အပိုင်း (၂၀)
“ မိန်းကလေးရေ”
ကြွေထည်များ ရောင်းသည့် ဝမ်သဲ့က အော်မေးလိုက်၏။
ထိုအခါမှ ကျန်းယွင်ကျူးသည် သတိပြန်ဝင်လာပြီး
“ သူဌေး အမှန်အတိုင်းပြောရရင်လေ ကျွန်မလည်း အခုနေ ဝယ်ချင်သလား မဝယ်ချင်သလား သေချာမသိသေးဘူး၊ တကယ်တော့ လာမဲ့ရက်အတွင်းမှာ ကိစ္စတစ်ခု ဖြစ်စရာရှိတယ်၊ ကျွန်မ အဲကိစ္စကို အန္တရာယ်ကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ပါ့မလားမသိဘူး၊ ဖြစ်နိုင်ရင်တော့ ကျွန်မ အရင်ဆုံး အလုံး ၅၀ မှာထားချင်တယ်၊ နောက်ဆိုရင် ဒီထက် ပိုမှာစရာလည်း ရှိတယ်၊ ကျွန်မတို့တွေ ဒီကိစ္စကို သဘောတူနိုင်တယ်ဆိုရင်တော့….”
သူမသည် ဆက်မပြောတော့ဘဲ သူနားလည်နိုင်မည်ဟု ယုံကြည်ထားလိုက်တော့သည်။
ဝမ်သဲ့က သူမ၏စကားများကို နားထောင်လိုက်၏။ ဒါက သူမ မိသားစုရဲ့ ဘဝအရေးလေ။ သူမနဲ့ ယှဥ်လိုက်ရင်တော့ သူ့ကိစ္စက အရေးမကြီးပါဘူး။
“မိန်းကလေး အဆင်ပြေရဲ့လား” သူက ချီတုံချတုံဖြင့် မေးလိုက်လေသည်။
“ ပြေပါတယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။
သူမ၏ ပေါ့ပေါ့ပါးပါး အပြုံးကို မြင်လိုက်ရသဖြင့် ဝမ်သဲ့သည် သူမ၏စကားကို ယုံသွားတော့သည်။ အံကြိတ်ရင်းက သူက ပြောလိုက်သည်။
“ မိန်းကလေး ရက်စွဲကို ပြောလိုက်ပါ၊ မင်း အဲဒီနေ့မတိုင်ခင် လာယူသ၍ ကျွန်တော် မင်းကို ရောင်းပေးပါ့မယ်”
အဲဒီနေ့ ကျော်သွားရင်တော့ သူလည်း အာမ မခံနိုင်တော့ဘူး။ အဲဒီအချိန်ကျရင် သူက မိုင်းတွင်းလုပ်သားတစ်ယောက်အနေနဲ့ မိုင်းတွင်းထဲ ရောက်နေလောက်ပြီ။
“ ကျေးဇူးတင်ပါတယ် သူဌေး ၊ ကျွန်မ ဝယ်ဖြစ်ခဲ့ရင် ၁၁ပိုင်း ၈ရက်နေ့မတိုင်ခင် သေချာပေါက် လာခဲ့ပါ့မယ်၊ တကယ်လို့ ကျွန်မ မလာခဲ့ရင်တော့ သူဌေးက ကျွန်မကို မစောင့်ပါနဲ့တော့”
ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။
၁၁လပိုင်း ၈ရက်နေ့။ သူ့မိန်းမနဲ့ လကုန်လို့ သဘောတူထားတာလေ။ ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် သူ နောက်ထပ် ရှစ်ရက်လောက် စောင့်လိုက်ပါမယ်လေ။ ၈ရက်ကုန်သွားရင်တော့ အားလုံးက အဆုံးသတ်ကို ရောက်သွားပြီ။
“ ကောင်းပါပြီ” ဝမ်သဲ့က ခေါင်းညိတ်ပြလိုက်၏။
“ ကျေးဇူးတင်ပါတယ်ရှင်”
ကျန်းယွင်ကျူးက နောက်တစ်ကြိမ် ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
“ ယွင်ကျူး နင် အဆင်ပြေရဲ့လား၊ ၁၁လပိုင်း ၈ရက်နေ့က….”
ကျန်းယွင်ကျူး အခုလေးတင် ပြောလိုက်သည့် စကားကိုကြားလိုက်ပြီးနောက် ရွှီချင်ရှန့်မှာ အနည်းငယ် စိတ်ပူသွားတော့သည်။
“ ကျွန်မ မနေ့က အိပ်မက်တစ်ခု မက်တယ်၊ ဗိုက်ရွှဲရွှဲနဲ့ ဘုန်းတော်ကြီးတစ်ပါးကို အိပ်မက်မက်ခဲ့တာ…. ထားလိုက်ပါလေ၊ အိပ်မက်တစ်ခုပဲ နေမှာပါ၊ နောက်မှပဲ ဒီအကြောင်းပြောရအောင်”
ကျန်းယွင်ကျူးက ပေါ့ပေါ့ပါးပါး ပြောလိုက်တော့သည်။
အိပ်မက်တစ်ခုကြောင့် ဖြစ်သည်ဟု ကြားလိုက်ရသဖြင့် ရွှီချင်ရှန့်က အော်ရယ်လိုက်ပြီး
“ အိပ်မက်ထဲက အရာတွေက တကယ်မဖြစ်နိုင်ပါဘူး”
“ ကျွန်မ သိပါတယ်” ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။
သူတို့နှစ်ယောက်သည် သည်အကြောင်းကို ဆက်မပြောလိုက်ပေ။
ထို့နောက်တွင် ကျန်းယွင်ကျူးက အနီးအနားရှိ စားသောက်ဆိုင်ဆီသွားကာ ဟင်းအမျိုးမျိုး၏ စျေးနှုန်းကို သွားကြည့်လိုကလေသည်။ ထို့နောက် သူမသည် မြည်းလှည်းပေါ် တက်လိုက်ပြီး ချန်ရှီရွာသို့ ပြန်လာခဲ့တော့သည်။
ထိုအခိုက်တွက် ကျန်းလင်သည် ရွာထိပ်က မြစ်ဘေးတွင် ရွာထဲက ကလေးတချို့နှင့် ကစားနေလေသည်။ သူသည် ကျန်းယွင်ကျူး ပြန်လာသည်ကိုမြင်လိုက်သောအခါ အိမ်သို့ပြေးသွားပြီး အော်ပြောလိုက်တော့သည်။
“ အစ်မပြန်လာပြီ၊ အစ်မပြန်လာပြီဗျို့”
ကျန်းယွင်ကျူးက လှည်းပေါ်မှ ဆင်းလာချိန်တွင် ကျန်းလင်၊ ကျန်းယွင်ရွှယ်နှင့် ကျန်းဝူတို့သည် ချက်ချင်းရောက်လာကာ သူမ၏ပစ္စည်းများကို သယ်ကူကြသည်။
မကြာမီတွင် အိတ်ကြီး အိတ်ငယ်များကို ဧည့်ခန်းနှင့် မီးဖိုဆောင်ထဲသို့ သယ်သွားလိုက်ကြသည်။
“ ဒါဆို ငါ ပြန်နှင့်မယ်နော်” ရွှီချင်ရှန့်က ပြောလိုက်၏။
“ အင်း ဒီနေ့အတွက် ကျေးဇူးပဲနော်” ကျန်းယွင်ကျူးက ပြောလိုက်လေသည်။
“ နင်ကလည်း အဲလောက်အထိ အားနာစရာမလိုပါဘူး”
ရွှီချင်ရှန့်က ကျန်းယွင်ကျူးကို ထပ်ကြည့်လိုက်ပြီး မြန်မြန်ပြန်သွားတော့သည်။
သူ ပြန်သွားပြီးနောက် ကျန်းယွင်ကျူးက ခြံဝင်းထဲ ဝင်လာလိုက်သည်။ ကောင်းကင်ကို မော့ကြည့်လိုက်၏။ အချိန်ရပါသေးတယ်။ နေ့လယ်စာ မလုပ်ခင် နာရီဝက်လောက် အနားယူဖို့ အချိန်ရှိသေးတယ်။
သူမသည် အိတ်ကပ်ထဲက စက္ကူအိတ်တစ်ခု ထုတ်ကာ ဖွင့်ကြည့်လိုက်၏။ အထဲတွင် ရောင်စုံသကြားလုံး ၁၁လုံး ပါရှိသည်။ သူမသည် ဟင်းခတ်အမွှေးအကြိုင်များကို ဝယ်စဥ်က သကြားလုံးများကို လမ်းကြုံဝယ်ခဲ့ခြင်းပင်။ နှစ်လုံးကို ၁ ဝမ်ပေးရသည်။ သူမသည် ၅ ဝမ်ဖိုးဝယ်ခဲ့လိုက်သည်။ သူဌေးက သူမကို အပိုတစ်လုံး ထပ်ထည့်ပေးလိုက်လေသည်။
ထိုသကြားလုံးများသည် သလင်းကျောက်လေးကို ကြည်လင်နေ၏။ တစ်လုံးစီမှာ လက်တစ်လုံးစာ အရွယ်အစားရှိပြီး နေရောင်အောက်တွင် ချစ်စဖွယ်တောက်ပနေလေသည်။
“သကြားလုံး”
လျင်မြန်သည့် မျက်လုံးများနှင့် ကျန်းလင်သည် သူမ၏လက်ထဲက သကြားလုံးကို ချက်ချင်းတွေ့သွားပြီး ခြေလှမ်းအနည်းပြေးလာခဲ့၏။ သို့သော် သူက လှမ်းမဆွဲလိုက်ဘဲ ထိုနေရာတွင် ရပ်ကာ သကြားလုံးများ လောဘတကြီး စိုက်ကြည့်နေလေသည်။ သူသည် သကြားလုံးအရသာကို မမှတ်မိတော့ သလောက်ပင်။
အမှန်တွင်တော့ မီးဖိုဆောင်ထဲတွင် သကြားရှိသည်။ ကျန်းယွင်ကျူး ချက်ပြုတ်ရာတွင်သုံးသည့် ဝါညစ်ညစ်သကြားလုံး အမျိုးအစားပင်။ ကလေးသုံးယောက်လုံးက ထိုသကြားလုံးကို မစားကြပေ။
ကျန်းယွင်ကျူးလသည် လျှောက်သွားလိုက်ပြီး သကြားလုံးများကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလိုက်သည်။
‘ သကြားလုံး”
ကျန်းဝူသည် သွားရည်များ ကျလာတော့မည်။ သူက ကျန်းယွင်ကျူးကို မျှော်လင့်တကြီး ကြည့်လိုက်လေသည်။
“ဘယ်တစ်ခုလိုချင်လဲ” ကျန်းယွင်ကျူးက အကြီးဆုံးဖြစ်သည့် ကျန်ဝူမှ စမေးလိုက်လေသည်။ သည်ရက်များတွင် ကျန်းလင်သည် သူတို့နောက် လိုက်ကာ အလုပ်လုပ်ရသည်။ ပျားတစ်ကောင်လို အလုပ်များပြီး လူကြီးလေးတစ်ယောက်နှယ်။ သူ့ကို ဆုချသင့်လေသည်။
“အစိမ်းရောင်” ကျန်းလင်က ပြန်ဖြေလိုက်၏။ သူသည် ထိုအရောင်ကို ကြိုက်နှစ်သက်သည်။
ကျန်းယွင်ကျူးက အစိမ်းရောင်သကြားလုံးကို ထုတ်ကာ သူ့လက်ထဲ ထည့်ပေးလိုက်လေသည်။ သူက သကြားလုံးကို ဂရုတစိုက်ယူလိုက်သော်လည်း မစားသေးချေ။ ထို့အစား လက်ထဲတွင် ကိုင်ထားပြီး သေသေချာချာ ကြည့်နေပုံမှာ ကြည့်လိုမဝဖြစ်နေသည့်နှယ်။
“ ညီမလေးကရော” ကျန်းယွင်ကျူးက ကျန်းယွင်ရွှယ်ကို မေးလိုက်၏။
ကျန်းယွင်ရွှယ်လည်း ပြီးခဲ့သည့်ရက်များအတွင်း အများကြီး ကူညီပေးခဲ့သည်။ သူမက တိုးတိုးညင်းညင်း လေသံဖြင့် ပြောလိုက်၏။
“ အပြာရောင်” ထိုအရောင်က အလှဆုံးဖြစ်သည်ဟု သူမ ထင်မိသည်။
ကျန်းယွင်ကျူးက အပြာရောင်သကြားလုံးကို သူမအား ပေးလိုက်ပြီး ကျန်းယွင်ရွှယ်က သကြားလုံးလေးကို ရတနာတစ်ခုနှယ် လက်ထဲတွင် ကိုင်ထားလေသည်။
“ သားက အနီရောင်” ကျန်းဝူသည် စိတ်လှုပ်ရှားနှင့်ပြီးဖြစ်ရာ ကျန်းယွင်ကျူး အမေးကို မစောင့်တော့ဘဲ မြန်မြန်ပြောလိုက်လေသည်။
ကျန်းယွင်ကျူးက အနီရောင်သကြားလုံးကို ထုတ်ကာ သူ့လက်ထဲ ထည့်ပေးလိုက်လေသည်။
သူသည် သကြားကို ပါးစပ်ထဲ တန်းထည့်လိုက်တော့သည်။ သူ၏ဝိုင်းစက်စက် မျက်လုံးနက်များသည် တအံ့တဩ ဖြစ်သွားသည့်နှယ် ပိုကျယ်လာလေသည်။
“ဒီနေ့ တစ်ယောက်တစ်ခုစီနော်၊ စားပြီးရင် ကုန်သွားမှာ၊ တခြားလူတွေဟာ မခိုးရဘူးနော် နားလည်လား”
ကျန်းယွင်ကျူးက ကလေးသုံးယောက်ကို ပြောလိုက်၏။
သုံးယောက်လုံးက နားလည်သွားကာ ချက်ချင်း ခေါင်းညိတ်ပြလိုက်လေသည်။
“ သူတို့ကို အရမ်းအလိုမလိုက်ပါနဲ့ သူတို့တွေက….”
အမျိုးသမီးချန်က မီးဖိုထဲက ထွက်လာပြီး ကျန်းယွင်ကျူးကို ပြောလိုက်၏။
သူမ စကားမဆုံးသေးခင်မှာ သကြားလုံးတစ်ခုက သူမ၏ပါးစပ်ထဲသို့ ရောက်လာလေသည်။
ချိုလိုက်တာ။ အရမ်းချိုတဲ့သကြားလုံးလေးပဲ။ လူတွေရဲ့နှလုံးထဲအထိ ရောက်အောင် ချိုလွန်းတယ်။ အမျိုးသမီးချန်သည် မျက်လုံးများကို အနည်းငယ် ကျဥ်းမြောင်းထားလိုက်ပြီး အကြောင်းအမျိုးမျိုးကို စဥ်းစားနေမိတော့သည်။
ကျန်းယွင်ကျူးက သကြားလုံးတစ်ခုကို ယူကာ သူမ၏ပါးစပ်ထဲ ထည့်လိုက်လေသည်။ သူမ၏ တောက်ပနေသည့် အနီရောင်နှုတ်ခမ်းက မသိမသာ မြင့်တက်သွားတော့သည်။
ပြတင်းပေါက်နားတွင် ရပ်နေရင်း ရှန်ဖုန်းမင်သည် ကျန်းယွင်ကျူး၏နှုတ်ခမ်းကို ငေးကြည့်နေမိသည်။ ရုတ်တရက်ဆိုသလို ထိုသကြားလုံးများက အမှန်ပင် ထိုမျှလောက် ချိုနေသလားဟု သိချင်မိသွားတော့သည်။
သူက အချိုစားရတာ မကြိုက်ပေမဲ့ပေါ့လေ။
သကြားလုံး ၁၁ လုံးရှိပြီး ၆လုံးကျန်သည်။ ကျန်းယွင်ကျူးက တစ်လုံးကို ထုတ်လိုက်ပြီး အမျိုးသမီးချန်ကို ကမ်းပေးလိုက်ကာ ညပိုင်း ကျန်းချိန် စားဖို့ရန်အတွက် သိမ်းထားခိုင်းလိုက်လေသည်။ ကျန်သည့်သကြားလုံးများကိုတော့ အဘိုးချန်ဆီ သွားပို့လိုက်ရန် ကျန်းလင်ကို ခိုင်းလိုက်လေသည်။ သူက ဘာမှမပြောပေမဲ့လည်း အချိုကြိုက်တယ်လေ။
သကြားလုံး ဝေပေးလိုက်ပြီးနောက် ကျန်းယွင်ကျူးက ဧည့်ခန်းဘက် သွားလိုက်ကာ သူမ ဝယ်လာသည့် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။
အမျိုးသမီးချန်နှင့် တခြားသူများကလည်း နောက်မှလိုက်ဝင်လာပြီး သူမ ဝယ်လာခဲ့သည့် ပစ္စည်းများကို တွေ့လိုက်ရလေသည်။
သူမသည် စာရွက်နှင့် မှင်ထုတ်ကို မြင်လိုက်ရသောအခါ အမျိုးသမီးက မေးလိုက်တော့သည်။
“ ဘာလို့ ဒီပစ္စည်းတွေ ဝယ်လာတာလဲ”
မှတ်စုရေးဖို့ဟု ကျန်းယွင်ကျူးက ပြောလိုက်ချင်ခဲ့သည်။ ရုတ်တရက် သူမက မျက်မှောင်ကျုံ့သွားလေသည်။ အလုပ်များနေတာနဲ့ သူမရဲ့ မူလအခြေအနေက စာမတတ်တဲ့သူဆိုတာကို မေ့သွားတာပဲ။ သူမက ဘယ်လိုလုပ်ပြီး စာရင်းမှတ်လို့ရမှာလဲ။
ဒါပေမဲ့ သူမက စာရင်းတွေ မမှတ်ဘူးဆိုရင်လည်း သူမဆီမှာ စရန်ငွေ ဘယ်လောက်ရှိပြီး တစ်ကြိမ်မှာ ဘယ်လောက်သုံးပြီးပြီလဲဆိုတာနဲ့ ဒီနေ့ ဘယ်သူက ဘာဟင်းမှာတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သေသေချာချာ မှတ်မိပါ့မလဲ။
အချက်အပြုတ်လို ကိစ္စက ဖြည်းဖြည်းချင်း နားလည်အောင် လုပ်ခဲ့တာကို ပြောလို့ရတယ်လေ။ ဒါပေမဲ့ ဆရာတစ်ယောက်တောင် မရှိဘဲ စာတတ်နိုင်ပါ့မလား။ ဘယ်သူက ယုံမှာတဲ့လဲ။
ဘယ်သူက စာတတ်လဲ။ အဘိုးချန်က စာမတတ်ဘူး။ ကျန်းချိန်လည်း စာမတတ်ဘူး။ အမျိုးသမီးချန်လည်း စာမတတ်ဘူး။ ကုယန်ကျိုးက စာတတ်တာပဲ။
ဒါဆို သူ့ကို အကူအညီသွားတောင်းရမလား။
ကျန်းယွင်ကျူးသည် စဥ်းစားနေဆဲတွင် ရေခဲတမျှအသံတစ်ခုက မေးလာလေသည်။
“ ဘာကိစ္စရှိလို့လဲ”
မော့ကြည့်လိုက်ရာ အရပ်မြင့်မြင့် အထက်စီးဆန်ဆန် ယောက်ျားတစ်ယောက်က ထိုနေရာတွင် ရပ်နေလေသည်။ သူသည် ခိုပြာရောင် ဘရိုကိတ်ဝတ်စုံကို ဝတ်ထားသည်။ မည်းနက်သည့် အရိပ်ထဲ ရောင်တူ ခါးပတ်တစ်ခုကို ပိန်သွယ်သည့်ခါးတွင် ပတ်ထားပြီး သူ့ပုံရိပ်ကို ပိုပြီးသေးသွယ်သွားကာ ချောမောသွားစေတော့သည်။
ရှန်ဖုန်းမင်။ ဒီသေမင်းနတ်ဘုရားက ဘယ်တုန်းက ဒီမှာရောက်နေတာလဲ။
ကျန်းယွင်ကျူးက ကြောင်တက်တက် ဖြစ်သွားပြီး
“ကျွန်မ စာရင်းမှတ်ထားချင်တာ ဒါပေမဲ့ စာမဖတ်တတ်လို့”
ပြောပြီးသွားသည်နှင့် သူမသည် သတိပြန်ဝင်လာပြီး တောင့်တင်းသွားတော့သည်။
ရှန်ဖုန်းမင်က သူမ၏လက်ထဲက စုတ်တံနှင့်စာရွက်ကို ကြည့်လိုက်၏။ ဒီလိုဖြစ်နေတာကိုး။
“ မင်း ဘာကို မှတ်ထားချင်တာလဲ၊ ကျွန်တော် မင်းအတွက် ရေးပေးမယ်လေ” သူက ပြောလိုက်၏။
ထိုစကားသည် ကျန်းယွင်ကျူး၏စိတ်ထဲတွင် မီးရှူးမီးပန်းများ ပေါက်ထွက်နေသည့်အလား။ သူ ဘာပြောလိုက်တယ်။ သူက သူမကို စာရင်း မှတ်ကူပေးချင်တယ်တဲ့လား။ သူမ နားကြားများ မှားသွားတာလား။ ဒါမှမဟုတ် ဒီနေ့ သူ ထူးထူးခြားခြား စိတ်ကောင်းဝင်ပြီး အထူးတလည် စာရေးချင်နေတာလား။
ရှန်ဖုန်းမင်က ကျန်းယွင်ကျူး၏လက်ထဲက စုတ်တံကို ယူလိုက်ပြီး သူမကို စ,လို့ရပြီဟု အချက်ပြလိုက်လေသည်။
ရှန်ဖုန်းမင်က သူ့စုတ်တံကို မှင်ရည်ထဲတွင် နစ်လိုက်ပြီး စားပွဲရှေ့တွင်ရပ်လိုက်သည်။
“မုတ်ဆိတ်နဲ့ ဧည့်သည်၊ ၅လျန်၊ ၁၀လပိုင်း ၂၆ရက် နေ့လယ်စာ၊ အသားပြုတ်တစ်ပွဲ၊ ၂၀ ဝမ်၊ ထမင်းတစ်ပွဲ ၂ ဝမ်။
မျက်နှာမဲနဲ့ဧည့်သည် ၈လျန်၊ ၁၀လပိုင်း ၂၆ရက် နေ့လယ်စာ၊ ကလီစာတစ်ပွဲ ၁၈ ဝမ်၊ ထမင်းတစ်ပွဲ ၂ ဝမ်။
ပိန်ပိန်နဲ့ဧည့်သည် ၇လျန် ၊ ၁၀လပိုင်း ၂၆ရက် နေ့လယ်စာ၊ ငါးအခြောက်ချက် တစ်ပွဲ ၃၀ ဝမ် ၊ ထမင်းတစ်ပွဲ ၂ ဝမ်”
သည်နေ့ ဧည့်သည်သုံးယောက်၏ စာရင်းနှင့်ပတ်သက်ပြီး အမှန်တွင်တော့ ကျန်းယွင်ကျူးသည် ဒုစစ်သူကြီးသုံးယောက်၏ မျိုးနွယ်နာမည်များကို သိလေသည်။ သို့သော် သူမသည် ရှန်ဖုန်းမင်ကို မသိစေချင်ပေ။ ထို့ကြောင့် သူမက သည်လိုသာ ပြောလိုက်လေသည်။
နားထောင်ရင်း ရှန်ဖုန်းမင်က စာရွက်ပေါ်တွင် ချရေးလိုက်၏။
သူသည် ပုံမှန်လက်ရေးတစ်ခုဖြင့် ရေးလိုက်သည်။ သူ့စာလုံးများသည် သပ်ရပ်ပြီး သူ့လိုပင် တည်ကြည်ပေသည်။ စာလုံးတစ်ခုစီက တိုဟူးတုံးလေးတစ်တုံးလို သပ်ရပ် ပြတ်သားလှသည်။
လှပသည့်လက်ရေးတစ်ခုသည် ပန်းချီကားတစ်ခုနှင့် တူလေသည်။ စာမတတ်သူများပင် ထိုလက်ရေးကို လှသည်ဟု ထင်ကြလိမ့်မည်။
သည်အခိုက်အတန့်တွင် အမျိုးသမီးချန်နှင့် တခြားသူများက ရှန်ဖုန်းမင် ရေးထားသည့် စာလုံးများကို တအံ့တဩ ကြည့်နေကြပြီး စာလုံးများထဲတွင် မှော်အစွမ်းများ ပါနေသည်ဟု ခံစားလိုက်ရတော့သည်။
စာလုံးလေးတွေက လှလိုက်တာ။ ကျန်းယွင်ကျူးသည် အပြည့်အဝလေးစားအားကျ သွားတော့သည်။
အခန်းသည် တိတ်ဆိတ်နေ၏။ ယန်ရှန့်သည် အပြင်မှ ပြန်လာချိန်တွင် ရှန်ဖုန်းမင်က လက်ထဲတွင် စုတ်တံတစ်ချောင်းကို ကိုင်ကာ စားပွဲရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ သူ့ဘေးတွင် ကျန်းယွင်ကျူးနှင့် တခြားသူများက ရပ်နေကြသည်။
သူသည် အားတက်သရာ မျက်တောင်ခတ်လိုက်ပြီး အမြင်များ မှားလေသလားဟု သင်္ကာမကင်း ဖြစ်သွားတော့သည်။
ဒါမှမဟုတ် ဒီရှန်ဖုန်းမင်က အတုများလား။
…