အပိုင်း (၄၀)
“မိန်းကလေးကျန်း”
ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့သည် ဘေးအခန်းမှ ထွက်လာကြလေသည်။
ကျန်းယွင်ကျူးက လက်ရှိတွင် စိတ်အခြေအနေ ကောင်းမွန်နေ၏။ သူမက သူတို့ကို လှည့်ပြုံးပြလိုက်သည်။ သူမ၏မျက်လုံးများသည် တောက်ပနေသည့်ရေလို စီးဆင်းနေ၏။ လူများကို ထိုင်းမှိုင်းစေသည့် ဆောင်တွင်းကာလအတွင်းတွင် ယစ်မူးသွားစေတော့သည်။
ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် အေးခဲသွားကြတော့သည်။ ထို့နောက်တွင် ယန်ရှန့်က အရင်ဆုံး သတိဝင်လာပြီး မေးလိုက်လေသည်။
“ဒီလားက”
“ ကျွန်တော်တို့ လတ်တလောကမှ ဝယ်ထားခဲ့တာလေ၊ အမလေးဗျာ တကယ်မလွယ်ပါဘူး”
ကျန်းချိန်က တစ်ယောက်ယောက်နှင့် ထိုအကြောင်းကို စကားပြောချင်နေခဲ့သည်။ ထို့ကြောင့် ယန်ရှန့်က မေးလာချိန်တွင် သူက စပြီး စကားဖောင်ဖွဲ့တော့သည်။
ယန်ရှန့်က နားထောင်လိုက်ပြီး တစ်ခါတလေ ကျန်းချိန်စကားကို သံယောင်လိုက်ပေးသည်။ ထူးထူးခြားခြားတော့ မရှိပေ။
ထို့နောက်တွင် ကျန်းယွင်ကျူးက သူ့ကို ကြည့်လိုက်ပြီး ရှန်ဖုန်းမင်က အနည်းငယ် မျက်မှောင်ကျုံ့ထားသည်။ သူမ ဒီအကြောင်းကို အရင်က အများကြီး မတွေးခဲ့ဖူးဘူး။ ဒါပေမဲ့ ကျန်းချိန် ဒီအကြောင်း ပြောနေတာကို ကြားပြီး သူမရှေ့က ဒီလူနှစ်ယောက်ကို တွေ့လိုက်မှ ထူးဆန်းတဲ့အချက်တွေ အများကြီးကို ပြန်စဥ်းစားမိခဲ့တယ်။
တစ်နေ့ထဲမှာ ရုံးတော်က သံသယရှိသူနှစ်ယောက်ကို ဖမ်းပြီး ငွေကိုလည်း သူတို့ကို ပြန်ပေးခဲ့တယ်တဲ့လား။
သူမရဲ့အိပ်မက်ထဲမှာ သူမက ရှတိုင်းပြည်ကြီးမှာ ခုနှစ်နှစ်လောက်နေခဲ့တာပဲ။ ဒီလိုတော်တဲ့အရာရှိမျိုး တစ်ခါမှမတွေ့ခဲ့ဖူးဘူး။
အဲဒါထက် ဒီအကြောင်းကို သေချာစဥ်းစားကြည့်လိုက်ရင် အဓိပ္ပာယ်ရှိမနေဘူး။ အမှုရဲ့ အဓိကတရားခံကို အခုထိ မဖမ်းမိသေးဘူးလေ။ ဒီတော့ အမှုက မပိတ်ရသေးဘူး။ ဒီညစ်ပတ်တဲ့ငွေတွေက….
ကျန်းယွင်ကျူးသည် သူတို့ကို ကူညီခဲ့သူမှာ ရှန်ဖုန်းမင်ဖြစ်နေမလားဟု စဥ်းစားမိလိုက်လေသည်။
သူတို့နှစ်ယောက်က လူကိုယ်တိုင် လှုပ်ရှားလိမ့်မယ်လို့ ယောင်လို့တောင် မတွေးခဲ့ဖူးဘူး။ ဘာလို့လဲဆိုတော့ ချီလင်သက်တော်စောင့်အဖွဲ့သာဆိုရင် မနေ့ကတည်းက ဝေ့ခမ်းဖျင်ကို ဖမ်းဆီးပြီးလောက်ပြီ။ ဒီလိုပုံစံမျိုး လုံးဝဖြစ်နေမှာမဟုတ်ဘူး။
သူတို့တွေက တရားသူကြီးမုန့်ကို သတင်းပေးလိုက်တာ အရမ်းဖြစ်နိုင်တယ်။
ကျန်းယွင်ကျူးက ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ကို သေသေချာချာ လေ့လာကြည့်လိုက်ပြီး ရှန်ဖုန်းမင်က သူမကို ကြည့်နေသည်နှင့် သွားဆုံတော့သည်။ သူတို့အကြည့်များ ဆုံသွားသည်။
ကျန်းယွင်ကျူး၏အိပ်မက်ထဲတွင် သူမသည် အန်းဖင်နယ်စားအိမ်တော်၌ ခုနှစ်နှစ်လောက် နေခဲ့သည်။ သူမ၏ စကားလုံးနှင့် ခံစားချက်များကို သိမြင်နိုင်စွမ်းက အတော်လေးကောင်းခဲ့သည်။ သို့သော် သူမ၏ အိပ်မက်ထဲကလိုပင် ရှန်ဖုန်းမင်၏မျက်လုံးထဲတွင် ဘာရှိမှန်းကိုတော့ ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။
သူ ကူညီပေးခဲ့တာလား။ သေတော့ မသေချာဘူး။
ရှမင်းဆက်က လူတွေရဲ့သူ့အပေါ်ခံစားချက်တွေက ခပ်မှိန်မှိန်လေးပါပဲ။ ဒါကို သေချာ စဥ်းစားကြည့်မယ်ဆိုရင် သူက လူတွေအပေါ် ဘာမှမလုပ်ခဲ့သလောက်ပဲ။ သူက အဲဒီအရာရှိတွေကိုပဲ သ-တ်ခဲ့တာ။ ဖြစ်နိုင်တာက အရာရှိတွေက သူ့ကို အရမ်းကြောက်ကြလို့ သာမန်ပြည်သူတွေကလည်းက သူ့ကို ကြောက်ကြတာဖြစ်မယ်။
ဒါမှမဟုတ် ချီလင်သက်တော်စောင့်တွေကိုပေါ့။ သူတို့မသိတဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိဘူးလေ။ သူတို့ မလုပ်နိုင်တာလည်း မရှိဘူး။ ဒီလိုလူတွေကို သာမန်လူတွေက ကြောက်ကြတာ သဘာဝပဲ။
ကျန်းယွင်ကျူးက သည်ကိစ္စအကြောင်းကို သူ့အား ဖွင့်မေးလိုက်ချင်လေသည်။ စကားလုံးများက ပါးစပ်ဖျားပေါ် ရောက်လာချိန်တွင် ရှန်ဖုန်းမင်တို့နှစ်ယောက်က အခုလောလောဆယ် သူတို့၏ သရုပ်မှန်ကို ထုတ်ပြဖို့ ရည်ရွယ်ချက်မရှိမှန်း သတိရသွားတော့သည်။ သူက ဘယ်လိုမေးလို့ရတော့မှာလဲ။
ရှန်ဖုန်းမင်၏ အကြည့်သည် သူမ၏ ဆွဲဆောင်ခံလိုက်ရပြီး သူမ၏မပွင့်တပွင့်နှုတ်ခမ်းဆီ ကျရောက်သွားလေသည်။ နူးညံ့တောက်ပတဲ့ အနီရောင်နှုတ်ခမ်းလေးတွေပါလား။
ကျန်းယွင်ကျူးက သူမ၏နှုတ်ခမ်းကို ကိုက်လိုက်၏။ သူမ၏စိတ်က စကားပြောရင်း သတိပြန်ဝင်လာတော့သည်။
“ လူကြီးမင်းရှန်၊ လူကြီးမင်းယန် ရှင်တို့ သွားမဲ့အချိန် ကျွန်မကို ကြိုပြောနော်၊ ရှင်တို့တွေ လမ်းမှာစားဖို့ ကျွန်မ ပိုလုပ်ပေးလိုက်မယ်”
သူမ၏ အချက်အပြုတ်လက်ရာ ကောင်းပါသေးသည်ဟု ခံစားမိလိုက်သည်။ သူတို့ရဲ့ တုံ့ပြန်ပုံကို ကြည့်ရင် သူတို့တွေ သဘောကျနေတာပဲ။ သူမက သူတို့ကို ပိုချက်ပေးလိုက်မယ်ဆိုရင်ကော။
သူမ လုပ်ပေးနိုင်တာက ဒါပဲရှိတာလေ။
ယန်ရှန့်သည် အစားအသောက်အကြောင်း ပြောလိုက်သံကို ကြားလိုက်ချိန်တွင် တက်ကြွလာတော့သည်။ သူက ကျန်းယွင်ကျူးကို ချက်ချင်းပြန်ပြောလိုက်၏။
“ မိန်းကလေးကျန်း ကျွန်တော် မင်းကို ဒုက္ခပေးစရာလေးရှိလို့ပါ၊ ပြီးခဲ့တဲ့အခေါက်က မင်း ကျွန်တော်တို့ကို ပေးလိုက်တဲ့ ဝက်အူချောင်းလေ ကျွန်တော့်အမေက အရမ်းသဘောကျနေတာ၊ ယူပြန်သွားပြီး သူ့ကိုပေးချင်လို့ မင်းဆီက ပိုဝယ်လို့ရမလား။
ဪ ရှိသေးတယ်၊ တခြားအရသာရှိတဲ့ အစားအသောက်များရှိရင်လည်း များများရလေ ပိုကောင်းလေပဲ”
အအေးခံ စားလို့ရသည့် ယုန်သားနှင့် အမဲလွှာနှပ်ဖြစ်ဖြစ်ဟု လွှတ်ခနဲ ပြောမိလုလုဖြစ်သွားလေသည်။ သူ့အမေရဲ့ပါးစပ်ကို ပိတ်ဖို့ လှည်းတစ်စီးခေါ်ပြီး ဒါတွေကို မြို့တော်ကို ပြန်ပေးရလိမ့်မယ်။
မဟုတ်ရင် သူ ဒီတစ်ခါပြန်သွားရင် သူ့အမေက သေချာပေါက် သူ့ကို အကြမ်းဖက်တော့မှာလေ။
ပြောပြီးနောက် သူက အင်္ကျီလက်ထဲက ငွေ ၂စကိုထုတ်ပေးလိုက်သည်။ ငွေတစ်၁သည် ၁၀လျန်ရှိလေသည်။ ထို့ကြောင့် စုစုပေါင်းလျန် ၂၀ ရှိသည်။
အများကြီးပါလား။ ကျန်းယွင်ကျူးသည် အစက သူတို့ကို အလကားပေးမည်ဟု ပြောချင်ခဲ့လေသည်။ ဒါပေမဲ့ သူတို့ အများကြီးလိုချင်တာလား။
ယန်ရှန့်က သူမကို ငွေလှမ်းပေးလိုက်၏။
“ ပိုပြီးလုပ်ပေးပါနော်၊ ကျွန်တော်တို့မိသားစုက အစားကြီးကြလို့ပါ”
ကျန်းယွင်ကျူးမှာ ရယ်ရခက် ငိုရခက်ဖြစ်သွားတော့သည်။
“ မင်း ကျွန်တော့်ကို ပုံမှန်စျေးအတိုင်းပဲ ရောင်းလို့ရပါတယ်၊ အရမ်းကို အရသာရှိတဲ့ အစားအသောက်တွေပဲ၊ တခြားသူတွေကို ငွေရှိတာတောင် ဝယ်မစားနိုင်ဘူးလေ” ယန်ရှန့်က ဝင့်ကြွားစွာ ပြောလိုက်လေသည်။
ဒီလောက်ကြီးတဲ့ အလုပ်တစ်ခုတဲ့။ ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် ဘေးမှ လှမ်းကြည့်လိုက်ကြသည်။ ကျန်းယွင်ကျူးမှာ ဘာမှ မပြောနိုင်တော့ချေ။ ထို့ကြောင့် သူမသည် ငွေကိုသာ လက်ခံလိုက်ပြီး စေတနာအပြည့်နှင့် လုပ်ပေးကာ ကူညီလိုက်တော့မည်။
အခန်းထဲ ပြန်ရောင်လာချိန်တွင် အမျိုးသမီးချန်က ငွေနှစ်စကို ကြည့်ပြီး ဝမ်းသာမိသလို စိုးရိမ်နေမိပြန်သည်။ လျန်၂၀ တဲ့။ ကောင်းကင်ပေါ်က ပိုင်မုန့်တွေကျလာသလိုပဲ။ ဒါပေမဲ့ ဒီလောက်များတဲ့ ဝက်အူချောင်းတွေ လုပ်ပြီး သူတို့တွေက ဒါကို ဘယ်တော့မှ စားလို့ကုန်တော့မှာလဲ။
အခုတော့ သူတို့သည် တော်တော်အလုပ်များလာကြသည်။
“ ဝက်အူချောင်းတစ်ခုပဲ မလုပ်ကြရအောင်၊ ဝက်အူချောင်းတွေအများကြီး စားပြီး ငြီးငွေ့သွားလိမ့်မယ်”
ကျန်းယွင်ကျူးက ပြောလိုက်၏။ သူမသည် ယန်ရှန့်အတွက် လုပ်ပေးမည့်အရာကို စဥ်းစားထားပြီးသား ဖြစ်လေသည်။ နောက်တစ်ခုက
“ အမေ တကယ်တော့လေ သမီး အမေနဲ့ တိုင်ပင်ချင်တာရှိတယ်၊ လူတစ်ယောက်လောက် ငှားရအောင်”
အခု သူတို့ထမင်းဘူးလုပ်ငန်းက တစ်နေ့ကို ငွေ၅လျန်ကျော်လောက် ပိုရှာနိုင်ပြီလေ။ ဒီလိုခေတ်မှာ အလုပ်သမားငှားက စျေးသက်သာတယ်။ စားဖိုမှူးတစ်ယောက်ငှားရင် စားဖိုမှူးရဲ့ အရည်အချင်းပေါ် မူတည်ပြီး တစ်လကို ငွေ ၄လျန်ကနေ ၂လျန်ဝန်းကျင်လောက်ပဲရှိတာ။ အလုပ်ကြမ်းသမားနှစ်ယောက်ကို ငှားရင် တစ်လကို ငွေ ၂လျန် ၃လျန်လောက်ပဲ ကုန်မယ်။
သူတို့တွေ သေချာပေါက် လူငှားလို့ရတယ်လေ။
“လူငှားမယ်ဟုတ်လား”
အမျိုးသမီးချန်က အံ့ဩသွားသည်။ သူမသည် သည်ကိစ္စကို တစ်ခါမှ မစဥ်းစားခဲ့ဖူးချေ။ အရင်ကဆိုရင် မြို့ပေါ်က မြေပိုင်ရှင်နဲ့ သခင်ကြီးတွေကပဲ လူကို ငှားကြတာလေ။ သူတို့မိသားစုက လူငှားမလို့တဲ့လား။
“ သမီးတို့အခု အရမ်းအလုပ်များလာပြီ၊ တခြားဟာလုပ်ဖို့ အချိန်မရှိတော့ဘူး၊ ကျန်းလင်နဲ့ ကလေးတွေကလည်း ငယ်ကြသေးတယ်၊ သူတို့တွေက သူတို့တစ်ဘဝလုံး အစားအသောက်ပို့ပြီး တောက်တိုမယ်ရအလုပ်လေးပဲ လုပ်နိုင်မှာလား၊ လူနည်းနည်းလောက် ငှားလိုက်တာက ငွေလည်းအများကြီး မကုန်ဘူး သမီးတို့ကိုယ်တိုင် အားလပ်ချိန်ရတာပေါ့။
အမေနဲ့ သမီးက တစ်ခုခုလုပ်ဖို့လည်း စဥ်းစားလို့ရတယ်လေ၊ သမီးတို့ရဲ့ဝင်ငွေက လူငှားဖို့ ကုန်ကျစရိတ်ထက် သေချာပေါက် ပိုဝင်နေပါပြီ။
ကျန်းလင်နဲ့ ကလေးတွေအတွက်တော့ သမီးတို့ ငွေထပ်စုပြီးရင် သူတို့ကို သာမန် ကိုယ်ပိုင်ကျောင်းတစ်ခုကို ပို့ချင်တယ်၊ ကုယန်ကျိုးကလည်း နောက်နှစ်ဆို စာမေးပွဲရှိတယ်၊ ဒီတော့ သမီးတို့ သူ့ကို ဆွဲထားလို့မရဘူးလေ”
ကျန်းယွင်ကျူးက ရှင်းပြလိုက်သည်။ အစပိုင်းက သူတို့ကို စာသင်ပေးရန် ကုယန်ကျိုးအား ခေါ်ထားခြင်းက အဆင်ပြေသလို လုပ်ထားခဲ့ခြင်းပင်။
သူမသည် တစ်ခုချင်းစီကို အကျိုးအကြောင်း သက်သေများနှင့် စာရင်းလုပ်ထားသဖြင့် အမျိုးသမီးချန်ကလည်း မှန်သည်ဟု ထင်သည်။ မှန်ပါတယ်လေ။ မီးမထွန်းတဲ့အလင်းရောင်က ဘယ်လင်းပါ့မလဲ။ ပြီးတော့ မပြောတဲ့စကားတွေကိုလည်း နားမလည်နိုင်ဘူးလေ။ သူမရဲ့ဦးနှောက်က ဘာဖြစ်နေတာလဲ။ ဘာလို့များ လက်ထဲက ငွေနည်းနည်းလေကိုပဲ ကြည့်ပြီး သုံးဖို့ တွန့်ဆုတ်နေရတာလဲ။
“ ဒီကိစ္စကို သမီးရဲ့အဖေနဲ့ တိုင်ပင်ကြမယ်၊ အဆင်မပြေရင် လူတစ်ယောက်လောက် ငှားကြတာပေါ့”
အမျိုးသမီးချန်က ပြန်ပြောလိုက်သည်။
“ ငါ အားလုံးကြားပြီးပြီ၊ ယွင်ကျူးပြောတာ အဓိပ္ပာယ်ရှိတယ်”
ကျန်းချိန် လိုက်ကာကိုတံခါးကို ဖွင့်ကာ အပြင်မှဝင်လာခဲ့သည်။
သို့နှင့် သည်ကိစ္စကို သည်လိုသတ်မှတ်လိုက်တော့သည်_ လူငှားမည်။ တိုက်တိုက်ဆိုင်ဆိုင် ဝက်အူချောင်း လုပ်ရသည်က လူများလိုအပ်လေသည်။
သူတို့သုံးယောက်က ရွာသူကြီးအိမ်သို့ သွားရန် ချက်ချင်းဆုံးဖြတ်လိုက်ကြသည်။ ပထမတစ်ချက်မှာ မနက်ကအကြောင်း ပြောပြပြီး သူ့ကို စိတ်အေးသွားစေရန်နှင့် မနေ့က သူအကူအညီအတွက် ကျေးဇူးတင်စကားပြောရန် ဖြစ်သည်။ ဒုတိယတစ်ချက်မှာ ရွာထဲတွင် အလုပ်ကြမ်းလုပ်နိုင်သူ ရှိမရှိ မေးဖို့ရန် ဖြစ်လေသည်။ စားဖိုမှူးတစ်ယောက်ဆိုလျှင်တော့ အကောင်းဆုံးပင်။
“သစ်တော်သီးစွပ်ပြုတ် ကျန်သေးလား” မသွားခင် အမျိုးသမီးချန်က မေးလိုက်၏။
ကျန်းယွင်ကျူးက သူမ၏စိတ်ကူးကို နားလည်လိုက်သည်။
“ ရှိသေးတယ်”
ဆောင်းရာသီတွင် ခြောက်သွေ့သည်။ အထူးသဖြင့် မနေ့က ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် အလွန်ဒေါသထွက်ခဲ့ကြသည်။ သည်မနက် ကျန်းယွင်ကျူးက မနက်စာကို သစ်တော်သီးစွပ်ပြုတ် ချက်ပေးပြီး အားလုံး၏ဒေါသမီးကို သက်သာစေချင်ခဲ့သည်။ အခုတော့ မလိုအပ်တော့ပေ။
သူမက မီးဖိုထဲ သွားလိုက်ပြီး အိုးတစ်လုံးထဲ ဖြည့်လိုက်ကာ ကုမိသားစုဆီသို့ သယ်လာခဲ့လိုက်သည်။
ကုယုံသယ်၊ ကုယန်ကျိုးနှင့် အမျိုးသမီးလင် တို့အားလုံး အိမ်တွင် ရှိနေကြသည်။
“အဒေါ် မနက်ပိုင်းမှာ သစ်တော်သီးစွပ်ပြုတ်လေး စားကြည့်ပါအုံး” ကျန်းယွင်ကျူက အမျိုးသမီးလင်အား သစ်တော်သီးစွပ်ပြုတ်ကို လှမ်းပေးလိုက်သည်။
သစ်တော်သီးစွပ်ပြုတ်သည် ကြည်လင်ကာ အစိုဓာတ်အပြည့်နှင့် အရသာချိုသည်။ ဆောင်းတွင်းတွင် စိုပြေနေပုံပေါက်သည်။
အမျိုးသမီးလင်က လက်ခံလိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။
“ သမီးရဲ့အစားအသောက်တွေကို ထပ်ရတော့ အဒေါ် ရှက်မိပါတယ်”
ကုယန်ကျိုးသည် ကျန်းယွင်ကျူးနှင့် တခြားသူများကို စာသင်ပေးသဖြင့် ကျန်းယွင်ကျူးက မကြာခဏဆိုသလို အရသာရှိသည့် ဟင်းလျာများ ပြုလုပ်ပြီး ကုအိမ်သို့ ပို့ပေးခဲ့လေသည်။
“အဒေါ်ရယ် အားနာစရာမလိုပါဘူး၊ ဒါတွေအားလုံးက အိမ်ကလုပ်လာတာပါ” ကျန်းယွင်ကျူးက ပြောလိုက်၏။
အမျိုးသမီးလင်က သစ်တော်သီးစွပ်ပြုတ်ကို ကိုင်ထားသည်။ သူမသည် ကျန်းယွင်ကျူးကို ကြည့်လေလေ ပိုပြီးသဘောကျလာလေလေ ဖြစ်နေတော့သည်။ ကုယန်ကျိုးကလည်း မငယ်တော့ချေ။ ကုယုံသယ်နှင့် အမျိုးသမီးလင်တို့က သူ့လက်ထပ်ပွဲအတွက် အစောကြီးကတည်း ရှာပေးချင်ခဲ့သည်။ တော်တော်များများ ရှာပေးခဲ့ပြီးနောက်တွင် ကုယန်ကျိုးမပြောနှင့် သူတို့နှစ်ယောက်ကပင် ထိုမိန်းကလေးများက သူတို့သားနှင့် မလိုက်ဖက်ဟု ခံစားခဲ့ရလေသည်။
သူမရဲ့သားက အရမ်းချောပြီး စာတတ်ပေတတ်လေ။ စာမဖတ်တတ်တဲ့ တောသူမိန်းမတစ်ယောက်နဲ့ လက်ထပ်ပေးရမှာလား။
ကျန်းယွင်ကျူးကတော့ မတူလေဘူး။ သူမက လှလည်းလှတယ် အချက်အပြုတ်လည်း ကောင်းကောင်းတတ်တယ်။ ကျန်းမိသားစု အဆင်ပြေနေတာကို မြင်ရတော့ သူမတောင် မနာလိုဖြစ်မိတယ်လေ။
ပြီးတော့ ကျန်းယွင်ကျူးက သူ့သားဆီမှာ စာဖတ်သင်ခဲ့တာပဲ။
အဖက်ဖက်ကကြည့်ရင် အရမ်းလိုက်ဖက်တာပဲ။ လက်ထပ်ဖို့ထက် ပိုကောင်းတာမရှိတာတော့ဘူး။ အမျိုးသမီးလင်သည် ကျန်းယွင်ကျူးကို ကောင်းကင်ဘုံ သူတို့မိသားစုအား ချီးမြှင့်င့်သည့် ချွေးမတစ်ယောက်လို ခံစားမိလေသည်။
“ယန်ကျိုး ဘာလို့ ရပ်နေတာလဲ၊ မနေ့က ဝယ်လာတဲ့ တိမ်သားမုန့်တွေ သွားယူပြီး ယွင်ကျူးကို ပေးမြည်းလိုက်အုံးလေ” အမျိုးသမီးလင်က ကုယန်ကျိုးကို ပြောလိုက်၏။
ကုယန်ကျိုးက ပြုံးလိုက်လေသည်။ တော်တော် ပီတိဖြစ်နေသည့်ဟန်ပင်။ သူက အထဲသို့ ဝင်သွားပြီး ကျန်းချိန်နှင့် တခြားသူများအတွက် တိမ်သားမုန့်ကို ယူလာပေးလိုက်သည်။
တိမ်သားမုန့်သည် နှင်းလေးကလို ဖြူဆွတ်နေလေသည်။ အမျိုးသမီးလင်က ကျန်းချိန်နှင့် တခြားသူများကို စားကြည့်ရန် တိုက်တွန်းလိုက်ပြီး သူတို့က တစ်ခုစီယူလိုက်ကြသည်။ အရသာမှာ အလွန်ချိုမြလေသည်။
ထို့နောက်တွင်တော့ လေးနက်သည့်ကိစ္စများကို ပြောဖြစ်လိုက်ကြသည်။ ကျန်းချိန်က မနက်က ဖြစ်ခဲ့သည့်ကိစ္စများကို ကုယုံသယ်အား ပြောပြလိုက်သည်။
ကုယုံသယ်မှာ သူ့စကားကို ကြားလိုက်ရချိန်တွင် အံ့အားသင့်သွားတော့သည်။ ဒါသည် ရုံးတော်က အမှုကိစ္စများကို သည်လိုဖြေရှင်းပေးသည်ကို ပထမဆုံးတွေ့လိုက်ရခြင်းပင်။
ကျန်းမိသားစုသည် ဝူလင်စီရင်စုတွင် ဆွေးမျိုးလည်း မရှိသလို နောက်ခံလည်းမရှိပေ။ နောက်ဆုံး ကျန်းမိသားစုသည် သည်တစ်ကြိမ်တွင် ကံကောင်းသွားသည်ဟု ဆိုနိုင်လေသည်။
ထို့နောက်တွင် ဒုတိယကိစ္စကို ပြောပြလိုက်သည်။ ကုယုံသယ်က ခဏလောက်စဥ်းစားလိုက်ပြီး
“ ရွာမှာ စာဖိုးမှူးတော့ မရှိဘူး၊ အလုပ်ကြမ်းသမားက အမျိုးသမီးလိုချင်တာလား အမျိုးသားလိုချင်တာ”
ကျန်းချိန်နှင့် အမျိုးသမီးချန်တို့နှစ်ယောက်လုံးက ကျန်းယွင်ကျူးဖက်ကို လှည့်ကြည့်လိုက်ကြသည်။ လက်ရှိတွင် သူမသည် မိသားစု၏ ကိစ္စအဝဝကို တာဝန်ယူထားသူဖြစ်လေသည်။
“ဘာပဲဖြစ်ဖြစ် ရပါတယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။ အစားအသောက်ပို့ဖို့နဲ့ စျေးဝယ်ပစ္စည်းတွေကို သယ်ဖို့ပဲလေ။
“ သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ် လုပ်နိုင်ရင် ရပါတယ်”
အစားအသောက် ဝန်ဆောင်မှု ပတ်သက်လာလျှင် ပထမဆုံးအချက်မှာ သန့်ရှင်းမှုရှိရန်ဖြစ်သည်။ ထို့နောက်တွင် အလုပ်ကြိုးစားပြီး လုပ်ချင်ကိုင်ချင်စိတ် ရှိရမည်။
နောက်တစ်ခုကတော့ အရည်အသွေးကောင်းတစ်ခု ဖြစ်ရာ သူဌေးအားလုံးက သူတို့ အလုပ်သမားများဆီက မျှော်လင့်ကြလေသည်။
“ဪ ဒါနဲ့ စာရေးတတ်ဖတ်တတ်သူက လာချင်တယ်ဆိုရင်တော့ အကျိုးအမြတ်က မနည်းစေရပါဘူး”
သူမက ထပ်ပြောလိုက်လေသည်။
“စာဖတ်တတ်ရမယ် ဟုတ်လား၊ ဒါက ရှာဖို့ တကယ်ခက်တာပဲ”
ကုယုံသယ်က ပြောလိုက်၏။ စာတတ်ပေတတ်ဆိုတာ မိသားစုက ချမ်းသာတဲ့အဓိပ္ပာယ်ပဲလေ။ ဘယ်သူက လက်တိုလက်တောင်းအလုပ် လုပ်ချင်မှာလဲ။
“စာဖတ်တတ်ဖို့က ဦးစားပေးအချက် မဟုတ်ပါဘူး” ကျန်းယွင်ကျူးသည် အခြေအနေက သည်လို ဖြစ်နေသည်ကို ခန့်မှန်းမိသဖြင့် ဖိအားမပေးလိုက်တော့ချေ။
“အင်း”
ကုယုံသယ်က ခေါင်းညိတ်လိုက်ပြီး
“ အဆင်ပြေမဲ့သူ တစ်ယောက်နှစ်ယောက်တော့ ရှိမယ်ထင်တယ်၊ မင်းကို ပြောပြမယ်လေ၊ မင်းက သဘောကျတယ်ဆိုရင် ဦးလေး ကူညီပေးပါ့မယ်”
“ကျေးဖူးတင်ပါတယ် သူကြီးရှင့်” ကျန်းယွင်ကျူးက ပြုံးကာ ပြောလိုက်လေသည်။
ကုယုံသယ်သည် ကျန်းယွင်ကျူးကို သဘောကျလေသည်။ ကြည့်လေ။ သူမရဲ့ပါးစပ်မှာ ‘ကျေးဇူးပါ’ဆိုတဲ့ စကားအပြည့်ပဲ။ စိတ်ထားပြည့်ဝပြီး သိတတ်လိုက်တဲ့မိန်းကလေး။
…
အခန်း (၄၀.၂)
သူက ပြောပြလေသည်။ ပထမတစ်ယောက်မှာ ရွာအနောက်ပိုင်းက ဖန်းမိသားစုဖြစ်သည်။ ဖန်းလောင်စစ်က လွန်ခဲ့သည့်နှစ်အနည်းငယ် မိုင်းတွင်းတွင် အလုပ်လုပ်ရင်း ခါး၌ ဒဏ်ရာရခဲ့သည်။ မိုင်းတွင်းက သူ့ကို ငွေတချို့ လျော်ကြေးပေးခဲ့သော်လည်း ထိုငွေက သမားတော်ပြရန်နှင့် ဆေးဖိုးအတွက်သာ လုံလောက်လေသည်။
သူ့မိန်းမက သူပြောပြချင်သည့် နောက်တစ်ယောက်ပင်။
“ဖုန်းမိသားစုက အခုဆို အခက်အခဲဖြစ်နေတာလေ၊ ဒီနှစ်ယောက်က အလုပ်ကြိုးစားပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေပါ၊ ဒါပေမဲ့ ဖန်းလောင်စစ်က သူ့ဒဏ်ရာ ပြန်ကောင်းလာပြီးနောက်ပိုင်းကျတော့ မိုင်းတွင်းက သူ့ကို ထပ်မသုံးတော့ဘူးလေ၊ ဒီတောင်ပေါ်ရွာမှာ လူတစ်ယောက်က မိုင်းတွင်းထဲ မသွားနိုင်ရင် ငွေလုံးဝမရှာနိုင်တာ လူတိုင်းသိတယ်။
တကယ်က ဖန်းလောင်စစ်ရဲ့ကျန်းမာရေးကလည်း ပြန်ကောင်းနေပါပြီ၊ မနှစ်က သူ စပါးသယ်နေတာ မြင်ခဲ့သားပဲ၊ စပါးတစ်အိတ်က ဘယ်လောက်လေးလဲဆိုတာ စဥ်းစားသာကြည့်တော့၊ သူက စပါးအိတ်ကို ဘာပြဿနာမှမရှိဘဲ သယ်နိုင်တယ်လေ။ မိုင်းတွင်းက သူ့ကို ထပ်မသုံးတော့တာကတော့ အရမ်းရက်စက်ပါတယ်”
ကုယုံသယ်က သက်ပြင်းချလိုက်သည်။ ထို့ကြောင့်ပင် သူက ရွှီချင်ရှန့်ကို မိုင်းတွင်းသို့ မသွားခိုင်းခဲ့ခြင်းပင်။ ရွာထဲမှ လူငယ်နှင့် သက်လတ်ပိုင်းလူများက မိုင်းတွင်းတွေ ငွေရှာကြသော်လည်း ကိစ္စတော်တော်များများက သူတို့ထံတွင် လာဖြစ်တတ်ကြသည်။ သူတို့ကိုယ်သူတို့ မထိခိုက်ပါဘူးဟု မည်သူက အာမခံပေးနိုင်ပါမည်နည်း။
ကျန်းယွင်ကျူးသည် သူက ဖုန်းမိသားစုလင်မယားကို သူမအား အမှန်ပင် ထောက်ခံပေးချင်မှန်း ခံစားမိလိုက်သည်။ မဟုတ်လျှင် သူသည် စကားအများကြီး ပြောနေလိမ့်မည်မဟုတ်ပေ။
ဘေးတွင်နားထောင်ရင်း ကျန်းချိန်က စိတ်အေးသွားလေသည်။ သူသည် မိုင်းတွင်းတွင် တစ်လသာ အလုပ်လုပ်ခဲ့ရသည်။ သတ္တုအရိုင်းတုံးကြီးတစ်ခု ကျလာပြီး လူငယ်တစ်ယောက်၏ခြေထောက် ကြေသွားသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ထိုလူသည် တစ်စုံတစ်ယောက်၏ သား၊ ခင်ပွန်း သို့မဟုတ် အဖေတစ်ယောက် ဖြစ်လိမ့်မည်။ သူသည် အနာဂါတ်တွင် မည်သို့ရှင်သန်မည်ကို မသိရပေ။
ထိုအချိန်က သူသည် သူ့ဆီမှာ တစ်ခုခုလာဖြစ်ခဲ့လျှင် ဘာလုပ်ရပါမည်နည်းဟု မကြာခဏ ဆိုသလိုတွေးဖြစ်လေသည်။
ကံကောင်းလို့ပေါ့…. သူသည် ကျန်းယွင်ကျူးကို ကြည့်လိုက်ပြီး စိတ်ထဲတွင် သူ့ကိုယ်သူ နှစ်သိမ့်လိုက်လေသည်။
သူသည် ဖန်းလောင်စစ်ကို အမှန်ပင် တွေ့ချင်ခဲ့သည်။ သူကြီးပြောသလို အမှန်ပင်ဖြစ်နေလျှင် သူ့ကို ငှားရမ်းနိုင်လျှင် ကောင်းလိမ့်မည်။ သို့သော် သူက ဘာတစ်ခွန်းမှ မပြောချေ။ ကျန်ယွင်ကျူး၏အလုပ်ကို သူမကိုယ်တိုင် ဆုံးဖြတ်ရပေမည်။
ကျန်းယွင်ကျူးက ကျန်းချိန်၏အမူအရာကို မြင်ခဲ့ပြီးဖြစ်လေသည်။ သို့တိုင် သူမက ဣန္ဒြေမပျက် ဆက်နေလိုက်ပြီး ကုယုံသယ်က ကျန်သည့်သူများအကြောင်း ပြောပြီးသည်အထိ နားထောင်နေလိုက်သည်။
သေချာသွားတော့သည်။ ဖန်းမိသားစု လင်မယားက အသင့်တော်ဆုံးပင်။ နှစ်ယောက်လုံးက ကျန်းမိသားစုနှင့် အလုပ်လုပ်လျှင် သူတို့သည် အပြန်အလှန် ကူညီပေးနိုင်သည်။
“ ကျွန်မ ဖန်းမိသားစုလင်မယားကို တွေ့လို့ရမလား” ကျန်းယွင်ကျူးက မေးလိုက်၏။
“ရတာပေါ့ အခု တွေ့ချင်လား၊ ဦးလေး မင်းတို့ကို သူတို့နဲ့ ချက်ချင်းလိုက်တွေ့ပေးမယ်လေ”
ကျန်းယွင်ကျူးက ဖန်းမိသားစုလင်မယားကို ငှားဖို့ရာ စိတ်ကူးရှိသည်ဟု ကြားလိုက်သောအခါ ကုယုံသယ်၏ မျက်နှာက အပျော်များ ပြည့်သွားတော့သည်။ ဖန်းမိသားစုသည် သူနှင့် အတိုင်းအတာတစ်ခုအထိ ခင်မင်လေသည်. ဖန်းလောင်စစ်က သူ့အား အလုပ်ရှာပေးရန် ခဏခဏလာတောင်းဆိုတတ်သည်။ ထို့အပြင် သူကလည်း ဘာတစ်ခုမှ မရှာပေးနိုင်ခဲ့ပေ။ အခုတော့ အခွင့်အရေး ရလာသည်။
သူ့ကို ဒုက္ခမပေးရဲသဖြင့် ကျန်းယွင်ကျူးက ထရပ်လိုက်ပြီး
“ ကျွန်မတို့တွေ ဖန်းအိမ်ကို အတူတူသွားကြည့်ကြမလား”
“ကောင်းပြီလေ” ကုယုံသယ်က ထရပ်လိုက်သည်။
အားလုံးက ရွာအနောက်ပိုင်းသို့ လျှောက်သွားလိုက်ကြပြီး မကြာမီ အိမ်တစ်လုံးဆီသို့ ရောက်လာကြသည်။
ဒီအိမ်ထောင်က နည်းနည်းထူးဆန်းတယ်။ ပြီးခဲ့တဲ့ နှစ်နည်းနည်းလောက်ကမှ အသစ်ဆောက်ထားတာနဲ့ တူတယ်။ ဒါပေမဲ့ ခြံဝင်းက အရမ်းယိုယွင်းနေတယ်။ သစ်သားတံခါးနှစ်ချပ်က တံခါးဖြစ်တယ် ဆိုရုံလောက်လေးပဲ။
“ တူကြီး အိမ်မှာရှိလား”
ကုယုံသယ်က အဝေးမှ လှမ်းအော်လိုက်လေသည်။
အိမ်ထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်သွားသည်။ ခဏကြာတော့ ရိုးရှင်းပြီး ရိုးသားသည့်မျက်နှာတစ်ခုနှင့် ယောက်ျားတစ်ယောက် ထွက်လာခဲ့သည်။ သူ့နောက်တွင် မျက်တွင်းအနည်းငယ်ကျနေသည့် မိန်းမတစ်ယောက် လိုက်ထွက်လာခဲ့သည်။ နောက်တွင် တစ်၊ နှစ်၊ သုံး၊ လေး ကလေး လေးယောက်ထွက်လာသည်။ အကြီးဆုံးတစ်ယောက်မှာ အသက်၁၂နှစ်အရွယ်ဖြစ်ပြီး အငယ်ဆုံးမှာ လမ်းလျှောက်တတ်စလေးသာ ရှိသေးသည်။
ရှေးခေတ်ကာလတွင် မိသားစုတွင် ကလေး ဘယ်နှစ်ယောက် မွေးမည်ဟူ၍ အစီအစဥ်မျိုးမရှိပေ။ တခါတရံ ဆင်းရဲသားများက ကလေးမလိုချင်ကြသော်လည်း ကိုယ်ဝန်ရှိလာပြီးနောက် ကလေး မွေးရတော့သည်။
“သူကြီး”
ဖန်းလောင်စစ်က ကုယုံသယ်ကို ခေါ်လိုက်ပြီးနောက် ကျန်းချိန်နှင့် တခြားသူများကို ကြည့်လိုက်လေသည်။
“ငါတို့အားလုံးက တစ်ရွာထဲမှာနေကြတာပဲ၊ မင်းတို့တွေ တွေ့ဖူးကြမှာပါ၊ ဒါပေမဲ့ အချင်းချင်းတော့ မသိကြဘူးပေါ့”
ကုယုံသယ်က နှစ်ဘက်လုံးကို မိတ်ဆက်ပေးလိုက်လေသည်။ ထို့နောက် သူက ဖန်းလောင်စစ်အား ကျန်းမိသားစု၏ အလုပ်ကြမ်းသမား ငှားချင်သည့်အကြောင်းကို ပြောပြလိုက်လေသည်။
ထိုစကားကို ကြားလိုက်ချိန်တွင် ဖန်းလောင်စစ်မှာ စိတ်လှုပ်ရှားသွားတော့သည်။ သူက ကျန်းချိန်ဘက်ကို လှည့်လိုက်ပြီး
“ ကျွန်တော့်ခါးဒဏ်ရာက ပျောက်သွားပါပြီ၊ အလုပ်လုပ်ဖို့ ဘာပြဿနာမှမရှိပါဘူး၊ ခင်ဗျားမယုံရင် မယုံရင်….”
သူက ဘေးဘီကိုကြည့်လိုက်ပြီး တံခါးက ကျောက်တုံးကြီးတစ်ခုကို တွေ့သွားသည်။ ချက်ချင်းဆိုသလို သူက ထိုကျောက်တုံးကြီးကို ရွှေ့ပြရန် သွားလိုက်တော့သည်။
သူသည် ကျန်းချိန်က ကျန်းမိသားစုကို တာဝန်ယူထားသူဟု ထင်နေခဲ့သည်။
ကျန်းချိန်က သူ့ကို မြန်မြန်တားလိုက်၏။ သူ့အစတုန်းက ကောင်းနေတဲ့ခါးက ဒီကျောက်တုံးကြီးကို ရွှေ့လိုက်မှ ဒဏ်ရာရသွားရင် ဒုက္ခ။
ထို့နောက် ကျန်းချိန်က ကျန်းယွင်ကျူးကို ကြည့်လိုက်လေသည်။
ကျန်းယွင်ကျူးက ဖန်းလောင်စစ်နှင့် သူ့မိန်းမကို အကဲခတ်လိုက်သည်။ သူတို့သည် ဖျင်ကြမ်းအဝတ်အစားများကို ဝတ်ထားသော်လည်း အလွန်သန့်ရှင်းနေသည်။ ကလေးများကလည်း အတူတူပင်။ ကလေးများသည် အဝတ်အစားများ၊ လက်နှင့်မျက်နှာတို့တွင် အပေကျံဆုံး ဖြစ်တတ်မှန်း အားလုံးအသိပင်။ လူကြီးက မသန့်ရှင်းပေးလျှင် သန့်သန့်ရှင်းရှင်း ထွက်လာမည်မဟုတ်ပေ။ ဖန်းမိသားစု၏ ကလေးများသည် အနည်းငယ် ပိုပိန်ကြသော်လည်း သူတို့အားလုံးက သန့်ရှင်းကြလေသည်။ အငယ်ဆုံးလေးအထိပင်။
ခြံထဲတွင် မီးဖိုဆောင်တစ်ခုရှိသည်။ သူမက အတွင်းနှင့်အပြင်ကို စစ်ဆေးကြည့်လိုက်သည်။ အိုးခွက်ပန်းကန်အားလုံးကို သန့်ရှင်းအောင် တိုက်ချွတ်ထားပြီး သပ်သပ်ရပ်ရပ် စီထားလေသည်။ မီးဖိုပေါ်တွင် ပေကျံနေသည်များ တစ်ခုမှမရှိပေ။
ဒါက အရမ်းခက်တာလေ။ လယ်သမားတစ်ယောက်ရဲ့ အိုးကြီး၊ ထင်းနဲ့ ပုံမှန်ချက်ပြုတ်တာက အဲဒီဆီပါတဲ့မီးခိုးငွေ့တွေက ထင်းပေါ်က ဖုန်တွေနဲ့ ရောသွားပြီး မီးဖိုကို ဖုံးသွားနိုင်တယ်လေ။ ကျန်းယွင်ကျူးက ခံစားမိလိုက်သည်။ အသန့်အရှင်း အလွန်ကြိုက်သူများက ဖန်းမိသားစုလို လုပ်နိုင်လိမ့်မည်။
သူမသည် လင်မယားနှစ်ယောက်ကို တော်တော်သဘောကျသွားလေသည်။ ထို့ကြောင့် သူတို့က သူမတို့မိသားစုအတွက် အလုပ်လုပ်လိုသလားဟု မေးလိုက်တော့သည်။
ဖန်းလောင်စစ်နှင့် သူ့မိန်းမတို့သည် ဆန္ဒရှိသည်ထက်ပင် ပိုသေးသည်။ မိသားစုတွင် ကလေးများစွာ ရှိနေသည်။ စားသောက်ဖို့အတွက်က ပြဿနာကြီးတစ်ခုပင်။
ကျန်းယွင်ကျူးက အရင်ဆုံး သုံးရက်အလုပ်လုပ်ပေးဖို့ တောင်းဆိုလိုက်သည်။ နှစ်ဖက်လုံးက ပြဿနာမရှိလျှင် သူတို့ကို ငှားရမ်းလိမ့်မည်။
စျေးကလား။ နှစ်ယောက်လုံးကို ငှားခဲ့လျှင် ငွေ၆လျန်ရမည်။
သည်စျေးက အမှန်ပင် မနိမ့်ပေ။ မိုင်းတွင်းသို့သွားလျှင်လည်း တစ်လ ၆လျန်ပင်။ ဒါသည် ပင်ပန်းပြီး အန္တရာယ်များသည့် အလုပ်ဖြစ်သည်။ ထို့အပြင် တစ်ဖက်လူက သူတို့ကို လိုချင်မှ လိုလိမ့်မည်။ အခုတော့ လင်မယားနှစ်ယောက်လုံး အလုပ်ကြမ်းသမား လုပ်လျှင်လည်း စုစုပေါင်း ၆လျန် ရှာနိုင်မည်။ ထို့အပြင် အိမ်နှင့်လည်း နီးသေးသည်။ သည်ထက်ကောင်းသည့်အလုပ်ကို ထပ်ရှာနိုင်တော့မည် မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”
ဖန်းမိသားစုလင်မယားက စကားအရာ မကျွမ်းကျင်ကြပေ။ သူတို့သည် ကျန်းယွင်ကျူးကို ကျေးဇူးတင်စကားသာ ဆက်တိုက်ပြောနေကြသည်။ ကျန်းယွင်ကျူးနှင့် ကုယုံသယ်တို့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် သူတို့က ကျန်းချိန်နှင့် အမျိုးသမီးချန်ကိုပါ ကျေးဇူးတင်စကား ပြောလိုက်ကြသေးသည်။
“အလုပ်ကြိုးစားနော်၊ နောက်ကျရင် ဒီခြံကို ပြန်ဆောက်ပေါ့” ကုယုံသယ်က သူတို့ကို ပြောလိုက်လေသည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူကြီး”
ဖန်းလောင်စစ်က ကျေးဇူးတင်စကားကို နောက်တစ်ချီစပြောပြန်သည်။
ကျန်းယွင်ကျူးက သူတို့ ဘယ်တော့လောက် အလုပ်လာနိုင်မလဲဟု မေးလိုက်သည်။ နှစ်ယောက်လုံးက မဆိုင်းမတွဘဲ အခုချက်ချင်း အလုပ်ဆင်းနိုင်သည်ဟု ပြောလေသည်။
ကျန်းယွင်ကျူးက သည်နေ့ စီရင်စုမြို့သို့ သွားရမည်ကို စဥ်းစားလိုက်မိသည်။ တိုက်တိုက်ဆိုင်ဆိုင် သူတို့သည် နေ့လယ်ခင်းအတွက် ချက်ပြုတ်ရန် အချိန်မီလေးသာဖြစ်နေသည်။ သူတို့အကူအညီရလျှင် အဆင်ပြေလိမ့်မည်။ ထို့ကြောင့် သူမက သဘောတူလိုက်တော့သည်။
နှစ်ယောက်သားသည် နောက်သို့လှည့်လိုက်ပြီး ကလေးများကို မှာစရာရှိတာ မှာလိုက်ကြပြီးနောက် ကျန်းယွင်ကျူးနောက်သို့ လိုက်သွားလေတော့သည်။
သည်အခိုက်လေးတွင် ဘေးက ခြံဝင်းတံတိုင်းနောက်က လူတစ်ယောက်က မေးလာသည်။
“ နင်တို့တွေက ကျန်းကျီစားသောက်ဆိုင်ကလား”
အားလုံးက ထိုစကားကိုကြားလိုက်ပြီး ထိုနေရာလှမ်းကြည့်လိုက်ကြသည်။
ဖန်းအိမ်တံတိုင်းက နိမ့်လေသည်။ ခြံဝင်းဘေးက တံခါးနားတွင် အသက် ၁၃-၁၄နှစ်အရွယ် ကောင်လေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကောင်လေး၏ မျက်ခုံးနှင့် မျက်လုံးတိုသည် အသက်ဝင်နေလေသည်။ မျက်ခုံးက ကုယန်ကျိုးနှင့် တော်တော်တသည်။ သူက ခေါင်းလေးကို ပြူထွက်လာပြီး သူတို့ရှိရာဖက်သို့ ကြည့်နေလေသည်။
“ကောင်စုတ်လေး မင်းဘာလုပ်နေတာလဲ”
ကုယုံသယ်က ကောင်လေးကို တွေ့လိုက်နှင့်တပြိုင်နက် ထအော်တော့သည်။
ကောင်လေးက သူကို လျစ်လျူရှုထားသည်။ သူက ကျန်းယွင်ကျူးကို ကြည့်ကာ မေးလိုက်လေသည်။
“ အစ်မ လူငှားလိုချင်လို့လား”
သူ ခုနတုန်းက ခြံဝင်းထဲမှာ ပြောနေတာ အကုန်ကြားလိုက်တယ်လေ။ ကျန်းယွင်ကျူးက ဆုံးဖြတ်တဲ့သူဆိုတာကိုလည်း သူသိတယ်။
“ဟုတ်တယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။
ကောင်လေးက သူမကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်ပြီး မေးလိုက်ပြန်သည်။
“ ကျွန်တော့်ကို ငှားပါလား”
ကျန်းယွင်ကျူးက ကုယုံသယ်ဖက် လှည့်ကြည့်လိုက်၏။ ဒါက ဘယ်သူလဲ။
“ကျုပ်တူလေးပါ၊ စာကျတော့ ကောင်းကောင်း မသင်ဘူး”
ကုယုံသယ်က ဒေါသထွက်ထွက်နှင့် ပြောလိုက်၏။
“ ငါ နောက်မှ မင်းအဖေကို ပြောအုံးမယ်၊ မင်းအဖေ မင်းကို ရိုက်မရိုက် ကြည့်နေလိုက်”
ကောင်လေးက ရှုံ့မဲ့သွားပြီး
“ဦးကြီး ကျွန်တော်လည်း အစ်ကိုယန်ကျိုးလို ဖြစ်ချင်ပါတယ်၊ ကျွန်တော့်ကို တွေ့တဲ့တိုင်းသူက ကျွန်တော့်ကို ချီးကျူးကြလိမ့်မယ်၊ ဒါပမဲ့ ကျွန်တော် တကယ်စာမလေ့လာနိုင်ဘူးဗျ၊ ဦးကြီးမှ မသိဘဲ၊ အဲဒီမှာ နေ့တိုင်းသွားထိုင်နေရတာ နှိပ်စက်ခံနေရသလိုပဲ။
တစ်ခါတလေ ကျွန်တော်စဥ်းစားကြည့်တယ်၊ ကျွန်တော့် တစ်ဘဝလုံးသာ စာပဲလေ့လာနေရင် ကျွန်တော် ဒီအတိုင်းသေသွားနိုင်တယ်ဗျ”
“ အမလေး မင်းက ငယ်ငယ်လေးပဲရှိတာကို၊ ဘာသေမယ်၊ ရှင်မယ်နဲ့၊ မင်း စာကြိုးတာပဲ ပိုကောင်းမယ်”
ကုယုံသယ်က ပြောလိုက်ပြီး သူ့ကို ဆုံးမဖို့ စဥ်းစားလိုက်တော့သည်။
ကောင်လေးက ကျန်းယွင်ကျူးကို အလောတကြီး တောင်းပန်လေသည်။
“ကျွန်တော့်ကို ငှားပါဗျာနော်၊ ကျွန်တော် စာဖတ်တတ် ရေးတတ်ပါတယ်၊ ကျွန်တော် စာရင်းလည်း လုပ်တတ်တယ်၊ အစ်မ ကျွန်တော့်ကို…. ဟာ ဦးကြီး ၊ ဦးကြီး….”
ကောင်လေးက မြန်မြန်ပြေးထွက်သွားတော့သည်။
ကျန်းယွင်ကျူးက သူ့ကျောပြင်ကိုကြည့်ရင်း ပြုံးလိုက်လေသည်။ ဒီကလေး ပြေးသွားတာ မြန်လိုက်တာ။
…