အခန်း (၈၃)
ယွင်ချဲ့၏ အစွမ်းမှာ အဆင့် ၃ သို့ ရောက်သွားပြီ ဖြစ်သော်လည်း ကားနှစ်စီးကို တစ်ပြိုင်နက်တည်း လေထုဖြင့် ရစ်ပတ်ထားရန် မဖြစ်နိုင်သေးသဖြင့် လေထု အကာအရံ မပါဘဲ လင်းကျန်းမြို့သို့ ယနေ့အတွင်း အရောက် သွားလို့ပါက လုံးဝ မဖြစ်နိုင်ပေ။ မကြာသေးမီက အစွမ်း ရလာခဲ့သော ကျန့်ထျန်းလုံအား နည်းလမ်းများ ပြောပြပေးပြီးနောက် ပဉ္စမပတ်လမ်း၏ အပြင်ဘက်သို့ ရောက်သည့်အခါ ကားပြင်ဆိုင်ကို တွေ့လေရာ လူ ၂၀ ထိုင်နိုင်သည့် ခုံများပါသော ဘတ်စ်ကားငယ် ၂ စီးကို ယူလာခဲ့ကြသည်။ ထိုအချိန်တွင် ယွင်ချဲ့ သည်လည်း အခြား လိုအပ်နိုင်သည့် စက်ပစ္စည်းများကိုလည်း သူ၏နယ်မြေသို့ ထည့်ကာ ယူဆောင် လာခဲ့သည်။ ထိုနေရမှာ ထွက်လာသည့် အချိန်မှာ နေ့လယ်ခင်း အချိန်ပင် ကျော်လွန် သွားလေပြီ။
စားသောက်ရန် အတွက် ခဏပင် မရပ်ကြတော့ဘဲ အဆာပြေရုံမျှသာ စားခဲ့ကြပြီး အိမ်သို့ အမြန်ပြန်ခဲ့ကြသည်။ လာသည့်လမ်းတွင် တွေ့ကြုံခဲ့ရသည်တို့နှင့် ယွင်ချဲ့၏ အစွမ်း အဆင့်တက် သွားခြင်းကြောင့် အပြန်တွင် လွယ်ကူစွာ ပြန်နိုင်ခဲ့ကြပြီး ၃ နာရီကြာ ပြီးနောက် အနောက်တောင် စခန်းသို့ ရောက်လာခဲ့ကြသည်။ စခန်းသို့ ပြန်ရောက်သည်နှင့် ယွင်ချဲ့က ကျန့်ယာဖေး အတွက် ကားတစ်စီး ထုတ်ပေးကာ လင်းမိသားစုကို တာဝန် ယူစေလိုက်ပြီး ယန်းဟွိုင်အန်းလည်း ကူညီပေးရန် လိုက်သွားသည်။ ကျန်သော အဖွဲ့သားများမှာ မိမိတို့နေရာသို့ ကိုယ်စီ ပြန်သွားကြလေသည်။
“ဉီးဉီး .. ပြန်လာပြီ ….”
မူကြိုကျောင်းမှ ပြန်လာသော ချန်ချန်လေးမှာ စားပွဲတွင် ထိုင်လျက် စာရေးကျင့်နေစဉ် အိမ်ထဲ ဝင်လာသော ယွင်ချဲ့တို့ကို တွေ့လိုက်သည်နှင့် အမြန်ပြေးကာ သူ၏ လက်ကလေးများဖြင့် ယွင်ချဲ့ ခြေထောက်ကို ဖက်ထားလိုက်သည်။
“ဟုတ်ပါပြီ … ဉီးဉီး ညစ်ပတ် နေသေးလို့ ရေချိုးပြီးမှ လာဖက် ပေးမယ်နော်”
ယွင်ချဲ့လည်း မောပန်းခြင်းများ အလျင်း ပျောက်သွားသကဲ့သို့ အပြုံးများ တောက်ပလျက် ချန်ချန်ကို အသာတွန်းဖယ် လိုက်သည်။
“ဟုတ် !”
ချန်ချန်လည်း ခေါင်းညိတ်ပြကာ ယွင်ချဲ့တို့ နှင့်အတူ အိမ်ထဲသို့ လိုက်ဝင်သွားသည်။ ထိုအချိန်တွင်ပင် ချန်ချန်က နှုတ်ခမ်းစူကာ မော့ကြည့်လျက် ယွင်ချဲ့ကို တိုင်တန်း လေသည်။
“သားက ဉီးဉီးကို သတိရနေတာ .. ဒါပေမယ့် မေမေက ဉီးဉီး အလုပ်များနေတယ် သွားမနှောင့်ယှက် ရဘူးတဲ့”
ယွင်ချဲ့ ထွက်သွားသည့် နေ့မှာ ချန်ချန် မူကြိုစတက်သည့်နေ့ ဖြစ်သောကြောင့် အလွန်ပျော်ရွှင် နေခဲ့သော်လည်း အိမ်ပြန်လာသည့် အချိန်တွင် ဉီးလေး ဖြစ်သူကို မတွေ့ခဲ့သောကြောင့် အလွန်ပင် စိတ်ဆိုးခဲ့သည်။ ဉီးလေးဖြစ်သူ အလုပ်ပျက်မည် စိုးသောကြောင့် သူ၏အမေက ဂျီကျခွင့်မပြုခဲ့ပေ။
“လိမ္မာလိုက်တာ သားလေးက ဉီးဉီးကို မနှောင့်ယှက် တတ်ဘူးလေ နောက်ဆို မေမေ့ကိုဒီလိုပြောနော်”
ချန်ချန် ဝမ်းနည်းသွားပုံ ရသဖြင့် ယွင်ချဲ့က အသည်းယားစွာဖြင့် ခေါင်းလေးကို အသာပုတ်လေသည်။
“ဟုတ်ကဲ့ !”
“သူ့ကို အမြဲ အလိုမလိုက်နဲ့ .. အလိုလိုက်လို့ ဆိုးသွမ်းပြီး ကြာလာရင် ခေါင်းပူရမှာ မကြောက်ဘူးလား”
ချန်ချန်မှာ အလွန် ပျော်ရွှင် နေသော်လည်း ယွင်ချဲ့ စကားဆုံးသည်နှင့် ယွင်ယောင် ပေါ်လာပြီး ယွင်ချဲ့ အနာတရာ တစ်ခုခု ရမရကို စစ်ဆေးရန် ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။ ယွင်ချဲ့ ထွက်သွားသည့် ရက်မှစ၍ သူမအလွန် ကြောက်လန့်နေခဲ့ပြီး မည်သည့်အရာမှ သူမကို စိတ်သက်သာရာ မရစေခဲ့ပေ။ ပျင်းလာသော အချိန်များတွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သော်လည်း ကံကောင်းစွာပင် ယွင်ချဲ့ မသွားမီ ပျိုးပင်မျိုးစေ့များ ထားပေးခဲ့ရန် ပြောလိုက်သဖြင့် သူမအတွက် အပျင်းပြေရာ တစ်ခုရသွားလေသည်။
“အလိုလိုက် ခံရတော့ ဘာဖြစ်လဲ … ဒါမှ သူ့ကို သူများတွေ အနိုင်မကျင့်ခင် ပြန်ခုခံလို့ ရမှာပေါ့”
ချန်ချန် လက်ကလေးကို ကိုင်လျက် ယွင်ချဲ့ ပြန်ဖြေလိုက်သည်။ အမှန်ဆိုရလျှင် ချန်ချန်ကို ယွင်ချဲ့ အလိုလိုက် ထားချင်သည်။ ကပ်ဘေး ကာကလတွင် သဘောထား နူးညံ့ ကြင်နာတတ်သူက အမြဲနှိပ်ကွပ် ခံရမည်။ သူ၏တူလေးကို ထိုသို့ မဖြစ်စေချင်ပေ။
“နင်တော့ !”
ပြိုင်ငြင်းရန် မနိုင်တော့သဖြင့် ယွင်ယောင်လည်း ပိမ်ထဲသို့ လိုက်ဝင်သွားပြီး တွေဝေစွာမေးသည်။
“ယာဖေးရော ဘယ်မှာလဲ”
သူမ တစ်ခုခု ဖြစ်ခဲ့လို့များလား။
ထိုသို့ တွေးမိ လိုက်သည်နှင့် ယွင်ယောင် မျက်နှာဖြူဖျော့ သွားလေသည်။ ကျန့်ယာဖေးကို သူမ၏ညီမ တစ်ယောက်ကဲ့သို့ သဘောထားသဖြင့် ကျန့်ယာဖေး တစ်ခုခု ဖြစ်သွားခဲ့လျှင် သူမမည်သို့ လုပ်ကိုင်ရမည်ကို မသိတော့ပေ။
“မမ လျှောက်တွေးမနေနဲ့ သူဘာမှမဖြစ်ဘူး လူတွေ ထပ်ပါလာသေးလို့ နေရာချပေးနေတာ ခဏနေ သူ့မိဘတွေနဲ့ လာလိမ့်မယ် … ကျွန်တော် ရေချိုးတော့မယ် ညနေစာ များများ ချက်ထားပေး နေ့လယ်က အဆာပြေတွေပဲ စားလာခဲ့ရတယ်”
အစ်မ၏ စိုးရိမ်ပူပန်နေသော မျက်နှာကိုကြည့်ကာ ယွင်ချဲ့ ခေါင်းခါလျက် ပြောလိုက်ပြီး ရှင်းဖုန်း အပါအဝင် အဖွဲ့သားများနှင့် အပေါ်ထပ်သို့ တက်သွားလေသည်။
“မမယောင် များများ ချက်ထားပေးနော် !”
ချူးဟောင်လင်းလည်း ယွင်ယောင် ဘေးမှ ဖြတ်သွားစဉ် လှမ်းပြောပြန်သည်။ ယွင်ယောင် ချက်ပြုတ်ပေးသော ဟင်းများကို သူအလွန် နှစ်ခြိုက်သည်။ သို့သော် သူ့ကို ယွင်ချဲ့ ထိုးမည်စိုးသောကြောင့် ယွင်ယောင်နှင့် လက်မထပ် ရသည်မှာ အလွန် စိတ်မကောင်းစရာပင်။ ဖြစ်နိုင်လျှင် ယွင်ယောင်ကိုသာ ချူးဟောင်လင်း လက်ထပ်ချင်လိုသည်။ သူမကဲ့သို့ အချက်အပြုတ် ကျွမ်းကျင် ပိုင်နိုင်သော မိန်းမကောင်း တစ်ယောက်ကို ရှာတွေ့နိုင်ရန် အလွန် ခဲယဉ်းလှသည်။
ယွင်ယောင် စိတ်တိုတိုနှင့် လက်ကို ဝှေ့ယမ်း ပြလိုက်သည်။ သူမသည် ကူးမင်ရွှမ်းနှင့် အသက် ရွယ်တူဖြစ်ပြီး ကျန်သော သူများက သူမထက် ငယ်ကြသည်။ ချူးဟောင်လင်းသည် သူမထက် ငယ်ရွယ်ပြီး အလွန် စကားများ သော်လည်း သူမ၏မောင်လေး တစ်ယောက်ကဲ့သို့ မှတ်ယူထားသည်။
“ချန်ချန် ဆင်းလာခဲ့ !”
ယွင်ချဲ့နှင့် အဖွဲ့သားများ ရေချိုးရန် အပေါ်ထပ်သို့ တက်သွားကြစဉ် ယွင်ယောင် သတိမပြုမိ လိုက်ချိန်တွင် သူမ၏ ဝတုတ်တုတ် သားလေးက လှေကားပေါ်သို့ တွားတက် နေသည်ကိုတွေ့လိုက်ရသဖြင့် ယွင်ယောင် မျက်မှောင်ကြုတ် လိုက်သည်။ ချန်ချန်မှာ ဉီးလေးဖြစ်သူကို အလွန် တွယ်ကပ်နေသဖြင့် သူစိမ်းများ မြင်လျှင် ယွင်ချဲ့၏ သားဟု အထင်မှား ကြပေလိမ့်မည်။
“အာ .. သားကို တွေ့သွားပြီ”
ချန်ချန် လျှာထုတ်ပြကာ နှုတ်ခမ်းစူလျက် လှေကား အောက်သို့ ပြန်ဆင်း လာခဲ့သည်။ အမြန် ပြန်ရောက် လာခဲ့သော ကူးမင်ရွှမ်းက လက်ထဲ ပါလာသည်တို့ကို ချထားခဲ့ပြီး ချန်ချန်ကို အမြန်လာချီ လိုက်သည်။
“ချန်ချန် ဘာဖြစ်တာလဲ .. ချန်ချန်လေးကို ဘယ်သူ စိတ်ညစ်အောင် လုပ်တာလဲ”
လက်တစ်ဖက်က ချန်ချန်ကို ချီလျက် ကျန်တစ်ဖက်က ချန်ချန်၏ နှာခေါင်းလေးကို အသာ ညှစ်လိုက်သည်။ ချန်ချန်မှာ အလွန် ချစ်စရာ ကောင်းသောကြောင့် ကူးမင်ရွှမ်း လက်ထဲမှ မချချင်ပေ။
“ဉီးဉီး မင်ရွှမ်း .. သားကို အောက်ချပေးတော့ စာသွား ရေးတော့မယ်”
ချန်ချန်က စိတ်ဆိုးနေသဖြင့် ရုန်းနေသောကြောင့် ကူးမင်ရွှမ်းလည်း အောက်သို့ချပေးလိုက်ရသည်။
“ဟွန့် မေမေ စိတ်ပုတ်တယ် !”
အပေါ်ထပ်သို့ တက်မည်ကို ယွင်ယောင် တားလိုက်သဖြင့် စိတ်ဆိုးကာ နှုတ်ခမ်းဆူလျက် အပြင်သို့ ထွက်သွားလေသည်။ စားပွဲပေါ် မှီထိုင်ကာ ခဲတံကိုင်လျက် စိတ်ဆိုးနေဟန်ဖြင့် စာရေးနေလေသည်။
“အာ့အို .. ဘာလုပ်လိုက်လဲ ကြည့်ပါဉီး ကလေးပဲ ရှိသေးတာကို … အရမ်း မတင်းကျပ်ပါနဲ့”
ချန်ချန်ကိုကြည့်ကာ ကူးမင်ရွှမ်း ချောင်းဟန့် လိုက်ပြီး ယွင်ယောင်နှင့် အလွန် ရင်းနှီးသူ တစ်ယောက်ကဲ့သို့ အကြံပေးလေသည်။ မည်သို့ဖြစ်ဖြစ် ချန်ချန် စိတ်အခြေအနေ မကောင်းသည့် အဖြစ်ကိုတော့ သူမမြင်လိုပေ။
ယွင်ယောင်က ရှက်ကိုးရှက်ကန်းဖြင့် …
“ဘာလုပ်ရသေးလို့လဲ … ရှောင်ချဲ့ ဆီသွားမလို့ လုပ်နေလို့ အောက်ပြန်ဆင်း လာခိုင်းတာပဲလေ .. မင်ရွှမ်း သူ့ကို အမြဲ အလိုမလိုက်နဲ့”
သားလေးကို လူအများ ချစ်ခင် အလိုလိုက်ကြသည်ကို ယွင်ယောင် အလွန် ပျော်ရွှင်ရသည်။ သို့သော် တစ်ခါတစ်ရံ သူမမှာ မိထွေး တစ်ယောက်ကဲ့သို့ ဖြစ်သွားရသည့်အခါ စကားများပင် ပျောက်ရှရသည်။
“မင်းရဲ့သားလေးက ချစ်စရာ ကောင်းလွန်းတာကိုး !”
ကူးမင်ရွှမ်းလည်း တစ်ခုခု နားလည်မှု လွဲသွားသဖြင့် ရယ်လိုက်မိသည်။
“ထားပါတော့ ငြင်းနေလည်း အပိုပဲ ဟင်းတွေ သွားချက်တော့မယ် … ယွင်ချဲ့ ပြန်ဆင်းလာရင် အသီးအရွက်တွေ ယူပေးဖို့ ပြောထားဉီး ရေခဲသေတ္တာထဲမှာ ကုန်တော့မယ်”
“အင်း … အိုကေ”
ယွင်ယောင်လည်း မီးဖိုခန်းသို့ သွားလိုက်ပြီး ကူးမင်ရွှမ်းမှာ မြင်ကွင်းထဲမှ ယွင်ယောင် ပျောက်သွားသည်နှင့် မျက်မှန်ကို ပင့်တင်လိုက်သည်။
“ဝါး အခုမှပဲ လန်းဆန်း သွားတော့တယ် !… အိမ်မှာရေချိုးရတာ အကောင်းဆုံးပဲ”
ဒုတိယအထပ်ရှိ အခန်းတစ်ခန်းကို ယွင်ချဲ့၊ လန်ယဲ့ဟန်၊ ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့ အတူမျှနေကြပြီး ရေချိုးခန်း တစ်ခန်းတည်းသာ ရှိသဖြင့် ရှင်းဖုန်း အခန်းထဲမှ ရေချိုးခန်းကို ယွင်ချဲ့ အသုံးပြုလိုက်ရသည်။
“အိမ်က ခုတင်လည်း အိပ်လို့ ကောင်းပါတယ် အထူးသဖြင့် ငါ့အိပ်ရာပေါ့ … ဒီနေ့ကစပြီး ငါ့အခန်းထဲ လာအိပ်ပါလား”
စောစော ရေချိုးပြီးသော ရှင်းဖုန်းမှာ လက်ထဲရှိ စာအုပ်ကို ချလိုက်ပြီး ယွင်ချဲ့ကို မော့ကြည့်လေသည်။ ယွင်ချဲ့မှာ ဆိုဒ်ကြီးသော တီရှပ်နှင့် ဘောင်းဘီတိုကို တွဲဝတ်ဆင်ထားသဖြင့် သူ၏ဖြူဖွေးသော ခြေတံရှည်ကို အထင်းသား မြင်နေရသည်။ ယောကျ်ားတစ်ယောက် နှင့်မတူဘဲ သူ၏ခြေထောက်မှာ အမွေးအမျှင်များ မရှိသည့်အပြင် အသားအရေမှာလည်း နူးညံ့ချောမွေ့နေသည်။ ရှင်းဖုန်း အသွင်အပြင်မှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် လိင်ဆိုင်ရာ အတွေးများ တွေးတောနေလေသည်။
‘ယွင်ချဲ့သာ သူ့ခြေထောက်တွေကို ငါ့ခါးမှာ ချိတ်ထားရင် ဒါလည်း ခံစားမှုတစ်မျိုး ဖြစ်မှာပဲမလား’
သူ၏အတွေးမှာ ကလေးသူငယ်များ အတွက် မသင့်တော်ပေ။
“ခင်ဗျား ပြောချင်တာက အခန်းထဲမှာ အိပ်ခိုင်းတာလား ခင်ဗျားနဲ့အတူ အိပ်ခိုင်းတာလား”
ယွင်ချဲ့မှာ ရှက်ရွံ့သည့် မိန်းကလေး မဟုတ်သောကြောင့် ရှင်းဖုန်း စကားထဲမှ ထူးခြားသော အရိပ်အမြွက် တစ်ခုကို ရိပ်မိလိုက်သဖြင့် ရှင်းဖုန်းထံသို့ ဉီးတည် သွားလေသည်။ ထို့နောက် ရှင်းဖုန်း ပေါ်တွင် ခွထိုင်ကာ ဘယ်ဘက်လက်ဖြင့် ရှင်းဖုန်း၏ ပခုံးကို ကိုက်လိုက်ပြီး ညာဘက် လက်ဖမိုးဖြင့် ရှင်းဖုန်း မျက်နှာကို ထိထားလိုက်သည်။ သူ၏နှုတ်ခမ်းကိုလည်း ဖွင့်လိုက်ပိတ်လိုက် လုပ်ကာ ရှင်းဖုန်း အနားကပ်လျက် နေပြီး သူ၏အာငွေ့မှာလည်း ရှင်းဖုန်း မျက်နှာကို ထိရိုက်နေသည်။ အနည်းငယ် အရှေ့တိုးလိုက်လျှင် ရှင်းဖုန်းကို နမ်းမိသွားတော့မည်။
“မင်း ဆန္ဒရှိရင်ပေါ့ … မင်းကြိုက်လိမ့်မယ်လို့ ငါပြောရဲတယ်”
သူ့ထံ ကိုယ့်ကိုယ်ကို ပစ်ဝင်လာသော ယောကျ်ား တစ်ယောက်ကို ဘယ်သူကများ ငြင်းဆန်နိုင်မှာလဲ။ ရှင်းဖုန်းလည်း ယွင်ချဲ့ ခါးကို ထွေးပွေ့ကာ ဖက်ထားလိုက်ပြီး ရမ္မက် နိုးကြွနေသော အကြည့်များဖြင့် ကြည့်လိုက်သည်။
“အင်း … တကယ်လို့ မကြိုက်ရင်ရော ခင်ဗျားကို ပြန်ပေးရမှာလား”
ယွင်ချဲ့လည်း ရယ်ကာ ကြားလေ မတိုးရလောက်သည်အထိ ပူးကပ်လျက် တီးတိုးပြောလေသည်။
“ငါ့ကိုကြိုက်ပြီးရင်ရော ပြန်ပေးချင်သေးလား”
ရှင်းဖုန်း လက်တစ်ဖက်က ယွင်ချဲ့၏ တင်သို့ ရွေ့သွားကာ ဖျစ်ညှစ်လိုက်ပြီး ယွင်ချဲ့ နားရွက်ကို နမ်းလိုက်သည်။
“ဒီလောက်ပဲဆိုရင် ခင်ဗျားက ရင်ခုန်စရာ မကောင်းဘူးပဲ”
ယွင်ချဲ့ ပြောပြီးနောက် ရှင်းဖုန်း ပခုံးတို့ကို ကိုင်ကာ ထရန် ပြင်လိုက်သည့်အခါ ရှင်းဖုန်းက ပြန်ဆွဲထားလိုက်သည်။ လက်တစ်ဖက်က ယွင်ချဲ့ ခါးကို တင်းကျပ်စွာ ဖက်လျက် ကျန်လက်တစ်ဖက်က ယွင်ချဲ့ ခေါင်းအနောက်ဘက်မှ ကိုင်ကာ ယွင်ချဲ့၏ နှုတ်ခမ်းတို့ကို စုပ်ယူလေတော့သည်။
“အင်း…”
မထင်မှတ်သည့် ရုတ်တရက် ဆန်လွန်းသော အနမ်းကြောင့် ယွင်ချဲ့လည်း ရှင်းဖုန်း ပခုံးကိုအသာ ပုတ်ကာ ခဏလွှတ်ပေးရန် အချက်ပေးလေသည်။ သို့သော် ရှင်းဖုန်း လျစ်လျူရှုကာ ယွင်ချဲ့၏ နှုတ်ခမ်းတို့ကို သူ၏ပူနွေးစိုစွတ်သော လျှာဖြင့် တို့ထိနေလေသည်။ ထို့နောက် ယွင်ချဲ့ နှုတ်ခမ်းကို မြွတ်သိပ်စွာ စုပ်ယူလျက် ယွင်ချဲ့၏ ရမ္မက်စိတ် ဆန္ဒကို နှိုးဆွနေသည်။
“ခင်ဗျား .. အင်း …”
အနည်းငယ် နိုးထလာသော စိတ်ဆန္ဒ နှင့်အတူ ခန္ဓာကိုယ်မှာလည်း ပူနွေးလာသဖြင့် ယွင်ချဲ့ ရုန်းကာ စကားပြောရန် ကြိုးစားသော်လည်း ရှင်းဖုန်းက သူ၏လျှာကို ပွင့်အာလာသော ယွင်ချဲ့ နှုတ်ခမ်းသားများ ကြားသို့ ထည့်သွင်း လိုက်သည်။ ထိုအခိုက် ယွင်ချဲ့ ရုန်းကန်နိုင်စွမ်း မရှိတော့ ရှင်းဖုန်း ဉီးဆောင်ရာ နောက်သို့ လိုက်ကာ လျှာတို့ကို ရစ်ပတ်လျက် ကိုယ်နေဟန်ထား အမျိုးမျိုးဖြင့် နမ်းရှိုက် စုပ်ယူနေကြလေသည်။
“ခင်ဗျား ဟေ့ … တော်တော့ ကျွန်တော် လုပ်စရာ ရှိသေးတယ် .. ခင်ဗျားနဲ့ အခုမလုပ်နိုင်သေးဘူး !”
ထိုအနမ်းမှာ အလွန် ကြာရှည်ခဲ့ပြီး ရှင်းဖုန်း လက်မှာ ယွင်ချဲ့ တီရှပ်အင်္ကျီတွင်းသို့ တိုးဝင်ကာ ခါးကို ပွတ်သပ်နေလျက် ပူနွေးသော အနမ်းများက လည်ပင်းပေါ်သို့ ရောက်လာသည့် အချိန်တွင် ယွင်ချဲ့ တံတွေး မျိုလိုက်မိပြီး ပင့်သက်ရှိုက်ကာ ရှင်းဖုန်း ပခုံးပေါ် မှီလျက် ပြောလိုက်သည်။ အကယ်၍ ရှင်းဖုန်းသာ မရပ်ဘဲ ဆက်၍ သွားမည်ဆိုလျှင် မနက်ဖြန်မနက် ရောက်သည့်တိုင် အခန်းထဲမှ သူတို့ထွက်ဖြစ်ကြမည် မဟုတ်ပေ။
“ငါက ပွတ်သပ ်ပေးချင်ရုံပါ မလုပ်ပါဘူး”
ရှင်းဖုန်းမှာ မလုပ်တော့ဟု ပြောနေသော်လည်း လက်မှာတော့ မရပ်သည့်အပြင် ယွင်ချဲ့၏ လည်ပင်းနှင့် ပခုံးတို့ကို ကိုက်လျက် အမှတ်အသားများ လုပ်နေလေသည်။
“တော်တော့ဗျာ ! လိုက်ကိုက်နေတာ ခင်ဗျားက ခွေးလား”
ယွင်ချဲ့ မခံနိုင်တော့သဖြင့် စိတ်ကို တည်ငြိမ်အောင် ထားကာ ရှင်းဖုန်းကို အားနှင့်တွန်းထုတ် လိုက်သည်။ သို့သော် စိတ်မငြိမ်သေးသော ရှင်းဖုန်းက …
“ဒီည ငါနဲ့ဒီမှာ အိပ်ပါလား .. စိတ်မပူပါနဲ့ မင်းခွင့်မပြုမချင်း ငါဘာမှ မလုပ်ပါဘူး”
ယွင်ချဲ့ စိတ်မရှည်စွာ ကြည့်လျက် ရှင်းဖုန်း ဘေးတွင် ထိုင်လိုက်ပြီး ရှင်းဖုန်း နှိုးဆွထားသည့် စိတ်ကို ထိန်းချုပ်နေလေသည်။ ယွင်ချဲ့လည်း ယောကျ်ားသား တစ်ယောက်ပင်၊ အခြားတစ်ယောက်က သူ့ကို နမ်းရှိုက်နေသည့်အခါ သူတုံ့ပြန်မိသည်က မလွန်ပေ။ သူတားဆီးရန် မရည်ရွယ်သော်လည်း ကိစ္စတစ်ခု လုပ်ရဉီးမည်မှာ အမှန်ပင်။ ရှင်းဖုန်း၏ အိမ်မှာ လူပြည့်နေပြီဖြစ်သောကြောင့် ကျန့်ယာဖေး၏ မိဘတို့မှာ ဘေးဘက်အိမ်တွင် နေကြရမည် ဖြစ်သည်။ ထိုအိမ်တွင် ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့သာ တစ်ခန်းတည်း အတူနေကြသဖြင့် အခန်းများစွာ ရှိနေသည်။ ညနေစာမတိုင်မီ လုပ်ရမည် ဖြစ်သောကြောင့် အချိန်ဖြုန်းနေ၍ မဖြစ်ပေ။
“မင်းဆုံးဖြတ်ပြီးပြီလား … အမြဲတမ်း တုံ့ဆိုင်းမနေနဲ့လေ”
ယွင်ချဲ့ စွေကြည့်လျက် ဆိုဖာပေါ်သို့ ရှင်းဖုန်း လဲအိပ်ကာ ပြောလေသည်။ သို့သော ယွင်ချဲ့ နှင့်အတူ အိပ်စက်ရန်က သူ၏အဖြစ်ချင်ဆုံးသော ဆန္ဒမဟုတ်သော်လည်း သူတို့၏ ပတ်သက်မှုကို ယွင်ချဲ့အား ထုတ်ပြော စေလိုသည်က ရှင်းဖုန်း အကြီးမားဆုံးသော ဆန္ဒပင်။
“ကျွန်တော်တို့ ပျင်းတော့မှ အဲဒီအကြောင်း ပြောကြမလား”
“ဟဲဟဲ …”
ရှင်းဖုန်း ရယ်မောကာ လက်ကို ဆန့်ထုတ်လျက် ယွင်ချဲ့၏ လက်ကိုကိုင်ကာ လက်ချောင်းများကို တင်းကျပ်စွာ ယှက်ထားလိုက်သည်။ သူထုံအသူ မဟုတ်ပေ၊ လွန်ခဲ့သော အချိန်များကပင် ယွင်ချဲ့က သူ့ကို လက်ခံထားပြီးကြောင်း ရှင်းဖုန်း သိထားသည်။ သို့သော် လောဘကြီးသည်ဟု ဆိုပါစေ၊ ယွင်ချဲ့ကို ဝန်ခံစေချင်သည်။
***