EJYZ အပိုင်း ၉

အပိုင်း (၉)

“ မိန်းကလေးကျန်း ခင်မျာ”

ကျန်းယွင်ကျူးက သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ကုယန်ကျိုးက သူမကို သတိပေးလိုက်လေသည်။

ကျန်းယွင်ကျူးသည် သတိပြန်ဝင်လာတော့သည်။ သူမ၏ခေါင်းထဲက ရှုပ်ပွနေသည့် အတွေးများကို ချက်ချင်း ဖြတ်ချလိုက်တော့သည်။ သူမသည် ကုယန်ကျိုးဟုသည့် နာမည်ကို ဘယ်နေရာတွင် ကြားဖူးမှန်း မမိနိုင်ပေ။

သူမက သူ့ကို အခေါင်းအစခြေအဆုံး တစ်ဖန်အကဲခတ်ရင်း နှုတ်ဆက်လိုက်လေသည်။

ကုယန်ကျိုးသည် သူ့ကို အလွန်မှ သိသိသာသာ စိုက်ကြည့်နေသည့် သူမကို အထူးအဆန်း ဖြစ်သွားပြီး သူ့ကို ကြည့်နေခွင့် ပေးထားလိုက်တော့သည်။

သို့သော် ကျန်းယွင်ကျူးက သူမ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ပြန်တော့မည်အကြောင်း ထုတ်ပြောလိုက်၏။ သူမသည် အိမ်မြန်မြန်ပြန်ပြီး အလုပ်ကိစ္စများအတွက် ပြင်ဆင်ရအုံးမည်။

နှစ်ရက်လောက် အလုပ်များခဲ့ပြီးနောက်တွင်တော့ နောက်ဆုံး အဆင်သင့်ဖြစ်သွားတော့သည်။

တတိယနေ့ မနက်မိုးသောက်ယံတွင် တောင်ခြေက စျေးသည် အသက်ဝင်လာတော့သည်။

သည်အချိန်တွင် မိုင်းတွင်းတွင် နေကြသည့် စစ်သားများသည် တာဝန်လွဲပြောင်းနေကြသည်။ တာဝန်ပြီးဆုံးသွားသည့် စစ်သားများသည် ကျောနှင့် ကပ်နေလောက်အောင် အလွန် ဗိုက်ဆာနေကြလေသည်။ စစ်တပ်က စစ်သားများအတွက် ပန်ကိတ်အိုးကြီးတစ်လုံးနှင့် အသီးအရွက် မဖြစ်သလောက် ထည့်ထားသည့် အရည်ကျဲကျဲ ဟင်းရည်တစ်အိုးကို မနက်စာပြင်ဆင်ပေးထားသည်။ တချို့စစ်သားများက ထိုအရာကိုပဲ စားကြပြီး တချို့ကတော့ သူတို့၏အာဟာရကို ပိုဖြည့်ချင်ကြသည်။ ထို့ကြောင့် သူတို့သည် တောင်ခြေသို့ ဆင်းလာခဲ့လေသည်။

သည်အချိန်တွင် စောစောလာကြသည့် မိုင်းတူးသမားများကလည်း တောင်ခြေသို့ ရောက်လာကြသည်။ ထိုနေရာလေးမှာ လူများနှင့် စည်ကားနေတော့သည်။

စျေး၏ အနောက်မြောက်ထောင့်လေးတွင် ဆွဲဆောင်မှုရှိသည့် ရနံ့တစ်မျိုးကို အဝေးကပင် ရနိုင်လေသည်။

ထိုအနံ့က လူတို့၏ စားချင်စိတ်အားလုံးကို ဆွဲထုတ်လိုက်တော့သည်။

ထိုနေရာသို့ လျှောက်သွားလိုက်လျှင် စျေး၏အဝေးဆုံးထောင့်တွင် ခင်းထားသည့် ဆိုင်လေးတစ်ခုကို တွေ့ရပေမည်။ ဆိုင်ရှေ့တွင် မီးဖိုတစ်ခု ချထားသည်။ မီးဖိုပေါ်တွင် မြေအိုးကြီးတစ်လုံးကို တည်ထားသည်။ မြေအိုးသည် ပွက်ပွက်ဆူနေပြီး အနံ့ပြင်းပြင်းတစ်ခုက တငွေ့ငွေ့ထွက်နေသည်။

လူတစ်ယောက် လာနေသည်ကို တွေ့လိုက်ရသဖြင့် ကျန်းယွင်ကျူးက မြေအိုးအဖုံးကို ဖွင့်လိုက်ပြီး ဇွန်းတစ်ချောင်းနှင့် မြေအိုးထဲက အသားကို မွှေနေလိုက်သည်။

အသားတုံးကြီးတစ်တုံးကို တွေ့ရလေသည်။ နီမြန်းမြန်းအရောင်နှင့် တောက်ပသည့်စွပ်ပြုတ်ထဲတွင် တအိအိ တုန်နေ၏။ မိန်းကလေး၏ ဇွန်းလှည့်လိုက်ချိန်တွင် အရည်ပျစ်ပျစ် စွပ်ပြုတ်သည့် အသားတုံးတစ်ခုလုံးကို ဖုံးအုပ်သွားတော့သည်။ မီးအားကလည်း လုံလောက်နေသည်ကို တွေ့ရသည်။

ဆောင်းဦးနှောင်းပိုင်း၏ မနက်ခင်းတွင် အစာအိမ်တို့က ဆာလောင်မှုဖြင့် တောက်လောင်နေကြပြီး ခန္ဓာကိုယ်များကို အေးစိမ့်တို့ ဖုံးလွှမ်းနေလေသည်။ အသားအိုးပူပူလေးကို ရုတ်တရက် တွေ့လိုက်ရသည်တွင် အားလုံးသည် တံတွေးကို မမျိုချဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

လူတစ်ယောက်က ကျန်းယွင်ကျူးအား အသားရောင်းစျေးကို မေးလိုက်၏။

“ ဒီအသားကို အတုံးတုံးပြီး ပန်ကိတ်ထဲ ထည့်စားရတာပါ၊ တစ်ခုကို ၆ ဝမ်ပါ” ကျန်းယွင်ကျူးက သူမဘေးက ပိတ်စကို လှစ်ကာ နှင်းဖြူရောင်ဂျုံအရသာ ပန်ကိတ်ခြင်းတစ်ဝက်ကို ထုတ်ပြလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

၆ ဝမ်တဲ့။ နည်းနည်း စျေးကြီးတယ်။ ဒီမိုင်းအလုပ်သမားတွေက တစ်နေ့မှ လုပ်အားခ ဝမ် ၂၀ ပဲရတာ လူတိုင်း သိတယ်။ အဲဒီစစ်သားတွေကရဲ့ တစ်လစာတောင် ၁၅လျန်ပဲ ရတာ။

ကျန်းယွင်ကျူးသည် ဒီကိစ္စဖြစ်လာမည်ကို အစောကြီးကတည်းက သိထားလေသည်။ သူမသည် လူများကို သည်နေရာသို့ ရောက်လာအောင် အသားနံ့ကို အသုံးချလိုက်ခြင်းပင်။

အချိန်ကိုက်ပင် သူမက ဘေးက သစ်သားစည်ပိုင်းကြီးကို ဖွင့်လိုက်ပြီး အငွေ့တထောင်းထောင်း ထနေသည့် စွပ်ပြုတ် ပူပူတစ်စည်ပိုင်းကို ထုတ်ပြလိုက်လေသည်။ ချက်ချင်းပင် ငရုတ်ကောင်းလို ရနံ့အမျိုးမျိုး ရောနေသည့် ပြင်းရှသည် သိုးသားနံ့တစ်ခုက လူများ၏မျက်နှာဆီသို့ ပြေးဝင်သွားတော့သည်။

“ ဒါက ပါ့ကျိန်းစွပ်ပြုတ်ပါ၊ ဟူလထန်းလို့လည်း ခေါ်တယ်၊ ဒါကတော့ တစ်ပွဲကို ၃ ဝမ်ပါ၊ တစ်ပွဲဝယ်ရင် ယိုမော့ထို ၅ခု အလကားပေးပါတယ်”

သူမသည် ပေါ့ပေါ့ပါးပါးလေသံဖြင့် မိတ်ဆက်ပေးလိုက်တော့သည်။ ဒါသည် အဘိုးချန်နှင့် တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့သည့်အရာပင်။ စွပ်ပြုတ်ကို ၂ ဝမ်အစား ၃ ဝမ် နှင့်ရောင်းလျှင်ပိုကောင်းမည်။ ယိုမော့ထိုကို လက်ဆောင်ပေးသည်က စွပ်ပြုတ်ကို ပိုပြီး ဆွဲဆောင်မှု ရှိနေမည်။

လူများက လက်ဆောင်ရလိုက်လျှင် အမြဲတမ်း အကျိုးအမြတ်ရသည်ဟု ခံစားတတ်ကြသည်။ သို့သော် သူတို့ မသိလိုက်သည်က စျေးနှုန်းထဲတွင် လက်ဆောင်ပေးထားသည့် ရောင်းစျေးကို ထည့်တွက်ထားသည်ကိုပင်။

ဟူလထန်းတဲ့လား။ သူတို့တွေ တစ်ခါမှမကြားဖူးဘူး။ ဒါပေမဲ့ စွပ်ပြုတ်က အရမ်းမွှေးတာပဲ။ ပြီးတော့ စျေးကလည်း မကြီးဘူး။ ထိုနေရာတွင်ရပ်နေပြီး ထွက်မသွားချင်ကြသည့် လူတချို့က စွပ်ပြုတ်တစ်ပွဲကို ချက်ချင်း ဝယ်လိုက်ကြတော့သည်။

သစ်သားဇွန်းက သစ်သားပုံးထဲမှ ဇွန်းအပြည့်စွပ်ပြုတ်ကို ခပ်ထုတ်လိုက်သည်။ စွပ်ပြုတ်မှာ အမှန်ပင် ပျစ်နှစ်ပြီး ပဲပြား၊ ကြာဆံနှင့် မုန်လာဥဖြူ စသည့်အမယ်စုံအပြည့်ပါသည်ကို တွေ့လိုက်ရသည်။ ဒါနှင့် ယိုမော့ထိုအလကားပေးထားသည်ကပင် ၃ ဝမ်က တန်နေပြီ။

အရည်ပျစ်ပျစ် စွပ်ပြုတ်တစ်ဇွန်းကို သောက်လိုက်ပြီးနောက် ငရုတ်ကောင်းအရသာက သူတို့ခေါင်းထဲသို့ ထိုးတက်သွားလေသည်။ သူတို့သည် လန်းဆန်းသွားသလို ခံစားလိုက်ရတော့သည်။ အစပ်အရသာ။ မတရားစပ်နဲ့ အရသာ။ ဒါပေမဲ့ ကွက်တိပဲ။ စပ်ရုံတင်မကဘူး သိုးသားအနံ့နဲ့ ရောနေတဲ့ ခပ်ပါးပါးချဥ်ဖြုံးဖြုံးအရသာ အပြင် တခြားအရသာတွေလည်း အများကြီးပါသေးတယ်။ ထိုအရာက လူများကို သွားရည်များ ကျလာစေပြီး ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံး နေသာသလို ခံစားလိုက်ရတော့သည်။

ဒါက စွပ်ပြုတ်တစ်ပွဲဆိုပေမဲ့ စွပ်ပြုတ်ချည်း သက်သက်ပဲမဟုတ်ဘူး။ ပါးစပ်ထဲမှာ ဝါးနေရတဲ့ တစ်ခုခုလည်း ပါသေးတယ်။ စားစရာ တစ်ခုခုပါတယ်။

ပြီးရင် ယိုမော့ထိုကို စွပ်ပြုတ်ထဲ နှစ်လိုက်။ လုံးဝကို အာသာပြေသွားစေတဲ့ ခံစားချက်ပဲ။

စားနေရင်းပင် လူတချို့က စွပ်ပြုတ်၏အရသာကို ချီးကျူးနေကြလေသည်။ စွပ်ပြုတ်တစ်ပွဲ သောက်လိုက်ပြီးနောက် သူတို့၏ခန္ဓာကိုယ်ထဲက အအေးဓာတ်မှာ ပျောက်ကွယ်သွားတော့သည်။ သူတို့၏နှာခေါင်းဖျားတွင် ချွေးပါးပါးလေးပင် ထွက်လာသေးသည်။ အလွန်မှ စိတ်ကျေနပ်ဖွယ် ကောင်းသဖြင့် နောက်တစ်ပွဲပင် ထပ်စားချင်သွားတော့သည်။

သည်လို ဆောင်းဦးရာသီ မနက်ခင်းတွင် အားအင်ပြည့်စေရန် သည်လို စွပ်ပြုတ်တစ်ပွဲ သောက်လိုက်သင့်သည်။

နေ့သစ်တစ်ခု အစပြုခဲ့လေသည်။

လူတချို့က စွပ်ပြုတ်ကောင်းကြောင်း မှတ်ချက်ပေးကြသည်။ စောင့်ကြည့်နေသည့် တခြားသူများကလည်း သည်းမခံနိုင်တော့ဘဲ တစ်ပွဲလောက် ဝယ်သောက်ပြီး အရသာမြည်းကြည့်ကြသည်။ သူတို့သည် စွပ်ပြုတ်ကောင်းကြောင်းကို စိတ်ထဲမှ လက်ခံသွားကြသည်။

လူတချို့က အသားပန်ကိတ်ကိုပင် စတင် ဝယ်စားကြလေသည်။ စစ်သားများ၏ လစာက မမြင့်သော်လည်း ရတနာသိုက်သဖွယ် မိုင်းတွင်းတစ်ခုကို စောင့်ကြပ်ရခြင်းအတွက် အဆီပါသည့် အစားအစာကို အလျှံပယ်စားနိုင်လေသည်။ ထို့ကြောင့် စစ်သားများသည် သူတို့လက်ထဲတွင် ငွေရှိကြသည်။

အဓိကအကြောင်းအရင်းမှာ အသားနှပ်အနံ့က အလွန်မှ မွှေးပျံ့နေသောကြောင့်ပင်…

ကြွပ်ကြပ်ရွရွအဖြူရောင်ပန်ကိတ်နှင့် စေးကပ်ကာ အိစက်နေသည့် အသားကို နှုပ်နှုပ်စင်းကာ တွဲစားရလေသည်။ ထို့နောက် အနည်းငယ်တောက်ပနေသည့် စွပ်ပြုတ်ထဲတွင် ဖြူးစားလိုက်သည်။ အရသာအမျိုးမျိုး၏ ရနံ့တို့သည် ပါးစပ်ထဲတွင် တိုးဝင်လာလေသည်။ လူများသည် မရပ်တန်း စားသောက်လိုက်ကြတော့သည်။ ဒါက ၆ ဝမ်တန်တဲ့လေ။ အရသာက မြို့က ဖုမန်ကျူက အရသာထက်တောင် ပိုကောင်းတယ်လို့ ထင်ရတယ်။

ဆိုင်က အရောင်းအဝယ်မှာ ရုတ်တရက် ကောင်းလာလေသည်။

အမျိုးသမီးချန်က စွပ်ပြုတ်များကို ချပေးရာတွင် တာဝန်ယူထားပြီး ကျန်းယွင်ကျူးက အသားများကို လှီးကာ အသားပန်ကိတ် လုပ်လိုက်သည်။ ကျန်းလင်နှင့် ကျန်းယွင်ရွှယ်တို့က ပန်းကန်ဆေးကြသည်။ အလုပ်သွားချိန် မရောက်သေးသဖြင့် ကျန်းချိန်က လိုအပ်သည့်နေရာများတွင် ကူညီပေးသည်။ မိသားစုတစ်ခုလုံးမှာ အလုပ်များနေကြလေသည်.

စွပ်ပြုတ်၊ ပန်ကိတ်နှင့် ယိုမန်ထို အားလုံးကို အိမ်မှလုပ်ခဲ့ခြင်းဖြစ်သည်။ ဧည့်သည်များကို ချပေးပြီးလျှင် ပြီးပြီဖြစ်သည်။ ကျန်သည့်အလုပ်မှာ ပန်းကန်များကို သိမ်းဆည်းရန်ပင်။ ကျန်းယွင်ကျူးသည် အားလုံးကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ အားလုံးက အလုပ်များကြသော်လည်း ပရမ်းပတာ မဖြစ်ပေ။ သူတို့ကို ဘယ်ဧည့်သည်ကို အချိန်အကြာကြီး မစောင့်ခိုင်းရပေ။ ဘယ်ဧည့်သည်မှလည်း ထွက်သွားရသည်ဟု မရှိပေ။

နာရီဝက်ကျာ် ကုန်ဆုံးသွားပြီး အားလုံးလည်း ရောင်းထွက်သွားလေသည်။ မိုင်းတွင်း အလုပ်စချိန်တွင် ကျန်းချိန်က မိုင်းတွင်းသို့ သွားလိုက်ပြီး ဆိုင်ကလည်း လူသူကင်းမဲ့လာတော့သည်။

အားလုံးက သူတို့သည် ပြင်းထန်သည့်တိုက်ပွဲတစ်ခုကို တိုက်ခိုက်နေရသည့်နှယ် ခံစားရလေသည်။ သူတို့သည် စိတ်ပူပန်နေမိသလို တစ်ချိန်ထဲတွင် စိတ်လှုပ်ရှားနေမိတော့သည်။ အခုတော့ သူတို့သည် လုပ်စရာ မရှိတော့သဖြင့် အားလုံးက ကျန်းယွင်ကျူးကို ကြည့်လိုက်ကြတော့သည်။ ဒီနေ့ လုပ်ငန်း ဘယ်လိုနေပါလိမ့်။ သူတို့အားလုံး ခန့်မှန်းထားပြီးဖြစ်ပေမဲ့ ကျန်းယွင်ကျူးက အတည်ပြုပေးတာကို လိုချင်ကြသေးတယ်လေ။

ကျန်းယွင်ကျူးသည် ငွေသိမ်းသည့်တာဝန်ယူထားပြီး အကြမ်းဖျင်း ခန့်မှန်းပြီးဖြစ်သည်။ သူမသည် အားလုံးကို ပထမဆုံး လက်တစ်ချောင်းထောင်ပြလိုက်ပြီးနောက် လက်တစ်ဖက်ကို ထောင်ပြလိုက်လေသည်။ ဝမ် ၁၅၀ နီးပါးရောင်းရသည့် အဓိပ္ပာယ်ပင်။

အမျိုးသမီးချန်မှာ လုံးဝမယုံကြည်နိုင်တော့ပေ။ စောစောက ကျန်းယွင်ကျူးသည် အိမ်တွင် အဘိုးချန်နှင့် တွက်ချက်ခဲ့ပြီးဖြစ်သည်။ သည်အစားအစာများက တစ်ဝက်နီးပါး အမြတ်ရသည်။ သူတို့သည် ဝမ် ၁၅၀ ဖိုး ရောင်းချခဲ့ရသည်။ သဘောမှာ သူတို့သည် အမြတ် ၇၅ ဝမ် ရခဲ့သည့် အဓိပ္ပာယ်မဟုတ်ပါလား။

တစ်နေ့ကို ၇၅ ဝမ်။ ဒါဆိုရင် တစ်လ ဘယ်လောက်တောင်လဲ။ ငွေလျန် ၂စ…. အမျိုးသမီးချန်သည် သူမ၏မျက်နှာမှာ နီရဲလာပြီး သူမ၏နားများက ပူတက်လာသည်ကိုသာ ခံစားလိုက်ရတော့သည်။ သူမသည် အသက်ပင် လွတ်လွတ်လပ်လပ် မရှူနိုင်တော့ပေ။

“ ပြန်ရအောင်၊ ပြီးရင် နေ့လယ် ဆက်ရောင်းကြမယ်”

သူမသည် ပင်ပန်းသည်ဟု လုံးဝ မခံစားရပေ။ သူမသည် စိတ်တို့ကို သည်လုပ်ငန်းတွင် အပြည့်အဝနှစ်ထားပြီး ကျန်းယွင်ကျူး သည်အလုပ်လုပ်မည် ပြောသည့်အချိန်က သူမ သဘောမတူခဲ့သည့်အဖြစ်ကို လုံးဝမေ့လျော့သွားတော့သည်။

ကျန်းယွင်ကျူးက ချက်ချင်းခေါင်းခါပြလိုက်၏။ စွပ်ပြုတ်က အရသာရှိနေအောင် အချိန်အကြာကြီး မီးအေးအေးနဲ့ ပွက်ပွက်ဆူလာအောင် တည်ထားဖို့ လိုသေးတယ်။ ပန်ကိတ်နဲ့ ယိုမော့ထိုကို လုပ်ဖို့ကလည်း အချိန်လိုသေးတယ်။ သူတို့တွေ မနေ့က စတင်ပြင်ဆင်ခဲ့ပြီး ဒီမနက် ၃နာရီမထိုးခင် အိပ်ရာထပြီး ဒါတွေအားလုံးကို ပြင်ဆင်ခဲ့ရတာ။

နေ့လယ်ခင်း ရောင်းမလို့တဲ့လား။ အချိန်မီ ဘယ်လိုလုပ်နိုင်မှာလဲ။ ပြီးတော့ ဒီလိုစားစရာတွေက နေ့ခင်းရောင်းဖို့ မသင့်တော်ဘူးလေ။

ပြီးတော့ အရမ်းလည်ပင်ပန်းတယ်။ အခုချိန်မှာ အားလုံးက ပွင့်ထွက်လာတဲ့ အင်အားတွေ ရှိနေတာလေ။ ခဏနေ အင်အားတွေ ကုန်သွားရင် အရမ်းအိပ်ချင်လာပြီး မျက်ခွံနဲ့ ပိတ်လာမဲ့အရေးနဲ့ တိုက်ခိုက်ရလိမ့်မယ်။

မနက် ၇နာရီကျော်ကျော်သာ ရှိသေးပြီး စျေးနှင့် ချန်းရှီရွာက နီးလေသည်။ သူတို့သည် ပစ္စည်းများကို ထုပ်ပိုးပြီး ပြန်သွားလျှင် အိပ်ချိန် ရသေးသည်။ ကျန်းယွင်ကျူးက စဥ်းစားလိုက်၏။

သူမ၏စကားကို ကြားလိုက်ရချိန်တွင် အမျိုသမီးချန်က လက်လျှော့ဖို့ရာ ဆန္ဒမရှိရုံသာ တတ်နိုင်တော့သည်။

မိသားစုက သူတို့၏ပစ္စည်းများကို ထုပ်ပိုးပြီး အိမ်သို့ ပျော်ပျော်ပါးပါး ပြန်လာခဲ့ကြလေသည်။

ကျန်းအိမ်တံခါးရှေ့တွင် ကျန်းဝူက ရပ်စောင့်နေလေသည်။ သူသည် လမ်းဖက်သို့ မကြာမကြာ ချောင်းကြည့်နေလေသည်။ မိသားစု အရိပ်တချို့ကို မြင်လိုက်ရသောအခါ သူက အတွင်းဘက်သို့ ချက်ချင်းအော်ပြောလိုက်လေသည်။

“အဘိုးရေ အမေနဲ့အိမ်ကလူတွေ ပြန်လာပြီ”

ခြေထာက်တိုတိုလေးဖြင့် သူသည် ခုန်ဆွခုန်ဆွပြေးနေသည့် မြင်းတစ်ကောင်လို အမျိုးသမီးချန်ဆီသို့ အရှိန်ဖြင့် ပြေးသွားလိုက်တော့သည်။

ပျော်ရွှင်မှုအပြည့်ဖြင့် အမျိုးသမီးချန်က သူ့ကို ပွေ့ဖက်ထားလိုက်သည်။ အိမ်တံခါးသို့ ရောက်ချိန်တွင် အဘိုးချန်က ထိုနေရာတွင် ရပ်စောင့်နေလေသည်။

“ ဘယ်လိုလဲ” သူက မေးလိုက်၏။

“ အဆင်ပြေပါတယ်” ကျန်းယွင်ကျူးက ပြုံးကာ ပြန်ဖြေလိုက်လေသည်။

သို့သော် အမျိုးသမီးချန်က သူမကို လှမ်းကြည့်လိုက်လေသည်။ ဘာ အဆင်ပြေတာလဲ။ လုပ်ငန်းက အရမ်းကို ကောင်းတဲ့ဟာကို။ ဒီသမီးက အခုတော့ သူမထက်တောင် ပိုတည်ငြိမ်နေသေးတယ်။

ထိုသို့တွေးလိုက်ပြီး သူမက သွားများပေါ်သည်အထိ ပြုံးလိုက်တော့သည်။

မိသားစုက အခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းယွင်ကျူးက စားပွဲပေါ်သို့ ငွေထည့်ထားသည့်အိုးကို သွန်ချလိုက်ရာ ဝမ်ငွေ အမြောက်အများ ဖိတ်ကျလာတော့သည်။ အသံမှာ ဖော်မပြတတ်အောင် ချွတ်ချွတ်မြည်နေပြီး သာယာနာပျော်ဖွယ်ကောင်းလေသည်။

အမျိုးသမီးချန်သည် ငွေသိမ်းသူတစ်ယောက် ဖြစ်သွားသယောင် စားပွဲနားတွင် ချက်ချင်းထိုင်ချလိုက်ပြီး တစ်ခုချင်း ရေတွက်လိုက်တော့သည်။

၁၆၃ ဝမ်။ ကျန်းယွင်ကျူး ခန့်မှန်းထားသည်ထက် ၁၀ ကျော်ပိုနေသည်။ ကုန်ကျစားရိတ်ကို နုတ်လိုက်လျှင် သူတို့သည် အသားတင်အမြတ် ဝမ် ၈၀ ရှာနိုင်ခဲ့သည်။ ဒါသည် ကျန်းချိန် လစာ၏ ၄ဆ ရှိလေသည်။

အမျိုးသမီးချန်၏ မျက်လုံးများသည် ပျော်ရွှင်မှုကြောင့် ဝိုင်းစက်သွားတော့သည်။

ကျန်းယွင်ကျူးက အစောကတည်းက သည်စိတ်လှုပ်ရှားမှုကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ သူမကတော့ ဒါကို အဆင်ပြေသည်ဟုသာ အမှန်ပင် ခံစားမိသည်။ ဒီနေ့ သူတို့မိသားစုမှာ အဘိုးချန်အပါအဝင် အားလုံးက ကိုယ်စီ လုပ်ကူပေးခဲ့ကြတယ်လေ။ စုစုပေါင်း လူခြောက်ယောက်က အလုပ်များခဲ့ပြီးမှ သူတို့တွေ ဝမ် ၈၀ ပဲ ရှာနိုင်ခဲ့တယ်။ ဒါက များလို့လား။

ဒါက ပင်ပင်ပန်းပန်းရှာထားရတဲ့ ငွေတွေပဲ။

တကယ့်ကို ကြိုးကြိုးစားစား လုပ်ခဲ့ရတာ။ သူတို့တွေ မနေ့ညက နောက်ကျမှ အိပ်ခဲ့ပြီး ဒီနေ့မနက်ကျတော့ သုံးနာရီမထိုးခင် ထခဲ့ရတယ်။ သူတို့တွေ နေ့နဲ့ညတောင် မှားတော့မယ်လေ။

သူမက စဥ်းစားထားလိုက်တော့သည်။ လုံလောက်သည့် ငွေအရင်းအနှီး စုမိလျှင်တော့ သူတို့သည် သည်လုပ်ငန်းကို ရပ်လိုက်သင့်သည်။ မဟုတ်လျှင် အားလုံး၏ကျန်းမာရေးကို ထိခိုက်နိုင်လေသည်။

သို့သော်ငြား အမျိုးသမီးချန်ကတော့ ကျန်းယွင်ကျူးမှာ ကျေနပ်ရောင့်ရဲရမည်ကို မသိဟု ထင်နေလေသည်။ သူတို့လိုလူတွေမှာ ငွေရှာဖို့ ဘာနည်းလမ်းမှ ရှိလာတတ်တာ မဟုတ်ဘူးလေ။ အခုတော့ သူတို့တွေ ငွေအများကြီး ရှာနိုင်တယ်ဆိုရင် စိတ်မကျေနပ်စရာ ဘာမှမရှိပါဘူး။

သူမက ကျန်းယွင်ကျူးကို အိပ်ခန်းသို့ မြန်မြန်ပြန်ရန်သာ ပြောလိုက်တော့သည်။ သူမကတော့ မနက်ဖြန်အတွက် ပစ္စည်းတွေ ပြင်ဆင်ရအုံးမယ်။ ငွေရှာနိုင်သ၍တော့ အလုပ်ကြိုးစားရမှာကော၊ ပင်ပန်းမှာပါ မကြောက်ပါဘူး။

ကျန်းယွင်ကျူးကလည်း သူမကို အနားယူဖို့ တိုက်တွန်းလိုက်သည်။ ငွေရှာမည့်ကိစ္စသည် အဆုံးမရှိသည့် ကိစ္စဖြစ်သော်လည်း ကျန်းမာရေးက အရေးအကြီးဆုံးပင်။ သူမ ဖျားနာလျှင် ငွေသုံးဖို့ပင် လုံလောက်မည် မဟုတ်ပေ။

ထိုအခါမှ အမျိုးသမီးချန်ကလည်း အနားယူရန် သူမ၏အခန်းသို့ ပြန်သွားတော့သည်။

အိပ်ရာပေါ်တွင် လဲလျောင်းရင်း အမျိုးသမီးချန်မှာ အိပ်မပျော်နိုင်ပေ။ ဒီနေ့ အခြေအနေအရဆိုရင် ကျန်းချိန်ရဲ့ လစာပါ ထည့်တွက်ရင် သူတို့တွေ လတိုင်း လျန်၃စနီးပါး ဝင်ငွေရှိတာပဲ။

သူမသည် ကျန်းယွင်ရှို့အကြောင်း တွေးမိပြန်သည်။ သူတို့သာ စောစောစီးစီး ငွေအများကြီး ရှာနိုင်ခဲ့ရင် သူမကို ဘယ်တော့မှ ရောင်းမှာမဟုတ်ဘူး။

အခုနေ ကျန်းယွင်ရှို့က ဘာတွေများလုပ်နေမလဲ၊ သူမကို အနာဂတ်တွင် ပြန်တွေ့ပါ့မလားဟု စဥ်းစားနေမိတော့သည်။

သည်အချိန်တွင် ကျန်းယွင်ရှို့သည် နောက်ဆုံးတော့ သူမ မျှော်လင့်ထားခဲ့သည့်နေရာ အန်းဖင် နယ်စားအိမ်တော်သို့ ရောက်ရှိသွားလေပြီ။

ချန်ဖုန်းတွင် ရှန်ဖုန်းမင် သ-တ်ခဲ့သည့် လူများ၏ ဦးခေါင်းများသည် မြေပေါ်တွင် လူးလှိမ့်နေကြသည်။ ချန်ဖုန်းက လူတိုင်းက အန္တရာယ်ကို ခံစားမိရာ ထိုအရာရှိနှင့် လူချမ်းသာစီးပွားရေးသမားများဆိုလျှင် ပြောစရာပင် မလိုချေ။ ဆောင်ကြာမြိုင်များပင် ဖွင့်လှစ်ဖို့ ကြောက်ရွံ့ခဲ့ကြသည်။ မည်သူက မိန်းကလေးများကို ဝယ်ပါတော့မည်နည်း။

အမျိုးသမီးကျန့်က ထိုချီလင်အစောင့်များက သူမကို သဘောမကျဘဲ သူမကိုလည်း လက်စတုံးလိုက်မည်စိုးသဖြင့် သူမကို ထပ်မရောင်းရဲတော့ပေ။

အသိမိတ်ဆွေများနှင့် တိုင်ပင်ပြီးနောက် သူမသည် မိန်းကလေးတချို့ကို လုစီရင်စုမြို့သို့ ခေါ်သွားလိုက်တော့သည်။

အချိန်ကိုက်ပင် နယ်စားအန်းဖင်အိမ်တော်၏ သခင်မကြီးမွေးနေ့ဖြစ်နေသည်။ အိမ်တော်ထဲတွင် လူအင်အားနည်းနေလေသည်။ ထို့ကြောင့် သူမက ကျန်းယွင်ရှို့နှင့် တခြားမိန်းကလေးများကို အိမ်တံခါးဆီသို့ ခေါ်သွားလိုက်တော့သည်။

နောက်ဆုံးတွင် ကျန်းယွင်ရှို့ကို လျန် ၁၂စ နှင့် စျေးဖြတ်လိုက်လေသည်။

ဒီနေ့ သူမ နယ်စားအန်းဖင်ရဲ့အိမ်တော်ကို ဝင်လာတဲ့ ပထမဆုံးနေ့လေ။ အနောက်တံခါး ထောင့်ကနေ ဝင်လာရတယ်ဆိုပေမဲ့ အပန်းဖြေဇရပ်တွေ၊ မျှော်စင်တွေ နဲ့ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦတွေကို ပတ်ကြည့်ခဲ့သေးတယ်။ သူမ အိပ်မက်ထဲက စိတ်ကူးထားခဲ့တာတွေထက် အများကြီးကို လှတာပဲ။

ကျန်းယွင်ကျူးက အိပ်မက်ထဲတွင် သည်လိုနေရာမျိုး၌ နေခဲ့ရပြီး သူမကတော့ လေဒဏ် မိုးဒဏ်အပြည့်နှင့် ယိုယွင်းနေသည့်အိမ်တစ်လုံးတွင် နေခဲ့ရသည်ကို စဥ်းစားလိုက်မိပြီး သူမသည် အလွန်မှ ကံကောင်းသည်ဟု သိလိုက်ရလေသည်။ ကံကောင်းလို့ သူမ တုတ်အတိုတစ်ချောင်း လုထားနိုင်ခဲ့တာလေ။

ဒီတစ်ခါ နောက်ဆုံးတော့ သူမက ချမ်းချမ်းသာသာ နေရမဲ့အလှည့်ပဲ။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset