EJYZ အပိုင်း ၃၉

အပိုင်း (၃၉)

သည်ကိုလာသည့် လမ်းတွင် ကျန်းယွင်ကျူးက အစေခံလူထွားကြီးများထဲက စကားပြောလို့ အဆင်ပြေမည့်တစ်ယောက်ကို အဖြစ်အပျက်အကြောင်း မေးလာခဲ့ခြင်းဖြစ်လေသည်။

သူမက လှပသည့်မိန်းကလေးတစ်ယောက် ဖြစ်ပြီး စကား ချိုချိုသာသာပြောသည်ကို တွေ့လိုက်ရသဖြင့် ထိုလူထွားအစေခံကြီး တစ်ခုခုနားလည်မှုလွဲသွားမည်ကို စိုးရိမ်မိခဲ့သည်။ ထို့ကြောင့် သူက သူမကို အကြောင်းအရင်းအပြည့်အစုံပြောပြခဲ့လေသည်။

သူတို့သည် မြို့အရှေ့ပိုင်းက ဖုန်းယွင်အာမခံဌာနက လူများဖြစ်ကြသည်။ ရှေ့က လူသန်ကြီးက သူတို့၏အလုပ်ပိုင်ရှင် လီမျိုးနွယ်ဖြစ်သည်။

အာမခံဌာနခေါင်းဆောင်လီ၏ သားအငယ်ဆုံးက မွေးကတည်းက မကျန်းမာသူဖြစ်ပြီး ကလေးဘဝကတည်းက အားနည်းသူဖြစ်လေသည်။ သူ့မိသားစုက သူ့ကို ပုလဲတစ်လုံးလို ကာကွယ်ပေးခဲ့ရသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က လီယန်သည် ရုတ်တရက် စိတ်ဝင်စားလာပြီး အာမခံဌာန၏လားကို စီးကာ အပျင်းပြေထွက်လာခဲ့သည်။

ဟဲရှီလမ်းသို့ လျှောက်အလာတွင် အဘွားအိုတစ်ယောက်က ရုတ်တရက် ပြေးဝင်လာပြီး သူ့လားကို ဝင်တိုက်တော့သည်။

လီယန်သည် ၁၃နှစ်သာရှိသေးပြီး အပြင် မထွက်သလောက်ပင်။ ချက်ချင်းဆိုသလို သူ့မှာ ကြောက်လန့်သွားတော့သည်။

သည်အချိန်တွင် လူတစ်စုက ရောက်လာပြီး သူ့ကို တွန်းလားဆွဲလား လုပ်တော့သည်။ သူတို့သည် သူ့ကို လူတစ်ယောက်ကို သည်လို ဝင်တိုက်ရလားဟု ပြောဆိုကြသည်။ သူတို့က သူ့လားကို လုသွားကာ သူ့ဆီက တန်ဖိုးရှိပစ္စည်းအားလုံးကိုလည်း ချွတ်ယူသွားကြပြီး သူ့ကို လမ်းဘေးတွင် ပစ်ထားခဲ့ကြသည်။

လီယန်မှာ အိမ်သို့ ထိတ်ထိတ်လန့်လန့်နှင့်ပြန်လာရပြီး ထိုနေ့ညမှာပင် ဖျားတော့သည်။ မိသားစုက သူ့ကို ဖြစ်ပျက်ခဲ့သည့်အကြောင်းအရင်း မေးကြပြီး သူကလည်း သူတို့ကို ပြောပြလိုက်သည်။

အာမခံခေါင်းဆောင်လီနှင့် တခြားသူများသည် တလာကလုံး ခရီးလှည့်လည် သွားလာနေသူများဖြစ်လေသည်။ သူတို့ မကြုံဖူးတာ ဘာရှိပါမည်နည်း။ သားဖြစ်သူက ရိုက်စားခံလိုက်ရသည်ကို ချက်ချင်းသွားကာ ဒေါသခြောင်းခြောင်းထွက်သွားတော့သည်။

ပြီးခဲ့သည့်နှစ်ရင်အတွင်း သည်လူများသည် စီရင်စုမြို့ထဲက လူများနှင့် လားများကို စစ်ဆေးလာခဲ့လေသည်။ သူတို့သည် ကျန်းချိန်က မြို့ထဲသို့ သူတို့၏လားကို ဆွဲခေါ်လာသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသဖြင့် သူတို့က သူ့ကို တရားခံဟု အလိုလို သတ်မှတ်လိုက်ကြတော့သည်။

ကျန်းယွင်ကျူးသည် ထိုစကားကို ကြားပြီးနောက် ‘အဘွားအိုက လားကို ဝင်တိုက်တယ်’ ဆိုသည့်စကားကို အလွန်မှ ရင်းနှီးပါလားဟု ခံစားလိုက်ရတော့သည်။ ရုတ်တရက်ဆိုသလို အမျိုးသမီးလျိုကလည်း တစ်ခါက အဘွားအိုတစ်ယောက်က သူမ၏လှည်းကို ဝင်တိုက်ခဲ့ပြီးနောက် ဝေ့ခမ်းဖျင်နှင့် တွေ့ခဲ့သည်ဟု ပြောဖူးကြောင်း သတိရသွားတော့သည်။

သူမ နားမလည်ဘဲ အဘယ်မှာရှိပါမည်နည်း။ ဒါသည် အုပ်စုလိုက်အနိုင်ကျင့်ခြင်းတစ်ခုပင်။ ထို့ကြောင်း သူမက “ ကျွန်မတို့တွေအားလုံး အလိမ်ခံလိုက်တာဖြစ်မယ်”ဟု ပြောလိုက်ခြင်းပင်။

အားလုံးက သူမကိုကြည့်လိုက်ပြီး အကြောင်းအရာတစ်ခုလုံးကို ချက်ချင်းပြန်စဥ်းစားလိုက်ကြသည်။

သူမက ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပြီး အသေးစိတ်အချက်အလက်တိုင်းက မှန်ကန်နေသည်။ အာမခံဌာနခေါင်းဆောင်လီနှင့် တခြားသူများက တွေဝေသွားကြသည်။ အဲလိုဖြစ်ခဲ့သတဲ့လား။

ကိစ္စက သည်လိုဖြစ်နေခဲ့မှန်း နောက်ဆုံးတော့ ကျန်းချိန် နားလည်သွားခဲ့သည်။ သူက ဒေါသတကြီးဖြင့် အံကြိတ်လိုက်ထားလိုက်၏။ ဝေ့မျိုးနွယ်ဆိုတဲ့ကောင်က တကယ့်ကိုလူကောင်းမဟုတ်တာပဲ။

အမျိုးသမီးလျို၏တုံ့ပြန်မှုက အကြီးမားဆုံးဖြစ်တော့သည်။ သူမသည် မျက်လုံးများ အဝိုင်းသားနှင့် ဖြစ်သွားပြီး သူမ၏နားကိုပင် မယုံနိုင်အောင်ဖြစ်နေတော့သည်။ ဝေ့ခမ်းဖျင်က သူမကို လိမ်သွားခဲ့တာတဲ့လား။ ဒါဆို သူမရဲ့ငွေတွေ…. သူမသည် အရူးတစ်ယောက်လို အခန်းထဲ ပြေးဝင်သွားပြီး စားပွဲပေါ်က သစ်သားဘူးကို ကောက်ယူလိုက်ကာ မြေကြီးပေါ် ပစ်ခွဲလိုက်တော့သည်။

သစ်သားဘူးမှာ နှစ်ခြမ်းကွဲသွားပြီး အထဲက အိမ်စာချုပ်နှင့် မြေစာချုပ်များကို ထွက်လာလေသည်။

သူမက ထိုအိမ်စာချုပ်နှင့် မြေစာချုပ်များကိုယူကာ ခြံဝင်းထဲသို့ အလောတကြီး ပြန်ထွက်လာခဲ့လိုက်သည်။ သူမသည် ကိုယ်တိုင်နှင့် အားလုံးကို ပြောနေသယောင် ရေရွတ်လိုက်လေသည်။

“မဟုတ်ပါဘူး၊ သူ ကျွန်မဆီမှာ အိမ်စာချုပ်နဲ့ မြေစာချုပ်အားလုံးကို ထားခဲ့တယ်လေ၊ သူက လူလိမ် မဟုတ်ပါဘူး”

သူမသည် အလွန်ပူပင်ကာ စိတ်လှုပ်ရှားနေရာ အိမ်စာချုပ်တစ်ခုက လက်ထဲလွတ်ကျသွားပြီး အာမခံဌာနေခေါင်းဆောင်လီရှေ့သို့ ကျသွားတော့သည်။

အာမခံဌာနခေါင်းဆောင်လီက တစ်ချက်လှမ်းကြည့်လိုက်ပြီး

“ ဒီအိမ်ပိုင်ရှင်နာမည်ကို ကျူပ်သိတယ်၊ ချန်မျိုးနွယ်ပဲ၊ ဝေ့မဟုတ်ဘူး၊ ပြီးတော့ ရုံးတော်တံဆိပ်က ကြည့်ရတာ….” အတုကြီးနဲ့တူတယ်။

သူသည် စကားကို ဆုံးအောင်မပြောလိုက်သော်လည်း အားလုံးက သူပြောချင်သည့်အဓိပ္ပာယ်ကို နားလည်သွားတော့သည်။

ချက်ချင်းဆိုသလို အမျိုးသမီးလျို၏လက်ထဲ အိမ်စာချုပ်နှင့်မြေစာချုပ်တို့သည် မြေကြီးပေါ်သို့ ကျသွားတော့သည်။ သူမက နေရာတွင်ပင် ထိုင်ချလိုက်ပြီး မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာတော့သည်။ သူမသည် စကားတစ်ခွန်းပင် မပြောနိုင်တော့ပေ။

သဲလွန်စတချို့ရှိခဲ့တာပဲ။ ဥပမာ ဝေ့ခမ်းဖျင်က သူမကို သူ့အိမ်ဘယ်တော့မှ မခေါ်ခဲ့ဘူး။ ဥပမာ သူက သူမကို ငွေအကြောင်း ခဏခဏ မေးခဲ့ဖူးတယ်။ သူမက အရင်က အရမ်းအတွေးများခဲ့တာလို့ စဥ်းစားခဲ့မိတာ။ အခုတော့ သူမ ဒါကို စဥ်းစားကြည့်မှ ဒါတွေအားလုံးက ဟာကွက်တွေပဲ။

သူမသည် ဤသို့ငိုယိုနေသည်ကို မြင်လိုက်ရသည်တွင် အာမခံဌာနခေါင်းဆောင်လီသည် သူမလည်း အလိမ်ခံလိုက်ရသည်ကို ယုံကြည်သွားတော့သည်။

ကုယုံသယ်ကတော့ အတော်လေး တည်ငြိမ်နေဆဲ။ သူက ဘေးကလူကိုများကို အမျိုးသမီးလျိုက ဘယ်သူ့ခြံဝင်းထဲမှာ နေနေတာလဲဟု မေးလိုက်၏။

သက်လတ်ပိုင်းမိန်းမတစ်ယောက်က လူအုပ်ထဲမှ တိုးထွက်လာပြီး အဘွားအိုတစ်ယောက်က သူမဆီက ခြံကို ငှားခဲ့ကြောင်းနဲ့ တစ်လစာ ငှားရမ်းခသာပေးခဲ့ကြောင်း ပြောပြလေသည်။ မကြာခင် သက်တမ်းကုန်တော့မည်။

အမှန်တရားအားလုံးက ပေါ်ထွက်လာခဲ့သည်။ အဘွားအိုက သူတို့နှင့် တစ်ဖွဲ့တည်းပင်။

အခု သူတို့တွေ ဘာလုပ်ကြမလဲ။ ဝေ့ခမ်းဖျင်ကို ဖမ်းဆီးတာကပဲ အားလုံးကို တရားမျှတမှုပေးနိုင်မှာပဲ။ ကျန်းယွင်ကျူးက ကုယုံသယ်ကို မေးလိုက်၏။

“ဒီကိစ္စကို သူကြီးကရော ဘယ်လိုမြင်လဲ”

သူမက ရုံးတော်ကို တိုင်ချင်တယ်လေ။ ဒါပေမဲ့ ဝူလင်စီရင်စု ရုံးတော်ရဲ့အခြေအနေကို သူမ မသိဘူး။ ဒါကြောင့် သူမက ကုယုံသယ်ရဲ့သဘောထားကို ကြားချင်ခဲ့တာ။

“ ရုံးတော်ကို တိုင်ကြားလိုက်ပါ” ကုယုံသယ်က နည်းနည်းလောက် စဥ်းစားလိုက်ပြီး ပြောလိုက်လေသည်။

လူတစ်စုက စီရင်စုမြို့ ရုံးတော်သို့ သွားလိုက်ကြသည်။

ဝူလင်စီရင်စုမြို့၏ တရားသူကြီးမှာ မုန့်မျိုးနွယ် ဖြစ်သည်။ သည်အချိန်တွင် သူသည် မနက်စာစားပြီးစဖြစ်ကာ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း မျက်လုံးမှိတ်ပြီး မှေးနေလေသည်။

ရုတ်တရက်ဆိုသလို အစေခံတစ်ယောက်က ဝင်လာပြီး သူ့လက်ထဲတွင် လက်ဝါးအရွယ်တစ်ခုခုကို ကိုင်လာသည်။

“သခင်ကြီး လူတစ်ယောက်က ဒါကို သခင်ကြီးဆီပေးခိုင်းလိုက်ပါတယ်” အစေခံက ဦးညွှတ်လိုက်၏။

“ဘာလဲ”

တရားသူကြီးမုန့်က အစေခံ၏လက်ကို ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို ခေါက်ဆွဲများလို ကုလားထိုင်ပေါ်က လျှောကျသွားတော့သည်။

“သခင်ကြီး၊ သခင်ကြီး”

အစေခံမလေးများနှင့် အစေခံများက အလောတကြီး သူ့ကို လာတွဲပေးကြပြီး တရားသူကြီးမုန့်၏ ခန္ဓာကိုယ်မှာ အရိုးများ မရှိတော့သလိုဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။ သူ့တစ်ကိုယ်လုံးသည် ချိနဲ့သွားတော့သည်။

အင်မတန်ခက်ခက်ခဲခဲနှင့် တရားသူကြီးမုန့်ကိုတွဲကာ ကုလားထိုင် ပြန်ချပေးလိုက်ကြသည်။

တရားသူကြီးမုန့်မှာ သူ့လည်ပင်းကို အရင်ဆုံး စစ်ဆေးကြည့်လိုက်ပြီးမှာ ထခုန်ကာ အစေခံလက်ထဲက အမိန့်ပြားကို လှမ်းဆွဲလိုက်တော့သည်။

ချီလင်သက်တော်စောင့် အမိန့်ပြား။ လုံးဝမမှားဘူး။

စစ်သူကြီးဝမ်နဲ့ သူ့အပေါင်းအပါတွေကို ချီလက်သက်တော်စောင့်တွေက ဖမ်းသွားပြီး မြို့တော်ကို ခေါ်သွားတယ်လို့ ကြားထားတာမှ ရက်ပိုင်းပဲရှိသေးတယ်လေ။ အခုဆိုရင် မြို့တော်မှာ သွေးချောင်းစီးနေရောပေါ့။ တစ်ခါကလည်း ချန်ဖုန်းစီရင်စုက အရာရှိတွေအားလုံးနီးပါး အသ-တ်ခံလိုက်ရတယ်တဲ့….

အခုတော့ အမိန့်ပြားက သူ့လက်ထဲ ရောက်လာပြီ။

“ သူ ဘယ်မှာလဲ”

သူက တုန်တုန်ယင်ယင်အသံတစ်ခုဖြင့် မေးလိုက်လေသည်။

အစေခံမှာ စာမတတ်ပေ။ အမိန့်ပြားပေါ်တွင် ဘာရေးထားမှန်းလည်း မသိသလို သခင်ကြီးက ရုတ်တရက် ဒီလိုဖြစ်သွားရသည့်အကြောင်းအရင်းကိုလည်း နားမလည်ခဲ့ချေ။ ထိုပုဂ္ဂိုလ်၏ထူးခြားသည့် ရုပ်ရည်ကြောင့်သာ မဟုတ်လျှင် သူက ဂရုစိုက်မိမည်မဟုတ်ချေ။

“သွားလိုက်ပါပြီ”

အစေခံက ပြန်ပြောလိုက်သည်။ အမိန့်ပြားကို ပစ်ပေးပြီး အဲဒီလူ ထွက်သွားတာပဲ။

“သွားလိုက်ပြီ ဟုတ်လား”

တရားသူကြီးမုန့်မှာ အလျင်စလို ပြေးထွက်သွားတော့သည်။ သူသည် အပြင်သို့ ပြေးထွက်လာချိန်တွင် ဘယ်သူမှ မရှိတော့ချေ။ သူသည် နေရာတွင်ပင် ထိတ်ထိတ်ပျာပျာ ရပ်နေမိတော့သည်။

သည်အခိုက်တွင် သူ့ရှေ့က လူတစ်ယောက်က ဗုံလာတီးတော့သည်။ ဗုံသံက သူ့နှလုံးသားကို လာရိုက်ခတ်သွားသည့်နှယ်။

တရားစီးရင်သည့်ခန်းမထဲတွင် ရုံးတော်အမှုထမ်းတစ်စုက ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေကာ တရားသူကြီးမုန့်က အလယ်တွင် ထိုင်နေသည်။

ဒါသည် ကျန်းချိန်၏ဘဝတွင် ပထမဆုံး တရားရုံးတက်ရခြင်းပင်။ ဘေးက ရုံးတော်အမှုထမ်းများက မအော်ရသေးခင်မှာပင် သူက ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး စိုးရိမ်ကြောင့်ကြစိတ်ဖြစ်နေမိသည်။

တခြားသူများလည်း မကွာပါချေ။ သူတို့အားလုံး ကြောက်ရွံ့နေကြလေသည်။

သို့သော်ငြား ခန်းမထဲက စိုးရိမ်ပြီး စိတ်အလှုပ်ရှားဆုံးဖြစ်နေသူမှာ တရားသူကြီးမုန့်သာ ဖြစ်တော့သည်။ သူက ဘေးဘီကို ကြည့်လိုက်ပြီး သံသယဖြစ်ရာတစ်ယောက်မှာ မတွေ့ခဲ့ချေ။ သို့သော် တစ်ယောက်ယောက်က သူ့ကို စိုက်ကြည့်နေသည်ဟု အမြဲတမ်းခံစားနေရလေသည်။ သူသည် နည်းနည်း ဂရုမစိုက်မိလိုက်သည်နှင့် ကံဆိုးမိုးမှောင်ကျချေတော့မည်။

ဤတွင် တရားသူကြီးမုန့်က သည်နေ့အမှုအကြောင်း မေးချိန်တွင် အလွန်သတိရှိနေကြောင်း အားလုံးက သိရှိသွားကြတော့သည်။ အရင်ကဆိုလျှင် သူက တရားသူကြီးတူကို ထုလိုက်၊ အားလုံးကို ဆဲဆိုလိုက်၊ လူများကို သစ်သားပြားဖြင့်ရိုက်လိုက် လုပ်ခဲ့လေသည်။ သို့သော် သည်နေ့တွင်တော့ သူက တရားသူကြီးတူကို နှစ်ကြိမ်သာ ထုခဲ့သည်။ သူက တူကို အမြင့်ကြီး မြှောက်လိုက်ပြီး ညင်ညင်သာသာလေး ပြန်ချလေသည်။

ကျန်းယွင်ကျူက အကြောင်းအရာတစ်ခုလုံးကို အားလုံးအား ရှင်းပြခဲ့ပြီးဖြစ်သည်။ တရားသူကြီးမုန့်က ကြည်ကြည်သာသာရှိသဖြင့် ကျန်းချန်နှင့် တခြားသူများက ကိစ္စကို အလွန်ချောချောမွေ့မွေ့ ရှင်းပြနိုင်ခဲ့သည်။

တရားသူကြီးမုန့်က သူ့စီရင်ခွင့်နယ်ထဲတွင် သည်လိုလူဆိုးများ ရှိနေသည်ဟု ကြားလိုက်ရသောအခါ သူတို့ကို ရှာဖွေရန် ရဲမက်များကို ချက်ချင်း လွှတ်လိုက်လေသည်။

ဘယ်သူ့ကို ရှာမတွေ့တော့တာ တစ်ခုပင်။ သည်အချိန်တွင် ဝေ့ခမ်းဖျင်သည် လူများကို ဦးဆောင်က စီရင်စုမြို့က ထွက်လာခဲ့ပြီးဖြစ်လေသည်။

တရားသူကြီးမုန့်က စိတ်ပျက်သွားလေသည်။ သူတို့တွေ တစ်ယောက်မှ မဖမ်းနိုင်ဘူးဆိုတာ သူ့မှာ အမှုတွေကို ကိုင်တွယ်ဖို့ အရည်အချင်းမရှိဘူးလို့ သက်သေပြနေတာမလား။ ရှာကြစမ်း။ ရဲမက်တွေအားလုံး ထွက်ပြီး သူ့အတွက် သူတို့တွေကို ဖမ်းလာခဲ့ကြစမ်း။ အဲဒီလူတွေကို မဖမ်းနိုင်ဘူးဆိုရင် အားလုံး အပြစ်ပေးခံရမယ်မှတ်။

ရဲမက်များသည် လူကြီးမင်းက အတည်ပြောနေမှန်း သိကြသဖြင့် မျက်ကွယ်မပြုရဲကြပေ။ အားလုံးက လူများကို ဖမ်းရန် ထွက်သွားကြတော့သည်။

ကျန်းယွင်ကျူးသည် တရားသူကြီးမုန့်က အလွန်မှ ပြတ်ပြတ်သားသား ဆောင်ရွက်နေသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် မအံ့ဩဘဲမနေနိုင်ဖြစ်သွားတော့သည်။ ဒီလိုခေတ်မျိုးမှာ သူ့ကို အရာရှိမျိုးက အများကြီးမရှိဘူးလေ။ ရှေးခေတ်နည်းပညာက နောက်ကျနေတော့ ပုံတူဆွဲဖို့ရာက မဖြစ်နိုင်ဘူး။ အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်ဖို့က…. သူမက အစကတည်းက မျှော်လင့်ချက်အများကြီး မထားခဲ့ပေ။ သို့သော် အခုတော့ ထိုကိစ္စကို မျှော်လင့်လို့ရနိုင်မှန်း ခံစားမိလိုက်သည်။

အချိန်တိုအတွင်း မည်သူ့ကိုမှ မဖမ်းနိုင်ခဲ့ပေ။ ထို့ကြောင့် တရားသူကြီးမုန့်က အားလုံးကို အရင်ပြန်ခိုင်းလိုက်တော့သည်။ လား ကိုတော့ သက်သေခံပစ္စည်းအနေဖြင့် အခုလောလောဆယ် ရုံးတော်ထဲတွင် ထားခဲ့လိုက်ရသည်။

စီရင်စုမြို့ရုံးတော်က ထွက်လာပြီးနောက်တွင် ကျန်းချိန်သည် အလွန်မှ စိတ်ဓာတ်ကျသွားလေသည်။ သူက ခက်ခက်ခဲခဲ စုထားခဲ့ရသည့်ငွေများက သွားချေပြီ။

“ အဖေ ငွေကုန်သွားရင် ထပ်ရှာလို့ရပါတယ်၊ သမီးတို့တွေ အဆင်ပြေနေသ၍ အားလုံး ကောင်းသွားမှာပါ” ကျန်းယွင်ကျူးက သူကို နှစ်သိမ့်ပေးလိုက်၏။

“ဟုတ်တယ်”

ကုယုံသယ်ကလည်း ကျန်းချိန်ကို နှစ်သိမ့်ပေးလိုက်သည်။

ကျန်းချိန်က အားတင်းကာ ပြုံးပြလိုက်၏။ သူ အဆင်ပြေပါတယ်လေ။ ထိုစဥ် တစ်ယောက်တော့ အဆင်မပြေပါချေ။

“ မင်း သေချင်နေတာလား၊ လှည်းလာတာ မမြင်ဘူးလား” ယောက်ျားတစ်ယာက်က အော်ဟစ်လိုက်၏။

သူသည် နွားလှည်းကို မောင်းလာစဥ် အမျိုးသမီးလျိုက လူသေကောင်တစ်ယောက်လို လမ်းလျှောက်လာရင်း သူ့လှည်းနှင့် တိုက်မိမလိုဖြစ်သွားတော့သည်။

ထိုယောက်ျားက အမျိုးသမီးလျိုကို ဆဲဆိုလိုက်တော့သည်။ သို့သော် အမျိုးသမီးလျိုက သူ့စကားကို မကြားသည့်အလာ လှည်းဘီးကို ငေးကြည့်နေလေသည်။

ကျန်းချိန်က စိတ်ပူသွား၏။ သူမ ပုံစံနဲ့ဆိုရင် ဘာမှမဖြစ်တာက ကောင်းတာပေါ့။ တစ်ခုခုဖြစ်သွားရင်း ယောက်ျားတစ်ယောက်အနေနဲ့ သူ့မှာ ဘာပြောနိုင်မှာလဲ။ သူက ကျန်းယွင်ကျူးဘက် လှည့်ကြည့်လိုက်၏။

ကျန်းယွင်ကျူးက နားလည်လိုက်သည်။ သူမက အမျိုးသမီးလျို၏လက်ကို ကိုင်လိုက်ပြီး ချော့မော့ပြောဆိုလိုက်လေသည်။

“ အဒေါ် ရုံးတော်က အဲဒီလူကို ဖမ်းပေးမှာပါ၊ လုယွမ့်ကိုလည်း စဥ်းစားပေးပါအုံး”

လုယွမ့်ဟု ပြောလိုက်သည်တွင် အမျိုးသမီးလျို၏မျက်လုံးများသည် နောက်ဆုံးတော့ အနည်းငယ် တောက်ပလာခဲ့တော့သည်။ သူမက ကျန်းယွင်ကျူးကို ကြည့်ကာ မျက်ရည်များက ရေတံခွန်တစ်ခုလို ရုတ်တရက် စီးကျလာတော့သည်။

ဒါတွေအားလုံးက သူမရဲ့အမှားတွေပါ။ သူမလို နိမ့်ကျတဲ့လူတစ်ယောက်က ကိုယ်မပိုင်ဆိုင်တဲ့အရာကို မက်မောမိလို့ ဘာမှမကျန်တော့ဘဲ အဆုံးသတ်ခဲ့ရတာ။

သူမက စောစောတုန်းက ကျန်းယွင်ကျူးက နားလည်မှုလွဲခဲ့တာလို့တောင် စဥ်းစားလိုက်သေးတယ်။ ဟုတ်ပါတယ်။ သူမက အတုံးအဆုံးလူပဲ။

ကိုယ်တိုင် အလိမ်ခံရပြီး ကျန်းမိသားစုပါ အလိမ်ခံရအောင် ဆွဲထည့်ခဲ့မိသေးတယ်။ သူမက နဂိုက သူတို့ကို ကျေးဇူးပန်ဆပ်ချင်ခဲ့ပေမဲ့ အခုတော့ သူမက သူတို့ကို အန္တရာယ်ပေးခဲ့မိပြီ။

ဒါတွေအားလုံးက သူမရဲ့အမှားတွေပဲ။

တော်ပါသေးရဲ့။ ကျန်းယွင်ကျူးက အဲဒီလူရဲ့ အနိုင်ကျင့်တာ မခံခဲ့ရလို့ပဲ။ မဟုတ်ရင်တော့ သူမ သေရင်တောင် သူမရဲ့အပြစ်တွေကို ဆပ်လို့ကုန်မှာမဟုတ်ဘူး။

စိတ်နှလုံးကွဲကြေရပြီး မျှော်လင့်ချက်ပျက်စီးကာ သူမသည် ရှိုက်ကြီးတငင် ငိုနေတော့သည်။ ကျန်းယွင်ကျူးကလည်း စကားဘယ်လောက်ပြောပြော သူမကို နှစ်သိမ့်နိုင်မည်မဟုတ်ဘဲ ဝေ့ခမ်းဖျင်ကို ဖမ်းမိပြီး ငွေပြန်မရမချင်း အသုံးဝင်မည်မဟုတ်ကြောင်း သိလိုက်လေသည်။

ဒါပေမဲ့ ဒါက ခက်တယ်လေ။

အခန်း (၃၉.၂)

လမ်းမျက်နှာချင်းဆိုင်တွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ ရပ်နေလေသည်။ ယန်ရှန့်က ဘေးက ကြည့်ရင်း ဒေါသထွက်ထွက်နှင့် မှတ်ချက်ပေးလိုက်သည်။

“ သေချာတာပေါ့၊ ငါတို့တွေ အဲဒီရဲမက်တွေကို အားကိုးလို့မရပါဘူး၊ ငါတို့လူတွေသာ ဒီမှာရှိရင် သူတို့ အဖမ်းခံရတာကြာပေါ့”

“ငါတို့လူတွေဘယ်တော့ရောက်မှာလဲ” ရှန်ဖုန်းမင်က မေးလိုက်၏။

“နောက်နှစ်ရက်လောက် စောင့်ရအုံးမယ်”

ယန်ရှန့်က ပြန်ဖြေလိုက်သည်။ သူတို့နှစ်ယောက်၏မြင်းများက အလွန်မြန်သဖြင့် သက်တော်စောင့်များက နောက်တွင်ကျန်ခဲ့ကြလေသည်။

ရှန်ဖုန်းမင်က ခေါင်းညိတ်လိုက်သည်။

ယန်ရှန့်က ထပ်ပြီး လှမ်းကြည့်လိုက်သည်။ နှစ်ရက်လောက် စောင့်ပြီးရင်တော့ အဲဒီလူတွေ ဒီလောကကို ရောက်လာတာ နောင်တရသွားအောင် လုပ်ပစ်မယ်လို့ ကတိပေးတယ်။

ကျန်းချိန်၊ ကုယုံသယ်နှင့် ကျန်းယွင်ကျူးတို့သည် ချန်ရှီရွာသို့ ပြန်လာခဲ့ကြလေသည်။

ကျန်းချိန်က ကုယုံသယ်ကို ကျေးဇူးတင်စကားပြောလိုက်သည်။ ကုယုံသယ်က သူ့လက်ကို အခါခါ ယမ်းပြရင်း သူက အများကြီး အကူအညီပေးခဲ့သည်မဟုတ်ကြောင်း ပြောလေသည်။ ထို့နောက် သူက အိမ်ပြန်သွားခဲ့သည်။

ကျန်းချိန်နှင့် ကျန်းယွင်ကျူးတို့ကလည်း အိမ်ပြန်လာခဲ့သည်။ သူတို့သည် အမျိုးသမီးချန်အား ထိုအကြောင်း ပြောပြလိုက်သောအခါ အမျိုးသမီးချနမှာ သူမ၏ပါးစပ်ကို အုပ်ကာ ဆို့နင့်သွားတော့သည်။

ကျန်းယွင်ကျူးက အမျိုးသမီးချန်ကို ဖျောင်းဖျလိုက်၏။ သူမ၏အမြင်တွင်တော့ ဒါသည် အမှန်ပင် ငွေစနည်းနည်းပါးပါးသာ ဖြစ်လေသည်။ အားလုံးက အဆင်ပြေနေ၍ ကောင်းသည့်ကိစ္စပင်။

သူမ၏သဘောထားက အမျိုးသမီးချန်ကို နှစ်သိမ့်ရာ ရောက်ခဲ့သည်။ မဟုတ်လျှင် သူမသည် အပြင်းအထန် နာမကျန်း ဖြစ်ပေတော့မည်။

“ နေ့လယ်စာ လုပ်ရအောင်လေ”

ကျန်းယွင်ကျူးက ပြောလိုက်၏။ သူတို့တွေ ငွေရှာရအုံးမယ်။

အမျိုးသမီးချန်က မြန်မြန်ခေါင်းညိတ်လိုက်ပြီး အလုပ်များသွားသည်။

သည်အချိန်တွင် လူတစ်ယောက်က တံခါးလာခေါက်လေသည်။

ကျန်းယွင်ကျူးက ခြံဝင်းထဲတွင်ရှိနေသဖြင့် တံခါးသွားဖွင့်ပေးလိုက်သည်။

တံခါး ပွင့်သွားပြီး သူမက နေရာတွင် ငေးကြောင်ကြောင် ရပ်နေမိတော့သည်။

“ အပြင်က လူနှစ်ယောက်….. သူမ အမြင်ဘဲ မှားနေတာလား။ သေသေချာချာ ကြည့်လိုက်၏။ တကယ်ကြီး ရှန်ဖုန်းမင်နဲ့ယန်ရှန့်ပဲ။ သူမသည် ချက်ချင်း ဖြူဆုတ်သွားတော့သည်။

သူမက ဝူလင်စီရင်စု၏ဖုန်းရွှေကပဲ ဆိုးရွားနေသလားဟု တွေးမိလိုက်တော့သည်။ ပထမဆုံး ဒီလိုကပ်ဘေးတစ်ခု ဖြစ်သွားတယ်။ ပြီးတော့ ဝေ့ခမ်းဖျင်လိုလူ ပေါ်လာတယ်။ အခု သေမင်းနတ်ဘုရားက ထပ်ပြီး အလည်ရောက်လာပြန်ပြီ။

နောက်ပိုင်းတော်တော့်ကို ကံဆိုးလာတာပဲ။

သူမသည် ငွေနည်းနည်း ထပ်ရှာပြီးသည်နှင့် သည်နေရာက ပြောင်းရွှေ့ဖို့ စဥ်းစားလိုက်တော့သည်။

ယန်ရှန့် : …. သူဘာလို့ ထပ်ပြီး အထင်သေးခံရနေတယ်လို့ ခံစားနေရပြန်တာလဲ။

သည်အခိုက်တွင် အမျိုးသမီးချန်က မီးဖိုထဲက ခေါင်းပြူကြည့်လိုက်ပြီး ရှန်ဖုန်းမင်တို့ နှစ်ယောက်ကို တွေ့သွားတော့သည်။ သူမသည် ခဏလောက် အံ့ဩသွားပြီး

“ရှင်တို့နှစ်ယောက် ပြီးခဲ့တဲ့တစ်ခေါက်က ဝယ်ခဲ့တဲ့ဆန်တွေ ရောင်းကုန်သွားပြီလား”

ယန်ရှန့် :…. မှားကုန်ပြီ။ သူ ခေါင်းညိတ်ပြလိုက်၏။

“ ရွာမှာ ရှင်တို့ကို ရောင်းပေးဖို့ ဆန်မရှိလောက်တော့ဘူးထင်တယ်”

အမျိုးသမီးချန်က ပြောလိုက်သည်။ ချန်ရှီရွာပတ်ဝန်းကျင်တွင် တောင်များထူထပ်သဖြင့် စပါး အထွက်နည်းလေးသည်။ ပြီးခဲ့သည့် အခေါက်က ယန်ရှန့် စပါးကောက်ခဲ့သည့် စျေးက မြင့်သည်။ ရွာက စပါးအားလုံးကို ရောင်းချင်ခဲ့ကြပြီး သူ့ဆီတွင်သာ ရောင်းလိုက်ကြသည်။

“ကျွန်တော်တို့ ဒီတစ်ခါ တခြားစီရင်စုတွေဆီ သွားမလို့ပါ၊ ကျွန်တော်က ဒီအတိုင်းဖြတ်သွားလို့ လာနှုတ်ဆက်တာပါ”

ယန်ရှန့်သည် မလိမ်ခဲ့ချေ။ သူတို့စုံစမ်းချင်သည့်အမှုက တခြားစီရင်စုတွင် ဖြစ်သည်။ သူက ပြောရင်းဆိုရင် မျက်လှည့်တစ်ခုလို အစားအသောက်တစ်တွဲကို ထုတ်လာခဲ့လေသည်။ ရှောက်သီး၊ သွားရည်စာ၊ သကြားအုပ်ထားသည့် အသီး စသည်များ ပါသည်။

ဖြတ်သွားရုံပဲတဲ့လား။ ကျန်းယွင်ကျူက မျက်ခုံးပင့်လိုက်၏။

အမျိုးသမီးချန်က ဝမ်းသာအံ့ဩသွားသလို အနည်းငယ်လည်း စိုးရိမ်သွားလေသည်။ အံ့ဩရသည်က သည်ကုန်သည်နှစ်ယောက်သည် ဖြတ်သွားပြီး သူတို့ကို လမ်းကြုံဝင်နှုတ်ဆက်ခြင်းကြောင့်ပင်။ စိတ်ပူရသည်က ဝေ့ခမ်းဖျင်ကိစ္စဖြစ်လေသည်။ အခုတော့ သူမသည် လူတိုင်းကို လူဆိုးများလို မြင်တတ်လာလေသည်။

သူမ သည်လို မတွေးသင့်မှန်းလည်း သိပါသည်။ ထို့ကြောင့် သူမက ရှန်ဖုန်းမင်တို့နှစ်ယောက်ကို အထဲဝင်ဖို့ ချက်ချင်း ဖိတ်လိုက်တော့သည်။

ရင်းနှီးပြီးသား ဘေးအခန်းလေးသို့ တဖန်ပြန်ရောက်လာသဖြင့် ယန်ရှန့်သည် နည်းနည်းလောက် ခံစားသွားရလေသည်။

နေ့လယ်ခင်း ရောက်လာသည်။ သူတို့နှစ်ယောက်က ကျန်းချိန်နှင့် တခြားသူကို လာတွေ့ပြီး ပစ္စည်းလည်း အများကြီးယူလာကြသဖြင့် သူတို့သည် ဧည့်သည်များပင်။ ကျန်းယွင်ကျူးက စားပွဲအပြည့်ဟင်းများ ချက်ပေးလိုက်ကာ ကျန်းချိန်က သူတို့ကဧည့်ခံလိုက်သည်။ အားလုံးက ထိုင်လိုက်ကာ အတူတူစားသောက်ကြလိုက်လေသည်။

“ ဒီလူကြီးမင်းက” ကျန်းချိန်က ပြောလိုက်၏။

“ ကျွန်တော့်ကို လူကြီးမင်းလို့ မခေါ်ပါနဲ့ဗျာ၊ ကျွန်တော်က ယန်ရှန့်လို့ ခေါ်ပါတယ် သူက….”

ယန်ရှန့်သည် ရှန်ဖုန်းမင်ဘက် လှည့်ကြည့်လိုက်၏။ သူ့ကို ဘယ်လိုမိတ်ဆက်ပေးရမှာပါလိမ့်နော်။

ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်ကို ကြည့်လိုက်ပြီး ရုတ်တရက် အသက်အောင့်မိသွားတော့သည်။ သူ့နာမည်က ရှန်ဖုန်းမင်ပါလို့ ပြောလိုက်ရင် ဘယ်လိုလုပ်မလဲ။ ရှမင်းဆက်တစ်ခုလုံး မသိဘူးဆိုရင်တောင် ချီလင်သက်တော်စောင့်ရဲ့ တပ်မှူးလေးရှန်ဖုန်းမင်ဆိုတဲ့ သူ့နာမည် ကို တစ်ဝက်လောက်ကတော့ ကြားဖူးကြမှာပဲ။

ကျန်းချိန်နဲ့ အမျိုးသမီးချန်သာ သူ့နာမည်က ရှန်ဖုန်းမင်ဆိုတာ ကြားသွားရင်….

“ရှန်ယွီယွီ ပါ”

ရှန်ဖုန်းမင်က ပြောလိုက်၏။ သူ့နာမည်က ရှန်ဖုန်းမင်လေ။ သူ့နာမည်ကို ရေးရင်တော့ ယွီယွီ လို့ရေးတာ။ လူတချို့ကပဲ ဒါကို သိကြတယ်။

သူပြန်ပြောလိုက်သည်ကို ကြားလိုက်သည်တွင် ကျန်းယွင်ကျူးသည် အကြောင်းတချို့ကြောင့် စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့ရင်း ထမင်းဆက်စားလိုက်တော့သည်။

ကျန်းမိသားစုသည် မနက်စာလုပ်ငန်းကို ဆက်မလုပ်တော့ပေ။ ဆောင်းတွင်းတွင် အေးသဖြင့် သူတို့သည် အိပ်ရာစောစောဝင်ခဲ့ကြလေသည်။

ညသည် နက်လာပြီး မြောက်လေက တိုက်ခတ်နေသည်။ ရုတ်တရက် ရှန်ဖုန်းမင်က မျက်လုံးကို ဖွင့်လိုက်၏။

သူ့ဘေးက ယန်ရှန့်က သူ့ထက်ခြေတစ်လှမ်းနောက်ကျလေသည်။ သို့တိုင် သူလည်း နိုးလာခဲ့သည်။

“ တစ်ယောက်ယောက်ရှိတယ်” ယန်ရှန့်က ပြောလိုက်သည်။

“အင်း”

နှစ်ယောက်သားသည့် တိတ်တိတ်လေး ထလိုက်ကြပြီး အသံလာနောက်လိုက်သွားရင်း ကျန်းမိသားစု၏ နောက်ဖေးခြံသို့ရောက်လာခဲ့သည်။

ကျန်းအိမ်၏ အနောက်ဘက်တွင် တောင်တစ်လုံးရှိသည်။ တောင်ခြေတွင် လူတစ်စုက တုန်တုန်ယင်ယင်နှင့် ရပ်နေကြသည်။

“ ခေါင်းဆောင်က ဘာလို့ ရောက်မလာသေးတာလဲ၊ သူ မိန်းကလေးကို ဖမ်းပြီးရင် ဝူလင်စီရင်စုက ထွက်သွားတော့မယ်လို့ ပြောခဲ့တယ်မလား”

စကားပြောလိုက်သူတွင် ယုတ်မာသည့်မျက်လုံးများ ရှိပြီး လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားသည်။ သူသည် မနေ့က ဝေ့ခမ်းဖျင်နောက် လိုက်ခဲ့သူများထဲက တစ်ယောက်ဖြစ်သည်။

စီရင်စုမြို့ရုံးတော်က ဝေ့ခမ်းဖျင်ကို သည်းကြီးမဲကြီးဖမ်းဖို့ ကြိုးစားနေကြသည်။ ဝေ့ခမ်းဖျင်သည် ဝူလင်စီရင်စုတွင် ထပ်မနေရဲတော့ပေ။ သို့သော် သူသည် သည်အတိုင်းလည်း ထွက်မသွားချင်ပြန်ပေ။

သူတို့သည် အခွင့်အရေးရလျှင် ရသလိုလိမ်စားနေကြသည့် လူတစ်စုဖြစ်လေသည်။ သူတို့ လုပ်ထားခဲ့သမျှကို ဖော်ထုတ်လို့မရသလို၊ ပေါ်သွားလို့လည်း မဖြစ်ချေ။

ဝေ့ခမ်းဖျင်က ကျန်းယွင်ကျူးကို သည်နေ့ည ဖမ်းမည်ဟု ဆုံးဖြတ်လိုက်သည်။

ကျန်းမိသားစုတွင် သန်မာသည့်ယောက်ျားမှာ ကျန်းချိန်တစ်ယောက်သာ ရှိမှန်း သိထားသည်။ သူတို့ဘက်တွင် လူခြောက်ယောက်ရှိသည်။ သူတို့က ကျန်းအိမ်ကို ခိုးဝင်ပြီး အမွှေးနံ့ဖြင့် ဆေးခတ်ကြမည်။ဒါက သူတို့လိုချင်သလို ဖြစ်လာပေလိမ့်မည်။

သို့သော် သူထွက်မသွားခင် လုပ်စရာတစ်ခု ရှိသေးသည်။ သူသည် ဝူလင်စီရင်စုတွင် ရခဲ့သမျှငွေများကို လျှို့ဝှက်သည့်နေရာတစ်ခုကို သိုဝှက်ထားခဲ့သည်။

သူသည် သည်ငွေများကို အရင်သွားယူရမည်။ ထို့နောက် သူက ကျန်းအိမ်၏အနောက်တံခါးတွင် လူများနှင့် ပြန်ဆုံလိုက်မည်။

မြင့်မားသည့်တံတိုင်းပေါ်တွင် ရပ်ရင်း ယန်ရှန့်က ရှန်ဖုန်းမင်ကို တံတောင်နှင့် တွတ်လိုက်၏။ တော်ပါသေးရဲ့။ သူတို့တွေ စောစောရောက်လာလို့ပဲ။ မဟုတ်ရင် မိန်းကလေးကျန်းကတော့…..

ရလဒ်မှာ သူ့တံတောင်က လွတ်သွားခြင်းပင်။

ရှန်ဖုန်းမင်သည် တံတိုင်းမြင့်ကြီးပေါ်က ခုန်ချသွားနှင့်သည်။

“ဝူး….”

အောက်ကလူများသည် အော်ဖို့ပင် အချိန်မရလိုက်ပေ။

“ နှစ်ယောက်ကို အရှင် ချန်ထားလိုက်”

ယန်ရှန့်က လေသံဖြင့် အလောတကြီး ပြောလိုက်ပြီး တံတိုင်းပေါ်မှ မြန်မြန်ခုန်ဆင်းလိုက်သည်။

အရိုးများ ကျိုးသွားသံတစ်ခု နောက်တစ်ချက် ထပ်ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် ရှန်ဖုန်းမင်က ရပ်လိုက်ပြီး ရှူရာလို ညအမှောင်တွင် ရပ်နေလေသည်။

ကျန်သည့်လူနှစ်ယောက်မှာ အဘွားကြီးတစ်ယောက်နှင့် အရိုးပေါ်အရေတင်တစ်ယောက်ဖြစ်ပြီး ကြောက်လွန်းလှသဖြင့် ဘောင်းဘီထဲ အပေါ့သွားမိတော့မတတ်ပင်။

ယန်ရှန့်က သူ့နှာခေါင်းကို ညစ်လိုက်၏။ အခုမှပဲ ကြောက်ရကောင်းမှန်း သိတယ်။ စောစောတုန်းကတော့ သူတို့တွေ ဘာလုပ်ခဲ့ကြလဲ။ လူအများကြီးထဲမှာမှ သူတို့တွေက သေမင်းနတ်ဘုရားကိုမှာ လာရှုပ်ရတယ်လို့။

သူက ပိန်ကပ်နေသည့်ယောက်ျားကို ကန်လိုက်ပြီး

“ ထစမ်း၊ ငါ မင်းကို မေးစရာရှိတယ်”

ဒါပေါ့။ ဝေ့မျိုးနွယ်ဆိုတဲ့ကောင် ဘယ်သွားလဲလို့ မေးရမယ်လေ။

ပြီးတော့ မြေကြီးပေါ်မှာလည်း သွေးတွေအများကြီးပဲ။ မနက်ဖြန် ကျန်းမိသားစုသာ ဒါကိုတွေ့သွားလို့ လန့်သွားရင် ဘယ်လိုလုပ်မလဲ။

ပိန်ကပ်နေသည့်ယောက်ျားနှင့် အဘွားကြီးက ဝေ့ခမ်းဖျင် ဘယ်သွားလိုက်မှန်း မသိကြပေ။ သူက အနောက်ဘက်သို့သွားလိုက်သည်ကိုသာ သူတို့သိလေသည်။

ထို့နောက်တွင် သူတို့နှစ်ယောက်သည် အလောင်းများကို နေရာရွှေ့ကြပြီး အခင်းဖြစ်သည့်နေရာကို သန့်ရှင်းရေးလုပ်ကြရတော့သည်။

သူတို့နှစ်ယောက်သည် တစ္ဆေသရဲတစ်ကောင်နှင့် တွေ့လိုက်ရသည်ဟု သံသယဖြစ်သွားပြပြီး ခေါင်းလည်း မမော့ရဲသလို စကားလည်း မပြောရဲကြပေ။

ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် ထိုနေရာတွင်ရပ်နေပြီး အဝေးတစ်နေရာကို ကြည့်ကာ ဝေ့ခမ်းဖျင်အလာကို စောင့်နေလိုက်ကြသည်။

ရလဒ်အနေဖြင့် နာရီဝက်ကျော် စောင့်လိုက်ပြီးနောက်တွင် မြေကြီးကို သန့်ရှင်းရေးလုပ်ခဲ့ပြီးသည့်တိုင် ဝေ့ခမ်းဖျင်က မြင်ကွင်းထဲပေါ်မလာချေ။

သူတို့နှစ်ယောက်သည် အချင်းချင်းကြည့်လိုက်ကြပြီး ထိုနေရာသို့ သွားစုံစမ်းရန် ဆုံးဖြတ်လိုက်ကြတော့သည်။

ယန်ရှန့်က ပိန်ကပ်နေသည့်ယောက်ျားနှင့် အဘွားကြီးကို သစ်ပင်တစ်ပင်၌ ချည်တုပ်ထားလိုက်၏။ ထို့နောက် သူက အနောက်ဘက်သို့သွားသည့် ရှန်ဖုန်းမင်နောက် လိုက်သွားလိုက်တော့သည်။

ကီလိုမီတာဝက်လောက် လျှောက်လာပြီးနောက်တွင် သူတို့နှစ်ယောက်သည် မြေကြီးပေါ်တွင် အထုပ်တစ်ခုကို တွေ့လိုက်ရလေသည်။

အထုပ်ကိုဖွင့်ကြည့်လိုက်ရာ ရွှေ၊ ငွေ ကျောက်မျက်ရတနာအပြည့်ကို တွေ့လိုက်ရသည်။

ဒါ … ဝေ့ခမ်းဖျင်ရဲ့ဟာတွေ မဟုတ်လား။ လူက ဘယ်မှာလဲ။

နှစ်ယောက်သားသည် ထိုအထုပ်နှင့် ရှေ့ဆက်သွားလိုက်ကြသည်။ သို့သော် တစ်ယောက်တစ်လေကိုမှ မတွေ့ရပေ။ ထို့ကြောင့် သူတိသည် ထိုအထုပ်နှင့်ပြန်လာခဲ့ကြသည်။

“ဒါက ခေါင်းဆောင်ရဲ့အထုပ်ပဲ”

ပိန်ကပ်သည့်ယောက်ျားက အထုပ်ထဲက ငွေတချို့ကို မှတ်မိသွားသည်။ လျိုမျိုးနွယ်ကို လိမ်ပြီး ရလာတဲ့ဟာတွေလေ။

“ဒါဆို သူဘယ်သွားလဲ” ယန်ရှန့်က မေးလိုက်၏။

ပိန်ကပ်နေသည့်ယောက်ျားကလည်း မသိပေ။ဝေ့ခမ်းဖျင်က သူ့ငွေတွေကို ထားပြီး တစ်ယောက်ထဲ ထွက်သွားတာတော့ မဟုတ်လောက်ဘူး။ ဒါမှမဟုတ်…..

“စိတ်ဝင်စားစရာပဲ”

ယန်ရှန့်က မှတ်ချက်ပေးလိုက်၏။ သူက ရှန်ဖုန်းမင်ကို ကြည့်ပြီးပြောလိုက်လေသည်။

“ ငါ မင်းကို ပြတဲ့အမှုကို မှတ်မိသေးလား၊ ယွီမင်စီရင်စုတရားသူကြီးလည်း ဒီလိုပဲ ပျောက်သွားပြီး တစ်လလောက်နေမှ ရှာတွေ့ခဲ့တာလေ၊ ကျွတ် ကျွတ် သနားစရာကောင်းလိုက်တာ”

“ပထမဆုံးပျောက်သွားတဲ့သူက လုပြည်နယ်က ဒုဝန်ကြီးချောင်၊ လွန်ခဲ့တဲ့သုံးနှစ်က အိမ်မှာ ဈာပနအတွက်ဝတ်ပြုနေပြီး ဘုရားကျောင်းမှာ အမွှေးတိုင်လှူဖို့သွားတုန်း ပျောက်သွားခဲ့တာ”

ရှန်ဖုန်းမင်က ထောက်ပြလိုက်၏။

“ ဒီလိုကိစ္စမျိုး ရှိခဲ့တာလား၊ ယွီမင်စီရင်စု တစ်ခုမှာပဲ လူသေခဲ့တာလို့ ထင်ခဲ့တာ” ယန်ရှန့်က မေးလိုက်၏။

ရှန်ဖုန်းမင်က သူ့ကို လှမ်းကြည့်လိုက်သည်။ ယွိမင်စီရင်စုက စီရင်စုတရားသူကြီးလောက်လေးနဲ့တော့ မင်းကြီးက သူတို့နှစ်ယောက်ကို မြို့တော်က ထွက်ခွာခွင့်ပေးပါ့မလား။ သူ့မှာ အမှုတွဲတွေအများကြီး ဆွေးနွေးပြီး ဒီကိစ္စက မရိုးရှင်းဘူးဆို သိလိုက်ရတာ။

“ဒါဆို လူသ-တ်သမားက အခု ဝူလင်စီရင်စုမှာ ရှိနေနိုင်တယ်ပေါ့” ယန်ရှန့်က မေးလိုက်သည်။

“မသေချာဘူး”

ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။ အချက်အလက်တွေက မရှိသလောက်ပဲ။

“ ငါလဲ ဒီလိုပဲထင်ပါတယ်”

ယန်ရှန့်က ပြောလိုက်၏။ ဒီလိုဆိုရင် သူတို့တွေ ယွီမင်စီရင်စုကို မသွားရတော့ဘူးလေ။ ပြီးတော့ ဝေ့ခမ်းဖျင်က အဲဒီလူရဲ့လက်ထဲရောက်သွားခဲ့ရင် သူ ပျော်နိုင်ပါစေလို့ပဲ ဆုတောင်းပေးရတော့မယ်။

သည်အချိန်တွင် မှောင်မည်းနေသည့်ဂူတစ်ခုထဲတွင် ဝေ့ခမ်းဖျင်သည် အေးစက်သည့် ရေတစ်ခွက်ကြောင့် နိုးလာတော့သည်။ သူက မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့် မျက်နှာထားတစ်ခု ပိုင်ဆိုင်ထားသည့် မျက်နှာချင်းဆိုင်ကလူကို ကြည့်လိုက်၏။ သူသည် တစ်လျှောက်လုံး ငန်းများကို အမဲလိုက်လာခဲ့ပြီးမှ သည်နေ့တွင် မျှော်လင့်မထားဘဲ သူကိုယ်တိုင် ငန်းဆိတ်ခံလိုက်ရလေသည်။

သူသည် ထရပ်ချင်လိုက်သော်လည်း ကျောက်တုံးကြီးတစ်ခုတွင် ချည်နှောင်ခံထားရသည်ကို တွေ့လိုက်ရပြီး လုံးဝမလှုပ်နိုင်တော့ချေ။

“ မင်း ဘာလိုချင်တာလဲ” သူက မေးလိုက်၏။

ထိုယောက်ျားက မဖြေ။ ထိုအစား သူက လက်ကိုဆန့်လိုက်ပြီး သူ့ခါးပတ်ကို ဖြေလိုက်လေသည်။

ဝေ့ခမ်းဖျင်သည် တဒင်္ဂအတွင်း အေးခဲသွားတော့သည်။ ထို့နောက် သူက ရုတ်တရက် ပြုံးပြလိုက်၏။

“ ငါ့ကို လွှတ်ပေးပါ၊ ငါ မင်းကို ကတိပေးတယ်….”

ထို့နောက်တွင် ထိုယောက်ျားလက်ထဲက ပစ္စည်းကိုတွေ့လိုက်ရပြီး သူ့မျက်နှာမှာ ကြောက်ရွံ့မှုအပြည့် ဖြစ်သွားလေသည်။

“ မင်း ဘာလုပ်မလို့လဲ၊ ငါ့ကို လွှတ်”

အသ-တ်ခံလိုက်ရသည့်ဝက်တစ်ကောင်လို အော်သံများသည် အဆုံးမရှိထွက်လာလေသည်။

အခန်း (၃၉.၃)

နောက်တစ်နေ့ မြို့တံခါး ဖွင့်ဖွင့်ချင်း ရဲမက်ခေါင်းဆောင်ဟူက ခြေထော့နဲ့ထော့နဲ့ဖြင့် မြို့တံခါးအပြင်ဘက်သို့ လူများကို ဦးဆောင်ကာ ထွက်လာလေသည်။

မနေ့က တစ်ယောက်မှ ရှာမတွေ့ခဲ့ကြသဖြင့် လူကြီးမင်းက သူတို့ကို တစ်ယောက် ငါးချက် ရိုက်ခဲ့သည်။ စောင့်ဆိုင်းနေသည့် သစ်သားတုတ်ငါးချက်က ရှိသေးသည်။ သူတို့ အလုပ်မလုပ်နိုင်ကြတော့မည် စိုးသဖြင့် ထိုငါးချက်ကို ဆိုင်းငံ့ထားခြင်းပင်။

သည်နေ့ သူတို့သည် ထိုလူကို မဖမ်းနိုင်ခဲ့လျှင် ဆယ်ချက်ရိုက်ခံရတော့မည်။

သည်ရဲမက်များ၏ မျက်လုံးများသည် နီရဲနေကြသည်။ သူတို့သည် သည်နေ့ ထိုသောက်ကျိုးနဲ လူလိမ်များကို သေချာပေါက်ဖမ်းရမည်ဟု ဆုံးဖြတ်ထားကြသည်။

ထိုအခိုက်တန့်တွင် လူရိပ်နှစ်ခုက ကျောပေါ်တွင် အထုပ်တစ်ခုနှင့် သူတို့ဆီပြေးလာရင်း အော်နေကြလေသည်။

“ ကယ်ကြပါ ကယ်ကြပါ”

ရဲမက်ခေါင်းဆောင်ဟူက ချက်ချင်းဓားဆွဲထုတ်လိုက်ပြီး အသင့်အနေအထား ပြင်လိုက်လေသည်။ သူသည် မြို့ဂိတ်တံခါးနားတွင် မည်သူက ပြစ်မှုကျူးလွန်ရလောက်အောင် အတင့်ရဲမှန်း တွေ့ချင်လိုက်သည်။

သည်အချိန်တွင် သူ့ဘေးက ရဲမက်တစ်ယောက်က ပြောလိုက်၏။

“ခေါင်းဆောင် ဒီလူနှစ်ယောက်ကို ဘာလို့ အရမ်းရင်းနှီးနေတာလဲ”

သူတို့ပုံစံကို ရင်းနှီးတယ်လို့ မထင်ဘူးလား။ မနေ့က သူတို့တွေ နှာခေါင်းမှာ မှဲ့တစ်လုံးနဲ့ အဘွားကြီးတစ်ယောက်ကို ရှာနေခဲ့တာလေ။

ရဲမက်များသည် ကောင်းကင်ပေါ်မှာ ပိုင်မုန့်များ ကျလာသည့်နှယ် အလွန်ပျော်သွားကြတော့သည်။ သည်လူနှစ်ယောက် ထွက်မပြေးနိုင်ရန် လမ်းကို မြန်မြန်ပိတ်ထားလိုက်ကြသည်။

ထို့နောက်တွင် ထို့သို့ လုပ်ရန် မလိုအပ်မှန်း သိလိုက်ရတော့သည်။ သည်နှစ်ယောက်မှာ လုံးဝထွက်မပြောချင်ကြပေ။

သူတို့သည် နီးကပ်လာသောအခါ သူတို့နောက်သို့ ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာက လိုက်နေသည့်နှယ် ရဲမက်များနောက်သို့ ချက်ချင်းပြေးဝင်ပုန်းလိုက်ကြလေသည်။

ရဲမက်များအားလုံးက မြန်မြန် လှမ်းကြည့်လိုက်ကြ၏။ ဘာမှမရှီပေ။

“ကယ်ပါ၊ ကယ်ကြပါ”

လူနှစ်ယောက်က ရဲမက်အရာရှိတချို့ကို ဖမ်းဆွဲထားပြီး သည်စကားနှစ်လုံးကိုသာ ပြောတတ်တော့သယောင်။

ရဲမက်ခေါင်းဆောင်ဟူက လူများကို ပြန်ခေါ်လာပြီး တာဝန်ကို သတင်းပို့လိုက်လေသည်။

သည်အခိုက်တွင် တရားသူကြီးမုန့်က အခန်းထဲတွင် စိုးရိမ်စိတ်ဖြင့် ခေါက်တုံ့ခေါက်ပြန် ပတ်လျှောက်နေသည်။ သူသည် မနေ့ညကလည်း ကောင်းကောင်းမအိပ်ရသလို သည်နေ့မနက်လည်း အစောကြီးထရသည်။

သူတို့ကို ဖမ်းမိပြီဟု ကြားလိုက်ချိန်တွင် သူသည် အံ့ဩဝမ်းသာသွားတော့သည်။ သူက စုံစမ်းစစ်ဆေးရန် ချက်ချင်းထွက်သွားတော့သည်။ ထို့နောက် သူက ရဲမက်ခေါင်းဆောင်ဟူမှာ ဘယ်မှာဖမ်းမိခဲ့ကြောင်း မေးလိုက်သည်။

ရဲမက်ခေါင်းဆောင်ဟူက ရှက်ရွံ့သွားပြီး

“ မြို့တံခါးနားမှာပါ”

“ဘာဖြစ်တာလဲ” တရားသူကြီးမုန့်က မေးလိုက်၏။

ရဲမက်ခေါင်းဆောင်ဟူက ကိစ္စကို ပြန်ပြောပြလိုက်သည်။ တရားသူကြီးမုန့် မယုံမည်စိုးသဖြင့် သူ့ဘေးက ရဲမက်ကိုပါ တစ်ခါတည်းခေါ်လာခဲ့လိုက်လေသည်။ အမှန်တွင်တော့ ဖြစ်ရပ်က အလွန်ပင် အူကြောင်ကြောင်နိုင်လှသည်။

တရားသူကြီးမုန့်က သူ့စကားများကို အမှန်ပင် ယုံကြည်လေသည်။ ချီလင်သက်တော်စောင့် ရှိတဲ့နေရာမှာ ဘာမဆိုဖြစ်နိုင်တာက အံ့ဩစရာမှ မဟုတ်တာ။ သူက သူ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါ့မလားဆိုတာကိုပဲ စိုးရိမ်တာလေ။

သည်မနက်စောစောတွင် ရဲမက်တစ်ယောက်က ကျန်းအိမ်သို့လာပြီး အိမ်တံခါးကိုခေါက်ကာ သူတို့သည် သံသယရှိသူနှစ်ယောက်ကို ဖမ်းမိပြီဖြစ်ပြီး သူတို့ကို အတည်ပြုပေးရန်နှင့် ငွေများပြန်လာယူရန် အကြောင်းကြားလာသည်။

လူတွေကို မှတ်မိတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ငွေပြန်လာယူရမယ်တဲ့လား။ ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် အံ့ဩသွားပြီး ရဲမက်ကို တစ်ယောက်ပြီးတစ်ယောက် မေးလိုက်ကြလေသည်။ သူတို့တွေ တကယ်ပဲ ငွေပြန်ရမှာတဲ့လား။

ကိစ္စက ထိုမျှလောက် မြန်လိမ့်မည် မဟုတ်ပေ။ ခိုးရာပါငွေများကို ပြန်တွေ့ခဲ့လျှင်တောင် ငွေများကို အမှုမပြီးမချင်း ငွေများကို နစ်နာသူထံ ပြန်ပေးမည်မဟုတ်ပေ။ သို့သော် တရားသူကြီးမုန့်က အလွန်လောနေပြီး ကိစ္စအားလုံးကို တတ်နိုင်သမျှမြန်မြန် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။

သည်တစ်ကြိမ်တွင် ကျန်းချိန်၊ အမျိုးသမီးချန်နှင့် ကျန်းယွင်ကျူးတို့က စီရင်စုမြို့သို့ အတူတူလာခဲ့ကြသည်။ ရုံးတော်ရှေ့တွင် သူတို့သည် အမျိုးသမီးလျိုနှင့် တွေ့ကြသည်။

အမျိုးသမီးလျိုသည် ဆိုးရွားသည့် အခြေအနေတစ်ခုအတွင်း ရောက်နေလေသည်။ သူမ၏မျက်လုံးများက မက်မွန်သီးလို ယောင်ကိုင်းနေ၏။ မနေ့က ဘယ်လောက်ငိုထားမှန်း မသိပေ။

အစက အမျိုးသမီးချန်က သူမကြောင့်သာ မဟုတ်လျှင် သူတို့မိသားစုလည်း သည်လိုကိစ္စမျိုး လုံးဝဖြစ်လာမည်မဟုတ်ကြောင်း စဥ်းစားမိပြီး သူမကို အတိုင်းအတာတစ်ခုအထိ ဒေါသထွက်ခဲ့သေးသည်။ ယခုမူ သူမကို သည်လိုအခြေအနေတွင် တွေ့လိုက်ရပြီး ငွေကိုလည်း ပြန်ရတော့မည်ဟု သိလိုက်ရသဖြင့် သူမကို ကိုယ်ချင်းစာမိသွားတော့သည်။

“ယောက်မကြီးချန် ကျွန်မ တောင်းပန်ပါတယ်”

အမျိုးသမီးလျိုက အမျိုးသမီးချန်ကို တွေ့လိုက်ချိန်တွင် ပထမဆုံးပြောလိုက်သည့် စကားပင်။

“ထားလိုက်ပါလေ၊ ရှင် တမင်လုပ်ခဲ့တာမှ မဟုတ်တာ” အမျိုးသမီးချန်က သက်ပြင်းချလိုက်သည်။

အမျိုးသမီးလျိုမှာ သူမ ငိုချင်လျှင်တောင် ထပ်မငိုနိုင်တော့ပေ။ မနေ့က သူမ၏မျက်ရည်အားလုံး ကုန်အောင် ကျခဲ့ရသည်။

ဘေးတွင် အာမခံဌာနခေါင်းဆောင်လီနှင့် တခြားသူများ ရောက်လာကြသည်။ အာမခံဌာနခေါင်းဆောင်လီ၏ ဘေးတွင် လူငယ်လေးတစ်ယောက် ပါလာသည်။ သူ့မျက်နှာက အလွန်မှ ဖြူဆုတ်နေသည်။ သူ့မျက်နှာအသွင်ပြင်က အထူးသိမ်မွေ့ပြီး မကျန်မားအားနည်းသည့် ခံစားချက်တစ်ခု ရှိနေသည်။

ကျန်းယွင်ကျူးသည် သူ့ကို လီယန်ဖြစ်မည်ဟု သိလိုက်သည်။

“ မနေ့က အရမ်းကို စိတ်လိုက်မာန်ပါလုပ်ခဲ့မိတာ ကျုပ်ပါ”

အာမခံဌာနခေါင်းဆောင်လီသည် ပွင့်လင်းပြီး တဲ့တိုးဆန်သူတစ်ယောက်ဖြစ်သည်။ မနေ့က ကျန်းချိန်နှင့် တခြားသူများကို မှားယွင်းအပြစ်တင်မိသည်ကို သိလိုက်ရသဖြင့် သူက ချက်ချင်း တောင်းပန်လိုက်သည်။

“ရပါတယ်ဗျာ၊ ခင်ဗျားလည်း စိတ်လှုပ်ရှားနေတာကိုး” ကျန်းချိန်က ပြန်ပြောလိုက်၏။

ယောက်ျားနှစ်ယောက်သည် အပြန်အလှန်ကြည့်လိုက်ကြပြီး အပြုံးတစ်ခုနှင့် သူတို့၏အာဃာတများကို ဖယ်ရှားလိုက်ကြသည်။

အားလုံးက ရုံးတော်ခန်းမထဲသို့ အတူတူဝင်သွားလိုက်ကြသည်။

ရဲမက်ခေါင်းဆောင်ဟူက ပိန်ကပ်နေသည့်ယောက်ျားနှင့် အဘွားကြီးတို့ကို ဆွဲထုတ်လာပြီး သူတို့ကို ပြလိုက်လေသည်။

အမျိုးသမီးလျိုက ထိုနေ့က သူမ၏လှည်းကို ဝင်တိုက်ခဲ့သူအဖြစ် အဘွားကြီးကို ချက်ချင်း မှတ်မိသွားသည်။

အဘွားကြီးကို သိသည့်အပြင် လီယန်သည် ထိုပိန်ကပ်နေသည့်ယောကျ်ားက ထိုနေ့က သူ့ကို ငွေညှစ်ခဲ့သူမှန်း သိနေသေးသည်။

လက်မှတ်ထိုးပြီး အသိသက်သေပြပြီးနောက် တရားသူကြီးမုန့်က သူတို့၏ကိစ္စကို အမိန့်ချတစ်ခု ချလိုက်လေသည်။ လားနှင့် လီယန်ဆီမှ လုခံလိုက်ရသည့်ပစ္စည်းအားလုံးကို လီမိသားစုသို့ ပြန်ပေးရမည်။ ငွေ၉လျန်ကို ကျန်မိသားစုဆီ ပြန်ပေးရမည်။ အမျိုးသမီးလျိုပိုင်ဆိုင်သည့် ငွေ၇၅လျန်ကို သူမထံ ပြန်ပေးရမည်ဟူ၍။

ရုံးတော်မှ ပြန်ထွက်အလာတွင် အားလုံး၏မျက်နှာပေါ်တွင် အပြုံးကိုယ်စီ ရှိနေကြလေသည်။

“ ဝေ့မျိုးနွယ်ကို မဖမ်းမိသေးတာ နာတာပဲ” အာမခံဌာနခေါင်းဆောင်လီက ဒေါသထွက်ထွက်နှင့် မှတ်ချက်ပေးသည်။

“ဟုတ်ပါ့ဗျာ” ကျန်းချိန်၏စိတ်တို့ကလည်း အများကြီး သက်သာသွားလေသည်။

အာမခံဌာနခေါင်းဆောင်လီက သူ့ကို ကြည့်လိုက်ပြီး ရုတ်တရက်မေးလိုက်သည်။

“ ခင်ဗျား လားကို မဝယ်ချင်ဘူးလား”

ကျန်းချိန်မှာ ဇဝေဇဝါဖြစ်သွားတော့သည်။

ခေါင်းဆောင်လီက လားကို ပုတ်လိုက်ပြီး

“ လူမှားပြီး ရိုက်မိတော့မလို့လေ၊ ဒီလိုလုပ်ပါလား၊ ဒီလားကို ၉လျန်နဲ့ ခင်ဗျားဆီ ရောင်းလိုက်မယ်၊ ခင်ဗျားကို တောင်းပန်တယ်လို့ သဘောထားလိုက်ပေါ့၊ ဒီလားက ခင်ဗျားနဲ့ကံပါလာတာပဲ”

“ဘယ်ဖြစ်မလဲဗျ” ကျန်းချိန်က မြန်မြန်ငြင်းလိုက်လေသည်။

အာမခံဌာနခေါင်းဆောင်လီက သူ့ကို စိုက်ကြည့်လိုက်ပြီး

“ ဘာလို့ မဖြစ်ရမှာလဲ၊ ဒီလိုပဲ လုပ်လိုက်တော့”

သူသည် ပြောရင်းဆိုရင် လားဇက်ကြိုးကို ကျန်းချိန်လက်ထဲ ထည့်ပေးလိုက်ကာ ငြင်းဖို့ရာအခွင့်အရေးတစ်ခုပင် မပေးချေ။

အာမခံဌာနခေါင်းဆောင်လီက သူ့လူများကို ခေါ်သွားလိုက်စဥ် ကျန်းချိန်က လားကို ကိုင်ပြီး မတုံ့ပြန်နိုင်အောင် ဖြစ်သွားလေသည်။

အမျိုးသမီးချန်က ဝမ်းသာသွားပြီး လားကို ပွတ်သပ်ပေးလိုက်သည်။ အာမခံဌာနခေါင်းဆောင်၏စကား မှန်သည်ဟု သူမခံစားမိသည်။ ဒီလားက သူတို့မိသားနဲ့ တကယ်ရေစက်ပါတာပဲ။ အလှည့်အပြောင်းတချို့ ဖြစ်ပြီးသွားတာတောင် လားက သူတို့မိသားစုဆီ ပြန်ရောက်လာခဲ့တယ်လေ။

မိသားစုသည် လားကို ဆွဲကာ အိမ်ပြန်လာပြီး အဘိုးချန်ကို အကြောင်းစုံပြန်ပြောပြလိုက်ကြသည်။ မနေ့ကလို မိသားစုတစ်ခုလုံးသည် စိတ်ဓာတ်ကျမနေတော့ဘဲ သည်နေ့တွင် အိမ်၏အငွေ့အသက်က ရွှင်လန်းတက်ကြွနေလေသည်။

ဘေးအခန်းတွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့က အချင်းချင်းကြည့်လိုက်ကြသည်။ ယန်ရှန့်က လက်ပိုက်ထားပြီး သူ့မျက်နှာပေါ်တွင် အပြုံးများနှင့် ပြည့်နက်နေတော့သည်။

ရှန်ဖုန်းမင်ကတော့ ပြုံးမနေသော်လည်း သူ့မျက်လုံးများက အလွန်မှ အေးစက်မနေတော့ချေ။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset