အပိုင်း ( ၃၄)
အမှန်တွင်တော့ သူသည် မြို့တော်မှ မြန်မြန်ထွက်ခွာဖို့ရာ မဖြစ်နိုင်ပေ။ မင်းကြီးက ရှန်ဖုန်းမင်ကို ပြန်ဆင့်ခေါ်ရသည့်အကြောင်းအရင်းမှာ ကိုင်တွယ်ရန် ခက်ခဲသည့်အမှုတစ်ခု ရှိနေသောကြောင့်ပင်။
ထိုစကားကို ကြားလိုက်ရပြီးနောက် ယန်ရှန့်သည် နေရာတွင်ပင် အေးခဲသွားတော့သည်။
သို့သော် မကြာလိုက်ပေ။ သူက ထပ်မေးလိုက်၏။
“ ဒီကိစ္စပြီးသွားရင်တော့ ငါတို့တွေ မြို့တော်ကနေ ထွက်လို့ရမယ်မလား”
တကယ်တော့ သူ မြို့တော်မှာ ထပ်မနေချင်တော့ဘူးလေ။ အိမ်က မိန်းကလေးအားလုံးကလည်း ကောင်းကြပါတယ်။ ဒါပေမဲ့ အုပ်စုလိုက် အတူတူရှိနေတဲ့အချိန်ဆိုရင် သူ့မှာ အရမ်းခေါင်းကိုက်ရတယ်။
ပြီးတော့ သူ့အမေအိုကြီးကလည်း…..
အဓိကကတော့ အဲဒီဝက်အူချောင်းတွေကို မနေ့က တစ်နပ်ထဲနဲ့ စားလို့ကုန်သွားလို့လေ။ ပြီးတော့ သူ့မှာ နည်းနည်းလေးတောင် မစားလိုက်ရဘူး၊ ဘယ်တော့မှာ အဲဒီအရသာရှိတဲ့ အစားအသောက်ကို ပြန်စားရပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုမှာ နေနိုင်မှာလဲ။
“ ထင်တာပဲ”
မရေမရာဖြင့် ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။ အကြောင်းပြချက်ပေါ် မူတည်လေသည်။ အမှုကို ဖြေရှင်းပြီးခဲ့လျှင်တောင် သူတို့သည် မြို့တော်မှ ချက်ချင်း ထွက်လာနိုင်လိမ့်မည်မဟုတ်ပေ။
“ဒါဆိုလည်း မြန်မြန်ရှင်းကွာ”
အမှုပြီးလျှင် ထွက်ခွာနိုင်မည့်အကြောင်း အတည်ပြုပြီးနောက်တွင် ယန်ရှန့်က ချက်ချင်းထရပ်လိုက်ပြီး သူ့ခေါင်းကို ပွတ်လိုက်တော့သည်။
ရက်အနည်းကြာပြီးနောက် ကျန်းယွင်ကျူး၏ထမင်းဘူးလုပ်ငန်းသည် အခြေကျလာတော့သည်။ အခုတော့ သူတို့တွေ တစ်နေ့လျှင် ၅လျန်ထက်ပိုပြီး ရှာနိုင်လာခဲ့သည်။ ဒါသည် ကျန်းချိန်၏ လစဥ်လုပ်အားခတန်ဖိုး ဖြစ်လေသည်။
မနေ့က သူမသည် ထိုကိစ္စကို ကျန်းချိန်နှင့် တိုင်ပင်ခဲ့ပြီးပြီ။ သည်နေ့တွင်တော့ သူသည် မိုင်းတွင်းအလုပ်နားမည့်ကိစ္စကို တင်ပြလိမ့်မည်။ ထို့နောက် သူသည် ရွှီချင်ရှန့်နောက် ကိုယ်တိုင်လိုက်သွားပြီး ဝူလင်မြို့ရှိ လမ်းအခြေအနေများကို လိုက်ကြည့်ရမည်။ ရက်အနည်းငယ်စောင့်ပြီး ငွေတချို့စုဆောင်းပြီးလျှင် အငှားလိုက်ရန်အတွင် မြည်းလှည်းတစ်စီး ဝယ်ရမည်။
ကျန်းချိန်သည် အိပ်မက်တစ်ခုလို ခံစားနေရဆဲပင်။ မကြာမီတွင် သူ့ကိုယ်ပိုင်မြည်းလှည်းတစ်စီး ပိုင်ဆိုင်နိုင်တော့မည်ဟု လုံးဝမျှော်လင့်မထားခဲ့ဖူးချေ။
အရပ်မြင့်မြင့်နှင့်လူက ကျန်းယွင်ကျူးကို ကြည့်ပြီး ဘာပြောရမည်မသိဖြစ်နေလေသည်။ ကျေးဇူးတင်စကား ပြောရမည်လား။ သူတို့သည် မိသားစုဖြစ်လေရာ မလိုအပ်ပေ။
နောက်ဆုံးတွင် သူက သူမကို စောစောအိပ်ရာဝင်ဖို့ပြောလိုက်ပြီး နောက်ပိုင်း ပြဿနာတစ်စုံတစ်ရာ ရှိလာခဲ့လျှင် သူက ဖြေရှင်းမည်ဟုသာ ပြောလိုက်လေသည်။
ကျန်းယွင်ကျူးက ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
လွန်ခဲ့သည့်နှစ်ရက်က ကျန်းယွင်ကျူးသည် ကျန်းယွင်ရွှယ်ကို စာရင်းမှတ်ခိုင်း ကြည့်ခဲ့သည်။ ကျန်းယွင်ရွှယ်သည် အမှန်ပင် အရည်အချင်းရှိသည်။ သည်ရက်ပိုင်းတွင် သူမသည် သည်စကားလုံးများကို အကုန်နီးပါး ကျက်မှတ်ခဲ့သည်။ သူမ မမှတ်မိလည်းတော့ ကိစ္စမရှိပေ။ အစားအသောက်နာမည်များ ဖြစ်သောကြောင့်ပင်။ ကျန်းယွင်ကျူးက ဘယ်စကားလုံးက ဘာမှန်းသိပါသည်။
ကျန်းယွင်ရွှယ်က ဒီအလုပ်ကို သဘောကျလေသည်။ စုတ်တံတစ်ချောင်းနှင့် စာရွက်ကိုင်ထားသည်မှာ ပညာသင်တစ်ယောက်နှယ်ပင်။
ဒီနေ့ ကျန်းယွင်ရွှယ်က ပထမဆုံးအကြိမ် စျေးသို့တစ်ယောက်ထဲသွားပြီး အမှာစာများကို ကောက်ယူခဲ့သည်။ အမျိုးသမီးချန်က စိတ်ပူသဖြင့် ကျန်းလင်ကို သူမနှင့်အတူဆွဲထည့်ပေးလိုက်သည်။
ကျန်းယွင်ကျူးကတော့ ပြဿနာမရှိမှန်းသိသည်။ အရာရာတိုင်းတွင် ပထမဆုံးအကြိမ်က ရှိစမြဲပင်။ သူမ အမှားလုပ်ခဲ့လည်း အရေးမကြီးပေ။ နောက်တစ်ကြိမ်မဖြစ်အောင် သင်ယူလိုက်ရုံသာ။
သက်သောင့်သက်သာဖြင့် သူမက ပျင်းရိကာတစ်မှေးအိပ်လိုက်တော့သည်။
ငှက်များက ပြတင်းပေါက်အပြင်ဘက်တွင် တကျီကျီမြည်နေကြသည်။ သူမသည် တဖက်သို့လှည့်လိုက်ပြီး ထထိုင်လေသည်။ သူမ စျေးသွားစရာမလိုဘူးလေ။ ဒီချက်ရမဲ့ အစားအသောက်တွေကို မနေ့ကတည်းက ပြင်ဆင်ထားပြီးသား။ သူမအတွက် အားလပ်နေတာ ရှားရှားပါးပါး အခွင့်အရေးပဲ။
လွန်ခဲ့သည့်နှစ်ရက်က တစ်ခုခုစားချင်သော်လည်း လုပ်ဖို့ရာအခွင့်အရေးမရခဲ့သည်ကို သတိရသွားပြီး သည်နေ့ လုပ်စရာမရှိသဖြင့် သည်နေ့လုပ်နိုင်လေသည်။
သူမသည် မီးဖိုဆောင်ထဲတွင် အလုပ်များနေတော့သည်။
ပဲတီစိမ်းနှင့် နှံစားပြောင်းတို့ကို အမှုန်းဖြစ်အောင် ကျိတ်လိုက်ပြီး ဂျုံချောကို အချိုးကျ ထည့်လိုက်ပြီးနောက် ရေထည့်ကာ မုန့်နှစ်ပျစ်ပျစ်လေးရအောင် မွှေလိုက်လေသည်။
တစ်ဖက်တွင် ကြက်ဥနှင့် ဂျုံများကို သုံးပြီး ဂျုံးလုံးလေးများ ဖြစ်အောင်လုပ်ကာ သူတို့ကို အချပ်ပါးပါးလေးဖြစ်အောင် လှိမ့်လိုက်ပြီး ဆီအိုးထဲတွင် ရွှေရောင်သန်းကာ ကျွတ်ရွလာသည့်အထိ နှစ်ကာကြော်လိုက်သည်။ ထို့နောက် သူတို့ကို ဘေးတွင်ဖယ်ထားလိုက်သည်။
ထို့နောက် နောက်ဆုံးအဆင့်ရောက်လာခဲ့သည်။ အိုးပေါ်တွင် ဆီအနည်းငယ်သုတ်လိမ်းလိုက်ပြီး အိုးပေါ်တွင် မုန့်နှစ်ကို အလွှာပါးပါးလေးတစ်ခုဖြစ်အောင် ဖြန့်လိုက်ပြီးနောက် အပေါ်တွင် ကြက်ဥတစ်လုံးကို ခွဲထည့်လိုက်သည်။ ကြက်ဥ ခဲခါနီးတွင် တစ်ချပ်လုံးကို ဖက်လှည့်လိုက်ပြီး ဆော့နှစ်သုတ်လိုက်ပြီးနောက် အပေါ်က ကြွပ်ကြွပ်ကြော်ထားသည့် အကြော်အမှုန့်များကို တင်လိုက်သည်။ ကြက်သွန်မြိတ်နှင့် နံနံပင်တို့ကို ဖြူးလိုက်သည်။ အချပ်ကို လိပ်လိုက်ပြီး အိုးပေါ်က ချကာ စားနိုင်ပြီဖြစ်သည်။
ဟုတ်ပါသည်။ ကျန်းယွင်ကျူးက တရုတ်ခေါက်မုန့် လုပ်ခဲ့ခြင်းပင်။
ခေတ်သစ်ခေါက်မုန့်နှင့် ယှဥ်လျှင် လုပ်နည်းပုံစံ အမျိုးမျိုးရှိသည်။ ဥပမာ သူမသုံးခဲ့သည့် ဒယ်အိုးသည့် အပြားမဟုတ်ပေ။ သူမလုပ်ထားသည့် မှုန့်အကြွပ်ကြော်ကလည်း တော်သင့်အောင် ပါးမနေချေ။ သို့တိုင် ခြုံကြလိုက်လျှင်တော့ ခေါက်မုန့်တစ်ခု ဖြစ်နေဆဲပင်။ သူမ၏တောင့်တမှုကို ဖြေသိမ့်ရန် လုံလောက်ပေသည်။
ကျန်းယွင်ကျူးက ပထမဆုံးခေါက်မုန့်ကို အဘိုးချန်အား ပေးလိုက်ပြီး ၊ ဒုတိယတစ်ခုကို ကျန်းဝူအား ပေးလိုက်ကာ နောက်ဆုံးတစ်ခုကို သူမက စားလိုက်သည်။
ပြီးခဲ့သည့်ရက်အနည်းငယ် ငွေအများကြီးရှာနိုင်ခဲ့သည်။ ကျန်းမိသားစု၏လူနေမှုအဆင့်အတန်းသည် မျဥ်းဖြောင့်အတိုင်း တက်လာခဲ့သည်။ အမျိုးသမီးချန်သည် မြည်းဝယ်ရန် ငွေစုဖို့ စဥ်းစားပြီး အားလုံးကို ငွေမလိုဘဲ မသုံးဖို့ တားမြစ်ထားသော်လည်း အစားအသောက်အတွက်တော့ ခွင့်ပြုထားပေးသည်။
အိုးပေါ်မှ ချလာသဖြင့် ခေါက်မှုန့်များက လတ်ဆတ်နေသည်။ မုန့်သားက ပျော့ပြောင်းပြီး ဖြူနေသော်လည်း မစေးကပ်နေချေ။ ကြက်ဥနံ့တစ်မျိုးကလည်း ထွက်နေသည်။ မုန့်ကြွပ်ကြော်နှင့် ဆော့ကို တွဲစားလိုက်သောအခါ အမှန်ပင် အရသာရှိလှပေသည်။
“ အရသာရှိတယ်၊ ဒါပေမဲ့ ဒါက အရမ်းဗာဟီရများတယ်” အဘိုးချန်က ခေါက်မုန့်ကို ကိုင်ရင်း သက်ပြင်းချကာ ပြောလိုက်လေသည်။
ကျန်းယွင်ကျူး တစ်မနက်လုံး အလုပ်များနေတာ ဒီခေါက်မုန့်သုံးခုလေး အတွက်တဲ့လား။
သူ့သဘောကတော့ မနက်စာအတွက် စွပ်ပြုတ်နဲ့ပန်ကိတ်စားရင် ရပါပြီ။
ကျန်းဝူမှာ စားသောက်နေရသဖြင့် အလုပ်ရှုပ်နေပြီး စကားပြောဖို့ရာ အချိန်မရှိပေ။
ကျန်းယွင်ကျူးက ပြုံးလိုက်၏။ နောက်ဆုံး တစ်ကိုက်စားဖို့အတွက်တင် မဟုတ်ဘူးလေ။ ဒါကို လုပ်နေတုန်း ပျော်ရတဲ့အချိန်တွေလည်း ပါတာပေါ့။ ခေတ်သစ်မှာလိုပေါ့။ လူတွေက လျန်ပီ(ခေါက်ဆွဲတစ်မျိုး)ကို ကိုယ်တိုင် လုပ်စားနေကြတုန်းပဲလေ။ အဲဒါလုပ်ဖို့က ဗာဟီရများပြီး မအောင်မြင်ဖို့ကလည်း လွယ်တယ်။ ဒါတောင် သူတို့ကို ပျော်ပျော်ပါးပါး လုပ်စားကြတုန်းလေ။
တစ်စုံတစ်ယောက်က အရသာရှိတာတွေ လုပ်ပြီးရင် အောင်မြင်ပြီးမြောက်တဲ့ ခံစားချက်က ပိုကြီးထွားလာတယ်။
ပြီးတော့ သူမသည် ခေါက်မုန့်ကို စားချင်ရုံသက်သက်ပါ။ ဒါကို စားနိုင်တာကပဲ ပျော်ရွှင်မှုတစ်မျိုးပဲ မလား။
“ ကြည့်ရတာ သမီးက အချက်အပြုတ်ကို တကယ်သဘောကျတဲ့ပုံပဲ”
အဘိုးချန်က ထိုသို့သာပြောနိုင်တော့သည်။
အချက်အပြုတ်ကို သဘောကျတာလား။ ခေါက်မုန့်ကို ဝါးရင်း ကျန်းယွင်ကျူးသည် သူမ၏ ငယ်ဘဝကို ပြန်သတိရသွားတော့သည်။ အမေက သူမကို ချက်ပြုတ်တတ်အောင်ဆိုပြီး ကူညီခိုင်းတတ်တယ်။ ဒါပေမဲ့ အဲဒီတုန်းက သူမက အမြဲငြင်းခဲ့တာချည်းပဲ။
သူမ စဥ်းစားခဲ့တာကလေ။ သူမက အချက်အပြုတ်ကို သင်ယူပြီး တခြားသူအတွက် ဘာလို့ ချက်ပြုတ်ပေးရမှာလဲလို့ပေါ့။ တခြားသူတွေက အချက်အပြုတ်သင်ပြီး ဘာလို့ သူမကို မချက်ကျွေးတာလဲပေါ့။
နောက်ပိုင်း ကြီးလာမှ တခြားသူတွေကို လုပ်ခိုင်းတာထက် ကိုယ်တိုင်လုပ်လိုက်တာက ပိုကောင်းမှန်း သိလာခဲ့တယ်။ ကိုယ်တိုင်လုပ်တာက အန္တရာယ်အကင်းဆုံးရွေးချယ်မှုပဲလေ။
အခုလိုပေါ့။ သူမ ဒီချက်ပြုတ်နည်းတွေသိတယ်။ သူမ ဘယ်ကိုရောက်ရောက်၊ ဘာပဲစားချင်ချင် စိတ်ထဲက သွားရေကျနေမဲ့အစား ကိုယ်တိုင်လုပ်စားနိုင်တယ်လေ။
ကျန်းယွင်ကျူးသည် ခေါက်မုန့်ကို ပျော်ပျော်ရွှင်ရွှင် စားနေလေသည်။ သည်အခိုက်တွင် အမျိုးသမီးချန်က စိတ်ဆိုးမာန်ဆိုးမျက်နှာဖြင့် ကျန်းယွင်ရွှယ်နှင့် ကျန်းလင်တို့နောက်က လိုက်ဝင်လာခဲ့သည်။
“ အမေ ခေါက်မုန့်စားအုံး၊ သမီး အမေတို့အတွက် လုပ်ထားပေးတာ”
ကျန်းယွင်ကျူးက နောက်ကျန်သည့် ခေါက်မုန့်ကို ပါးစပ်ထဲထည့်လိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။
သည်အချိန်တွင် အမျိုးသမီးချန်သည် ခေါက်မုန့်စားဖို့ စိတ်မပါချေ။ သူမကို နဂါးအသဲနှင့် ဇာမဏီခြင်ဆီပေးလျှင်တောင် သူမ မျိုချနိုင်မည်မဟုတ်ပေ။
“ဘာလဲ၊ တစ်ခုခုဖြစ်လို့လား” ကျန်းယွင်ကျူးက မေးလိုက်သည်။
အမျိုးသမီးချန်က အံကြိတ်လိုက်ပြီး
“ ဒီနေ့ စျေးထဲမှာ ထမင်းဘူးရောင်းတဲ့သူနှစ်ယောက် ထပ်တိုးလာတယ်လေ၊ အမေတို့လိုပဲ၊ အစားအသောက်မှာလို့ရတယ်၊ သူတို့ကလည်း ဝက်သားနီထမင်း၊ ကြက်သားထမင်း နဲ့ ပဲနှစ်အသားလုံးထမင်း ရောင်းတာတဲ့”
ခဏလောက် ငြိမ်သက်သွားပြီးနောက် သူမက ကျန်းယွင်ကျူးကို ကြည့်ကော ပြောလိုက်လေသည်။
“ ရောင်းစျေးကလည်း အမေတို့ထက် စျေးသက်သာတယ်”
သူမသည် စကားပြောပြီးနောက်တွင် ဒေါသထွက်ရမည်လား စိတ်ပူရမည်လား မသိဖြစ်သွားတော့သည်။ သူမ၏လက်တို့က မသိမသာတုန်ယင်နေလေသည်။
ကျန်းမိသားစုသည် သည်လိုအကျိုးအမြတ်များသည့် လုပ်ငန်းတစ်ခု ပိုင်ဆိုင်ထားခဲ့သည်။ အမျိူးသမီးချန်က နေ့တိုင်း ရွှေတုံးလေးတစ်ခုလို အမြတ်တနိုးနှင့် အရိပ်တကြည့်ကြည့် စောင့်ကြည့်လာခဲ့ရသည်။ ဒုတိယအကြိမ်ကြည့်လာသည့် မည်သူ့ကိုမဆို သူမဆီက လုသွားတော့မည့်နှယ် မြင်နေတတ်သည်။
အခုတော့ ရုတ်တရက်ဆိုသလို သူမ၏လုပ်ငန်းကို လုယူမည့်သူနှစ်ယောက် ပေါ်လာရာ သူမသည် ထိတ်လန့် ဒေါသထွက်ရတော့သည်။ ထို့အပြင် အနည်းငယ် စိတ်ပျက်မိလေသည်။
ကျန်းယွင်ကျူးကတော့ မအံ့ဩချေ။ လူတစ်ယောက် ထမင်းဘူးလုပ်ငန်း လုပ်နေလျှင် ဒါကိုမြင်ပြီးနောက်ပိုင်း နောက်လူကလည်း သိသွားလိမ့်မည်။ ထို့အပြင် ဝက်သားကင်ထမင်းကလည်း အမှန်ပင် အလွန်နာမည်ကြီးလေသည်။
ထို့အပြင် မိုင်းတွင်းထဲတွင် လူများစွာရှိသည်။ သူတို့ကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ဖို့က မဖြစ်နိုင်ပေ။
သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဟင်းလျာအရည်အသွေးကို သေချာလုပ်ပေးပြီး ဟင်းလျာအသစ်များ ထုတ်နေဖို့ပင်။
ထိုအတွေးဖြင့် သူမသည် လွန်ခဲ့သည့်ရက်အနည်းငယ်ကို သတိပြန်ရသွားတော့သည်။ သူမရဲ့အထူးနေ့လယ်စာ ထမင်းဘူးက အဆင်သင့်ဖြစ်သင့်ပြီးမလား။
“ယွင်ကျူး အမေတို့ဘာလုပ်ကြမလဲ”
အမျိုးသမီးချန်က မေးလိုက်၏။ တခြားသူတွေက စျေးပေါပေါနဲ့ ရောင်းနေတာလေ။ ဒီနေ့ သူတို့ဆီက မှာတဲ့လူအရေအတွက်ကလည်း ၃၀ရာခိုင်နှုန်းလောက် သိသိသာသာကျသွားတယ်။
“ သမီးမြို့ပေါ်တက်ပြီး တစ်ချက်သွားကြည့်လိုက်အုံးမယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။
“ အမေ သမီးနဲ့ လိုက်ခဲ့ဖို့လိုသေးလား၊ အမေ သမီးကို ကူညီနိုင်ပါတယ်” အမျိုးသမီးချန်က မေးလိုက်၏။
“အမေ မနက်စာ မစားရသေးဘူးလေ၊ အရင် စားလိုက်အုံး”
အမျိုးသမီးချန်မှာ မစားနိုင်ပေ။ သို့သော် ကျန်းယွင်ကျူးကို စိတ်မကောင်းဖြစ်မည်စိုးသဖြင့် အင်တင်တင်နှင့် ပြောလိုက်တော့သည်။
“ အင်းပါ”
ကျန်းယွင်ကျူးက ဝမ်သဲ့ကို သွားတွေ့ရန် မြို့တက်လာခဲ့လေသည်။
သူမသည် ဝမ်သဲ့ ဆိုင်ခင်းသည့်နေရာသို့ရောက်ချိန်တွင် ဘယ်သူမှ မရှိဖြစ်နေသည်။
သူ ဒီနေ့ ဆိုင်လာမခင်းဘူးလား။ ကျန်းယွင်ကျူးမှာ ဇဝေဇဝါဖြစ်သွားတော့သည်။ ဝမ်သဲ့၏နာမည်သာ သိထားသဖြင့် သူမက တစ်ယောက်ယောက် မေးပြီး သူ့အိမ်အထိ သွားရှာရကောင်းမလားဟု တွေဝေနေမိသည်။
သည်အခိုက်တွင် ဝမ်သဲ့က ရောက်လာလေသည်။
“မိန်းကလေး ကျွန်တော် အခုပဲ မင်းကို လာရှာတာ၊ မင်းလိုချင်တာတွေ ကျွန်တော်လုပ်ပြီးသွားပြီ”
ကျန်းယွင်ကျူး၏မျက်လုံးများသည် လင်းလက်သွားတော့သည်။
“ ကျွန်မ တစ်ချက်လောက် ကြည့်လို့ရမလား”
“ဒါပေါ့ ကျွန်တော့်နောက် လိုက်ခဲ့ပါ”
ကျန်းယွင်ကျူးက မြို့အနောက်ဘက်ရှိ ဝမ်သဲ့၏အိမ်သို့ လိုက်လာခဲ့သည်။ အခန်းသုံးခန်းပါပြီး တံခါးနှင့် နံရံကို ပြဒါးနီရောင်ဆေးသုတ်ထားသည့် အုတ်ကြွတ်မိုးအိမ်တစ်လုံးဖြစ်သည်။ တစ်အိမ်တည်းဆိုလျှင် ကြည့်လို့ကောင်းမည်။ သို့သော် နှစ်ဖက်လုံးတွင် အိမ်များနှင့် နံရံများက အသစ်ပြန်ဆောက်ထားပြီး သိသိသာသာ ပိုမြင့်နေသဖြင့် အလယ်တွင် ညပ်နေကာ အလွန်ကြပ်ညပ်နေသလို ဖြစ်နေလေသည်။
သူ့အခြေအနေကို သိနေသဖြင့် ဝမ်သဲ့က အောင့်သက်သက်ပြုံးလိုက်ပြီး ကျန်းယွင်ကျူးကို အထဲသို့ ဖိတ်လိုက်သည်။
တံခါးအဖွင့်တွင် အခန်းထဲက အမျိုးသမီးတစ်ယောက် ထွက်လာခဲ့သည်။ အမျိုးသမီးသည် ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားသည်။ ကျန်းယွင်ကျူးက ကိုယ်တိုင်လုပ်ထားသည့် နေ့လယ်စာ ထမင်းဘူးများကို လာယူသည်ဟု ကြားလိုက်ရသောအခါ သူမက ရောက်လာပြီး စကားတစ်ခွန်းနှစ်ခွန်း နှုတ်ဆက်လိုက်လေသည်။
ဝမ်မိသားစုသည် နေ့လယ်စာထမင်းဘူးတစ်သုတ်ကို လုပ်ပြီး ငွေတချို့ရှာနိုင်ခဲ့သည့် အချက်ကို ချန်လှပ်ထားလျှင် အကြိမ်ကြိမ် နားချခဲ့ပြီးနောက်တွင် ဝမ်သဲ့ မိုင်းတွင်းသို့သွားမည့်အစီအစဥ်သည် နှောင့်နှေးသွားတော့သည်။ သူ့ကို နောက်တစ်ကြိမ် နားချရန် အချိန်အကြာအကြီး ယူရအုံးမည်။ ထို့ကြောင့် ထိုအမျိုးသမီးက ကျန်းယွင်ကျူးကို သိပ်ပြီး ဖော်ဖော်ရွေရွေ မရှိပေ။
“ သူက အဲလိုပဲ၊ သူ့ကို စိတ်ထဲမထားနဲ့”
ဝမ်သဲ့က ကျန်းယွင်ကျူး စိတ်ဆိုးသွားမည်စိုးသဖြင့် မြန်မြန်ရှင်းပြလိုက်၏။
ကျန်းယွင်ကျူးက စိတ်ထဲမရှိပေ။ သူမသည် သူမ၏နေ့လယ်စာထမင်းဘူးကို ကြည့်ချင်ရုံသာ။
ဝမ်သဲ့က ခြံအနောက်သို့သွားလိုက်ပြီး နေ့လယ်စာထမင်းဘူးတစ်ခုကို ထုတ်လာကာ သူမကို လှမ်းပေးလိုက်လေသည်။
ကျန်းယွင်ကျူး၏ မျက်လုံးမှာ လင်းလက်သွားတော့သည်။ ဟုတ်တယ်။ ဒီနေ့လယ်စာထမင်းဘူးနဲ့ လုပ်ရမယ်။
“သူဌေးက လက်ရာက တကယ်အံ့ဩစရာကောင်းတာပဲ”
သူမက ချီးကျူးလိုက်သည်။ သည်နေ့လယ်စာထမင်းဘူးက သူမ စိတ်ကူးထားသည်ထက် ပိုကောင်းနေသည်။
ဝမ်သဲ့က စိတ်ရင်းနှင့် ပြုံးနေလိုက်သည်။ သူလုပ်ထားသည့် ပစ္စည်းကို တခြားသူများက ကြိုက်သည်ထက် ပိုပြီးကျေနပ်စရာကောင်းသည့်အရာ မရှိပေ။
ချက်ချင်းပင် ကျန်းယွင်ကျူးက ငွေချေလိုက်ပြီး မြည်းလှည်းတစ်စီးငှားကာ ထိုနေ့လယ်စာ ထမင်းဘူးများနှင့် အိမ်ပြန်လာခဲ့တော့သည်။
…
အခန်း (၃၄.၂)
သူမသည် နေ့လယ်ပိုင်းတွင် မြို့တက်ပြီး ပစ္စည်းဝယ်ချိန်တွင်တော့ အစားအသောက်စာရင်းကို ပြန်ညှိလိုက်လေသည်။
နောက်တစ်နေ့တွင် ကျန်းယွင်ကျူးက အမှာစာများကို လက်ခံရန် ဆိုင်ဖွင့်ဖို့ရာ စျေးထဲသို့ ကိုယ်တိုင်သွားလိုက်တော့သည်။
“သူဌေး ကျွန်တော် ဝက်ကင်ထမင်းတစ်ပွဲ မှာချင်တယ်” ပုံမှန်စားသုံးသူတစ်ယောက်က ပြောလိုက်၏။
“အားပါတယ်ရှင်၊ ကျွန်မတို့ ဒီနေ့ ဝက်ကင်ထမင်း မရောင်းပါဘူး၊ ကျွန်မတို့ ထမင်းဟင်းအစုံ ရောင်းမှာပါ”
ကျန်းယွင်ကျူးက အပြုံးတစ်ခုနှင့် ပြောလိုက်၏။ ဧည့်သည်က မမေးရသေးခင်မှာပင် သူမက စတင်ရှင်းပြလိုက်လေသည်။
“ ထမင်းဟင်းအစုံမှာ၊ ထမင်းတစ်ပွဲ နဲ့ ရှင်ရွေးထားတဲ့ ဟင်းတွေပါမှာပါ”
သူမသည် ပြောရင်းဆိုရင် စားပွဲအောက်က အဖြူရောင်ကြွေထည်နေ့လယ်စာထမင်းဘူးကိုထုတ်ကာ ဖွင့်ပြလိုက်သည်။ အထဲတွင် နှစ်ထပ်ပါသည်။ ပထမတစ်ထပ်ကို လေးခန်းခွဲထားပြီး အောက်တစ်ထပ်ကိုတော့ အခန်းမခွဲထားပေ။
နေ့လယ်စာထမင်းဘူးကို ညွှန်ပြလိုက်ပြီး သူမက ရှင်းပြလိုက်သည်။
“ ထမင်းကို ဒီမှာထည့်ပြီး ဟင်းတွေကိုတော့ အပေါ်မှာထည့်ပေးမှာပါ၊ ဒီနေ့ဟင်းလျာထဲမှာ ဝက်သားပြုတ်၊ ဝက်သားနီချက်၊ ကြက်အစပ်နဲ့ ဆော့နှစ်ဆန်းထားတဲ့ ဆာတေးအသားလုံး….” စုစုပေါင်း အသားနှင့် အသီးအရွက်ဟင်းလျာ ဆယ်မျိုးရှိသည်။
“ ရွေးစရာ ဆယ်မျိုးရှိပါတယ်၊ အသီးအရွက်ဟင်းအားလုံးက တစ်ပွဲ ၁၀ ဝမ်၊ အသားတစ်မျိုးနဲ့ အသီးအရွက်တစ်မျိုး တစ်ပွဲ ၁၂ ဝမ်၊ အသားနှစ်မျိုး အသီးအရွက်နှစ်မျိုး တစ်ပွဲ ၁၄ ဝမ်၊ အသားသုံးမျိုးနဲ့ အသီးအရွက်တစ်မျိုး တစ်ပွဲ ၁၆ဝမ်ပါ၊ အသားအားလုံးဆိုရင်တော့ တစ်ပွဲ ၁၈ ဝမ်ပါ”
အားလုံးက သူမ ထုတ်လာသည့် နေ့လယ်စာထမင်းဘူးကို မြင်လိုက်ကာ အသစ်အဆန်း ဖြစ်သွားတော့သည်။ နှင်းဖြူရောင်နေ့လယ်စားထမင်းဘူးအဝိုင်း၏ အဖုံးပေါ်တွင် တုံအိအိရွှန်းစိုနေသည့် ဝက်သားကင်နှစ်တုံးပုံကို ရေးဆွဲထားသည်။ အနှစ်က တစ်စက်စက်ကျနေ၏။ ကျန်းယွင်ကျူး၏ လျှို့ဝှက်ဟင်းအမယ် ဝက်သားနီပုံစံနှင့် တစ်ထပ်တည်းပင်။ ကြည့်ရင်းနှင့်ပင် လူများကို သွားရေကျလာစေတော့သည်။
ဝက်သားကင်ဘေးတွင် “ကျန်းကျီ” ဟူသည့် စားလုံးရေးထိုးထားလေသည်။
သူမ၏ ထမင်းဘူးမှာနည်းကို ကြားလိုက်ရပြီးနောက် အားလုံးက ချက်ချင်းစိတ်ဝင်စားသွားကြသည်။ အမြဲတမ်း ဝက်သားကင်ထမင်းနဲ့ ကြက်ထမင်းပဲ စားနေရတာလေ။ သူတို့လည်း စားရတာ ငြီးငွေ့ပြီး ကျန်းယွင်ကျူးဆီက မွှေကြော်လေးတစ်ခုကို မှာချင်နေတာမလား။ နောက်ဆုံး မွှေကြော်လေးတစ်ပွဲကလည်း စျေးကြီးတယ်လေ။ အခုတော့ သူတို့တွေ ထမင်းတစ်နပ်မှာရုံနဲ့ ဟင်းလေးမျိုး ရနိုင်မှာမလား။
ဝက်သားပြုတ်ကလည်း ရှိသေးတယ်။ သူတို့တွေ အစောကြီးကတည်းက ကြားခဲ့ဖူးတယ်လေ။ ကျန်းယွင်ကျူးလုပ်ထားတဲ့ အသားပြုတ်က အကောင်းဆုံးပဲတဲ့။ ဒါပေမဲ့ သူတို့တွေက စားကြည့်ဖို့ အခွင့်အရေးတစ်ခုမှ မရခဲ့ဘူး။
ဒါက အံ့ဩစရာပဲ။
“သူဌေး ကျွန်တော့်ကို တစ်ပွဲပေးပါ၊ ကျွန်တော် အသားလေးမျိုးနဲ့ယူမယ်၊ ကျွန်တော်က အသားပြုတ်၊ အနှစ်ဆန်းထားတဲ့ ဆာတေးအသားလုံး၊ အသဲကြော် နဲ့ ဝက်ချိုချဥ်”
“သူဌေး ကျွန်တော်လည်း အဲဒါယူမယ်”
“ကျွန်တော်ရောပဲ”
ချက်ချင်းဆိုသလိုပင် လူများအကြီးက မှာစားချင်ကြလေသည်။
ကျန်းယွင်ကျူးက ဆက်ပြောလိုက်၏။
“ အားလုံးတစ်ခုကြိုပြီး ပြောစရာလေး ရှိပါတယ်၊ ရှင်တို့တွေ ဒီထမင်းဟင်းအစုံကို မှာမယ်ဆိုရင် စရံငွေ ၇ ဝမ် ပေးထားရပါမယ်၊ ဒါက နေ့လယ်စာထမင်းဘူးအတွက် ငွေပါ၊ အားလုံးပဲ စိတ်မပူပါနဲ့နော်၊ ရှင်တို့တွေ ညနေပိုင်း ဖြစ်ဖြစ် အချိန်မရွေး ထမင်းဘူးပြန်လာပေးရင် စရံကို ရှင်တို့ကို ချက်ချင်းပြန်အမ်းပေးမှာပါ”
စရံငွေ လိုသေးတာလား။ သို့သော်ငြား အားလုံးက နှင်းလိုဖြူနေသည့် ထမင်းဘူးကို ကြည့်လိုက်ချိန်တွင် တစ်ယောက်ယောက်ကတော့ စားသောက်ပြီးလျှင် သည်လိုလှပသည့် ထမင်းဘူးကို ပြန်ပေးချင်မှာ မဟုတ်မှန်း နားလည်သွားတော့သည်။ ဒါဆိုရင်တော့ ဒီမိန်းကလေးက ရှုံးတော့မှာမလား။
သည်လိုစဥ်းစားလိုက်ပြီးနောက်တွင် သည်နေ့လယ်စားထမင်ဘူးက အမှန်ပင် ကောင်းမွန်ကြောင်း ရုတ်တရက် ခံစားလိုက်ရတော့သည်။ သူတို့သည် နောက်ပိုင်း ထမင်းဘူးမှာလျှင် အများကြီး အဆင်ပြေသွားလိမ့်မည်။
“ ကောင်းပါပြီ၊ ဒီမှာ စရံငွေပါ၊ ဒါက အစားအသောက်ဖိုး၊ သူဌေး ကျွန်တော် ခုနက မှာလိုက်တဲ့ ထမင်းဘူးက….”
မကြာခင်မှာပင် အားလုံးက စရံငွေပေးရမည်ကို လက်ခံလိုက်ပြီး ကျန်းယွင်ကျူးဆီတွင် အစားအသောက်မှာ ဆက်မှာလိုက်ကြလေသည်။
ကျန်းယွင်ကျူးက ငွေကို ယူလိုက်ပြီး စာရွက်ပိုင်းနှစ်ခုကို သူ့အား ပေးလိုက်လေသည်။ တစ်ခုမှာ နံပါတ်စဥ်ပါသည့် စရံငွေစာရွက်ဖြစ်သည်။ အချိန်တန်ပြီး ထမင်းဘူးနှင့် စာရွက် ပြန်လာပေးသည့်အခါ စရံငွေ အအမ်းပြန်ရလိမ့်မည်။ နောက်တစ်ခုမှာ နံပါတ်စဥ်တစ်ခုနှင့် နောက်ထပ် ဂဏန်းလေးလုံးပါပြီး သူတို့မှာထားသည့် ဟင်းပွဲအရည်အတွက်ဖြစ်လေသည်။
ဒါသည် ကျန်းယွင်ကျူး၏စိတ်ကူပင်။ ဟင်းပွဲများကို နံပါတ်စဥ်နှင့် အစားထိုးလိုက်သောအခါ ချရေးချိန်တွင် ပိုပြီးလွယ်ကူသွားလေသည်။
“ကျွန်တော်လည်း တစ်ပွဲမှာမယ်”
“ ကျွန်တော့်အတွက်လည်း တစ်ပွဲ”
သည်နေ့ ကျန်းယွင်ကျူးရွေးထားသည့် ဟင်းပွဲဆယ်မျိုးသည် မွှေကြော် အစားအသောက်စာရင်းထဲက အများဆုံးမှာတတ်သည့် ဟင်းများဖြစ်လေသည်။ ထိုဟင်းများသည်လည်း အားလုံးအကြိုက် ဟင်းပွဲများဖြစ်ကြသည်။ အားလုံးက ဟင်းနာမည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် တခြားနေရာတွင် ပိုစျေးသက်သာသည်ဟု ကြားကာ တခြားနေရာရင် သွားမှာမည့်သူများက သည်နေရာမှာပဲ ချက်ချင်းနေခဲ့လိုက်ပြီး ကျန်းယွင်ကျူးထံတွင် အစားအသောက်ဆက်မှာလိုက်ကြသည်။
ရုတ်တရက်ဆိုသလို လူများသည်အလျင်စလိုရောက်ချလာတော့သည်။
နောက်ဆုံးတွင် ဒုစစ်သူကြီးကျောက်နှင့် တခြားသူများပင် ထမင်းဟင်းတစ်စုံကို မှာဖို့ရန် ရွေးချယ်လိုက်ရတော့သည်။ နောက်ဆုံး ထမင်းဟင်းအစုံမှာလိုက်ခြင်းက တစ်ကြိမ်ထဲတွင် ဟင်းလေးမျိုးစားနိုင်သည့် အဓိပ္ပာယ်ပင်။ အလွန်မှ အသစ်အဆန်းဖြစ်လေသည်။
မနက်၇နာရီတွင် ကျန်းယွင်ကျူးက ဆိုင်ပိတ်လိုက်သည်။ သည်နေ့လုပ်ငန်းသည် ပုံမှန်ကောင်းနေခြင်း မဟုတ်ပေ။
“ယွင်ကျူး”
အမျိုးသမီးချန်က သူမကိုကြည့်လိုက်ပြီး ဘာပြောရမည်မသိဖြစ်သွားတော့သည်။ ကျန်းယွင်ကျူးက လှုပ်ရှားလိုက်လျှင် မဖြေရှင်းနိုင်သည့်ပြဿနာဟူ၍ အမှန်ပင်မရှိပေ။ မနေ့က မကောင်းခဲ့သည့် စီးပွားရေးသည် သည်နေ့တွင် ပိုလို့ပင် ကောင်းနေသေးသည်။
ကျန်းယွင်ကျူးက ပြုံးပြလိုက်သည်။ သည်နေ့ချက်ပြုတ်ရသည်က မနေ့ကထက်ပင် ပိုလွယ်ကူသေးသည်. နောက်ဆုံး သူမသည် ဟင်းဆယ်မျိုးသား ချက်ရန်လိုသည်။ သည်လို စဥ်းစားလိုက်သည်တွင် သည်မိုင်းတွင်း၌ ထမင်းဟင်းအစုံ ပြုလုပ်ပေးသည့် အမှန်ပင် သင့်တော်လေသည်။
ဒါပေါ့လေ။ အရေးအကြီးဆုံးက အရသာနဲ့ အရည်အသွေးကို ထိန်းထားဖို့ပဲ။ ပြီးတော့ ထမင်းဘူးကို ပြန်ယူပြန်လာရင် ဆေးကြောပြီး ရေနွေးနဲ့ပြုတ်ပြီးမှ ပြန်သုံးရမယ်။ ဒါမှ အစားအသောက်က ကျန်းမာရေးနဲ့ ညီညွှတ်မှာပေါ့။
နေ့လယ်ခင်းတွင် ကျန်းယွင်ကျူး၏ ထမင်းဟင်းအစုံက အားလုံး၏ပါးစပ်ဖျားတွင် အပြည့်အဝ ထောက်ခံချီးကျူးခံရလေသည်။
ညနေခင်းတွင် ကျန်းယွင်ကျူးက အစားအသောက်စာရင်းပြောင်းလိုက်သည်။ ထမင်းဟင်းအစုံ မှာစားသူ ပိုများလာခဲ့သည်။
နေ့တိုင်း ဟင်းအမည်ပြောင်းခြင်းက ဟင်းပွဲ၏လတ်ဆတ်မှုကို ထိန်းထားနိုင်သည်။ သူမ၏ လုပ်ငန်းကလည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။
သို့သော် နှစ်ရက်ကြာပြီးနောက် သူမသည် ပြဿနာတစ်ခု ရင်ဆိုင်ရတော့သည်။
“ အမေ သမီးတို့ရဲ့ ထမင်းဘူးတွေ ပိုပြီးနည်းလာသလိုပဲ”
လောက်တောင် မလောက်တော့သလောက်ပဲ။
“ အမေလည်း အဲဒါပြောမလို့ပဲ” အမျိုးသမီးချန်က ပြောလိုက်၏။
“ မမ ညီမလေး သိတယ်”
ကျန်းယွင်ရွှယ်က ကပ်ပြောလိုက်သည်။
“ဘာလဲဟင်” ကျန်းယွင်ကျူးက မေးလိုက်၏။
“ ညီမလေးတို့ရဲ့ထမင်ဘူးက အစားအသောက်ဝယ်ပြီး သယ်လို့အဆင်ပြေတယ်တဲ့၊ လူအများကြီးက သမီးကို စရံစာရွက်တွေ တန်းလာပေးကြပြီး သူတို့က ထမင်းဘူးကို ဝယ်လိုက်ပြီလို့ပြောတယ်”
ကျန်းယွင်ရွှယ်သည် ပြီးခဲ့သည့်နှစ်ရက်အတွက် အမှာစာယူခြင်းနှင့် စာရင်းမှတ်ခြင်း တာဝန်ယူပေးခဲ့ရာ ထိုအကြောင်းကို သိခဲ့ရသည်။
ကျန်းယွင်ကျူးမှာ သည်လိုဖြစ်လာမည်ဟု မျှော်လင့်မထားသဖြင့် အနည်းငယ် ဆွံ့အသွားတော့သည်။ ဘာလို့များ ထမင်းဘူးကို အစားတစ်နပ်နဲ့ ဝယ်ရတဲ့ကိစ္စဖြစ်သွားတာလဲ။
ထမင်းဘူးတစ်ခုကို ၇ ဝမ်။ သူမက ငွေနည်းနည်းပိုရလိုက်တယ်ဆိုပေမဲ့ သူမက ထမင်းဘူးရောင်းတာ မဟုတ်ဘူးလေ။
ကြည့်ရတာ မြို့တက်ပြီး ထမင်းဘူးနောက်တစ်သုတ် မြန်မြန်ထပ်မှာရတော့မှာပဲ။
တွေးရင်း အလုပ်လုပ်လိုက်ပြီး ကျန်းယွင်ကျူးက ချက်ချင်းမြို့ တက်သွားတော့သည်။ သို့သော် သူမသည် ဆိုင်တွင် ဝမ်သဲ့ကို တွေ့ရချေ။ ထို့ကြောင့် သူမက သူ့အိမ်အထိလိုက်သွားပြီး သူ့ကို ရှာလိုက်တော့သည်။
သည်အခိုက်တွင် ဝမ်သဲ့၏အိမ်၌ ဝမ်သဲ့သည့် သူ့မိန်းမ အမျိုးသမီးချွေ့နှင့် စကားများနေလေသည်။ သို့သော် မိုင်းတွင်းသို့ သွားခိုင်းသည့် ကိစ္စမဟုတ်ပေ။
ပြီးခဲ့သည့်နှစ်ရက်က လူများက သူ့ထံတွင် အထူးထမင်းဘူးအကြောင်း လာမေးကြခြင်းဖြစ်သည်။ အမျိုးသမီးချွေ့က ထိုအကြောင်းကို ကြားတော့ တစ်သုတ်လောက် မြန်မြန်ဖုတ်ပေးဖို့ သူ့ကို ချက်ချင်းပြောတော့သည်။
ဝမ်သဲ့က ဒါသည် ကျန်းယွင်ကျူး၏စိတ်ကူး ဖြစ်သည်ဟု တွေးမိသဖြင့် သူသည် အလွယ်တကူ မရောင်းနိုင်ပေ။
သူ မလုပ်နိုင်ပါ။ အမျိုးသမီးချွေ့က သူ့ကို နုံအရကောင်းလားဟု ဆဲဆိုတော့သည်။ သူက မရောင်းဘူးဆိုရင် တခြားသူတွေက မရောင်းတော့မှာ မလို့လား။ ငွေရှာဖို့ နေရာရှိနေတာကို သူက မရှာဘဲနဲ့ သူမကို သူနဲ့အတူတူ လိုက်ခံစားစေချင်တာပဲ။
သည်အချိန်တွင် တစ်ယောက်ယောက်က တံခါးလာခေါက်လေသည်။
“ တံခါးသွားဖွင့်ချည်” အမျိုးသမီးချွေ့က ဒေါသတကြီးပြောလိုက်၏။
ဝမ်သဲ့က တံခါးသွားဖွင့်လိုက်ပြီး ကျန်းယွင်ကျူးကို တွေ့လိုက်ရလေသည်။
“မင်း…”
ဝမ်သဲ့မှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူ့အကြောင်းပြောနေတုန်း သူကရောက်လာတာပဲ။
“ကျွန်မ ထမင်းဘူးနောက်ထပ်တစ်သုတ် မှာချင်လို့ပါ” ကျန်းယွင်ကျူးက သူမ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်၏။
“ကောင်းပါပြီ” ဝမ်သဲ့က သဘောတူလိုက်သည်။
သည်အချိန်တွင် အမျိုးသမီးချွေ့က အိမ်ထဲမှ အလောတကြီးထွက်လာပြီး
“မိန်းကလေးကျန်း ရှင် ဒီအထိလာခဲ့ရတာ ရေဆာနေတော့မှာပဲ၊ ဝင်လာပြီး ရေလေးသောက်ပါအုံး”
သူမက ကျန်းယွင်ကျူးကို ဆွဲကာ နေကြာပန်းတစ်ပွင့်လို ပြုံးလိုက်လေသည်။
သူမ၏ ပိုကဲနေသည့်စိတ်အားထက်သန်မှုက ပထမတစ်ခေါက်တွေ့တုန်းနှင့် လုံးဝမတူချေ။
ကျန်းယွင်ကျူးက သူမတွဲလိုက်သည့်လက်ကို တည်တည်ငြိမ်ငြိမ် ဆွဲဖြုတ်လိုက်ပြီး
“ကျွန်မ ရေမဆာပါဘူး၊ ရှင် ပြောစရာရှိတယ်ဆိုရင် ပြောပါ”
အမျိုးသမီးချွေ့က အနည်းငယ် အောင့်သက်သက်ဖြစ်သွားပြီး ဝမ်သဲ့ကို မျက်လုံးမှိတ်ပြလေသည်။ သူကို ထုတ်ပြောခိုင်းနေခြင်းပင်။
ဝမ်သဲ့က မမြင်ချင်ဟန်ဆောင်နေလိုက်သည်။ သူသည် သူ့ပါးစပ်က ထုတ်ပြောရမည်ကို ရှက်နေမိသည်။
အမျိုးသမီးချွေ့က အံကြိတ်လိုက်တော့သည်။ သူမကပဲ လူဆိုးလုပ်ရတော့မယ် ထင်တာပဲ။ သူမက အရင်ဆုံး သက်ပြင်းချလိုက်ပြီး ကျန်းယွင်ကျူးကို ပြန်ဖြေလိုက်၏။
“ဒါဆိုလည်း ကျွန်မကပဲ ရှင့်ကို အမှန်အတိုင်းပြောလိုက်ပါ့မယ်၊ လူတော်တော်များများက ရှင်လုပ်ထားတဲ့ ထမင်းဘူးကို ဝယ်ချင်နေကြတာလေ၊ ကျွန်မက သူ့ကို တစ်သုတ်လောက်လုပ်ပြီး ရောင်းဖို့ပြောပေမဲ့ သူက ငြင်းနေတာ။
ကျွန်မ ဒီကိစ္စမှာ မှားမှန်းသိပါတယ်….”
ကျန်းယွင်းကျူးသည် နေ့လယ်စာထမင်ဘူးက နည်းပညာအရ စာချုပ်မရှိမှန်း နားလည်လိုက်သည်။ ကြွေထည် ဖုတ်တတ်ဖို့လိုပြီး တစ်ချက်ကြည့်ရုံနှင့် လုပ်နိုင်သည်။ အရည်အသွေးအဆင့်ကသာ စကားပြောလေသည်။
“ဒီတော့ ရှင်က ဘာလုပ်ဖို့ စိတ်ကူးထားလဲ”
သူမက တစ်ဖက်လူကို မေးခွန်းပြန်မေးလိုက်သည်။
အမျိုးသမီးချွေ့မှာ စကားပြောဖို့ ရှက်ရွံ့သွားတော့သည်။
ဝမ်သဲ့ကလည်း သည်းခံထားရသဖြင့် မျက်နှာများ နီနေသည်။ ရုတ်တရက် သူက ထုတ်ပြောလိုက်၏။
“ မင်း သဘောတူရင်တော့ ကျွန်တော်မင်းကို ငွေပေးပါ့မယ်၊ ပြီးရင် ထမင်းဘူးကို ရောင်းမယ်၊ တကယ်လို့ မင်းသဘောမတူဘူးဆိုရင်တော့ ကျွန်တော်မလုပ်ပါဘူး”
ထိုသို့ပြောလိုက်ပြီးနောက်တွင် သူက နေရာတွင်ပင် ထိုင်ချလိုက်လေသည်။ အမျိုးသမီးချွေ့က သူ့ကို မည်သို့ကန်ကျောက်နေပါစေ သူသည် မော့မကြည့်ပေ။
ကျန်းယွင်ကျူးက သူသည် မူပိုင်ခွင့် အကာအကွယ် လုံးဝမရှိသည့် လောကထဲက လူကောင်းတစ်ယောက် ဖြစ်သည်ဟု ခံစားလိုက်ရတော့သည်။
အမှန်တွင်တော့ ဝမ်သဲ့မလုပ်လည်း တစ်ယောက်ယောက်က လုပ်လိမ့်မည်ကို သူမ သိလေသည်။
သူမက မြည်းဝယ်ဖို့ ငွေလိုနေသည်နှင့် တိုက်တိုက်ဆိုင်ဆိုင် လာဖြစ်နေသည်။
ထိုအကြောင်းကို စဥ်းစားရင်း သူမက ပြုံးလိုက်၏။
ဝမ်သဲ့နှင့် ခဏလောက် စကားပြောလိုက်ပြီးနောက် ဝမ်သဲ့က သူလုပ်ထားသည့် ထမင်းဘူး ရောင်းရငွေထဲက ကျန်းယွင်ကျူးကို ၃လျန်ပေးဖို့ နှစ်ဦးသဘောတူလိုက်တော့သည်။ သူသည် ကျန်းယွင်ကျူး၏ ပုံစံကို တခြားသူများအား လုပ်ရောင်းမည် မဟုတ်သည်ကတော့ သေချာပေသည်။
ဝမ်သဲ့မှာ အလွန်ပျော်သွားတော့သည်။ နောက်ဆုံးတော့ သူသည် ကြွေထည်များကို ဆက်ပြီး လုပ်နိုင်သွားတော့သည်။ သူက အိမ်ထဲ ချက်ချင်းဝင်သွားပြီး ကျန်းယွင်ကျူးကို ၃လျန် သွားယူပေးလိုက်တော့သည်။
အမျိုးသမီးချွေ့က ဘေးကကြည့်ပြီး စိုးရိမ်မိသလို ဒေါသလည်း ထွက်သွားတော့သည်။ ၃လျန် ရှာဖို့ အချိန်ဘယ်လောက်တောင် ယူခဲ့ရသလဲ။ တခြားသူကို ဒီအတိုင်းပေးလိုက်တော့မှာတဲ့လား။
ကျန်းယွင်ကျူးသည် ငွေလက်ခံလိုက်ပြီးနောက်တွင် ဝမ်သဲ့ကို ထပ်ကူညီဖို့ဆုံးဖြတ်လိုက်တော့သည်။ မည်သို့ပင်ဖြစ်စေ သူသည် ထမင်းဘူးစျေးကွက်ကို မယူလျှင်လည်း တခြားသူက ယူသွားလိမ့်မည်။ သူ့ကို ပေးလိုက်သည်က ပိုကောင်းပေမည်။
“ ဒီလိုထမင်းဘူးပုံစံမျိုးပဲ ရှိတာ မဟုတ်ပါဘူး၊ သုံးဆင့်၊ နှစ်ဆင့်၊ တစ်ဆင့် ပုံစံတွေလည်း လုပ်လို့ရပါတယ်၊ လေးထောင့်လုပ်မလား၊ အရှည်လုပ်မလား ရှင့်သဘောပါ၊ ဒါနဲ့ အပေါ်ဆုံးအဆင့် အလယ်မှာ အဝိုင်းပုံတစ်ခုလည်း ထည့်လို့ရတယ်၊ အရံဟင်းဖြစ်ဖြစ် တခုခု ထည့်လို့ရတာပေါ့
ရှင်က ဒီလိုပုံစံမျိုး အမျိုးအစားခွဲလုပ်လို့ရတယ်၊ ဝယ်သူတွေက သူတို့ချင်တဲ့ပုံစံကို ဝယ်လို့ရတာပေါ့၊ တစ်ယောက်ယောက်က ရှင့်လုပ်ငန်းကို ပြိုင်ပြီး ထမင်းဘူးလုပ်ချင်ရင်တောင် သူတို့တွေက ရှင့်ကို ပြိုင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ရှင်က အပြင်မှာ ဒီလိုပြောရပါတယ်၊ ကျန်းကျီက ရှင်တို့မိသားစုကိုပဲ ရွေးပြီး ဒီလိုထမင်းဘူးကို ရှင့်ကိုပဲ လုပ်ခွင့်ပေးထားတာလို့”
ကျန်းယွင်ကျူး၏နောက်ဆုံးစကားက အဓိပ္ပာယ်များစွာ ပါလေသည်။
အခုဆိုရင် နေ့လယ်စာထမင်းဘူးကို လူတိုင်းက ဝယ်ချင်နေကြတာလေ။ သူမသုံးလိုက်တဲ့ ထမင်းဘူးကြောင့်ပေါ့။ ဒီလိုပြောလိုက်ရင် သူမက ဝမ်သဲ့ရဲ့တံဆိပ်အစစ်ကို ထောက်ခံပေးလိုက်ရာ ကျတယ်။ အားလုံးက ထမင်းဘူးဝယ်ချင်ရင်လည်း ဒါပေါ့ သူတို့တွေ ဝမ်သဲ့ဆီကို သွားရမှာပေါ့။
ဒါက မင်းသားမင်းသမီးတွေကို ထောက်ခံချက်နဲ့ အေဂျင်စီလက်မှတ်တစ်ခုလိုပဲလေ။
ဝမ်သဲ့သည် ထိုစကားကို ကြားလိုက်ရချိန်တွင် အံ့ဩသွားတော့သည်။ အမျိုးသမီးချွေ့ပင် အေးခဲသွားလေသည်။
ခဏအကြာတွင် ဝမ်သဲ့က စိတ်လှုပ်ရှားကာ ပြောလိုက်တော့သည်။
“ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ”
သူသည် သည်လုပ်ငန်းကို ဘယ်သူမှ လုယူမသွားနိုင်မှန်း ကြိုတင်ခံစားမိလိုက်တော့သည်။ ဝူလင်မြို့တွင် မိုင်းလုပ်သားများစွာ ရှိလေသည်။ ထို့ကြောင့် သူ့နေ့လယ်စာထမင်းဘူးကို လူအများကြီးက လာဝယ်ကြလိမ့်မည်။
တခြားစီရင်စုများတွင်ပင် ရောင်းလို့ရနိုင်သည်။
သည်လုပ်ငန်းက သေချာပေါက် ငွေဝင်ပေလိမ့်မည်။
သည်တစ်ကြိမ်တွင် အမျိုးသမီးချွေ့သည် ငွေ ၃လျန်က အလကားမဖြစ်တော့ဘူးဟု ခံစားလိုက်လေသည်။ ရှက်ရှက်နှင့် သူမက ကျန်းယွင်ကျူးကို ပြောလိုက်တော့သည်။
“ကျေးဇူးတင်ပါတယ် မိန်းကလေးကျန်း”
ကျန်းယွင်ကျူးသည် ကျန်သည့်စကားကို ပြောစရာမလိုခဲ့သော်လည်း သူမက ပြောလိုက်လေသည်။ ဒါသည် သူမ၏အကျင့်စရိုက်ကို ပြသလိုက်ခြင်းပင်။
“မိန်းကလေးကျန်း ဒီနေ့ည ကျွန်မတို့အိမ်မှာ ညစာစားသွားပါလား”
သည်တစ်ကြိမ်တွင် သူမက ကျန်းယွင်ကျူးကို စိတ်ရင်းနှင့် ဖိတ်လိုက်လေသည်။
ကျန်းယွင်ကျူးက လုပ်စရာရှိသေးသဖြင့် ခေါင်းခါပြလိုက်လေသည်။
“ မင်းကို ဘယ်လိုကျေးဇူးတင်ရမယ်မှန်းတောင် မသိတော့ပါဘူး” ဝမ်သဲ့က လက်နှစ်ဖက်ကို ပွတ်လိုက်လေသည်။
“ကျွန်မတို့တွေ နောက်လည်း လက်တွဲလုပ်ဖို့ အခွင့်အရေးတွေ ရှိလာအုံးမှာပါ” ကျန်းယွင်ကျူးက ပြောလိုက်သည်။
ဝမ်သည်က ခေါင်းကို လေးပင်စွာညိတ်ပြလိုက်ပြီး နောက်ဆိုလျှင် ကျန်းယွင်ကျူး၏အမှာများကို သေချာပေါက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးမည်ဟု ဆုံးဖြတ်လိုက်တော့သည်။
ကျန်းယွင်ကျူးက ထမင်းဘူးလာယူမည့်အချိန်ကို သတ်မှတ်လိုက်ပြီးနောက် ပြန်လာခဲ့လေသည်။ သူမက ထမင်းဘူးပေါ်တွင် “ကျန်းကျီ” တံဆိပ်ထည့်ဖို့ မပြောလိုက်ချေ။ အကြောင်းမှာ ဝမ်သဲ့က သူ့တံဆိပ်ကို ကြွေထည်များ၏ အောက်ဖက်တွင် ထည့်မည်ဟုဆိုသည်။
ဝမ်မိသားစု၏ မျိုးရိုးစဥ်ဆက်က ကြွေထည်များကို သိက္ခာနှင့် လုပ်ခဲ့ပုံရသည်။
သူမက နောက်ထပ် ထမင်းဘူး ၁၀၀ ကိုမှာလိုက်သည်။ မူလကဆိုလျှင် ဝမ် ၆၅၀ကျမည်။ သူမသည် ငွေတပြားမှ မကုန်ဘဲ လုပ်နိုင်ခဲ့သည်။ သည်ငွေများနှင့် သူတို့သည် မြည်းတစ်ကောင် ဝယ်နိုင်တော့မည်။
ကျန်းယွင်ကျူးက စိတ်အေးလက်အေးဖြင့် အိမ်ကို လမ်းလျှောက်ပြန်လာခဲ့လေသည်။
…
အခန်း (၃၄.၃)
မြို့တော်က တပ်ခွဲတစ်ခု၌ ရှန်ဖုန်းမင်က နန်းတော်က ပြန်ရောက်လာသည်။ ယန်ရှန့်သည် သည်သတင်းကို ကြားလိုက်ရသောအခါ ပန်ဒါမျက်လုံး တစ်စုံနှင့် အခန်းထဲက ခုန်ပေါက်ပြီးထွက်လာတော့သည်။
“ အမှုပြီးသွားပြီ၊ ငါတို့တွ မြို့တော်က ထွက်လို့ရပြီလား”
သူက အရေးတကြီးမေးလိုက်၏။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူသည် နေ့ရောညပါ အပြေးအလွှား အလုပ်လုပ်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် နံပါတ်တစ် စံပြအရာရှိတစ်ယောက်ဟုပင် ခေါ်လိုက်လေသည်။
ရှန်ဖုန်းမင်က သူ့ကို နှုတ်ဆိတ်ပြီး စိုက်ကြည့်နေလိုက်သည်။
ယန်ရှန့်ကလည်း သူ့ကို ပြန်စိုက်ကြည့်လိုက်သည်။
ခဏအကြာတွင် ယန်ရှန့်သည် အားပျက်သွားသည့်အလား အင်အားများ ကုန်ခမ်းသွားတော့သည်။
သူတို့ထဲက တစ်ယောက်က ချီလင်ကိုယ်ရံတော်အဖွဲ့ရဲ့ တပ်မှူးလေ။ ပြီးတော့ နောက်တစ်ယောက်က ဒုတပ်မှူး။ သူတို့တွေ မြို့တော်ထဲက ထွက်ချင်တဲ့အချိန်တိုင်း ထွက်လို့မရနိုင်ဘူးတဲ့လား။ သူတို့တွေက အနည်းဆုံးတော့ မင်းကြီးကို လျှောက်တင်ရအုံးမယ်တဲ့။ မဟုတ်ရင် မင်းကြီးက ကိစ္စရှိလို့ သူတို့ရှာတဲ့အခါ တစ်ယောက်မှ မတွေ့မှာစိုးလို့တဲ့။
မင်းကြီးကို ပြောရမယ်ဆိုရင်တော့ ကျိုးကြောင်းဆီလျော်ပြီး တရားဝင်တဲ့အကြောင်းပြချက်တစ်ခု ဖြစ်နေမှရမယ်လေ။
နှစ်ယောက်သားသည် ဌာနထဲသို့ နှုတ်ဆိတ်ကာ ဝင်သွားကြတော့သည်။
နှစ်ယောက်လုံးသည် အိမ်မပြန်ချင်ကြပေ။ ထို့ကြောင့် နေ့လယ်ခင်းတွင် ဌာနက ထမင်းစားခန်းတွင်သာ စားလိုက်ကြသည်။ ရှန်ဖုန်းမင် ရောက်လာတော့ ထမင်းစားခန်း ကြီးကြပ်မှာ လန့်သွားပြီး မည်သူကမှ မစားရဲကြတော့ချေ။ ထို့ကြောင့် သူတို့သည် ထမင်းစားခန်းထဲမှ သူတို့နှစ်ယောက်ကို သီးသန့်ခန်းသို့ ခေါ်သွားလိုက်ကြသည်။
သည်နေ့လည်း သူတို့နှစ်ယောက်သည် ခါတိုင်းလို ဝင်လာခဲ့ကြသည်။
ထမင်းစားခန်းသည် မူလက အလွန်မှစည်ကားလှပေသည်။ နျဲ့ရှင်းက ဝူလင်မိုင်းတွင်း၏ တောင်ခြေက ဆိုင်လေးကချက်သည့် ငါးခေါင်းတိုဟူးဟင်းမှာ မည်မျှအရသာရှိကြောင်း သူ့အဖော်များကို ပြောပြနေလေသည်။ ကံဆိုးချင်တော့ သူတို့သည် စားဖို့ရာ ကံမပါနိုင် ဖြစ်ခဲ့ရသည်။ ထို့နောက် သက်သေပြဖို့ရာ သူက တစ်ခုခုထည့်ထားသည့် မြေအိုးတချို့ကို ထုတ်လာခဲ့လိုက်သည်။
“ အားလုံးပဲ မြည်းကြည့်ကြ၊ ငါတို့တွေ မင်းတို့ကို မလိမ်ဘူးဆိုတာ သိသွားကြလိမ့်မယ်” သူက ကြေညာလိုက်သည်။
သည်အခိုက်တွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့က အပြင်မှ ဝင်လာကြလေသည်။ အားလုံးက သူတို့ကို အဝေးမှမြင်လိုက်ပြီး ချက်ချင်း ဘယ်သူမှ စကားမပြောကြတော့ပေ။ ထမင်းစားခန်းမှာ ငြိမ်ကျသွားတော့သည်။
ရှန်ဖုန်းမင်တို့နှစ်ယောက်မှာ ကျင့်သားရနေပြီဖြစ်သဖြင့် ဆက်လျှောက်လာခဲ့လိုက်သည်။
လမ်းတစ်ဝက်အရောက်တွင် ယန်ရှန့်က နှာခေါင်းကို မော့လိုက်လေသည်။ ဘာက အဲလောက်မွှေးနေတာလဲ။
သူ့ခေါင်းကို လှည့်ကြည့်လိုက်ရာ သူ့ဘေးက စားပွဲပေါ်တွင် တစ်ခုခုထည့်ထားသည့် မြေအိုးများကို တွေ့လိုက်ရသည်။ အနံ့က အရမ်းမွှေးတာပဲ။ နည်းနည်းရင်းနှီးတဲ့အနံ့နဲ့တူတယ်။
သူက နျဲ့ရှင်းကို ကြည့်လိုက်ပြီး မျက်လုံးများကို ကျုံ့ထားလိုက်လေသည်။ ဪ ဪ။
“ မင်း လုစီရင်စုပြည်နယ်က ပြန်လာပြီကိုး”
“ကျွန်တော် ပြန်ရောက်ပါပြီ၊ ဒုတပ်မှူးကို သတင်းပို့ပါတယ်”
နျဲ့ရှင်းက ချက်ချင်း ပြန်ပြောလိုက်၏။
ယန်ရှန့်က မြေအိုးများကို ကြည့်လိုက်သည်။
နျဲ့ရှင်းက မြန်မြန်ပြောလိုက်သည်။
“ ဒုတပ်မှူးက ကျွန်တော်ယူပြန်လာတဲ့ဟာကို မြည်းကြည့်ပါအုံးလား”
သူက ပြောရင်းဆိုရင် ယန်ရှန့်ကို တစ်အိုးလှမ်းပေးလိုက်လေသည်။
ယန်ရှန့်က ကောက်ယူလိုက်ပြီး ဘာတစ်ခွန်းမှ မပြောချေ။ ထွက်လည်းမသွားချေ။ သူ့ကို သည်အတိုင်းသာ ကြည့်နေလေသည်။
နျဲ့ရှင်းက အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ အလိုလိုနားလည်သွားပြီး သူက အိုးနှစ်လုံးကို ကောက်ယူကာ ယန်ရှန့်ထံ ကမ်းပေးလိုက်လေသည်။
ထိုအခါမှ ယန်ရှန့်က ပြုံးဖြီးသွားတော့သည်။ မြေအိုးကို ယူသွားပြီး ရှန်ဖုန်းမင်နောက်သို့ အနောက်ဘက်အခန်းဆီ လိုက်သွားလိုက်တော့သည်။
သူတို့ထွက်သွားပြီးနောက်တွင် အားလုံးက ကျန်သည့်အိုးသုံးလုံးရှေ့တွင် စုဝေးသွားကြတော့သည်။ တစ်ယောက်စီက ဇွန်းတစ်ချောင်းစီ ကိုင်ထားကြသည်။ သူတို့သည် အိုးထဲက အရာကို အရမ်းစားချင်နေကြတော့သည်။
အအေးခံထားသည့် ယုန်သားမှာ အနံ့အရသာပြည့်ဝပြီး ကြွပ်ရွကာ တထုတ်ထုတ်ဝါးရသည်။ အစပ်နှင့် အရသာက ပြီးပြည့်စုံလှသည်။အမဲသားလွှာနှပ်။ အလွှာများကို ဖောက်ထွင်းမြင်နိုင်သည်အထိ ပါးပါးလေးလှီးထားသည်။ တစ်ကိုက်လိုက်လျှင် ပူစပ်စပ်နှင့်ကြွပ်ရွနေသည်။
ထမင်းနှင့် တွဲစားရန် အစပ်အရသာအမဲသားနှပ်တစ်အိုး ပါသေးသည်။ နောက်ဆုံးတွင် အားလုံးက လုစားကြသဖြင့် ပြောင်ရှင်းသွားတော့သည်။
စားသောက်လိုက်ကြပြီးနောက် သူတို့အားလုံးက နျဲ့ရှင်းကို တပြိုင်တည်း ကြည့်လိုက်ကြသည်။ ကျန်သေးလား။ အားလုံးက မရှာခင် အားလုံးကို ထုတ်လာခဲ့လိုက်နော်။
နျဲ့ရှင်းတို့နှစ်ယောက်မှာ တုန်ယင်သွားကြသည်။ တကယ့်ကို မရှိတော့တာပါ။ အစတုန်းကတော့ သူတို့တွေ အများကြီးယူပြန်လာပါတယ်။ အရသာရှိလွန်းလို့ သူတို့နှစ်ယောက် လမ်းမှာတင် ကုန်အောင်စားမိတော့မလို့လေ။ ဒီအိုးလေးတွေက သူတို့အတွက် သီးသန့်ခွဲထားခဲ့တာ။ မဟုတ်ရင် သူတို့တွေလည်း စားလို့ကုန်သွားတာကြာပေါ့။
ထမင်းစားခန်းထဲတွင် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့လည်း သူတို့နှုတ်ခမ်းများ နီရဲသွားသည်အထိ စားသောက်ခဲ့ကြလေသည်။ အိုးသုံးလုံး အစကတည်းက အစပ်အရသာဖြစ်သည်။ သို့သော် ကျန်းယွင်ကျူးက နောက်ထပ်နှစ်ရက်လောက် အထားခံရန် ငရုတ်သီးများ ထပ်ထည့်ပေးလိုက်သည်။ သူတို့နှစ်ယောက်မှာ အားရပါးရ စားလိုက်ကြလေသည်။
စားသောက်ပြီးနောက် ယန်ရှန့်က လုံးဝ နေသာထိုင်သာရှိသွားသလို ခံစားလိုက်ရတော့သည်။ သူသည် အားအင်တွေ ပြန်ပြည့်လာသယောင်။ သူက တစ်ဝက်ကုန်သွားသည့် အိုးကိုကြည့်ရင်း စားပွဲကို ပုတ်လိုက်ပြီး ရှန်ဖုန်းမင်ကို ပြောလိုက်တော့သည်။
“ အဲလောက်ကြီးတဲ့ လုစီရင်စုပြည်နယ်မှာ ငါတို့ကိုင်တွယ်ရမဲ့ အမှုတစ်ခုလေးတောင် မရှိဘူးလို့တော့ ငါမယုံဘူး”
“ ငါ လုပြည်နယ်က အမှုတွေအားလုံးကို ပို့လာခိုင်းပြီး တစ်ခုချင်းစီ ကြည့်ရလိမ့်မယ်”
ရှန်ဖုန်းမင်က သူ့ကို ကြည့်လိုက်သော်လည်း ဘာမှမပြောချေ။
ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပင်။ ယန်ရှန့်က ပြုံးလိုက်လေတော့သည်။
…