YMR- အခန်း ၈၄

အခန်း (၈၄)

ချောင်ယန်း ဒေသရှိ အိမ်ရာများမှာ အထပ် လေးထပ်ရှိပြီး မြေညီထပ်တွင် အခန်း ၂ ခန်းနှင့် ခန်းမကြီး တစ်ခုရှိကာ ကျန်သော အထပ်များတွင် အခန်း ၃ ခန်းနှင့် လေသာခန်း ပါဝင်သည်။ ယွင်ချဲ့ အိမ်တွင် လိုအပ်သော ပစ္စည်းများ ဖြည့်ထားပြီး ဖြစ်သော်လည်း မြေအောက်ခံ သံမဏိပြားများနှင့် ပရိဘောဂများသာ ကျန်နေသေးသည်။ ညနေစာ မစားမီအချိန်တွင် ယွင်ချဲ့သည် ချန်ချန်ကို ခေါ်ကာ သူ၏အိမ်ဘက်သို့ ထွက်လာခဲ့သည်။ အိမ်ထဲတွင် ပရိဘောဂများ ဖြည့်ထားရန် ထွက်လာခဲ့ခြင်းဖြစ်ပြီး မနက်ဖြန်တွင် ရှင်းဖုန်းနှင့် လုဟိုင်ရွှမ်းတို့ သံမဏိပြားများ ထည့်ပေးပြီးလျှင် ထိုအိမ်ဘက်သို့ပြောင်းလာနိုင်မည် ဖြစ်သည်။

“ဉီးဉီး ဒီကိုလာခဲ့လေ …”

ဉီးလေးဖြစ်သူနှင့် လာရသောကြောင့် ချန်ချန်မှာ ပျော်ရွှင်စွာ ခုန်ပေါက်လျက် မြေညီထပ်မှ အခန်းတစ်ခန်းသို့ ဉီးတည် သွားလေသည်။

“ဖြည်းဖြည်းသွား ချော်လဲမယ်”

ယွင်ချဲ့လည်း ခေါင်းတခါခါနှင့် လိုက်လာခဲ့သည်။ လည်ပင်းပေါ်ရှိ အမှတ်များကြောင့် လည်ခေါက် ဆွယ်တာအပါး တစ်ထည်ကို ဝတ်ဆင်ထားရသည်။ သော့မချထားသော အခန်းကို တွန်းဖွင့် လိုက်တော့မှသာ သူ၏အိမ်တွင် လူနှစ်ယောက် ရှိနေကြောင်း သတိရသွားသည်။ လေးရက်တာ ကြာခဲ့ပြီ ဖြစ်သောကြောင့် ယဲ့ရှင်းချန် ပြန်လည် ကောင်းမွန် လာမည်ဟု သူယူဆလိုက်သည်။

“ဉီးဉီးယဲ့ .. ဉီးဉီးကျန်း … သားရောက်လာပြီ”

တံခါးကို တွန်းဖွင့်ပြီးနောက် ချန်ချန် လေးဖက် ထောက်ကာ အိပ်ရာပေါ်သို့ တက်သွားလေသည်။ အုံးတားကို မှီလျက် ထိုင်နေသော ယဲ့ရှင်းချန် ထလာပြီး ချန်ချန်ကို အိပ်ရာပေါ်သို့ အမြန်ချီ လိုက်သည်။

“ချန်ချန် ဒီအချိန်ကြီး ဘယ်လို လုပ်ရောက် လာတာလဲ”

ယဲ့ရှင်းချန်မှာ ယွင်ချဲ့ ထွက်သွားသော နေ့၏ နေ့လယ်ခင်း အချိန်တွင် သတိရလာခဲ့ပြီး သူနှင့်အတူ အိပ်ရာထဲတွင် ရှိနေသော ကျန်းရှန်ကြောင့် စိတ်ရှုပ်ထွေး သွားခဲ့သည်။ အရာရာတွေဝေလျက် ရှိနေသော်လည်း တဖြည်းဖြည်းနှင့် စိတ်တည်ငြိမ် လာပြီးနောက် ကပ်ဘေး အချိန်တွင် မည်သို့ဖြစ်ခဲ့သည်ကို သတိရသွားလေသည်။ ထိုအချိန်တို့ကို သူပြန်မတွေးလိုတော့ပေ။ ကံကောင်းစွာပင် ကပ်မဆိုက်ခင် အချိန်က တွဲဖက်ဖြစ်နေခဲ့သော ကျန်းရှန်မှာ ဘေးတွင် တိတ်ဆိတ်စွာ နေလျက် သူ့ကို အဖော်ပြုပေးခဲ့သည်။ ကျန်းရှန်သာ မရှိလျှင် ဖုတ်ကောင်များ၏ သတ်ဖြတ် စားသောက်ခြင်း ခံရနိုင်သည်။

မျှော်လင့်ချက်များနှင့် အသက်ရှင်သန် လိုသောစိတ်ကို လက်လျော့ အရှုံးပေးရန် တွေးတောနေချိန်တွင် ယွင်ယောင်မှာ ချန်ချန် နှင့်အတူ ရောက်လာပြီး အစားအသောက်များ ပို့ပေးခဲ့သည်။ ကပ်ဘေး မတိုင်မီက နာမည် ကျော်ကြားခဲ့သူ တစ်ယောက် အနေနှင့် ယဲ့ရှင်းချန်သည် လှပသော မိန်းကလေးများနှင့် ချစ်စရာ ကောင်းသည့် ကလေးများ မရေတွက် နိုင်လောက်ပင် တွေ့မြင်ခဲ့ဖူးသည်။

သူ့အမြင်တွင် ယွင်ယောင်သည် အလှဆုံး မဟုတ်သကဲ့သို့ ချန်ချန်မှာ ချစ်စရာ အကောင်းဆုံး မဟုတ်သော်လည်း သူတို့၏နှစ်လိုဖွယ် အပြုံးက ကမ္ဘာပေါ်တွင် အနွေးထွေးဆုံး ဖြစ်နေသည်။ သူတို့ပြောသည့် စကားများကြောင့် ကပ်ဘေး ကာလတွင် ဆက်လက် ရှင်သန်ရန်နှင့် ပျောက်ဆုံးသွားသော မျှော်လင့်ချက်များ ပြန်လည် နိုးထလာသဖြင့် အနာဂတ်အတွက် မျှော်လင့်ချက် အနည်းငယ် ထားလာခဲ့သည်။ သူမကဲ့သို့ မိန်းမသား တစ်ယောက်က သားလေး နှင့်အတူ ပျော်ရွှင်စွာ နေထိုင်နိုင်သည့် အချိန်တွင် ယောကျ်ားသားဖြစ်သူ မိမိက သူရဲဘောမကြောင်လိုပေ။

ယဲ့ရှင်းချန်လည်း လိုအပ်သော ဆေးဝါးများ သောက်သုံး ထိုးနှံကာ အစားများများလည်း စားလာခဲ့သည်။ ကျန်းရှန်က အမြဲတစေ တိတ်ဆိတ် နေသော်လည်း သူ၏တောက်ပသော အကြည့်များကြောင့် သူပျော်ရွှင်နေကြောင်းကို သိရှိနိုင်သည်။ နေ့တိုင်းပင် ယွင်ယောင်က အစားအသောက်များ ယူလာပေးပြီး ချန်ချန်က မူကြိုကျောင်းမှ ပြန်လာသည့် အချိန်တွင် ယဲ့ရှင်းချန် နှင့်အတူ နေပေးသဖြင့် ရက်အနည်းငယ် အတွင်း ရင်းနှီးသွားကြလေသည်။

“ဉီးဉီးယဲ့ သိလား သားရဲ့ဉီးလေး ပြန်လာပြီ … သူက အရမ်းတော်တဲ့ လူစွမ်းကောင်းကြီးပဲ လူဆိုးတွေကို သူပဲတိုက်နေတာ”

ချန်ချန်လည်း ယဲ့ရှင်းချန် ပေါ်သို့ ဖက်တက်ကာ လည်ပင်းကို ဖက်ထားလျက် ချစ်စဖွယ်ပြုံးပြလေသည်။ သူ၏အတွေးထဲတွင် ဉီးလေးယဲ့က ချောမောသူ တစ်ယောက်ဖြစ်ပြီး သူ့ကိုလည်း ဂရုစိုက်ပေးသဖြင့် ယဲ့ရှင်းချန်ကို သူသဘောကျ နေသည်။

“ဟီးဟီး ….”

ချန်ချန်၏ အပြုံးလေးက ယဲ့ရှင်းချန်ကိုပင် နှစ်ခြိုက်စွာ ပြုံးသွားစေပြီး ချန်ချန် ပါးလေးကို အသာညှစ်ကာ အခန်းထဲ ဝင်လာသော ယွင်ချဲ့ကို မော့ကြည့်လေသည်။

“မင်္ဂလာပါ မင်းက ချန်ချန်ရဲ့ဉီးလေး ယွင်ချဲ့ ထင်တယ် … ငါက ယဲ့ရှင်းချန်ပါ ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်”

ယဲ့ရှင်းချန် ရုပ်ရည် ခန့်ညားသည့် အပြင် ခန္ဓာကိုယ်မှာလည်း အချိုးအဆစ် ကျနလှသည်။ နေကောင်းကာ အားအင် ပြန်လည် ပြည့်တင်းလာသဖြင့် အသားအရေမှာ ပန်းနုရောင် သန်းလျက် ထင်ရှားသော မျက်ခုံး၊ တောက်ပသော မျက်လုံး၊ ပေါ်လွင်သော နှာတံနှင့် နီသွေးသော နှုတ်ခမ်းတို့က အလွန်ပင် ပနံသင့်လှသည်။ ပြန်လည် ကောင်းမွန်လာသော ယဲ့ရှင်းချန်ကို ကြည့်ကာ ယွင်ချဲ့လည်း ဝမ်းမြောက်ရသည်။

“ရပါတယ် လုပ်သင့်တာကို လုပ်ပေးရုံပါ ကျေးဇူးတင်ချင်ရင် ကျန်းရှန်ကို ကျေးဇူးတင်ရမှာ .. သူ့မှာသာ အရေးတကြီး လိုလာတဲ့ အဆင့် ၂ အမြုတေမရှိရင် သေလုနီးနီး ဖြစ်ရင်တောင် ကယ်နိုင်မှာ မဟုတ်ဘူး”

ယွင်ချဲ့မှာ စိတ်အခြေအနေ ကောင်းသော်လည်း အေးစက်စက်ပင် ပြန်ဖြေလေသည်။ ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့ကို အဖွဲ့ထဲသို့ ထည့်ရန် မစီစဉ်ထားသဖြင့် အစကတည်းက ကြိုတင်ရှင်းလင်း ပြောပြထားသင့်သည်။ သူ၏လေသံမှာ ရိုင်းပျ ခက်ထန်သည်ဟု ထင်ရသော်လည်း နှစ်ဉီးနှစ်ဖက်ကို စဉ်းစားပြီးမှ ပြောခြင်းသာ ဖြစ်သည်။ ကောင်းမွန်သော ကာလမဟုတ်သဖြင့် အခက်ကြုံ လာသည့်အခါ သို့မဟုတ် အန္တရာယ်နှင့် ရင်ဆိုင်သည့်အခါတွင် ဒုက္ခရောက်ကြလိမ့်မည်။

ယဲ့ရှင်းချန် အနည်းငယ် ရှက်ရွံ့သွားသော်လည်း ကပ်ဘေး ကြုံရပြီး နောက်တွင် ကမ္ဘာကြီး၏ မတည်မြဲခြင်း အရာတို့ကို သိရှိနားလည်ခဲ့ပြီး ဖြစ်သောကြောင့် ခဏလေး အတွင်းပင် သူပုံမှန် ပြန်ဖြစ်လာလေသည်။

“မင်းပြောတာလည်း မှန်ပါတယ် ဒါပေမယ့် ငါမင်းကို ကျေးဇူးတင်ပါတယ် … လူအများစုက အမြုတေ အတွက်ပဲ လုယူတိုက်ခိုက် နေကြတာ အနည်းစုပဲ ကူညီကြတယ် … သူတို့တွေကပဲ ငါသေသွားတဲ့အခါ ဒါမှမဟုတ် ကျန်းရှန် တစ်ယောက်တည်း ဖြစ်နေတဲ့အခါ အမြုတေကို ယူဖို့ပဲ စဉ်းစားနေကြတာ”

ယဲ့ရှင်းချန် အားယူကာ ပြုံးလိုက်မိသည်။ ကပ်ဘေး မတိုင်မီက သူသည် နာမည်ကျော် တစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုတွင်မူ သူတောင်းစား ထက်ပင် ပို၍ ဆိုးဝါးနေသည်။ မည်မျှ သန်မာသော ယောက်ျားသား တစ်ယောက် ဖြစ်နေပါစေ ရုတ်တရက် ပြောင်းလဲမှုကို လက်ခံနိုင်ရန် အလွန် ခဲယဉ်းသော်လည်း သူသည် အဆိုးမြင်သူ တစ်ယောက် မဟုတ်တော့ပေ။

“ခင်ဗျားက ဉာဏ်ကောင်းသားပဲ .. အဲဒီဘက်ကတော့ ကြည့်ပျော်ရှူပျော် လောက်ပဲ ရှိတာ မဟုတ်ဘူး ထင်တယ်”

ယွင်ချဲ့လည်း ထိုင်ခုံကို ဆွဲယူကာ ထိုင်လိုက်ပြီး ယဲ့ရှင်းချန်၏ ပုံစံက ရှုကျဲကို သတိရသွားစေသည်။ ရှုကျဲနှင့် ယဲ့ရှင်းချန်မှာ ကွဲပြားသည့်အပြင် ယဲ့ရှင်းချန်က အခြားသူများထက် ပို၍ ထက်မြက်သည်။

“အင်း .. လူအများစု အတွက် ငါက မျက်စိအစာ ကျွေးရုံပဲရှိတာ .. သီချင်းကောင်း သရုပ်ဆောင် ကောင်းလို့ ကြိုက်ကြတာ မဟုတ်ဘူး ရုပ်ရည်ကိုပဲ သူတို့ကြိုက်ကြတာ”

ယွင်ချဲ့ကို သူငယ်ချင်းဟောင်း တစ်ယောက်နှင့် ပြန်တွေ့ရသကဲ့သို့ ခံစားရကာ ပြောဆိုနေမိသဖြင့် ယဲ့ရှင်းချန် ရယ်လိုက်မိသည်။ ထိုအကြောင်းကို အခြားသူမျအား မပြောပြဖူးသော်လည်း ယွင်ချဲ့ကို ရင်းနှီးစွာ ပြောနေမိသောကြောင့် ကိုယ့်ကိုယ်ကိုပင် အံ့ဩနေပြီး ဘေးတွင် ရှိနေသော ကျန်းရှန် သည်လည်း အံ့အားသင့်ကာ ကြည့်နေလေသည်။ ကပ်မဆိုက်မီတွင် ယဲ့ရှင်းချန်သည် သူ့ကိုမျက်လုံးပဒေသာဟု ခေါ်လျှင် အလွန် မုန်းတီးသည်။ ထို့ကြောင့်ပင် ထိုအတွေးများကို ပျောက်စေလိုသောကြောင့် သရုပ်ဆောင်သည့်အခါ ဗီလိန်နေရာနှင့် ကြမ်းတမ်း ခက်ထန်သော ဇာတ်ကောင် များကိုသာ သရုပ်ဆောင်ပြီး သူ၏ရုပ်ရည်အစား လုပ်ကိုင်ရည်ကိုသာ ကြည့်စေရန် ကြိုးစားခဲ့သည်။

“ရုပ်ရည် ချောမောတာက ဘာမှမမှားပါဘူး ရုပ်ချောပြီး ဉာဏ်ထက်တဲ့သူက ပိုကြောက်စရာကောင်းတာ သိလား”

ယွင်ချဲ့လည်း ထိုင်ခုံကိုမှီလျက် ယဲ့ရှင်းချန်နှင့် ရင်းနှီးစွာ ပြောဆိုနေသည်။ ယွင်ချဲ့ ကဲ့သို့ ကူညီပေးတတ်သူ တစ်ယောက်ကို ရေမျောကမ်းတင်ဟု သတ်မှတ်မိခဲ့လျှင် ထိုစကားတို့ကို သူစိတ်ပျက်မိလိမ့်မည်။ ယွင်ချဲ့မှာ သိမ်မွေ့ ညင်သာပုံရပြီး တစ်ဖက်သားကိုလည်း နှစ်သိမ့်ပေးတတ်သည်။

“ဒါကို နှစ်သိမ့်စကားလို့ မှတ်လို့ရလား”

ယွင်ချဲ့ကို ပြုံးကြည့်လျက် ယဲ့ရှင်းချန် မေးလိုက်သဖြင့် ယွင်ချဲ့ မျက်ခုံးပင့်ကာ …

“မဟုတ်ဘူး ဒါချီးကျူးစကားပဲ”

ယဲ့ရှင်းချန်သည် မျက်လုံးပဒေသာ ဖြစ်ထိုက်အောင်ပင် ချောမောသည့် အပြင် အလွန် ထက်မြက်လှသည်။

“ကျေးဇူးတင်ပါတယ် စကားပြောလို့ ကောင်းသားပဲ … ယွင်ချဲ့ ဟုတ် ..ယွင်ယောင်က မင်းရဲ့အစ်မ ဖြစ်မယ် … မင်းကို မနာလိုလိုက်တာ ဖော်ရွေတဲ့ အစ်မနဲ့ ချစ်စရာ ကောင်းတဲ့တူလေး တစ်ယောက် ရှိနေတာ !”

ယွင်ချဲ့ စကားကြောင့် ယဲ့ရှင်းချန် ပို၍တောက်ပစွာ ပြုံးလျက် ပြန်ဖြေကာ သူ့အပေါ်တွင်ဆော့နေသော ချန်ချန်ကို နှစ်လိုဖွယ် ကြည့်လေသည်။ ယဲ့ရှင်းချန် တွင်လည်း အလွန်ပျော်စရာကောင်းသော မိသားစုရှိခဲ့ပြီး မိဘများကလည်း သူ့ကိုချစ်သည့်အပြင် သူ့တွင် ညီလေး တစ်ယောက်လည်း ရှိခဲ့သည်။ သို့သော် အသက် ၁၅ နှစ် အရွယ်တွင် မိဘတို့ ကွာရှင်းလိုက်ကြပြီး အမေဖြစ်သူက ယဲ့ရှင်းချန်ကို အဖေ၏အိမ်မှ ခေါ်ထုတ်လာခဲ့သည်။

မကြာမီ မိဘတို့က အခြားသူများနှင့် ကိုယ်စီ လက်ထပ် လိုက်ကြပြီး မိသားစုများနှင့် ဖြစ်သွားကြသည့်အခါ ယဲ့ရှင်းချန်ကို အာရုံမစိုက် ကြတော့ပေ။ ထို့နောက် ကံကောင်းထောက်မစွာနှင့် အနုပညာ လုပ်ငန်းသို့ ဝင်လာခဲ့ပြီး မိဘများက မကောင်းသော အလုပ်ဟု တွေးသဖြင့် ကြိမ်ဖန် များစွာ တားဆီးကြပြီးနောက် သူစိမ်းကဲ့သို့ ဖြစ်သွားကြလေသည်။ ကပ်မဆိုက်မီ ၅ နှစ်ကျော် အချိန်ကပင် အဆက်အသွယ် ပြတ်သွားခဲ့ပြီး ကလေးအရွယ် ကတည်းက သူ့ကို ကပ်တွယ်နေခဲ့သော ညီလေးသည်လည်း သူစိမ်းလုံးလုံး ဖြစ်သွားခဲ့သည်။ ယဲ့ရှင်းချန်နှင့် သူ၏ညီလေးတို့မှာ အပြင်ဘက်တွင် တွေ့ခဲ့လျှင် တစ်ယောက်နှင့်တစ်ယောက် မှတ်မိကြတော့မည် မဟုတ်ပေ။

“ဪ ? ကြည့်ရတာ ချန်ချန်က မင်းကို သဘောကျနေပုံပဲ”

လူသားတို့ဟူသည် တစ်ပါးသူကို မနာလိုဝန်တို ဖြစ်ကြစမြဲပင်။ သူတို့တွင်လည်း အခြားသူများကို မနာလို အားကျစေရသော အချက်လည်း ရှိသည်။ ဥပမာအနေဖြင့် ယဲ့ရှင်းချန်တွင် သူ့ကို လက်မလျော့သော ကျန်းရှန် ရှိနေသည်။ ယွင်ချဲ့လည်း များများစားစား မတွေးတော့ဘဲ ယဲ့ရှင်းချန် လက်ထဲတွင် ပျော်နေသော သူ၏တူလေးကိုသာ ပြုံးလျက် ကြည့်နေလေသည်။ ယဲ့ရှင်းချန်၏ ချောမောမှုကြောင့် ချန်ချန်မှာ ယဲ့ရှင်းချန်ကိုသာ တွယ်ကပ်နေပြီး သူ၏ဉီးလေး အရင်းကိုပင် မေ့နေတော့သည်။

“ဟုတ် .. သား ဉီးဉီးယဲ့ကို သဘောကျတယ် .. ဉီးဉီးက အရမ်းချောတာပဲ !”

ချန်ချန် ခေါင်းညိတ်ကာ ဖြေလိုက်သဖြင့် ယွင်ချဲ့လည်း စနောက်လေသည်။

“ဉီးဉီးကျန်းလည်း ချောပါတယ် .. သူ့ကိုရော သဘောမကျဘူးလား”

“အာ….”

ယွင်ချဲ့ အမေးကြောင့် တိတ်ဆိတ်လျက်ရှိနေသော ကျန်းရှန်ကို ချန်ချန် ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ …

“ဉီးဉီးကျန်းကိုလည်း သဘောကျပါတယ် ဒါပေမယ့် ဉီးဉီးက သားကို စကားလည်း မပြောဘူး ဆော့လည်း မဆော့ပေးဘူး”

ကလေး တစ်ယောက်က သူ၏စိတ်ထဲတွင် တွေးနေသည်ကို ပွင့်လင်းစွာ ပြောထုတ်တတ်သည်။ ချန်ချန် ပြောသောကြောင့် ကျန်းရှန် အနည်းငယ် ရှက်ရွံ့ သွားသော်လည်း သူသည် ငယ်စဉ်ကတည်းက စကားနည်းသူ တစ်ယောက်ဖြစ်သည်။ သူ့အတွက် စကားများများပြောခြင်းက ဖုတ်ကောင်သတ်ခြင်းထက် ပို၍ခက်ခဲသည်။

“ဟော် ဟော် … ရှောင်ကျန်း ချန်ချန်တောင် ပြောနေပြီ .. မင်းစကားများများ ပြောသင့်တယ် ဟုတ်ပြီလား”

ချန်ချန်ကို ချီထားလျက် ကျန်းရှန်ကို ယဲ့ရှင်းချန် စနောက် လေသဖြင့် ကျန်းရှန်း ရှက်ကိုးရှက်ကန်းနှင့် စိတ်လှုပ်ရှားကာ …

“စီ..စီနီယာ .. ကျွန်..ကျွန်တော်က စီနီယာရှေ့မှာပဲ ပြောချင်တာ …”

“ဟော်..ဟော်”

လျင်မြန်သော ဝန်ခံချက်ကြောင့် ယွင်ချဲ့ ရယ်လိုက်မိသည်။ ကျန်းရှန်မှာ အလွန် စိတ်ဝင်စားစရာပင်၊ စကားမပြော လိုသော်လည်း ယဲ့ရှင်းချန် အတွက် အထစ်ထစ်နှင့် စကားပြောလေသည်။ ကျန်းရှန် ကသာ ယဲ့ရှင်းချန်ကို မချစ်ဟု ပြောလာခဲ့လျှင် ယွင်ချဲ့ ယုံကြည်မည် မဟုတ်ပေ။ မည်သို့ဖြစ်ဖြစ် ယောကျ်ား တစ်ယောက်က အခြားယောကျ်ား တစ်ယောက်ကို လိုက်မည်ဆိုလျှင် အခက်ကြုံရမည်မှာ အမှန်ပင်။

“အင်းပါ ဒါပေမယ့် မင်းစကားများများ ပြောရင်တော့ ပိုကောင်းလိမ့်မယ်”

ယဲ့ရှင်းချန်လည်း ထက်မြက်သူ ပီသစွာပင် ဂျူနီယာဖြစ်သည့် ကျန်းရှန်က ပွင့်လင်းစွာဝန်ခံလေတော့ သူလည်း နားလည် သဘောပေါက်ပါသည်။ သူ၏မျက်နှာမှာလည်း ရှက်ရွံ့ခြင်းတို့ ပြည့်နေသော်လည်း တည်ငြိမ်လျက် ရှိနေသည်။ သို့သော် ယွင်ချဲ့မှာ ဒရာမာဆန်ဆန်ပင် အကြံဆိုးကြီးနှင့် ရယ်မော နေလေသည်။

“ဟုတ် …”

ကျန်းရှန် ရှက်တက်တက် ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလျက် ယဲ့ရှင်းချန်က စကားများများပြောခိုင်းသဖြင့် …

“စီနီယာစကား နားထောင်ပြီး နောက်ပိုင်း စကားများများ ပြောပါ့မယ်”

“တော်တယ်”

စကားနားထောင်သော ကျန်းရှန်ကို ယွင်ချဲ့ အနည်းငယ် အံ့ဩသွားသကဲ့သို့ ယဲ့ရှင်းချန် ကလည်း ခေါင်းကို အသာပုတ်ကာ ပြောလိုက်သည်။

“အင်းပါ .. ငါ့ရဲ့တောကောင်ကြီး မရှိတော့ ကြည်နူး နေကြတယ်ပေါ့လေ ဟုတ်လား”

တောကောင်ကြီး … အဲဒါက ဘာကြီးလဲ …..

ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့ တွေဝေ သွားသော်လည်း ယွင်ချဲ့ မရှင်းပြတော့ပေ။ ထို့နောက် လှည့်ထွက်ကာ လက်ပြလိုက်ပြီး …

“အပေါ်ထပ် တက်ပြီး အခန်းတွေ ပြင်ဆင်လိုက်ဉီးမယ် .. ချန်ချန်ကို ခဏထားခဲ့မယ်နော်”

ယွင်ချဲ့ ပြောပြီး အခန်းထဲမှ ထွက်သွားသဖြင့် ချန်ချန်လည်း လိုက်ရန် ပြင်လိုက်ချိန် ယဲ့ရှင်းချန်က လှမ်းဆွဲ ထားလိုက်သည်။

“ချန်ချန် သားရဲ့ဉီးလေးက အလုပ်ရှိသေးလို့ ဉီးဉီးတို့နဲ့ ခဏနေလိုက်နော်”

“ဪ..ဟုတ်”

ချန်ချန်က ချစ်စဖွယ် ခေါင်းညိတ်ပြသဖြင့် ယဲ့ရှင်းချန်က ခေါင်းကို အသာပွတ်သပ် လိုက်သည်။ ထို့နောက် ခေါင်းမော့လေရာ ကျန်းရှန်နှင့် အကြည့်ဆုံ သွားသဖြင့် နှစ်ဉီးသား ရှက်ကိုးရှက်ကန်းဖြစ်ကာ မျက်နှာတို့မှာလည်း နီမြန်းလာသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset