အပိုင်း (၃၁)
အမတ်လောင်း စိတ်တိုသွားပြီ
နန်းပေါင်ရီ မျက်ရည်များဝဲလာပြီး …
“ဒါဆိုရင် အဝတ်အစားလဲဖို့နဲ့ ကစားဖို့အချိန်မရှိတော့ဘူးပေါ့”
“မင်း နန်းယန် ထက် ပိုမတော်ချင်ဘူးလား”
နန်းပေါင်ရီ ဝမ်းနည်းစွာ နှုတ်ခမ်းကိုကိုက်လိုက်သည်။ သေချာပေါက် နန်းယန် ထက် ပိုတော်ချင်တာပေါ့၊ သူမ၏စိတ်ထဲမှာပင် နန်းယန် ထက် သာလွန်စေရမည်ဟုသာ အမြဲတွေးနေသည်။
သို့သော် အချိန်စာရင်းက အလွန်တင်းကျပ်လှသဖြင့် သူမကိုမရပ်တည်နိုင်အောင် လုပ်နေသကဲ့သို့ပင်။ ရှောင်းယီ ကို လက်ဖက်ရည်ထပ်ငှဲ့ပေးရင်း နန်းပေါင်ရီ မျက်နှာလိုမျက်နှာလုပ်ကာ သူမဆံပင်ကို အသာလိမ်လျက် …
“အစ်ကို ၂ … ညီမလေးကို အချိန်၂ရက်လောက် ပြင်ဆင်ချိန်ပေးလို့ရမလား အိပ်ရေးဝဝအိပ် ကောင်းကောင်းနားပြီးမှ စာစလေ့လာမယ်လေ … ဆိုရိုးတစ်ခုရှိတယ်မလား ထက်တဲ့ဓါးက ပြတ်ရှလွယ်တယ် .. မြင်းကောင်းလိုချင်ရင် အဲဒီမြင်းကို ကောင်းကောင်းမွန်မွန် ကျွေးမွေးရတယ်တဲ့”
ရှောင်းယီ လည်း မဲ့ပြုံးပြုံးကာ စာရွက်ကို အညှာအတာမရှိ တစ်စစီဖြဲပစ်လိုက်တော့သည်။
“ဒါဆိုလည်း လုပ်စရာမလိုတော့ဘူး”
အမတ်လောင်း ဒေါသထွက်သွားပြီ ! နန်းပေါင်ရီ လည်း အလန့်တကြားဖြစ်ကာ ရှောင်းယီ ကို အမြန်တားလိုက်သည်။
“မဖြဲနဲ့ မဖြဲနဲ့ .. ညီမလေးစာလုပ်ပါ့မယ် လုပ်ပါ့မယ် .. ဒါဆို ရပြီမလား”
“ကွန်ဖြုးရှပ်ရဲ့အတွေးအခေါ်ကို အရင်ဖတ် … ပြတင်းပေါက်နား သွားရပ်ပြီးဖတ်”
နန်းပေါင်ရီ စာအုပ်ကိုပိုက်ပြီး ပြတင်းပေါက်နားသွားရပ်ကာ ပထမဆုံးစာမျက်နှာကို စိတ်မပါစွာ လှန်လိုက်သည်။
ရှောင်းယီ ကို ဝမ်းနည်းစွာလှည့်ကြည့်လိုက်သော်လည်း ရှောင်းယီ က ပြုံးပြလိုက်သည်။ နန်းပေါင်ရီ တိတ်ဆိတ်စွာ အရှေ့ကိုပြန်လှည့်ကာ ပထမစာကြောင်းကို အားလျော့ကာ ကြည့်လိုက်သည်။
သူမစာတစ်ကြောင်းမှမဖတ်ရသေးသောကြောင့် စက္ကူလုံးတစ်လုံးက သူမကို ထိမှန်လာသည်။ နန်းပေါင်ရီ လှည့်ကြည့်အခါ ထိုင်ခုံပေါ်တွင် နောက်မှီထိုင်နေပြီး စာရွက်ကိုလုံးချေနေသည့် ရှောင်းယီ ကို မြင်လိုက်ရသည်။
“အသံထွက်ဖတ်”
နန်းပေါင်ရီ မျက်နှာတွန့်ချိုးသွားပြီး အားတင်းကာ အသံထွက်ရွတ်လေသည်။
“နယ်မြေခြားမှ သူငယ်ချင်းတစ်ယောက်ရလိုက်တာ ဘယ်လောက်ပျော်ရွှင်လိုက်ရလဲ”
နောက်ထပ်စာရွက်တစ်လုံးက သူမကိုထိမှန်ပြန်သည်။
“ကျယ်ကျယ်ဖတ်”
နန်းပေါင်ရီ မျက်နှာနီရဲလာပြီး ခြေကိုဆောင့်ကာ အော်ဖတ်လေတော့သည်။
“ဘယ်လောက်ပျော်ရွှင်ဖွယ်ရာလဲ .. မသိကျေးကျွန်လုပ်ခြင်းကြောင့် ဒ ေါသစိတ်မရှိတဲ့သူကသာ စစ်မှန်တဲ့ ကျောင်းသားဖြစ်တယ် !”
နေ့လယ်စာစားချိန်ရောက်သည့်အခါ သူမအသံမှာ အက်ကွဲနေတော့သည်။ သူမအတွက် နေ့လယ်စာယူလာပေးသော ဟယ်ယဲ့ လည်း အထိတ်တလန့်ဖြစ်ကာ ….
“သခင်မလေး အဆင်ပြေပါရဲ့လား”
နန်းပေါင်ရီ ငိုချင်သော်လည်း မျက်ရည်တို့မထွက်လာပေ။ စားပွဲကို ကိုင်ကာ …
“ငါဆက်မလုပ်နိုင်တော့ဘူး”
“ယွိဝေ က သကြားလုံးတွေပါတဲ့ သစ်တော်သီးအရည် လုပ်ထားပေးတယ် .. အဲဒါကို သောက်လိုက်ရင် လည်ချောင်းရှင်းပြီး အဆင်ပြေသွားလိမ့်မယ်”
ဟယ်ယဲ့ ရင်နာသွားရပြီး နန်းပေါင်ရီ အနားထိုင်ကာ …
“သခင်မလေး စာအရမ်းကြိုးစားနေတာကိုသိလို့ လက်ဖက်ရည်နဲ့စိတ်လန်းဆန်းစေမှာလေးတွေ ယူလာမလို့ပဲ သခင်မလေးစာလုပ်နေတာကို နှောင့်ယှက်မှာစိုးလို့ဆိုပြီး အခန်းရှေ့မှာ စောင့်ကြပ်နေတဲ့အစေခံက ဝင်ခွင့်မပေးဘူး”
သစ်တော်သီးအရည်တစ်ခွက်လုံးကုန်အောင် သောက်ပစ်လိုက်ပြီးနောက် အားအင်များ ပြန်ပြည့်သွားကဲ့သို့ ခံစားလိုက်ရသည်။
“ဘာတွေဖြစ်နေလဲဆိုတာ ငါသိတယ် .. ရှောင်းယီ က ဒါကိုအခွင့်ကောင်းယူပြီး ငါ့ကို လက်စားချေနေတာ !”
“သခင်မလေး ဘာကိုပြောတာလဲ”
“မမှတ်မိဘူးလား အရင်တုန်းက ငါသူ့ကို အမျိုးမျိုး အနိုင်ကျင့်ခဲ့တယ်လေ … အခုတော့ သူက လုပ်ပိုင်ခွင့်ရှိလာတော့ သေချာပေါက် ငါ့ကိုလက်စားချေနေတာပဲဖြစ်မှာ”
နန်းပေါင်ရီ သူမခေါင်းကို ခါလိုက်ပြီး သက်ပြင်းချကာ….
“မကောင်းဆိုးဝါး .. ဟုတ်တယ် သူက တကယ့်မကောင်းဆိုးဝါးပဲ”
ဟယ်ယဲ့ က မျက်စိလျင်လျင်ရှိသောကြောင့် အနောက်ဘက်မှ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်လာနေသည်ကို တွေ့လိုက်ရသဖြင့် ချောင်းဟန့်ကာ နန်းပေါင်ရီ ကို အသာတွန်းလိုက်ပြီး …
“သခင်မလေးက အောင်မြင်ချင်တယ်မလား … ဒုသခင်လေးက သခင်မလေးကောင်းဖို့အတွက် စည်းကမ်းကြပ်တာဖြစ်မှာပါ”
ထိုသို့ပြောနေရင်းနှင့် နန်းပေါင်ရီ ကို မျက်စပစ်ပြနေသည်။ နန်းပေါင်ရီ တူတစ်စုံကိုကိုင်ပြီး အသီးအရွက်ပန်းကန်ထဲရှိသည်တို့ကို ဟိုရွေ့ဒီရွေ့လုပ်နေရင်း ….
“နင်ဘာသိလို့လဲ သူက အကုန်လိုက်ဖျက်ဆီးနေတာ .. ပြီးတော့ လက်စားချေချင်နေတဲ့ သဘောထားသေးတဲ့သူပဲ ပြီးတော့ နှာဘူးလည်းကျသေး .. ငါတို့လို အားနည်းတဲ့မိန်းကလေးတွေ သူ့လိုလူမျိုးကိုရန်မစသင့်ဘူး”
ရှောင်းယီ က သူမအနောက်တွင် ရပ်နေသော်လည်း သူမစကားပြောမရပ်သေး။
“သူ့လိုမကောင်းဆိုးဝါးကို ဘယ်မိန်းကလေးမှာ ကြိုက်ကြမှာမဟုတ်ဘူး .. သူတစ်ယောက်တည်း လူပျိုကြီးဘဝနဲ့ အရိုးထုတ်သွားရလိမ့်မယ်လို့ ငါထင်တယ် ! ဟယ်ယဲ့ … နင့်မျက်လုံးတွေ ဘာဖြစ်တာလဲ ဘာလို့ဒီလောက် မျက်တောင်ခတ်နေရတာလဲ မျက်လုံးထဲ သဲဝင်သွားလို့လား … ဟင်း ငါ့နောက်ကျောကလည်း လေစိမ်းတိုက်သလို ရုတ်တရက်ကြီး အေးသွားသလိုပဲ”
နန်းပေါင်ရီ လှည့်ကြည့်လိုက်ချိန် ရှောင်းယီ က မျက်နှာသေနှင့်ကြည့်နေသည်။
နန်းပေါင်ရီ အလန့်လွန်ကာ ခုံပေါ်မှပင် လိမ့်ကျသွားသည်။ သူမစိတ်ပူလျက် အလျင်အမြန်ထပြီး ဟယ်ယဲ့ အနောက်သို့ ပြေးပုန်းလေသည်။ ဟယ်ယဲ့ လည်း ကြောက်လန့်သဖြင့် တုန်ယင်လာပြီး …
“သခင်မလေး .. ကျွန်မအဝတ်လျှော်စရာတွေ ကျန်သေးလို့ အရင်သွားနှင့်တော့မယ်နော်”
ဟယ်ယဲ့ ပြေးသွားပြီးနောက် နန်းပေါင်ရီ လည်း တုန်လှုပ်လျက် ကျန်ခဲ့လေသည်။ စာအုပ်စင်အနောက်တွင်ပြေးပုန်းကာ သူမမျက်နှာတစ်ဝက်သာဖော်ထားပြီး ….
“အစ်ကို ၂ .. အဲဒါက အထင်လွဲသွားတာပါ အထင်လွဲသွားတာ”
ရှောင်းယီ ဝတ်ရုံကို အသာ မကာ ထိုင်ခုံပေါ်တွင်ထိုင်လိုက်ပြီး စားပွဲပေါ်ရှိ အစားအစာများကို စားနေလိုက်သည်။
နန်းပေါင်ရီ ကလည်း သူမအကြိုက်ဆုံးဖြစ်သော ဝက်သားအကြွပ်ကို ရှောင်းယီ ယူစားနေကြောင်း တွေ့လိုက်သဖြင့် …
“အစ်ကို ၂ အဲဒါက ညီမလေးရဲ့ နေ့လယ်စာလေ !”
ရှောင်းယီက အေးစက်စက်ပင် ….
“နေ့လယ်စာစားချိန်ကျော်သွားပြီ .. အခု ဗျတ်စောင်းတီးသင်တော့”
“ဒါပေမယ့် ညီမလေး စားလို့မပြီးသေးဘူးလေ”
ရှောင်းယီ က စိုက်ကြည့်လိုက်သောအခါ နန်းပေါင်ရီ သူမဗိုက်ကိုပွတ်ရင်း နံရံတွင်ချိတ်ထားသော ဗျတ်စောင်းကို ရှက်ကိုးရှက်ကန်းနှင့် ယူသွားလေသည်။ ဗိုက်အလွန်ဆာနေချိန် ဗျတ်စောင်းတီးသင်ရသည်က အလွန်နေရခက်လှသည်။ နန်းပေါင်ရီ လက်နှစ်ဖက်ကိုယှက်လိုက်ပြီး ခေါင်းတင်ကာနားလိုက်သည်။ သူမအရှေ့တွင် အလွန်တတ်ကျွမ်းသော ဗျတ်စောင်းတီးသင်ပေးသည့်ဆရာ ထိုင်နေပြီး ဂီတသံငါးမျိုးပါသော ဂီတသင်္ကေတများကို စိတ်အားထက်သန်စွာ ဖတ်ပြနေသည့်အပြင် သူ၏တံတွေးများလည်း နေရာအနှံ့ ပေကုန်လေသည်။
ပြောပြီးနောက် ဆရာကြီးက ကြင်နာစွာမေးလေသည်။
“နားလည်လား”
နန်းပေါင်ရီ ခေါင်းခါသဖြင့် ဆရာကြီးက လက်ချောင်းများကိုဆန့်ကာ ဒေါသစိတ်တို့ကြောင့် သူ၏ဒေသသံစကားအသုံးအနှုန်းများကိုပါ ပြောတော့သည်။
“မိန်းကလေး .. ဆရာသင်ပြနေတာ ငါးခါရှိပြီ အခုထိ နားမလည်သေးဘူးလား မိန်းကလေးက အရူးလား”
နန်းပေါင်ရီ က မပျော်မရွှင်နှင့် …
“ဆရာဗိုက်ဆာနေတဲ့အခါဆိုရင်ရော နားလည်ဦးမလား”
ဆရာကလည်း အလွန်ဒေါသတကြီးနှင့်ထွက်သွားပြီး …
“ဒီမိန်းကလေး တော်တော်တုံးတာပဲ ငါမသင်ချက်တော့ဘူး”
ဆရာက ဒေါသတကြီးထွက်သွားသည်ကို နန်းပေါင်ရီ က ပျော်ရွှင်လျက် ဗျတ်စောင်းပေါ်တွင် မှီအိပ်ကာ …
“အစ်ကို ၂ .. ဆရာထွက်ပြေးသွားပြီ ညီမလေးက်ု သင်ပေးမယ့်သူမရှိတော့လို့ ဒီနေ့လယ် အားလပ်ချိန်ရပြီမလား”
သူမပြန်စဉ်းစားကြည့်လိုက်သည့်အခါ နန်းယန် အကြောင်းအမျိုးမျိုးကို သူမသိရှိထားပြီးဖြစ်သည်။ အကယ်၍သူမကို နွေဦးရာသီပန်းပွဲတော်တွင် အနိုင်မရခဲ့ရင်တောင် အတိတ်ဘဝမှ သူမတွေ့ကြုံခဲ့ရသည်တို့ကို အခြေခံ၍ နန်းယန် ကို အိမ်တော်သို့ ဝင်ရောက်လာခြင်းမရှိစေရန် ခြောက်လှန့်တားမြစ်နိုင်သည်။
ထို့အပြင် သူမတွင်လည်း အနုပညာလေးရပ်ကို ပါရမီမပါသောကြောင့် သူမဘာကြောင့် ကိုယ့်ကိုယ်ကို နှိပ်စက်ရမှာလဲ။ ဒီဘဝတွင် သူမ၏မိသားစုနှင့်အတူ ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်သင့်သည်မဟုတ်လား”
ထိုသို့တွေးပြီးနောက် သူမစိတ်ပေါ့ပါးသွားလေတော့သည်။
ရှောင်းယီ စာအုပ်ကိုဖွင့်ဖတ်ရင်း တစ်ချက်လှမ်းကြည့်လိုက်သည့်အခါ ကလေးမက ပျင်းရိစိတ်တို့ပြန်ဝင်လာပြီး အပူအပင်ကင်းစွာ လဲနေသည်။ သူမအခုထိ တစ်ခုတောင်မှ ဖြစ်ဖြစ်မြောက်မြောက်မရှိသေးပေ။
ရှောင်းယီ က …
“အလုပ်မကြိုးစားတော့ဘူးလား”
“မလုပ်တော့ဘူး”
ရှောင်းယီ အလိုမကျဖြစ်ကာ …
“နွေဦးရာသီပန်းပွဲတော်မှာ ပထမရအောင်ယူမယ်လို့ မင်းကြေညာထားပြီးပြီ မင်းရဲ့ရည်မှန်းချက်ကို ကျင်ကွမ်း တစ်မြို့လုံးကလည်း သိထားတယ် … အခုမင်းကမလုပ်ချင်တော့ဘူးဆိုတော့ တစ်မြို့လုံး ဘယ်သူ့ကို ဟားတိုက်တော့မလဲ … နန်း အိမ်တော်က သူတို့ရဲ့သားသမီးတွေကို ဘာမှမသင်ပေးနိုင်ကြဘူးဆိုပြီး တစ်မြို့လုံးက အိမ်တော်ကို လှောင်ရယ်ကြတော့မှာ … မင်းရဲ့အကြီးအကဲတွေလည်း မျက်နှာဖော်ဝံ့ကြမှာမဟုတ်ဘူး မင်းမုန်းတဲ့ နန်းယန် နဲ့ သခင်မ လျို လို လူမျိုးတွေ မင်းကို အထင်သေးပြီးကြည့်နေကြမှာ … နွေဦးရာသီပန်းပွဲတော်က အသေးစားအတားအဆီးလောက်ပဲ ရှိသေးတာ ဒါလေးတောင် မင်းမလုပ်နိုင်ရင် အနာဂတ်မှကြုံလာရမယ့် ကြီးမားတဲ့ ပြဿနာအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲ … မင်းရဲ့အိပ်မက်ထဲကလို နန်း အိမ်တော် ဖျက်ဆီးခံသွားရရင် မင်းကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး မင်းကိုယ်တိုင်ကပဲ မင်းချစ်တဲ့ အိမ်တော်အတွက် ကြိုးစားရပ်တည်ပြီးကာကွယ်ပေးရမှာ”
ရှောင်းယီ မှာ အေးတိအေးစက်သာနေတတ်သော်လည်း ထိုသို့စကားအများကြီးမပြောဖူးပေ။ အခုတော့ သူအပြောင်းအလဲဖြစ်ကာ သူမကို သတိစကားများ ပြောနေတော့သည်။