အခန်း (၈၇)
ကော်ရစ်ဒါတွင် လက်ဖက်ရည်သောက်စားပွဲနှင့် ထိုင်ခုံငယ်များကို ယွင်ချဲဲ့ နေရာချလိုက်ပြီး ယွင်ယောင် နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ ယွင်ချဲ့ အနည်းငယ်ပျင်းရိလာသဖြင့် ဆေးလိပ်ထုတ်ကာ မီးညှိလိုက်သည်။ မီးခိုးငွေ့များကိုဖြတ်၍ ယွင်ချဲ့ အား မည်သို့စပြောရမည်ကို တွေးနေသော ယွင်ယောင်ကို စိုက်ကြည့်နေလေသည်။ သူခန့်မှန်းရသလောက်ဆိုလျှင် ယွင်ယောင် သည် ကျန်းရှန် နှင့် ယဲ့ရှင်းချန် တို့အကြောင်း ပြောလိမ့်မည်ဖြစ်သည်။ လတ်တလောထိတိုင် ယွင်ယောင် က သူတို့ကို ဂရုစိုက်ပေးနေကြောင်း သူကြားသိပြီးဖြစ်သည်။ ကျန်းရှန် မှာ အလွန်ခန့်ညားပြီး ရှက်သွားသည့်အချိန်တွင် အလွန်ချစ်စရာကောင်းလှသည်။ ယဲ့ရှင်းချန် မှာ နူးညံ့ကြင်နာတတ်သည့်အပြင် မိမိကိုယ်ကိုနှိမ့်ချတတ်ပြီး မာနထောင်လွှားခြင်းမရှိသောကြောင့် လူအများချစ်ခင်ကြမည်မှာ မလွဲဧကန်ပင်။
“ရှောင်ချဲ့ .. ရှင်းချန် နဲ့ သူ့သူငယ်ချင်းကို ဘယ်လိုလုပ်မှာလဲ”
ထင်ထားသကဲ့သို့ပင် ယွင်ယောင် မေးလိုက်ပြီး ရှင်းချန် ဟုပင် ခေါ်လိုက်သေးသည်။ ယွင်ချဲ့ လည်း သက်ပြင်းချကာ လက်ကိုဆန့်ထုတ်လျက် …
“ကျွန်တော့်ကို ဘယ်လိုလုပ်စေချင်လို့လဲ .. အရင်ကတည်းက သဘောတူပြီးသားပဲလေ ယဲ့ရှင်းချန် နေပြန်ကောင်းတာနဲ့ သူတို့ထွက်သွားရမှာပဲ”
ထိုသို့ပြုလုပ်ရန် ကနဦးစီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ယွင်ယောင် က သူတို့အတွက် မေးမြန်းနေပြီး ချန်ချန်ကလည်း သူတို့ကို အလွန်သဘောကျနေသဖြင့် အကယ်၍ ယွင်ချဲ့ သာ သူတို့ကိုနှင်ထုတ်လိုက်လျှင် သူ၏အစ်မနှင့် တူလေးတို့ အလွန်ဒေါသဖြစ်ကြလိမ့်မည်။
“ဒါပေမယ့် ရှောင်ချဲ့ သူတို့က လူကောင်းတွေပဲလို့ မမထင်တယ် .. ကျန်းရှန် မှာလည်း စွမ်းအားရှိတယ်လေ သူတို့ကို ခေါ်ထားလို့မရဘူးလား”
ရက်အနည်းငယ်အတူတကွနေထိုင်ကြပြီးနောက် ယဲ့ရှင်းချန် နှင့် ကျန်းရှန် တို့မှာ အိမ်ယာမဲ့ဖြစ်ကြောင်း ယွင်ယောင် သိခဲ့ရပြီး ယဲ့ရှင်းချန် မှာလည်း ထိခိုက်ဒဏ်ရာကြီးမားစွာရရှိခဲ့သေးသည်။ သူတို့ကို လူကောင်းလူမွန်များဟု ယွင်ယောင် ယူဆခဲ့ပြီး သူမနှင့် သူငယ်ချင်းများပင် ဖြစ်လာခဲ့သည်။
“မမ သူတို့နဲ့တွေ့ခဲ့တာ ရက်ပိုင်းလေးပဲရှိသေးတယ် လူကောင်းတွေဆိုပြီး တန်းတွေးချလိုက်တာလား”
ယွင်ချဲ့ ခေါင်းခါကာ ရယ်မောလိုက်သည်။ ယဲ့ရှင်းချန် နှင့် ကျန်းရှန် တို့မှာ လူကောင်းများဖြစ်သည်ကို သူဝန်ခံပါသည်။ သို့သော် သူ၏အစ်မမှာ အလွန်ယုံကြည်လွယ်သဖြင့် ထိုအမူအကျင့်မှာ မကောင်းမွန်လှပေ။
“မမကို အထင်သေးနေတာလား လူကောင်းနဲ့လူဆိုးတော့ ခွဲခြားတတ်ပါသေးတယ်နော် … ရှောင်ချဲ့ က အဖွဲ့သားတွေလုံခြုံရေးအတွက် အပြင်လူတွေလက်မခံတာ နားလည်ပါတယ် ဒါပေမယ့် ကျန်းရှန် နဲ့ ရှင်းချန် က လူကောင်းတွေပဲလေ ချန်ချန်ကလည်း သူတို့ကို သဘောကျနေတာ … ပြီးတော့ ကျန်းရှန် က စကားနည်းတယ်ဆိုပေမယ့် ရိုးရိုးအေးအေးလေးပါပဲ ဒီတစ်ခေါက်တော့ ချွင်းချက်လေးပဲလုပ်ပေးနော် နောက်ထပ် ဘာမှမတောင်းဆိုတော့ဘူးလို့ မမကတိပေးတယ်”
ယွင်ယောင် လက်ကိုဆန့်ထုတ်ကာ ယွင်ချဲ့ လက်ကိုကိုင်လျက် အသံနှိမ့်ကာ တောင်းဆိုလိုက်သည်။ သူမ၏မောင်လေးဖြစ်သူ ယွင်ချဲ့ နှင့် ယွင်ချန် တို့မှာ အလွန်စိတ်မာသူများဖြစ်ကြပြီး သူတို့အပေါ် တစ်ခါမှအထက်စီးမဆန်ခဲ့ပေ။ သို့သော် ယဲ့ရှင်းချန် နှင့် ကျန်းရှန် တို့ကို မနှင်စေလိုကြောင့် ယွင်ယောင် တောင်းဆိုနေရခြင်းဖြစ်သည်။
“အင်းပါ မမကပြောနေမှတော့ ကျွန်တော်က ဘယ်လိုလုပ်ငြင်းရမှာလဲ … ဒါပေမယ့် ဒီတစ်ခါပဲနော် နောက်ဆို ဘယ်သူကိုမှ အလွယ်မယုံပါနဲ့ ဒီလိုကပ်ဘေးကြီးမှာ ရှင်သန်ရတာ ဘယ်လောက်အန္တရာယ်များလဲ မမလည်းသိပါတယ် … တစ်ခါတလေ ဒီလိုသနားစိတ်တွေက ကျွန်တော်တို့ကို ပြန်သတ်သွားလိမ့်မယ်”
ယွင်ချဲ့ ရွေးချယ်စရာမရှိတော့သဖြင့် ယဲ့ရှင်းချန် တို့ကိုခေါ်ထားမည်ဟု ကတိပေးလိုက်ရပြီး ယွင်ယောင် ကိုလည်း ပြင်းထန်စွာ သတိပေးထားလိုက်သည်။
“အင်း မမသိပါတယ် စိတ်မပူပါနဲ့ ရှောင်ချဲ့ မမဒီလိုထပ်မလုပ်တော့ဖို့ စိတ်ပိုင်းဖြတ်ထားပြီးပြီ … မိသားစုရေးရာတွေ မမကိုအပ်ထားလိုက် ပြီးတော့ ချန်ချန် ကို မမသေချာဂရုစိုက်ပေးမယ်”
ယွင်ချဲ့ ကတိစကားကြောင့် ယွင်ယောင် တောက်ပစွာ ပြုံးပြလိုက်သည်။ ယဲ့ရှင်းချန် နှင့် ကျန်းရှန် တို့မှာ လူကောင်းဖြစ်သည်ဟု ယူဆသဖြင့် သူမထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“ချန်ချန်ပဲမဟုတ်ဘူး ရှောင်ချန် ကိုလည်းည ဂရုစိုက်ရမယ်”
“ရှောင်ချန် ?!”
ယွင်ချဲ့ စကားသံကြောင့် ယွင်ယောင် စိတ်လှုပ်ရှားစွာ ရပ်လိုက်ပြီး သူမ၏မျက်ဝန်းမှ မျက်ရည်များလည်း ကျဆင်းလာလေသည်။ ယွင်ချန် ? သူမ၏မောင်ငယ်လေးကို ထပ်တွေ့ရတော့မည်လား။
“ဟုတ်တယ် သူအခြေအနေပြန်ငြိမ်လာပြီ … ကျွန်တော်တို့နေရာရွေ့ပြီးရင် သူ့ကိုခေါ်ထုတ်လို့ရပြီ အပေါ်ဆုံးအထပ်မှာ ကျွန်တော်နဲ့အတူနေလိမ့်မယ် .. ဟေးယွီ အခန်းကိုပြင်ဆင်ပြီးရင် အပေါ်ဆုံးထပ်တက်တဲ့လှေကားကို သံတံခါးနဲ့ခတ်ထားဖို့ ဟိုင်ရွှမ်း ကိုပြောလိုက်မယ် .. ကျွန်တော်တို့ တာဝန်ကြောင့် အပြင်သွားရတဲ့အချိန် မမသူ့ကိုဂရုစိုက်ပေးပါ”
ယွင်ယောင် က မယုံနိုင်ဖွယ်ကြည့်ကာ မျက်ရည်များဝဲနေသဖြင့် ယွင်ချဲ့ ညင်သာစွာရှင်းပြလေသည်။ ထိုသို့ သံတခါးလုပ်ရသည်က အခြားသူများတက်လာမည်ကို စိုးရိမ်ခြင်းမဟုတ်ဘဲ ယွင်ချန် စိတ်လွတ်သွားမည်ကို ကြောက်နေခြင်းဖြစ်သည်။ ဖုတ်ကောင်တို့သဘာဝ အသွေးအသားကိုဆာလောင်တတ်ကြပြီး ယွင်ချန် အချိန်ခဏတာ ငြိမ်သက်နေခြင်းဖြစ်နိုင်သည်။ သို့သော် ယွင်ချဲ့ ကိုယ်တိုက်မျက်မြင်ကြုံခဲ့ခြင်းမရှိသဖြင့် ခရေစေ့တွင်းကျ မှတ်ထား၍မရနိုင်ပေ။ အကယ်၍ ရွေးချယ်ခွင့်ရှိလာလျှင် ယွင်ချန် ကို သူသော့ခတ်ထားမည်မဟုတ်ပေ။
ယွင်ချန် ပုံမှန်ဖြစ်နေကြောင်း သေချာအတည်ပြုပြီးမှသာ အောက်ထပ်ကိုဆင်းစေလျက် အဖွဲ့ထဲသို့ ဝင်စေမည်ဖြစ်သည်။
“အင်း ….”
ယွင်ယောင် လည်း ပါးပြင်ထက် မျက်ရည်များစိုနေလျက် ခေါင်းညိတ်ပြလေသည်။ သို့သော် သူမသည် ဝမ်းနည်းခြင်းကြောင့်မဟုတ်ဘဲ ပျော်ရွှင်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ကြောင့် ငိုနေရခြင်းဖြစ်သည်။ သူမ၏မောင်ငယ်လေး ယွင်ချန် က ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားသော်လည်း လူသားပြန်ဖြစ်လာရန်အတွက် တတ်နိုင်သည့်နည်းလမ်းမှန်သမျှကို အသုံးပြုခဲ့ကြသည်။ အကယ်၍ လူသားစင်စစ်မဖြစ်နိုင်လျှင်တောင်မှ လူသားတစ်ယောက်ကဲ့သို့ ပြုပြင်ပေးနိုင်သည်။
“ကောင်းပါပြီ မမက အမြဲစိတ်ခိုင်ပြီးသားပါ … တခြားလူတွေစိတ်လှုပ်ရှားကုန်မှာစိုးလို့ မပြောထားနဲ့ဦး အကုန်လုပ်လို့ပြီးတော့မှပဲ ပြောကြမယ်”
ယွင်ချဲ့ လမ်းလျှောက်သွားကာ ယွင်ယောင် ကိုဖက်ထားလိုက်သည်။ ပြောရလျှင် ထိုအကြောင်းကို လန်ယဲ့ဟန် အား သူလျို့ဝှက်ထားချင်သည်။ သို့သော် ယွင်ချန် အပေါ်ထားရှိသော လန်ယဲ့ဟန် ၏ အချစ်ကို ယွင်ယောင် မသိသေးသဖြင့် သူမ၏သဘောထားကို ယွင်ချဲ့ အနေနှင့် သေချာမပြောတတ်ပေ။ ထို့ကြောင့် အခက်အခဲမဖြစ်ကြစေရန် အခြားသူများကိုမပြောဆိုရန် ယွင်ယောင် ကို ယွင်ချဲ့ တောင်းဆိုလိုက်သည်။
“အင်း …”
သူမမောင်ကိုဖက်ကာ ယွင်ယောင် ခေါင်းညိတ်လိုက်ပြီး မျက်ရည်များကို သုတ်ပစ်လိုက်သည်။ မည်သို့ဖြစ်ဖြစ် သူမ၏မောင်လေးနှင့် ပြန်တွေ့ရတော့မည်ဖြစ်သောကြောင့် ယွင်ချန် မည်သို့ပင်ဖြစ်နေပါစေ သူမပျော်ရွှင်နေသင့်သည်။
ထို့နောက် ရှင်းဖုန်း အလုပ်ကို ယွင်ချဲ့ သွားရောက်မကြည့်ရှုမီ ယွင်ယောင် က စကားအနည်းငယ်ပြောဆိုပြီးနောက် စိတ်ကိုငြိမ်အောင်ထားကာ အပြုံးများနှင့် အိမ်ရာသို့ပြန်သွားလေသည်။ ယွင်ချဲ့ ထုတ်ပေးထားသောပစ္စည်းများကို ကျန့်ထျန်းလုံ၊ ဝမ်စူးဟွာ တို့နှင့်အတူ သိမ်းဆည်းနေလိုက်သည်။
ရှင်းဖုန်း ပြောသကဲ့သို့ သံမဏိထည့်ပေးခြင်းက နေ့လယ်မတိုင်မီတွင် ပြီးမြောက်သွားခဲ့သည်။ နေ့လယ်အချိန်တွင် ယွင်ချဲ့ က ကူးမင်ရွှမ်း အားတွေ့ဆုံကာ ဟေးယွီ အခန်းကိုပြင်ဆင်ရန် ကော်ဇောများလုပ်ရန်အတွက် အကူအညီတောင်းလေသည်။ ထို့အပြင် ဟေးယွီအတွက် ချော့ကလက်ချောင်းများသိုလှောင်သည့်နေရာကို ကာရန်အတွက် လိုက်ကာတစ်ချပ်လည်း ပြုလုပ်စေလိုက်သည်။ ထို့နောက် အလုပ်သမားများအား ရေချိုးခန်းကို ဖြိုချစေပြီး ဟေးယွီ ဝင်ဆံ့နိုင်သည့် ကြီးမားသော ရေချိုးကန်တစ်ကန်ကို လုပ်စေလိုက်သည်။
ဟေးယွီ သက်တောင့်သက်သာနေထိုင်နိုင်ရန်အတွက် ယွင်ချဲ့ အလွန်ခေါင်းစားသွားရသည်။
ကော်ဇောများ၊ လိုက်ကာများမှာ နောက်တစ်နေ့တွင် ရောက်လာခဲ့သည်။ ပစ္စည်းများကို အလုပ်သမားများထံအပ်ထားလျက် ကျန့်ထျန်းလုံ အား ခဏတာကြီးကြပ်စေသည်။ မော့ဝမ်းယန် အား ကူညီရန်အတွက် ယွင်ချဲ့ မှာ သူ၏အဖွဲ့ကိုဦးဆောင်ကာ စွမ်းအားရှင်အဖွဲ့အစည်းသို့ ထွက်သွားခဲ့ရာ ရှင်းဖုန်း လည်း အတူလိုက်သွားခဲ့သည်။
“Sအဆင့်အထက် တာဝန် ၆ခုရှိတယ် Sအဆင့်တာဝန် ၃ခု၊ SSအဆင့် ၂ခု၊ SSSအဆင့် ၁ခု … ဘာကိုရွေးကြမလဲ”
ယွင်ချဲ့ နှင့် ရှင်းဖုန်း တို့ တစ်ဖွဲ့တည်းဖွဲ့မိကြပြီး နောက်လိုက်များခြံရံလျက် အဖွဲ့အစည်းရုံး၏အလည်တွင် ရပ်နေကြသည်။ သူတို့ဝင်လာကြသည့်အချိန်မှစ၍ အများ၏အကြည့်မှာ သူတို့အဖွဲ့သို့ ကျရောက်လာခဲ့သည်။ အချို့က အားကျသောအကြည့်များ၊ အချို့က လေးစားသောအကြည့်များနှင့် အချို့က မနာလိုသောအကြည့်များဖြင့် ကြည့်ကြသည်။ အနောက်တောင်စခန်းတွင် ချောင်ယန်း အဖွဲ့က အကြီးဆုံးနှင့် အင်အားအကြီးဆုံးဖြစ်ပြီး ထိပ်ဦးအဖွဲ့မှာ စာရင်းပေးသွင်းခြင်းမတိုင်မီကပင် ခေါင်းဆောင်က အမည်ပေးထားခြင်းဖြစ်သည်။ ထိုအဖွဲ့နှစ်ဖွဲ့မှာ အနောက်တောင်စခန်းတွင် ထင်ရှားကျော်ကြားဆုံးသော အဖွဲ့ဖြစ်သည်။
“SSSအဆင့်က ထုံယန်းမြို့မှာရှိတဲ့ ပထမပြည်သူ့ဆေးရုံကနေ ဆေးဝါးဆိုင်ရာလိုအပ်တာတွေကို ရှာဖွေစုဆောင်းရတာမလား အရမ်းလည်းမဝေးဘူး … ကပ်မဖြစ်ခင်ကတည်းက ထုံယန်းမြို့က နယ်စပ်မြို့တော်မှာ ဒုတိယအဆင့်ထိ ချိတ်ခဲ့တာ အဲဒီတော့ လူဦးရေလည်း များနိုင်တယ် ဒါကြောင့်လည်း ဖုတ်ကောင်တွေအများကြီးရှိနိုင်တယ် … ငါတို့လူဆယ်ယောက်တည်းနဲ့ မရနိုင်လောက်ဘူး”
ရှင်းဖုန်း က လက်ပိုက်ကာ သုံးသပ်ပြောဆိုလေသည်။ သို့သော် ဂုဏ်တက်စေရန်အတွက် အခက်ခဲဆုံးသော တာဝန်ကိုသူတို့ရွေးချယ်ရပေမည်။ ရှင်းဖုန်း က သူ၏အဖွဲ့သားများအားလုံးကို ခေါ်လာခဲ့ပုံပင်။
“ငါတို့တွေ တခြားအဖွဲ့နဲ့ပူးပေါင်းလို့ရတာပဲလေ သိပ်လည်းရေးကြီးခွင်ကျယ်မဟုတ်ပါဘူး … ဘာဖြစ်လို့လဲ”
ယွင်ချဲ့ ကွဲပြားစွာတွေးလိုက်သည်။ အကယ်၍ သူတို့ဂုဏ်တက်ချင်သည်ဆိုပါက သူတို့အဖွဲ့မည်မျှစွမ်းဆောင်နိုင်ကြောင်း အခြားသူများအားပြသရန်ဖြစ်သည်။
“အာ .. ငါအတွေးတိမ်သွားတယ် ကောင်းပြီလေ .. မင်းကိုစိတ်ချထားလိုက်မယ်”
ခဏတာတွေဝေသွားပြီးနောက် ယွင်ချဲ့ ၏ဆိုလိုရင်းကို ရှင်းဖုန်း နားလည်သွားပြီး ယွင်ချဲ့ ဘေးကို မှီရပ်လိုက်သည်။ ကပ်ဘေးမတိုင်မီနှင့် ကပ်ဘေးဖြစ်ပြီးနောက်ပိုင်းတွင် ရှင်းဖုန်းက ကိုယ့်ကိုယ်နှင့် သူ၏အဖွဲ့သားအပေါ် မှီခိုအားထားနေပုံပင်။
“ဘာလုပ်နေတာလဲ .. စနောက်မနေနဲ့ ! အလုပ်ကိစ္စပြောနေကြတာ”
ယွင်ချဲ့ တံတောင်နှင့် ရှင်းဖုန်း ကို တိုက်ထုတ်လိုက်ပြီး တည်ငြိမ်ဟန်ရှိနေသော်လည်း စိတ်ထဲတွင် ရှက်ကိုးရှက်ကန်းဖြစ်မိနေသည်။ ကူးမင်ရွှမ်း နှင့် အခြားသူများ အမှတ်မှားသွားကြပြီ။ ရှင်းဖုန်း မှာ ကိုယ်ရံတော်အစောင့်မဟုတ်ဘဲ ယွင်ချဲ့ နှင့် ပရောပရီလုပ်ရသည်ကိုနှစ်သက်သော ဝံပုလွေတစ်ကောင်ဖြစ်သည်။
“အင်းပါ .. အလုပ်ကိစ္စမဟုတ်တော့မှ မင်းနဲ့ဆက်ပြောမယ်”
ယွင်ချဲ့ လည်း စိတ်အလိုမကျစွာကြည့်ကာ ပြန်လှည့်လိုက်ပြီး မောင်းတစ်ခုကိုယူထုတ်လိုက်သည်။ ဘယ်အချိန်က ဘယ်နေရာက သိမ်းလာခဲ့ကြောင်း မည်သူမှမသိကြပေ။
မောင်းကိုတီးလိုက်သည်နှင့် ခန်းမတစ်ခုလုံး အသံစူးကာ ရှိနေသောလူများမှာလည်း နားကိုပိတ်ထားလိုက်ရပြီး ယွင်ချဲ့ ကို ဝိုင်းကြည့်ကြလေသည်။ ထို့နောက် ယွင်ချဲ့ လည်း မောင်းကိုသိမ်းကာ လော်စပီကာကို ယူထုတ်လိုက်သည်။
သေစမ်း ! နှစ်ထပ်ကွမ်းစွမ်းအားရှင်လား ? ယွင်ချဲ့ က ရှားပါးလျှပ်စစ်စွမ်းအားရှင်ဖြစ်ရုံသာမက နယ်မြေစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်လား။
ယွင်ချဲ့ အပြုအမူကြောင့် ခန်းမထဲမှလူအများ မှင်သက်ကာ အံ့ဩတကြီးနှင့်ကြည့်နေကြလေသည်။ ယွင်ချဲ့ ထိုသို့လုပ်နေသည်ကို ရှင်းဖုန်း နှင့် ကျန်သောအဖွဲ့သားများက ယွင်ချဲ့ သည် မော့ဝမ်းယန် အား ပို၍ကျော်ကြားစေရန် အစွမ်းကုန်ကြိုးစားနေခြင်းဖြစ်သည်ဟု သဘောပေါက်လိုက်ကြသည်။
“အဟမ်း အားလုံးပဲ နားထောင်ပေးကြပါ .. ကျွန်တော်က ထိပ်ဦးအဖွဲ့ခေါင်းဆောင် ယွင်ချဲ့ ပါ ဒါက ချောင်ယန်းအဖွဲ့ခေါင်းဆောင် ရှင်းဖုန်း … ကျွန်တော်တို့က SSSအဆင့် တာဝန်ကိုလုပ်ဖို့ရွေးချယ်ခဲ့ကြတာကြောင့် ထုံယန်း မြို့ကို လိုက်ပါပူးပေါင်းချင်တယ်ဆိုရင် စာရင်းပေးလို့ရပါတယ်”
ယွင်ချဲ့ လည်ချောင်းရှင်းကာ လူအများကို ပါးနပ်စွာ လှည့်စားလိုက်သည်။ စွမ်းအားရှင်များ ငိုချင်မိသွားကြလေသည်။ ဧရိယာဒုတိယအဆင့်ထိ ရောက်ခဲ့သော ထုံယန်း ကဲ့သို့ မြို့ကြီးတွင် လူဦးရေလည်း ပေါများပေလိမ့်မည်။ ယွင်ချဲ့ က သူတို့ကိုပူးပေါင်းစေချင်သည်လား ဒါမဟုတ် ဖုတ်ကောင်များကို အစာကျွေးရန် ခေါ်ခြင်းပေလား။