အပိုင်း (၃၈)
ကျန်းယွင်ကျူး၏အတွေးကို ဘေးဖယ်ထားလိုက်တော့သည်။ ဝေ့ခမ်းဖျင်သည် အမျိုးသမီးလျိုနှင့် စီရင်စုမြို့သို့ ပြန်လာပြီးနောက် သူ့အပေါ်ထားသည့် အမျိုးသမီးလျို၏သဘောထားက မပြောင်းလဲပေ။ သူ့ဒေါသက ခေါင်းကို တက်ဆောင့်နေတော့သည်။
နေဝင်သွား၏။ အမျိုးသမီးလျိုက ချက်ပြုတ်နေပြီး သူက ဘေးမှကြည့်နေလေသည်။ သူ့မျက်နှာက ရေလို တည်ငြိမ်နေ၏။ အစကတော့ သူက သူမနဲ့ ပျော်ချင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူမကို လူတွေအများကြီး ကစားထားသိလိုက်ရတော့ သူမကို ညစ်ပတ်တယ်လို့ မြင်လိုက်တော့တယ်။ သူက ကျန်းယွင်ကျူးနေရာမှာ သူမကို အစားမထိုးနိုင်ဘူးလေ။ ဒီတော့ သူ့လက်ထဲ ငွေတွေမြန်မြန် ရောက်လာအောင် လုပ်မှပဲဖြစ်မယ်။
ဒါက သူနဲ့ ရင်းနှီးပြီးသားပဲ။
တဖြည်းဖြည်း မှောင်လာသည်။ အမျိုးသမီးလျိုက ညစာပြင်ဆင်လိုက်ပြီး ထမင်းစားဖို့ လုယွမ့်နှင့် စားပွဲတွင် ထိုင်လိုက်သည်။
အမျိုးသမီးလျိုက ချွေတာသူတစ်ယောက် ဖြစ်လေသည်။ ညစာအတွက် ဆန်ပြုတ်နှစ်ပန်းကန်၊ ပန်းကိတ်နှစ်ခုနှင့် အရံဟင်းတစ်မျိုးသာ ရှိသည်။
ဝေ့ခမ်းဖျင်က ထိုင်လိုက်၏။
“ မင်း ကိုယ့်ကို စိတ်ဆိုးနေသေးတာ သိပါတယ်၊ ကိုယ်ရှင်းပြလည်း အသုံးဝင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ် တကယ် အပြစ်မရှိတာပါ”
အမျိုးသမီးလျိုက စကားမပြောချေ။
“ရှိပါစေတော့လေ၊ အကွာအဝေးတစ်ခု ရောက်သွားရင် မြင်းရဲ့အင်အားကို သိလာမှာပါ၊ အချိန်ကုန်လာတာနဲ့အမျှ လူတစ်ယောက်ရဲ့ စိတ်ကို သိနိုင်ပါတယ်၊ နောက်ပိုင်းကျရင် ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာ မင်းသိလာလိမ့်မယ်” ဝေ့ခမ်းဖျင်က ထပ်ပြောလိုက်သည်။
တူကိုင်ထားသည့် အမျိုးသမီးလျို၏လက်က တုံ့ဆိုင်းသွားလေသည်။
ဝေ့ခမ်းဖျင်က ဆက်ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ်လေ ကိုယ် မင်းနဲ့လက်ထပ်ဖို့ ဆုံးဖြတ်ပြီးသားပါ”
သည်အချိန်တွင် သူက သူ့လက်ထဲက ပစ္စည်းတချို့ကို ထုတ်ယူလာခဲ့ပြီး အမျိုးသမီးချန်ကို လှမ်းပေးလိုက်သည်။
“ ပြီးခဲ့တဲ့ နှစ်ရက်တုန်းက ဒါတွေကို မင်းကိုပေးဖို့ အခွင့်အရေးရှာနေခဲ့တာ၊ ပြီးရင် မင်းကို လက်ထပ်ခွင့် တောင်းမယ်ပေါ့၊ ဒီနေ့ ဒီလိုကိစ္စမျိုး ဖြစ်လာမယ်လို့ လုံးဝမျှော်လင့်မထားခဲ့ဘူး။
ဒီမှာ ဒါတွေအားလုံးက ကိုယ်ပိုင်ဆိုင်မှုတွေပါ၊ ဒါကို မင်းကို ပေးထားလိုက်မယ်၊ ကိုယ် မင်းကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ မင်း သိသင့်ပါတယ်”
အမျိုးသမီးလျိုက စာရွက်ကို ကြည့်လိုက်လေသည်။ သူမ မြင်လိုက်သည့်အရာမှာ စာရွက်ပေါ်တွင် တံဆိပ်တုံးထုထားသည့် အိမ်စာချုပ်နှင့် မြေစာချုပ်များ ဖြစ်နေလေသည်။
အခုတော့ အမျိုးသမီးလျိုသည် အမှန်ပင် လန့်ဖျပ်သွားတော့သည်။ သူက သူမကို ဒီလောက်အရေးကြီးတဲ့ ပစ္စည်းကို ပေးချင်တာတဲ့လား။
“ ဘာပဲဖြစ်ဖြစ်လေ ကိုယ် မင်းကို ကိုယ့်ရဲ့ဘဝတစ်ခုလုံးလို့ သတ်မှတ်ထားတာပါ” ဝေ့ခမ်းဖျင်က အမြတ်တနိုးပြောလိုက်သည်။
အမျိုးသမီးလျို၏ နှလုံးသားမျှခြေက စတင်ယိမ်းယိုင်လာတော့သည်။ ကျန်းယွင်ကျူးက သူ့ကို အထင်လွဲတာဖြစ်လိမ့်မည်ဟု ခံစားလိုက်ရသည်။ ဝေ့ခမ်းဖျင်က သူမကို သူ့ဘဝလောက်အရေးကြီးတဲ့ ပစ္စည်းကို ပေးလိုက်တာဆိုတော့ သူ့စိတ်ထဲမှာ သူမ တကယ်ရှိတာပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ သူက သူ့ဘဝကို သူမနဲ့အတူတူ ကုန်ဆုံးချင်တာပဲ။
“ အခု ကိုယ့်ကို ယုံပြီလား၊ ကိုယ် မင်းကို စတွေ့ကတည်းက ချစ်ခဲ့တာပါ၊ မင်းက တခြားမိန်းမတွေနဲ့ မတူဘူးလေ”
ဝေ့ခမ်းဖျင်က အမျိုးသမီးလျို၏လက်ကို ကိုင်ရင်းပြောလိုက်သည်။
အမျိုးသမီးလျိုက သူမ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ချင်သော်လည်း မလုပ်ခဲ့ပေ။
ဝေ့ခမ်းဖျင်က ပြုံးလိုက်ပြီး အိမ်စာချုပ်နှင့် မြေစာချုပ်ကို ခေါက်လိုက်ကာ အမျိုးသမီးလျို၏လက်ထဲ ထည့်ပေးလိုက်လေသည်။
“ ကျွန်မ မလိုချင်ပါဘူး” အမျိုးသမီးလျိုက ငြင်းလိုက်၏။
ဝေ့ခမ်းဖျင်က သူမကို အတင်းပေးထားလိုက်သည်။
နောက်ဆုံးတွင် ဝေ့ခမ်းဖျင်က သူ့ကိုယ်ထဲက ဘူးတစ်ခုကို ထုတ်ယူလိုက်ပြီး အိမ်စာချုပ်နှင့် မြေစာချုပ်တို့ကို ဘူးထဲထည့်ကာ သော့ခတ်လိုက်ပြီး အမျိုးသမီးလျိုကိုပေးလိုက်လေသည်။
“ မင်း ဒါကို အရင်ယူထားလိုက်၊ သော့ကို ကိုယ်ယူထားလိုက်မယ်၊ သော့ကို မင်္ဂလာဆောင်တဲ့နေ့မှာ မင်းကို ပေးမယ်၊ မင်းနဲ့ကိုယ့်ကြားမှာ ခွဲခြားမနေရာအောင်၊ ဖြစ်တယ်မလား”
အမျိုးသမီးလျိုက မငြင်းဆန်နိုင်ခင်မှာပင် သူက ဘူးကို စားပွဲပေါ်တင်လိုက်လေည်။ ထို့နောက် သူက စားပွဲပေါ်က အစားအသောက်များကို ကြည့်ကာ ပြောလိုက်လေသည်။
“ မင်း ဘာလို့ ဒီလိုအစားအသောက်တွေကို ထပ်စားနေတာလဲ၊ မင်းက သည်းခံနိုင်ရင်တောင် ကလေးက ဘယ်ခံနိုင်ပါ့မလဲ၊ သူက ကြီးလာအုံးမှာလေ။ ခဏစောင့် ၊ ကိုယ် ပေါင်ဖုလိုကို သွားပြီး မင်းအတွက် ဝက်ကင်နဲ့ အသီးအရွက်မွှေကြော် သွားဝယ်ပေးမယ်” ပြောရင်းဆိုရင် သူက ထရပ်လိုက်လေသည်။
“မလိုပါဘူး” အမျိုးသမီးလျိုက မြန်မြန်ပြောလိုက်လေသည်။
ဝေ့ခမ်းဖျင်က သွားဝယ်မည်တကဲကဲ လုပ်နေသည်။
“ ကိုယ့်ကိုစောင့်နေနော်၊ ကိုယ် ခဏနေပြန်လာခဲ့မယ်”
အမျိုးသမီးလျိုက ထရပ်လိုက်ပြီး လှမ်းဖမ်းဖို့ ကြိုးစားလိုက်သော်လည်း မမှီလိုက်ချေ။
သူမ ပြန်လာချိန်တွင်တော့ ခွေးခြေခုံလေးတွင် ထိုင်ချလိုက်သည်။ သူမသည် အစားစားလိုစိတ် လုံးဝမရှိတော့ချေ။
နာရီဝက်ကြာပြီးနောက်တွင် အပြင်ဘက်တွင် မှောင်မည်းနေပြီဖြစ်သည်။ ဝေ့ခမ်းဖျင်က ပြန်မလာသေးချေ။ အမျိုးသမီးလျိုက ထိုင်မနေနိုင်တော့ပေ။ တစ်ခုခုများ ဖြစ်လို့လား။ သူ ပြန်လာသင့်တာ ကြာပြီလေ။
သူမက တံခါးဆီသွားကြည့်လိုက်ပြီး အပြင်ဘက်တွင် မှောင်အတိကျနေသည်။ လမ်းပေါ်တွင် လူများက ရံဖန်ရံခါ ဖြတ်သွားကြသောလည်း ဝေ့ခမ်းဖျင်၏အရိပ်ကို မမြင်ရပေ။
သူမက နေရာတွင် ရပ်ကာ ဘေးဘီကို ခဏလောက် ကြည့်လိုက်၊ အိမ်ထဲ ပြန်ဝင်သွားလိုက်၊ ထို့နောက် ခဏအကြာတွင် ပြန်ထွက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက် လုပ်နေလေသည်။
သူမသည် တတိယအကြိမ် ထွက်လာပြီး ကြည့်လိုက်ချိန်တွင် လူတစ်ယောက်က လမ်းထဲမှ ပြေးထွက်လာခဲ့သည်။
“ ဒါက ဝေ့ခမ်းဖျင်ရဲ့အိမ်လား”
ထိုယောက်ျားက အိမ်တံခါးဘေးက ပေါ့ပလာပင်ကြီးကို လှမ်းကြည့်လိုက်ပြီး အမျိုးသမီးလျိုကို အရေးတကြီးမေးလိုက်လေသည်။
“ရှင်က…” အမျိုးသမီးလျိုက မေးလိုက်၏။
“မကောင်းတော့ဘူး၊ ကျွန်တော်နဲ့လိုက်ခဲ့ပါ၊ မင်းယောက်ျား ပေါင်ဖုလို အပြန်လမ်းမှာ လူဆိုးတစ်ယောက်နဲ့ တွေ့ပြီး သွေးတွေအများကြီး ထွက်သွားတယ်” ထိုယောက်ျားက စိုးရိမ်တကြီး ပြောလိုက်လေသည်။
အမျိုးသမီးလျိုသည် သူမ၏ခေါင်းက ဗလာအတိဖြစ်သွားသည်ကို ခံစားလိုက်ရပြီး သူမက ဝေ့ခမ်းဖျင်၏မိန်းမ ဟုတ်ကြောင်း ပြောဖို့မေ့သွားတော့သည်။
“ သူ အခုဘယ်လိုနေလဲ”
အမျိုးသမီးလျိုက ချက်ချင်း စိုးရိမ်လာတော့သည်။
“ ရှေ့လမ်းထဲက ဆေးခန်းမှာ၊ လာလာ ကျွန်တော် မင်းကို ခေါ်သွားပေးမယ်”
လမ်းနှစ်ခုကို နှစ်ခါလောက်ချိုးအပြီးအတွင် ဆေးခန်းငယ်လေးတစ်ခုဆီ ရောက်လာလေသည်။
သူမသည် ဝင်သွားသည်နှင့် ဝေ့ခမ်းဖျင်က နေရာတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရတော့သည်။ သူ့ခါးနှင့် ဗိုက်တဝိုက်က အဝတ်အစားများတွင် သွေးများ ပေကျံနေလေသည်။
“အစ်ကိုကြီးဝေ့”
အမျိုးသမီးလျို့က အလောတကြီး ပြေးသွားလိုက်သော်လည်း သမားတော်ဟု ထင်ရသည့် ယောက်ျားတစ်ယောက်က တားလိုက်လေသည်။
“ သူ့ကိုမထိနဲ့၊ မဟုတ်ရင် သူ မြန်မြန်သေသွားလိမ့်မယ်”
သေတော့မယ် ဟုတ်လား။ အမျိုးသမီးလျိုသည် ရုတ်တရက်ဆိုသလို သူမ၏ ဆုံးပါးသွားသည့်ယောက်ျားကို သတိရသွားတော့သည်။ သူသည် ထိုအချိန်က ခုတင်ပေါ်တွင် ထိုသို့ လဲလျောင်းနေခဲ့ပြီး သူမက ငိုယိုသည်ကလွဲလျှင် ဘာမှမလုပ်တတ်ခဲ့ပေ။
သူမ၏မျက်ရည်များက ချက်ချင်းစီးကျလာတော့သည်။
“ မင်းက သူ့မိန်းမလား” သမားတော်က မေးလိုက်သည်။
အမျိုးသမီးလျိုက စကားမပြောနိုင်သော်လည်း ခေါင်းခါပြလိုက်သည်။
“ မင်းက သူ့မိန်းမ မဟုတ်ဘူးဆိုတော့ မင်းက…”
သမားတော်က ထပ်ပေးလိုက်လေသည်။
အမျိုးသမီးလျိုက ခေါင်းခါလျက်ပင်။
သမားတော်က သက်ပြင်းချလိုက်၏။
“ မြန်မြန် သူ့မိသားစုကို သွားရှာလိုက်၊ သူ့အဖြစ်က အရင်ဆုံးသက်တမ်းရင့်ဂျင်ဆင်းတစ်ခုနဲ့မှပဲ သူ့အသက်ကို ကယ်နိုင်မဲ့ အခွင့်အရေးတစ်ခုရှိမှာ၊ ပြီးရင်တော့ သူ့ကို ဖြည်းဖြည်းချင်း ကုသရမယ်၊ အချိန် နှောင့်နှေးသွားရင်တော့ မျှော်လင့်ချက်မရှိတော့ဘူး”
သူ့မိသားစုတဲ့လား။ ဝေ့ခမ်းဖျင်က မြို့အနောက်ဘက်မှာ နေတာလို့ပဲ ပြောတာ ကြားဖူးတာပဲ။ သူ့အိမ်ကို တစ်ခါမှမရောက်ဖူးဘူး။ ဒီတော့ သူမက ဘယ်သူ့ကိုသွားရှာရမှာလဲ။
“ဒါဆိုရင်တော့ ငါတို့တွေက သေမှာကိုပဲ စောင့်နေရတော့မှာပဲ” သမားတော့ ပြောလိုက်ပြီး ပြန်လှည့်ဝင်သွားတော့သည်။
အမျိုးသမီးလျိုက သူ့ကို မြန်မြန်လှမ်းဆွဲလိုက်ပြီး
“ သမားတော့ သူ့အသက်ကို ကယ်ဖို့က အရေးအကြီးဆုံးပါ၊ သူ့ကို ကယ်ပေးပါ”
“ငွေမရှိရင် ဂျင်ဆင်းလည်း ဝယ်လို့ရမှာမဟုတ်ဘူး၊ ငါက သူ့ကို ဘယ်လိုကယ်နိုင်မှာလဲ” သမားတော်က ပြန်ပြောလိုက်သည်။
အမျိုးသမီးလျိုက တွေဝေသွားပြီး
“ ငွေဘယ်လောက်လိုတာလဲ” သူမက သူ သေသွားမှာကို ဒီအတိုင်း ကြည့်မနေနိုင်ဘူးလေ။
“ဘယ်လိုပဲဖြစ်ဖြစ် လျန်၁၀၀ တော့ကုန်မှာပဲ” သမားတော်က ပြန်ဖြေလိုက်သည်။
အမျိုးသမီးလျိုမှာ မှင်တက်အံ့ဩသွားတော့သည်။
“ ကျွန်မ – ကျွန်မမှာ အဲလောက်များတဲ့ ငွေမရှိဘူး”
“ ဒါဆို မင်းမှာ ဘယ်လောက်ရှိလဲ၊ လိုငွေက သိပ်မများဘူးဆိုရင် ရပါတယ်၊ လူငယ်လေးရဲ့အဝတ်အစားကို ကြည့်ရတာလည်း သူ့မှာ ငွေရှိတဲ့ပုံမပေါ်ဘူး၊ သူနိုးလာရင် ငါတို့တွေ သူ့ဆီက ပြန်တောင်းလို့ရပါတယ်”
သမားတော်၏စကားက အမျိုးသမီးလျိုကို စိတ်အေးသွားစေတော့သည်။
“ကျွန်မက ၇၀လျန် ရှိပါတယ်” သူမက ပြောလိုက်၏။
သမားတော်၏မျက်လုံးများ လင်းလက်သွားလေသည်။
“ ဒါဆို လောက်ပါတယ်၊ အားညန် နင် သူနဲ့လိုက်သွားပြီး ငွေသွားလိုက်ယူလိုက်”
သည်လိုနှင့် အမျိုးသမီးလျိုသည် ငေးငိုင်ကာ အိမ်ပြန်လာခဲ့တော့သည်။ ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသဖြင့် ဘာကိုမှ စဥ်းစားချိန်မရလိုက်ပေ။
အိမ်သို့ ပြန်ရောက်လာချိန်တွင် သူမသည် အထုပ်အပိုးထဲ၊ အဝတ်အစားထဲ နှင့် ဘူးလေးများထဲတွင် ဝှက်ထားသည့် ငွေများကို ရှာလိုက်လေသည်။ ၇၅လျန် ကျော်ကျော်ရသည်။
သူမက ဆေးပေးခန်းသို့ မြန်မြန်ပြန်လာလိုက်ပြီး သမားတော်အား ငွေပေးလိုက်လေသည်။
“ ငါ သူ့ကို အခုချက်ချင်း ကယ်ပေးမယ်”
သမားတော်က ပြောလိုက်ပြီး နောက်ဘက်ခန်းထဲသို့ ဝင်သွားလေသည်။ သည်အချိန်တွင် ဝေ့ခမ်းဖျင်ကို အနောက်ဘက်ခန်းသို့ သယ်ဝင်သွားပြီးဖြစ်သည်။
အမျိုးသမီးလျိုက စိုးရိမ်တကြီးဖြင့် အပြင်ဘက်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး သတင်းဆိုးတစ်ခုခုကြားရမည်ကို ကြောက်ရွံ့နေလေသည်။
သည်အချိန်တွင် အစေခံလို ဝတ်စားထားသည့် လူသုံးယောက် အပြင်မှ ဝင်လာလေသည်။ သူတို့က ဝင်လာပြီး မေးလိုက်လေသည်။
“ ငါတို့သခင်လေး ဘယ်မှာလဲ”
“ရှင်တို့က ဘယ်သူလဲ” အားညန်ဟုခေါ်သည့် အစေခံက မေးလိုက်၏။
“ ဝေ့မိသားစုရဲ့ အစေခံတွေ၊ ငါတို့ သခင်လေး ဘယ်မှာလဲ၊ သူ ဒဏ်ရာရသွားတယ်လို့ ကြားတယ်”
ထိုလူသုံးယောက်က စိုးရိမ်တကြီးပြောလိုက်သည်။
သူတို့သုံးယောက်က အနောက်ဘက်အခန်းသို့ ချက်ချင်းဝင်သွားလိုက်ကြသည်။ အမျိုးသမီးလျိုသည် ‘သူ့အသက်ကို ကယ်ပေးလိုက်ပြီ’ ‘ ပြန်သွားပြီး သူ့ကို ကောင်းကောင်းဂရုစိုက်ပါ’ ဟူသည့်စကားများကိုသာ ကြားလိုက်ရသည်။ ခဏကြာပြီးနောက် လူသုံးယောက်က ဝေ့ခမ်းဖျင်ကို သယ်ထွက်လာလေသည်။
“ သူဘယ်လိုနေသေးလဲ” အမျိုးသမီးလျိုက မြန်မြန်တိုးသွားကာ မေးလိုက်သည်။
“ မင်းက ဘယ်သူလဲ” အစေခံများကို ဦးဆောင်လာသူက မေးလိုက်သည်။
အမျိုးသမီးလျို၏မျက်နှာမှာ နီမြန်းသွားတော့သည်။ ဝေ့ခမ်းဖျင်က သူ့မိသားစုကို ဘာပြောထားလဲ မသိဘူး။ အခုတော့ သူမ ဘယ်လိုပြန်ဖြေရပါ့မလဲ။
“ သခင်လေးရဲ့ အသက်ကို ကယ်နိုင်လိုက်ပြီ၊ သူ့ကို အရင်ဆုံး ခေါ်ပြန်သွားကြမယ်၊ ဘာကိစ္စပဲဖြစ်ဖြစ် သခင်လေးနိုးလာမှ ပြောကြမယ်”
အစေခံက စိုးရိမ်တကြီးပြောလိုက်ပြီးနောက် ဝေ့ခမ်းဖျင်ကို သယ်ထုတ်သွားလေသည်။
အမျိုးသမီးလျိုက ထိုနေရာတွင် ရပ်နေပြီး စိုးရိမ်မှုနှင့် မှင်တက်နေလေသည်။ ခဏအကြာတွင် သူမက အိမ်ပြန်လာခဲ့တော့သည်။ အိမ်ပြန်ရောက်မှ သူမ၏ငွေအားလုံးကို ဝေ့ခမ်းဖျင်၏ ဆေးဖိုး ပေးလိုက်သည်ကို သတိရသွားပြီး ချက်ချင်း ပျာယာခတ်သွားတော့သည်။ ထို့နောက် ဝေ့ခမ်းဖျင်၏ အိမ်စာချုပ်နှင့် မြေစာချုပ်တို့က သူမ၏လက်ထဲတွင် ရှိနေ့သည့်အတွေးဖြင့် ထိုငွေများက အလကားဖြစ်မည်ဟုတ်ဟု စဥ်းစားလိုက်လေသည်။
ဒီနေ့ညတော့ သူမ အိပ်ပျော်မှာ မဟုတ်တော့ပါဘူးလေ။
သည်အချိန်တွင် နှစ်လမ်းကျော်ဝေးသည့် လမ်းကြားလေးတစ်ခုထဲတွင် အဘွားကြီးတစ်ယောက် အပါအဝင် လူများက ရပ်နေကြလေသည်။
“ ခေါင်းဆောင် ဒီတစ်ခါကျတော့ အဲဒီမိန်းမကို ဘာလို့လွှတ်ပေးလိုက်တာလဲ” လူယုတ်မာမျက်ခုံးနှင့် ယောက်ျားတစ်ယောက်က ဝေ့ခမ်းဖျင်ကို မေးလိုက်သည်။ အရင်ကဆိုလျှင် ဝေ့ခမ်းဖျင်သည် ငွေနှင့် လိင်မှုကိစ္စကိုသာ စိတ်ဝင်စားလေသည်။
“ ဖိနပ်စုတ်ကြီးကို၊ ငါ့ကိုပေးရင်တောင် မလိုချင်ပါဘူး” ဝေ့ခမ်းဖျင်က အေးစက်စက် ပြန်ဖြေလိုက်သည်။
ရုတ်တရက်ဆိုသလို သူသည် ကျန်းယွင်ကျူးကို တွေးမိသွားလေသည်။ ကြောက်စရာကောင်းသည့် အကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ဖြတ်ခနဲလက်သွားလေသည်။ သူ သူမကို ရအောင်ယူရမယ်။
သည်အချိန်တွင် ကျန်းမိသားစုက ဝေ့ခမ်းဖျင်အား လားကို ပြန်ပေးရန် တိုင်ပင်ပြီး ဆုံးဖြတ်ချက်ချလိုက်တော့သည်။
“အဖေ ဒီကိစ္စမှာ ရွာသူကြီးကို မျက်မြင်သက်သေ လုပ်ခိုင်းရမယ်”
ကျန်းယွင်ကျူးက ပြောလိုက်၏။ ဝေ့ခမ်းဖျင်က သူတို့ကို အန္တရာယ်ပေးမည်စိုးပြီး ကျန်းချိန်က စိတ်လိုက်မာန်ပါ လုပ်မည်စိုးရသည်။ ကုယုံသယ်သည် ရွာသူကြီးဖြစ်သည်။ သူသည် အတွေ့အကြုံရှိသူ ဖြစ်ပြီး စီရင်စုမြို့ အစိုးရ အရာရှိများနှင့်လည်း ရင်းနှီးလေသည်။ သူ့ကို ခေါ်သွားလျှင် စိတ်အေးရသည်။
“ယွင်ကျူးပြောတာဟုတ်တယ်” အမျိုးသမီးချန်က ထိုစကားကို ကြားလိုက်ပြီးနောက် ချက်ချင်းသဘောတူလိုက်သည်။
ကျန်းချိန်က ကုအိမ်သို့ ချက်ချင်းသွားလိုက်ပြီး ကုယုံသယ်အား ထိုကိစ္စကို ပြောပြလိုက်လေသည်။ သည်နေ့ ဝေ့ခမ်းဖျင်က ကျန်းယွင်ကျူး၏လက်ကို ထိချင်ခဲ့သည့်အကြောင်းကိုတော့ မပြောပြခဲ့ပေ။ ထို့အစား သူ့အပြုအမူက ပြဿနာရှိသည်ဟု ခံစားရသည်ဟုသာ ပြောလိုက်သည်။ သူတို့သည် သူ့အပေါ် အခွင့်အရေးမယူချင်သဖြင့် လားကို သူ့အားပြန်ပေးချင်ခဲ့သည်။ သူက ကုယုံသယ်ကို မျက်မြင်သက်သေ လုပ်ပေးဖို့ တောင်းဆိုလိုက်သည်။
အမှန်ပင်။ ကုယုံသယ်က သဘောတူလိုက်သည်။
…
အခန်း (၃၈.၂)
နောက်တစ်နေ့တွင် ကျန်းချိန်နှင့် ကုယုံသယ်တို့သည် လားကိုပြန်ပေးရန် စီရင်စုမြို့သို့ အတူတူ တက်လာခဲ့ကြတော့သည်။ ကျန်းယွင်ကျူးက လိုက်ခဲ့ချင်သော်လည်း ကျန်းချိန်က သဘောမတူချေ။ ဝေ့ခမ်းဖျင်လိုလူကြောင့် ကျန်းယွင်ကျူးသည် မိန်းကလေးတစ်ယောက်အနေဖြင့် နစ်နာမှာကို စိုးရိမ်ခဲ့လေသည်။
ကျန်းယွင်ကျူးကလည်း အတင်းမပြောတော့ချေ။
ကျန်းချိန်နှင့် ကုယုံသယ်တို့သည် လားနှင့် စီရင်စုမြို့ထဲ ဝင်လာသည်နှင့် လူတစ်ယောက်က တွေ့သွားတော့သည်။ ထိုလူက နောက်လူတစ်ယောက်ကို မေးလိုက်သည်။
“ အဲဒါ ငါတို့မိသားစုရဲ့လား မဟုတ်လား”
တခြားတစ်ယောက်က ပြန်ပြေလိုက်သည်။
“ ငါ သေချာတွေ့လိုက်တယ်၊ ငါတို့မိသားစုရဲ့ဟာပဲ၊ မင်း အဲဒီနှစ်ယောက်ကို သေချာစောင့်ကြည့်ထား၊ ငါ ပြန်သွားပြီး လူသွားခေါ်လာခဲ့မယ်”
“ကောင်းပြီ”
စီရင်စုမြို့က စည်ကားလျက်ပင်။ ကျန်းချိန်သည် ဝေ့ခမ်းဖျင် နေသည့်နေရာကို မသိပေ။ သူသည် အမျိုးသမီးလျို၏လိပ်စာကိုသာ သိလေသည်။ စဥ်းစားမနေတော့ဘဲ အမျိုးသမီးလျိုဆီသွားဖို့ ဆုံးဖြတ်လိုက်တော့သည်။
နှစ်လမ်းသာ ကျော်လာရသေးသည် ၅-၆ယောက်လောက်ရှိသည့် ယောကျ်ားများက ရုတ်တရက် ထွက်လာလေသည်။ ခေါင်းဆောင်မှာ မုတ်ဆိတ်မွေးနှင့်ယောက်ျားတစ်ယောက် ဖြစ်သည်။ အရပ်မြင့်မြင့်၊ သန်မာပြီး မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့်အကြည့်တစ်ခု ရှိနေသည်။
ကုယုံသယ်မှာ ထိုအရာကို မြင်လိုက်ရချိန်တွင် စိတ်များ တင်းကြပ်လာတော့သည်။ သူက ကျန်းချိန်ကို ဘေးသို့ဆွဲကာ ရှောင်ပေးလိုက်သည်။ သူတို့သည် သူလူများနှင့် ပြဿနာဖြစ်ဖို့ မတတ်နိုင်ပေ။
ကျန်းချိန်က နားလည်သွားပြီး ဘေးသို့ ရှောင်ပေးလိုက်သည်။
ထိုလူများက သူတို့ထံ တန်းတန်းမတ်မတ်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ခြေလှမ်းအနည်းငယ် နီးကပ်လာပြီး လူသန်ကြီးက ကျန်းချိန်၏ကော်လံကို ဖမ်းဆွဲကာ အော်လိုက်တော့သည်။
“ ငါ့သားကိုများ ငွေလိမ်ရဲတယ်ပေါ့လေ၊ ငါတို့ လီမိသားစုက ဘယ်လိုလူမျိုးလဲဆိုတာ အရင်ဆုံး မေးကြည့်အုံးမှပေါ့”
ထိုသို့ပြောလိုက်ပြီး သူ၏သံလိုမာကျောသည့် လက်သီးက ကျန်းချိန်ထံသို့ ပြေးဝင်သွားလေသည်။
ကျန်းချိန်သည် သန်မာသူတစ်ယောက်ပင်။ သို့သော် သည်လူသန်ကြီး၏လက်ထဲတွင် ပြန်ချရန် အင်အားမရှိချေ။
လက်သီးက သူ့ကို ထိတော့မည်ကို တွေ့လိုက်ရသဖြင့် ကုယုံသယ်က မြန်မြန် အော်ပြောလိုက်တော့သည်။
“ ရပ်၊ ကျုပ်က ချန်ရှီရွာ သူကြီးပါ၊ ခင်ဗျား ဘာလုပ်ချင်တာလဲ”
“ရွာသူကြီး ဟုတ်လား”
လူသန်ကြီးက ကုယုံသယ်ကို လှမ်းကြည့်လိုက်ပြီး ကျန်းချိန်ကို ထပ်ထိုးချင်နေသေးသည်။
ကုယုံသယ်က သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားပြီး လူသန်ကြီးခုနက ပြောလိုက်သည့်စကား အဓိပ္ပာယ်ဖော်နေလိုက်သည်။ သူ့စိတ် တဖန်ပြန်လည်လာပြီး
“ ခင်ဗျား ဘာလို့ လူတွေကို ထိုးနှက်နေတာလဲ၊ ကျုပ်တို့က ခင်ဗျားကိုတော့မသိဘူး”
“ ဒီနေ့ ငါက မင်းကို သိသွားအောင်လုပ်ပေးမယ်”
လူသန်ကြီးက ပြောလိုက်ပြီး ကုယုံသယ်ကို ခါထုတ်လိုက်လေသည်။
သူ့နောက်က လူသန်ကြီး ၄-၅ယောက်က သူ့ကို ဝိုင်းထားလိုက်သည်။ သူတို့သည် ကျန်းချိန်ကို ထိုးနက် ကန်ကျောက်တော့မည့်နှယ်။
သည်အချိန်တွင် လူတစ်ယောက်က အော်ပြောလာလေသည်။
“ ရှင်တို့တွေ နားလည်မှုလွဲနေပြီ၊ ကျွန်မတို့က ဒီလားကို လွန်ခဲ့တဲ့နှစ်ရက်ကမှ ဝယ်လာခဲ့တာ”
အားလုံးက လှည့်ကြည့်လိုက်ချိန်တွင် တောက်ပပြီး ကြင်နာတတ်သည့် မျက်လုံးပိုင်ရှင်မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။
“ယွင်ကျူး” ကျန်းချိန်က ပြောလိုက်၏။
ကျန်းယွင်ကျူးပင်။ ကျန်းချိန်က ကုယုံသယ်နှင့် ထွက်သွားချိန်က သူမစိတ်ထဲတွင် မသက်မသာဖြစ်နေရသည်။ တစ်ခုခုဖြစ်မည်စိုးသဖြင့် နောက်ကလိုက်လာခဲ့ခြင်းပင်။ အချိန်မီလေးပင်။ မြို့တံခါးတွင် လူနှစ်ယောက်က ကျန်းချိန်ဆွဲလာသည့် လားကို လက်ညှိုးထိုးနေသည်ကို မြင်လိုက်ရသည်။ မကောင်းတာတစ်ခုခု ဖြစ်တော့မည်ကို သိလိုက်ပြီး နောက်က မြန်မြန် လိုက်လာခဲ့ခြင်းပင်။
“မင်းက ဝယ်ခဲ့တာ ဟုတ်လား” လူသန်ကြီးက ထိုကိစ္စကို လုံးဝမယုံပေ။
“ ကျွန်မတို့တွေ ဝေ့ခမ်းဖျင်လို့ခေါ်တဲ့လူဆီကနေပြီးတော့ ၉လျန်နဲ့ ဝယ်ခဲ့တာ၊ ရှင် ကျွန်မကို မယုံရင် ကျွန်မတို့က ရှင့်ကို သူ့ဆီ အခုချက်ချင်း ခေါ်သွားပေးမယ်” ကျန်းယွင်ကျူက ပြောလိုက်သည်။
“ ဒီလားကို ကျွန်တော်တို့တွေ အမှန်တကယ် ဝယ်ခဲ့တာပါ၊ တစ်ယောက်ယောက်တော့ ဒီလားကို လားနဲ့မြင်းစျေးမှာ တွေ့ခဲ့မှာပါ” ကျန်းချိန်က ပြန်ပြောလိုက်၏။
“ ကျုပ်က ချန်ရှီရွာသူကြီးပါ၊ ကျူပ် ခင်ဗျားကို မလိမ်ပါဘူး” ကုယုံသယ်က ပြောလိုက်၏။
ထိုအခါမှ လူသန်ကြီးက ကျန်းချိန်ကို သံသယနှင့် လွှတ်ပေးလိုက်တော့သည်။
“ မင်းတို့ကောင်တွေ ဘယ်လိုဉာဏ်များအုံးမလဲ ကြည့်ရသေးတာပေါ့”
ထို့နောက် သူက ထပ်ပြောလိုက်သည်။
“ ထွက်ပြေးဖို့ မကြိုးစားနဲ့”
ကျန်းချိန်က ရှုံ့မဲ့ကာပြုံးလိုက်၏။ သူတို့က ဘာလို့ ထွက်ပြေးရမှာလဲ။
သူက ရှေ့မှ ဦးဆောင်လာပြီး လူအုပ်ကြီးတစ်ခုက အမျိုးသမီးလျို၏နေအိမ်သို့ လာခဲ့ကြလေသည်။
တံခါးခေါက်လိုက်သောအခါ အမျိုးသမီးက တံခါးလာဖွင့်ပေးသည်။ သူမသည် လူအများကြီးကို တွေ့လိုက်ရသဖြင့် ကြောက်လန့်သွားလေသည်။
“ဝေ့ခမ်းဖျင် ရှိလား”
ကျန်းချိန်က သူ့ဒေါသကို တတ်နိုင်သလောက် ဖိနှိပ်ထားကာ မေးလိုက်လေသည်။
“ သူ- သူ မနေ့ညက ဒဏ်ရာရသွားပြီး သူ့အစေခံတွေက အိမ်ပြန်ခေါ်သွားတယ်” အမျိုးသမီးလျိုက အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလိုက်လေသည်။
“ သူ့အိမ်က ဘယ်နားမှာလဲ” ကျန်းချိန်က ထပ်မေးလိုက်သည်။
“ မြို့အနောက်ဘက်က ချီရှန်လမ်းပေါ်မှာ”
အတိအကျပြောလေ။
အမျိုးသမီးလျိုလည်း မသိပေ။ ဝေ့ခမ်းဖျင်က အကြိမ်တိုင်း သူမ ဆီကိုသာ လာခဲ့သည်။ သူမက ဝေ့အိမ်သို့ တစ်ခါမှ မသွားခဲ့ဖူးပေ။
ကျန်းချိန်က မျက်မှောင်ကျုံ့လိုက်၏။
လီမျိုးရိုးအမည်ရှိ လူထွားကြီးက နှာခေါင်းရှုံ့လိုက်လေသည်။
“ ချီရှန်လမ်း ဟုတ်လား၊ အဲမှာ ဝေ့မျိုးနွယ် တစ်ယောက်ယောက်နေတယ်လို့ ငါ တစ်ခါမှမကြားဖူးဘူး၊ မင်း ငါ့ကို တမင်လုပ်ဇာတ်ထွင်နေတာလား”
ကျန်းချိန်သည် သူ့စကားကို ပြန်မပြောရသေးခင်မှာပင် အမျိုးသမီးလျို၏မြင်ကွင်းမှာ မည်းမှောင်သွားတော့သည်။
“မဖြစ်နိုင်ဘူး” သူမက အံ့ဟတကြီး ပြောလိုက်သည်။
သို့သော် လီမျိုးနွယ် လူထွားကြီးက လက်ယမ်းလိုက်ပြီး ကျန်းချိန်နှင့် တခြားသူများကို ရိုက်မည်ပြင်လိုက်ပြန်သည်။ သည်လူတွေက သူ့ကို လိမ်နေသည်ဟု ယုံသွားတော့သည်။
“ကျွန်မတို့အားလုံး အလိမ်ခံလိုက်ရပြီထင်တယ်” သည်အခိုက်တွင် ကျန်းယွင်ကျူးက တစ်ခုခုကို တအံ့တဩနှင့် ပြောလိုက်တော့သည်။
သူတို့သည် သည်နေရာတွင် ဆူဆူညံညံဖြစ်နေကြသဖြင့် အိမ်နီးချင်းများကို သတိပေးသလို ဖြစ်နေသည်။ လူအများကြီးထွက်လာပြီး စိတ်ဝင်တစား ကြည့်နေကြလေသည်။
လမ်းထောင့်တွင် ဝေ့ခမ်းဖျင်က အကျည်းတန်သည့်မျက်နှာထားနှင့် လူကြားထဲက ကျန်းယွင်ကျူးကို ကြည့်နေသည်။ သူ့လားက ကောင်းရောင်းကောင်းဝယ်နဲ့ ရလာတာမဟုတ်ဘူးလေ။ ဒီတော့ အဲကောင်ကို မြန်မြန်ရှင်းပစ်မှရမယ်။ ကျန်းမိသားစုက ချန်ရှီရွာကဆိုတော့ သူတို့တွေက နစ်နာသူကို ချက်ချင်း တွေ့မှာ မဟုတ်ဘူးပေါ့။
ဒါပေမဲ့ ကိစ္စတွေက ဒီလောက်အမြန်ကြီး ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ ဝေ့ခမ်းဖျင်သည် အံကြိတ်ထားလိုက်တော့သည်။ ကျန်းမိသားစု စီရင်စုမြို့ကို လာပြီး လားကို ပြန်လာပေးလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။
လှည့်ထွက်သွားပြီး သူသည် လမ်းကြားထဲတွင် ပျောက်သွားတော့သည်။
သည်အခိုက်တွင် လှည်းတစ်စီးက လမ်းပေါ်တွင် ရပ်လိုက်သည်။ အထဲက အမျိုးသမီးအသံတစ်ခုက လှည်းသမားကို မေးလိုက်သည်။
“ စုန့်လီ အပြင်မှာ ဘာဖြစ်နေတာလဲ”
လှည်းသမားက စုံစမ်းဖို့ရာ လှည်းပေါ်ကဆင်းသွားပြီး မကြာမီ သတင်းတစ်ခုဖြင့် ပြန်လာခဲ့သည်။
ရွှန်းစိုလှသည့်လက်တစ်ဖက်က လှည်းခန်းဆီးစ ထောင့်ကို လှပ်လိုက်ပြီး အပြင်ကို ကြည့်လိုက်ချိန်တွင် လူကြားထဲက ကျန်းယွင်ကျူးကို တွေ့လိုက်သလို လူအုပ်ကြီး၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် ဝေ့ခမ်းဖျင်ကိုလည်း တွေ့လိုက်လေသည်။ ထို့နောက် လှည်းခန်းဆီးကို ပြန်ချလိုက်ပြီး လှည်းမှာ အသံမထွက်ဘဲ ပြန်ထွက်သွားတော့သည်။
လမ်း၏တခြားဖက်တွင် လူနှစ်ယောက်လာနေ၏။
ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ပင်။ ပြီးခဲ့သည့်အခေါ်က လုပြည်နယ်မှ မြို့တော်သို့ ပြန်ရန် အချိန်လေးရက်ကြာခဲ့သည်။ သည်တစ်ကြိမ်တွင်တော့ ဝူလင်စီရင်စုမြို့သို့ ရောက်ဖို့ အချိန်သုံးရက်ခွဲသာ ကြာခဲ့လေသည်။
အချိန်မီလေးတင် သူတို့သည် လူကြားထဲက လူတစ်စုနှင့် တစ်ခုခုကို ပြောနေသည့် ကျန်းယွင်ကျူးကို တွေ့လိုက်ရလေသည်။
“ဘာဖြစ်နေတာလဲ”
ယန့်ရှန့်က သူ့ဘေးကလူကို မေးလိုက်၏။
ထိုလူကလည်း သေချာမသိပေ။ သို့သော် မိန်းကလေးက သူတို့သည် အလိမ်ခံလိုက်ရသည်ဟု ပြောနေသည်ထင်သည်။
ယန်ရှန့်က မျက်ခုံးများကို ပင့်လိုက်၏။ အို အိုး တစ်ယောက်ယောက်ကတော့ သူတို့နောက်ခံကို အနိုင်ကျင့်သွားတာပဲ။
…