အပိုင်း (၃၃)
မမှတ်မိရင် စားခွင့်မရှိ
နန်းပေါင်ရီ ရှက်ချိန်ပင် မရလိုက်။ ရှောင်းယီ က စောင်ကို လှန်ပစ်လိုက်တော့သည်။ သူမဝတ်စုံကိုပစ်ပေးလိုက်ရာ မျက်နှာဖုံးအုပ်သွားလေသည်။ ရှောင်းယီ လည်း ထရပ်ပြီး သူမကိုကျောပေးကာ ဝတ်စုံကိုပြင်ဝတ်လိုက်သည်။
“ထပြီးစာလုပ်တော့”
နန်းပေါင်ရီ ဝတ်စုံကိုကိုင်ကာ စိတ်ရှုပ်နေသည့်ပုံနှင့် …. “ယောကျ်ားလေးနဲ့ မိန်းကလေးက အတူနေလို့မရဘူး .. အစ်ကို ၂လည်း ရှောင်ကြဉ်ရမယ်”
“ငါတို့ကမောင်နှမတွေလေ .. ငါမင်းကို ဘာလုပ်လို့ရမှာလဲ”
ရှောင်းယီ လှည့်ကြည့်လိုက်ပြီး သူ၏ကျဉ်းမြောင်းသော မျက်ဝန်းများက ကသိကအောက်ဖြစ်စေသည့် အကြည့်များနှင့် …
“ဒါမှမဟုတ် … မင်းက ငါ့ကို အစ်ကိုလို မမြင်ဘူးလို့ ပြောနေတာလား”
သူ၏ဝတ်ရုံမှာလည်း ပွင့်ဟနေပြီး တောင့်တင်းသန်မာသော ကြွက်သားများကိုလည်း လှစ်ဟပြနေလေသည်။
အတိတ်တွင်သာမက ယခုဘဝတွင်ပါ ထိုသို့သောမြင်ကွင်းကို နန်းပေါင်ရီ ပထမဆုံးမြင်ဖူးခြင်းပင်။ သူမမျက်နှာနီမြန်းသွားပြီး မျက်လုံးအမြန်ပိတ်ကာ …
“အစ်ကိုတစ်ယောက်လိုပဲ မြင်တာပေါ့”
ရှောင်းယီ အသာရယ်လိုက်ပြီး …
“အဝတ်အစားလဲဖို့နဲ့ မနက်စာစားဖို့ အချိန် ၁၅ မိနစ်ပေးမယ် ပြီးရင် စာလုပ်တော့”
ရှောင်းယီ ကို နန်းပေါင်ရီ ကြည့်ရင်း ပြေးသွားကာ ပါးစပ်မှလည်း အော်လျက် ….
“၁၅ မိနစ်နဲ့ ဘယ်လိုလောက်မှာလဲ … ညီ..ညီ..ညီမလေး အလှပြင်ရမှာနဲ့ လှလှပပဝတ်ရမှာရှိသေးတယ်လေ”
“၇ မိနစ်ခွဲ”
သူမငိုချင်လာသည်။ နန်းပေါင်ရီ ဆိုသည့် သူမက အလှအပအလွန်ကြိုက်သည်။ သူမထုံးနေကျ ဆံထုံးလေးနှစ်ခုအတွက် မနက်စာစားချိန်ကိုပင် စတေးလိုက်ရပြီး စာဖတ်ခန်းသို့ အမြန်ပြေးသွားတော့သည်။
ကွန်ဖြူးရှပ်၏အတွေးအခေါ် စာအုပ်ကို ကောက်ယူပြီး အနောက်ဘက်ပြတင်းပေါက်နားတွင်ရပ်ကာ ရှောင်းယီ ကို တစ်ချက်တစ်ချက် လှမ်းကြည့်နေသည်။ ရှောင်းယီ က စာရေးနေသောကြေညင့် သူမသိလိုစိတ်တို့ဖြင့် …
“အစ်ကို ၂က ဒီနေ့ ကျောင်းမသွားဘူးလား”
ရှောင်းယီ က လျစ်လျူရှုဆဲပင်။
“တော်တော်လူမှုရေးမသိတတ်တာပဲ”
“စာလုပ်”
ပြင်းပြင်းထန်ထန်ပြောလိုက်သည့်အသံကြောင့် နနးပေါင်ရီ တုန်လှုပ်ကာ စာအုပ်ကို အလျင်အမြန်ဖွင့်လိုက်ပြီး အသံကျယ်ကျယ် ရွတ်ဆိုလေတော့သည်။
နာရီဝက်ကြာအောင် စာဖတ်ပြီးနောက် နန်းပေါင်ရီ ပြန်လှည့်ကြည်လိုက်သည့်အခါ ထိုင်ခုံပေါ်တွင် ရှောင်းယီ မရှိတော့ပေ။ နန်းပေါင်ရီ စာလုပ်နေစဉ် ရှောင်းယီ က မနက်စာစားနေခြင်းကြောင့် ဖြစ်သည်။
သူမပြတင်းပေါက်ကို မှီလိုက်ပြီး ဆာလောင်နေသည့်ဗိုက်ပွတ်သပ်နေစဉ် ပြတင်းတံခါးဘောင်ပေါ်တွင် မုတန်းပန်းအိုးတစ်လုံးကို တွေ့လိုက်သည်။
မုတန်းပန်းများလှပစွာပွင့်နေကြပြီး အရိုးတံခပ်တိုတိုပေါ်တွင် မပွင့်သေးသည့်အဖူးများ တစ်ဒါဇင်ကျော်ရှိနေသည်။ ပန်းတစ်ပွင့်ထဲတွင် ခရမ်းရောင်နှင့် ပန်းရောင်နှစ်မျိုး ရောနေပုံမှာ အလွန်ထူးဆန်းကာ ရှားပါးလှသည်။
“အိမ်တော်ထဲမှာ ဘယ်တုန်းက ဒီလိုမုတန်းပန်းမျိုး ရှိနေတာလဲ .. လှလိုက်တာ”
နန်းပေါင်ရီ စာအုပ်ကိုချပြီး ပန်းအဖူးလေးများခူးကာ ဂရုတစိုက်ဖြင့် ကြိုးနှင့်သီလိုက်လေသည်။ ရှည်လျားကာ လှပသော ပန်းဖူးလက်ကောက်လုပ်လိုက်ပြီး သူမ၏လက်ကောက်ဝတ်တွင် ဝတ်ဆင်လိုက်လေသည်။
“ဟေ့ ကျောင်းကျောင်း !”
ရုတ်တရက်အပြင်မှ တီးတိုးခေါ်သံကိုကြားလိုက်ရသဖြင့် နန်းပေါင်ရီ ပြတင်းပေါက်မှတဆင့် ငုံ့ကြည့်လိုက်ရာ ခိုးသူတစ်ယောက်ကဲ့သို့ ကုပ်ချောင်းကုပ်ချောင်းလုပ်နေသော သူမ၏တစ်ဝမ်းကွဲအစ်မ နန်းပေါင်ကျူး ကို တွေ့လိုက်ရသည်။
“အခုတလော စာတွေအများကြီးလေ့လာနေရတယ်ကြားလို့ လာကြည့်တာ … ဒီမှာ ငါ့ညီမလေးအတွက် အချိုမုန့်တွေတောင် ယူလာပေးခဲ့တယ်”
နန်းပေါင်ရီ စိတ်ထဲအလွန်ထိသွားကာ …
“ကျူးကျူး .. အချိန်မှန်ရောက်လာခဲ့တာပဲ”
နန်းပေါင်ကျူး က သူမစားသောက်နေသည်ကိုကြည့်ရင်း နူးညံ့စွာဖြင့် …
“မနေ့က ဦးလေး ၃ရဲ့အိမ်မှာ တစ်ခုခုဖြစ်သွားတယ်”
“ဖေဖေက ဘာဖြစ်တာလဲ”
“အန္တရာယ်များတဲ့ဆွေမျိုးတွေကို ငါတို့အဆက်ဖြတ်လိုက်တယ်မလား .. သူတို့တွေ တော်တော်ခံပြင်းသွားတယ်လို့ကြားတယ် ပြီးတော့ နန်းရှောင်ချန့် ပြောတာတွေကြောင့် နန်းယန် ကို ဖြေရှင်းပေးစေချင်လို့ ဦးလေး ၃ ငှားထားတဲ့နေရာကိုလည်း ပြဿနာရှာခဲ့ကြတယ်တဲ့”
နန်းပေါင်ရီ မျက်လုံးတို့ တောက်ပသွားပြီး …
“တကယ်လား !”
“ငါက ဘာလို့လိမ်ရမှာလဲ .. ပြီးတော့ နန်းယန် က အပ်နဲ့ အပ်ချည်တွေဝယ်မလို့အပြင်ထွက်တာ နန်းရှောင်ချန့် နဲ့ သူ့အဖွဲ့က ဝိုင်းရိုက်လိုက်ကြတာ အခုသူ့မျက်နှာကလည်း ဒဏ်ရာတွေနဲ့ အိပ်ရာထဲလှဲနေတယ်တဲ့ … ကျောင်းကျောင်း .. ငါတော့ သူ့ကို သနားစိတ်လုံးဝမရှိဘူး သူထိုက်တန်တာ သူရတာပဲ”
“ဒါဆိုရင် ဖေဖေရော ဘယ်လိုနေလဲသိလား”
နန်းပေါင်ကျူး ခေါင်းခါပြလေသည်။
နန်းပေါင်ရီ နှုတ်ခမ်းထောင့်တွင် မုန့်အစပေနေသဖြင့် နန်းပေါင်ကျူး က သူမ၏ လက်ကိုင်ပုဝါနှင့် သုတ်ပေးလိုက်သည်။
“ကျောင်းကျောင်း .. ဒီလိုအလောတကြီးစားနေတာ တော်တော်ဗိုက်ဆာနေပုံပဲ .. ရှောင်းယီ က တကယ်ရက်စက်တာပဲနော်”
“ဟင်း..”
ထိုအချိန် နန်းပေါင်ကျူး ကျောပေးထားရာဘက်မှ ရှောင်းယီ ပေါ်လာပြီး လက်နောက်ပစ်ကာ သူမတို့ထံ လမ်းလျှောက်လာနေသည်ကို နန်းပေါင်ရီ တွေ့လိုက်ရသောအခါ အထိတ်တလန့်နှင့် နန်းပေါင်ကျူး ကို မျက်တောင်ခတ်ပြီး မျက်စပစ်ပြလေသည်။
နန်းပေါင်ကျူး သတိမထားမိဘဲ လက်ကိုင်ပုဝါကို ဖယ်လိုက်ပြီး စကားဆက်ပြောလေသည်။
“နင်ငါ့ကိုပြောတော့ သူ့ကိုပညာပြန်ပြမယ်ဆို .. သူက ထောင့်မှာချောင်ပိတ်နေတဲ့ အဆိပ်ပြင်းမြွေ နင်က အဲဒီမြွေကိုဖမ်းမယ့်ကြောင်လို့ ပြောပြီး မြွေကို ကောင်းကောင်းဆုံးမရမယ်ဆိုပြီးတော့ အခုကျ ဘာလို့ သူ့စကားနားထောင်နေတာလဲ … အယ် .. ကျောင်းကျောင်း .. ဘာလို့ခဏခဏမျက်တောင်ခတ်နေတာလဲ မျက်လုံးထဲ သဲဝင်သွားလို့လား ငါဖယ်ပေးမယ်လေ”
နန်းပေါင်ရီ ငိုချင်လာတော့သည်။
နန်းပေါင်ကျူး လည်း သူမကျောဘက်မှ ရုတ်တရက်ကြက်သီးထသွားသဖြင့် လှည့်လိုက်သည့်အခါ ကြောက်လန့်စိတ်များ ဖြစ်သွားလေသည်။ သူမကိုယ့်ကိုယ်ကို အပြစ်ရှိသွားသကဲ့သို့ ခံစားရသောကြောင့် ချောင်းဟန့်ကာ …
“ဒါဆို ကျောင်းကျောင်း စာသေချာလေ့လာပြီး အစ်ကို ၂စကားကို သေချာနားထောင်နော် .. ငါ..ငါ..ငါ.. ငါလုပ်စရာရှိလို့ အရင်သွားနှင့်ပြီနော်”
ဂြိုဟ်မွေသူကတော့ ပြေးသွားလေပြီ။
နန်းပေါင်ရီ လည်း ကြောက်လန့်နေသဖြင့် ရှောင်းယီ မျက်နှာကိုပင် စေ့စေ့မကြည့်ရဲတော့ဘဲ စာအုပ်ကိုအမြန်ကောက်ယူကာ အသံကျယ်ကျယ်နှင့် ရွတ်ဆိုနေလေသည်။
ရှောင်းယီ ပြတင်းပေါက်မှတဆင့် ဝင်လာပြီး နန်းပေါင်ရီ အနောက်ကရပ်ကာ သူမအပေါ်မှ စိတ်အလိုမကျဟန်နှင့် အုပ်မိုးကြည့်နေကာ ….
“အဆိပ်ပြင်းမြွေ ? ကြောင် ?”
နန်းပေါင်ရီ လည်း မျက်ရည်များဝဲလာပြီး …
“အစ်ကို ၂ .. ညီမလေး မှားပါပြီ .. အစ်ကိုက သဘောထားကြီးတဲ့သူပဲလေ ညီမလေးကိုတော့ အကြပ်မကိုင်သင့်ပါဘူး စိတ်မဆိုးပါနဲ့နော် .. အတွေးအခေါ် ၁၀ချက်ကို အလွတ်ရသွားပြီ အစ်ကို စစ်ချင်ရင် စစ်လို့ရတယ်”
သူမရိုကျိုးစွာပင် စာအုပ်ကမ်းပေးလိုက်သည်။ လေးစားစွာနှင့် မျက်နှာလိုမျက်နှာရလုပ်နေသောကြောင့် ရှောင်းယီ သဘောကျလိမ့်မည်ဟု သူမတွေးလိုက်သည်။
ရှောင်းယီ စာအုပ်ကိုယူလိုက်ပြီး ရောနှောမေးကြည့်သောအခါ စာလုံးတစ်လုံးပင် မမှားအောင် အလွတ်ရွတ်ဆိုနိုင်သောကြောင့် သူ၏မျက်ခုံးတို့ ပင့်တက်သွားရလေသည်။ နန်းပေါင်ရီ မှာ ဉာဏ်ကောင်းပြီး လျင်မြန်စွာသင်ယူမှတ်သားနိုင်သော်လည်း အရင်ရက်များက ဘာကြောင့် လူညံ့တစ်ယောက်လို ပြုမူနေရတာလဲ”
နန်းပေါင်ရီ ကို စာအုပ်ပြန်ပေးလိုက်ပြီး ဆုပေးသည့်အနေနှင့် ၇မိနစ်ခွဲ နားချိန်ပေးရန်တွေးလိုက်စဉ် ပြတင်းတံခါးဘောင်ပေါ်ရှိ မုတန်းပန်းအိုးကို ရုတ်တရက်တွေ့လိုက်ရသည်။
ပန်းအိုးတစ်အိုးလုံး ခူးဆွတ်ခံထားရပြီး ကလေးမ၏လက်တွင် အဖူးများကိုသီကုံးကာဝတ်ဆင်ထားသည်။
ရှောင်းယီ ကြည့်နေသည်ကို နန်းပေါင်ရီ သတိထားမိလိုက်သဖြင့် သူမလက်ကိုဂုဏ်ယူစွာမြှောက်ပြလိုက်ပြီး …
“အစ်ကို ၂ .. ဒါညီမလေးကိုယ်တိုငိလုပ်ထားတဲ့ပန်းဖူးလက်ကောက်လေးလေ လှနေရုံတင်မက အနံ့လည်းမွှေးနေတာပဲ … အစ်ကိုရော နမ်းကြည့်လေ မွှေးနေတာပဲ”
ရှောင်းယီ သူ၏နှလုံးသား ကွဲကြေကာ သွေးများစီးကျလာသည့်အတိုင်းပင်။
သူ့ရဲ့ပန်း၊ သူ့ရဲ့ လော့ယန် မုတန်းပန်းပွင့်များ။
ထို လော့ယန် မုတန်းပန်းပွင့်လေးများကို ယင်းလီ ဥယျာဉ်မှ ဈေးကြီးပေးဝယ်ကာ ပို့ခိုင်းထားခဲ့ရသည်။ ထိုကလေးမက မသိဘဲ သူ့ကိုပင် အနံ့မွှေးမမွှေး နမ်းခိုင်းနေသည်။ ငွေစ တစ်သောင်းမကတန်သော ပန်းက မမွှေးဘဲနေမလား။ အဖူးလေးများ ပွင့်လန်းချိန်ပင်မရလိုက်ဘဲ ခူးဆွတ်ခံလိုက်ကြရပြီ။
နန်းပေါင်ရီ က အခုထိတိုင် သဘောမပေါက် နားမလည်သေးဘဲ ….
“အစ်ကို ၂ ဘာဖြစ်လို့လဲ … ညီမလေးရဲ့ မုတန်းလက်ကောက်က မလှလို့လား”
ငွေစ တစ်သောင်းကို ရေထဲပစ်ချရင်တောင် အသံကြားရပေဦးမည်။ သူမလက်ထဲပျက်စီးမှတော့ ဘယ်လိုလုပ်လှနိုင်တော့မှာလဲ။
ရှောင်းယီ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး အံကြိတ်ကာ …
“ဆက်လေ့လာနေ .. ကွန်ဖြူးရှပ်ရဲ့အတွေးအခေါ်တွေကို အကုန်မမှတ်မိနိုင်ရင် ဒီနေ့ဘာမှစားခွင့်မရှိဘူး”
ရှောင်းယီ ထွက်သွားသည်ကို နန်းပေါင်ရီ အံ့ဩတကြီးနှင့်ကြည့်နေသည်။ သူမကောင်းကောင်းမွန်မွန်ချော့နိုင်ခဲ့ပါရဲ့နဲ့ ဘာကြောင့်များ ရုတ်တရက် ဒေါသထွက်သွားရတာလဲ။
လူတစ်ယောက်ကို အဖော်ပြုခြင်းက ကျားတစ်ကောင်ကို မိတ်ဖွဲ့ခြင်းနှင့်တူသည်ဟု ပြောစမှတ်ရှိကြသည်။ အမတ်လောင်းမှာ ကြိုတင်ခန့်မှန်း၍မရနိုင်လောက်သည်အထိ အေးတိအေးစက်နိုင်လွန်းသည်။ ထိုသို့သော အစ်ကိုတစ်ယောက်ရှိနေခြင်းက အလွန်စိတ်မသက်မသာဖြစ်ရသည်။ တစ်ဝမ်းကွဲအစ်မယူလာပေးသော အချိန်မုန့်များကိုသာ အားပြု၍ တစ်မနက်လုံးကို အားတင်းခဲ့ရသည်။
ထိုစာအုပ်အပေါ် သူမအသက်မှီခိုနေသည်ဟုမှတ်ယူပြီး အလွတ်ကျက်မှတ်နေသည်။ ပြတင်းပေါက်ကို မှီလျက်ဖြစ်စေ၊ စားပွဲပေါ် ခြေထောက်တင်လျက်ဖြစ်စေ၊ ထောင့်တစ်နေရာတွင် ခွေထိုင်လိုက်လျက်ဖြစ်စေ၊ ပုံစံအမျိုးမျိုးနှင့် အလွတ်မှတ်နေပြီး ပါးစပ်မှလည်း တတွတ်တွတ် ရွတ်ဆိုနေသည်။
သူမဗိုက်ကလည်း အလွန်ဆာလောင်လာပြီး သည်းမခံနိုင်တော့သည့်အခါ လက်ဖက်ရည်အိုးမှ လက်ဖက်ရည်များကို မော့သောက်လိုက်ပြီး ဗိုက်ဖြည့်ရန်အတွက် လက်ဖက်ခြောက်များကိုပင် ဝါးစားလိုက်သည်။
“ကျိဝမ် က မပြုမူမီ ၃ကြိမ်တွေးတောပြီးမှ လုပ်တတ်တာကြောင့် ဆရာက ၂ကြိမ်တွေးရင် လုံလောက်ပြီလို့ အကြံပေးတယ်”
သူမစိတ်လှုပ်ရှားစွာ အလွတ်မှတ်နေချိန် စာဖတ်ခန်းအပြင်ဘက်မှ ဆူညံသံများကိုကြားလိုက်ရသည်။ သူမပြတင်းပေါက်ပေါ်မှ လမ်းကြည့်လိုက်သည့်အခါ အစေခံနှစ်ယောက် ထမ်းစင်ကိုသယ်လာပြီး ထိုထမ်းစင်ပေါ်တွင် နန်းယန် က လဲနေပြီး မျက်နှာနှင့်နှာခေါင်းတို့မှာလည်း ဒဏ်ရာများနှင့် အလွန်သနားစရာကောင်းလှသည်။ နန်းရှောင်ချန့် နှင့် သူမ၏သူငယ်ချင်းများက ရိုက်လိုက်ကြပုံပင်။
သူမ၏အဖေက အစေခံ ၇ယောက် ၈ယောက်ကို ဦးဆောင်လျက် လက်တွင်လည်း တုတ်ချောင်းများကိုင်ဆောင်ထားသည်။
“ကိုယ်ချင်းစာတရားမရှိတဲ့ ငါ့သမီးကို ထုတ်ပေးစမ်း ! သူ့အစ်မကို သူဘယ်လိုလုပ်လိုက်တယ်ဆိုတာပါပြောလိုက် !”
ကျောက်ဝမ် ခြံ၏ အဆင့်အမြင့်ဆုံးအစေခံဖြစ်သည့် ယွိဝေ က ခယခြင်းနှင့် မာနတို့မရှိဘဲ ပြုံးလျက်နှင့် …
“သခင် ၃ .. အိမ်တော်ကိုပြန်ရောက်လာပြီဆိုရင် ဆုန်းဟယ့် ခြံကိုသွားပြီး သခင်မကြီးကို ဂါရဝပြုသင့်ပါတယ်”
“သခင်ကစကားပြောနေရင် အစေခံက ဝင်မရှုပ်ရဘူးဆိုတာ မသိဘူးလား ! နန်းပေါင်ရီ ကို ခေါ်လာခဲ့ ငါသူ့ကိုမေးစရာရှိတယ် !”
“ဦးလေး ၃က ပြောစရာရှိတယ်ဆိုရင် ကျွန်တော့်ကိုမေးလိုက်ပါ”
အေးစက်စက်နှင့် တစ်မူထူးခြားသောအသံက ရုတ်တရက်ပေါ်လာခဲ့သည်။ နန်းပေါင်ရီ ကြည့်လိုက်သည့်အခါ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က စင်္ကြံလမ်းမှလျှောက်လှမ်းလာသည်။
သူ၏အသွင်မှာ အရပ်မြင့်မားပြီး ဩဇာအပြည့်ရှိနေသည့်ပုံပင်။ စာဖတ်ခန်းမှထွက်ကာ ထိုင်ခုံပေါ်တွင်ထိုင်လိုက်ပြီး ယပ်တောင်ကိုကိုင်ထားပုံမှာ လူတော်လူကောင်းတစ်ယောက်အသွင်ကို ဖော်ကျူးနေသည်။