အပိုင်း (၈)
သိုးသားအရိုးတချို့ကို စျေးက ဝယ်လာခဲ့လိုက်သည်။ လျှို့ဝှက်ဟင်းခတ်အမွှေးအကြိုက်များကို ထည့်လိုက်ပြီး သုံးနာရီလောက် ပြုတ်ထားလိုက်၏။ အရိုးများသည် ချက်ပြုတ်ရာမှ အဖြူရောင် ဖြစ်သွားပြီး စွပ်ပြုတ်ရည်မှာ နူးညံ့အိစက်ကာ မွှေးပျံ့နေတော့သည်။ သည်အချိန်တွင် ဂျုံထဲကို ရေများလောင်းထည့်လိုက်သည်။ ဂျုံသားများ ရလာသည်အထိ နှယ်လိုက်ပြီးသည်နှင့် ရေထပ်ထည့်ကာ ဂျုံစေးများ ကုန်သွားသည်အထိ ဆက်တိုက် နှယ်နေလိုက်လေသည်။ ထွက်လာသည့် ရေများကို အရိုးစွပ်ပြုတ်ထဲ လောင်းထည့်လိုက်သည်။ ထို့နောက်တွင် မုန်လာဥဖြူ၊ ပဲပြား၊ ပဲကြာဆံ၊ ဟင်းနုနွယ်ရွက်တို့ကို ထည့်လိုက်သည်။ နောက်ဆုံးတွင် နှပ်ထားပြီးသား ဂျုံစေးကို အိုးထဲသို့ ထည့်လိုက်လေသည်။ အပူအချိန်မြင့်မြင့်ဖြင့်ဆူပွက်အောင် တည်ထားလိုက်သည်။ အပူချိန်ကို ပြန်ချလိုက်ပြီး စွပ်ပြုတ်ရည်ကို ပျစ်လာအောင် လုပ်လိုက်သည်။ ပူစပ်ကာ အနံ့အရသာထူးကဲသည့် စွပ်ပြုတ်အိုးကြီးတစ်အိုး ပြီးမြောက်သွားတော့သည်။
ထိုအရာက ဒုစစ်သူကြီးကြီးကျောက်က ကျန်းယွင်ကျူးကို သတိရသွားစေအရာပင်။ ဆောင်းဦးနှောင်းပိုင်း ရောက်လာပြီး သူတို့သည် တောင်များကြားတွင် နေနေရသည်။ သည်စွပ်ပြုတ်ကို သောက်ရန် သင့်တော်သည် မဟုတ်ပါလား။ ပူလောင်ပြီး စပ်သည့်အရသာ တစ်ခုပင်။ တစ်ပွဲလောက်သောက်လိုက်လျှင် ဒွာရခုနှစ်ပေါက်လုံး ပွင့်ထွက်သွားပြီး ပြဿနာအားလုံးကို ပြီးဆုံးသွားလိမ့်မည်။
ကျန်းယွင်ကျူးက တစ်ပန်းကန်စာလောင်းထည့်လိုက်ပြီး ဖြတ်ထားသည့် ကြက်သွန်မိတ်နှင့် နံနံပင်တို့ကို အပေါ်က ဖြူးလိုက်ကာ အဘိုးချန်ကို အရင်ဆုံးလှမ်းပေးလိုက်လေသည်။
“ အဘိုး စားကြည့်ပါအုံး”
ကျန်းမိသားစုသည် သိုးသားအရိုးစွပ်ပြုတ်၏ အနံ့ဖြင့် ကျီစယ်ထားရပြီးဖြစ်လေသည်။ ထိုစကားကို ကြားလိုက်ချိန်တွင် အဘိုးချန်က စမ်းတဝါးဝါးဖြင့် ပန်းကန်လုံးကို ယူလိုက်ပြီး ဇွန်းတစ်ချောင်းဖြင့် ပန်းကန်လုံးထဲက ဟင်းရည်ကို ခပ်လိုက်သည်။
စွပ်ပြုတ်နှင့် တူသော်လည်း လုံးဝအတူကြီးတော့ မဟုတ်ပေ။ အနံ့ပြင်းပြင်းတစ်ခုက သူ့မျက်နှာကို လာရိုက်ခတ်သွားလေသည်။
ပါးစပ်အတွင်းသို့ ရောက်သွားချိန်တွင်တော့ ငရုတ်ကောင်းမှုန့် အရသာက ပါးစပ်ထဲတွင် ချက်ချင်း ပြန့်သွားသည်။ ထို့နောက် သိုးသားစွပ်ပြုတ်၏ ယူမာမီအရသာက နောက်ကလိုက်လာပြီး မုန်လဥဖြူ၏ ချိုမြိန်သည့်အရသာ၊ ပဲပြား၏ မွှေးရနံ့ စသည့်ပါဝင်ပစ္စည်းများသည် အတူတူ ပေါင်းစပ်သွားကြလေသည်။ ချဥ်စပ်အရသာပင်။ ပြေပျစ်သည့် မွှေးရနံ့က ပါးစပ်ထဲတွင် စိုစွတ်သွားရာ စိတ်ဝိညာဉ်တစ်ခု နိုးထလာသည့်နှယ်။
အဘိုးချန်သည် တစ်ငုံသောက်လိုက်၏။ သူသည် သည်းမခံနိုင်တော့ဘဲ ဒုတိယတစ်ခါ ထပ်သောက်လိုက်ပြန်သည်။ ထို့နောက် တတိယတစ်ခါ။
တစ်ပန်းကန်လုံး ကုန်သွားမှ ကျေနပ်သွားကာ ပန်းကန်လုံးကို ချလိုက်တော့သည်။ သည်အချိန်တွင် ချွေးပေါက်များက သူ့နှာသီးပေါ်တွင် ထွက်ပေါ်လာလေသည်။
“ဘယ်လိုလဲဟင်” ကျန်းယွင်ကျူးက အားတက်သရော မေးလိုက်၏။
“နေလို့ကောင်းလိုက်တာ”
အဘိုးချန်က ထိုအရသာကို ဖော်ပြရန် သည်စကားလုံးကိုသာ သုံးနိုင်တော့သည်။ သည်စွပ်ပြုတ်ကို သောက်လိုက်ရသည်က အလွန်မှ နေသာထိုင်သာ ရှိသွားတော့သည်။
ဒါသည် ကျန်းယွင်ကျူးလိုချင်သည် အဖြေပင်။ သူမသည် အပြုံးတစ်ခုဖြင့် ချက်ချင်း မေးလိုက်တော့သည်။
“ ဒါဆို အဘိုး ၊ ကျွန်မ ဒီစွပ်ပြုတ်ကို ရောင်းမယ်ဆိုရင် အဘိုးဘယ်လိုသဘောရလဲ”
သူမသည် ဟူလထန်း (ငရုတ်ကောင်းစွပ်ပြုတ်) ကို ရောင်းချင်ခဲ့သော်လည်း အမျိုးသမီးချန်က သဘောမတူချေ။ မိသားစုတွင် သည်ငွေနည်းနည်းလေးသာ ရှိလေသည်။ စီးပွားရေး အလုပ်ရန် သုံးလိုက်ပြီကာမှ အရှုံးပေါ်သွားလျှင် သူတို့မိသားစုသည့် ပါးစပ်ဟရင်း အနောက်မြောက်လေကိုသာ စားရလိမ့်မည်မဟုတ်ပါလား။
တခြားရွေးစရာ မရှိတော့သဖြင့် ကျန်းယွင်ကျူးက အဘိုးချန်ထံမှ အကူအညီတောင်းရတော့သည်။ သူ့စကားလုံးများက အရေးပါသေးလေသည်။
အဘိုးချန်က အဖြေပြေးရန် မလောချေ။ သူခေါင်းငုံ့လိုက်ပြီး ခဏလောက် သေချာစဥ်းစားလိုက်၏။ သူက မေးလိုက်ပြန်သည်။
“ ဒီစွပ်ပြုတ်တစ်အိုးရဲ့ အခြေခံကုန်ကျစားရိတ်က ဘယ်လောက်ရှိလဲ”
ကျန်းယွင်ကျူးက အစောကြီးကတည်းက တွက်ချက်ထားပြီးဖြစ်သဖြင့် ချက်ချင်း ပြန်ဖြေလိုက်လေသည်။
“ ပုံမှန်ဆိုရင်တော့ ဒီစွပ်ပြုတ်ကို သိုးသားနဲ့ ချက်တာ အရသာပိုကောင်းတယ်၊ ဒါပေမဲ့ သိုးသားအရိုးကို သုံးရင် ပိုပြီး သက်သာတယ်၊ ဒီသိုးသားအရိုးက ၉ ဝမ်ပဲ ကျတာ ၊ များများဝယ်ရင် ပိုပြီး သက်သာနိုင်တယ်၊ ကျန်တာက ဂျုံပဲ၊ ဂျုံ ပေါင် ၄၀၀ ကို သုံးဝမ်ပဲ၊ အသီးအရွက်နဲ့ဆိုရင် ဒီစွပ်ပြုတ်ကို ပါ့ကျိမ်းစွပ်ပြုတ်လို့ ခေါ်တယ်၊ စွပ်ပြုတ်ထဲမှာ အသီးအရွက် ၈မျိုးပါတဲ့ အဓိပ္ပာယ်ပေါ့၊ ဒီဟင်းမျိုးတွေကို ရာသီအလိုက်တွဲဖက်စားလို့ရတယ်၊ ကျွန်မက ဒီရာသီမှာ စျေးအပေါဆုံးနဲ့ အရသာအရှိဆုံး အသီးအရွက်ကို သုံးထားတာ၊ ဒါကို ထပ်ပေါင်းလိုက်ရင် ၃ ဝမ်၊
နောက်ဆုံး ဟင်းခတ်အမွှေးအကြိုင်၊ ထင်းဖိုး၊ ဘာညာဆိုရင် ၃ ဝမ်၊ ဒီတစ်အိုးရဲ့ စုစုပေါင်း ကုန်ကျစားရိတ်က ၁၈ ဝမ်ပဲရှိတယ်”
အဘိုးချန်သည် ထိုစကားကို ကြားလိုက်ရတော့ အံ့ဩသွားတော့သည်။ ဒီလောက် စွပ်ပြုတ်အိုးကြီးတစ်အိုးက ဒီလောက်နည်းနည်းလေးပဲ ကုန်တယ်တဲ့လား။
“ ဒါဆို ဒါကို တစ်ပွဲ ဘယ်လောက်နဲ့ ရောင်းမှာလဲ” သူသည် တစ်ခုခု လိုနေသည်ကို ခံစားမိသဖြင့် ချက်ချင်းမေးလိုက်လေသည်။
“ တစ်ပွဲကို ၂ ဝမ်၊ ဒီစွပ်ပြုတ်တစ်အိုးက ပွဲ ၂၀ စာလောက် ရလိမ့်မယ်၊ သဘောက ၄၀ ဝမ်ဖိုး ရောင်းနိုင်မှာပေါ့”
အဘိုးချန်သည် ကြားလိုက်ရသည့်စကားကြောင့် အံ့ဩသွားတော့သည်။ ဒီလောက်အရသာရှိပြီး များတဲ့ စွပ်ပြုတ်က တစ်ပွဲကို ၂ ဝမ်ပဲ ကျသင့်မှာတဲ့လား။ အဲလိုဆိုရင်တောင် အမြတ်က ၂ဆနီးပါး ရှိတယ်။ ကောင်းလိုက်တဲ့ စီးပွားရေးပဲ။ ဒါ တကယ်ကောင်းတဲ့ လုပ်ငန်းတစ်ခုပဲ။
သူသည် သူ့တောင်ဝှေးကို နှစ်ချက်လောက် ရိုက်လိုက်ပြီး ရုတ်တရက် အကြံပေးလိုက်လေသည်။
“ ဒီစွပ်ပြုတ်ကို တစ်ခုခုနဲ့ တွဲရောင်းသင့်တယ်”
ကျန်းယွင်ကျူးကလည်း ထိုအကြောင်းကို စဥ်းစားခဲ့သေးသည်။ သူမသည် ဂျုံဖြူပန်ကိတ်နှင့် အသားနှပ်တချို့ကို လုပ်ချင်လေသည်။ ပန်ကိတ်ကို စွပ်ပြုတ်ထဲတွင် နစ်စားနိုင်သလို အသားညှပ်ကာ စားနိုင်ပြီး၊ သူ့ချည်းသပ်သပ်လည်း စားနိုင်သည်။ အိမ်တွင် လုပ်နိုင်ပြီး ထိုနေရာတွင် ချက်ချင်း ရောင်းချနိုင်သည်။
တောင်ခြေက စျေးတွင် အစားအသောက်ရောင်းခြင်း၏ အဓိကအချက်မှာ အရှိန်ပင်ဖြစ်သည်။
အဘိုးချန်သည် မြေးမလေးက စီးပွားရေးတစ်ခု စ,လုပ်ချင်မှန်းသိပြီး ပြဿနာ ပတ်ရှာမှာ မဟုတ်မှန်းလည်း သိသည်။ သူမသည် အားလုံးကို စဥ်းစားထားပြီးသားဖြစ်ပေမည်။
“ ဒါ အလုပ်ဖြစ်နိုင်တယ်လို့ ထင်တယ်” သူက တည်တည်ငြိမ်ငြိမ်ဖြင့် ထောက်ခံလိုက်၏။
အမျိုးသမီးချန်လည်း အခုလေးတင် ကျန်းယွင်ကျူး၏စွပ်ပြုတ်ကို မြည်းကြည့်ခဲ့သည်။ သူမ၏ ရှင်းလင်းပြီး လက်တွေ့ကျသည့် လေသံကို ကြားလိုက်ရချိန်တွင်တော့ သူမ၏စိတ်မှာ စတင် ယိမ်းယိုင်လာတော့သည်။ အခုတော့ အဘိုးချန်၏ အဖြေကို ကြားလိုက်ရပြီး သူမသည် တွေဝေသွားတော့သည်။ ကျန်းယွင်ကျူးကို စမ်းလုပ်ကြည့်ခွင့် ပေးလိုက်ရမည်လားဟူ၍။
“ မင်း လုပ်ချင်တယ်ဆိုရင် သေသေချာချာလုပ်၊ ငါ မင်းရဲ့စွပ်ပြုတ်ကို မြည်းကြည့်ပြီးပြီ၊ ဂျုံပန်ကိတ်နဲ့ လိုက်မယ် မထင်ဘူး၊ အသားပန်ကိတ်နဲ့ဆို ကောင်းမယ်၊ ဒါပေမဲ့ အသားပန်ကိတ်က အရမ်း စျေးကြီးတယ်” သည်အခိုက်တွင် အဘိုးချန်က ရုတ်တရက် ဖြတ်ပြောလိုက်လေသည်။
ကျန်းယွင်ကျူးသည် ထိုစကားကို ကြားလိုက်ရပြီးနောက် သူ့ကို လက်မ ထောင်ပြချင်လိုက်လေသည်။ သေချာတာပေါ့။ အဘိုးရဲ့အမြင်က စူးရှပါပေတယ်။ ဒီဟူလထန်း ကို ဂျုံပန်ကိတ်နဲ့ တွဲမစားသင့်ဘူး။ ယိုမော့ထို နဲ့ တွဲစားသင့်တာ။ ယိုမော့ထိုသည် အီကြာကွေးနှင့် ဆင်တူပြီး အီကြာကွေးထက် ပိုသေးကာ အလျားနှင့် အထူက လက်ချောင်းများလောက်သာ ရှိသည်။
လတ်လတ်ဆတ်ဆတ်ကြော်ထားသည့် ယိုမော့ထိုသည် မွသလို ကြွပ်ရွသည်။ ငရုတ်ကောင်း စွပ်ပြုတ်ထဲတွင် လှိမ့်နေပြီး နှစ်ခုက လိုက်ဖက်လေသည်။ အရသာမှာ နှစ်ဆတိုးသွားလိမ့်မည်။
သို့သော် ယိုမော့ထိုကို လုပ်ရသည်က အလွန်လက်ဝင်သည်။ သူတို့သည် သေးငယ်ပြီး ဂျုံနှယ်ဖို့လိုကာ ကြော်ရအုံးမည်။ ထို့ကြောင့် သူမက လက်လျှော့လိုက်တော့သည်။
“ ဒုက္ခများတာကို ဘာလို့ကြောက်နေတာလဲ” အမျိုးသမီးချန်က မြန်မြန် ပြောလိုက်၏။ သူမသည် ဒုက္ခကို မကြောက်ပေ။ သူမက ငွေများကို အချည်းနှီး ရင်းနှီးလိုက်ရမည်ကိုသာ ကြောက်လေသည်။
“ အင်းလေ ဒါဆို ယိုမော့ထို လုပ်မယ်၊ အင်း… အသားပန်ကိတ်ကိုလည်း လုပ်နိုင်ပါတယ်”
ကျန်းယွင်ကျူးတွင် ကိုယ်ပိုင်စဥ်းစားထားသည်များ ရှိလေသည်။
သည်ကိစ္စကို သည်လိုသာ သတ်မှတ်ထားလိုက်တော့သည်။
သည်နေ့လုပ်ထားသည့် စွပ်ပြုတ်များကို အလကား မထားလိုက်နိုင်ပေ။ အမျိုးသမီးချန်က ကရားအိုးကြီးတစ်ခုထဲ အရင်ဆုံး ခပ်ထည့်လိုက်ပြီး ကျန်းယွင်ကျူးအား ရွာသူကြီးနှင့် အဖေကြီးရွှီတို့ထံ သွားပို့ခိုင်းလိုက်သည်။ ထို့နောက် သူမက နောက်တစ်အိုးကို ခပ်ထည့်လိုက်ပြီး အမျိုးသမီးဖန်းဆီသို့ ကိုယ်တိုင်သွားပို့လိုက်လေသည်။ အမျိုးသမီးဖန်းသည် သူတို့ကို အိမ်ငှားပေးလိုက်သည့် မိန်းမကြီးဖြစ်သည်။ သူမသည် အရင်က ကျန်းမိသားစုအတွက် ပန်ကိတ်နှင့် စွပ်ပြုတ်ကို လာပို့ပေးခဲ့ဖူးသည်။ အမျိုးသမီးချန်က ထိုအကြောင်းကို စိတ်ထဲတွင် အမြဲတမ်း မှတ်ထားလေသည်။ သူမသည် အခွင့်အရေးရလျှင် ပြန်လုပ်ပေးချင်သည်က သဘာဝပင်။
ကျန်သည့်စွပ်ပြုတ်များကို ညနေခင်းအတွက် သောက်ရန်ထားလိုက်ပြီး ကျန်းချိန်ကို အာဟာရဖြည့်ပေးရမည်။
နှစ်ယောက်သားသည့် အိမ်ကထွက်လာပြီး တစ်ယောက်က ဘယ်ဘက် ချိုးသွားကာ တစ်ယောက်က ညာဘက်သို့ ချိုးသွားလိုက်သည်။
အမျိုးသမီးချန်ဘက်တွင် ပြောစရာ စကားများများစားစား မရှိပေ။ အမျိုးသမီးဖန်းက သူမ တစ်ခုခုကို ယူလာသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် အထဲသို့ ဖိတ်ခေါ်လိုက်သည်။ သူမအတွက် မလွယ်ကူမှန်း သိထားပြီး အိမ်တွင်လည်း တိုက်တိုက်ဆိုင်ဆိုင် မန်ထို လုပ်ထားသဖြင့် သူမက မန်ထို ၅-၆လုံး ပြန်ထည့်ပေးလိုက်လေသည်။ ထိုအရာက အမျိုးသမီးချန်ကို ရှက်ရွံ့သွားစေတော့သည်။
ရွာသူကြီးအိမ်တွင်တော့ ရွှီချင်ရှန့်သည် ခြံထဲတွင် စိတ်လှုပ်ရှားစွာ ရပ်နေလေသည်။ ကျန်းချိန်က သည်နေ့ မိုင်းတွင်းသို့ သွားလိုက်ပြီဖြစ်သည်။ သူကလည်း လိုက်သွားချင်သည်။ သို့သော် သူ့ဝမ်းကွဲဦးလေးက သူ့ကို သွားခွင့်မပြုပေ။
သည်အခိုက်တွင် မျက်လုံးကို ပင့်ကြည့်လိုက်ရာ မြေအိုးတစ်လုံးကို ကိုင်ကာ ထိုနေရာတွင် ရပ်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။
“ယွင်ကျူး”
ရွှီချင်ရှန့်က မြန်မြန်လျှောက်လာလိုက်ပြီး သူမ၏လက်ထဲက ကရားအိုးကို လှမ်းယူလိုက်သည်။
“ ကျွန်မ စွပ်ပြုတ်နည်းနည်းလုပ်ထားလို့၊ အမေက ရွာသူကြီးနဲ့ ဦးလေးရွှီတို့ မြည်းကြည့်ရအောင် သွားပေးလိုက်ပါ ပြောလို့ပါ”
ကျန်းယွင်ကျူးက သူမရောက်လာရသည့် ရည်ရွယ်ချက်ကို ပြုံးကာ ရှင်းပြလိုက်လေသည်။
သူမ စကားပြောလိုက်ချိန်တွင် သူမ၏အသံက ကြည်လင်ပြီး သူမ၏ပါးချိုင့်ကလည်း ပေါ်လာလေသည်။ ရွှီချင်ရှန့်မှာ ပြန်ဖြေဖို့ပင် မေ့သွားလုလု ဖြစ်သွားတော့သည်။
“ ငါ ဒါကို ဝမ်းကွဲအဒေါ်ဆီ ပေးလိုက်ပါ့မယ်” ရွှီချင်ရှန့်က အိုးကို မြန်မြန်သယ်ကာ အိမ်ထဲ ဝင်သွားတော့သည်။
သိပ်မကြာလိုက်ခင်မှာပင် သဘောကောင်းသည့် မျက်နှာနှင့် မိန်းမတစ်ယောက်က ထွက်လာပြီး ကျန်းယွင်ကျူးနှင့် ဝမ်းသာအားရ စကားပြောလိုက်လေသည်။
သူမသည် ကုယုံသယ်၏ဇနီး အမျိုးသမီးလင် ဖြစ်လေသည်။
ကျန်းယွင်ကျူးက တာဝန်ကျေကျေ ပြန်ဖြေပေးလိုက်ပြီး နှုတ်ဆက်စကား ပြောလိုက်သည်။
ရွှီချင်ရှန့်က သူမကို တံခါးနားအထိ လိုက်ပို့ပေးလေသည်။
ကျန်းယွင်ကျူးက လှည့်ကြည့်လိုက်၏။ သူ သူ့လက်ထဲက မြေအိုးအလွတ်ကို ငါ့ကို မပေးတော့ဘူးလား။
ရွှီချင်ရှန့်မှာ အမှန်ပင် မြေအိုးကို မပေးချင် ဖြစ်နေလေသည်။
“ ငါ့ဝမ်းကွဲဦးလေးက ပြောတယ်၊ ငါ့မိသားစုမှာ မြည်းတစ်ကောင် ရှိတယ်ဆိုတော့ သယ်ယူပို့ဆောင်ရေးက မိုင်းတွင်းလောက် ပိုက်ဆံမရပေမဲ့ ငွေရှာက ပိုလွယ်ပြီး ပိုပြီးလွတ်လပ်တယ်တဲ့”
သည်အခြေအနေသို့ ရောက်လာပြီးဖြစ်သဖြင့် ကျန်းယွင်ကျူးက သူ့ကို အထင်လွဲသွားမည်စိုးကာ မြန်မြန် ထပ်ပြောလိုက်လေသည်။
“ တကယ်တော့ ငါလည်း ပင်ပန်းမှာ မကြောက်ပါဘူး၊ ငါလည်း မိုင်းတွင်းမှာ သွားလုပ်ချင်ပါတယ်”
သူသည် ငွေမြန်မြန်ရှာပြီး ကိုယ်ပိုင်အိမ်တစ်လုံး ဆောက်ချင်ခဲ့သည်။ ထို့နောက်တွင်တော့…. သူသည် ကျန်းယွင်ကျူးကို မကြည့်ရဲတော့ချေ။
ကျန်းယွင်ကျူးသည် သူက သူမ၏အဖေနှင့် မိုင်းတွင်းသို့ သွားမည်ပြောခဲ့ပြီးမှ သတင်း မကြားခဲ့ပုံကို စဥ်းစားနေခဲ့ဖူးသည်။ ကိစ္စက သည်လိုဖြစ်နေသည်ကိုး။
“ ရွာသူကြီးက ရှင့်အတွက် အကောင်းဆုံးစဥ်းစားပေးထားပဲ၊ သူ ပြောတာမှန်တယ်လို့ ကျွန်မထင်တယ်”
ကျန်းယွင်ကျူးက ချက်ချင်း ထောက်ခံလိုက်လေသည်။ ငါ့မိသားစုက ဆင်းရဲပြီး မြည်းတစ်ကောင်ဖို့ မတတ်နိုင်တာဘဲ နှမြောစရာ။ မဟုတ်ရင် အဖေ့ကို မိုင်းတွင်း သွားခိုင်းစရာလိုမှာ မဟုတ်ဘူး။
“ သယ်ယူပို့ဆောင်ရေးက အဆင်ပြေတယ်လို့ နင်တကယ်ပဲ ထင်သလား”
ရွှီချင်ရှန့်၏မျက်လုံးများသည် တဖျတ်ဖျတ်လက်သွားတော့သည်။
ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်၏။
“ဒါပေမဲ့ သယ်ယူပို့ဆောင်ရေးက ဝင်ငွေပိုနည်းတယ်လေ” ရွှီချင်ရှန့်က စိုးရိမ်တကြီး ပြန်ဖြေလိုက်သည်.
ပိုနည်းတယ်တဲ့လား။ ကျန်းယွင်ကျူးကတော့ သည်အလုပ်ကို အလားလာပိုရှိသည်။ ခံစားမိသည်။ ဝူလင်မြို့မှာ မိုင်းတွင်းအလုပ်သမား အများကြီး ရှိတယ်လေ။ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လိုအပ်တဲ့ အသွားအလာပိုများတဲ့ လမ်းပိုင်းကို ရွေးချယ်ရုံပဲကို။ စီးသမား မရှိမှာ ဘာပူစရာလိုလို့လဲ။
လူပိုများရင် စျေးလျှော့ပေးလို့တောင် ရသေးတဘ်။ ဒါမှမဟုတ် လစဥ်ကြိုသွင်းတဲ့ စနစ်ကို သုံးပေါ့။ လှည်းတစ်စီးနဲ့ သွားလာဖို့ တစ်လကို ယွမ် ၄၀ ပဲကျမှာ။ တောင်ပေါ်မှာလုပ်ရင်တောင် ယွမ် ၃၀ပဲရတာ။ အရူးတွေပဲ တောင်ပေါ်က ခါးသီးတဲ့ဒဏ်ကို ခံစားချင်ကြတာ။
မြည်းလှည်းတစ်စီးက လူ ၇-၈ယောက်လောက် ဆန့်တာပဲ။ လစဥ်ဝင်ငွေ တစ်ခုနဲ့ဆိရင် ၃လျန်ပဲ။ သူ တစ်နေ့ကို နှစ်ကြောင်းပဲ သွားရင်တောင် မိုင်းတွင်းမှာ သွားလုပ်တာလောက်ကို ရှာနိုင်တာပဲ။
ဒါတောင် မနက်ခင်းနဲ့ ညခင်းပဲ ရှိသေးတယ်။ တခြားအချိန်တွေမှာလည်း ငွေရှာလို့ရနိုင်သေးတယ်လေ။
လုပ်ငန်းက တွင်ကျယ်လာတာနဲ့ သူ မြည်းလှည်းတွေထပ်ဝယ်ပြီး လမ်းကြောင်းကို ပိုချဲ့လို့ရတာပဲ။ အချိန်ပိုင်းလေးကို ကောင်းကောင်းလုပ်နိုင်တယ်။ ပြီးတော့….. အင်းပါလေ။ ကျန်းယွင်ကျူးသည် အများကြီး စဥ်းစားနေမိလေသည်။ ခြုံပြောရလျှင် သူမသည် ကောင်းမွန်သည့် စီးပွားရေးတစ်ခုဟု အမှန်ပင် ထင်မိသည်။ ငါ နည်းနည်းလောက် ထပ်စောင့်လိုက်ရင်ကော။ ငွေအရင်းအနှီး ရလာတဲ့အချိန်ကျရင် ကျန်းချိန်ကို ရွှီချင်ရှန့်နဲ့ ဒီအလုပ်မှာ တွဲလုပ်ခိုင်းလိုက်ရတယ်။
သူမက သူမ၏ အတွေးအနည်းငယ်ကိုသာ ရွှီချင်ရှန့်ကို ပြောပြလိုက်လေသည်။ ကပ်ဘေးရှောင်လာသည့် ခရီးတွင် သူနှင့် အဖေကြီးရွှီကို ကျေးဇူးပြန်ဆပ်သည့် နည်းလမ်းတစ်ခုဟု စဥ်းစားလိုက်လေသည်။
ရွှီချင်ရှန့်မှာ ဆွံ့အနေတော့သည်။ ဒီလိုနည်းနဲ့ လုပ်လို့ရသလား။ ဒါပေမဲ့ သူမ ပြောတာလည်း အဓိပ္ပာယ်ရှိတာပဲ။
ချက်ချင်းပင် သူသည် ယုံကြည်မှုအပြည့်ဖြစ်သွားပြီး “ယွင်ကျူး”
ကျန်းယွင်ကျူးသည် အမှန်ပင် တော်ပြီး ချောမောကာ ဉာဏ်ကောင်းသည်ဟု ခံစားလိုက်ရတော့သည်
သူသည် တစ်ခုခု ပြောမည်ပြင်လိုက်စဥ် ယောက်ျားတစ်ယောက်က လမ်းတစ်ဖက်ကို ဖြတ်ကူးလာလေသည်။ ရှည်လျားသည့်မျက်ခုံးများနှင့် ကြည့်လဲ့နေသည့်မျက်လုံးနှင့် အရပ်မြင့်မြင့်လူတစ်ယောက်။ သိမ်မွေ့ကာ ချောမောလှသည်။ ဆောင်းဦးနေရောင်ခြည်က သူ့ခန္ဓာကိုယ်ပေါ်တွင် တွယ်ရစ်နေပြီး ခပ်ပါးပါး မှင်ရည် စွန်းနေကာ ကျောက်စိမ်းအသွယ် ချောမောလေသည်။
ကျန်းယွင်ကျူးသည် ထူးခြားသည့်လူများပေါင်းများစွာနှင့် တွေ့ဆုံခဲ့ဖူးသည်ဟု ဆိုရမည်။ သို့တိုင် သူမသည် လူငယ်လေးကို နောက်တစ်ကြိမ် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်ရသည်။ သည်လိုလူမျိုးက သည်လို တောင်ပေါ်ရွာလေးတွင် ရှိနေမည်ဟု ထင်မထားခဲ့ချေ။
ရွှီချင်ရှန်ကလည်း ထိုလူငယ်ကို တွေ့သွားပြီး ချက်ချင်း နှုတ်ဆက်လိုက်လေသည်။
“ ဝမ်းကွဲညီလေး”
လူငယ်လေးက ဝါးပြင်ကြားက နှင်းစက်နှင့် ထင်းရှူးပင်ကြားက လေပြည်လေးနှယ် နွေးထွေးသည့် အပြုံးတစ်ခုကို ထုတ်ပြလိုက်သည်။
ရွှီချင်ရှန့်က သူတို့နှစ်ယောက်ကို ချက်ချင်း မိတ်ဆက်ပေးလိုက်လေသည်။ သူနှင့်အတူ ကပ်ဘေးမှ ထွက်ပြေးလာသည့် ကျန်းယွင်ကျူးနှင့် သူ၏ဝမ်းကွဲညီလေး ကုယန်ကျိုး ။
“ ယန်ကျိုးက ငါနဲ့မတူဘူး၊ သူက ပညာသင်တစ်ယောက်လေ၊ သူက တမြန်နှစ်က စာမေးပွဲအောင်ပြီး ရှို့ချိုင်တစ်ယောက် ဖြစ်သွားပြီ၊ နောက်နှစ် တော်ဝင်စာမေးပွဲ စတာနဲ့…..”
ကုယန်ကျိုးအကြောင်း ပြောရလျှင် ရွှီချင်ရှန့်သည် ဂုဏ်ယူမိလေသည်။
သူ့စကားကို ကြားလိုက်ရသည့် ကျန်းယွင်ကျူးသည် ကုယန်ကျိုးဟူသည့်နာမည်ကို တစ်နေရာရာတွင် ကြားခဲ့ဖူးသလို အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားမိလေတော့သည်။
…