အပိုင်း (၃၂)
စိတ်လှုပ်ရှားနေသည့် ရှောင်းယီ
နန်းပေါင်ရီ တဖြည်းဖြည်းထလာပြီး မျက်ရည်လည်း ဝဲနေသည်။ သူမ၏ဝမ်းနည်းစိတ်ကိုပြန်ထိန်းချုပ်ကာ …
“ညီမလေး ကြိုးစားပါ့မယ်”
သူမ ဗျတ်စောင်းကို မှိုင်တွေစွာစိုက်ကြည့်လိုက်ပြီးနောက် လမ်းပျောက်နေဟန်နှင့် ရှောင်းယီ ကို ကြည့်ကာ …
“အစ်ကို ၂ .. ဆရာက မရှိတော့ဘူး ညီမလေးကို ဘယ်သူသင်ပေးမှာလဲ”
ရှောင်းယီ ကိုယ်တိုင် ဗျတ်စောင်းတီးသင်ပေးလိမ့်မည်ဟု နန်းပေါင်ရီ မထင်ထားခဲ့ပေ။ ရှောင်းယီ က သူမအနောက်တွင်ထိုင်ပြီး လက်နှစ်ဖက်ကို ဗျတ်စောင်းပေါ်တင်ကာ သူမလက်တို့ရွေ့လျားစေရန် လမ်းညွှန်ပြလေသည်။
သူ၏သွယ်လျသောလက်အချိုးအဆစ်တို့မှာ ထင်ရှားနေပြီး ပြတင်းပေါက်မှတဆင့် ဖြတ်ဝင်လာသောနေရောင်ခြည်က ရှောင်းယီ လက်ချောင်းထိပ်များပေါ်သို့ ကျရောက်နေသည်။ လက်ချောင်းများမှာလည်း ကျောက်စိမ်းပန်းပုထုထွင်းထားသကဲ့သို့ တောက်ပနေသည်။
တေးသွားမှာလည်း တောင်ကျရေကဲ့သို့ လှပစွာ တီးခတ်စီးမျောနေသဖြင့် ရှောင်းယီ မှာ အလွန်ကျွမ်းကျင်ပိုင်နိုင်လိမ့်မည်ဟု ထင်ရသည်။ ဝတ်ရုံတွင်လည်း မွှေးပျံ့ချိုမြသောရနံ့တစ်မျိုး စွဲကျန်နေကာ ထိုကဲ့သို့သော ရှောင်းယီ ကို နန်းပေါင်ရီ သဘောကျနှစ်သက်သည်။
နန်းပေါင်ရီ မှာ ဗျတ်စောင်းတီးခြင်းကို အာရုံစိုက်လေ့လာနေသော်လည်း ရှောင်းယီ မှာမူ စိတ်မတည်မငြိမ်ဖြစ်နေလေသည်။ သူ၏ရင်ခွင်ထဲရှိ မိန်းကလေးမှာ ခေါင်ရန်းပန်းရနံ့ သင်းပျံ့နေသည်။ သူဆုပ်ထားကိုင်ထားသော သူမ၏လက်တို့မှာ အလွန်နူးညံ့ကာ သူမ၏လက်ချောင်းမှာလည်း အမြဲကော့ညွှတ်နေလျက်ပင်။ ကြိုးတစ်ချောင်းတီးခတ်သွားတိုင်း ပန်းနုရောင်လက်ချောင်းထိပ်လေးမှာ သူ၏နှလုံးသားကို ကုတ်ခြစ်လိုက်သကဲ့သို့ ခံစားရပြီး သူ၏စိတ်အာရုံကို ပျက်ပြားစေသည်။
၁၈ နှစ်အတွင်း မိန်းကလေးတစ်ယောက်အပေါ် မတူညီသော ခံစားချက်များနှင့် အတွေးများဖြစ်လာခဲ့သည်မှာ ပထမဆုံးပင်။ သူမ၏လက်ချောင်းထိပ်များကို နမ်းရှိုက်ချင်သည်၊ သူမပါးမို့လေးများကို အသာဖျစ်ညှစ်ချင်သည်၊ အစ်ကို ဟုခေါ်သော သူမ၏ သာယာသောအသံကို အမြဲကြားချင်နေသည်။
သူစာအုပ်များဖတ်ပြီး ကမ္ဘာပေါ်ရှိ ခံစားချက်အမျိုးမျိုးကို ထိန်းချုပ်နိုင်သည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယနေ့ နွေဦးနေ့လယ်ခင်းအချိန်တွင် သူ၏ခံစားချက်များကို သူကိုယ်တိုင် ရင်မဆိုင်နိုင်တော့ပေ။ အခြားသောအစ်ကိုများသည်လည်း သူတို့၏ညီမအပေါ် ထိုသို့သော ခံစားချက်များ ရှိတတ်ကြသည်လား။
တေးသွားမှာ အဆုံးသတ်နားရောက်လာသော်လည်း ရှောင်းယီ က မှားယွင်းစွ ာ ဆက်လက်တီးခတ်နေသည်။
နန်းပေါင်ရီ က တစ်ခုခုမှားယွင်းနေကြောင်း ဝိုးတိုးဝါးတားကြားလိုက်ရသဖြင့် ရှောင်းယီ ကို မဝံ့မရဲနှင့် မော့ကြည့်လေသည်။
“အစ်ကို ၂”
ရှောင်းယီ က ထုံးစံအတိုင်း မျက်နှာသေနှင့်ကြည့်နေပြီး …
“မင်းတော်တော်ညံ့တာပဲ အလွဲတွေတီးနေတယ်”
နန်းပေါင်ရီ ဆွံ့အသွားရပြန်သည်။ သူမ ထိုအမတ်လောင်းကို တုတ်အကြီးကြီးနှင့် ရိုက်လိုက်ချင်သည်။
ညစာစားချိန်ရောက်လာသည့်အခါ နန်းပေါင်ရီ အလွန်ဆာလောင်နေသဖြင့် ထမင်းသုံးပန်းကန်ကုန်သွားပြီး ဟင်းပွဲခြောက်ပွဲအပြင် စွပ်ပြုတ်ပါမချန် ကုန်စင်အောင် စားသောက်ပစ်လိုက်သည်။
သူမမျက်နှာသစ်ပြီး ပန်းချီဆွဲသည့်ပစ္စည်းများကိုယူကာ စာဖတ်ခန်းသို့သွားပြီး ရှောင်းယီ ကို သင်ပေးရန်တောင်းဆိုလေသည်။ သူမသေချာလေ့လာသင်ယူချိန် နှစ်နာရီပြည့်ပြီးနောက် သူမအလွန်ပင်ပန်းနေလေပြီ။ သို့သော် နွေဦးရာသီပန်းပွဲတော်နှင့် အတိတ်တွင် နန်းယန် က အလွန်အထင်ကြီးစရာဖြစ်ခဲ့ခြင်းကို သူမတွေးမိလိုက်သည့်အခါ ကိုယ့်ကိုယ်ကိုအားပြန်တင်းပြီး ကျားကွက်သင်နည်းကို ရှောင်းယီ ထံမှ သင်ယူရန် စာဖတ်ခန်းသို့ ဦးတည်သွားလေသည်။
ညနက်ချိန်မှာ အလွန်နောက်ကျနေသည်။ သိပ်သည်းစွာ ရွာသွန်းနေသည့်မိုးကလည်း အနောက်ပြတင်းပေါက်မှတဆင့် အနည်းငယ်ပက်ဖြန်းနေပြီး မှိန်ပျပျဖယောင်းတိုင်အလင်းရောင်ကြောင့် ပြတင်းပေါက်ပေါ်တွင် အရိပ်နှစ်ခုက မပြတ်မသားထင်ဟပ်နေသည်။ နန်းပေါင်ရီ ခြေချိတ်ထိုင်ရင်း အဖြူအမည်းကျားကွက်ကို ကြည့်နေသည်။ သူမအလွန်ပင်ပန်းနေသဖြင့် မျက်လုံးမှာလည်း မပွင့်တပွင့်ရှိနေပြီး ကြက်ပေါက်က ဆန်စေ့ကောက်စားနေသကဲ့သို့ ခေါင်းတညိတ်ညိတ်ဖြစ်နေရင်း ပါးစပ်မှလည်း တေးသွားများတီးခတ်ရမည့်ပုံကို မပီမသရေရွတ်နေသည်။
ရှောင်းယီ က မေးကို လက်တစ်ဖက်နှင့် ထောက်ထားပြီး လက်တစ်ဖက်ကလည်း အေးနှင့်နေပြီးသော ဆီးသီးခြောက်လက်ဖက်ရည်ခွက်ကိုကိုင်ထားသည်။ ရှောင်းယီ သဲနာရီကိုကြည့်လိုက်ပြီး ကျားကွက်ပေါ်ရှိသည်များကိုရှင်းလင်းရန် ထလာခဲ့သည်။
နန်းကျောင်းကျောင်း အတွက် အကောင်းမွန်ဆုံးသော ကျားကွက်ကို သူပေးထားပြီး ထိုကျားကွက်ကို ကောင်းမွန်စွာလေ့ကျင့်နေသရွေ့ အခြားသာမန်မိန်းကလေးများကို သူမလွယ်ကူစွာ အနိုင်ယူနိုင်သည်။
ထိုကလေးမက သူ၏အချိန်စာရင်းကို နေသားမကျပေ။ သူမသည် အလွန်ဇီဇာကြောင်သောကြောင့် သူမလေ့လာရမည့်အချိန်တို့မှာ မလွယ်ကူလှပေ။ သို့သော် လုံလောက်စွာမအိပ်ခဲ့ရသည့်အပြင် ပထမဆုံးနေ့လည်း ဖြစ်သောကြောင့် ရှောင်းယီ လက်လျော့ပေးလိုက်သည်။ မနက်ဖြန်အတွက် နောက်ကျသွားလျှင် သူမအတွက် မကောင်းပေ။ နန်းပေါင်ရီ ကို ရှောင်းယီ ပွေ့ချီလာပြီး အိပ်ရာခန်းထဲသို့ ခေါ်လာခဲ့သည်။
နောက်တစ်နေ့မနက်တွင် ….
အာရုဏ်ဦးကောင်းကင်ထက် တိမ်ဖြူများ လွှင့်မျောနေပြီး ဥယျာဉ်ထဲရှိ သစ်ရွက်များမှာလည်း စိမ်းစိုကာ နှင်းရေစွတ်နေသည်။ ဒီနှစ်နွေဦးရာသီအချိန်တွင် မုတန်းပန်းများစွာ ပွင့်လန်းဝေဆာခဲ့ကြသည်။ နေ့အလင်းရောင်မှာလည်း ပြတင်းတံခါးမှတိုးဝင်လာပြီး စင်္ကြံလမ်းပေါ်တွင်လည်း အမျိုးစုံသောပန်းပွင့်လေးများ၏ အရိပ်ကျရောက်နေသည်။
အာရုဏ်မနက်ခင်းမြင်ကွင်းမှာ အလွန်ပင် လှပလွန်းပါသည်။
ရှောင်းယီ အိပ်ရာအပြင်ဘက်ထောင့်ကို မှီလိုက်ရင်း ပျင်းရိသောလေသံနှင့် …
“နန်းကျောင်းကျောင်း အမြန်ထပြီး စာလုပ်တော့”
နန်းပေါင်ရီ မှာ အိပ်ရာထဲပြန်ကွေးလိုက်ပြီး …
“ကောင်းကင်ကြီးတောင်မလင်းသေးဘူး ဘာလို့ဆူညံနေတာလဲ … ထပ်ဆူညံနေရင် နင့်လစာဖြတ်ပစ်မယ်”
ရှောင်းယီ မျက်ခုံးပင့်လိုက်ပြီး စောင်ကိုဖယ်လိုက်လေသည်။ အေးစက်မှုတို့က သူမအရိုးထဲထိ စိမ့်ဝင်နေသည့်အလား နန်းပေါင်ရီ အလွန်ချမ်းသွားပြီး မျက်လုံးတို့ကို ချစ်စရာကောင်းအောင်ပွတ်ကာ စောင်ကို ဟိုစမ်းဒီစမ်းရှာနေပြီး ….
“ဟယ်ယဲ့ နင်မရိုးတော့ဘူးနော် … ငါအိပ်နေတာကို ထပ်ပြီးနှောင့်ယှက်နေရင် နင့်ကို လစာတကယ်ဖြတ်ပစ်မယ် !”
သူမရှာမရတော့မှသာ မျက်လုံးကိုဖွင့်လိုက်သည်။ ချောမောခန့်ညားသောလူငယ်တစ်ယောက်က မဲ့ပြုံးပြုံးပြီး သူမကိုထိုင်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
နန်းပေါင်ရီ အလန့်တကြားနှင့် ချက်ချင်းထထိုင်ပြီး ….
“နင်က ဘယ်လိုလုပ်ငါ့အိပ်ရာပေါ်ရောက်နေတာလဲ !”
သူမအော်ပြီးမှသာ အခန်းထဲရောက်နေသည်က ရှောင်းယီ ဖြစ်နေကြောင်း သိလိုက်ရသည်။ သူမမျက်နှာနှစ်ဖက်လုံး နီရဲသွားပြီး စောင်ထဲသို့ ထိတ်ထိတ်ပျာပျာနှင့် ဝင်သွားလေသည်။
သူမ စောင်ထဲတွင်ရောထွေးနေပြီး နီရဲနေသော မျက်နှာကိုလည်း အုပ်ကိုင်ထားကာ စိတ်လှုပ်ရှားလွန်းသောကြောင့် မျက်လုံးတို့မှာ ဝေ့ပတ်လှုပ်ရှားနေလေသည်။ မသဲမကွဲသာကြားရပြီး အလွန်တိုးသောအသံနှင့် ….
“မနေ့ညက ….”