အပိုင်း (၂၁)
“ဘာတွေလုပ်နေကြတာလဲ”
ယန်ရှန့်က တစ်ခုခုထူးခြားနေသည်ကို ရှာတွေ့လိုက်သည့်အလား အခန်းထဲက လူတိုင်းကို မေးလိုက်လေသည်။
သူ့ကို သည်ပုံစံ တွေ့လိုက်ရသဖြင့် ရှန်ဖုန်းမင်က သူ့ကို စကားမပြောချင်တော့ပေ။ သူ စကားပြောလိုက်လျှင်လည်း တစ်ခုခု ဖြစ်ပေတော့မည်။
အမျိုးသမီးချန်က ပြုံးကာ ပြန်ဖြေလိုက်၏။
“ ယွင်ကျူးက အလုပ်အတွက် စာရင်းမှတ်ချင်တာလေ ဒါပေမဲ့ အဒေါ်တို့တွေက စာမတတ်ကြဘူး၊ ဒီသခင်လေးက သူ့အတွက် စာရေးပေးနေတာ”
ထို့နောက် သူမက ယန်ရှန့်ကို မေးလိုက်၏။
“ ဆန်တွေ စုလို့ရခဲ့ရဲ့လား”
“ နည်းနည်းပါးပါး ရခဲ့ပါတယ်၊ ဒါပေမဲ့ တစ်ယောက်ထဲ သယ်လို့မနိုင်ဘူးလေ၊ အခုတော့ မစုထားသေးပါဘူး၊ ကျွန်တော့်လူတွေ ရောက်လာမှပဲ ဒီကိစ္စ ပြောကြမယ်” ယန်ရှန့်က ပြန်ဖြေလိုက်လေသည်။
အမျိုးသမီးချန်က ခေါင်းညိတ်ပြလိုက်၏။ သူတို့ရဲ့လူတွေ မရောက်လာသေးကြတာကိုး။ သူမ ပြောပါတယ်။ သူတို့နှစ်ယောက်ထဲနဲ့ ဘယ်လိုလုပ်ပြီး ဆန်ရောင်းဝယ်နိုင်မှာလဲလို့။
ကျန်းယွင်ကျူး၏ စိတ်ထဲတွင် အချက်ပေးသံများ မြည်သွားတော့သည်။ ယန်ရှန့် ပြောလိုက်တဲ့ သူ့လူတွေဆိုတာ ချီလင်ကိုယ်ရံတော်တပ်ပဲ ဟုတ်တယ်မလား။ မုန်တိုင်းကတော့ လာနေပြီ….
ယန်ရှန့်သည် သည်အကြောင်းကို လုံးဝမပြောချင်ပေ။ သူက အခုလောလော ရှန်ဖုန်းမင်းက ကျန်းယွင်ကျူးအတွက် စာရင်း ရေးပေးနေသည့်ကိစ္စကိုသာ ဂရုစိုက်သည်။ ရှန်ဖုန်းမင်က စာရင်းရေးပေးနေတာတဲ့လား။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီး ရှန့်ဖုန်းမင်ဘေးတွင် မှီလိုက်ကာ စားပွဲကို ကြည့်လိုက်လေသည်။
“ မျက်နှာမည်းနဲ့ဧည့်သည် ဝက်ကလီစာ ၁၈ ဝမ်….”
သူ မထိန်းနိုင်တော့ဘူး။ ရုတ်တရက် အော်ရယ်ချင်စိတ် ပေါက်သွားပြီ။ ဘာလုပ်ရမလဲ။
ဂုဏ်သရေရှိ ချီလင်ကိုယ်ရံတော်တပ်မှူး။ သူ့စုတ်ချက်က လောကကြီးကိုတောင် ချိုးဖျက်လို့ရတယ်။ သူ့စုတ်ချက်က သေခြင်း ရှင်ခြင်းကို အဆုံးအဖြတ်ပေးခဲ့တယ်။ စာလေးတချို့ ရေးပေးဖို့ ရွှေထောင်ချီပေးပြီး သူ့ကို တောင်းဆိုကြတဲ့သူတွေ ဘယ်လောက်များလိုက်သလဲ။ ဒါပေမဲ့ သူက အားလုံးကို လျစ်လျူရှုထားခဲ့တာမလား။ အခုကျတော့ ဘာတဲ့။ သူက ဒီလိုယိုယွင်းနေတဲ့အိမ်လေးမှာ ဒီလိုအကြောင်းအရာတွေကို ရေးပေးခဲ့သတဲ့လား။
မြို့တော်က ရာထူးကြီး အရာရှိတွေနဲ့ အမျိုးသမီးတွေသာ သိသွားရင်တော့ဖြင့်…
ယန်ရှန့်သည် သည်စာရင်းကို ကျန်းယွင်ကျူးထံမှ ရုတ်တရက် တောင်းပြန်ချင်စိတ် ဖြစ်သွားတော့သည်။
ရုတ်တရက်ဆိုသလို သူသည် တုန်ရီသွားတော့သည်။ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ရှန်ဖုန်းမင်၏ အကြည့်နှင့် သွားဆုံလေသည်။
ယန်ရှန့်က ပြုံးလိုက်ပြီး ခုနက သူ့စိတ်ကူးကို လက်လျှော့လိုက်တော့သည်။ သူ့တွင် ကိစ္စများကို ဆောင်ရွက်ရာ၌ မှန်ကန်သည့်ကျင့်ဝတ်တစ်ခုတော့ ရှိသေးလေသည်။ သို့သော် စိတ်ကူးသစ်တစ်ခုက သူ့စိတ်ထဲ ရောက်လာခဲ့တော့သည်။ သူက ကျန်းယွင်ကျူးကို ပြောလိုက်၏။
“ စာရင်းမှတ်တာက ရေရှည်ကိစ္စနော်၊ ကျွန်တော်တို့တွေက ဒီမှာ အကြာကြီးနေဖြစ်ချင်မှ နေဖြစ်မှာ။
လူတစ်ယောက်ကို ငါးတစ်ကောင် ပေးလိုက်တာထက် ငါးမျှားနည်းသင်ပေးလိုက်မယ်ဆိုရင်ကော ဘယ်လိုလဲ၊ မင်း စာဖတ်တတ်လာအောင် သူ့ကို သင်ခိုင်းလိုက်ပါလား။
မင်းကိုယ်တိုင်လည်း ရေးတတ်သွားမယ်၊ နောက်ဆိုရင် အများကြီးပိုအဆင်ပြေသွားလိမ့်မယ်”
ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့နှစ်ယောက်လုံးက သူ့ကို ငေးကြည့်လိုက်ကြလေသည်။
ကျန်းယွင်ကျူးမှာ မယုံကြည်နိုင် ဖြစ်သွားတော့သည်။ သူ ဘာပြောလိုက်တယ်။ သူမကို စာဖတ်တတ်အောင် သင်ပေးဖို့ ရှန်ဖုန်းမင်ကို ပြောရမယ်ဟုတ်လား။ သူ ဘာတွေ စဥ်းစားနေတာလဲ။ သူ့ခေါင်းက မြည်းတစ်ကောင် ကန်တာ ခံလိုက်ရတာလား။
“ရှင်တို့အလုပ်တွေကို နှောင့်နှေးစေမှာ စိုးမိပါတယ်” သူမက ယဥ်ယဥ်ကျေးကျေး ငြင်းလိုက်တော့သည်။
“ မနှောင့်နှေးပါဘူး”
ယန်ရှန့်သည် မိုင်းတွင်း စုံစမ်းခြင်းအရေးကို လုံးဝစိတ်မဝင်စားပေ။ နန်းတွင်းရေးက အရှုပ်တော်ပုံတစ်ခုပဲလေ။ ပြဿနာတက်ပြီးရင်လည်း ဒုံရင်း ဒုံရင်းပဲ။ ရှန်ဖုန်းမင်က တခြားလူတွေကို စာဖတ်နည်းသင်ပေးတာကမှ ပိုစိတ်ဝင်စားဖို့ကောင်းသေးတယ်။
“ ပြီးတော့ ကျွန်တော်တို့တွေက မင်းရဲ့အိမ်မှာ စားသောက်ပြီး တည်းခိုနေတာပဲ၊ ကျွန်တော်တို့လည်း မင်းတို့ကို ကျေးဇူးပြန်ဆပ်ရမှာပေါ့၊ မင်းကို စာဖတ်တတ်အောင် သင်ပေးတာက အကောင်းဆုံးနည်းပဲ”
သူက ကျိုးကြောင်း သက်သေနှင့် ပြောလိုက်လေသည်။
“ ကျွန်မ ရှင်တို့ကို စိတ်ရှုပ်အောင်မလုပ်ရဲပါဘူး၊ ပြီးတော့ ရွာထဲမှာလည်း စာရေး ဖတ်တတ်တဲ့သူတွေ ရှိပါတယ်၊ သူတို့တွေက စာသင်သားတွေလေ၊ သူတို့တွေက အရမ်းတော်တယ်လို့ ကြားဖူးတယ်”
ကျန်းယွင်ကျူးက ပြောလိုက်၏။
“ သမီးက ယန်ကျိုးအကြောင်း ပြောနေတာပဲ ဟုတ်တယ်မလား” အမျိုးသမီးချန်၏မျက်လုံးများက လင်းလက်သွားတော့သည်။ ကုယန်ကျိုးသည် ချောမောသည့် စာသင်သားတစ်ယောက်ပင်။
ယန်ရှန့်က တစ်ခုခုကို ထပ်ပြောမည် ပြင်လိုက်၏။
“ ရပါတယ်” ရှန်ဖုန်းမင်က ပြောလိုက်လေသည်။
သူက ကျန်းယွင်ကျူးကို ကြည့်လိုက်ပြီး
“ မင်း သင်ချင်ရင် ကျွန်တော် နေ့တိုင်း နာရီဝက်လောက် သင်ပေးလို့ရပါတယ်”
ကျန်းယွင်ကျူး…. သူမ သင်ချင်ပါတယ်။ ဒါပေမဲ့ သူ့ဆီကတော့ မသင်ချင်ဘူးလေ။ ဒါပေမဲ့ စကားက ပြောပြီးသားလည်း ဖြစ်နေပြီ။ သူသည် ကျန်းလင်နှင့် သူမဘေးက တခြားသူများကြည့်လိုက်ပြီး သူ့ကို မေးလိုက်လေသည်။
“ သူတို့တွေရော အတူတူသင်လို့ရလား”
သူမ သူနဲ့ နှစ်ယောက်ထဲ တကယ်မနေချင်ဘူးလေ။
ဒါပေါ့။ သူက သဘောမတူဘူးဆိုရင်လည်း ပြီးတာပဲလေ။
“ ရပါတယ်”
ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။ သူတို့သည် ရုန်းကန်နေရပြီး ရုတ်တရက် စာလေ့လာချင်မှန်း တွေ့လိုက်ရလေသေည်။ လူတစ်ယောက်ကို စာသင်ပေးရခြင်းနှင့် လူလေးယောက်ကို စာသင်ပေးရခြင်းက ဘာမှမပြောင်းလဲသွားချေ။ သူသည် သည်နေရာတွင် အချိန်အကြာကြီး နေမည့်သူလည်းမဟုတ်ပေ။ မည်မျှ လေ့လာနိုင်သည်က သူတို့အပေါ်တွင်သာ မူတည်လေသည်။
“ကျေးဇူးတင်ပါတယ်ရှင်” ကျန်းယွင်ကျူးက ပြောလိုက်၏။
ရှန်ဖုန်းမင်က ဘာမှမပြောပေ။ ယန်ရှန့်ကတော့ စိတ်လှုပ်ရှားရင်း ပြောလိုက်တော့သည်။
“ ကျွန်တော်တို့ကို တကယ်ကျေးဇူးတင်ရင်လေ အရသာရှိတာလေးတွေကို ချက်ကျွေးရင် ရပါပြီ”
မနက်ခင်းက ပန်ကိတ်ကို ပြန်စဥ်းစားလိုက်မိပြီး စိတ်ထဲတွင် မျက်ရည်များ ဖြိုင်ဖြိုင်ကျသွားတော့သည်။ သူ ပန်ကိတ်များကို မည်သို့ မျိုချခဲ့ရသည့်အဖြစ်ကို မိုးနတ်မင်းသာ သိပေမည်။
ယန်ရှန့်သည် သူ့ကိုယ်သူ ဘယ်လိုပျော်အောင်ထားရမှန်း သိသူဖြစ်လေသည်။ သို့မဟုတ်လျှင် သူသည် အပြင်ထွက်ပြီး သူ့အတွက် လျှာအရသာခံနိုင်စေရန် ဆိုင်ရှင်အား တောင်းဆိုလိမ့်မည်မဟုတ်ချေ။
“ ဒါနဲ့ ဒါက ကျွန်တော်တို့ကို ချက်ပြုတ်ပေးဖို့အတွက် ငွေပါ”
သူသည် ငွေတုံးသေး တစ်တုံးကို ထုတ်ကာ ကျန်းယွင်ကျူးထံ လှမ်းပေးလိုက်လေသည်။
ငွေ၅လျန်။ ကျန်းယွင်ကျူးမှာ သည်ငွေကို လက်ခံဖို့ရာ မည်သို့ဆန္ဒရှိပါမည်နည်း။
“ မလိုပါဘူးရှင်”
သူတို့တွေ ချက်ပြုတ်ပေးရတာက ငွေနည်းနည်းပဲ ကုန်တာပါ။ ဒီလိုခေတ်စနစ်ကြီးမှာ စာသင်ပေးဖို့ ဆရာတစ်ယောက်ရှာပြီး ဆရာ့ဉာဏ်ပူဇော်ခက အရမ်းကို စျေးကြီးတာလေ။ သူတို့လေးယောက်က ရှန်ဖုန်းမင်ဆီက စာသင်ရတာနဲ့တင် အကျိုးရှိနေပြီးပြီ။ ရှန်ဖုန်းမင်က သာမန်ဆရာတစ်ယောက် ဆိုရင်တောင်မှပေါ့။
သို့တိုင် ယန်ရှန့်က ငွေကို သူမ၏လက်ထဲသို့ ထိုးထည့်ပေးလိုက်လေသည်။
“ ဒီလိုပဲ သတ်မှတ်လိုက်ပြီ၊ ကျွန်တော်တို့တွေ နေ့လယ်စာ ဘာစားကြမှာလဲဟင်”
သူ မစောင့်နိုင်တော့ပေ။
ကျန်းယွင်ကျူးက ကောင်းကင်ကို မော့ကြည့်လိုက်၏။ နေ့လယ်စာ ပြင်ဆင်ရမဲ့အချိန်ရောက်ပြီပဲ။
သူမသည် မီးဖိုဆောင်ထဲ ဝင်သွားလိုက်ပြီး ငါးကြင်းကို ညှီနံ့ပျောက်သွားစေရန် အပြင်ခွံ ရွှေဝါရောင်သန်းသည်အထိ ကြော်လိုက်ပြီး သူ့လတ်ဆတ်မှုကို ပိုတိုးအောင် လုပ်လိုက်သည်။ ငရုတ်သီးနှင့် ဝက်သားဆာတေး ပါးပါးလှီးမွှေကြော်က မီးပြင်းပြင်းလိုအပ်သည်။ သူ့ကို မီးပြင်းပြင်းနှင့်ကြော်မှ အရသာကောင်းကောင်း ထွက်နိုင်သည်။ ကလီစာကြော်ချက်က အိုးထဲတွင်လှိမ့်နေ၏။ အပိုင်းတိုင်းကို ကြည်လင်သည့် စွပ်ပြုတ်အရည်နှင့် ဖုံးအုပ်ထားသည်။ ဝက်ဗိုက်သားကြော်ကို အခေါက်များ ဖောင်းထွက်လာသည်အထိ ဆီပူပူထဲတွင် နှစ်ကြော်ပြီးမှ သူ့ကို ပေါင်းအိုးထဲ ထည့်ရသည်။
ကျန်းယွင်ကျူးက အလယ်တွင် ရှိနေပြီး အမျိုးသမီးချန်၊ ကျန်းလင်နှင့် ကျန်းယွင်ရှို့တို့သည် သူမဘေးတွင် အလုပ်များနေကြသည်။ မီးဖိုဆောင်သေးသေးလေးသည် မီးခိုးငွေ့နှင့် မီးတို့ဖြင့် ပြည့်နေလေသည်။
ယန်ရှန့်က အခန်းထဲတွင် ရှန်ဖုန်းမင်နှင့် ဝူလင်တောင်၏ မြေမျက်နှာသွင်ပြင်ပြ မြေပုံကို လေ့လာနေသည်။ အပြင်ဘက်က အနံ့က သူ့နှာခေါင်းထဲသို့ တစ်ခုပြီးတစ်ခု ဆက်တိုက်တိုးဝင်လာသည်။ ရုတ်တရက် သူသည် မြေပုံကို ပစ်ထုတ်လိုက်ပြီး တာဝန်ကို ဘေးချိတ်ထားလိုက်ကာ ရပ်လိုက်တော့သည်။ ဒီလိုအရသာရှိတဲ့ လေစီးကြောင်းနဲ့ ဘယ်သူက ပြင်းစရာကောင်းတဲ့ဟာတွေကို ကြည့်ချင်တော့မှာလဲ။ သူသည် တံခါးဆီ လျှောက်သွားလိုက်ပြီး မီးဖိုဆောင်ဘက် မျှော်ကြည့်ရင်း နေ့လယ်စာကို စောင့်စားနေတော့သည်။
ရှန်ဖုန်းမင်က သူအကျင့်ကို သိနေသည်။ ထို့ကြောင့် သူ့ကို ဖိအားမပေးတော့ဘဲ တစ်ယောက်ထဲ ဆက်လေ့လာနေလိုက်သည်။ သူ့နှာခေါင်းဖျားက ရနံ့က သူ့အတွေးများကို အနည်းငယ် ဝင်နှောင့်သွားရုံသွားသာ။
“ ထမင်း အဆင်သင့်ဖြစ်ပြီလား” ကျန်းယွင်ကျူးက မေးလိုက်၏။
“ အာလုံးခူးပြီးပြီ၊ သုံးပန်းကန်” အမျိုးသမီးချန်က ပြန်ဖြေလိုက်၏။
“ ထမင်းဘူးက ဘယ်မှာလဲ” ကျန်းယွင်ကျူးက ထပ်မေးလိုက်သည်။
“ ဒီဖက်မှာ” ကျန်းယွင်ရွှယ်က မြန်မြန်ပြန်ဖြေလိုက်သည်။
“ဒါဆို အိုးထဲက ထုတ်လိုက်တော့”
ကျန်းယွင်ကျူးက စကားပြောပြီးသည်နှင့် ငါးကို ပန်းကန်ထဲ လောင်းထည့်လိုက်ပြီး တခြားပန်းကန်ပြား တစ်ချပ်နှင့် မြန်မြန်အုပ်ထားလိုက်ကာ ချည်သားပိတ်စ တစ်စဖြင့် ထုပ်လိုက်ပြီး ထမင်းဘူးထဲ ထည့်လိုက်လေသည်။ သူမက ကျန်းလင်ကို မှာလိုက်သေးသည်။
“ လမ်းမှာ သတိထားနော်၊ ဘယ်နားမှာ ဘယ်သူ့ဆီကို သွားပို့ရမယ်ဆိုတာ သိလား”
“ အစ်မ စိတ်မပူပါနဲ့”
ကျန်းလင်က အော်ပြောလိုက်၏။ သူ သိတယ်လေ။
“အင်း”
ကျန်းယွင်ကျူးက သူ့ခေါင်းလေးကို ပုတ်ပေးလိုက်၏။ အလုပ်ကြိုးစားလို့ ကျေးဇူးပဲနော်။
ကျန်းလင်သည် ပင်ပန်းသည်ဟု လုံးဝမမြင်ချေ။ သူသည် ထမင်းဘူးကိုင်ရင်း ခြံပြင်သို့ထွက်သွားကာ တစ်ကီလိုမီတာဝေးသည့် တောင်ပေါ်လမ်းအတိုင်း ခပ်သွက်သွက်လျှောက်သွားလိုက်တော့သည်။
အသားအစပ်အရသာ၊ မွှေးပျံ့နေတဲ့ ငါးနဲ့ မီးပူတိုက်ထားတဲ့ ကလီစာ။ ယန်ရှန့်သည် ပန်းများ ညိုးသွားသည်အထိ စောင့်နေလိုက်၏။ ထိုဟင်းများကို ထမင်းဘူးထဲထည့်ပြီး သယ်ထုတ်သွားသည်ကို တွေ့လိုက်ရသောအခါ ဆွံ့အသွားတော့သည်။ ဒီဟင်းလျာတွေက သူ့အတွက် မဟုတ်ဘူးလားဟ။
“ ဧည့်သည်တို့နှစ်ယောက် စားလို့ရပါပြီ”
ချိုသာသည့်အသံတစ်ခု ထွက်လာလေသည်။ ယန်ရှန့်သည် သတိပြန်ဝင်လာပြီး ကျန်းယွင်ကျူးက လင်ပန်းတစ်ချပ်နှင့် လျှောက်လာသည်ကို တွေ့လိုက်ရတော့သည်။
ပြောရင်းဆိုရင်းနှင့် သူမသည် အခန်းထဲသို့ရောက်လာပြီး လင်ပန်းပေါ်က ပစ္စည်းများကို စားပွဲပေါ်သို့ နေရာချလိုက်လေသည်။
ထမင်းဖြူနှစ်ပန်းကန်နှင့် အလယ်တွင် ဟင်းသုံးမျိုးရှိနေသည်။
ပထမဟင်းက မြစိမ်းရောင်မုန်ညင်းထုပ်ကို အလယ်မှာ မဟူရာရောင်အသားတွေကို တင်ထားတာပဲ။
“ ကောင်းလိုက်တာ စိုပြေနေတာပဲ၊ ချယ်ရီရွက်တွေကြားက အနီရောင်လေးလိုပဲ”
အနီရောင်နဲ့ အစိမ်းရောင်တို့က အပြန်အလှန် လိုက်ဖက်နေတာပဲ။ ဒါက အသားကို ပိုနီရဲလာစေပြီး ဆွဲဆောင်မှု ရှိစေတာပဲ။
ဒါကို ချယ်ရီအသားလို့ ခေါ်တယ်လေ။ အသားကို ချယ်ရီသီးလို ကျွပ်ကျွပ်လေးနဲ့ ချိုနေအောင် လုပ်ထားတာ။
ဒုတိယဟင်းကတော့ အရမ်းမထူးခြားပါဘူး။ ဝက်သားကြော်။ ဒါပေမဲ့ ရဲရဲနီနေတဲ့အရောင်နဲ့ အစပ်ပြင်းပြင်းအရသာက တကယ်ဆွဲဆောင်မှုရှိတယ်။ ဒါက ငရုတ်ပွ၊ငရုတ်သီးနဲ့ထည့်လုပ်ထားတဲ့ ဝက်သားဆာတေးပဲ။
တတိယဟင်းက အရည်ရော အဖတ်ရောပါတယ်။ ကျန်းယွင်ကျူးသည် စျေးထဲတွင် ကျောက်ဖရုံသီးများမှာ စျေးပေါသည်ကို တွေ့လိုက်ရသဖြင့် နည်းနည်းဝယ်လာခဲ့လိုက်သည်။ ယခုမူ သူမသည် ကျောက်ဖရုံသီး အသားလုံးဟင်းရည်နည်းနည်း လုပ်ဖြစ်သွားခဲ့သည်။
“ ဧည့်သည်တို့ရဲ့ အရသာနဲ့မှ ကိုက်ပါ့မလားတော့ မသိဘူး၊ ဒီနေ့ နည်းနည်းအလောတကြီးဖြစ်သွားတယ်၊ နောက်တစ်ခါ ဧည့်သည်တို့ စားချင်တာရှိရင် ကျွန်မကို ကြိုပြောထားလို့ရတယ်နော်’
ကျန်းယွင်ကျူးက ပြောလိုက်လေသည်။ ဒီနေ့ စျေးသွားတော့ ဒုစစ်သူကြီးကျောက်နဲ့ တခြားလူတွေအတွက် နေ့လယ်စာချက်ပေးဖို့ နည်းနည်းပါးပါး ဝယ်လာခဲ့တာပဲ။ ယန်ရှန့်နဲ့ ရှန်ဖုန်းမင်တို့အတွက် ချက်ပေးရလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူးလေ။
သူမက မနက်ဖြန်မနက် အသားပန်ကိတ်လုပ်ဖို့ ဝက်သားကို သုံးမယ်လို့ စဥ်းစားထားတာ။ အခုတော့ အရေးပေါ်ဖြစ်နေတာနဲ့ ဒါတွေကို သုံးလိုက်ရပြီ။
“ကိုက်ပါတယ်၊ သေချာပေါက်ကို ကိုက်တယ်”
ယန်ရှန့်က အခါခါပြောလိုက်ပြီးနောက် မေးလိုက်လေသည်။
“ ခုနက ထမင်းဘူးက ဘယ်သူ့အတွက်လဲ”
ကျန်းယွင်ကျူးက ဧည့်သည်အတွက်ပါဟု ဖြေလိုက်ပြီး နောက်ပိုင်းကျလျှင် သူမသည် သည်လုပ်ငန်းကို လုပ်ချင်သည့်အကြောင်း ရှင်းပြလိုက်လေသည်။
ယန်ရှန့်သည် စောစောက ရှန်ဖုန်းမင် ရေးပေးခဲ့သည့် ကလီစာနှင့် ငါးအခြောက်ချက်ကြောင်း စာရင်းစာအုပ်ကို စဥ်းစားမိသွားပြီး ချက်ချင်း သဘောပေါက်သွားတော့သည်။
ကျန်းယွင်ကျူးက ထွက်သွား၏။
ယန်ရှန့်က စားပွဲနားတွင်ထိုင်ချလိုက်သည်။
“ ငါကတော့ အခွင့်အရေး လက်လွတ်သွားတယ်လို့ ခံစားနေရတုန်းပဲ”
သူသည် အသားပြုတ်နှင့် ငါးချက်ကိုလည်း စားချင်နေသေးသည်။ သို့သော် ထိုဟင်းများက တခြားသူ၏ပါးစပ်ထဲ ရောက်သွားပေပြီ။
“ ဒီဟင်းတွေက မင်းအတွက် မလောက်သေးဘူးလား” ရှန်ဖုန်းမင်က ပြောလိုက်၏။
“လောက်ပါတယ်၊ ဒါပေမဲ့ လက်လွှတ်လိုက်ရတယ်လို့ ခံစားရလို့ပါကွ”
သူသည် အခုချက်ချင်း ကျန်းယွင်ကျူးအား ငွေတစ်စပေးပြီး ဟင်းအားလုံး ချက်ခိုင်းစေချင်လိုက်တော့သည်။ သို့သော် ဒါက မကောင်းမှန်း သူ သိလေသည်။ ကြိုမှာရသည့် အရာဖြစ်ပြီး ကျန်းယွင်ကျူးက စီးပွားရေးလုပ်နေခြင်းပင်။ တခြားသူကို ပေးရမည်က ပြောရန်ပင် မလိုချေ။
ရှန်ဖုန်းမင်က သူ့ကို လျစ်လျူရှုထားလိုက်ပြီး ချယ်ရီအသားတစ်တုံးကို စားလိုက်တော့သည်။
“ မိုးမခရွက်လေးလို မျက်ခုံး၊ ကြာပွင့်လို ပါးပြင် ၊ ချယ်ရီရောင်နှုတ်ခမ်းနဲ့ ခေါင်းရန်းပန်းလို နဖူးပြင်လေး”
ယန်ရှန့်က ချယ်ရီအသားကို ကြည့်ကာ တစ်ဖန်ပြုံးလိုက်ပြန်သည်။ သူသည် ချယ်ရီအသား အကြောင်းပြောနေသည်လား လူကိုပြောနေသည်လားတော့ မသိရပေ။
ရှန်ဖုန်းမင်က ချယ်ရီအသားကို ကိုက်လိုက်၏။ သူ့စကားကို ကြားလိုက်ရသည်တွင် ရှန်ဖုန်းမင်သည် ထိုလူကို ရုတ်တရက်ဆိုသလို သတိရသွားတော့သည်။ အဲဒီနှုတ်ခမ်းလေးပဲ။
…