အပိုင်း (၃၆)
ရှန်ဖုန်းမင်က အရင်ဆုံး နန်းတော်သို့သွားလိုက်ပြီး မင်းကြီးကို အကြောင်းအရင်း သွားလျှောက်တင်လိုက်တော့သည်။ ထို့နောက် သူက ရှန်အိမ်တော်သို့ပြန်လာပြီး မိဘများကို နှုတ်ဆက်လိုက်သည်။
သူက ထပ်ထွက်သွားတော့မည်ဟု ကြားလိုက်ရသဖြင့် တော်ဝင်ပညာရှင်ရှန်မှာ မျက်နှာညှိုးသွားတော့သည်။ မင်းသမီးတန့်ယန်း၏မျက်လုံးများကလည်း ပိုပြီး နီရဲလာသည်။ သည်နေ့ ရှန်ဖုန်းမင်က သူမကို ခပ်ခွာခွာနေနေသည်ကို ခံစားနိုင်လေသည်။
မနေ့က အသိစိတ် ပျောက်သွားပြီး ဒီလိုကိစ္စမျိုး လုပ်ခဲ့မိတာကို နောင်တရမိပါတယ်။ ဒါပေမဲ့ သူမက ဘာလုပ်နိုင်မှာလဲ။
ပြီးခဲ့တဲ့ နှစ်တွေတုန်းက ရှန်ဖုန်းမင် မိန်းမတွေအနားကို ကပ်အောင် သူမမှာ မရေမတွက်နိုင်တဲ့ အကြံအစည်အမျိုးမျိုး သုံးခဲ့ပေမဲ့ တစ်ခုမှ အလုပ်မဖြစ်ခဲ့ဘူးလေ။ အဲဒီအစား သားအမိနှစ်ယောက်ကြားမှာ အက်ကြောင်းတွေဖြစ်ခဲ့ရတယ်။ သူ့အမူအကျင့်က ပိုပိုရက်စက်လာပြီး အိမ်ပြန်လာတဲ့အချိန်ကလည်း တဖြည်းဖြည်း ပိုနည်းလာတာကို တွေ့ရတော့ သူမမှာ ကျိတ်ပြီး ငိုရတာလည်း အခါခါပဲ။
သူ့ဓားက နေ့တိုင်း သွေးပေနေတာလေ။ သူ အပြင်သွားလိုက်တိုင်း သူ ပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲဆိုပြီး မစဥ်းစားဘဲကို မနေနိုင်ခဲ့ဘူး။
သူမမှာ ဒီသားတစ်ယောက်ပဲ ရှိတာပါ။ သူသာ မရှိတော့ရင် သူမ…
ဒါကြောင့်ပဲ သူမက စဥ်းစားခဲ့တာပါ။ သူသာ ဇနီးတစ်ယောက်လောက် လက်ထပ်နိုင်ပြီး ကလေးတွေ ရှိလာမယ်ဆိုရင်… သားနဲ့ သမီးနဲ့ သူချစ်တဲ့သူနဲ့သာ အတူရှိနေရင် သူ အဲဒီအန္တရာယ်များတဲ့အလုပ်နဲ့ အချိန်တိုင်း သူ့အသက်ကို စွန့်နေတာတွေ မလုပ်လောက်တော့ဘူးလားလို့ပေါ့။
ပြီးတော့ သူမလည်း တခြားသူတွေလို သူမရဲ့ဘေးမှာ မြေးတွေ ကလေးတွေ ဝိုင်းနေတာမျိုး တကယ် လိုချင်မိပါတယ်။
မင်းသမီးတန့်ယန်းက ပါးစပ်ဟလိုက်ပြီး တုရန်ရှုကို သူမက အဝေးသို့ ပို့လိုက်ပြီဖြစ်ကြောင်း ပြောပြချင်ခဲ့လေသည်။ သို့သော် သူက သည်အကြောင်းကို လုံးဝကြားချင်မှာ မဟုတ်မှန်း သူမ သိနေသည်။
“ သားရဲ့လက်ရော သက်လား” သူမက ရှန်ဖုန်းမင်ကို စိုးရိမ်စိတ်နှင့် မေးလိုက်၏။
“သက်သာပါတယ်” ရှန်ဖုန်းမင်က ပြန်ပြောလိုက်သည်။
မင်းသမီးတန့်ယန်းမှာ ဘာပြောရမည်မသိ ဖြစ်သွားတော့သည်။ ရှန်ဖုန်းမင်က လုပြည်နယ်သို့ ထပ်သွားရမည်ကို ရုတ်တရက် သတိရလိုက်ပြီး
“ သား အဲဒီဝက်အူချောင်း လုပ်တဲ့သူနဲ့ ထပ်တွေ့ခဲ့ရင်လေ သားသဘောကျရင် လူကို ခေါ်ပြန်လာခဲ့နော်”
သူမက တွေးလိုက်၏။ ဒါမှပဲ ရှန်ဖုန်းမင်က ညနေစာစားဖို့ အိမ်တော်ကို ခဏခဏပြန်လာမှာ။
ရှန်ဖုန်းမင်က မင်းသမီးတန့်ယန်းကို မျက်လုံးပင့်ကြည့်လိုက်လေသည်။ သူ၏စမ်းရေလို မျက်လုံးများက မသိမသာ လှိုင်းထသွားတော့သည်။
မင်းသမီးတန့်ယန်းက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ထိုအကြောင်းကို ဆက်မပြောတော့ချေ။
“လမ်းတစ်လျှောက် အန္တရာယ်ကင်းအောင် ဂရုစိုက်နော်၊ မင်းသာ တစ်ခုခုဖြစ်သွားရင် မင်းသိပါတယ်”
တော်ဝင်ပညာရှင်ရှန်က ပြောနေကျစကားကိုသာ ပြောလိုက်လေသည်။ သို့သော် ရှန်ဖုန်းမင်သာ တစ်ခုခု ဖြစ်ခဲ့လျှင် ရှန်မိသားစုသည် သူ့အင်အားကြီးနောက်ခံ ဖြစ်ပေးမှာဖြစ်ပြီး သူ့ကို အရာအားလုံးဆီမှ သေချာပေါက် ကာကွယ်ပေးမည်မှန်း ရှန်ဖုန်းမင် နားလည်နိုင်သည်။
ရှန်ဖုန်းမင်၏မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားပြီး
“ဟုတ်ကဲ့ပါ အဖေနဲ့ အမေလည်း ကိုယ့်ဟာကို ဂရုစိုက်ကြပါ”
“ ငါတို့တွေက မြို့လယ်ခေါင်မှာလေ၊ အဆင်ပြေတယ်၊ မင်း အလုပ်ပြီးရင်သာ စောစောပြန်ခဲ့”
တော်ဝင်ပညာရှင်ရှန်က ပြောလိုက်သည်။
“ဟုတ်တယ်၊ မြန်မြန်ပြန်လာနော်” မင်းသမီးတန့်ယန်းက နောက်က မြန်မြန်လိုက်ပြောလိုက်သည်။
ရှန်ဖုန်းမင်သည် ရှန်အိမ်တော်မှ ထွက်လာပြီး ဌာနသို့ ပြန်သွားလိုက်သည်။ သူနှင့်ယန်ရှန့်တို့ တစ်ခါထွက်လာလျှင် ပြန်လာဖို့ အချိန်တစ်ခုတော့ ကြာလိမ့်မည်။ စီစဥ်စရာများစွာ ရှိနေသည်။
သည်အချိန်တွင် ယန်ရှန့်ကလည်း ယန်မိသားစုမှ ပြန်လာခဲ့သည်။ သူသည် သခင်မယန်ကို မျက်နှာချင်းဆိုင်ပြီး နှုတ်မဆက်ရဲချေ။ သူ့ကို အိမ်တော်ထဲတွင် ပိတ်ထားပြီး အပြင်ပေးမထွက်မှာ စိုးရသည်။ သခင်မယန်က သည်လိုကိစ္စမျိုးကို အမှန်ပင်လုပ်ပေလိမ့်မည်။ သူက အိမ်ပြန်သွားပြီး အထုပ်အပိုးကို တိတ်တိတ်လေးပြင်ကာ သခင်မယန်အတွက် စာတစ်စောင်ထားခဲ့ပြီး လှစ်ထွက်လာခဲ့လိုက်သည်။
သူက သခင်မယန်ကို ပြောခဲ့သည်။ သူမက နေ့တိုင်း ဝက်အူချောင်းစားချင်နေသဖြင့် သူက သူမအတွက် ချက်ချင်း သွားဝယ်ပေးရလိမ့်မည်ဖြစ်ရာ ထို့အတွက်ကြောင့် သူမသည် စိတ်မဆိုးသင့်ကြောင်း ပြောထားလေသည်။
ယန်ရှန့်သည် လန်းဆန်းတက်ကြွနေစဥ် ရှန်ဖုန်းမင်ကတော့ တောင်ကြီးတစ်လုံးလို မာထန်နေတော့သည်။ သူတို့နှစ်ယောက်သည် ဌာနရှေ့တွင် ရပ်လိုက်ကြသည်။ ချီလင်ကိုယ်ရံတော်များက အောက်တွင် ရပ်နေပြီး အားလုံးက စိတ်ဓာတ်တက်ကြွနေကြလေသည်။
သူတို့သည် လုပြည်နယ်သို့ သွားရမည်ဟု ရှန်ဖုန်းမင်ပြောလိုက်သည့် စကားကို ကြားလိုက်ချိန်တွင် သူတို့သည် နျဲ့ရှင်းပြောသည့် ငါးခေါင်းတိုဟူးဟင်းကို ချက်ချင်းသတိရသွားပြီး သူတို့လျှာကိုပင် မျိုချမိအောင် စွမ်းနိုင်လေသည်။ ယုန်သား အသားတုံးနှင့် အမဲသားလွှာများကို သူတို့သည် မဖြစ်စလောက်သာ မြည်းခဲ့ရသည်။ သူတို့၏မျက်လုံးများသည် ချက်ချင်း တောက်ပသွားတော့သည်။ လုပြည်နယ်ကို သွားမှာတဲ့။ သူတို့ စားရတော့မယ်။
ဟေ့ကောင်တွေ။ ဘယ်လိုကောင်းကြောင်းတွေ စဥ်းစားနေကြတာလဲ။ ယန်ရှန့်က အပေါ်တွင် ရပ်ကာ ပြုံးလိုက်လေသည်။ သည်တစ်ကြိမ်တွင် သူတို့သည် လုပြည်နယ်သို့သွားဖို့ရာ လူအများကြီး မလိုအပ်ပေ။
သူက သူနှင့်အတူ လုပြည်နယ်သို့ လိုက်ရမည့်သူများကို ရွေးလိုက်လေသည်။
ရွေးချယ်ခံသူများသည် အလိုလို ပျော်ရွှင်မှု အပြည့်ဖြစ်သွားတော့သည်။ အရွေးမခံရသည့်သူများကတော့ သူတို့သည် ငွေဘယ်လောက် ပြင်ဆင်ထားရမည့်အကြောင်း စဥ်းစားလိုက်ကြတော့သည်။ သို့မှသာ သွားလိုက်သူများက သူတို့အတွက် စားဖို့ တစ်ခုခု ယူပြန်လာနိုင်လိမ့်မည်။
နေမြင့်လာလေသည်။ ရှန်ဖုန်းမင်နှင့် ယန်ရှန့်က လူတစ်စုကို ဦးဆောင်က မြင်းများနှင့် မြို့တော်က ထွက်လာခဲ့ကြသည်။ ဖုန်ထူနေသည့်လမ်းဟောင်းတစ်ခုပေါ်တွင် သစ်ပင်အိုများ၏အရိပ်က ပြေးလွှားနေတော့သည်။
ဝူလင်စီရင်စုမြို့ တောင်ပိုင်း ခြံဝင်းငယ်လေးတစ်ခုထဲတွင် ဝေ့ခမ်းဖျင်က တံခါးခေါက်လိုက်သည်။ အမျိုးသမီးလျိုက သူဖြစ်နေသည်ကို ကြားလိုက်ရသောအခါ သူ့ကို မြန်မြန်ဝင်လာခိုင်းပြီး သူ့အတွက် လက်ဖက်ရည်ပူပူတစ်ခွက် ထည့်ပေးလိုက်သည်။
ဝေ့ခမ်းဖျင်က သူ့အင်္ကျီလက်ထဲ ဘူးလေးတစ်ခုကို ထုတ်လာပြီး အမျိုးသမီးလျိုကို ပေးလိုက်သည်။
“ ကြည့်ပါအုံး၊ မင်း ကြိုက်ရဲ့လား”
“ဘာလဲရှင့်”
အမျိုးသမီးလျိုက ပျော့ပြောင်းသည့်လေသံတစ်ခုဖြင့် မေးလိုက်၏။
“ ဖွင့်ကြည့်ရင် သိမှာပေါ့”
ဝေ့ခမ်းဖျင်က အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။
အမျိုးသမီးလျိုက လက်ခံလိုက်ပြီး ဘူးကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် တောက်ပနေသည့် ရောင်စုံပုတီးစေ့ပန်းဆံထိုးကို တွေ့လိုက်ရလေသည်။
“ဒါက….”
“ မင်းက တစ်နေ့လုံး အရမ်းကို ရိုးရိုးရှင်းရှင်း ဝတ်စားတာဆိုတော့၊ ဒီပုတီးပန်းဆံထိုးက မင်းအတွက်လေ”
“ကျွန်မက မုဆိုးမပါရှင်၊ ပြီးတော့ ကျွန်မရဲ့အသက်က….”
“ မုဆိုးမဖြစ်တော့ ဘာဖြစ်လဲ၊ သူ အရင်ထွက်သွားတာလေ၊ သူက ကံမကောင်းတာပါ၊ မင်းက ဒီနှစ်မှ ၂၀ဝန်းကျင်ပဲ ရှိသေးတယ်၊ အရွယ်ကောင်းပဲလေ”
ဝေ့ခမ်းဖျင်က သူမ၏စကားကို ချက်ချင်းဖြတ်ပြောလိုက်လေသည်။
အမျိုးသမီးလျို၏မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လာတော့သည်။ သူမကို ဘယ်သူမှ သည်လိုစကားမျိုး မပြောခဲ့သည်မှာ အလွန်ကြာသွားပြီ။ နှစ်ပေါင်းများစွာကြာအောင် သူမသည် သည်လို အရောင်သွေးစုံအဝတ်အစားနှင့် လက်ဝတ်လက်စားများကို မဝတ်ခဲ့ပေ။
အမှန်တွင်တော့ သူမကို မက်မွန်နီအိမ်သို့ ရောင်းချခံလိုက်ရပြီး မကြာမီမှာပင် အာ့လုက သူမကို ဝယ်ယူခဲ့ပြီး သူက သူမကို ဇနီးတစ်ယောက်အဖြစ် လက်ထပ်ခဲ့သည်။
ကျင်းနျိုရွာတွင် သူမသည် ထိုနေရာမှာ လာရသည့်အတွက် အထင်သေးခံရပြီး မတော်မရော် အခေါ်ခံရမည် စိုးရိမ်ခဲ့သည်။ သူမသည် အလွန်တောက်ပသည့်အဝတ်အစားများ အလွန်လှပသည့် လက်ဝတ်လက်စားများကို လုံးဝမဝတ်ရဲခဲ့ချေ။
သို့သော် သူမ၏စိတ်ထဲတွင် သည်လိုလှပသည့် အဝတ်အစားနှင့် ကျောက်မျက်ရတနာများကို ကြိုက်တတ်မှန်းတော့ ဘယ်သူမှမသိကြပေ။
“ ကိုယ် မင်းကို ဝတ်ပေးမယ်”
ဝေ့ခမ်းဖျင်က ပုတီးပန်းဆံထိုးကို ကောက်ယူကာ ပြောလိုက်လေသည်။
အမျိုးသမီးလျို၏မျက်နှာမှာ ပန်းရောင်သန်းသွားတော့သည်။
ဝေ့ခမ်းဖျင်က ထရပ်လုက်ပြီး သူမ၏နောက်သို့လျှောက်သွားလိုက်ကာ သူ့လက်ဖြင့် သူမ၏ဆံနွယ်ကို သပ်ကာ ပုတီးပန်းဆံထိုး တပ်ပေးလိုက်လေသည်။
အမျိုးသမီးလျို့၏ခေါင်းက ငိုက်ကျသွားတော့သည်။
သည်အခိုက်တွင် ဝေ့ခမ်းဖျင်က သူမကို နောက်မှဖက်လိုက်ပြီး သူမ၏လည်တိုင်ကို မိုးစက်များကို နမ်းလိုက်ပြီး သူ့ရည်ရွယ်ချက်က အောက်ပိုင်းသို့ပင် ရွေ့သွားလေသည်။
အမျိုးသမီးလျိုက ပျာယာခတ်သွားပြီး
“ရှင် ဘာလုပ်တာလဲ၊ ကျွန်မကို လွှတ်”
“ချိုးညန်ရယ် ကိုယ့်မှာ မင်းကို ချစ်ရလွန်းလို့ မစားနိုင် မအိပ်နိုင်ဖြစ်နေတာပါ၊ ကိုယ့်ကို သနားပါကွာနော်၊ ကိုယ့်ကို အဲဒါလေး ပေးပါ”
ဝေ့ခမ်းဖျင်က သူမကို တင်းနေအောင်ဖက်ထားပြီး သူမ၏အဝတ်အစားကိုပင် ချွတ်ချင်နေတော့သည်။
အမျိူးသမီးလျိုက သူမ၏အဝတ်အစားများကို တင်းနေအောင်ဆုပ်ထားပြီး
“ကျွန်မကို လွှတ်နော် မဟုတ်ရင် ကျွန်မ လူတွေကို အော်ခေါ်လိုက်တော့မယ်”
ကြမ်းကြုတ်မှုက ဝေ့ခမ်းဖျင်၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားလေသည်။ အိမ်ထောင်သည် မိန်းမတစ်ယောက်များ သူနဲ့လာပြီး ဖြူစင်ကြောင်း လုပ်ရဲသေးတယ်။ သူမှာ နည်းနည်းပါးပါးလှပြီး သူမရဲ့အိတ်ထဲမှာ ငွေတွေအများကြီးမရှိရင် သူမကို အစောကြီးကတည်း ကန်ထုတ်ပစ်လိုက်တာ ကြာပေါ့။
“ တစ်ယောက်…..” အမျိုးသမီးလျို့က တကယ်အော်လိုက်လေသည်။
ဝေ့ခမ်းဖျင်က သူမ၏ပါးစပ်ကို လှမ်းပိတ်လိုက်ပြီးနောက် အားသုံးလိုက်တော့သည်။ သူက သူမကို လုပ်ခဲ့ရင်တောင် သူမကို အသနားခံတောင်းပန်နိုင်သ၍တော့ သူမက သူ့ကို သေချာပေါက်ခွင့်လွှတ်ပြီး သူမကိုယ်တိုင်ကလည်း သူ့ကို ဘဝပေးလိမ့်မယ်ပေါ့။
တစ်ခုပဲ။ သူက နောက်ထပ်မိန်းမလှလေးကို စဥ်းစားမိသွားတယ်လေ။ အဲဒီလူရဲ့ နှင်းလိုဖြူဖွေးတဲ့ အသွင်အပြင်လေးကိုပေါ့။ လရောင်အောက်က ပုလဲတစ်လုံးလိုပဲ။ အမှန်တကယ်ကို လှရက်လွန်းပါတယ်။
ထိုအကြောင်းကို စဥ်းစားလိုက်ပြီး သူက အမျိုးသမီးချန်ကို လွှတ်ပေးလိုက်ကာ စိုးရိမ်တကြီး ပြောလိုက်တောသည်။
“ချိုးညန်ရယ်၊ မအော်ပါနဲ့၊ ကိုယ် ဘာမှမလုပ်ပါဘူး၊ မစိုးရိမ်နဲ့နော်”
အမျိုးသမီးလျိုက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကာ နံရံနှင့်ကပ်သွားပြီး သူမ၏ကျောပြင်ကို နံရံတွင် မှီထားလိုက်ကာ အသက်နည်းနည်းရှူလိုက်ပြီးမှ ပြန်တည်ငြိမ်သွားတော့သည်။
“ချိုးညန် ကိုယ့်အမှားပါ၊ ကိုယ်ခုနက မထိန်းနိုင်ဖြစ်သွားလို့ပါ”
ဝေ့ခမ်းဖျင်က နောင်တရဟန်အပြည့်ဖြင့်
“ ကိုယ် အရင်က ဘယ်သူ့ကိုမှ အဲလောက် သဘောမကျခဲ့ဖူးဘူး၊ မင်းအကြောင်း မနက်ကနေ ညအထိ တွေးနေမိတယ်၊ ကိုယ့်အသက်ကို ယူသွားတော့မဲ့အတိုင်းပဲ။
ရုတ်တရက်ကြီး ကိုယ့်မှာ ကိုယ်သဘောကျတဲ့သူနဲ့ အရမ်းရင်းနှီးသွားတာ… ချိုးညန် မင်းကလေ အရမ်းလှတာပဲ”
သူက စကားပြောရင်း အမျိုးသမီးလျိုကို အကဲခတ်နေလေသည်။
သေချာသွားသည်။ အမျိုးသမီးလျို၏မျက်နှာက နီရဲသွားလေသည်။ သူမ၏အမူအရာကလည်း ပျော့ပြောင်းသွားတော့သည်။
မိန်းမတွေများနော်။ အားလုံးက ဒီလိုစကားမျိုးကို ကြိုက်ကြတာပဲ။ ကျေနပ်သွားပြီး ဝေ့ခမ်းဖျင်က ဆက်ပြောလိုက်၏။
“ ချိုးညန် မစိုးရိမ်နဲ့နော်၊ မင်းခွင့်ပြုချက်မရဘဲ ကိုယ်နောက်တစ်ခါ မင်းကို မထိတော့ပါဘူး။
ဒါပေမဲ့ ချိုးညန်ရယ် ကိုယ် မင်းကို တကယ်ချစ်တာပါ၊ ကိုယ့်ကို လက်ထပ်ပါနော်။
မင်းသဘောတူမယ်ဆိုရင် ကိုယ် ချက်ချင်း အောင်သွယ်တော်နဲ့ ကြိုပြီးလာတောင်းခိုင်းလိုက်မယ်၊ အခုချိန်ကစပြီး ကိုယ် မင်းကို ကောင်းကောင်းဆက်ဆံပါမယ်၊ ယွမ့်အာကိုလည်း ကိုယ့်သားအရင်းကို ဆက်ဆံပါ့မယ်” သူက ကြေညာလိုက်သည်။
လုယွမ့်သည် အမျိုးသမီးလျို၏သားဖြစ်လေသည်။
အမျိုးသမီးလျို၏မျက်နှာမှာ နီရဲသွားပြီး ရင်ခုန်နေတော့သည်။ သူက တကယ်ပဲ သူမကို လက်ထပ်ချင်တာတဲ့လား။ ရုတ်တရက်ဆိုသလို သူမသည် အံကျိတ်လိုက်ပြီး ဝေ့ခမ်းဖျင်ကို ပြောပြလိုက်တော့သည်။
“ ကျွန်မ ရှင့်ကို လုံးဝမပြောခဲ့တာတစ်ခုရှိတယ်”
“ဘာများလဲ”
“ကျွန်မ- ကျွန်မ အရင်က အဲလိုနေရာမျိုးမှာ နေခဲ့ဖူးတယ်”
အမျိုးသမီးလျို၏ ခေါင်းသည် ရှက်လွန်းသဖြင့် မြေကြီးပေါ်သို့ ကျလုနီးနီး အနေအထားဖြင့် တစ်ဖက်လူကို ဆိုးရွားလွန်းသည့်အတိတ်အကြောင်းအရာတစ်ခုကို ပြောပြလိုက်လေသည်။
အဲလိုနေရာမျိုး ဟုတ်လား။ ဆောင်ကြာမြိုင်ပေါ့။ ဝေ့ခမ်းဖျင်၏မျက်နှာသည် ရုတ်ခြည်း အေးစက်ကာ မာထန်သွားတော့သည်။ သူက သူမကို မုဆိုးမတစ်ယောက်လို့ ထင်ခဲ့တာလေ။ ထင်မထားဘဲ လူတွေအများကြီး ထားခဲ့တဲ့ ဖိနပ်ပျက်တစ်ရံဖြစ်နေတာပဲ။ ဒါနဲ့များ သူမက သူ့ကို ဖြူစင်သလို လာလုပ်နေသေးသတဲ့လား။
အမျိုးသမီးလု၏ခေါင်းမှာ နိမ့်ချထားရာ သူ့မျက်နှာထားကို မမြင်လိုက်ပေ။
ဝေ့ခမ်းဖျင်က ခဏလောက် စိတ်ငြိမ်အောင်လုပ်လိုက်ပြီးနောက် ပြန်ပြောလိုက်လေသည်။
“ ရပါတယ်ကွာ၊ ကိုယ် မင်းရဲ့အတိတ်ကို စိတ်မဝင်စားပါဘူး၊ ကိုက မင်းကိုပဲ ချစ်တာ၊ အနာဂတ်မှာ မင်းနဲ့ကိုယ် အဆင်ပြေနေရင် တော်ပါပြီ”
အမျိုးသမီးလျိုက အံ့ဩတကြီး ခေါင်းမော့လိုက်ရာ စိတ်ရင်းပါသည့်မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ သူမ၏မျက်လုံးများက တစ်ဖန်နီရဲသွားပြန်သည်။
ဝေ့ခမ်းဖျင်သည် သူမနှင့် သည်အကြောင်းကို ဆက်မပြောချင်တော့ပေ။ သူ့မျက်လုံးများက လည်သွားပြီး ပြောလိုက်လေသည်။
“ မနေ့က ကိုယ်တို့တွေ လားနဲ့မြင်းစျေးမှာ တွေ့ခဲ့တဲ့ မိသားစုကရော”
ထိုအကြောင်းကို ပြောလာသဖြင့် အမျိုးသမီးလုမှာ လုံးဝစိတ်အေးသွားလေသည်။
“ကျွန်မ ရှင့်ကို ပြောပြပြီးပြီလေ၊ သူတို့တွေ ကျွန်မနဲ့ တစ်ရွာတည်းသားချင်းတွေပါ၊ သူတို့မိသားစုက လူကောင်းတွေပါ”
“ သူတို့က လူကောင်းတွေမှန်း ကိုယ်သိပါတယ်၊ မဟုတ်ရင် ကိုယ်လည်း လားကို သူတို့ဆီမှာ စျေးပေါပေါနဲ့ ရောင်းလိုက်မှာ မဟုတ်ဘူး” ဝေ့ခမ်းဖျင်က သည်အကြောင်းကို တမင် ထုတ်ပြောလိုက်ခြင်းပင်။
သေချာပါသည်။ အမျိုးသမီးလျိုက ပြောလိုက်၏။
“ ကျေးဇူးအများကြီးတင်ပါတယ်ရှင်”
“မလိုပါဘူး၊ ကိုယ်တို့ကြားမှာ ဒီလိုစကားမျိုး ပြောစရာလိုလို့လား၊ ဒီငွေလေး မပြောနဲ့ မင်းကို ကိုယ့်အသက်ကိုတောင် လိုလိုလားလား ပေးလိုက်အုံးမှာ”
အမျိုးသမီးလျိုက ရှက်ရှက်နှင့် သူမအင်္ကျီကော်လံအနားကို ဆွဲလိုက်လေသည်။
“ဒါနဲ့ အဲနေ့က ကျန်းချိန်နောက် အဲဒီမိန်းကလေးက”
ဝေ့ခမ်းဖျင်က မရည်ရွယ်ထားသယောင် မေးလိုက်သည်။
“ သူ့နာမည်က ယွင်ကျူး၊ ကျန်းယွင်ကျူးတဲ့၊ ယောက်မကြီးချန်ရဲ့ အကြီးဆုံးသမီးလေ၊ သူက ဒီနှစ်ဆိုရင် ၁၆နှစ်ရှိပြီပေါ့၊ ဟင်း… သူက ခါးသီးတဲ့ဘဝမှာနေရတဲ့ သူတစ်ယောက်ပါလေ”
အမျိုးသမီးလျိုက သက်ပြင်းချလိုက်လေသည်။
“ဘာလို့ အဲလိုပြောတာလဲ” ဝေ့ခမ်းဖျင်က မေးလိုက်၏။
အမျိုးသမီးလျိုက ကျန်းယွင်ကျူး နေမကောင်းဖြစ်ကာ သူမ၏အသက်ကို ဆုံးရှုံးရလုနီးနီး ဖြစ်ခဲ့ပုံကို ပြန်ပြောပြလိုက်လေသည်။ နောက်ပိုင်းတွင် ကျန်းမိသားစုက ချက်စရာဆန် မရှိတော့သဖြင့် သူတို့သမီးတွေထဲကတစ်ယောက်ကို ရောင်းလိုက်ရသည်။
ထိုအကြောင်းကို ကြားလိုက်ရသောအခါ ဝေ့ခမ်းဖျင်၏မျက်လုံးများသည် တလက်လက် တောက်ပသွားတော့သည်။ ကျန်းမိသားစုမှာ သမီးနောက်တစ်ယောက် ရှိသေးတယ်တဲ့။ အဲဒီသမီးကရော ဒီတစ်ယောက်လိုပဲ ချောသလား သိချင်လိုက်တာ။
ဒီလိုမိန်းမလှလေးကို ငွေ၆လျန်နဲ့ ဝင်နိုင်တယ်တဲ့။ အဲဒီတုန်းက သူ ချန်ဖုန်းစီရင်စုမှာ မရှိတာ နာတာပဲ။ မဟုတ်ရင် သူက သူမကို သေချာပေါက်ဝယ်ခဲ့မှာ။ သူမကို ကစားတာပဲဖြစ်ဖြစ် ရောင်းတာပဲဖြစ်ဖြစ် အရှုံးမရှိဘူးလေ။
ဒါပေမဲ့ အခုလည်း အရမ်းတော့ နောက်မကျသေးပါဘူး။
ကျန်းယွင်ကျူးက အပြုံးမျက်နှာလေးနှင့် ခေါင်းငုံ့ထားသည့်ပုံကို စဥ်းစားလိုက်မိပြီး သူသည် ထပ်မစောင့်နိုင်အောင် ဖြစ်သွားတော့သည်။
“ အဲလိုပြောမှ သူတို့ မိသားစုကြောင့်သာ မဟုတ်ရင် ကိုယ်လည်း မင်းနဲ့တွေ့မှာမဟုတ်ဘူးနော်၊ သူတို့တွေက ကိုယ်တို့ရဲ့အောင်သွယ်တော်လို့ ပြောလို့ရတယ်၊ မင်းလည်း ဒီမြို့မှာ လူအများကြီးနဲ့ မခင်ဘူးဆိုတော့ သူတို့နဲ့ အပြန်အလှန်ဆက်ဆံသင့်တယ်”
ဝေ့ခမ်းဖျင်က ပြောလိုက်၏။
“အင်း”
အမျိုးသမီးလျိုကလည်း ထိုသို့ရည်ရွယ်ထားသည်။
“ မင်း သူတို့အိမ်ကို ဘယ်တော့သွားလည်မှာလဲ၊ သူတို့အတွက် မြို့က ထူးထူးခြားခြားပစ္စည်းလေးတွေ ယူသွားပေးလိုက်လေ”
ဝေ့ခမ်းဖျင်က မေးလိုက်လေတော့သည်။
…