောညပါ အစေခံနှင့်မခြား ခိုင်းစေကာ အမျိုးမျိုးနှိပ်စက်ခဲ့သည်။
သို့သော် ချန်း အိမ်တော်မှာ ရှု တိုင်းပြည်တွင် အင်အားကြီးသဖြင့် သူတို့ကို ဖယ်ရှားရန်မလွယ်ပေ။
စစ်ရေးအရာရှိ ကျန်း ၏ ဇနီးဖြစ်သူ သခင်မ ချန် က နန်းပေါင်ရီ တစ်ဝမ်းကွဲအစ်မအကြီးဆုံး၏ ယောက္ခမဖြစ်သည်။
အကြီးဆုံးဝမ်းကွဲအစ်မ နန်းပေါင်ရုံ မှာ အမြဲအားနည်းကာ မကြာခဏဖျားနာတတ်သည်။ သူမလက်ထပ်ခြင်းမပြုခင်က သခင်မ ချန် သည် သူမအပေါ် နွေးထွေးပြီး ရင်းနှီးစွာဆက်ဆံသည်။ ထိမ်းမြားပြီးတော့မှသာ ကျန်းယွမ့်ဝမ် တွင် ကြိုက်နှစ်သက်နေပြီးသော အစေခံတစ်ယောက်ရှိပြီး ထိုအစေခံနှင့် ကလေးတစ်ယောက်ရထားသည့်အကြောင်းကို ပြင်ပသို့မပေါက်ကြားစေရန် လျို့ဝှက်ထားခဲ့သည်။
စိတ်တိုစရာအကောင်းဆုံးက ဝမ်းကွဲအစ်မ၏ ခန်းဝင်ပစ္စည်းများကို အပိုင်သိမ်းပြီးသည်နှင့် သခင်မ ချန် က ကျန်းယွမ့်ဝမ် ကို ကွာရှင်းပြတ်စဲစေပြီး ထပ်မံထိမ်းမြားခြင်းကို ပြုလုပ်ခိုင်းလေသည်။
ဝမ်းကွဲအစ်မသည် ကွာရှင်းပြီးနောက် သူမကိုအမှန်တကယ်ချစ်မြတ်နိုးသူလည်းဖြစ်ပြီး သူမ၏ မောင်တစ်ဝမ်းကွဲဖြစ်သူ စုန့်ရှစ်နင် နှင့် လက်ထပ်ခဲ့သည်။
နန်းပေါင်ရီ က သူမ၏ဝမ်းကွဲအစ်မကို ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားရလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ကျန်းယွမ့်ဝမ် က စိတ်နှစ်ခွနှင့် ကြင်နာတတ်ယောင်ဆောင်သောသူတစ်ယောက် ဖြစ်နေလေသည်။ သူက ကဗျာရေးရာတွင် အလွန်ကလောင်ထက်သဖြင့် ဝမ်းကွဲအစ်မအပေါ် သူ၏လွမ်းဆွေးခြင်းများနှင့် မိမိဆန္ဒမပါဘဲ အမေ၏ဖိအားကြောင့်သာ ကွာရှင်းခဲ့ရသည့်အကြောင်း အမျိုးမျိုးဖွဲ့နွဲ့လေသည်။
ဝမ်းကွဲအစ်မမှာ စိတ်ထားပျော့ညံ့သဖြင့် သူမတစ်ခါထိမ်းမြားပြီးသည်နှင့် ကျန်းယွမ့်ဝမ် ကို သူမချစ်မိသွားသည်။ သူမကို မကြာခဏ နှိပ်စက်ရန်ရှာလေ့ရှိပြီး နောက်ဆုံးတွင် စိတ်ဖိစီးမှုကြောင့် သူမသေဆုံးခဲ့ရသည်။ သူမသေဆုံးသွားချိန်တွင် အသက် ၁၈နှစ်ပင် မပြည့်သေးပေ။
ဝမ်းကွဲကလည်း ရင်ကွဲကာ သူ၏ပိုင်ဆိုင်မှုတို့ကို လှူတန်းလိုက်ပြီး တပ်ဖွဲ့ထဲသို့ဝင်ကာ တိုက်ပွဲတွင်းမှာတွင် ကျဆုံးခဲ့ရသည်။
စုန့်ရှစ်နင် ၏ နက်ရှိုင်းလှသောချစ်ခြင်းကို ဘယ်သူမှမသိလိုက်ရဘဲ ကျန်းယွမ့်ဝမ် ၏ အချစ်ကြီးမှုကိုသာ ချီးကျူးပြောဆိုနေကြလေသည်။
ထိုသူမှာ အပြောနှင့်အလုပ်တခြားစီဖြစ်ပြီး လိမ်ညာဟန်ဆောင်နေသည်ကို ဘယ်သူမှမသိကြပေ။ ကျန်းယွမ့်ဝမ် သည် အဆွေးကဗျာများစွာ ရေးဖွဲ့သော်လည်း မောင်းမတော်ကောက်နေသည်ကို မရပ်တန့်နိုင်ပေ။
ကျန်း မိသားစုသည် ရွံရှာဖွယ်ဖြစ်ပြီး အလွန်စိတ်တိုစရာကောင်းလှသည်။
“နန်းပေါင်ရီ .. တစ်ချက်မှမရွေ့ရင် အရှုံးလို့သတ်မှတ်မှာနော်”
နန်းယန် ၏ စိတ်မရှည်သောအသံကြောင့် နန်းပေါင်ရီ အတွေးများပျက်ကာ သတိပြန်ဝင်လာလေသည်။ သူမ ကျားကွက်ထောင့်နားကိုကြည့်လိုက်သည်။ သူမ၏ဝမ်းကွဲအစ်မသည် လာမည့်နှစ်တွင် လက်ထပ်ထိမ်းမြားတော့မည်။ ထို့ကြောင့် ကျားကွက်ကစားရာတွင်လည်း ကျန်း မိသားစုကို အရင်တိုက်ခိုက်သင့်သည်မဟုတ်လား။
နန်းပေါင်ရီ အသာပြုံးကာ တည်ငြိမ်စွာပင် သူမ၏အကွက်ကို ရွေ့လိုက်သည်။
“နိုင်ပြီ”
ကစားပွဲအခြေအနေမှာ ရုတ်ချည်းဆိုသလို ဆန့်ကျင်ဘက်ဖြစ်သွားပြန်သည်။
နန်းယန် မှာ အံ့ဩတကြီးနှင့် စကားပင်ပြန်မပြောနိုင်တော့ပေ။
စင်မြင့်ပေါ်ကိုကြည့်ရင်း တစ်ယောက်ယောက်က နန်းပေါင်ရီ ၏ ဉာဏ်ရှိရှိအကွက်ရွေ့နည်းကို ချီးကျူးလိုက်သည်။
“ရွှေလိုဥထားရတဲ့မိန်းကလေးက ငယ်ငယ်လေးရှိသေးပေမယ့် ကျားကွက်ကစားတဲ့ပုံက ဉာဏ်ရှိရှိနဲ့ တိတိကျကျရှိတာ အရမ်းရှားတယ်”
ထိုချီးကျူးစကားပြောလိုက်သူက အသက် ၄၀အရွယ် နောက်ခံကြီးမားဩဇာရှိသော လူတစ်ယောက်ဖြစ်နေသည်။
သခင်မကြီး နန်း က သူမကိုထူမပေးရန် ရှောင်းယီ ကို ပြောလိုက်ပြီး ထိုလူကြီးကို အရိုအသေပြုလိုက်သည်။
“စစ်သူကြီး စစ်ထို့”
စစ်ထို့လင်း က လက်တစ်ဖက်ပေါ်တစ်ဖက်အုပ်ပြီး အရိုအသေပြုနှုတ်ဆက်လေသည်။
“သခင်မကြီး နန်း က အမြဲကျန်းမာအားပြည့်နေတာပဲနော်”
“အရင်နှစ်တွေကတည်းက စစ်သူကြီးကို အိမ်တော်ဆီ ဖိတ်ခေါ်မလို့ပါပဲ အလုပ်တွေပျက်မှာစိုးလို့ မဖိတ်ခဲ့မိတာ စစ်သူကြီး နားလည်ပေးပါ”
သခင်မကြီးက နှစ်ခြိုက်စွာပြုံးရင်း …
“ထိုင်ပါဦး စစ်သူကြီး .. ဒီနေ့ရဲ့ပွဲတော်ကို ရှုစားဖို့ ဖိတ်ပါရစေ”
စစ်ထို့လင်း က ရှောင်းယီ ကို ကြည့်လိုက်ပြီး …
“ဒီလူငယ်လေးက ….”
ရှောင်းယီ က ခေါင်းကိုနှိမ့်ချကာ ဦးညွှတ်လိုက်သည်။
သခင်မကြီး နန်း ကလည်း ချိုသာသောအပြုံးနှင့် မိတ်ဆက်ပေးလေသည်။
“ဒါက ကျွန်မရဲ့မြေး ရှောင်းယီ ပါ စာပေရော ကိုယ်ခံပညာမှာ ထူးချွန်ပါတယ် … စစ်သူကြီးဆီကနေ အကူအညီတောင်းလို့ရနိုင်မလားမသိဘူး”
သခင်မကြီး နန်း ၏ ဆိုလိုရင်းကို စစ်ထို့လင်း ချက်ချင်းသဘောပေါက်လိုက်သည်။
လွန်ခဲ့သည့်ဆယ်နှစ်အကျော်တုန်းက စစ်ထို့လင်း သည် သာမညရဲမက်တစ်ယောက်သာဖြစ်ခဲ့ပြီး ထိုနှစ်မှာပင် ရှု တိုင်းပြည်တွင် ငတ်မွတ်ဘေးကပ်ဆိုက်ခဲ့သည်။ သူက တပ်ဖွဲ့အတွင်းရှိနေခဲ့သဖြင့် သူ၏ဇနီးနှင့် မိခင်ကို ဂရုမစိုက်ခဲ့သော်လည်း ထိုကာလတွင်းတွင် နန်း အိမ်တော်က အများသူငါ စားရေးသောက်ရေးအဆင်ပြေစေရန် လိုအပ်သည့်အစားအစာများကို ပေးဝေခဲ့ပြီး သူ၏မိသားစုအသက်ကို ကယ်တင်ပေးခဲ့သည်။
သခင်မကြီးက ထိုကျေးဇူးကိုပြန်ဆပ်စေလိုသည်ဟု စစ်ထို့လင်း ယူဆလိုက်သည်။
ရှု တိုင်းပြည်၏ အရာရှိလူကုံထံများ၏ပစ်မှတ်မှာ နန်း အိမ်တော်၏ ချမ်းသာကြွယ်ဝမှုသာ ဖြစ်နေသည်။
အကယ်၍သူအလျင်စလိုလုပ်မိလျှင် ကိုယ်တိုင်သာနစ်နာသူဖြစ်နေမှာကို စိတ်ပူနေမိသည်။
စစ်ထို့လင်း က ရှောင်းယီ ကိုကြည့်ကာ သုံးသပ်လိုက်ပြီး …
“ငါက သာမန်လူတွေကို ခေါ်သွင်းလေ့မရှိဘူး … မင်း ငါ့ရဲ့လက်အောက်ခံဖြစ်ချင်တယ်ဆိုရင် မင်းဘာတွေတတ်စွမ်းလဲဆိုတာ ငါ့ကိုပြရမယ်”
ရှောင်းယီ က ပေါ့ပေါ့ပါးပါးနှင့်ပင် …
“လေးအတတ်၊ မြင်းစီး၊ သေနတ်ပစ်၊ ဓါးရေးပြ၊ စစ်သူကြီး စစ်ဆေးချင်တာမှန်သမျှ စစ်လို့ရပါတယ်”
ရှောင်းယီ မှာ အလွန်တည်ငြိမ်နေသဖြင့် စစ်ထို့လင်း အနည်းငယ်အထင်ကြီးမိလေသည်။
“ရန်သူကိုဖြိုခွင်းတာဆိုရင်ရော”
ရှောင်းယီ တည်ငြိမ်လျက်ပင် ..
“ရပါတယ်”
စင်မြင့်ထက်ပေါ်တွင် နန်းပေါင်ရီ တည်တည်ကြည်ကြည်နှင့် ထရပ်လိုက်ပြီး …
“နင်ရှုံးပြီ”
နန်းယန် ကျားကွက်ခုံကို မှင်သေစွာစိုက်ကြည့်နေပြီး သူမဆုပ်ကိုင်ထားသော ကျားစေ့မှာ အားလျော့စွာ ပြုတ်ကျသွားလေသည်။
သူမရှုံးနိမ့်သွားပြီ၊ သူမယုံကြည်မှုအပြည့်ရှိသော ကစားပွဲတွင် နန်းပေါင်ရီ ကို သူမရှုံးနိမ့်ခဲ့ပြီ။
ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူမက ဘာကြောင့်ရှုံးရမှာလဲ။
“နင်လိမ်နေတာ !”
ရုတ်တရက် နန်းယန် က ကျားကွက်ခုံကို လှန်ပစ်လိုက်သည်။
“နန်းပေါင်ရီ .. ထပ်ပြိုင်ကြမယ် !”
နန်းပေါင်ရီ ပြန်လှည့်ကြည့်ကာ …
“ဘယ်လောက်ပဲပြန်ကစားနေကြပါစေ နင်က အမြဲရှုံးတဲ့သူဖြစ်နေမှာပဲ”
“နင် …!”
“အမြင်မတော်လိုက်တာ .. နန်းယန် ထွက်သွား !”
စစ်ဆေးသူက ဘဝင်မကျစွာ ဆူပူလိုက်လေသည်။
နန်းယန် မျက်ရည်များဝဲလာသည်။ သူမခေါင်းမဖော်နိုင်အောင်ပင် အရှက်တကွဲဖြစ်ရသဖြင့် စင်မြင့်ပေါ်မှ ငိုလျက် ဆင်းပြေးသွားလေသည်။
ဒီနှစ် နွေဦးရာသီပန်းပွဲတော်ပြိုင်ပွဲ၏ အောင်နိုင်ခြင်း သပြေခက်သရဖူလေးကို နန်းပေါင်ရီ ရရှိသွားခဲ့သည်။ သူမ၏အောင်မြင်မှုကို ပျော်ရွှင်စွာ လက်ခံယူခဲ့သည်။
စင်မြင့်ထက်တွင် နန်းပေါင်ရီ ရပ်နေပြီး သူမ၏စိမ်းပြာရောင် ဂါဝန်လေးသည်လည်း လှပစွာလွင့်မျောကာ သူမ၏မျက်နှာလေးမှာလည်း ပွင့်လန်းလာသော ခေါင်ရန်းပန်းလေးပမာ အနာဂတ်တွင်အောင်မြင်လာမည့် အရိပ်အယောင်များ မြင်နေရလေသည်။
လူအချို့က သူမ၏တည်ငြိမ်လှပမှုကို ချီးကျူးနေကြပြီး အချို့က သူမ၏ပြိုင်ဘက်ကင်း ထက်မြက်ခြင်းကို ချီးမွမ်းနေကြသည်။
ရှောင်းယီ တစ်ယောက်တည်းသာလျှင် ကလေးမလေး၏ မျက်ဝန်းမှတဆင့် ပြတ်သားမှုနှင့် အဆုံးမဲ့မုန်းတီးခြင်းတို့ ကိန်းအောင်းနေသည်ကို တွေ့မြင်ရသည်။
ယနေ့အောင်မြင်မှုမှာ လှပသောအစသာဖြစ်သေးသည်။ ကလေးမလေး၏ ထူးချွန်ပြောင်မြောက်မည့်နေ့ရက်များ အခုချိန်တွင် စတင်တော့မည်။
သူမ၏ ဂုဏ်သတင်းပျံ့နှံ့သွားလျှင် ရှု တိုင်းပြည်သည် သူမ၏လက်ဝါးအောက် ကျရောက်သွားလိမ့်မည်ဟု ရှောင်းယီ တွေးမိလိုက်သည်။