EJYZ အပိုင်း ၃၅

အပိုင်း (၃၅)

နောက်တစ်နေ့တွင် ကျန်းယွင်ကျူးက ထမင်းဘူးစရံငွေ ၁၀ ဝမ်အထိတင်လိုက်လေသည်။ မဟုတ်ရင်တော့ နောက်ပိုင်းထမင်းဘူးမှာတဲ့သူတွေအတွက် ထည့်စရာမရှိဘဲ နေတော့မယ်။ ပြီးတော့ သူမက နေ့လယ်စာထမင်းဘူး စရံတိုးလိုက်ရင် ဝမ်သဲ့ဘက်ကလည်း ပိုရောင်းကောင်းသွားလိမ့်မယ်။ သူမက ထမင်းဘူးရောင်းပြီး ငွေရှာချင်တာ မဟုတ်ဘူးလေ။ သူမက တခြားသူဆီက ငွေယူထားမှတော့ တခြားသူအတွက်လည်း အကျိုးအမြတ်ချန်ပေးရမှာပေါ့။

တစ်ချိန်ထဲတွင် သူမသည် စရံငွေပြေစာ ပုံစံကိုလည်း ပြောင်းလိုက်တော့သည်။ သည်နည်းဖြင့် စရံငွေပြန်မယူဘဲ ထမင်းဘူးကို ယူသွားခြင်းမှာ ရှောင်ရှားနိုင်လိမ့်မည်။

ထမင်းဘူး မှာစားသူများကလည်း တချို့လူများက ကျန်းကျီ၏ထမင်းဘူးများကို ယူသွားပြီး ပြန်မပေးကြသည်ကို သိကြလေသည်။ သူမ စရံငွေတိုးလိုက်ခြင်းကို ဘယ်သူမှ မဝေဖန်ခဲ့ကြပေ။ မည်သို့ဆိုစေ ဒါသည် စရံငွေသက်သက်ပင်။ သူတို့၏ငွေများကို အမှန်တကယ် လိုချင်တာ မဟုတ်ပေ။

ကျန်းချိန်သည် မနေ့က မိုင်းတွင်းတွင် အလုပ်နားလိုက်လေသည်။ အစကတော့ သူက လမ်းခရီးကို ကိုယ်တိုင်ရင်းနှီးအောင်လုပ်ဖို့ ဒီနေ့ ရွှီချင်ရှန့်နဲ့ လိုက်သွားချင်ခဲ့တာလေ။ ရုတ်တရက်ကြီး ကျန်းယွင်ကျူးက မနေ့ညက သူတို့မှာ မြည်းဝယ်ဖို့ ငွေပြည့်သွားပြီလို့ ပြောလာမယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။

သူ့မှာ အရမ်းလန့်သွားပြီး သူမက လုယက်ခဲ့တာလား။ ဒါမှမဟုတ် ပိုက်ဆံကောက်ရခဲ့တာလားလို့တောင် ထင်သွားတာ။

ငွေ ဘယ်လိုစုလာတာလဲလို့ မေးလိုက်ပြီးမှပဲ သူ့မှာ သက်ပြင်းအကြိမ်ကြိမ်ချမိတော့တယ်။

အရင်တုန်းကဆိုရင် ငွေတစ်ပြားရှာဖို့တောင် ခက်ခက်ခဲခဲရယ်ပါ။ အခုတော့ ငွေရှာရတာ ရုတ်တရက်ကြီး ပိုလွယ်ကူလာသလိုပဲ။

အရာအားလုံးက ချန်ဖုန်းကနေထွက်လာပြီး ဝူလင်မြို့ကို ရောက်လာတာကနေ စတင်ခဲ့တာထင်တာပဲ။

ဟုတ်တာပေါ့။ အစကတည်းက ကျန်းယွင်ကျူးစကား နားထောင်လိုက်တာ မှန်သွားတယ်။

သက်ပြင်းချလိုက်ပြီးနောက် သူသည် တစ်ဖန်စိတ်လှုပ်ရှားလာပြန်တော့သည်။ ဒါဆို ဒီနေ့ သူ မြည်းတစ်ကောင် သွားဝယ်နိုင်ပြီပေါ့နော်။

သည်လိုခေတ်အခါမျိုးတွင် ဆင်းရဲ့သားတစ်ယောက်အတွက် မြည်းတစ်ကောင် ဝယ်ရသည်က ခေတ်သစ်တွင် သာမန်လူတစ်ယောက်အတွင် ဇိမ်ခံကားတစ်စီးဝယ်ရလို ခက်ခဲလေသည်။ သူ စိတ်လှုပ်ရှားနေသည်မှာလည်း မထူးဆန်းချေ။

“အင်း”

ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။ ထို့နောက် သူမက ငွေအိတ်ကိုထုတ်လိုက်ပြီး သူ့ကို လှမ်းပေးလိုက်သည်။

ယခုမူ ကျန်းယွင်ကျူးသည် မိသားစုလုပ်ငန်းကို တာဝန်ယူထားလေသည်။ ထို့ကြောင့် မိသားစုငွေအားလုံးက သူမ၏လက်ထဲတွင် ရှိနေခြင်းပင်။

ကျန်းချိန်က ငွေအိတ်ကိုယူလိုက်ပြီး ဖွင့်ကြည့်လိုက်၏။ အထဲတွင် တော်တော်ကြီးသည့် ငွေစများ ရှိနေသည်။ တစ်ခုမှ နျဲ့ရှင်းပေးခဲ့ခြင်းဖြစ်ပြီး ၃လျန်လောက်တန်ဖိုးရှိသည်။ ကျန်သည့်ငွေစမှာ ဝမ်သဲ့ကပေးခဲ့ခြင်းဖြစ်ပြီး အစပိုင်းက ၃လျန်တန်ဖိုးရှိသည်။ နောက်ပိုင်း ကျန်းယွင်ကျူးက ထမင်းဘူးမှာပြီး ငွေဖြတ်လိုက်သဖြင့် ၂လျန်လောက်သာကျန်တော့သည်။

ငွေစငယ်လေးများနှင့် ဝမ်ငွေများလည်း ရှိသေးသည်။ စုစုပေါင်းခန့်မှန်းချေ ၇လျန် ၈လျန်လောက် ရှိလိမ့်မည်။ ဒါသည် မြည်းတစ်ကောင်ဝယ်ဖို့ရန်ထက်ပင် ပိုနေသေးသည်။

ကျန်းချိန်၏လက်များသည် ငွေအိတ်ကိုကိုင်းရင်း တုန်ရီနေလေသည်။ သူသည် အရင်က သည်လောက် များပြားသည့် ငွေများကိုမမြင်ဖူးခဲ့ချေ။ အစပိုင်းတွင် သူနှင့် အမျိုးသမီးချန်တို့ အိမ်ခွဲနေစဥ်က သူအများဆုံးကိုင်နိုင်သည့်ငွေမှာ ၅လျန်လောက်သာရှိသည်။ ထိုအချိန်က သူသည် အမျိုးသမီးချန်ကို အိမ်တစ်လုံးဆောက်ပေးမည်ဟု ကတိပေးခဲ့ပြီး လူတစ်ယောက်ကိုရှာကာ အိမ်အသစ်တစ်လုံး ဆောက်ပေးခဲ့သည်။

၅လျန် ဆိုသည်မှာ အိမ်တစ်လုံး ဆောက်ဖို့ရာ လုံလောက်သည်ပမာဏမဟုတ်ချေ။

သူသည် အိမ်တိုင်ဆောက်ဖို့ရာ ငွေနည်းနည်းပင် အကြွေးတင်သွားခဲ့သည်။ ခေါင်မိုးတွင် အုတ်ကြွပ်များ မပါချေ။ ဘေးဘီတွင်လည်း ပြတင်းပေါက်များ မရှိချေ။ ပရိဘောဂဆိုလျှင် ဝေးပါသေးသည်။ သည်လိုနှင့် သူနှင့်အမျိုးသမီးချန်တို့သည် ထိုအိမ်တွင်သာ နေလာခဲ့ကြသည်။ ဖြည်းဖြည်းချင်းမှာ သူတို့သည် အိမ်ကို ပြီးအောင်ဆောက်ခဲ့ပြီး ပရိဘောဂများကို ပြုလုပ်ခဲ့ကာ ကျန်းယွင်ကျူးနှင့် တခြားကလေးများကို မွေးခဲ့ကြသည်။

“ အိမ်ဦးနတ်ကြီး အားလုံးအဆင်ပြေသွားပါလိမ့်မယ်”

အမျိုးသမီးချန်က ခုနက ငွေအများကြီးကို မြင်လိုက်ချိန်တွင် သူမ၏မျက်လုံးများက နီလာလေသည်။ သူမသည် ထိုအခိုက်တန့်အတွင်းတွင် ကျန်းချိန်၏ခံစားချက်ကို သိလိုက်သဖြင့် သူ့ကို နှစ်သိမ့်ပေးလိုက်လေသည်။

“အင်း”

ကျန်းချိန်က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်၏။ ပိုပြီးအဆင်ပြေလာမှာပါလေ။

ကျန်းချန်က ငွေများက သူ့ရင်ဘတ်ထဲ ဂရုတစိုက်ထည့်လိုက်ပြီး အခါခါ ပွတ်သပ်လိုက်ပြီးနောက် မြို့တက်သွားတော့သည်။

တစ်နာရီကျော်ပြီးနောက်တွင် သူ ပြန်လာခဲ့သည်။ သူ့ဘက်တွင် အရာအားလုံးက ရှိနေသည်။

အမျိုးသမီးချန်က ကျန်းယွင်ကျူးကို အသားလှီးကူနေသည်။ မကြာခဏဆိုသလို တံခါးဘက်လှမ်းကြည့်ရင်း ကျန်းချိန်က မြည်းတစ်ကောင်နှင့် ပြန်အလာကို စိတ်ကူးကြည့်နေမိသည်။

မြည်းက ဘာနဲ့တူနေမလဲ။ အမည်းရောင်လား၊ အညိုရောင်လား။ နားရွက်တွေက ရှည်လား။ အမွေးတွေက တောက်ပြောင်နေမှာလား။

ကျန်းချိန်က တစ်ယောက်ထဲပြန်လာသည်ကို တွေ့လိုက်ရသောအခါ သူမသည် စိုးရိမ်တကြီး ချက်ချင်း မေးလိုက်တော့သည်။

“ရှင်ဘာလို့ မြည်းမဝယ်လာတာလဲ”

ကျန်းချိန်သည် မျှော်လင့်ချက်ဖြင့် ထွက်သွားပြီး စိတ်ပျက်ပျက်နှင့်ပြန်လာသည်ဟု ဆိုနိုင်လေသည်။ သူက အငှားလိုက်နိုင်မဲ့ မြည်းတစ်ကောင်လိုချင်တာလေ။ အရွယ်ရောက်ပြီးသားဆို ပိုကောင်းတာပေါ့။ ဒါမှာ ဝယ်ပြီးရင် သုံးလို့ရမှာ။ ဒါပေမဲ့ အဲလိုမြည်းမျိုးရောင်းတာ မရှိသလောက်ပဲ။

စျေးထဲမှာ ရောင်းနေတဲ့မြည်းတွေက ငယ်ရင်ငယ် မဟုတ်ရင် အိုနေတဲ့မြည်းတွေလေ။ အဆင်ပြေတာ တစ်ကောင်တော့တွေ့ပါရဲ့။ တောင်းလိုက်တဲ့စျေးကလည်း အမြင့်ကြီးပဲ။

ဒီငွေတွေက ကျန်းယွင်ကျူးခမျာ မနက်ကနေ ညအထိ မီးဖိုဘေးမှာ အလုပ်လုပ်ပြီး ရှာခဲ့ရတာ။ ကျန်းချိန်သည် ထိုအရာကို မြင်မိတိုင်း အလွန်စိတ်မကောင်းဖြစ်ရသည်။ သူသည် ငွေကို မဖြုန်းတီးချင်ပေ။ သို့နှင့် မဝယ်ဘဲ ပြန်လာခဲ့လိုက်တော့သည်။

ထိုစကားကို ကြားလိုက်ပြီး အမျိုးသမီးချန်ကလည်း စိတ်ပျက်သွားတော့သည်။ သို့သော် သည်ကိစ္စအတွက် အလျင်မလိုပါချေ။ သူတို့သည် စျေးမှန်သည့်တစ်ကောင်ကို တွေ့ပါလိမ့်မည်။

ကျန်းယွင်ကျူးက အပြင်ဘက်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“ မြစ်ထဲမှာ ငါး မရှိဘူးဆိုရင် စီရင်စုမြို့ကိုသွားပြီး တစ်ခါလောက်သွားကြည့်ကြမလား”

ထို့နောက် သူမက အမျိုးသမီးချန်ဘက် လှည့်လိုက်ပြီး

“အမေ ရာသီဥတုကလည်း ပိုပိုအေးလာပြီနော်၊ သမီးတို့တွေ အိမ်တွင် အိပ်ရာခင်းနည်းနည်းပါးပါး ထပ်ထည့်သင့်တယ်၊ ပြီးတော့ အမေနဲ့ အဖေ့ရဲ့အဝတ်အစားတွေက အရမ်းပါးတယ်၊ သမီးတို့တွေ စီရင်စုမြို့ကို သွားပြီး ဆောင်းတွင်းအတွက် ပစ္စည်းတွေအတူတူသွားဝယ်ကြရအောင်လေ”

ကျန်းမိသားစုသည် ချန်ရှီရွာမှ ထွက်လာစဥ်က အမျိုးသမီးချန်သည် ရက်လုပ်ပြီးသားအထည်နှင့် ဝါဂွမ်းများကို တစ်ကြိမ်သာဝယ်ခဲ့လေသည်။ သူမက အဘိုးချန်နှင့် ကျန်းယွင်ကျူးတို့ ကလေးတွေအတွက်သာ ဂွမ်းစောင်နှင့် အဝတ်အစားအထူများကို ချုပ်ပေးခဲ့သည်။ သူမနှင့် ကျန်းချိန်ကတော့ ကိုယ်တိုင်အတွက် လုပ်မဝတ်ရက်ပေ။

ထို့အပြင် ကျန်းယွင်ကျူးနှင့် ကလေးများကလည်း ပိုထူသည့် အဝတ်အစားများသာ ရှိလေသည်။ သူမက အစောပိုင်းကတည်းက အများကြီးသုံးဖို့ စဥ်းစားလာခဲ့သည်။ သည်နေ့မှ တိုက်တိုက်ဆိုင်ဆိုင် အခွင့်အရေးရလာခဲ့သည်။

အမျိုးသမီး၏စိတ်မှာ အနည်းငယ်လှုပ်ရှားသွားတော့သည်။ မိသားစုမှာ ငွေရှိလာပြီလေ။ သူမရဲ့ကလေးတွေ အစားအသောက်မဲ့၊ အဝတ်အစားမဲ့ ဖြစ်နေမှာ မမြင်ရက်ပါဘူး။ တစ်ခုသာ။

“ အမေတို့တွေ စီရင်စုမြို့ကို သွားရင် ညနေစာ အချိန်မှီ မလုပ်နိုင်လောက်ဘူးနော်”

“ဒါဆိုလည်း မလုပ်တော့ဘူးလေ၊ နေ့လယ်ကျရင် ဧည့်သည်တွေကို ပြောလိုက်မယ်၊ ဒီနေ့ည သမီးတို့တွေ နားပြီး မနက်ဖြန်မှ ပြန်ရောင်းမယ်လို့လေ”

ကျန်းယွင်ကျူးက ပြောလိုက်လေသည်။

“ ဧည့်သည်တွေက တခြားသူတွေဆီ ရောက်သွားမလား” အမျိုးသမီးချန်က စိုးရိမ်နေခဲ့သည်။

“ မစိုးရိမ်ပါနဲ့၊ တစ်ခါတလေမှ တစ်ခါလောက်နားတာပါ၊ တစ်ခါတလေဆိုတော့ လူတွေက နားလည်ပါတယ်”

ကျန်းယွင်ကျူးက ပြောလိုက်၏။ နောက်ဆုံး ဘယ်မိသားစုက ကိစ္စမရှိတာ ရှိလို့လဲ။

အမျိုးသမီးချန်က အနည်းငယ်စိုးရွံ့နေသေးသည်။ သူတို့သည် သည်နေ့ည မလုပ်ခဲ့လျှင် ဝင်ငွေအများကြီး နည်းသွားလိမ့်မည်။

“ အမေရယ် ငွေရှာတယ်ဆိုတာ ဘယ်တော့မှ မကုန်နိုင်တာမျိုးပါ” ကျန်းယွင်ကျူးက ပြောလိုက်၏။

“ ဟုတ်ပါတယ်၊ ယွင်ကျူးကို တစ်ရက်လောက်အနားပေးဖို့ ပြီးပြည့်စုံတဲ့အချိန်ပဲလေ” ကျန်းချိန်က ဘေးမှ ထောက်ခံပေးလိုက်တော့သည်။

သူ့စကားကို ကြားလိုက်ရတော့ အမျိုးသမီးချန်မှာ သဘောမတူဘဲ အဘယ်မှာနေနိုင်ပါမည်နည်း။

ကျန်းယွင်ကျူးက အော်ရယ်လိုက်တော့သည်။ အမှန်တွင်တော့ သူမသည် မိသားစုထဲတွင် အပင်ပန်းဆုံးသူ လုံးဝမဟုတ်ခဲ့ချေ။ စောစောပိုင်းက ကျန်းချိန်သည် မနက်ပိုင်းနှင့် ညနေပိုင်းများတွင် သူတို့အလုပ်နှင့် အလုပ်များနေခဲ့ပြီး နေ့ခင်းဘက်တွင် မိုင်းတွင်းသို့ အလုပ်သွားခဲ့ရသည်။ သူကသာ အပင်ပန်းဆုံးသူပင်။

နောက်ပိုင်း သူတို့သည် မနက်စာလုပ်ခြင်းကို ရပ်နားလိုက်ကြသည်။ အမျိုးသမီးချန်က ကျန်ယွင်ကျူးအတွက် အသီးအရွက်၊ အသားအားလုံးကို ရွေးပေး ဖြတ်ပေးခဲ့သည်။ ကျန်းလင်နှင့် ကျန်ယွင်ရွှယ်က မီးဖိုထဲတွင် သူမကို ကူညီပြီး ပန်းကန်ဆေး သန့်ရှင်းရေးလုပ်ပေးရသည်။ သူမက ချက်ပြုတ်ဖို့ရန်နှင့် သူတို့မလုပ်နိုင်သည့် တချို့ကိစ္စများကိုသာ တာဝန်ယူပေးရသည်။ နောက်ဆုံးတွင် အမျိုးသမီးချန်ကသာ တစ်နေ့လုံး အလုပ်များခဲ့ရသည်။ သူမသည် အပင်ပန်းဆုံးသူပင်။

ထို့ကြောင့် အမှန်တွင်တော့ အမျိုးသမီးချန်နှင့် တခြားသူများသာ မရှိလျှင် ကျန်းယွင်ကျူး၏အလုပ်က ဖြစ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။

ကျန်းမိသားစုသည် စီရင်စုမြို့သို့ အလည်အပတ်သွားကြမည်။ ကျန်းဝူက အပျော်ဆုံးပင်။ သည်နေ့ သူသည် ပြေးလွှားနေပြီး စီရင်စုမြို့သို့ မြန်မြန်သွားနိုင်ရန် အားလုံး လုပ်နေသည့်အလုပ်များကို ကူညီပေးချင်နေသည်။

နေ့လယ်ခင်းတွင် ထမင်းဘူးများကို ပို့ပေးလိုက်ပြီးနောက် အဘိုးချန်ကလွဲလျှင် ကျန်းမိသားစုဝင်အားလုံးသည် မြည်းလှည်းတစ်ခုပေါ်တက်ပြီး စီရင်စုမြို့သို့ သွားလိုက်ကြတော့သည်။

ကျန်းယွင်ကျူးက အဘိုးချန်ကိုလည်း ခေါ်သွားချင်လေသည်။ အဘိုးချန်က သူ့အမြင်အာရုံ မကောင်းသဖြင့် လိုက်သွားလည်း မထူးဘူးဟု ထင်လေသည်။ ထို့အပြင် သူ့အသက်အရွယ်နှင့် သူ အရင်က မတွေ့ဖူးသည့်အရာ ဘာရှိပါမည်နည်း။ သူက အိမ်တွင်သာ နေလိုပြီး အိမ်စောင့်ပေးချင်လေသည်။

ကျန်းယွင်ကျူးက သူ့ရွေးချယ်မှုကို လေးစားပေးလိုက်ပြီး သူ့ကို နားမချတော့ပေ။

ဝူလင်စီရင်စုမြို့သည် ချမ်းသာကြွယ်ဝလေသည်။ စီရင်စုမြို့တွက် ဆိုင်တန်းများ အပြည့်နှင့်ပင်။ တော်တော်လေး စည်ကားလေသည်။

စီရင်စုမြို့ထဲက လားနှင့်မြင်းစျေးသည် မြို့လေးနှင့် အလွန်မှကွာခြားလေသည်။ မြင်းများကတော့ သည်နေရာတွင် ၁၂ကောင်ထက်မနည်းရှိသည်။ မြို့ငယ်လေးတွင်တော့ လေး၊ ငါးကောင်ခန့် ရှိသည်က တော်တော်ဟုတ်လှသည်။ လား၊ နွားနှင့် မြည်းများကတော့ အများအပြားရှိကြသည်။

ကျန်းချိန်က ဘယ်ညာ ကြည့်လာခဲ့သည်။ သူသည် အလွန်စိတ်ဝင်စားနေလေသည်။

အမျိုးသမီးချန်ကလည်း ပတ်ဝန်းကျင်ကို ကြည့်နေသည်။ မြည်းထက်စာလျှင် ထိုအရပ်မြင့်မြင့်သန်မာသည့်မြင်းများက ထူးထူးခြားခြား ကောင်းမွန်သည်။ သို့သော် နှမြောစရာက သူတို့သည် မြင်းဖိုးမတတ်နိုင်ပေ။

သူမသည် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့၏မြင်းများကို ရုတ်တရက် တွေးမိသွားတော့သည်။ သူတို့ရဲ့မြင်းတွေက ဒီကမြင်းတွေထက် အများကြီးပိုကောင်းတာပဲ။

လင်မယားနှစ်ယောက်မှာ မြင်ကွင်းကိုကြည့်ရင်း စိတ်ဝင်စားနေကြလေသည်။ ထို့ကြောင့် ကျန်းယွင်ကျူးက ကျန်းဝူကို လက်တွဲကာ ကျန်းလင်နှင့်ကျန်းယွင်ရွှယ်တို့ကို ပတ်ပြေးမနေဘဲ သူမနောက်က လိုက်ခဲ့ဖို့ ပြောလိုက်တော့သည်။ စျေးထဲတွင် လူစည်ကားလှသည်။ သူတို့ လူစုကွဲသွားလျှင် ဒုက္ခများတော့မည်။

သူမက ထိုမြင်းနှင့်မြည်းများကို စိတ်မဝင်စားပေ။ သူမက စျေးဝယ်ထွက်ရင်း ဝယ်မည့်ပစ္စည်းများကိုသာ စဥ်းစားထားလိုက်သည်။

သည်အချိန်တွင် ကျန်းချိန်က မြည်းတစ်ကောင်းကို မျက်စိကျနေလေသည်။ အနက်ရောင်အမွှေးက တောက်ပချောမွတ်နေသည်။ ပါးစပ်ကိုဆွဲဟပြီး သွားများကို ကြည့်လိုက်သည်။ နှစ်နှစ်သားအရွယ်လေးဖြစ်သည်။ အရွယ်ကောင်းတစ်ခုပင်။ ခွာနှင့်အမြီးကို ကြည့်လိုက်ပြီး လုံးဝအပြစ်ပြောစရာမရှိပေ။

သူသည် ဝမ်းသာသွားပြီး မြည်းရောင်းသမားနှင့် စကားစပြောလိုက်သည်။

ဆယ့်ငါးမိနစ်လောက် စကားပြောလိုက်ပြီးနောက် ကျန်းချိန်၏မျက်နှာသည် လေးနက်လာလေသည်။ မြည်းရောင်းသမားက အဘိုးကြီးတစ်ယောက်ဖြစ်သည်။ သူက သူ့မြည်းက ကောင်းသဖြင့် ၇လျန်ထပ်မလျှော့ပေးနိုင်ဟု ဆိုလေသည်။

ကျန်းချိန်သည် သူ့မြည်းကောင်းမှန်း သိသော်လည်း ၇လျန်ကတော့ အလွန်စျေးကြီးလေသည်။ သူသာ ငွေနည်းနည်း ထပ်သုံးလိုက်လျှင် လားတစ်ကောင် ဝယ်နိုင်လိမ့်မည်။ လားက မြည်းထက် ပိုသန်မာပြီး ပြေးနိုင်လေသည်။

အမျိုးသမီးချန်က ကျန်းချိန်၏အင်္ကျီလက်ကို ဆွဲလိုက်၏။ တခြားနေရာ ကြည့်ကြရင်ရော။ သူမသည် စျေးက အရမ်းကြီးတယ်လို့ ထင်တယ်လေ။

ကျန်းချိန်က မြည်းကို မခွာနိုင်ကြည့်နေပြီး ရှေ့သို့ ဆက်လျှောက်သွားလိုက်တော့သည်။

လင်မယားနှစ်ယောက်က မြည်းများကို ဆက်ပြီးကြည့်လိုက်ကြသည်။ ထိုအခိုက်တွင် အမျိုးသမီးတစ်ယောက်၏အသံကို ရုတ်တရက်ကြားလိုက်ရလေသည်။

“ယောက်မကြီးချန်၊ ရှင်လား၊ ယောက်မကြီးချန်”

အစပိုင်းတွင် အမျိုးသမီးချန်က သူမကို ခေါ်နေသည်ဟု မထင်ခဲ့ချေ။ သို့သော် ထိုလူက သူမ၏ အင်္ကျီလက်ကို ဆွဲလိုက်ချိန်တွင် လှည့်ကြည့်လိုက်မှ တအံ့တဩနှင့် ရေရွတ်လိုက်လေသည်။

“ ရှင်ပါလား”

မျက်နှာချင်းဆိုင်တွင် ကော့ညွှတ်သည့်မျက်ခုံး၊ နွေးဦးမိုးမခပင်လေးလို ခန္ဓာကိုယ်တစ်ခုနှင့် အမျိုးသမီးက ရပ်နေသည်။ သူမသည် လက်ထဲတွင် အသက် ၄-၅နှစ်အရွယ် ကောင်လေးတစ်ယောက်ကို တွဲထားလေသည်။ သူသည် သူမနှင့် ၄၅%လောက် ရုပ်ချင်းဆင်တူသည်။

သူတို့နှင့် ချန်ဖုန်းတွင် တစ်ရွာတည်း အတူနေခဲ့သည့် အမျိုးသမီးလျိုဖြစ်နေသည်။ ထိုအချိန်က ကျန်းယွင်ကျူးတို့မိသားစုသည် ရွာမှ အလောတကြီး ထွက်လာပြီး ရေငင်ရန်ထွက်လာသည့် သူမနှင့် မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။ အမျိုးသမီးချန်က သူမကို စေတနာနှင့် သတိပေးခဲ့သည်။ သည်နေ့ သူမကို ထပ်တွေ့ရလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။

တနယ်တွင် အသိမိတ်ဆွေဟောင်းကို တွေ့ဆုံလိုက်ရသဖြင့် အမျိုးသမီးချန်နှင့် အမျိုးသမီးလျိုတို့သည် ဖော်မပြတတ်အောင် ဝမ်းသာသွားကြတော့သည်။

“ ရှင် ဒီကို ဘယ်လိုရောက်လာတာလဲ”

အမျိုးသမီးချန်သည် သူမက ရွာထဲတွင် လူတိုင်းထံမှ အစားအသောက်ချေးငှားခဲ့သော်လည်း မရခဲ့သည့်အကြောင်း သတိရသွားခဲ့သည်။ အမျိုးသမီးလျိုတစ်ယောက်သာ သူမကို ချေးငှားပေးခဲ့သည်။ သူမသည် အမျိုးသမီးလျိုကို အလွန်ခင်မင်ခဲ့လေသည်။

အမျိုးသမီးလျိုကလည်း သူမကို သတိပေးခဲ့သည့် အမျိုးသမီးချန်၏စေတနာကို ကျေးဇူးတင်မိသည်။ သူမတွင် နောက်ဆံတင်းစရာဟု၍ မရှိချေ။ ထိုနေ့က အမျိုးသမီးချန်၏ စကားကိုကြားလိုက်ပြီးနောက် သူမလည်း ချန်ဖုန်းမှ ထွက်လာဖို့ စိတ်ကူးဖြစ်သွားတော့သည်။

သူမ၏ခင်ပွန်းက ဆုံးပါးသွားပြီး ထိုနေရာတွင် ဆွေမျိုးများလည်း မရှိချေ။ ထို့ကြောင့် ထွက်လာလည်း အရေးမဟုတ်ပေ။

သို့သော် ဘယ်ကိုသွားရပါမည်နည်း။ သူမ မသိခဲ့ပေ။ ထို့ကြောင့် သူမက တောင်ဖက်သို့ အရင်ဆုံးသွားရန် ဆုံးဖြတ်လိုက်တော့သည်။

သူမသည် ကျန်းယွင်ကျူးနှင့် တခြားသူများထက် ပိုအခြေအနေကောင်းသည်။ သူမတွင် ငွေရှိသည်။ ထို့ကြောင့် သူမက ပစ္စည်းများကို ထုပ်ပိုးပြီး ကလေးကို ခေါ်ကာ မြည်းလှည်းတစ်စီး ငှားပြီး လုပြည်နယ်သို့ လာခဲ့တော့သည်။

လွန်ခဲ့သည့် ရက်၂၀ခန့်က သူမသည် ဝူလင်စီရင်စုကို ဖြတ်လာချိန်တွင် အဘွားအိုတစ်ဦးက လမ်းပေါ်သို့ ရုတ်တရက် ပြေးဝင်လာပြီး သူမထိုင်နေသည့် လှည်းနှင့်တိုက်မိခဲ့သည်။

သူမနှင့် လှည်းမောင်းသမားတို့မှာ ကြောက်လန့်သွားခဲ့တော့သည်။

လှည်းမောင်းသမားက သူ့အမှား မဟုတ်ဟု ဆိုသည်။ အဘွားအိုက သူမကိုယ်သူမ ဝင်တိုက်ခဲ့ခြင်းပင်။

အဘွားအိုက နာကျင်သဖြင့် ငိုယိုကာသာ နေတော့သည်။

သူမက လှည်းပေါ်က ဆင်းလာပြီး ပြောစရာစကား ရှာမရဖြစ်သွားတော့သည်။

သည်အချိန်တွင် လူတစ်ယောက်က ဝင်လာပြီး သူတို့ ဖြစ်ကြောင်းကုန်စင်မေးလေသည်။

စကားပြောပြီးနောက်တွင် ထိုလူက သမားတော်ခေါ်ပြီး အဘွားအိုကို စစ်ဆေးကာ ဆေးကုပေးလိုက်သည်။ အဘွားအိုက ဘာမှမဖြစ်ပေ။ ရုန်းရင်းဆန်ခတ်ပြဿနာက သည်လိုနှင့် ပြီးသွားတော့သည်။

“ အဲဒီလူက ဘယ်သူလဲ၊ သူက တကယ့်လူကောင်းတစ်ယောက်ပဲ” အမျိုးသမီးချန်က အံ့ဩနေမိသည်။

အမျိုးသမီးလျိုက တစ်ခုခုပြောမည်ပြင်လိုက်စဥ် အမျိုးသားအသံတစ်ခုက မေးလိုက်လေသည်။

“ သူတို့က ဘယ်သူတွေလဲ”

လူတစ်ယောက်က လားတစ်ကောင်ကို ဆွဲကာ လျှောက်လာလေသည်။ သူသည် ရေပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသားအရေဖြူကာ ပုံမှန်ရုပ်အင်္ဂါရှိလေသည်။ အလွန်ချောမောသည်က ပြောရန် မလိုသလို သူသည် တော်တော်ဆွဲဆောင်မှုရှိလေသည်။

“ဒါက ကျွန်မရှင့်ကို အရင်ကပြောပြခဲ့ဖူးတဲ့ ကျွန်မရဲ့ဇာတိမြို့က အမျိုးသမီးချန်မိသားစုလေ”

အမျိုးသမီးလျိုက ထိုလူကို ချက်ချင်းပြန်ဖြေပေးလိုက်ပြီး နှစ်ဖက်ကို မိတ်ဆက်ပေးလိုက်လေသည်။

ထိုလူနာမည်မှာ ဝေ့ခမ်းဖျင်။ သူသည် ထိုနေ့က အမျိုးသမီးလျိုဘက်က ရပ်တည်ပေးခဲ့သူဖြစ်သည်။ အမျိုးသမီးလျိုမှာ သွားစရာမရှိသည်ကို သိလိုက်ရသဖြင့် သူက သူ၏ မသုံးတော့သည့် ခြံဝင်းတစ်ခုတွင် သူမကို နေခွင့်ပေးထားခဲ့သည်။ အငှားခ ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ သူမ သဘောပင်။

သူဖြစ်နေတာကိုး။ အမျိုးသမီးချန်က ဝေ့ခမ်းဖျင်ကို ကြည့်လိုက်ပြီး သူနှင့် အလွန်နီးနီးကပ်ကပ် ရပ်နေသည့် အမျိုးသမီးလျိုကို ထပ်ကြည့်လိုက်လေသည်။ ထို့နောက် သူမသည် တစ်ခခုခုကို အကဲခတ်မိသွားသည်ထင်သည်။

အမျိုးသမီးလျိုက ယောက်ျားဆုံးသွားတာ နှစ်နှစ်တောင်ရှိပြီလေ။ မုဆိုးမနှင့် လူမမယ်လေးက သူတို့ကို စောင့်ရှောက်ပေးနိုင်မည့် သင့်တော်သည့်လူတစ်ယောက် ရှာတွေ့လျှင် ကောင်းလိမ့်မည်။

“ယောက်မချန်၊ ရှင်ကရော ဒီကို ဘယ်လိုရောက်လာတာလဲ”

အမျိုးသမီးချန်၏ မျက်လုံးက အကြည့်ကို ခံစားမိလိုက်သဖြင့် အမျိုးသမီးလျိုက စကားလမ်းကြောင်း မြန်မြန်လွှဲလိုက်တော့သည်။

အမျိုးသမီးချန်က ဝူလင်စီရင်စုမြို့သို့ ကပ်ဘေးရှောင်လာခဲ့သည့်အကြောင်းကို ပြောပြလိုက်သည်။

သည်နေ့အမျိုးသမီးချန်က စီရင်စုမြို့သို့လာပြီး မြည်းတစ်ကောင်လာဝယ်သည်ဟု ကြားလိုက်ရချိန်တွင် အမျိုးသမီးလျိုမှ အလွန်အံ့ဩသွားတော့သည်။ ကျန်းမိသားစုသည် ခက်ခဲခဲ့ပြီး စားဖို့ပင် လုံလုံလောက်လောက် မရှိခဲ့သည့်အကြောင်း မှတ်မိနေသေးသည်။ နောက်ဆုံး သူတို့သည် အသက်ဆက်ရှင်ဖို့ရန် သူတို့၏သမီးကို ရောင်းလိုက်ရသေးသည်။ သူတို့သည်က မြည်းတစ်ကောင် ဝယ်ဖို့ရာ ငွေရှိပါသတဲ့လား။

ဒါက အလွန်မှ တိုက်ဆိုင်လှသည်။ သူမက ဝေ့ခမ်းဖျင်ကို ကြည့်လိုက်၏။

ဝေ့ခမ်းပင်၏မျက်လုံးများက ဝေ့ဝဲကြည့်ရင်း ကျန်းချိန်ကို ပြောလိုက်လေသည်။

“အစ်ကိုကြီးကျန်း ကျန်တော်ကလည်း ဒီမှာ လားတစ်ကောင် လာရောင်းတာနဲ့ ကြုံသွားတာပဲ၊ အဆင်ပြေတယ်လို့ထင်ရင် ယူသွားပါ”

ကျန်းချိန်သည် သူ အစောကြီးကတည်းက ဆွဲလာသည့်လားကို သတိထားမိလေသည်။ နီညိုရင့်ရင်းလားကြီးက မြင်းတစ်ကောင်ထက် မနိမ့်ချေ။ သူက မြန်မြန်ပြန်ဖြေလိုက်ေသည်။

“မလိုပါဘူးဗျာ”

သူသည် လားဖိုး မတတ်နိုင်မည်ကို စိုးရိမ်မိသည်။

“ အရင်က အစ်ကိုကြီးက ချိုးညန်ကို ကူညီပေးခဲ့တယ်လေ၊ စျေးနှုန်းကို ညှိလို့ရပါတယ်” ဝေ့ခမ်းဖျင်က ပြောလိုက်သည်။

ချိုးညန်သည် အမျိုးသမီးလျို၏နာမည်ဖြစ်သည်။

ကျန်းချိန်က ငြင်းလိုက်ချင်သော်လည်း ဝေ့ခမ်းဖျင်က ချက်ချင်း ပြောလိုက်သည်။

“ ၉လျန်၊ အစ်ကိုကြီး တန်တယ်ထင်ရင် ကျွန်တော် အစ်ကိုကြီးကို ရောင်းလိုက်ပါမယ်”

၉လျန်မှာ အမှန်ပင် စျေးချိုပါသည်။ ကျန်းချိန်က သူ့အိတ်ထဲတွင် ၈လျန်သာ ရှိသည်။ ကျန်းယွင်ကျူကလည်း သည်နေ့ ဝယ်စရာအများကြီးရှိသဖြင့် သူမက နည်းနည်းပိုယူသွားသည်။ သည်လားကို ဝယ်ဖို့ရာ လောက်ငှသည့်ငွေသာ ရှိလေသည်။

ကျန်းချိန်က ခဏလောက် တွေဝေသွားသည်။

အမျိုးသမီးလျိုက ကျန်းချိန်က လား ကိုလိုချင်နေမှန်း တွေ့လိုက်သဖြင့် ဝေ့ခမ်းဖျင်ဘက် လှည့်လိုက်သည်။

ဝေ့ခမ်းဖျင်က ဇက်ကြိုးကို ကျန်းချိန်လက်ထဲ တန်းထည့်ပေးလိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

“ ဒါဆို ဒီလိုမှတ်လိုက်ပြီနော်၊ ကျွန်တော်လည်း တခြားနေရာ သွားရောင်းစရာမလိုတော့ဘူးပေါ့”

“ကျွန်တော် တကယ်မဖြစ်လို့ပါ”

ကျန်းချိန်က သူ့ကို ဇက်ကြိုးပြန်ပေးချင်လိုက်သည်။

ဝေ့ခမ်းဖျင်က လက်မခံပေ။

နှစ်ယောက်သားက ခဏကြာသည်အထိ ငြင်းခုံနေကြသည်။ ဝေ့ခမ်းဖျင်က လားကို ကျန်းချိန်ထံ ရောင်းဖို့ ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင် ကျန်းချိန်က သူ့လက်ထဲတွင် ဇက်ကြိုးကိုသာ ကိုင်ထားလိုက်ရတော့သည်။

ငွေချေလိုက်ပြီးနောက် ကျန်းချိန်က ကျန်းယွင်ကျူးကို ကြည့်လိုက်သည်။

ကျန်းယွင်ကျူးက သူမ၏အင်္ကျီလက်ထဲက ငွေ ၁လျန်ကို ထုတ်ကာ ကျန်းချိန်ကို ပေးလိုက်လေသည်။ ကျန်းချိန်က သူ့ရင်ဘတ်ထဲက ငွေအိတ်ကို ထုတ်ကာ ငွေ ၁လျန်ကို ထည့်လိုက်ပြီး ငွေအိတ်ကို ဝေ့ခမ်းဖျင်ဆီ ကမ်းပေးလိုက်ကာ ရှက်ရှက်နှင့် ပြောလိုက်လေသည်။

“ ရေကြည့်ပါအုံး”

ဝေ့ခမ်းဖျင်က ငွေအိတ်ကို ချိန်ဆကြည့်လိုက်ပြီး

“ ဘာလို့ ရေနေမှာလဲ၊ ကျွန်တော် အစ်ကိုကြီးကို ယုံပါတယ်”

လားနှင့် မြင်းစျေးက ထွက်အလာတွင် အမျိုးသမီးချန်က ဒါကို မယုံနိုင်သေးပေ။ အိပ်မက်တစ်ခုဟုသာ ခံစားမိနေသည်။ သူမသည် သည်နေရာတွင် အမျိုးသမီးလျိုနှင့် မမျှော်လင့်ဘဲ တွေ့ခဲ့ရပြီး ၉လျန်တည်းနှင့် လားတစ်ကောင်ကို ဝယ်နိုင်ခဲ့သည်။

“ လားက နှစ်နှစ်ပဲရှိသေးတယ်၊ အရွယ်ကောင်းပြီး သန်မာတဲ့အရွယ်ပဲ”

ကျန်းချိန်က မထိန်းနိုင်တော့ဘဲ ဝမ်းသာအားရနှင့် မှတ်ချက်ပေးလေသည်။ စကားပြောရင်း သူက လက်ဖြင့် လား၏ခေါင်းကို ထိကာ ခံစားကြည့်လို့ မဝနိုင်ဖြစ်နေတော့သည်။

“ ချိုးညန်ကို ကျေးဇူးတင်ရမယ်”

အမျိုးသမီးချန်က ပြောလိုက်သည်။ သူမကြောင့်သာ မဟုတ်ရင် သူတွေက ဒီလိုစျေးချိုတဲ့ လားတစ်ကောင်ကို ဝယ်နိုင်မှာမဟုတ်ဘူးလေ။

အခန်း (၃၅.၂)

အမျိုးသမီးချန်နှင့် အမျိုးသမီးလျိုတို့သည် ချိန်းဆိုခဲ့ကြပြီးဖြစ်သည်။ သူတို့သည် နောက်ပိုင်းတွင် မကြာခဏ တွေ့ဖြစ်ကြလိမ့်မည်။ ထို့ကြောင့် ကျန်းချိန်က ထိုသို့ပြောလိုက်ခြင်းပင်။

အမျိုးသမီးချန်က ခေါင်းညိတ်ပြလိုက်ပြီး ရုတ်တရက် ထပ်ပြုံးလိုက်လေသည်။

“ သူမ ဒီတစ်ခါတော့ လူကောင်းတစ်ယောက်နဲ့ တွေ့ခဲ့တာပဲ”

သူမ အမြင်ကတော့ ဝေ့ခမ်းဖျင်က မိသားစုနောက်ခံတချို့ ရှိပုံရတယ်။ သူက ရုပ်ရည်ချောမောပြီး လူတွေကို အန္တရာယ်က ကယ်တင်ပေးနိုင်တယ်။ သူ့အကျင့်စရိုက်ကတော့ မဆိုးလောက်ပါဘူး။

ကျန်းချိန်က ခေါင်းညိတ်လိုက်၏။ သူသည်လည်း ဝေ့ခမ်းဖျင်ကို လူကောင်းတစ်ယောက်ဟု ထင်မိသည်။

နောက်တွင် ကျန်းယွင်ကျူးက ကျန်းဝူကို လက်တွဲထားသည်။ သူတို့ ပြောစကားကို ကြားလိုက်ပြီးနောက် သူမက မသိမသာ မျက်မှောင်ကျုံ့လိုက်လေသည်။ ဝေ့ခမ်းဖျင်ရဲ့ မျက်လုံးတွေက ဘာလို့ သူမဘက်ကို တမင်ရော မရည်ရွယ်ဘဲရော ကြည့်နေတာလို့ ဘာလို့ခံစားနေရတာလဲ။ သူမပဲ စိတ်ထင်နေတာလား ဒါမှမဟုတ်….

“ ယွင်ကျူး အမေတို့ စျေးဝယ်ကြအုံးမှာလား”

အမျိုးသမီးချန်က လှည့်ကာ ကျန်းယွင်ကျူးကို မေးလိုက်သည်။ သူမ၏လေသံက အားနာသံအပြည့် ဖြစ်နေတော့သည်။

ဒီလားကို ဝယ်လိုက်ပြီးပြီဆိုတော့ သူတို့မှာ ငွေတွေအများကြီး မကျန်တော့ဘူးလေ။ ကျန်းယွင်ကျူးက ပစ္စည်းတွေအများကြီး ဝယ်ချင်တာ သူမ သိနေတယ်။

တခြားကိစ္စများကို ဘေးချိတ်ထားလိုက်ပြီး ကျန်းယွင်ကျူးက လားတစ်ကောင်ကို အလွန်စျေးသက်သက်သာသာဖြင့် ဝယ်နိုင်ခဲ့သည့်အတွက် ဝမ်းသာမိသည်။ ပစ္စည်းကိုတော့ တချို့ကို အရင်ဝယ်ပြီး ကျန်တာကို နောက်တစ်ကြိမ်မှ ဝယ်တော့မည်။

မိသားစုသည် စီရင်စုမြို့တွင် လည်ပတ်လိုက်ကြသည်။

နေက အနောက်ဘက်သို့ ယွန်းလာခဲ့သည်။ သူတို့သည် အိမ်သို့ အချိန်မီပြန်မရောက်မှာစိုးသဖြင့် မြို့က မြန်မြန်ထွက်ပြီး အိမ်သို့ ပြန်လာခဲ့ကြလေသည်။

အိမ်ပြန်ရောက်လာသောအခါ အဘိုးချန်က သူတို့သည် ၉လျန်ဖြင့် လားကောင်းတစ်ကောင် ဝယ်နိုင်ခဲ့သည်ဟု ကြားရပြီး အလွန်ဝမ်းသာသွားတော့သည်။

ကျန်းချိန်က သူ့ကိုတွဲကာ လားကို သွားပြလေသည်။

အဘိုးချန်က လက်ကိုဆန့်လိုက်ပြီး လား၏ခေါင်းကို ထိလိုက်ပြီး သပ်ချလိုက်သည်။ သူက လားကို ကိုင်ကြည့်လေလေ ပိုပြီးဝမ်းသာလာလေလေ ဖြစ်သွားတော့သည်။ သူက ချီးကျူးစကားပြောလိုက်၏။

“ ဒါက တကယ့်လားကောင်းတစ်ကောင်ပဲ”

“ဟုတ်ပါတယ်”

ကျန်းချိန်က အပျော်မလွန်ဘဲ မနေနိုင်ဖြစ်နေလေသည်။ သူသည် လားက ရေဆာ ဗိုက်ဆာမည်စိုးသဖြင့် သူ့အတွက် အစာနှင့်ရေ ယူပေးရင်း တစ်ယောက်တည်း အလုပ်ရှုပ်နေတော့သည်။

ကျန်းချိန်သည် ထိုနေ့ညက သွားများဖြီးကာ နေတော့သည်။

မြို့တော်ရှိ ရှန်အိမ်တော်။ ည ၇နာရီ။ ရှန်ဖုန်းမင်က အခုလေးတင်မှ အပြင်က ပြန်ရောက်လာသည်။ သူ့တစ်ကိုယ်လုံးက အေးစက်နေ၏။

“ ဒီနေ့ ဘာလို့ အရမ်းနောက်ကျမှ ပြန်လာတာလဲ”

မင်းသမီးတန့်ယန်းက သူ့ကို ဂျင်ဆင်းလက်ဖက်ရည်တစ်ပန်းကန် လှမ်းပေးလိုက်ပြီး စိတ်မကောင်းစွာ ပြောလိုက်လေသည်။

ရှန်ဖုန်းမင်က လက်ဖက်ရည်ကို ယူကာ နှစ်ငုံလောက်သောက်လိုက်သည်။

“ ဌာနမှ လုပ်စရာတွေအရမ်းများနေလို့ပါ” သူက ပြန်ဖြေလိုက်သည်။

“ အမေ မင်းကြီးကို ပြောပြီး သားအတွက် အလုပ်ပြောင်းခိုင်းလိုက်ရမလား”

မင်းသမီးတန့်ယန်းက ပြောလိုက်သည်။ သူမသည် ရှန်ဖုန်းမင်ကို တပ်မှူးလေး မဖြစ်စေချင်ပေ။ အန္တရာယ်ကလွဲလျှင် ကောင်းတာဘာတစ်ခုမှ ရောက်လာမည်မဟုတ်ပေ။

“အမေ ကျွန်တော် ဒီအလုပ်ကို သဘောကျတယ်” ရှန်ဖုန်းမင်က ပြောလိုက်သည်။

မင်းသမီးတန့်ယန်းက ဆက်ပြောချင်လိုက်သော်လည်း ရုတ်တရက် စကားလွဲလိုက်လေသည်။

“အင်းပါ၊ ဒါဆိုလည်း အမေ မနှောင့်ယှက်တော့ဘူး၊ စားပြီးပြီလား”

“ စားပြီးပါပြီ”

“ဒါဆို ပြန်သွားပြီး မြန်မြန် ကိုယ်လက်သန့်စင်လိုက်တော့ ၊ စောစောနား”

မင်းသမီးတန့်ယန်းက ပြောလိုက်၏။

ရှန်ဖုန်းမင်က ခေါင်းညိတ်ပြလိုက်သည်။

ကျယ်ဝန်းလှသည့် အခန်းတစ်ခုတွင် တစ်စုံတစ်ယောက်က ရှန်ဖုန်းမင်အတွက် ရေနွေး ပြင်ဆင်ပေးထားသည်။

သူ့ကို ခစားရန် တစ်ခြားသူများကို မလိုပေ။ ကိုယ်တိုင် ဆေးကြောသန့်စင်လိုက်ပြီးနောက် အိပ်ရာခန်းထဲ ဝင်လာခဲ့လေသည်။

သူသည် တံခါးမှ ဝင်လာသည်နှင့်တပြိုင်နက် တစ်ခုခု မူမမှန်သည်ကို ခံစားလိုက်ရသည်။ သူ့ကိုယ်ပိုင်အခန်း၏ အနံ့ကို သေသေချာချာသိလေသည်။ သို့သော် အခုတော့ သည်အခန်းထဲတွင် ခပ်ဖျော့ဖျော့ ချိုမြမြအနံ့တစ်ခု မွှေးကြိုင်နေသည်။

“ဘယ်သူလဲ” သူက မျက်မှောင်ကျုံ့ထားလိုက်၏။ သူ့အသံမှာ အေးစက်နေလေသည်။

ခုတင်ပေါ်မှ ဘရိုကိတ်သားဂွမ်းစောင်က လူးလွန့်သွားပြီး မြူစွယ်နေသည့်ကောက်ကြောင်းတစ်ခု ထွက်ပေါ်လာသည်။ လှပမှင်တက်ဖွယ်မျက်နှာတစ်ခုက ဘရိုကိတ်သားစောင်ထဲမှ ပေါ်လာခဲ့သည်။ နှင်းလိုဖြူဖွေးသည့်ပခုံးသားတစ်ခုကို ခပ်ရေးရေး မြင်နိုင်လေသည်။

သည်လို ခပ်ဝါးဝါးမြင်နေရသည့်အလှအပမျိုးက အမှန်ပင် စွဲမက်စရာကောင်းလှသည်။

ရှန်ဖုန်းမင်သည် တကိုယ်လုံး ပူလာသလိုခံစားလိုက်ရတော့သည်။ မဟုတ်တော့ဘူး။ သူသည် ဘေးက စားပွဲကို ကိုင်ထားလိုက်၏။ သူ့ခန္ဓာကိုယ်က မူမမှန်ဘူး။

ရုတ်တရက်ဆိုသလို မင်းသမီးတန့်ယန် သူ့ကို ပေးလိုက်သည့် ဂျင်ဆင်းလက်ဖက်ရည်ကို သတိရသွားတော့သည်။

ချီလင်တပ်မှူးတစ်ယောက်အနေနဲ့ ရှန်ဖုန်းမင်ရဲ့သတိက အန္တရာယ်အားလုံးကို ရှောင်ရှားဖို့ရာ လုံလောက်ပါတယ်။ ဒါပေမဲ့ သူ့မိခင်အရင်း ပေးခဲ့တဲ့ လက်ဖက်ရည်ကရော။

ရှန်ဖုန်းမင်က လက်နှစ်ဖက်နှင့် စားပွဲအစွန်းကို တင်းနေအောင် ဆုပ်ထားလိုက်သည်။ သူ့လက်ပေါ်က သွေးကြောများက ထောင်တက်လာသည်။

“ လူကြီးမင်း”

ဆေးက အာနိသင်ပြလာသည်ကို သိလိုက်ရသဖြင့် တုရန်ရှုက ထရပ်လိုက်ပြီး ရှန်ဖုန်းမင်ထံသို့ လျှောက်လာခဲ့လိုက်သည်။

သူမသည် ပိုးဇာအပါးလေးတစ်ထည်သာ ဝတ်ထားသည်။ သူမသည် လမ်းလျှောက်လာရင်း အကြည့်တိုင်း၊ လှုပ်ရှားမှုတိုင်းက ယောက်ျားတိုင်းကို ရူးသွားအောင် လုပ်နိုင်လေသည်။

နောက်ဆုံးတွင် သူမသည် ရှန်ဖုန်းမင်ဘေးသို့ ရောက်လာခဲ့သည်။

သူမက ရှန်ဖုန်းမင်ကို လှမ်းကိုင်ဖို့ရာ လက်လှမ်းလိုက်လေသည်။ သူမ၏မျက်နှာက နီမြန်းနေ၏။ မိန်းမတွေကပဲ ယောက်ျားတွေရဲ့အသဲနှလုံးကို လှုပ်ရှားအောင် လုပ်နိုင်တယ်လို့ ဘယ်သူပြောလဲ။ ထူးခြားတဲ့ယောက်ျားတွေကလည်း မိန်းမတွေရဲ့နှလုံးသားကို လှုပ်ရှားအောင် လုပ်နိုင်ပါတယ်။

နောက်တစ်စက္ကန့်တွင် သူမသည် ကြောက်လန့်တကြားနှင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ရှန်ဖုန်းမင်သည် ဒေါသထွက်နေသည့် နတ်ဘုရားတစ်ပါးလို တုရန်ရှု၏လည်ပင်းကို ညှစ်ထားလေသည်။

ဝုန်းခနဲ အသံနှစ်ချက် ထွက်လာခဲ့သည်။ မင်းသမီးတန့်ယန်းသည် အခန်းထဲက မူမမှန်သည့် လှုပ်ရှားသံကို ကြားလိုက်ရလေသည်။ သူမက တံခါးကို မြန်မြန်ဖွင့်ကာ ဝင်လာ ကြည့်လိုက်လေသည်။ သူမ၏ မြင်ကွင်းထဲသို့ ဝင်လာသည်မှာ တုရန်ရှုက တစ်ဖက်တွင် ကြမ်းပြင်ပေါ် ထိုင်နေပြီး ရှုပ်နေကာ ရှန်ဖုန်းမင်က သူ့ဘယ်ဖက်လက်တွင် သွေးများစက်လက်စီးကျလျက် ရပ်နေလေသည်။

သူ့လက်က စားပွဲထောင့်ကို ကိုင်ထားသည်။ သူသည် စားပွဲထောင့်ကို လက်ဗလာဖြင့် ချိုးချလိုက်ခြင်းပင်။ သစ်သားစက သူ့လက်ကို စူးသွားပြီး သွေးများထွက်လာတော့သည်။

မင်းသမီးတန့်ယန်းသည် မျက်လုံးထဲတွင် ရှန်ဖုန်းမင်၏ သွေးထွက်နေသည့်လက်ကိုသာ မြင်တော့သည်။ သူမက ချက်ချင်း အော်ပြောလိုက်၏။

“ မြန်မြန်၊ သမားတော်ကို ခေါ်ခဲ့”

“မလိုဘူး”

ရှန်ဖုန်းမင်က သူ့လက်ထဲ သစ်သားစကို ပစ်ထုတ်လိုက်ပြီး ဘေးက ရေးချိုးခန်းဆီသို့ ဒယိမ်းဒယိုင်ဖြင့် လျှောက်သွားလိုက်လေသည်။

“ဖုန်းမင် သား….”

မင်းသမီးတန့်ယန်းသည် တစ်ခုခုပြောချင်သော်လည်း ရှန်ဖုန်းမင် ပြန်လှည့်ကြည့်လိုက်သည့် အကြည့်ကြောင့် လန့်သွားတော့သည်။ သူမသည် သူ့ကို သည်လိုပုံစံမျိုး တစ်ခါမှမတွေ့ခဲ့ဖူးချေ။

သူမက ပြောလက်စစကားကို ရပ်ထားလိုက်တော့သည်။

“ဘာဖြစ်တာလဲ”

တော်ဝင်ပညာရှင်ရှန်က ဆူညံသံကို ကြားလိုက်ပြီး စစ်ဆေးကြည့်ဖို့ ရောက်လာခဲ့သည်။

ရှန်ဖုန်းမင်၏ ပုံစံက တစ်ခုခုလွဲနေသည်ကို ချက်ချင်း သတိထားမိလိုက်ပြီးနောက် ဘေးတွင် ဖရိုဖရဲဖြစ်နေသည့် တုရန်ရှုကို ကြည့်လိုက်တော့သည်။ ချက်ချင်းဆိုသလို သူက ခန့်မှန်းမိလိုက်ပြီး မင်းသမီးတန့်ယန်းကို ဒေါသထွက်သွားတော့သည်။

“ မင်း ဘယ်လိုလုပ်လိုက်တာလဲ… ဟေ…”

သူက တစ်ခွန်းတည်း ပြောရသေးသည် မင်းသမီးတန့်ယန်းက ထွက်ပေါက်တစ်ခု တွေ့သွားသည့်နှယ် ငိုယိုကာ သူ့ကိုအော်ဟစ်တော့သည်။

“ ကျွန်မ ဘာလို့ ဒီလိုလုပ်တာလဲဟုတ်လား၊ ရှင့်မှာ ကျွန်မကို ဒီလိုမေးပိုင်ခွင့်ရှိလို့လား၊ ရှင်က တစ်နေ့တစ်နေ့ ကျေးဇူးတရားနဲ့ ကျင့်ဝတ်တွေအကြောင်းပဲ ပြောနေတယ်၊ ရှင်က ကလေးကို ဒီလိုဖြစ်အောင် သင်ပေးခဲ့တာလေ၊ အခုမှ ရှင်က ကျွန်မကို အပြစ်ပြောနေတယ်။ ကျွန်မ ရှင့်ကို မေးပါအုံးမယ်….”

မင်းသမီးတန့်ယန်းသည် တော်ဝင်ပညာရှင်ရှန်နှင့် စကားထပ်များပြန်တော့သည်။

ရှန်ဖုန်းမင်သည် ရေချိုးခန်းသို့ ပြန်ရောက်သွားပြီး ရေအေးထဲ ခုန်ချလိုက်လေသည်။ သူသည် ဖြည်းဖြည်းချင်း သတိပြန်ဝင်လာတော့သည်။

နောက်တစ်နေ့ မနက်တွင် ယန်ရှန့်က အမှုတွဲတစ်ခုကို ယူလာပြီး ရှန်ဖုန်းမင်ကို ပြောလေသည်။

“လုပြည်နယ်က ဒီအမှုတွဲကို ကြည့်လိုက်၊ ငါတို့တွေ သွားသင့်….”

“ကောင်းပြီ” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။

ယန်ရှန့်သည် ဆွံ့အသွားတော့သည်။ ဘာအမှုလဲလို့ သူ မပြောရသေးဘူးလေ။ သူက ဘာကို သဘောတူလိုက်တာတဲ့လဲ။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset