YMR- အခန်း ၈၅

အခန်း (၈၅)

ယွင်ချဲ့ အိမ်၏ဒုတိယ အထပ်တွင် အခန်း ၃ ခန်းရှိပြီး ၂ ခန်းကို ကျန့်ယာဖေး မိသားစုအတွက် ထားပေးလိုက်သည်။ ကျန့်ယာဖေး အိမ်မှ သယ်ယူလာခဲ့သော ပရိဘောဂများကို ထိုအခန်း ၂ ခန်းထဲတွင် ထည့်ပေးလိုက်သည်။ ကျန်တစ်ခန်းမှာ ယွင်ယောင် အတွက်ဖြစ်ပြီး အခန်းထဲတွင် ၂ မီတာနီးပါး အကျယ်ရှိသော ဆင်စွယ်ရောင်ခုတင်၊ ကလေးအိပ်ခုတင် အဖြူရောင်၊ ဆင်စွယ်ဗီရိုနှင့် မှန်တင်ခုံတို့ကို နေရာချ ထားပေးလိုက်သည်။ မနက်ဖြန် ယွင်ယောင် လာခဲ့ပြီး သူမအတွက် လိုအပ်သော ပစ္စည်းများကို ကြည့်ရှုမည် ဖြစ်သည်။

တတိယအထပ်ရှိ အခန်း ၃ ခန်းကို လန်ယဲ့ဟန်၊ ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့ကို တစ်ခန်းစီပေးထားလိုက်သည်။ ယောက်ျားများ အတွက် အခန်းပြင်ဆင်ရန် မလိုအပ်သဖြင့် အခန်းတစ်ခန်းတွင် ခုတင်တစ်လုံး၊ ဗီရိုနှင့် ဆိုဖာထိုင်ခုံတို့ကို ၃ ခန်းလုံးမျှတူ ဖြည့်ထား ပေးလိုက်သည်။ ယွင်ချဲ့သည် အပေါ်ဆုံး အထပ်မှ အခန်းတစ်ခန်းကို သူ့အတွက် ယူလိုက်ပြီး ကျန် ၂ ခန်းကို ယွင်ချန်နှင့် ဟေးယွီ အတွက် ဖယ်ထားပေးလိုက်သည်။ ဟေးယွီက လူအိပ်သော အိပ်ရာများကို နှစ်သက်မည် မဟုတ်သောကြောင့် လက်သမားထံ သွားကာ ဖော့များ ထည့်ထားသည့် ဂျပန်ဖျာ တစ်ချပ်ကို လုပ်ခိုင်းရဉီးမည်။ ထိုအခင်းမှသာ ဟေးယွီ အတွက် သင့်တော်ပေလိမ့်မည်။

အောက်ဆုံး အထပ်မှလွဲ၍ ကျန်သော အခန်းများကို ပြင်ဆင်ထားပြီးဖြစ်သည်။ ယဲ့ရှင်းချန် နေသော အခန်းမှာ အသင့်ပြီးသား ဖြစ်သောကြောင့် ကျန်၂ ခန်းကိုသာ ပြင်ဆင်ရန် ကျန်သေးသော်လည်း လိုအပ်သည့် အချိန်ရောက်မှသာ ယွင်ချဲ့ ပြင်ဆင်လိုသည်။ ဧည့်ခန်းထဲတွင် ခရင်မ်အရောင် ဆိုဖာထိုင်ခုံ တစ်ဆက်နှင့် စကျင်ကျောက်စားပွဲ တစ်လုံးရှိနေသည်။ မီးဖိုခန်းထဲတွင် လူ ၁၀ ယောက်ပင် ထိုင်ဆံ့သည့် အလွန်ကြီးမားသော စားပွဲတစ်လုံးရှိပြီး အရက်ဝိုင် ပုလင်းများ ထည့်သည့် ဗီရိုအငယ် တစ်လုံးကိုလည်း ကန့်ထားလိုက်သည်။ ဖိနပ်စင်ကို တံခါးအနားတွင် ထားလိုက်ပြီးနောက် အိမ်ကိုပြင်ဆင်မှုမှာ ပြီးသလောက် နီးပါးပင်ဖြစ်နေသည်။ ယွင်ချဲ့သည် အိမ်ရှင်မ တစ်ယောက် မဟုတ်သဖြင့် အသေးစိတ် ပြင်ဆင်ပုံကို မသိသောကြောင့် နောက်မှသာ ယွင်ယောင်ကို လက်စသတ်စေရန် တွေးထားလိုက်သည်။

“ဒါက …”

ကျန့်ယာဖေးမှာ သူမ၏မိဘတို့ကို အခန်းသို့ ခေါ်လာသည့်အချိန် အခန်းထဲမှ ပရိဘောဂများကို တွေ့လိုက်ပြီးနောက် မျက်ရည်များ ဝေ့ဝဲလာကာ သူမပါးစပ်ကို လက်ဖြင့် အုပ်ထား မိလိုက်သည်။ ကျန့်ထျန်းလုံနှင့် သူ၏ဇနီးမှာလည်း ထိုကဲ့သို့ပင်။ သူတို့၏အိမ်မှ ပစ္စည်းများကို ယွင်ချဲ့ ယူလာပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပစ္စည်းများ နေရာချ ထားပုံမှာလည်း အရင်နေရာ အတိုင်းကဲ့သို့ အတိအကျပင်။

“ဉီးလေးနဲ့ အန်တီ .. ကျွန်တော် လောလောနဲ့ သိမ်းလာခဲ့တာ ရှုပ်ပွနေသေးတယ် .. နည်းနည်းတော့ ရှင်းရမယ်ထင်တယ်”

ယွင်ချဲ့ ကြီးမားသော အရာလုပ်ပေးသည်ဟု မယူဆသဖြင့် တံခါးကိုမှီလျက် လက်ပိုက်ကာ ရပ်နေလေသည်။ ပစ္စည်းများ အသိမ်းအထုတ် လုပ်ရန် လက်ကိုသာ ဝှေ့လိုက်ရုံနှင့် ရသဖြင့် ယွင်ချဲ့ အတွက် အလွန် လွယ်ကူသော အရာတစ်ခုဖြစ်နေသည်။

“ကျေးဇူးတင်ပါတယ် အစ်ကို ချဲ့”

ကျန့်ယာဖေး၏ မိဘတို့မှာ အခန်းထဲ ဝင်သွားကြပြီးနောက် ကျန့်ယာဖေးလည်း အလွန်ပျော်ရွှင်သွားသဖြင့် ငိုယိုလျက် ကျေးဇူးတင်စကား ပြောလေသည်။

“တကယ်ကြီးလား ကျေးဇူးတင်စရာ မလိုပါဘူး ငါသွားဉီးမယ် … မင်းရဲ့မိဘတို့ကို အနီးအနား ပတ်ပြလိုက်ဉီး ပြီးရင် ညနေစာ စားကြမယ်”

ယွင်ချဲ့ လက်ကို မြှောက်ကာ ကျန့်ယာဖေး ခေါင်းကို အသာပုတ် လိုက်ပြီးနောက် ထွက်သွားရန် လှည့်လိုက်ချိန် ကျန့်ယာဖေး အမြန်တားလိုက်သည်။

“အစ်ကို ချဲ့ .. ကျန်းချီနဲ့ ဟိုလူနှစ်ယောက်ကို လွှတ်ပေးလိုက်တော့ အစ်ကို့ကို စိတ်ပျက်အောင် လုပ်မိသွားတာလား”

ယွင်ချဲ့က ရန်သူများအပေါ် သနားညှာတာမှု ကင်းသည့်အပြင် သူ၏အဖွဲ့သားများကိုလည်း ရန်သူများကို ရင်ဆိုင် နှိမ်နင်းသည့်အခါ သနားစိတ် မထားရန် အမြဲမှာကြားတတ်သည်။ ယနေ့ ကျန့်ယာဖေး လုပ်ခဲ့သည်က ယွင်ချဲ့ ၏စကားကို သွေဖည်ခဲ့ခြင်းပင်။

“ဘာပြောနေတာလဲ အဲဒီလူတွေက အသုံးချခံခဲ့ရတာ ပြီးတော့ သူတို့ထဲ ၂ ယောက်ကို သတ်ခဲ့တာပဲ လုံလောက်ပါပြီ … ကျန်းချီ ကိုတော့ သတ်ခဲ့သင့်တာ ဒါပေမယ့် မင်းမိဘရဲ့ သူငယ်ချင်းတွေကြောင့် မလုပ်ခဲ့တာ ငါနားလည်ပါတယ် … သဘောထား မကောင်းပေးဖို့ အမြဲတမ်း ပြောနေပေမယ့် သွေးအေးအေးနဲ့ လူသတ်ရမယ်လို့ မဆိုလိုဘူး တခြားသူဆိုလည်း မင်းအတိုင်း လုပ်ကြမှာပဲ .. ပြီးတော့ အဲဒီမှာနေရတာ သေတာထက် ပိုကောင်းတယ် ထက်လား ကျန်းချီက အသတ်ခံရတာထက် ပိုခံစားရဖို့ တန်တယ်”

ကျန့်ယာဖေး ကိုယ့်ကိုယ်ကို အပြစ်ရှိသကဲ့သို့ ခံစားနေရမည်ကို သိသောကြောင့် ယွင်ချဲ့ ရှင်းပြလေသည်။ သူမ၏ ဆုံးဖြတ်ချက်ကို ယွင်ချဲ့ လေးစားမိသည်။ သူသည်လည်း တစ်ချိန်က ကျိုးမိသားစုကို လွှတ်ပေးခဲ့သည် မဟုတ်လား။ ကပ်ဘေးကာလတွင် အခြေအနေ အရပ်ရပ်တို့ကို သူတို့သိရှိနားလည် ထားရမည်ဖြစ်ပြီး မကြာခဏ လူသတ်နေသည်ဆိုလျှင် သူတို့လည်း မကောင်းဆိုးဝါးများနှင့် မခြားနားတော့ပေ။

“အင်း ဉီးလေး လင်းကလည်း ကျေးဇူးတင်ခိုင်းလိုက်တယ် .. အဖွဲ့သားတွေ အကူအညီနဲ့ အစ်ကို ယန်းက အိပ်ခန်း ၃ခန်းပါတဲ့ အိမ်ခန်းတစ်ခန်း တွေ့လိုက်တယ် .. သူတို့လည်း တော်တော် သဘောကျ နေကြတယ်”

ကျန့်ယာဖေးလည်း ပြုံးလာပြီး လင်းမိသားစုကို မည်သို့စီစဉ် ထားပေးကြောင်း ယွင်ချဲ့ကို ပြောပြလေသည်။

“လင်းမိသားစုက သာမန် လူတွေပဲဆိုတော့ အစ်ကိုယန်း ကြောင့်သာ မဟုတ်ရင် အဲဒီမှာ နေခွင့်ရမှာ မဟုတ်ဘူး .. တကယ်လို့ စခန်းရဲ့ ဆေးပေးခန်းတွေနဲ့ ဆေးရုံက အလုပ်လုပ်ဖို့ခေါ်ရင် အစ်ကို ယန်းက ပြောပေးမယ်တဲ့”

စွမ်းအား ရှိနေသူများမှာ ကိုယ်ခံအား ကောင်းသဖြင့် ဖျားနာမှု နည်းပါးပြီး ကုသရန် မလိုအပ်သော်လည်း သာမန်လူများကမူ ဖျားနာတတ်သည်။ ထို့ကြောင့် ဆေးပေးခန်းနှင့် ဆေးရုံကို ဖွင့်ထားရသည်။

“ဘာကို ကျေးဇူးတင်တာလဲ ငါလည်း ဘာမှမလုပ်ပေးတာကို .. အာ ယာဖေး မင်းနဲ့မင်းမိဘတို့က လင်း မိသားစုနဲ့ ရင်းနှီးတာကို ငါသိပါတယ် မင်းတို့ရဲ့ ရင်းနှီးမှုကိုလည်း မနှောင့်ယှက်ချင်ဘူး … ဒါပေမယ့် မင်းမိဘတွေကို ရှင်းပြပေးနိုင်မယ်လို့ ထင်တယ် ငါတို့လုပ်နေတာတွေကို မပြောပါနဲ့ ပြဿနာတစ်ခုခု ဖြစ်လာမှာ မလိုလားဘူး”

ယွင်ချဲ့တွင် လျို့ဝှက်ချက် များစွာရှိပြီး အခြားသူများကိုလည်း မဖုံးကွယ် ထားလိုပေ။ သို့သော် အနည်းဆုံးတော့ အိမ်ထဲတွင် နေသူများသည် လျှို့ဝှက်ချက်များကို ထိန်းသိမ်းကာ ယုံကြည်ရသူများသာ ဖြစ်စေချင်သည်။ ထို့အပြင် သူတို့ပြောင်းရွေ့ လာပြီးနောက် ယွင်ချန်ကို ခေါ်ထုတ်မည် ဖြစ်သောကြောင့် ထိုသို့သော လျှို့ဝှက်ချက်ကို မည်သူမှ သိ၍မဖြစ်ပေ။

“သိပါတယ် အဖေနဲ့အမေတို့ကို ပြောထားလိုက်မယ် .. စိတ်မပူပါနဲ့ သူတို့စကား လျှောက်မပြောတတ်ပါဘူး ပြောသင့်တာနဲ့ မပြောသင့်တာ သူတို့သိကြပါတယ်”

ယွင်ချန်ကို စဉ်းစားမိသဖြင့် ကျန့်ယာဖေးလည်း အကျိုးအကြောင်းပြောကာ ကတိပေးလိုက်သည်။

“အဆင်ပြေ…”

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ယွင် .. ဉီးလေးတို့ ကျေးဇူးတင်ပါတယ်”

ယွင်ချဲ့ စကားမဆုံးခင်တွင် ကျန့်ထျန်းလုံ နှင့်ဇနီး အတူရောက်လာကာ အခန်းကို ကြည့်လျက် အလွန်နှစ်ခြိုက် ကျေနပ်နေကြသည်။ လုံယန်စခန်းနှင့် ယှဉ်လျှင် အနောက်တောင်စခန်းမှာ နတ်ပြည်အလားပင်။

“ရပါတယ် ဉီးလေးနဲ့အန်တီ .. ကျွန်တော့်ကို ယွင်ချဲ့ ဒါမဟုတ် ရှောင်ချဲ့ လို့ပဲခေါ်ပါ”

ခေါင်းဆောင်ယွင် ဆိုသည့် နာမည်က အနည်းငယ် ရှက်စရာ ကောင်းလှသည်။ အခြားသူစိမ်းက ခေါ်လျှင် အဆင်ပြေနိုင် သော်လည်း ကျန့်ယာဖေး၏ မိဘတို့ ဖြစ်နေသောကြောင့် မသင့်တော်ပေ။

“ကောင်းပါပြီ ဒါဆို ရှောင်ချဲ့လို့ပဲ ခေါ်မယ်နော် … ဒါနဲ့ အစ်မနဲ့ တူလေးရှိတယ်လို့ ကြားတယ် ဘာလို့ မတွေ့ရသေးတာလဲ”

ဝမ်စူးဟွာက အလွန်တက်ကြွသော အမျိုးသမီး တစ်ယောက်ပင်။ ရှက်တက်တက်ဖြစ်နေရမည့်အစား ယွင်ချဲ့၏ မိသားစုအကြောင်း ပွင့်လင်းစွာ မေးလေသည်။

“ကျွန်တော့်တူလေး ချန်ချန်က အောက်ထပ်က သူငယ်ချင်းရဲ့ အခန်းထဲမှာပါ အစ်မက ဟိုဘက်မှာ ဟင်းချက်နေတယ် … ညနေစာကို အဲဒီဘက်မှာ သွားစားရမှာမလို့ ဉီးလေးတို့ ရေချိုးပြီး ယာဖေး နဲ့အတူ လာခဲ့ကြနော် … ကျွန်တော် သွားလိုက်ဉီးမယ်”

ပြောပြီးနောက် ယွင်ချဲ့ ခေါင်းညိတ် ဉီးညွှတ်ကာ အောက်ထပ်သို့ ဆင်းသွားလေသည်။

“လူကောင်းလေး တစ်ယောက်ပဲ ! ရှောင်ဖေး .. သမီးနဲ့သူက ….”

“မေမေ ဘာတွေ တွေးနေတာလဲ .. သမီးတို့က သူငယ်ချင်းတွေပဲ သူ့ကိုမကြားစေနဲ့ .. သူက မေမေတို့ထင်သလို သိပ်သဘောကောင်းတာ မဟုတ်ဘူး”

ယွင်ချဲ့ ကိုကြည့်လျက် ဝမ်စူးဟွာ အလိုအလျောက် မေးမိသွားသော်လည်း ကျန့်ယာဖေးက ချက်ချင်း တားလိုက်သည်။ ဘာကြောင့်များ သူမအမေက ကပ်မဖြစ်ခင်ကနှင့် ဖြစ်ပြီးသည့်တိုင် သူမ၏သမီး ရည်းစားကိစ္စကို တွေးနေရတာလဲ။

“အို စိတ်မဆိုးပါနဲ့ ရှောင်ဖေးရယ် … မေမေက ဒီတိုင်းမေးတာပါ”

သမီးဖြစ်သူ၏ လက်ကိုကိုင်လျက် ဝမ်စူးဟွာလည်း အနည်းငယ် ရှက်တက်တက် ဖြစ်သွားသည်။ အမေဖြစ်သူက ကောင်းမွန် ထက်မြက်သော လူရည်သန့် ယောကျ်ားလေး တစ်ယောက်ကို တွေ့သည့်အခါ သူမ၏သမီးနှင့် ချိတ်ဆက ်ပေးချင်သည်က သဘာဝပင်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ … သမီးကိုလည်း ကြည့်ပါဉီး ဒီအရွယ်က ချစ်သူကောင်လေး ထားသင့်ပြီ မဟုတ်လား .. ဘာဖြစ်ဖြစ် အခက်အခဲတွေကို ကျော်ပြီး ငါတို့မိသားစု ပြန်ဆုံစည်းခဲ့ရပြီပဲ ကပ်ဘေးကာလမှာ ဆက်ရှင်သန်နိုင်အောင် ကြိုးစားကြရမယ်”

ကျန့်ထျန်းလုံလည်း လက်တစ်ဖက်စီတွင် ဇနီးနှင့်သမီးကို ဖက်ထားလျက် စိတ်ပျော်ရွှင်နေလေသည်။ အခုကဲ့သို့ ပြန်လည် ဆုံစည်းရသည်က သူတို့ဘယ်လောက်များ ကံကောင်းလိုက်သလဲ။

“သေစမ်း ! မင်း .. မင်းဘာလာလုပ်တာလဲ .. သွား ! သွား ! တောကောင်ကြီးရောက်လာလိမ့်မယ် .. အမြန်သွားကြစို့ !”

ယွင်ချဲ့ အောက်ထပ်သို့ ဆင်းကာ ချန်ချန်ကိုခေါ်လျက် တစ်ဖက်အိမ်သို့ ပြန်လာစဉ် တိုက်ဆိုင်စွာ ရှင်းဖုန်းနှင့် မော့ဝမ်းယန် တို့လည်း နောက်လိုက် ငယ်သားများ နှင့်အတူ ထွက်လာခဲ့သည်။ မော့ဝမ်းယန်လည်း ယွင်ချဲ့ကို တွေ့သည်နှင့် သူ၏နောက်လိုက်များကို တွန်းကာ အမြန် ထွက်သွားကြရန် ပြောလေသည်။ ယွင်ချဲ့ ကြောင်အအ ဖြစ်နေစဉ်မှာပင် မော့ဝမ်းယန် တို့၏ကား ထွက်သွားသဖြင့် ယွင်ချဲ့ ရှက်တက်တက်နှင့် ကျန်ခဲ့ရသည်။

“အဟမ်း … စိတ်မရှိပါနဲ့ မင်းသူ့ကို တော်တော် ခြောက်လှန့်ခဲ့တာပဲ .. ရက်အတော်ကြာအောင် သူရှောင်နေဉီးမယ် ထင်တယ်”

ရှင်းဖုန်း ပါးစပ်ကို အုပ်ထားကာ ရယ်ချင်စိတ်ကို ထိန်းရန် ချောင်းဟန့်လိုက်သည်။ အခြားသူ တစ်ယောက်အား မော့ဝမ်းယန် ကြောက်ရွံ့နေပုံကို မြင်ရသည်က သူ့အတွက် ပထမဆုံးပင်။

“သူရူးနေတာ မဟုတ်ဘူးဆိုတာ သေချာလား”

“ဟား…ဟား..ဟား …”

ဧည့်သည်များကို ပြန်ပို့ရန် ရှင်းဖုန်း နှင့်အတူ ထွက်လာခဲ့သော ကူးမင်ရွှမ်း သည်လည်း ရယ်မော လိုက်မိသည်။

“မင်းပြောတာမှန်ပါတယ် … ဒါပေမယ့် သူက ငါ့အစ်ကိုဝမ်းကွဲလေ နည်းနည်းတော့ လျော့ပေးလိုက်ပါ အိုကေ”

ရှင်းဖုန်းလည်း မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။ မော့ဝမ်းယန်သည် ယွင်ချဲ့ အပေါ် ကြီးကြီးမားမား တွေးထားကြောင်း ရှင်းဖုန်း သိသည်။ ထို့အပြင် ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် မဟုတ်ဘဲ ရှင်းဖုန်းကို သတိရ၍ လာခြင်းဖြစ်သည်ဟု ဆိုသည်။ ရယ်စရာပင်၊ ရှင်းဖုန်းမှာ တာဝန်များကို ကြိမ်ဖန်များစွာ အသက်နှင့် စွန့်စားခဲ့ရသော်လည်း မော့ဝမ်းယန် အရေးမလုပ်ခဲ့ပေ။ သေချာပေါက် ယွင်ချဲ့ အတွက် ရောက်လာခဲ့ခြင်း ဖြစ်မည်။

“ကျုပ်ရဲ့အဘိဓါန်မှာ အလျော့ပေးတယ် ဆိုတာ ရှိမယ်ထင်လား .. မော့ဝမ်းယန်က ဘာလာ လုပ်တာလဲ ခင်ဗျားတို့ ဆက်ဆံရေးကို စဉ်းစားပြီး နည်းနည်းတော့ ဝေးဝေးလေး နေကြပါလား … ပြီးတော့ အခုစခန်းမှာ အဓိကတပ်ကြီး ၄ ဖွဲ့က အုပ်ချုပ်နေတာ သူတို့က ခင်ဗျားတို့ကို ပူးပေါင်းစေချင်တာ မဟုတ်ဘူး”

ရှင်းဖုန်းကို စောင်းကြည့်လျက် ချန်ချန် လက်ကိုဆွဲကာ လမ်းလျှောက်လာပြီး ယွင်ချဲ့ ပြောလေသည်။ အတိတ်ဘဝတွင် နောင် ၄ နှစ်ရောက်သည့်အခါ အနောက်တောင် စခန်းကို မော့ဝမ်းယန်း တစ်ယောက်တည်းက အုပ်ချုပ်ခဲ့သည်။ ယခုဘဝတွင် ဖြစ်နိုင်မည်မှာ မလွဲဧကန်ပင်။ မည်သည့် နေရာတွင် မဆိုရှိသော စစ်တပ်အစု အဖွဲ့များမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပူးပေါင်းကြမည် မဟုတ်သည့်အပြင် အငြင်းပွား ပဋိပက္ခ ဖြစ်လာကြလိမ့်မည်။

“အင်း သူလာခဲ့တာက အကြောင်းရင်း ၂ ခုကြောင့်ပဲ … ပထမတစ်ခုက သုတေသန ကိစ္စပဲ သုတေသီတွေက ပုံမှန်စမ်းသပ်မှုတွေ လုပ်မယ်ဆိုရင် ငါ့ဆီမှာရှိတဲ့ အရင်းအမြစ်တွေ ပေးမယ်လို့ပြောထားပြီးသား … နောက်တစ်ခုက ဒုတိယတံတိုင်း စီမံကိန်းကို ပြီးခဲ့တဲ့၂ရက်ကပဲ စခဲ့ကြပြီ ဝမ်းယန် မိသားစုရဲ့အဆိုက အငြင်းခံလိုက်ရတယ် .. တာဝန်ရှိသူတွေက စိုက်ပျိုးရေးကိုပဲ ဆက်လုပ်ဖို့ ဆုံးဖြတ်ထားကြတယ် စစ်တပ်က စွမ်းအားရှိတဲ့ သူတွေကို လုပ်ခိုင်းမှာ သေချာသလောက်ပဲ စခန်းရဲ့ ခေါင်းဆောင်ပိုင်း ကလည်း အစီအစဉ်တွေ ချတော့မှဆိုတော့ အဲဒီအခွင့်အရေးကို သုံးပြီး စွမ်းအားရှင်တွေကို ခေါ်ထုတ်ရမယ် … မော့ဝမ်းယန်က ဉီးဆောင်ပြီးတော့ စွမ်းအားရှင် အဖွဲ့အစည်းကို ဖြုတ်ချပြီး စစ်တပ်နဲ့ စွမ်းအားရှင် အဖွဲ့အားလုံးကို ပေါင်းစည်းပြီး ဆက်သွယ်ရေး တာဝန်ခံလုပ်ချင်တာ .. အဲဒီအတွက် ငါတို့ကို သူနဲ့ ပူးပေါင်းစေချင်နေတာ”

ရှင်းဖုန်း ပြောပြီးနောက် အိမ်ထဲသို့ ဝင်သွားကြလေသည်။ သူ၏ဉီးလေးတွင် ပြောစရာများ ရှိနိုင်မည်ဟု သဘောပေါက် လိုက်သောကြောင့် ယွင်ချဲ့ လက်ထဲမှ ချန်ချန် ရုန်းကာ အမေဖြစ်သူရှိသော မီးဖိုခန်းထဲသို့ ပြေးသွားလေသည်။ ယွင်ချဲ့၊ ရှင်းဖုန်းနှင့် ကူးမင်ရွှမ်း တို့သည် ဧည့်ခန်းထဲတွင် ထိုင်လိုက်ပြီး ယွီဝမ်းချင်နှင့် ကျန်သော မိသားစုများမှာ သူတို့၏ မိသားစုများကိုတွေ့ရန် အသီးသီး ထွက်သွားကြလေသည်။

“စခန်းထဲမှာရှိတဲ့ စွမ်းအားရှင်တွေကို အုပ်ချုပ်တာလည်း ပဏာမ ခြေလှမ်းတစ်ခုပဲ .. မော့ဝမ်းယန် အမျှော်အမြင် ကြီးပါပေရဲ့ ! ခင်ဗျားပဲ သူ့ကို ကူညီပေးလိုက်လေ ကျွန်တော်တို့ အဖွဲ့က စာရင်းသွင်း ထားတုန်းဆိုတော့ လုပ်ရမှာတွေ အများကြီး ကျန်သေးတယ် … သူ့ကိုထောက်ခံရင်တောင် များများ မကူညီပေး နိုင်လောက်ဘူး”

ယွင်ချဲ့လည်း ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ဆေးလိပ်ကို မီးညှိလိုက်သည်။ သူ၏အတိတ်ဘဝမှ မြင်ခဲ့ကြားခဲ့ရသည့် အတိုင်းဆိုလျှင် မော့ဝမ်းယန်သည် စခန်းအတွက် ကောင်းမွန် သင့်တော်သော ဗိုလ်မှူးဖြစ်ပြီး ရှင်းဖုန်း ၏ အစ်ကိုဝမ်းကွဲ တစ်ယောက်လည်း ဖြစ်သည်။ စခန်းကို မော့ဝမ်းယန် အုပ်ချုပ်လျှင် သူတို့အတွက်လည်း အကျိုးများစွာ ဖြစ်ထွန်းလိမ့်မည်။

“မင်းကိုယ့်ကိုယ်ကို နှိမ့်ချလွန်းနေပါပြီ မင်းနဲ့မင်းအဖွဲ့က စခန်းထဲမှာ နာမည်ကြီး နေတယ်လေ … မင်းကြောင့် ရှန်းယန် အဖွဲ့ပျက်သွားတော့ အခြားအဖွဲ့သားတွေက ရှန်းယန် အဖွဲ့ရဲ့ စွမ်းအားရှင်တွေကို ခေါ်သွင်းခွင့် ရသွားတယ်လေ … အဲဒါကြောင့်ပဲ သူတို့အတွက် အကျိုးအမြတ်တွေ အများကြီး ရသွားကြတော့ မင်းကို ကျေးဇူးတင်နေကြတာ .. အာ ပရိသတ်တောင်ရှိတယ်ဆိုပဲ”

“အမ် …”

ရှင်းဖုန်း စကားကြောင့် ယွင်ချဲ့ ကြောင်အအ ဖြစ်သွားရသည်။ ဘာတွေ ဖြစ်သွားလို့လဲ၊ သူတောင် မသိလိုက်ပါဘဲနှင့် ဘာများ ကောင်းတာ လုပ်ခဲ့လို့လဲ။

ရှင်းဖုန်းနှင့် ကူးမင်ရွှမ်းတို့လည်း တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ ပြုံးလိုက်သည်။ သူတို့လည်း ထိုသတင်း ကြားရစဉ်က ယွင်ချဲ့ကဲ့သို့ ဖြစ်ခဲ့ကြသည်။ ယွင်ချဲ့မှာ မတော်တဆ ဆန်စွာ အားပေးမှုများ ရလာခဲ့သည်။ ဘယ်လောက်များ ကံကောင်း လိုက်ရတာလဲ။
***

အခန်း (၈၆

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset