အပိုင်း (၁၀)
ကျန်းယွင်ရှို့နှင့် ဆယ်နှစ်ယောက်ခန့် ရှိသည့် မိန်းကလေးများသည် အနောက်ဘက်ခြံထဲက အစွန်ဆုံးအခန်းသို့ ခေါ်သွားခံလိုက်ရလေသည်။
သည်မိန်းကလေးများသည် ၁၃နှစ်မှ ၁၆နှစ်ဝန်းကျင် အရွယ်များဖြစ်ကြပြီး သူတို့အားလုံးသည် တည်ကြည်ပုံပေါ်ကာ နူးညံ့သည့်သွင်ပြင်လက္ခဏာများ ရှိလေသည်။
ကျန်းယွင်ရှို့က ဘေးဘီကို ကြည့်လိုက်ပြီး မျက်လုံးထောင့်တွင် အနီရောင်မှဲ့တစ်လုံးရှိသည့် မိန်းကလေးကလွဲလျှင် သူမသည် အဖွဲ့ထဲတွင် အချောဆုံးဖြစ်မှန်း သတိထားမိသွားတော့သည်။ သူမမှာ ဝမ်းသာသွားတော့သည်။ သည်အချိန်တွင် အပြင်ဘက်က ခြေလှမ်းများကို ကြားလိုက်ရသည်။ မိန်းမတစ်ယောက်သည် အစေခံမလေးတစ်ယောက်နှင့် ဝင်လာလေသည်။
ထိုမိန်းမမှာ အန်းဖင်အိမ်တော်မှ အရေးပါသူတစ်ယောက်ပင်။ သူမသည် အမှန်ပင် ပိုးထည်နှင့် ဖဲသားတို့ကို ဝတ်ဆင်ထားသည်။ သူမ၏လက်ကောက်ဝတ်နှင့် ခေါင်းပေါ်တွင်လည်း ရွှေရောင်အလင်းများက တောက်ပနေလေသည်။
မိန်းကလေးများသည် အားကျမိသလို စိုးရိမ်ပူပန်သွားကြတော့သည်။
အမျိုးသမီးကျုံးသည် သည်မိန်းကလေးများကို တစ်ယောက်ချင်း စစ်ဆေးလိုက်သည်။ သူတို့နှစ်ယောက်ကတော့ မဆိုးဘူး။ ကျန်တာတွေကတော့ သာမန်ရွက်ကြမ်းရေကျိုပဲ။
သူမသည် လူများကို တာဝန် ခွဲပေးလိုက်လေသည်။
“ နင်တို့နှစ်ယောက် လက်ဖက်ရည်ခန်းကို သွား၊ နင်တို့သုံးယောက် အဝတ်လျှော်ခန်း၊ နင်တို့သုံးယောက် ကြီးကြပ်ရေးမှူးလီနဲ့ လိုက်သွားပြီး ခြံဝင်ထဲမှာ တံမြက်စည်း သွားလှဲချည်”
နောက်ဆုံးတွင် သူမသည် ကျန်သည့်လူများဆီသို့ လာခဲ့လေသည်။ သူတို့ထဲတွင် ကျန်းယွင်ရှို့နှင့် မျက်လုံးထောင့်နားတွင် မဲ့နီလေးရှိသည့် မိန်းကလေးတို့ ကျန်နေခဲ့သည်။
သူမက ခဏလောက် ရပ်လိုက်သည်။ သူမ၏စိတ်တို့ ပြန်လည်လာပြီး ကျန်းယွင်ကျူး၊ ဟိုမိန်းကလေးနှင့် မျက်နှာဝိုင်းဝိုင်းမိန်းကလေးတို့ကို ပြောလိုက်လေသည်။
“ နင်တို့သုံးယောက် စားဖိုဆောင်ကို သွား”
ထို့နောက် သူမသည် ကျန်မိန်းကလေးများကို တာဝန်ပေးလိုက်တော့သည်။
ကျန်းယွင်ရှို့မှာ နေရာတွင်ပင် တောင့်တင်းသွားလေသည်။ သူမက စားဖိုဆောင်ကိုတဲ့လား။ နားကြားမှားလိုက်တာပဲ ဖြစ်ရမယ်။
သူမသည် အမျိုးသမီးကျုံးကို ငေးကြည့်နေမိသည်။ သူမ၏စိတ်တို့သည် ဗလာအတိဖြစ်နေလေသည်။ သူမက လင်ထင်အန်းကို အလုပ်အကျွေးပြုရမယ်လို့ ထင်ထားခဲ့တာလေ။
အိပ်မက်ထဲတွင် လွန်ခဲ့တဲ့ ခုနှစ်နှစ်က ကျန်းယွင်ရှို့နှင့် ကျန်းယွင်ကျူးတို့ ပြန်တွေ့ခဲ့ကြသေးသည်။ သူတို့သည် စကားနည်းနည်းပါးပါးသာ ပြောဖြစ်ခဲ့ကြသည်။ ကျန်းယွင်ကျူးသည် သူမ၏ အတိတ်အကြောင်း ပြောခဲ့စဥ်က အကျဥ်းချုပ်သာ ပြောပြခဲ့ပြီး ကောင်းသတင်းများကိုသာ ပြောခဲ့ကာ မကောင်းသတင်းများကိုတော့ ချန်ထားခဲ့လေသည်။ ထို့ကြောင့် ကျန်းယွင်ရှို့သည် ကျန်းယွင်ကျူး နယ်စားအိမ်တော်၏ သခင်မ ဖြစ်လာပုံကို သေသေချာချာ မသိခဲ့ပေ။ ကျန်းယွင်ကျူးက ရွှီချင်ရှန့်၏ အတိတ်ကို မသိခဲ့သကဲ့သို့ပင်။
မိန်းကလေးစုစုပေါင်း ၁၄ယောက်ရှိပြီး သူတို့ကို အခြေခံအားဖြင့် အလုပ်ကြမ်းဝေယျာဝေစ္စလုပ်ရသည့် အစေခံမလေးများအဖြစ် နေရာအသီးသီးတွင် တာဝန်ချထားလေသည်။ သည်မိန်းကလေးထဲက တချို့သည် ဖြတ်ထိုးဉာဏ်ကောင်းကြပြီး အိမ်တော်အတွင်းက အခြေအနေကို စုံစမ်းထားခဲ့ကြသည်။ ရလဒ်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူတို့သည် အလွန်စိတ်ပျက်သွားကြတော့သည်။
အမျိုးသမီးကျုံးဆိုတာ ဘယ်သူမလို့လဲ။ သူမရဲ့ မျက်တောင်တွေအားလုံးက ကျွတ်ကုန်ပြီးပြီလေ။ သည်အခြေအနေကို မြင်လိုက်ရသဖြင့် သူမက အေးတိအေးစက်ဖြင့် နှာခေါင်းရှုံ့လိုက်တော့သည်။ ဒီမိန်းကလေးတွေက သူတို့တွေ သစ်ကိုင်းပေါ် ပျံတက်နိုင်မယ်လို့ တကယ်ကြီးထင်နေကြတာလား။ အိမ်တော်ထဲမှာ လူအင်အားသာ မပြတ်လပ်ဘူးဆိုရင် သူတို့လို နောက်ကြောင်းမသိဘာမသိနဲ့ သူတွေက နယ်စားအိမ်တော်ထဲ ဝင်လို့ရမယ် ထင်နေလား။
သူတို့ကို အိမ်တော်ထဲမှာ အလုပ်ကြမ်းတချို့ပေးလုပ်ထားတာနဲ့တင် သူတို့အတွက် အကျိုးရှိနေပြီးပြိ။
ကျန်းယွင်ရှို့သည် စားဖိုဆောင်သို့ ရောက်လာသည်အထိ စားဖိုဆောင်တွင် သူမကို တာဝန်ပေးခဲ့သည်ကို နောက်ဆုံးအချိန်အထိ မယုံကြည်နိုင်ဖြစ်နေတော့သည်။
သူမနှင့်အတူ ပါလာသူများမှာ မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးနှင့် ထျန်ယင်းဟု ခေါ်သည့် မျက်လုံးထောင့်တွင် မဲ့နီလေးရှိသည့် မိန်ကလေးတို့ဖြစ်လေသည်။
အန်းဖင်နယ်စားအိမ်တော်၏ စားဖိုဆောင်သည် အလွန်မှ ကြီးမားလေသည်။ လက်ရှိတွင် ထမင်းစားချိန်မဟုတ်သေးပေ။ ထို့ကြောင့် သည်နေရာတွင် တော်တော်လေး တိတ်ဆိတ်နေသေးသည်။
စားဖိုဆောင်တာဝန်ခံ အမျိုးသမီးကျိုးသည် သူတို့သုံးယောက်ကို တွေ့လိုက်ရသောအခါ အထူးသဖြင့် ကျန်းယွင်ရှို့နှင့် ထျန်ယင်းကို တွေ့လိုက်ရသောအခါ သူမ၏မျက်နှာမှာ ချက်ချင်း ညိုမည်းသွားတော့သည်။
အမျိုးသမီးကျိုး၏ ယောက်ျားသည် အိမ်တော်၏စားဖိုမှူး ဖြစ်သည်။ သူ့နာမည်မှာ ကောင်းရွှင့် ဖြစ်သည်။ သူသည် ဟွိုက်ယန်ဟင်းလျာများကို ချက်ပြုတ်ရာတွင် ကျွမ်းကျင်လေသည်။
သို့သော် သည်ကောင်းရွှင့်တွင် အကျင့်ဆိုးတစ်ခု ရှိနေသည်။ အထူးသဖြင့် မိန်းမများနှင့် ရှုပ်ပွေရသည်ကို နှစ်သက်လေသည်။ အန်းဖင်နယ်စား၏ မျက်နှာသာပေးခံရသည်ကို အားကိုးကာ အစေခံမလေးတချို့နှင့် ရှုပ်ပွေပြီး အိမ်တော်ထဲတွင် မိန်းမများ ယူထားလေသည်။
သည်အကြောင်းအရင်းကြောင့်ပင် အမျိုးသမီးကျိုးက သူနှင့် အမြဲတမ်း ရန်ဖြစ်ခဲ့ရသည်။ သို့သော် သူမ လုပ်နိုင်သည့်က ဘာမှမရှိပေ။
လွန်ခဲ့တဲ့ရက်တုန်းက အိမ်တော်ထိန်းကို စားဖိုဆောင်မှာ လူမရှိတော့တဲ့အကြောင်း ပြောပြလိုက်ပြီး ရိုးသားပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ လူတွေကို ပို့ပေးဖို့ တောင်းဆိုထားတာလေ။ ရလဒ်က ဒီသုံးယောက်တဲ့လား။
ကျန်းယွင်ရှို့နဲ့ သူ့မျက်နှာပေါ်က အင်တင်တင်မျက်နှာထားကို ကြည့်လိုက်ရုံနဲ့ သူမက သခင့်အိပ်ရာပေါ် တက်ချင်နေတဲ့ မြေခွေးမမှန်း သိနိုင်တယ်လေ။ ပြီးတော့ ထျန်ယင်း၊ သူ့မျက်ခုံးနဲ့ မျက်လုံးတွေ ကြာပစ်ချင်နေတဲ့အကြည့်အပြည့်နဲ့။ သူက ယောက်ျားမရှိရင် မနေနိုင်တဲ့ မိန်းမပျက်လေးပဲ ဖြစ်ရမယ်။ ကျန်တဲ့တစ်ယောက်ပဲ မျက်စိထဲမှာ သဘောကျစရာရှိတယ်။
ကျုံးကျင်းဟွမ် လက်ချက်ပဲ ဖြစ်ရမယ်။ ငါ့ကို ပြဿနာဖြစ်စေချင်နေတာလေ။ ငါ ရယ်စရာဖြစ်နေတာမြင်ချင်လို့ ဒီလူသုံးယောက်ကို တမင်ပို့လိုက်တာ။
အမျိုးသမီးကျိုးသည် ကြိတ်မှိတ်ကာ အံ့ကြိတ်ထားလိုက်ပြီး အမျိုးသမီးကျုံး၏မျက်နှာကို ဆွဲဖြဲချင်စိတ် ပေါက်သွားတော့သည်။
“ နင်တို့ သုံးယောက်၊ အဲမှာ ဘာရပ်လုပ်နေကြတာလဲ၊ အခုထိ အလုပ်သွားမလုပ်ကြသေးဘူးလား”
သူမသည် ဒေါသအားလုံးကို သူတို့သုံးယောက်ထံပုံချလိုက်ပြီး ဒေါသထွက်ထွက်ဖြင့် ဆဲဆိုလိုက်တော့သည်။
ကျန်းယွင်ရှို့တို့သုံးယောက်မှာ အသက်ရှူကြပ်သွားတော့သည်။ ဘာအလုပ်လုပ်ရမှာတဲ့လဲ။
“ ပန်းကန်သွားဆေးကြ၊ နောက်ဖေးမှာ ပန်းကန်တွေက တောင်လိုပုံနေပြီ” အမျိုးသမီးကျိုးက ပြောလိုက်၏။
ကျန်းယွင်ရှို့တို့ သုံးယောက်လည်း နောက်ဖေးသို့ ထွက်လာခဲ့ကြလေသည်။
သည်ရက်ပိုင်းအတွင်း စားဖိုဆောင်ထဲတွင် လူအင်အားမရှိပေ။ ထင်ထားသည့်အတိုင်းပင် ထိုညစ်ပတ်ပေရေနေသည့် ပန်းကန်ခွက်ယောက်များက တောင်လိုပုံနေတော့သည်။
သူတို့ယောက်လည်း ပန်းကန်ဆေးရန် ရေခပ်ရတော့သည်။
ဆောင်းဦးရာသီအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။ တွင်းရေက အလွန်အေးစက်ပြီး ပန်းကန်ခွက်ယောက်များက ဆီများဖြင့် အလွန်ချွဲကျိနေသည်။ ခဏအကြာတွင် ကျန်းယွင်ရှို့၏ လက်များသည် နီရဲကာ ဖြူဖျော့သွားတော့သည်။ သူမ၏စိတ်ထဲတွင် နာကျည်းမှုတို့ ပေါက်ဖွားလာတော့သည်။ သူမက နယ်စားအိမ်တော်ကို ဇိမ်နဲ့ ပျော်ပါးဖို့လာတာလေ။ ပန်းကန်တွေ ဆေးကြောဖို့မှ မဟုတ်တာ။
“ အထိန်းအကွပ်မရှိတဲ့ဟာမလေးတွေ အခုထိ မတိုက်ချွတ်ကြသေးဘူးလား၊ ဘာတွေ ငေးငိုင်နေတာလဲ၊ နင်တို့တွေ ဆေးကြောလို့ မပြီးရင် ဒီနေ့ည ဘယ်သူမှ ထမင်းမစားရဘူး” အမျိုးသမီးကျိုးက ဘေးတွင်ထိုင်ကာ သူတို့သုံးယောက်ကို စောင့်ကြည့်နေလေသည်။
ကျန်းယွင်ရှို့က သူမကို မှတ်ထားလိုက်သည်။ ငါ နယ်စားအိမ်တော်ရဲ့ သခင်မလေးဖြစ်လာတဲ့ သူ့ကို ပန်ကန်းတွေ အများကြီး ဆေးခိုင်းပစ်မယ်။ မဟုတ်ဘူး။ ပန်းကန်တွေကို တစ်ချပ်ချင်းစီ လျှာနဲ့လျက်ပြီး သန့်ရှင်းရေး လုပ်ခိုင်းပစ်မယ်။
အနာဂတ်တွင် အမျိုးသမီးကျိုးကို နှိပ်စက်ရန် နည်းလမ်းအမျိုးမျိုး စဥ်းစားလိုက်ပြီးနောက် သူမသည် ပိုပြီး နေသာထိုင်သာရှိသွားပြီး တစ်ဖန် အားတင်ထားနိုင်လာပြန်သည်။
နာရီဝက်ခန့် ကြာပြီးနောက် ယောက်ျားတစ်ယောက်သည် နောက်ဘေးရှိ ထောင့်က တံခါးမှ ဝင်လာလေသည်။ ထိုလူသည့် အရပ်မြင့်မြင့် ဝဝ ဖြစ်သော်လည်း သူ့မျက်လုံးများက မကြီးပေ။
သူသည် မူးလာပုံရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အရက်နံ့များ နံဟောင်နေလေသည်။
သူသည် တံခါးမှ ဝင်လာသည်နှင့်တစ်ပြိုင်နက် ကျန်းယွင်ရှို့တို့သုံးယောက်ကို တွေ့သွားပြီး သူ့မျက်လုံးများက ချက်ချင်း လင်းလက်လာတော့သည်။
၁၅နှစ်အရွယ် ကျန်းယွင်ရှို့သည် ဗာဒံစေ့ မျက်လုံးများနှင့် မက်မွန်ရောင် ပါးမို့မို့လေး ရှိသည်။ အကောင်းဆုံးအရွယ်တွင် ပွင့်လန်းနေသည့်ပန်းကလေး တစ်ပွင့်နှယ် မိန်းကလေးတစ်ယောက်ပင်။ သူမထက် တစ်နှစ်ကြီးသည့် ထျန်ယင်းသည် ကွေးညွှတ်နေသည့် မျက်ခုံးနှင့်မျက်လုံးများ ရှိလေသည်။ သူမ၏မျက်လုံးနားရှိ မှဲ့နီလေးက သူမကို ပိုပြီးချစ်စရာကောင်းနေစေတော့သည်။
“ ရှင် ပြန်လာရကောင်းမှန်း သိသေးတယ်နော်၊ ညနေစာအတွက် မြန်မြန် ပြင်ဆင်တော့၊ နယ်စားသခင်ကြီးရဲ့ညစာ နောက်ကျရင် ရှင်ဘယ်လို ဇာတ်သိမ်းမယ်ဆိုတာ ကြည့်လိုက်အုံးမယ်”
အမျိုးသမီးကျိုးက ထိုယောက်ျားကို ဒေါသတကြီးတန်းဆဲတော့သည်။
ထိုယောက်ျားမှာ ကောင်းရွှင့်ပင်။
ကောင်းရွှင့်က စိတ်မရှည်လက်မရှည်နှင့် ပြန်ပြောလိုက်သည်။
“ မင်း အများကြီး ပြောစရာမလိုပါဘူး၊ ကိုယ့်အလုပ်သာ ကိုယ်လုပ်စမ်းပါ”
ပြောပြီးသည်နှင့် သူက ကျန်းယွင်ရှို့နှင့် ထျန်ယင်းတို့ကို ထပ်ကြည့်လိုက်ပြီးမှ စားဖိုဆောင်ထဲသို့ ဝင်သွားတော့သည်။
သူ့အကြည့်က ကျန်းယွင်ရှို့ကို အင်မတန်ရွံရှာသွားစေတော့သည်။
ထျန်ယင်းကတော့ ကောင်းရွှင့်ကို ဒေါသထွက်သယောင် စိုက်ကြည့်လိုက်လေသည်။ နူးညံ့သိမ်မွေ့သည့် အသွင်ပြင်တစ်ခုဖြင့် သူမသည် ငြင်းဆန်ချင်ပါသော်လည်း ကြိုဆိုနေယောင်။
အမျိုးသမီးကျိုးသည့် ကောင်းရွှင့်နှင့် စကားပြောစဥ် ကျန်းယွင်ရှို့တို့ကို ကျောပေးထားလေသည်။ ထို့ကြောင့် သူမသည် ထျန်ယင်း၏ မျက်လုံးများကို မမြင်လိုက်ပေ။ မဟုတ်လျှင် သူမသည် ချက်ချင်း ပြဿနာရှာပေလိမ့်မည်။
ခဏကြာပြီးနောက် စားဖိုဆောင်သည် အလုပ်များလာလေသည်။ သူမက သူတို့သုံးယောက်ကို ပတ်အော်လိုက်ပြီး အလုပ်လုပ်ရန် စားဖိုဆောင်သို့ ဝင်သွားတော့သည်။
နောက်ဆုံးတွင်တော့ ကျန်းယွင်ရှို့သည် အသက်ရှူနိုင်သွားပြီး လင်ထင်အန်းနှင့် တွေ့နိုင်မည့်နည်းလမ်းကို ကြံစည်နေလေသည်။
သူမဘေးက ထျန်ယင်း၏မျက်လုံးများသည် တဖျတ်ဖျတ် လက်သွား၏။ သူမ ဘာစဥ်းစားနေသည်ကိုတော့ မသိရပေ။
အမျိုးသမီးချန်သည် ကျန်းယွင်ရှို့အကြောင်း စဥ်းစားနေလည်း အသုံးမဝင်မှန်း သိနေပြီး အိပ်ပျော်သွားတော့သည်။
ညပိုင်းတွင် ကျန်းချိန်ပြန်လာ၏။ သူသည် သတင်းကို ကြားလိုက်ရသောအခါ အလွန်ပျော်သွားတော့သည်။
“ အဖေ မိုင်းတွင်းထဲ သွားမဲ့အစား ကျွန်မတို့နဲ့ အစားအသောက်ရောင်းပါလား”
ကျန်းယွင်ကျူးက သည်အခွင့်အရေးကို အသုံးချပြီး မိုင်းတူးသည့်အလုပ်မှာ အလုပ်ကောင်းတစ်ခု မဟုတ်ကြောင်း ပြောပြလိုက်လေသည်။ ဖုန်မှုန့်ကြောင့် ရသည့်ရောဂါနှင့် အရေပြားရောဂါလို လုပ်ငန်းခွင် ကျန်းမာရေးအန္တရာယ်ဖြစ်လာမည်က ပြောရန်ပင် မလိုချေ။ ရှေးခေတ် မိုင်းတူးသည့်လုပ်ငန်းက ဘာလုံခြုံရေးအကာအကွယ်မှ မရှိပေ။ အန္တရာယ်ကျရောက်ရန် လွယ်ကူလေသည်။
ကျန်းချိန်က ခေါင်းခါပြလိုက်၏။ သူ အခု မိသားစုကို ကူညီနိုင်ပြီလေ။ လူနှစ်ယောက် ငွေရှာတာက ပိုကောင်းတယ်မလား။
သူတို့တွေ ငွေမြန်မြန်ရှာနိုင်လေလေ ကိုယ်ပိုင်အိမ်လေးတစ်လုံး မြန်မြန်ဆောက်နိုင်လေလေပဲ။ ဒါမှပဲ သူ စိတ်အေးရမှာ။
အမျိုးသမီးချန်ကဲ့သို့ပင် ကျန်းချန်သည်လည်း အခုတော့ ငွေကို ကြိုက်နေတော့သည်။ ဟုတ်တယ်လေ။ သူတို့သာ ချမ်းသာခဲ့ရင် သူတို့သမီးကိုလည်း ရောင်းလိုက်ရမှာမဟုတ်ဘူး။ သူတို့သာ ချမ်းသာခဲ့ရင် ဒီလိုသူစိမ်းမြေမှာ လျှောက်သွားနေစရာလည်း လုံးဝမလိုဘူး။ ပြီးတော့ သူတို့တွေ ကျန်းယွင်ကျူးကိုလည်း နေ့တိုင်း ညသန်းခေါင်အထိ အလုပ်လုပ်ခိုင်းစရာ မလိုတော့ဘူးလေ။
ကျန်းယွင်ကျူးသည် ဖျောင်းဖျလို့မရနိုင်မှန်း သိလိုက်ရသဖြင့် သည်ကိစ္စကို လောလောဆယ် သည်အတိုင်း ထားလိုက်ရတော့သည်။ ခဏလောက် စောင့်လိုက်ပါမယ်လေ။ မိသားစုက ငွေနည်းနည်း ပိုရှာနိုင်တဲ့အချိန်အထိ စောင့်လိုက်မယ်။ ဒါဆိုရင် ကျန်းချိန်လည်း အဲဒီလစာလေးကို ခွဲခွာဖို့ ဆန္ဒရှိလာမှာပါ။
နောက်တစ်နေ့တွင် သူတို့သည် ဆိုင်ခင်းရန် မနက်စောစော ထွက်လာခဲ့တော့သည်။ သည်နေ့ လုပ်ငန်းသည် မနေ့ကထက် ပိုကောင်းလေသည်။ အမျိုးသမီးချန်မှာ ပျော်လွန်းသဖြင့် ပါးစပ်နားရွက်တက်ချိတ်တော့မတတ် သွားများပေါ်အောင် ပြုံးနေတော့သည်။
တစ်နာရီကျော်သွားပြီးနောက် စျေးသည် လူသူကင်းမဲ့ လာပြန်သည်။ သူတို့သည် ပစ္စည်းများကို ထုပ်ပိုးပြီး အိမ်ပြန်ဖို့ ပြင်ဆင်လိုက်ကြသည်။
ကျန်းယွင်ကျူးက မြေအိုးကြီးကို အဖုံးဖွင့်လိုက်ရာ အထဲက လက်ဝါးအရွယ် အသားတုံးကြီးတစ်တုံးကို တွေ့လိုက်ရသည်။ သူမသည် နေ့လယ်စာအတွက် အိမ်တွင် အားလုံးကို အသားကျွေးရင်ကောင်းမည်ဟု စဥ်းစားလိုက်လေသည်။ နေ့တိုင်း အသားနှပ်အနံ့ကို ရနေသော်လည်း မစားနိုင်သဖြင့် တော်တော်ပင် သောကရောက်ရလေသည်။
“ အသားနံ့လေးက မွှေးလိုက်တာ” သူမ၏နားထဲတွင် ခပ်ကြမ်းကြမ်းအသံတစ်ခုက ဟိန်းသွားလေသည်။
ကျန်းယွင်ကျူး မော့ကြည့်လိုက်သောအခါ သူမဘေးသို့ရောက်နေသည့် ဘယ်အချိန်က ရောက်နေမှန်း မသိသည့် ခေါင်းကြီးကြီးနှင့် ငနဲတစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုခေါင်းကြီးပေါ်က မေးစေ့ပေါ်တွင် မုတ်ဆိတ်မွေးများ ပြည့်လို့ပင်။
ဒုစစ်သူကြီးကျောက် ဖြစ်နေလေသည်။ ကျန်းယွင်ကျူးက သူ့ကို မှတ်မိနေသည်။
“ ဒီအသားက ရောင်းဖို့လား” ဒုစစ်သူကြီးကျောက်၏ နွားသိုးမျက်လုံးများက အသားအိုးကို စိုက်ကြည့်နေ၏။
“ရောင်းဖို့ပါ” ကျန်းယွင်ကျူးက အမှတ်တမဲ့ ပြန်ဖြေလိုက်လေသည်။
စိတ်လိုလက်ရ ရယ်မောသံနှစ်ချက်နှင့်အတူ ဒုစစ်သူကြီးကျောက်က တွေ့ရာခွေးခြေခုံတစ်လုံးကို ဆွဲကာ နောက်က စားပွဲတစ်ခုတွင် ထိုင်ချလိုက်လေသည်။
“ တကယ် မွှေးနေတာပဲ၊ သူဌေး မင်းမှာရှိတာ အကုန်ချပေး”
သူ့နောက်က လိုက်လာသည့် စစ်သားနှစ်ယောက်ထဲက တစ်ယောက်က ပြောလိုက်လေသည်။
အမျိုးသမီးချန်က ထိုလူသုံးယောက်ကို စိုးရိမ်စိတ်ဖြင့် ကြည့်နေလေသည်။ သူတို့က ဘယ်သူတွေလဲ။ ပြီးတော့ ခေါင်းဆောင်လုပ်တဲ့လူက အရမ်းကြောက်ဖို့ကောင်းတာပဲ။
ကျန်းယွင်ကျူးက အသားကို မြန်မြန်ဆယ်ထုတ်လိုက်ပြီး အတုံးလေးများဖြစ်အောင် တုံးလိုက်ကာ အဖြူရောင်ပန်ကိတ်ထဲ အစာသွပ်လိုက်ပြီး၊ ပျစ်နှစ်နေသည့်စွပ်ပြုတ်ကို လောင်းထည့်ကာ သူတို့စားပွဲဆီ ယူသွားပေးလိုက်လေသည်။
သည်အချိန်တွင် အမျိုးသမီးချန်က သတိပြန်ဝင်လာတော့သည်။ သူမက နောက်ဆုံးကျန်သည့် ဟူလထန်းနှစ်ပွဲကို လောင်းထည့်လိုက်ပြီး ဒုစစ်သူကြီးကျောက်ဆီသို့ ဂရုတစိုက် ယူသွားလိုက်သည်။ သူမက မဝံ့မရဲ ပြောလိုက်၏။
“ စွပ်ပြုတ်က နှစ်ပန်းကန်ပဲကျန်တော့တယ်၊ သုံးယောက်စာ လောက်မှာမဟုတ်ဘူးထင်တယ်”
“ ကျွန်တော် သိုးသားစွပ်တစ်ပွဲ သွားဝယ်လိုက်မယ်၊ ကျွန်တော့်အကြိုက်ဆုံးလေ”
စစ်သားနှစ်ယောက်ထဲက တစ်ယောက်က ထရပ်လိုက်ပြီး မျက်နှာချင်းဆိုင်က ဆိုင်တွင် သိုးသားစွပ်တစ်ပွဲ ဝယ်ပြန်လာခဲ့လေသည်။
ဒုစစ်သူကြီးကျိုးက သူ့ကို ဂရုမစိုက်နေဘဲ အသားပန်ကိတ်ကို ကောက်ယူလိုက်ပြီး တစ်ကိုက် ကိုက်လိုက်လေသည်။
သူ့ပါးစပ်အပြည့် ကိုက်စားလိုက်ရာ အသားပန်ကိတ်တစ်ဝက်နီးပါးက ပျောက်သွားတော့သည်။
စွပ်ပြုတ်ကာ အရည်ပျစ်ပြီး အိစက်နေ၏။ နုပ်နုပ်စဉ်းထားသည့်အသားကလည်း နူးညံ့ကာ အရသာရှိလှသည်။ သည်ပန်ကိတ်ဖြူနှင့် ပြီးပြည့်စုံအောင် လိုက်ဖက်လှပေသည်။
နောက်ထပ် နှစ်ကိုက်လောက် စားပြီးသွားသည့်နောက် အသားပန်ကိတ်သည် သူ့ဗိုက်ထဲသို့ တန်းတန်းမတ်မတ် ရောက်သွားတော့သည်။
နောက်တစ်ခုကို ကောက်ကိုင်လိုက်ပြီး တစ်ကိုက်နှစ်ကိုက်ဝါးလိုက်ကာ တစ်ဖန် အားရပါးရ စားလိုက်ပြန်သည်။
သုံးခုဆက်တိုက် စားလိုက်ပြီးနောက်တွင် စွပ်ပြုတ်တစ်ပွဲ ကျန်နေသေးသည်ကို သတိရသွားလေသည်။ သူက စွပ်ပြုတ်ကို ပါးစပ်အပြည့် မော့ချလိုက်လေသည်။
ရုတ်တရက်ဆိုသလို သူ့မျက်လုံးများသည် လင်းလက်သွားတော့သည်. ဒီစွပ်ပြုတ်က ခံတွင်းအရသာ ပွင့်သွားတာပဲဟ။
ပါးစပ်အပြည့် စွပ်ပြုတ်တစ်ပွဲ၊ ပါးစပ်အပြည့် အသားပန်ကိတ်တစ်ခု။ သူသည် ရေသောက်သလို စားလိုက်တော့သည်။
အသားပန်ကိတ် ၆ခုထဲက ၅ခုသည် သူ့ဗိုက်ထဲ ရောက်သွားတော့သည်။ ထိုစွပ်ပြုတ်တစ်ပွဲကိုလည်း ပြောင်ရှင်းနေအောင် သောက်လိုက်လေသည်။
သူ့ဘေးက သိုးသားစွပ်ပြုတ်ပန်းကန်ကိုင်ထားသည့် စစ်သားမှာ သူ့လက်ထဲစွပ်ပြုတ်သည် အနံ့မရတော့သလို ရုတ်တရက် ခံစားလိုက်ရလေတော့သည်။
…