YMR- အခန်း ၈၆

အခန်း (၈၆)

ညနေခင်း အချိန်တွင် ထမင်းစားသောက် နေကြလျက် ကျန့်ယာဖေးက သူမ၏မိဘတို့ကို မိတ်ဆက် ပေးသည်။ ကပ်ဘေး မဆိုက်မီတွင် ကျန့်ထျန်းလုံမှာ ခွဲစိတ်ဆရာဝန် တစ်ယောက်ဖြစ်သောကြောင့် ကူးမင်ရွှမ်း စိတ်ဝင်တစားရှိကာ ကျောက်ယန်း အဖွဲ့၏ ဆေးရုံသို့ ဝင်ရောက်ရန် အကြံပေး တိုက်တွန်းလေသည်။ အလင်းစွမ်းအား ရှိသူများသည် သာမန် ထိခိုက် ဒဏ်ရာများကို ကုသပေးနိုင် သော်လည်း ရောဂါဘယတို့ကို ပျောက်ကင်းအောင် မစွမ်းနိုင်သဖြင့် ဆေးရုံဆောက်လုပ်ထားခြင်း ဖြစ်သည်။

ကူးမင်ရွှမ်းကို ယွင်ချဲ့ မတားတော့ပေ။ သူတို့မှာ အဖွဲ့မတူကြသော်လည်း ရှင်းဖုန်းက ယွင်ချဲ့ တို့ကို များစွာ ကူညီပေးခဲ့သည့်အပြင် ကျန့်ထျန်းလုံအား သူတို့နှင့်အတူ ဖုတ်ကောင်များ တိုက်ခိုက်ရန်အတွက် မတိုက်တွန်းလိုပေ။ ကျောက်ယန်းအဖွဲ့က ကျန့်ထျန်းလုံကို လိုအပ်ပြီး နောက်ပိုင်းတွင်လည်း အလုပ်ရလာနိုင်သည်။ ကျန့်ထျန်းလုံမှာ ချက်ချင်း မငြင်းပယ်ဘဲ စဉ်းစားဉီးမည်ဟုသာ ပြန်ပြောသဖြင့် ကူးမင်ရွှမ်းလည်း အတင်း မတိုက်တွန်းတော့ပေ။

ညစာ စားပြီးချိန်တွင် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးသွားကြပြီး ကျန့်ထျန်းလုံနှင့် ဝမ်စူးဟွာ တို့သည် ယွင်ချဲ့တို့ကို စွမ်းရည်ရှိသော လူရွယ်ကောင်းများ ဖြစ်ကြောင်း သိသွားကြသည့် အပြင် ရှင်းဖုန်းနှင့် သူ၏လူတို့မှာလည်း ကျန့်ထျန်းလုံတို့ကို ထူးခြားမှု မရှိကြောင်း အတည်ပြု လိုက်ကြသည်။ ထို့ကြောင့်ပင် အချင်းချင်း ရင်းနှီးကောင်းမွန်စွာ ဆက်ဆံ နိုင်ကြမည်ဟု ယူဆရပေသည်။

ညရောက်လေသော် ယွင်ချဲ့မှာ ရှင်းဖုန်း နှင့်မအိပ်ဘဲ လန်ယဲ့ဟန် နှင့်အတူ အခြား၂ယောက်နှင့် အခန်းတစ်ခန်းကို မျှအိပ်ကြလေသည်။ နံနက်လင်းချိန် မနက်စာ စားပြီးနောက် လန်ယဲ့ဟန်က ကျန့်ယာဖေးနှင့် ကျိုးဇယ်ယွီ တို့ကို ခေါ်လျက် စွမ်းအားရှင် အဖွဲ့အစည်းသို့ သွားကာ အမြုတေစုရန်နှင့် ကျန်ရှိနေသေးသော တာဝန်များ လုပ်ဆောင်ရန် ထွက်သွားကြလေသည်။ ယွင်ယောင် နှင့်အတူ ကျန့်ထျန်းလုံ နှင့်ဇနီးတို့မှာ ယွင်ချဲ့ ပြင်ဆင်ထားသော အခန်းများတွင် လိုအပ်သည့် အရာရှိမရှိကို ကြည့်ရှုကြလေသည်။ ယွင်ချဲ့က ရှင်းဖုန်းနှင့် လုဟိုင်ရွှမ်းကို ခေါ်ကာ အိမ်ရာ အောက်ခြေတွင် သံမဏိပြားများ ထည့်ရန် စီစဉ်လေသည်။

ယွင်ချဲ့ စုဆောင်းခဲ့သည့် သံမဏိပြားများမှာ ရှင်းဖုန်းနှင့် လုဟိုင်ရွှမ်းတို့ စုဆောင်းခဲ့ရသည်ထက် ၂ ဆပို၍ များပြား နေသောကြောင့် ရှင်းဖုန်း တို့ကိုလည်း မျှပေးခဲ့သည်။ မဟုတ်လျှင် သူ၏နယ်မြေထဲတွင် နေရာလွတ်မရှိ ဖြစ်ပေတော့မည်။

“ပင်ပန်းသွားပြီ ဆရာရှင်း .. ကျေးဇူးတင်ပါတယ် ရေလေး သောက်လိုက်ပါဉီး”

ရွှေသတ္တု အစွမ်းမှာ အလွန် အသုံးဝင်လှသည်။ ရှင်းဖုန်းသည် အိမ်၏ ဘေးဘက်ရှိ မြေတွင် အပေါက်ငယ် တစ်ပေါက်ဖောက်ကာ အရည်ကျိုထားသော သံရည်များကို လောင်းထည့်လိုက်ရာ ထိုလမ်းတစ်လျှောက် ဆင်းသွားပြီးနောက် ရှင်းဖုန်း၏ ထိန်းချုပ်မှာကြောင့် သံရည်များကို လိုသလို အသုံးပြုနိုင်သည်။ ယွင်ချဲ့လည်း ချန်ချန်ကို မူကြိုကျောင်းသွားသို့ ပို့ပေးပြီးနောက် ပြန်ရောက်လာသည့် အချိန်တွင် ရှင်းဖုန်းကို ရေဘူး ကမ်းပေးလိုက်သည်။

“ငါ့ကိုတိုက်ပေး”

ရှင်းဖုန်း လှည့်ကာ ယွင်ချဲ့ကို စိုက်ကြည့်လျက် ပြောလေသည်။ လက်တစ်ဖက်တွင် သံချောင်းများ ကိုင်ထားပြီး ကျန်တစ်ဖက်က သူ၏အစွမ်းကို သုံးလျက် သံများကို အရည်ဖျော်ကာ တွင်းပေါက်ထဲသို့ လောင်းထည့် နေသည်။ ယွင်ချဲ့လည်း ရှက်ရွံ့ရမည့်အစား အနားတိုးကာ ခြေဖျားထောက်လျက် ရှင်းဖုန်း နှုတ်ခမ်းအနားသို့ ရေဘူးကို တေ့ပေးလေရာ ရှင်းဖုန်းလည်း ခေါင်းကို နှိမ့်ချကာ ရေသောက် လိုက်သော်လည်း အကြည့်များက ယွင်ချဲ့ကို ဖမ်းစားတော့မည့် အလား စိုက်ကြည့် နေလေသည်။

“ကြည့်နေတာတော်တော့ .. မသိရင် ကျုပ်ကပဲ အရသာရှိတဲ့ စားစရာ ကျနေတာပဲ”

မျက်မှောင်ကြုတ် ကြည့်လျက် ရှင်းဖုန်း သောက်လက်စ ရေဘူးကို တစ်ငုံမော့သောက်လိုက်သည်။

“ငါ့အတွက် မင်းက စားစရာပဲလေ”

ယွင်ချဲ့မှာ ရှင်းဖုန်း အတွက် မြင်သာမြင် မကြင်ရသော စားကောင်းသောက်ဖွယ် တစ်ခုကဲ့သို့ ဖြစ်နေလေသည်။

“လျှောက်ပြောမနေနဲ့ … ဒါက အခုမနက်ဆို ပြီးနိုင်လား”

စကားဆက် များနေလျှင် စနောက် ခံရတော့မည် ဖြစ်သောကြောင့် ယွင်ချဲ့ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ထင်တာပဲ နောက်တစ်နာရီကျော် လောက် ကြာဉီးမယ် ထင်တယ် … ဘာလဲ ရွေ့ဖို့အမြန်လိုနေတာလား”

“ဒါပေါ့ ! ခင်ဗျားလည်း နောက်ထပ် လူ ၃ ယောက်နဲ့ အခန်းကို မျှနေကြည့်ပါလား ! ဖြစ်နိုင်ရင် အခုချက်ချင်းတောင် ရွေ့ချင်နေတာ”

ခုတင် တစ်ခုတည်းကို မျှသုံးကြခြင်း မဟုတ်သော်လည်း မိမိတို့ပိုင်သည့် အိမ်တွင်နေရခြင်း မဟုတ်သဖြင့် သက်သောင့်သက်သာ မရှိပေ။ ထို့အပြင် ယွင်ယောင်နှင့် လန်ယဲ့ဟန်တို့လည်း ယွင်ချန်ကို လွမ်းဆွတ် နေကြသော်လည်း သူတို့က ယွင်ချဲ့အား ဝန်ပိစေမည် စိုးသောကြောင့် ဘာမှမပြောဆိုကြသည်ကိုလည်း ယွင်ချဲ့ သိသည်။ အထူးသဖြင့် လန်ယဲ့ဟန်မှာ နေ့တိုင်းပင် အမြုတေများကို သိမ်းဆည်းနေသည်။ သူတို့ပိုင်သော အိမ်သို့ ပြောင်းရွေ့လာပြီးလျှင် ယွင်ချန်ကို ခေါ်ထုတ်ကာ သူတို့နှင့် တွေ့ခွင့်ပေးမည် ဖြစ်သည်။

“ငါနဲ့အတူတူ အိပ်ပါလို့ ပြောသားပဲ”

ရှင်းဖုန်း ပြောကာ ရယ်လိုက်သည်။ ယွင်ချဲ့ ပြောင်းရွေ့မည်ကို စိတ်အလိုမကျခြင်း မဖြစ်သည့်အပြင် ယွင်ချဲ့က တစ်ဖက်အိမ်တွင် နေမည်ဖြစ်သောကြောင့် သူတို့နှင့်အတူ နေ့တိုင်း ထမင်းစားရန် ရှင်းဖုန်း ဆုံးဖြတ်ထားသည်။ သူသည် ချူးဟောင်လင်း ကဲ့သို့ အစားကျူးခြင်းမရှိသော်လည်း ကောင်းကောင်း မွန်မွန်လေးတော့ စားချင်သေးသည်။ ထို့အပြင် ယွင်ယောင်က အနောက်တောင် ဒေသသူ ဖြစ်သောကြောင့် ရှင်းဖုန်း အတွက် စပ်သော အစားအစာများစွာ ချက်ပြုတ် ပြင်ဆင်ပေးသဖြင့် စားဖိုမှူးချင်အား ရှင်းဖုန်း ပြောဆိုရန် မလိုတော့ပေ။

“အင်းပါ အင်းပါ ကျွန်တော်မျိုးပဲ မှားပါတယ် ရပြီလား … ဆရာ ခေါင်းဆောင် အလုပ်ကြိုးစား လိုက်ပါဉီးနော် ဟိုင်ရွှမ်းကို သွားကြည့်လိုက်ဉီးမယ်”

နေ့ခင်းအချိန် ဖြစ်နေပြီး တစ်ဖက်တွင်လည်း အစ်မဖြစ်သူ ရှိနေသောကြောင့် ထိုသို့သော စကားများကို ယွင်ချဲ့ ဆက်မပြောလိုသောကြောင့် စကားအမြန် ဖြတ်ကာ ထွက်လာခဲ့သည်။ ယွင်ချဲ့ကို ကြည့်နေသော ရှင်းဖုန်းက သူတို့၏ဆက်ဆံရေး အခြေအနေကိ ုသဘောကျသဖြင့် ရယ်မောလိုက်သည်။

အိမ်ကြီးထဲတွင် ယွင်ယောင်၊ ကျန့်ထျန်းလုံ နှင့် ဇနီးဖြစ်သူတို့က လိုအပ်သည်များကို စစ်ဆေးကြည့်ကြလေသည်။ ထို့နောက် ယွင်ယောင်နှင့် သန့်ရှင်းသပ်ရပ်စွာ နေတတ်သော ဝမ်စူးဟွာတို့ အိမ်ကို စတင် ရှင်းလင်းကြသည်။ ကျန့်ထျန်းလုံ သည်လည်း ကပ်ဘေး မကြုံမီကတည်းက အိမ်ရှင်းလင်းရာတွင် ကူညီပေးလေ့ ရှိသောကြောင့် မြင့်သော နေရာများကို တာဝန်ယူကူညီပေးသည်။ အိမ်ရာအသစ် ဖြစ်သောကြောင့် များစွာ မရှင်းလင်းရပေ။ ပြတင်းတံခါးများနှင့် ဖုန်တက်နေသော ပစ္စည်းများကိုသာ သန့်ရှင်းရေး လုပ်ကြသည်။

“ရှောင်ယောင် ဒါက မှန်လုံအိမ်မလား … ဘာတွေစိုက်မှာလဲ”

ယွင်ယောင်နှင့် ရင်းနှီးသွားပြီ ဖြစ်သော ဝမ်စူးဟွာက ပရိဘောဂများကို သန့်ရှင်းလျက် သိချင်စိတ်ကြောင့် မေးလိုက်သည်။ သူမသည် နယ်အစွန် ဒေသတွင် မွေးဖွားလာခြင်း မဟုတ်သော်လည်း ယခုကဲ့သို့ ကပ်ဘေး ကြုံရသည့်အခါ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများက အလွန် အရေးပါကြောင်း သူမ သိထားသည်။ အကယ်၍ မှန်လုံအိမ်များစွာ အသုံးပြုနိုင်ပါက သူမတို့တွင် အသီးအရွက်များ လုံလောက်စွာ ရရှိလိမ့်မည်ဟု သူမ စဉ်းစားမိသည်။

“ဟုတ်တယ် ရှောင်ချဲ့က မှန်လုံအိမ်လေးတွေ ဆောက်ခဲ့တာ … သူတို့တွေ အဝေးရောက်နေတုန်း ဂေါ်ဖီထုပ်တွေ စိုက်ထားတာ အနောက်ဘက်ခြံထဲက အကြီးဆုံး မှန်လုံအိမ်ထဲမှာတော့ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ရေမြှုပ် သခွားသီးနဲ့ သခွားသီးတွေ စိုက်ထားတယ် .. စိုက်ထားတာ အတော်ကြာနေပြီ အပင်တွေ ရှင်နိုင်ပါ့မလားတော့ မပြောတတ်ဘူး”

ယွင်ယောင်မှာ ငယ်စဉ် ကတည်းက အလုပ်များစွာ လုပ်ခဲ့ဖူးသဖြင့် စကားလည်း အလွန်သွက်သည်။

“သမီးက အသီးအရွက် အပင်တွေ စိုက်တာလား တော်လိုက်တာ! အန်တီဆို စားတာကလွဲလို့ ကျန်တာမသိဘူး .. ကန်စွန်းဥအစေ့က ဘယ်လို ပုံစံရှိလဲတောင် မသိဘူး”

“အန်တီက ကံကောင်းပါတယ် .. အန်တီ ယောကျ်ားကလည်း အန်တီကို ဘယ်လောက်ထိ ချစ်လဲကြည့်ပါဉီး ပြီးတော့ ယာဖေးလို သိတတ်လိမ္မာတဲ့ သမီးလေး တစ်ယောက်ရှိနေတာ … သမီးက ကံမကောင်းခဲ့ပါဘူး။ အကြီးဆုံး တစ်ယောက်အနေနဲ့ အဖေအမေတို့ လယ်ထဲဆင်းရင် ကူလုပ်ပေးရတယ် .. မိဘတွေ ဆုံးသွားတော့ အငယ်လေးတွေကို လယ်ယာလုပ်ရုံနဲ့ မပျိုးထောင်ပေးနိုင်ဘူးဆိုတာ သိလာတယ် .. ဘိုးဘွားတွေနဲ့ ဆွေမျိုးတွေက ကောင်းမွန်ကြတာ မဟုတ်တော့ မောင်လေးတွေကို ခေါ်ရင်း မြို့ပေါ်ကို ပြောင်းပြီး အလုပ် လုပ်ရတော့တယ်”

“သမီးအတွက် အတော် ခက်ခဲခဲ့မှာပဲ”

ယွင်ယောင် စကားကြောင့် ဝမ်စူးဟွာ စိတ်ဖိစီး သွားရသည်။ ယွင်ယောင်နှင့် သူမ၏ မောင်လေးတို့မှာ ထိုသို့ ဆင်းရဲခက်ခဲစွာ နေထိုင်ခဲ့ရမည်ဟု သူမ မထင်ထားခဲ့ပေ။ ယွင်ယောင် ကဲ့သို့ မိန်းကလေး တစ်ယောက်က သူမ၏မောင် နှစ်ယောက်ကို ပျိုးထောင် ပေးခဲ့ရသည်မှာ ကြားရသူအဖို့ အလွန် သနားကရုဏာ သက်မိစေသည်။

“အဲဒီလိုလည်းမဟုတ်ပါဘူး သမီးတို့ဘဝကို ခက်ခဲတယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး … နောက်ထပ် အကြိမ်ပေါင်း များစွာ ရွေးချယ်ခွင့် ရှိလာရင်တောင် ဒီလိုမျိုးပဲ ပြန်လုပ်မိမှာ .. သမီးရဲ့မောင်လေးတွေကလည်း တော်ကြတယ် ချန်ချန်လို ချစ်စရာကောင်းတဲ့ သားလေးလည်း ရှိတယ်ဆိုတော့ ဒီလိုလေး နေရတာကိုပဲ ပျော်နေရပါပြီ”

သူမခံစားခဲ့ရသည်ဟု မတွေးဘဲ ပျော်ရွှင်စွာ နေရသည်ဟု ယူဆထားသောကြောင့် ယွင်ယောင် တည်ငြိမ်စွာ ပြန်ဖြေလေသည်။ ယွင်ယောင်သည် အခြားသော သူစိမ်းများနှင့် အဆက်အသွယ် မရှိသော်လည်း အမျိုးသမီး အများစုမှာ အစားသောက်ကို ကောင်းမွန်စွာ စားသောက်ခွင့် မရဘဲ သူမတို့၏ လင်ယောကျ်ားသားများအပေါ် မှီခိုရသည်ဟု သူမကို အမျိုးသမီး အချို့က ပြောပြကြသည်။ သို့သော် ဆန့်ကျင်စွာပင် ယွင်ယောင်မှာ သူမ စားချင်သမျှ ကောင်းမွန်စွာ စားသောက်နိုင်ပြီး နေ့စဉ်နေ့တိုင်း သန့်ရှင်း သပ်ရပ်စွာ နေထိုင်ရသည်။ ယွင်ချဲ့က သူမနှင့် ကျန့်ယာဖေး တို့ကို မျက်နှာ အသားအရေ ထိန်းသိမ်းရန်အတွက် ထုတ်ကုန်များနှင့် အလှကုန်များ ပေးလေ့ရှိသည်။ စခန်းအတွင်းရှိ အမျိုးသမီးများမှာ အလွန် ထူးခြားအံ့ဩဖွယ် ကောင်းသော မောင်လေး တစ်ယောက်ရှိသည့် ယွင်ယောင်ကို လွန်စွာပင် မနာလို အားကျမိ ကြလေသည်။

“အင်း တစ်ချိန် ကျရင်တော့ ပျော်ရွှင် လာရမှာပဲလေ … ယွင်ချဲ့က လူတော်လေးပါ။ သူ့ကြောင့်သာ မဟုတ်ရင် သမီးလေးက အစွမ်း နိုးထခဲ့ရင်တောင် အသက် မရှင်နိုင်မှာကို စိုးရိမ်နေတာ”

ယွင်ယောင်နှင့် ဝမ်စူးဟွာ တို့လည်း လုပ်လက်စများကို ချထားကာ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး တစ်ယောက်လက်ကို တစ်ယောက်ကိုင်ကာ စကားပြော ကြလေသည်။ အမျိုးသမီးတို့ ဟူသည် အတင်းအဖျင်း ပြောရသည်ကို ကြိုက်တတ်ကြသည် မဟုတ်လား။ အမျိုးသမီး နှစ်ဉီးဆုံသည်နှင့် ပြောစရာများစွာ ရှိတတ်ကြသည်။

“အန်တီကလည်း ယာဖေးကို နှိမ့်ချလွန်းနေပါပြီ .. သူက ယောကျ်ားလေးတွေ နီးနီးကို အစွမ်းရှိတာပါ”

စခန်းကို ပြန်လာရာတွင် ကျန့်ယာဖေးမှာ အဖွဲ့၏ မဖြစ်မနေ လိုအပ်သော အဖွဲ့သား တစ်ယောက် ဖြစ်လာခဲ့သည်။

ဝမ်စူးဟွာသည် သူမသမီး၏ အကြောင်းကို ကြားရသည့်အခါ အလွန် ပီတိဖြစ်ရပေသည်။ လုံယန်စခန်းတွင် နေခဲ့ရစဉ်က မိန်းကလေး အများစုမှာ မကြာခဏ အဓမ္မ ပြုကျင့်ခံရသည်ကို သူမ မြင်ခဲ့ကြားခဲ့ရသည်။ သူမ၏သမီးမှာ ကိုယ်ပိုင် အစွမ်းအစကြောင့် အများ၏ အသိအမှတ် ပြုခံရသည်ကို သူမ အလွန် ဝမ်းမြောက်ရသည်။

“မမ ဘယ်ချိန်ထိ ကျွန်တော့်ကို ဥပေက္ခာ ပြုထားမှာလဲ”

ရုတ်တရက် ယွင်ချဲ့၏ အသံထွက်ပေါ် လာခဲ့သည်။ ဧည့်ခန်းထဲသို့ ယွင်ချဲ့ ရောက်နေသည်က အလွန်ကြာပြီ ဖြစ်သော်လည်း ယွင်ယောင် တို့က သူ့ကို သတိမထား မိလိုက်ကြပေ။

ယွင်ချဲ့မှာ ကျန်းရှန်က သူ့ကို လျစ်လျူရှု ထားသည်ဟု ထင်ခဲ့သော်လည်း သူ၏အစ်မကပင် လျစ်လျူရှုသည်ကို ကြုံလိုက်ရသည်။

“အင်းပါ ဘာလို့ အသံမပေး လိုက်တာလဲ .. အလုပ်ရော ပြီးပြီလား”

ယွင်ချဲ့ကို လှည့်ကြည့် လိုက်ပြီး ယွင်ယောင်နှင့် ဝမ်စူးဟွာတို့ တစ်ယောက်ကို တစ်ယောက်ပြုံးပြလိုက်သည်။ ယွင်ယောင် လည်း ဆိုဖာပေါ်မှီထိုင်လျက် သူမ၏မောင်ကို ကြည့်လေသည်။

“ပြီးလုနီးပါပြီ .. ဒါက မမ လိုတာတွေလား”

ယွင်ချဲ့ လမ်းလျှောက်သွားကာ ဆိုဖာ၏ လက်တင်ပေါ်သို့ ထိုင်ကာ စာရင်း မှတ်ထားသော စာရွက် အပိုင်းအစလေးကို ယူလိုက်သည်။ ရေးမှတ်ထာသော ပစ္စည်းများမှာ သူ၏နယ်မြေအတွင်း သိမ်းဆည်း ထားသော အရာများတွင် ပါဝင်နေသည်။

“အင်း .. မမတို့ အိုးခွက်နဲ့ ဒယ်အိုးတွေပဲ အမြန်လိုနေတာ ကျန်တာ မရှိရင်လည်း အဆင်ပြေတယ်”

“ရှိတာပေါ့ဗျ .. စတိုးဆိုင်တွေ ပရိဘောဂ ဆိုင်တွေသွားပြီး လိုအပ်နိုင်တာတွေ ယူလာခဲ့တယ်”

ယွင်ချဲ့ ဖြေပြီးသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ အောက်ထပ် ဟောခန်းကြီးမှာ ပစ္စည်းများ ပြည့်နှက် သွားလေသည်။ ယွင်ယောင်၊ ဝမ်စူးဟွာနှင့် အပေါ်ထပ်မှ ဆင်းလာသော ကျန့်ထျန်းလုံတို့ ကြောင်အအ ဖြစ်သွားကြပြီး စတိုးဆိုင်များနှင့် ကုန်စုံဆိုင်ကြီးများမှ ယွင်ချဲ့ ပစ္စည်းများ ယူလာကြသည်ကို ယုံကြည် သွားလေသည်။ မဟုတ်လျှင် ထိုသို့ အများအပြား ရလာနိုင်မည်မဟုတ်ပေ။

“အာ ဒီမှာ မမ အသုံးလိုနိုင်မယ့် ပစ္စည်းတွေလည်း ပါတယ်။ ချန်ချန် အတွက်ရောပဲ အဝတ်နဲ့ ဖိနပ်တွေတော့ အန်တီနဲ့ ခွဲယူလိုက်ပေါ့ .. လမ်းကြုံတော့မှပဲ ထပ်ယူလာခဲ့မယ်”

ပြောပြီးသည်နှင့် အမျိုးသမီး လစဉ်သုံး ပစ္စည်းများ၊ ကလေးဒိုက်ပါများ၊ အဝတ်များနှင့် ဖိနပ်များ များစွာ ပေါ်လာခဲ့သည်။ ထိုအရာများကို မြောက်ဘက်ရှိ ချွမ်မြို့မှ ကုန်ဖြန့်ချိရေး ဂိုထောင်မှ သိမ်းယူလာခဲ့ခြင်းဖြစ်ပြီး အလွန် များပြား လှသောကြောင့် နှစ်ပေါင်း များစွာတိုင် ကြာရှည်ခံ အသုံးဝင်နိုင်ပေဉီးမည်။

“နယ်မြေစွမ်းအား ရှိတာလို့ မထင်ဘူး ရှောင်ချဲ့ နင်က ဒိုရေမွန်များလား .. ဘာလို့အကုန်ရှိနေတာလဲ”

အမျိုးသမီးသုံး ပစ္စည်း အမြောက်အမြားကို ကြည့်ကာ ယွင်ယောင် ဆွံ့အ နေသော်လည်း နွေးထွေးသွားလေည်။ ယောကျ်ား တစ်ယောက်အတွက် ထိုပစ္စည်းများ မလိုအပ်သော်လည်း ယွင်ချဲ့က သူမအတွက် ယူလာပေးခဲ့ခြင်း ဖြစ်မည်။

“ကျွန်တော့်ဆီမှာ အများကြီး ရှိပါသေးတယ် ဒါပေမယ့် ဒါတွေ အကုန် သုံးနိုင်ဖို့ကတော့ အတော်ကြာ ဉီးမှာပဲလေ … ရှင်းဖုန်းနဲ့ မင်ရွှမ်းကို သွားကြည့် လိုက်ဉီးမယ်”

ယွင်ချဲ့ စကား အမြန်ဖြတ်ကာ ထွက်လာခဲ့ပြီးနောက် ယွင်ယောင်က ရုတ်တရက်လှမ်းခေါ်လိုက်ပြီး ..

“ရှောင်ချဲ့ .. မမနဲ့ ခဏလောက် စကားပြောလို့ရလား”

“ရတယ်လေ အပြင်ထွက် ပြောရအောင်”

မျက်ခုံးပင့်လျက် ယွင်ချဲ့ အရင်ထွက်သွားပြီး ယွင်ယောင်လည်း ကျန့်ထျန်းလုံနှင့် ဝမ်စူးဟွာ တို့ကို ခေါင်းညိတ် နှုတ်ဆက်ကာ ထွက်လာခဲ့သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset