အပိုင်း (၁၉)
ကျန်းယွင်ကျူးသည် သူမ၏ရှုပ်ထွေးနေသည့်ဆံပင် နားနားတွင် သပ်တင်လိုက်ပြီး မြည်းလှည်းပေါ် တက်သွားတော့သည်။
ရွှီချင်ရှန့်က မြည်းလှည်းအတိုင်း မောင်းထွက်သွား၏။
အမျိုးသမီးချန်က အချိန်တော်တော်ကြာအောင် စောင့်ကြည့်နေလိုက်ပြီးမှ အပြုံးတစ်ခုဖြင့် ခြံထဲ ဝင်လာခဲ့လေသည်။ ထို့နောက်တွင်တော့ သူမသည် ဘေးအခန်းမှ ထွက်လာသည့် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့ကို တွေ့လိုက်ရလေသည်။
သူမသည် နည်းနည်း အံ့ဩသွား၏။ ဒီကုန်သည်နှစ်ယောက် ထွက်ပြီလို့တောင် ထင်ထားတာလေ။
အကယ်၍များ သူတို့သည် အခန်းငှားနေသည် လမ်းပျောက်သွားသော ကုန်သည်များ ဖြစ်ခဲ့လျှင် ငွေရှာဖို့အတွက် မနက်အာရုံတက်ကတည်းက ထွက်သွားသင့်ပေသည်။
သို့သော် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့က ထွက်မသွားကြပေ။
သူတို့နှစ်ယောက်သည် ကျန်းယွင်ကျူးနှင့် တခြားသူများ ထွက်ပြီး သိပ်မကြာခင် မနက်ပိုင်းတွင် ထွက်သွားခဲ့ကြသည်။ သူတို့သည် တောင်ပေါ်သို့ တက်ခဲ့ပြီး ဝူလင်မိုင်းတွင်းအခြေအနေကို စစ်ဆေးခဲ့ကြသည်။ ထို့နောက်တွင် ယန်ရှန့်က စားသောက်ရန်အတွက် ကျန်းအိမ်သို့ ပြန်ကြမည်ဟု ပူညံပူညံ လုပ်တော့သည်။ ထို့ကြောင့် သူတို့သည် ပြန်လာခဲ့ကြတော့သည်။
အမျိုးသမီးချန်၏ အမူအရာကို မြင်လိုက်ရပြီးနောက် ယန်ရှန့်၏စိတ်က ပြောင်းသွားပြီး မြန်မြန် ပြောလိုက်တော့သည်။
“ အဒေါ် ကျွန်တော်တို့တွေ ဒီရွာမှာ စပါးကောက်ချင်လို့ပါ၊ ဘယ်သူ့ဆီမှာ ဆန်ရှိပြီး ဘယ်သူတွေ ဆန်ရောင်းချင်လဲ သိသလား”
ဒီလိုဖြစ်နေတာကိုး။ အခုမှ အမျိုးသမီးချန်သည် အမှန်တကယ် စိတ်အေးသွားတော့သည်။ သူတို့တွေက ဆန်ကုန်သည်တွေပဲ။
“ စားပြီးရင် အဒေါ် ရွာသူကြီးအိမ် သွားပြီး မင်းတို့အတွက် မေးပေးမယ်နော်” သူမက ပြန်ဖြေလိုက်၏။
အစားစားရတော့မည်ဟု ကြားလိုက်သည်တွင် ယန်ရှန့်သည် သူ့အင်အားများ ပြန်ပြည့်လာတော့သည်။ မနက်ခင်းစောစော စီးစီး တောင်ကို ပတ်လိုက်ရသဖြင့် အေးကာ ဗိုက်ဆာနေခဲ့သည်။ သူသည် အစောကြီးကတည်းက စားချင်ခဲ့လေသည်။
သူတို့တွေ ဒီနေ့ ဘာစားရမှာပါလိမ့်။ မနေ့က စွပ်ပြုတ်က မဆိုးဘူး။ ပန်ကိတ်ကလည်း စားကောင်းတယ်။ အရံဟင်းတွေကိုလည်း သေသေချာချာလုပ်ထားတယ်…
အမျိုးသမီးချန်သည် အစားအစာများကို ယူလာသောအခါ ယန်ရှန့်က သူ့လက်ထဲက ဖုန်တက်နေသည့် ပစ္စည်းများကို ဖျစ်ညှစ်လိုက်လေသည်။ သူ့မျက်လုံဲးများကို သေချာသုံးကာ ရှန်ဖုန်းမင်ကို မေးလိုက်တော့သည်။ ဒါက ပန်ကိတ်မှ ဟုတ်ရဲ့လား။ ဘာလို့ ဒီအရောင်ဖြစ်နေတာလဲ။
ပြောင်းဂျုံပန်ကိတ်များက သည်အရောင်ပင်။ အမျိုးသမီးချန်က အနည်းငယ်ရှက်သွားတော့သည်။ ကျန်းယွင်ကျူးအိမ်တွင် မရှိသဖြင့် အိမ်တွင် ဘာတစ်ခုမှ မရှိချေ။ ထို့ကြောင့် သူမက ဧည့်သည်နှစ်ယောက်ကို ဒါကိုသာ ကျွေးနိုင်တော့သည်။
ဒါသည် သူတို့၏နေ့စဥ်အစားအသောက်လည်း ဖြစ်လေသည်။
ရှန်ဖုန်းမင်က ယန်ရှန့်ကို ဂရုစိုက်မနေဘဲ ပန်ကိတ်ကို ယူစားလိုက်လေသည်။ သူသည် ဘာအမူအရာမှ မပေါ်ဘဲ ဖြည်းဖြည်းချင်း စားလိုက်လေသည်။ ယန်ရှန့်သည် ပန်ကိတ်မှာ ရုပ်ဆိုးသည်ဟု ထင်ခဲ့သော်လည်း အမှန်တွင်တော့ အရသာက ကောင်းပေသည်။
သူက ခပ်ကြမ်းကြမ်းက အကိုက်ကြီးတစ်ကိုက် စားလိုက်တော့သည်။ ထိုနောက်တွင်တော့…. သူသည် ကျန်းယွင်ကျူးကို စတင်လွမ်းလာလေသည်။
စားသောက်ပြီးနောက် အမျိုးသမီးချန်က ရွာသူကြီးအိမ်သို့ သွားကာ ဆန်ကုန်သည်နှစ်ယောက်က သူမအိမ်သို့ရောက်လာပြီး ရွာထဲတွင် ဆန်ရောင်းချင်သူ ရှိ၊ မရှိမေးနေကြောင်း အကျိုးအကြောင်း ပြောပြလိုက်လေသည်။
ကုယုံသယ်က စဥ်းစားလိုက်၏။ တကယ်တော့ ရှိခဲ့တာပါ။
ခဏကြာပြီးနောက် အမျိုးသမီးချန်က အပြုံးတစ်ခုနှင့် ပြန်လာခဲ့လေသည်။
ယန်ရှန့်သည် အမှန်တကယ် ဆန်ရောင်းချင်သူ ရှိသည်ဟု ကြားလိုက်ချိန်တွင် နှုတ်ခမ်းများကို တွန့်လိုက်ကာ ရှန်ဖုန်းမင်ဘက်သို့ ကြည့်လိုက်လေသည်။ သူ ဘာလုပ်ရမလဲ။ တကယ်ကြီး ဆန်တွေ သွားကောက်ရတော့မှာလား။
ရှန်ဖုန်းမင်က သူမကို အေးအေးဆေးဆေးသာ ကြည့်နေလိုက်သည်။
ခဏကြာတော့ ယန်ရှန့်က သက်ပြင်းချလိုက်ပြီး အမျိုးသမီး ချန်နှင့်အတူ လိုက်သွားလေသည်။ သူသည် ပြောခဲ့သည့် အလိမ်အညာစကားကို တာဝန်ယူရပေတော့မည်။
သည်အချိန်တွင် ကျန်းယွင်ကျူးက မြို့ထဲသို့ ရောက်နေပြီ။ လမ်းတစ်လျှောက်တွင် ဝယ်ရမည့်ပစ္စည်းများနှင့် ပစ္စည်းဝယ်ရမည့်နေရာများကို စဥ်းစားလာခဲ့သည်။ ထို့ကြောင့် သူမသည် မြည်းလှည်းပေါ်က ဆင်းသည်နှင့် ဈေးထဲသို့ တန်းဝင်သွားတော့သည်။
အရင်ဆုံး ဒုစစ်သူကြီးကျောက်တို့ သုံးယောက်ရဲ့ နေ့လယ်စာ ချက်ပေးဖို့ ပစ္စည်းတွေ သွားဝယ်လိုက်တယ်။ အရမ်းနောက်ကျသွားရင် တချို့ပစ္စည်းတွေ ကုန်သွားမှာစိုးလို့လေ။
မျက်နှာမည်းနှင့် ဧည့်သည်က အဆီများများ ကလီစာကို မှားထားသည်။ သူမသည် အသားဆိုင်သို့ သွားလိုက်လေသည်။
“ ဝက်ကလီစာလား၊ ဒီနေ့ နည်းနည်းပဲ ရှိတယ် ဒါပေမဲ့ ဒါတွေက ဖောက်သည်ဟောင်းတွေ မှာထားပြီးသား” အသားဆိုင်ရှင်က ပြောလိုက်၏။
ကျန်းယွင်ကျူးသည် မျက်မှောင်ကျုံ့သွားပြီး မြို့ထဲတွင် အသားဆိုင်များ ရှိသေးသလားဟု စဥ်းစားကြည့်လိုက်လေသည်။
“ ဒီလိုပစ္စည်းတွေကို ဝယ်တဲ့သူ သိပ်မရှိဘူးလေ၊ ဒါကို ရဖို့ နေ့တိုင်း မှာထားရတာ” သူဌေးက ရှင်းပြလိုက်၏။ ကျန်းယွင်ကျူး၏ ဖြစ်သွားသည့် အမူအရာကို ကြည့်ပြီး သူက ဆက်ပြောလိုက်လေသည်။
“မင်းကလည်း ငါ့ရဲ့ပုံမှန်ဖောက်သည်ပဲ၊ ဒါဆို မင်း အများကြီး မလိုဘူးဆိုရင်တော့ ငါ မင်းကို နည်းနည်းရောင်းပေးမယ်လေ”
ကျန်းယွင်ကျူးသည် ချက်ချင်း အလွန်ပျော်ရွှင်သွားတော့သည်။ သူမကလည်း တကယ်အများကြီး လိုတာ မဟုတ်ဘူးလေ။ တစ်ပန်းကန်စာဆိုရင် ရပြီ။ သူဌေးက ပိုရောင်းပေးမယ်ဆိုရင်တောင် သူမ ဒါတွေနဲ့ ဘာလုပ်ရမယ်မှန်း သိမှာမဟုတ်ဘူး။
“ ပုံမှန် တစ်ပန်းကန်စာပါပဲ”
သူဌေးက အသားဆိုင်အောက်က သစ်သားဇလုံတစ်ခုကို ဆွဲထုတ်လိုက်ပြီး ဝက်ကလီစာတစ်တွဲကို ဆွဲထုတ်လိုက်ကာ ကျန်းယွင်ကျူးအား မေးလိုက်လေသည်။
“ ဒီလောက်ဆို ရပြီလား”
“ရပါပြီ”
သူဌေးက ဓားတစ်ချောင်းဖြင့် ဝက်ကလီစာများကို ဖြတ်တောက်ကာ လျှော်ကြိုးဖြင့် ချည်ကာ ကျန်းယွင်ကျူးကို လှမ်းပေးလိုက်လေသည်။
ကျန်းယွင်ကျူးက ဝက်ကလီစာများကို သိမ်းလိုက်ပြီး သည်နေ့ အမဲသား ရှိလိုရှိငြား မေးလိုက်လေသည်။
သူဌေးက ခေါင်းခါပြလိုက်၏။ မွေးမြူရေးတိရိစ္ဆာန်များကို နှစ်ရက်ဆက်တိုက် ပေါ်ဖို့က မလွယ်ကူပေ။ သည်နေ့ အမှန်ပင် မရှိပေ။ သူ တစ်ယောက်တည်းသာမဟုတ်ဘဲ ဟုန်ဘဲ့တစ်မြို့လုံး မရှိခြင်းပင်။
ကျန်းယွင်ကျူးက အတင်းမပြောတော့ဘဲ ဝက်တစ်ပိုင်း ဝယ်လိုက်လေသည်။
ထို့နောက် သူမက ငါးဆိုင်သို့ မြန်မြန်သွားလိုက်၏။ ရာသီဥတုမှာ တဖြည်းဖြည်း ပိုအေးလာလေသည်။ ငါးရောင်းသမားများလည်း နည်းသထက်နည်းလာသည်။ ကံအားလျော်စွာ သူမက သည်နေ့ စောစောစီးစီး ရောက်လာခဲ့သည်။ ငါးသည်တစ်ယောက်က ငါးသိုင်းများကို ရောင်းချနေဆဲ။ ထို့ကြောင့် သူမက အလတ်ဆတ်ဆုံးတစ်ကောင်ကို ရွေးလိုက်တော့သည်။
အခု အဓိက ပါဝင်ပစ္စည်းတွေကို ဝယ်ပြီးပြီ။ ကျန်တာက ရောထည့်မဲ့ ပါဝင်ပစ္စည်းတွေပဲ။ ဒါကို အလျင်လိုစရာ မလိုပါဘူး။
ဆိုင်တော်တော်များများကို ဖြတ်လျှောက်လာပြီးနောက် သူမသည် ပါဝင်ပစ္စည်းအားလုံးကို ဝယ်ပြီးသွားတော့သည်။
ပြီးရင် ဟူလထန်းနဲ့ ယိုမော့ထို လုပ်ဖို့ ပစ္စည်းတွေ လိုသေးတယ်။ ဒါကတော့ လွယ်ပါတယ်။ လမ်းသိပြီး ပစ္စည်းဝယ်ဖို့ နေရာအားလုံးကို သိပြီးသားလေ။
ဝယ်စရာ ဘာမှမကျန်တော့ဘူးထင်တယ်နော်။ ဟုတ်တယ်မလား။
ဪ ဟုတ်သားပဲ။ ဝယ်စရာတစ်ခု ကျန်သေးတယ်။ မြို့အရှေ့ဖက်ခြမ်းက စာအုပ်ဆိုင်ကိုသွားပြီး စာရွက်ရယ်၊ စုတ်တံကောင်းကောင်း တစ်ချောင်းရယ်၊ မှင်နည်းနည်းလောက် သွားဝယ်ရမယ်။ နောက်ဆိုရင် သူမက ထမင်းဘူး လုပ်တော့မှာဆိုတော့ စာရင်းစာအုပ် မရှိဘဲနဲ့ လုပ်လို့မရဘူး။
စာအုပ်ဆိုင်ပိုင်ရှင်က အလွန်စဥ်းစားပေးတတ်လေသည်။ သူသည် သူမ ဝယ်ထားသည့် စာရွက်ကို သူမ လိုအပ်သည့်အတိုင်း အပိုင်းငယ်လေးများ ဖြတ်ပေးလိုက်ကာ အားလုံးကို ခေါက်ပေးလိုက်ပြီး သူမကို ကမ်းပေးလိုက်၏။
ကျန်းယွင်ကျူးက သူမ၏ပစ္စည်းများနှင့် ထွက်လာခဲ့သည်။ ရွှီချင်ရှန့်က သူမကို အပြင်ဘက်တွင် ကြိုတင်စောင့်နေလေသည်။
သည်တစ်ကြိမ်တွင်တော့ သူမသည် သူ့ကို အမှန်ပင် ကျေးဇူးတင်ရလိမ့်မည်။ သူ့ကြောင့်သာ မဟုတ်လျှင် ပစ္စည်းအများကြီးကို အိမ်သယ်ပြန်ဖို့ ခက်ပေလိမ့်မည်။
အားလုံးကို ထုပ်ပိုးပြီးနောက် ကျန်းယွင်ကျူးမှာ ဗိုက်ဆာလာလေသည်။ လမ်းဘေးတွင် မြေအိုးဖြင့် ဖုတ်ထားသည့် မုန့်လိပ်ရောင်းသူတစ်ယောက်ကို တွေ့လိုက်လေသည်။ သို့နှင့် သူမက နှစ်ခုသွားဝယ်လိုက်သည်။
မြေအိုးမုန့်လိပ်များကို အမှန်တကယ် ကောင်းကောင်းမွန်မွန် လုပ်ထားလေသည်။ ကြွပ်ရွ နူးညံ့ပြီး မွနေသည်။ လတ်လတ်ဆတ်ဆတ် ဖုတ်ထားခြင်းပင်။ တစ်ကိုက် ကိုက်လိုက်သည်နှင့် အရသာက ပါးစပ်ထဲတွင်ပြည့်သွားတော့သည်။
သည်မြေအိုးမုန့်လိပ်ကို အသားအစာသွင်းထားသည်။ ဝက်ဗိုက်သားနှင့် ကြက်သွန်မြိတ်များဖြစ်သည်။ အမှန်တွင်တော့ အခြောက်ခံအသီးအရွက်နှင့် ဝက်ဗိုက်သားကို အစားထိုးသုံးလျှင် ပိုစားကောင်းသည်။ သူမသည် ရုတ်တရက်ဆိုသလို ဂဏန်းခွံမြေအိုးမုန့်လိပ်ကို သတိရသွားတော့သည်။ ဒါလည်း အရသာရှိမှာပဲ။ အခွင့်အရေးတစ်ခါလောက်ရရင်တော့ မီးပြင်းဖိုတစ်ခုလုပ်ပြီး လုပ်စားလိုက်အုံးမယ်။
သူမ၏စိတ်တို့သည် အတွေးနယ်ထဲ ရောက်နေစဥ် လမ်းပေါ်က ကြွေထည်များ ရောင်းနေသူတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရတော့သည်။ ပန်းကန်လုံး၊ ပန်းကန်ပြား၊ ယောက်ချိုဇွန်း၊ လက်ဖက်ရည်ပန်းကန် အသီးသီးကို မတူညီသည့် ပုံစံ အရောင်တို့ဖြင့် လုပ်ထားလေသည်။ အတန်ပင် တမူထူးခြားလှသည်။
ကျန်းယွင်ကျူးက ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားတော့သည်။ သူမက ထမင်းဘူး လုပ်ချင်တာလေ။ ထည့်စရာပစ္စည်းက ပြဿနာပဲ။ မွှေကြော်ကိုတော့ ဖြေရှင်းရလွယ်ပါတယ်။ ထမင်းပန်းကန်တစ်လုံးနဲ့ အသီးအရွက်အတွက် ပန်းကန်ပြားတစ်ချပ်ဆိုရပြီ။ ဒါပေမဲ့ အသားနှစ်မျိုးနဲ့ အရွက်တစ်မျိုးက ရုံးထမင်းဘူးအတွက်ကျတော့ ဘယ်လိုလုပ်ရမလဲ။
အတူတူထည့်လိုက်ရမလား။ ဒါမှမဟုတ် ပန်းကန်လုံး ၃-၄လုံးလောက် သုံးရမှာလား။
မဟုတ်သေးဘူး။ နေ့လယ်စာထမင်းဘူးကို ခေတ်သစ်မှာလို နေရာနည်းနည်းပါးပါး ခွဲထားလို့ရရင် ကောင်းမှာပဲ။
ရုတ်တရက်ဆိုသလို စိတ်ကူးတစ်ခု ပေါ်လာတော့သည်။
“ မိန်းကလေး ဘာဝယ်ချင်လဲ၊ စျေးပေါပါတယ်” ဆိုင်ပိုင်ရှင်သည် သက်လတ်ပိုင်း ယောက်ျားတစ်ယောက် ဖြစ်လေသည်။
“ သူဌေး ပစ္စည်းအားလုံးကို လုပ်သလား” ကျန်းယွင်ကျူးက မေးလိုက်၏။
“ ဟုတ်ကဲ့၊ ဒါက မိသားစုအမွေဆက်ခံထားတဲ့ လက်မှုပညာပါ”
“ ကျွန်မ နေ့လယ်စာထမင်းဘူး လုပ်ချင်လို့၊ သူဌေးက လုပ်ပေးနိုင်မလား မသိဘူး”
“ မိန်းကလေး ပြောကြည့်ပါလား”
ကျန်းယွင်ကျူးက ထိုလူကို သူမ၏စိတ်ကူးအား ပြောလိုက်လေသည်။
ထိုလူက ခဏလောက်စဥ်းစားလိုက်ပြီးမှ ပြောလိုက်၏။
“ လုပ်လို့ရပါတယ်၊ မင်းလိုချင်ရင် ကျွန်တော် နှစ်ရက်အတွင်း အုတ်ဖုတ်စရာရှိတယ်၊ မင်းအတွက် လုပ်ပေးနိုင်တယ်၊ ၇ရက် ၈ရက်လောက်ဆိုပြီး ပြီးနိုင်ပါတယ်၊ ဘယ်လိုထင်လဲ”
“ ၇ရက် ၈ရက် ၊ တစ်ခုကို ဘယ်လောက်ကျမလဲ”
ထိုလူက ခဏလောက်စဥ်းစားလိုက်ပြန်သည်။
“ ၇ဝမ် လောက်ပေါ့၊ ပိုဝယ်ရင်တော့ ပိုသက်သာတာပေါ့၊ မိန်းကလေးက ဘယ်လောက်လိုချင်လို့လဲ”
ဘယ်လောက် လိုချင်တာလဲတဲ့။ နေရာတွင်ပင် သည်မေးခွန်းကို ကျန်းယွင်ကျူး စဥ်းစားရတော့သည်။ သူမက အသုတ်လိုက်မှာချင်တာ။ ပြီးတော့ ထမင်းဘူးအလုပ်ကို တိုးတက်အောင်လုပ်ချင်တာ။ ဒါပေမဲ့ ၁၂ရက်နောက်ပိုင်း ဘာဖြစ်လာနိုင်လဲဆိုတာကို စဥ်းစားမိတော့ ငွေအများကြီး မရင်းနှီးရဲပြန်ဘူး။
အခုတောင် ဒီကိစ္စက သတ္တုမိုင်းတွင်းနဲ့ ပတ်သက်နေတယ်လို့ ခံစားမိတာပဲ။ ဒါဆိုရင်တော့ အစိုးရက ပြောသလို ဓားပြတွေရဲ့ လက်ချက်မဟုတ်တာ သေချာတယ်။ ဝူလင်မိုင်းတွင်းမှာ စစ်တပ်စခန်းတစ်ခု ရှိနေတာ ဘယ်ဓားပြက ဒီနေရာကို ပြေးလာပြီး ဆူပူမှုကြီးတစ်ခု လုပ်ရဲမှာလဲ။ သူတို့တွေက အသက်မရှင်ချင်တော့ရင်တော့ တမျိုးပေါ့။
ကုယန်ကျိုးကတော့ ဒီကိစ္စကို ရှန်ဖုန်းမင် လုပ်ခဲ့တာလို့ ပြောတာပဲ။ ဒါပေမဲ့ သူမကတော့ ဘာမှတ်ချက်မှ မပေးချင်သေးဘူး။ ရှန်ဖုန်းမင်ကရော ဒီလိုလုပ်ရင် ဘာကောင်းကျိုးရမှာမလို့လဲ။ သူ့ကို ရှန်သေမင်းလို့ ခေါ်တယ်ဆိုရင်တောင် သူက အရင်တုန်းက အကျင့်ပျက်ခြစားတဲ့ အရာရှိတွေကိုပဲ သ-တ်ခဲ့တာလေ။ သူက အပြစ်မဲ့တဲ့သူတွေကို အစုလိုက်အပြုံလိုက်သ-တ်တယ်ဆိုတာ မကြားဖူးဘူး။
သူမ မဟုတ်ဘူးဆိုရင် ဘယ်သူဖြစ်မလဲ။ ကျန်းယွင်ကျူး မသိပေ။ သို့သော် ရှန်ဖုန်းမင်ဖြစ်စေ တခြားတစ်ယောက်ဖြစ်စေ ထိုလူသည် အင်အားကြီးသူတစ်ယောက် ဖြစ်ရမည်။ သူမလို သာမန်မိန်းကလေးတစ်ယောက်က သူတို့ကို မည်သို့ ယှဥ်ပြိုင်တိုက်ခိုက်နိုင်ပါမည်နည်း။
သူမ ရက်နည်းနည်းလောက်တော့ လေ့လာကြည့်ချင်သေးတယ်။ ဆောင်းတွင်း မစခင် ဒီကိစ္စမှာ ဘာပြောင်းလဲမှုမှ မရှိဘူးဆိုရင် ရွာသားတွေကို စီရင်စုမြို့ကို မျှားခေါ်ဖို့ နည်းလမ်းတစ်ခု ရှာရလိမ့်မယ်။ အဲဒီလူအများကြီးက မြို့ထဲမှာ လူအများကြီးကို ပေါ်ပေါ်ထင်ထင် သ-တ်ရဲမယ်တော့ မထင်ဘူး။
ဘယ်လို လှည့်ကွက်သုံးရမလဲဆိုတာကိုတော့ အခုထိ မစဥ်းစားရသေးဘူး။ အခုလေးတင် ဒီကိုလမ်းမှာ စဥ်းစားလာခဲ့တဲ့ မရင့်ကျက်သေးတဲ့ စိတ်ကူးတစ်ခုပဲ ရှိသေးတယ်။
ကျန်းယွင်ကျူးက နှုတ်ဆိတ်နေလေသည်။ စျေးသည်က သူမ မလိုချင်တော့ဘူးဟု ထင်လိုက်ပြီး ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားတော့သည်။
သူ့မိသားစုရဲ့ ဘိုးဘွားပိုင်ကြွေထည်ဖုတ်တဲ့ လက်ရာတွေကလည်း နာမည်ကြီးတယ်လို့ ကြားခဲ့တာပဲ။ ဒါပေမယ့် သူ့အဘိုးလက်ထက်ရောက်တော့ အုတ်ဖုတ်ဖိုသေးသေးလေးတစ်ခုပဲ ကျန်တော့တယ်။ ပုံမှန်ဆိုရင်တော့ သူတို့တွေက ဟင်းပန်းကန်လုံးနဲ့ ပန်းကန်လုံးတွေ ဖုတ်ပြီး အသက်မွေးဝမ်းကြောင်း ပြုကြတာပါ။ အဲလိုဆိုရင်တောင် အရင်တုန်းက သူ မိသားစုကို ကောင်းကောင်းမွန်မွန် ကျွေးထားနိုင်လို့ အားလုံးက အားကျနေခဲ့ကြတာလေ။ ဒါပေမဲ့ ဝူလင်တောင်မှာ သတ္တုရိုင်း ရှာတွေ့ပြီးကတည်းက ပတ်ဝန်းကျင်က လူအားလုံးက မိုင်းတွင်းမှာ အလုပ်သွားလုပ်ကြပြီး ငွေကို ရေလို ရှာနိုင်ခဲ့တာပေါ့။
အခု သူ့မိန်းမက သူ့ကို တွေ့ရင်း ဆူပူနေပြီလေ။ ဒီနေ့ ဘယ်သူက မိုင်းတွင်းကို သွားပြီး ဘယ်လောက်ရှာပြန်ခဲ့တယ်။ မနက်ဖြန် ဘယ်သူကတော့ အိမ်အသစ်ဆောက်ပြီး အခုဆိုရင် ဘယ်မိသားစု ခဏခဏ အသားဟင်းစားပြီး အဝတ်အစားတွေ ဝယ်နိုင်ပါတယ်။ ဘာညာပေါ့။
သူကတော့ နေ့တိုင်း ရွှံ့တောထဲမှာ ပေပွလို့။ နေ့ရက်တွေကလည်း တနေ့တခြား ပိုပိုဆိုးလာလိုက်တာတဲ့။
သူသည် ထိုစကားကို ကြားလိုက်ပြီးနောက် စိတ်ထဲတွင် စိုးရိမ်ပူပန်လာတော့သည်။
ပြီးခဲ့သည့် ရက်အနည်းငယ် သူသည် သူ့ကိုယ်သူ အခွင့်အရေးတစ်ခုပေး ခဲ့လေသည်။ သူသည် သည်လကုန်လို့မှ ငွေတပြားမှ မရှာနိုင်ခဲ့လျှင် မိုင်းတွင်းသို့ သွားမည်ဟု သူ့မိန်းမကို ပြောခဲ့လေသည်။
သူ့မိန်းမမှာ အလိုလိုပင် အလွန်ပျော်ရွှင်သွားပြီး သူ့ခန္ဓာကိုယ် အားဖြည့်ပေးရန် ကြက်ဥခေါက်ဆွဲ တစ်ပန်းကန်ပင် လုပ်ပေးခဲ့သေးသည်။ သို့သော် သူ့မှာတော့ လုံးဝမပျော်နိုင်ပေ။ သူသည် မိသားစုအမွေ ဆက်ခံထားသည့် အရည်အချင်းများကို မခွဲရက်နိုင်ပေ။
လကုန်ခါနီးသို့ ရောက်လာပြီး ငွေများများ
မရှာနိုင်သေးသည်ကို တွေ့လိုက်ရသည်ဖြစ်ရာ သူသည် မစိုးရိမ်ဘဲ အဘယ်မှာ ရှိပါမည်နည်း။
…